တတိယ အင်္ဂလိပ် - မြန်မာစစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ
Third anglo-burmese war.jpg

မြန်မာတို့လက်နက်ချရခြင်း
ရက်စွဲ ၁၈၈၅ ခုနှစ်
နေရာ မြန်မာ–အိန္ဒိယ
ရလာဒ် ဗြိတိသျှစစ်နိုင်၊ သီပေါမင်းပါတော်မူ၊ မြန်မာအား အိန္ဒိယနယ်နမိတ်သို့ ထည့်သွင်း
စစ်ရင်ဆိုင်သည့်နိုင်ငံများ
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ အလံတော် ယူနိုက်တက်ကင်းဒမ်း မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
တပ်မှူးများ
Harry North Dalrymple Prendergast သီပေါမင်း

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစုတွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတို့ စစ်မက်ကြီး ၃ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ကြသည်။

သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် မင်းသမီး စုဖုရားကြီး

သို့သော် မြန်မာတို့သည် အင်္ဂလိပ်တို့အား အဘယ်စစ်ပွဲတွင်မဆို လွယ်ကူစွာ အညံ့မခံခဲ့ကြချေ။ စစ်ပွဲသုံးကြိမ် ရှုံးနိမ့်ပြီးသောအခါ မြန်မာတို့သည် အခြေအနေ အရ သူ့ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် "သူ့ကျွန်မခံလိုသောစိတ်" ကား မြန်မာတို့၏ ရင်ဝယ် အမြဲတမ်းကိန်းအောင်းလျက်ရှိသည်။ အခြေအနေကြောင့် တစ်ထစ်မျှ ကျဆင်းခဲ့ရသော ဘဝကို ဆယ်ထစ် ဆယ့်ငါးထစ်မျှ ရှေ့သို့ တိုးရန် သတ်မှတ်ထားကြ၏။ စိတ်ဝယ်တေးထားကြ၏။ စင်စစ် အားမတန် မာန်ချလိုရခြင်းဖြစ်သည်။ တော်လှန်ရန် စိတ်ဓာတ်ကား မြန်မာတို့ရင်ဝယ် တိုးလျက်ခုန်လျက် ရှိသည်။ မြောက်လျက် ကြွလျက်ရှိသည်။ "နေသေးသပ၊ ချုံထဲက" ဟု အားနှင့် မာန်နှင့် ငံ့လင့်လျက်ရှိကြသည်။မြန်မာတို့ စစ်ရှုံးရခြင်းကား၊ ခေတ်ကို အမှီမလိုက်နိုင်ခဲ့သော ချို့တဲ့မှုများကြောင့်သာလျှင် ဖြစ်သည်။

ဤစစ်ပွဲသည် ၁၉ ရာစုအတွင်း မြန်မာတို့အတွက် ဗြိတိသျှအင်ပါယာနှင့် နောက်ဆုံးစစ်ပွဲဖြစ်သည်။

စစ်ဖြစ် ရသည့် အကြောင်းအရင်း[ပြင်​ဆင်​ရန်​]

တတိယအင်္ဂလိပ်မြန်မာစစ် ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဘုံဘေဘားမားကုမ္ပဏီက သစ်ခိုးသည်ကို မြန်မာမင်းက ဒဏ်ရိုက်ခြင်းကို အင်္ဂလိပ်တို့က မကျေနပ်သည့်အတွက် မြန်မာနိုင်ငံ အထက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့သည့်အထိ ဖြစ်သည်။

မြန်မာအစိုးရသည် အင်္ဂလိပ်တို့၏ ရန်ကို သိသဖြင့် မြန်မာသံတော်အရာရှိမင်းကြီးများကို မြန်မာနိုင်ငံနှင့် ပြင်သစ်၊ အီတလီစသော နိုင်ငံများဖြင့် စာချုပ် ချုပ်ဆိုရန် စေလွှတ်ခဲ့သည်။ ဥရောပသို့ ဆိုက်ရောက်ကြသဖြင့် တချို့နိုင်ငံများနှင့် မဟာမိတ်စာချုပ် ပြုလုပ်ပြီးစီး၍ အချို့နိုင်ငံများနှင့် မဟာမိတ် စာချုပ်ပြုလုပ်ရန် ဆွေးနွေးဆဲ ရှိကြသည်။ ဤသည်ကို အင်္ဂလိပ်အစိုးရသည် များစွာမကျေနပ်ချေ။ သို့သော် ကန့်ကွက်ရန်အတွက် အကြောင်းမရှိသေးသဖြင့် ကြည့်ရှုနေခဲ့ဟန်တူသည်။ သို့သော် အင်္ဂလိပ်အစိုးရ၏ စိတ်တွင် နောင်အကြောင်းနှင့်တကွ ကန့်ကွက်၍ မြန်မာအစိုးရက မလိုက်နာလျှင် မြန်မာနိုင်ငံကို အမြန်ဆုံးနည်းဖြင့် သိမ်းယူရန်အတွက် မြန်မာအစိုးရနှင့် မြန်မာလူမျိုးတို့ပေါ်တွင် အခြားနိုင်ငံများက အထင်လွဲ မေတ္တာပျက်စေရန် ဥရောပတိုက်ရှိ သတင်းစာများတွင် မကြာခဏဖော်ပြခဲ့သည်။ ထို့ကြောင့်ပင် ဥရောပတိုက်ရှိ မြန်မာသံတော်အရာရှိမင်းကြီးများမှာ သတင်းစာတွင် ပါရှိသည့်အတိုင်း မမှန်မဟုတ်ကြောင်း မကြာခဏ ဖြေရှင်းခဲ့ကြရသည်။ မြန်မာအစိုးရသည် အခြားနိုင်ငံများနှင့် မဟာမိတ်စာချုပ် ပြုလုပ်နေခြင်းကို အင်္ဂလိပ်အစိုးရက များစွာ သဘောမကျ ဖြစ်နေစဉ်တွင် အင်္ဂလိပ် ကုမ္ပဏီက မြန်မာတို့ ပိုင်ဆိုင်သော သစ် ၈၀၀၀၀ ကျော်ထုတ်ယူသည်ကို သစ် ၃၀၀၀၀ကျော်သာ ထုတ်ယူပါသည်ဟု မြန်မာသစ်ခေါင်းကြီးများသို့ စာရင်းပြခဲ့ကြသည်။ ထိုတင်ပြသော သစ်စာရင်းကို မြန်မာသစ်ခေါင်းကြီးများက မကျေနပ်၍ မြန်မာအစိုးရအား တိုင်ကြားရာ တိုင်ကြားချက်စာရင်းကို မြန်မာအစိုးရက အတည်မပြုမူ၍ အင်္ဂလိပ်-မြန်မာ နှစ်ဖက်အရာရှိများ၏ သဘောတူ အင်္ဂလိပ်သစ်တောရုံးရှိ သစ်ထုတ်စာရင်းကို မျက်နှာစုံညီသွားရောက် ကူးယူစစ်ဆေးခဲ့ကြသည်။ ထိုအခါ မြန်မာသစ်ခေါင်းများ တိုင်ကြားချက်အတိုင်း သစ် ၈၀၀၀၀ ကျော်ကို ထုတ်ယူကြောင်း တွေ့ရှိသဖြင့် သစ် ၈၀၀၀၀ ကျော် တန်ဖိုးငွေ ၂၃ သိန်းကျော်ကို ဘုံဘေ-ဘာမားကုမ္ပဏီက ပေးလျှော်စေရန် မြန်မာလွှတ်ရုံးတော်က စီရင်ဆုံးဖြတ်ခဲ့သည်။ ဤသို့ဆုံးဖြတ်ချက်ကို ကုမ္ပဏီလူကြီးတို့က မကျေနပ်နိုင်ဆို၍ အင်္ဂလိပ်အစိုးရသို့ တိုင်ကြားပြန်ရာ သစ်မှုအတွက် နှစ်တိုင်းနှစ်ပြည် စစ်ဖြစ်ပွားက အများသူတို့မှာ အတိဒုက္ခ​ဖြစ်ကြတော့မည်ဟု မြန်မာအစိုးရက စိုးရိမ်မကင်း ရှိသဖြင့် ဘုံဘေ-ဘားမားကုမ္ပဏီမှ ပေးလျှော်ရန် ရှိသည့် သစ်ဖိုးငွေ ၂၃သိန်းကျော်ကို မတောင်းမခံ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။ မြန်မာအစိုးရသည် ဘုံဘေ-ဘားမားကုမ္ပဏီက ပေးလျော်ရန် ရှိသည့် သစ်ဖိုးငွေ ၂၃ သိန်းကျော်ကို မတောင်းမခံ လွတ်ငြိမ်းချမ်းသာခွင့် ပြုထားပါသော်လည်း အင်္ဂလိပ်အစိုးရက မြန်မာအစိုးရထံ တောင်းဆိုသည့် အချက် ၅ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. သစ်မှုကို ထပ်မံစစ်ဆေးရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်စေလွှတ်ရန်၊ ဆိုက်ရောက်သည့်အခါ မြန်မာဘုရင် အရှေ့တော်သို့ ဆောင်ဓား စွဲကိုင်၊ ဖိနပ်စီးနင်းဝင်ရောက်ပြီးမှ နှစ်ဖက်အရာရှိတို့ စီရင်ဆုံးဖြတ်ရန်၊
  2. မြန်မာနိုင်ငံတွင် ထားမည့် အင်္ဂလိပ်ကိုယ်စားလှယ်ကို အိန္ဒိယဘုရင်ခံချုပ်နှင့် ထပ်တူ ဂုဏ်သရေပေးကမ်းရိုသေရန်၊
  3. မြန်မာနိုင်ငံတွင်ထားမည့် အင်္ဂလိပ် ကိုယ်စားလှယ်မှာ ဧရာဝတီမြစ်ဆိပ်တွင် အုတ်ဝင်းကာရန် နေထိုင်စေ၍ တိုက်သင်္ဘောတစ်စင်းနှင့် စစ်သားတစ်ထောင် #အစောင့်ထားရန်။
  4. အင်္ဂလိပ်အစိုးရက တရုတ်ပြည်လမ်းဖောက်သည်ကို မြန်မာအစိုးရက ကူညီရန်။
  5. မြန်မာနိုင်ငံနှင့် အခြားနိုင်ငံ ဆက်ဆံလိုလျှင် အင်္ဂလိပ်အစိုးရ သဘောတူမှ ဆက်ဆံရန်တို့ ဖြစ်ကြသည်။

၎င်းအချက်များအား ၇ ရက်အတွင်း ပြန်ကြားရန်လည်း အကြောင်းကြားခဲ့သည်။ သို့သော် မြန်မာအစိုးရသည် အထက်ပါအချက်များမှ ၁၊ ၂၊ ၃၊ ၄၊ အချက်များကို လိုက်နာနိုင်သော်လည်း ၅ အချက်မှာ အင်္ဂလိပ်-မြန်မာ နှစ်နိုင်ငံမှအပ ဂျာမန်၊ အီတလီ၊ ပြင်သစ် နိုင်ငံများက ဆုံးဖြတ်၍ ပြီးစီးနိုင်ကြောင်းနှင့် ၇ ရက်အတွင်း အင်္ဂလိပ်အစိုးရထံ ပြန်ကြားလိုက်သည်။ မြန်မာအစိုးရ၏ ပြန်ကြားချက်ကို အင်္ဂလိပ်အစိုးရက မကျေနပ်ဆို၍ ဧရာဝတီမြစ်ဝဲယာရှိ မြန်မာအစိုးရပိုင် မြို့၊ ရွာများကို အသင့်ပြင်ဆင်ထားသော အင်္ဂလိပ်စစ်တပ်က စတင်တိုက်ခိုက်သဖြင့် မြန်မာစစ်တပ်များကလည်း ပြန်လည် ခုခံ တိုက်ခိုက်ကြလေသည်။[၁]

ထို့ပြင် စစ်ဖြစ်ရသည့်အခြေခံအား သုံးသပ်လျှင်

၁။ နယ်ချဲ့ဝါဒီသည်သာလျှင် အဓိကဖြစ်သည်။
၂။ မင်းတုန်းမင်း လက်ထက်တွင် အိန္ဒိယပြည်ရှိ ဘုရင်ခံချုပ်ထံသို့ သံတမန်များ စေလွှတ်၍ ပဲခူးတိုင်း( အောက်မြန်မာပြည်) ကို ပြန်လည်ရရှိရန် ကြိုးစားသော်လည်း အင်္ဂလိပ်ဘုရင်ခံချုပ်က ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား ဆက်သွယ်ရေး၌ အင်္ဂလိပ်ထက် ပြင်သစ်နှင့် အီတလီနိုင်ငံတို့ကို ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့ခြင်း။
၃။ အင်္ဂလိပ်တို့ကို ခုခံရန်အတွက် ပြင်သစ်၊ အီတလီတို့နှင့် ပူးပေါင်း၍ စစ်ရေးအကူအညီ၊ စိုက်ပျိုးရေးအကူအညီ၊ စီပွားရေးအကူအညီများ ယူခဲ့ခြင်းသည်ပင်လျှင် အင်္ဂလိပ်တို့၏ သိမ်းပိုက်လိုစိတ်ကို ပိုမိုလျှင်မြန်စေခြင်း။
၄။ ပြင်သစ်တို့သည် ၎င်းတို့ပိုင် တုံကင်(အင်ဒိုချိုင်းနား) နယ်မှ ရှမ်းပြည်ကို ဖြတ်၍ မီးရထားလမ်းဖောက်လုပ်ရန် စေ့စပ်လာရာ မြန်မာတို့က သဘောတူညီလိုက်ခြင်း။
၅။ ပြင်သစ်၏ စီးပွားရေးအကူအညီကို လက်ခံခြင်း။
၆။ ပြင်သစ်တို့ အာနန်-တုံကင်မှ အခြေစိုက်၍ တဖြည်းဖြည်း ယိုးဒယားပြည်ဘက်သို့ နယ်ချဲ့လာသောကြောင့် အထက်မြန်မာပြည်တွင် ပြင်သစ်အခြေမစိုက်မိစေရန်ရည်သန်၍ မြန်မာနိုင်ငံကို သိမ်းပိုက်ရန် အင်္ဂလိပ်တို့ အကြောင်းရှာခြင်း။
၇။ ဗြိတိသျှအရင်းရှင်ပိုင် ဘုံဘေဘားမား သစ်ကုမ္ပဏီမှ သစ်ခိုးထုတ်မှုနှင့် ပက်သက်၍ ထိုကုမ္ပဏီကို ဒဏ်ငွေတပ်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ခြင်း။
၈။ သစ်ခိုးထုတ်မှုတွင် မြန်မာအစိုးရင့် ဗြိတိသျှအရေးပိုင်းတဦးက ပူးပေါင်းစစ်ဆေး၍ ၎င်းအရေးပိုင်အတွက် အစောင့်တပ်တစ်ခု မန္တလေးတွင် ချထားခွင့်ပြုရန် အင်္ဂလိပ်တို့က တောင်းဆိုခြင်း။
၉။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ဆက်သွယ်ရေးကို ဗြိတိသျှတို့အား အပ်ရမည်ဟုဆိုခြင်း။ စသည့်အချက်တို့ကြောင့် ဖြစ်သည်။

သမိုင်းနောက်ခံ[ပြင်​ဆင်​ရန်​]

၁၈၈၅ ခုနှစ် မြန်မာ့ဒေါင်းအလံ

[၂]အထက်ပါအချက်များဖြင့် အင်္ဂလိပ်-မြန်မာ စစ်ပွဲများဖြစ်ရန် တာစူနေချိန်၌ မြန်မာတို့သည် ခုခံတိုက်ခိုက်ရန် စစ်ပြင်ဆင်မှုများကို ပြုလုပ်ကြလေတော့သည်။

လက်ဝဲ ဝင်းတော်မှူးကြီး သီရိမဟာဇေယျကျောထင် ဘွဲ့ရ လှေသင်းအတွင်းဝန် ဦးရွှေမောင် အား အောက်မြစ်စဉ်ရေကြောင်း ဌာန အတွက် တာဝန်ပေးအပ်သည်။ တော်တွင်းကြီး စစ်ကြောင်းဌာန အတွက် မြို့ဝန်အက္ကပတ် မြင်းဝန် မြို့စား မင်းကြီး မဟာရာဇာကို တာဝန်ပေးအပ်သည်။ တောင်ငူစစ်ကြောင်းကို မြို့ဝန် ရွှေလှံဗိုလ် ကောလင်းမြို့စား မင်းကြီး မဟာမင်းခေါင်အနော်ရထာအား ပေးအပ်ထားခဲ့သည်။ အောက်မြစ်စဉ် စစ်ကြောင်းတွင် ပါဝင်ချီတက်သော တပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. စက်ဝန်၊ ယွန်းစုဝန်မင်းရဲညွန့်တပ်.... ( လူ ၁၀၀)
  2. တောင်ထားဝယ်ဗိုလ် ၏ တပ်.... (လူ ၁၀၀)
  3. မြောက်ထားဝယ်ဗိုလ် ၏ တပ်.... (လူ ၁၀၀)
  4. အမြောက်တပ်ခွဲ (ထိပ်ဝ လေးလက်မ အမြောက် ၁၀လုံးဖြင့်).... ( လူ ၅၀ )
  5. စိန်လုံးရေ ( ၅) လက်နှင့် တပ်တစ်တပ်.... (မဖေါ်ပြ)
  6. လက်ရွေးကြီး လှေသင်းဗိုလ်- မင်းထင်မင်လှရဲခေါင်သူရိန်၏ တပ်.... (လူ ၅၀၀ )
  7. စင်္ကြာတင်အမြောက်လုံးရေ ၁၀ လုံး၊ စိန်လုံးရေ ၅ လုံးနှင့် တပ်တစ်တပ်.... (မဖေါ်ပြ)
  8. ဖေါင်ဝန်မင်း မဟာမင်းထင်မင်းလှသီဟသူ၏ တပ်.... (လူ ၁၀၀၀)
  9. လှေသင်း ဗိုလ် မဟာမင်းလှသိဒ္ဓိံကျော်စွာ၏ တပ်.... (လူ ၅၅၀ )
  10. ပြည့်လုံးအံ့လှေသင်း ဗိုလ် မင်းကျော် သိဒ္ဓိရန်အောင်၏ တပ်.... (လူ ၅၅၀ )
  11. မြောက်ထားဝယ်(လက်သုံး)မင်းထင်ရာဇာ၏ တပ်.... (လူ ၂၅၀ )
  12. မြေထဲဝန်မဟာမင်းထင်မင်းလှခေါင်၏ တပ်.... (လူ ၂၅၀)၊

စုစုပေါင်းအားဖြင့် လူပေါင်း ၃၄၀၀အမြောက် ၁၀ လက်စိန် ၁၀ လုံး တို့ဖြင့် ဖွဲ့စည်းထားခဲ့ကြသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း၊ ခံစစ်အဖြစ်တာဝန်ယူထားရသော ဗိုလ်ချုပ် သီရိမဟာဇေယျကျော်ထင်ဘွဲ့ရ လှေသင်းအတွင်းဝန်) သည် ၎င်း၏ တပ်များကို မြန်မာအင်္ဂလိပ်နယ်ခြားဒေသများမှ၍ အောက်ပါအတိုင်း ခံစစ်ကြောင်း ခွဲကာချထားသည်။

  1. ဆင်ပေါင်နယ် စစ်အောင်ခန်းခံတပ်
  2. ထူးပေါက်ခံတပ်
  3. ဂွေးချောင်းခံတပ်
  4. မင်းလှခံတပ်
  5. နောက်ကြောင်း အင်အားဖြည့်တပ် တို့ဖြစ်ကြသည်။

အင်္ဂလိပ်တို့ဘက်မှလည်း ရေကြောင်းဗိုလ်ချုပ်ကြီး ဆာ-ဖရက်ဒရစ်ချတ်၏ (ကပ္ပတိန် အာရ်- ဝုဒ်ဝပ်) ရေကြောင်းတပ်စုပြီးမှ ဦးစီးသော ရေတပ်ဖွဲ့တဖွဲ့ပါရှိသည်။ ၎င်းအဖွဲ့တွင် သင်္ဘော ၂၄ စင်း၊ တွဲသမ္ဗာန်ကြီး ၂၃ စင်း ပါဝင်သည်။

  1. ခြေလျင်တပ်ကို ဗြိတိသျှ တပ်မဟာ ( ၃ ) တပ်။
  2. အိန္ဒိယ အမျိုးသားတပ်မဟာ (၇) တပ်။

စစ်မြေပြင် စက်မှု-လက်မှု တပ်ခွဲပေါင်း (၆) တပ်။

  1. မြေပြင်အဝေးပစ် အမြောက်တပ်ကြီး တပ်တစ်တပ်။
  2. တောင်ပေါ်ပစ်အမြောက်တပ်ဖွဲ့ ၃ ဖွဲ့။

စသည်အားဖြင့် အင်အားပေါင်း ၉၄၆၇ ယောက် ပါဝင်သည်။ အမြောက် ( ၇၇ ) လက်ပါဝင်ပြီး ၎င်းတို့အထဲတွင် ၂၇ လက်မှာ အမြန်ပစ် စက်သေနတ်များ ဖြစ်သည်။

တိုက်ပွဲများစတင်[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်ပရင်ဒါဂတ်စ်သည် သူ၏ ခြေလျင်တပ်များကို တပ်မကြီး (၃) တပ်ခွဲ၍ ဗိုလ်ချုပ်မှုး-ဖိုးရားဒ်)၊ ဗိုလ်ချုပ်မှုး-ဝှိုက်၊ ဗိုလ်ချုပ်မှုး-နော်မန် တိုးအား ဦးစီးစေသည်။ အင်္ဂလိပ်တို့၏ အထက်ပါ တပ်များသည် ခ၏၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း မြန်မာနယ်ထဲသို့ စတင်ချီတက်ကြကာ မင်းလှခံတပ်နှင့် အင်္ဂလိပ်တို့ စတင်တွေ့ရှိတိုက်ခိုက်ကြသည်။ မြန်မာတို့ဘက်မှမူကား အထက်ဖော်ပြပါအတိုင်း ခံစစ်ကြောင်း ၅ ကြောင်း ခွဲဝေချထားလျက် ဆီကြိုတိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေကြလေသည်။ ဆင်ပေါင်ဝဲအနီး ထူးပေါ်ကရွာမှ အရှေ့ဘက်မြစ်အလည်ရှိ လွန်ချည်ကွန်းအထိ၎င်း၊ မလွန်အနီးနှင့် မင်းလှအနီးတွင်၎င်း၊ မြစ်အတွင်းသို့လှေများ၌ ကျောက်ခဲများတင်၍ မြှုပ်ပြီး ရေကြောင်း ပိတ်ဆို့မှုများ ပြုလုပ်ထားလေသည်။

စစ်အောင်ခန်း- ခံတပ် တိုက်ပွဲ[ပြင်​ဆင်​ရန်​]

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါဂတ် ခေါင်းဆောင်သော တပ်သား ၉၄၆၇ ဦးခန့် ရှိသည့် ဗြိတိသျှ ရေတပ်-ကြည်းတပ်များသည် အထက်မြန်မာနိုင်ငံ၏ နယ်စပ်ဖြစ်သော နယ်ခြားကျောက်တိုင် ကို ဖြတ်ကျော် ချီတက်လာသည်။ ၎င်းနောက် စစ်အောင်ခန်း ခံကတုတ်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှ မင်းထင်ရာဇာတပ်များနှင့် မြေထဲမြို့ဝန် မဟာမင်းလှမင်းခေါင်တပ်များက စိန်ပြောင်းတို့ဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သည်။

မြန်မာ့ရေတပ်မှ သင်္ဘောတစ်စင်း

အီတလီလူမျိုး ကွန်မွန်တို ဦးစီးသော မြန်မာတပ်ဖွဲ့က အင်္ဂလိပ်သင်္ဘောများအား မချီတက်နိုင်ရန်၊ ရေတိမ်ရာ နေရာများတွင် ငြောင့်များ ထောင်ထားကြသည်။ ကွန်မွန်တို ဦးစီသော တုလွတ်ယာဉ်ကျော် သင်္ဘောသည် အင်္ဂလိပ်တို့ အဖမ်းခံရသည်။ ကွန်မွန်တိုနှင့် မြန်မာ့ တပ်မတော်သားများကား လွတ်မြောက်သွားသည်။

ထူးပေါက်-ခံတပ် တိုက်ပွဲ[ပြင်​ဆင်​ရန်​]

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီမြစ်ဝဲယာရှိ ဆင်ပေါင်ဝဲနှင့် ညောင်ပင်မှော်ခံတပ်များကို ဖြတ်ကျော်ချီတက်သည်။ ထိုသို့တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ထူးပေါက်ကတုတ်၊ မင်းလှခံတပ်နှင့် ဂွေးချောင်းခံတပ်တိုကို သိမ်းယူရန်ဖြစ်သည်။ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဇောင်ခြမ်းရွာရောက်ပြီး အင်္ဂလိပ်တပ်များသည် သင်္ဘောပေါ်မှ ကမ်းသို့ တက်သည်။ ၁၁ နာရီ ၁၅ မိနစ်တွင် ထူးပေါက်ခံကတုတ်သို့ ရောက်သည်။ တိုက်ပွဲဖြစ်ပွားကြသည်။ မြန်မာတို့က ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်ကြပြန်သည်။ ၃ နာရီခန့် ခုခံပြီးနောက် အင်အားခြင်းမမျှသဖြင့် ပန်းတော်ပြင် ကတုတ်သို့ ဆုတ်ကာ မင်းရဲညွန့်တပ်နှင့် ပေါင်းရသည်။ အင်္ဂလိပ်တို့က ထူးပေါက်ခံကတုတ်ကို သိမ်းယူကာ မီးရှို့ဖျက်ဆီး ပစ်ရုံသာမက၊ မြန်မာတို့၏ ကြေးနန်းရုံကိုပါ သိမ်းပိုက်လိုက်သည်။

ဂွေးချောင်း-ခံတပ် တိုက်ပွဲ[ပြင်​ဆင်​ရန်​]

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါစဂတ်စ် သည် ကြည်းတပ်ရင်း ၉ ရင်း၊ ရေတပ်တတပ်တို့ဖြင့် ဂွေးချောင်းခံတပ်ကို တိုက်ခိုက်ရန် စီစဉ်သည်။ အစီအစဉ်အရ နံနက် ၈ နာရီတွင် အင်္ဂလိပ်ရေတပ်သည် ပတ္တနဝိုရ်ရွာ၏ အထက်နားတွင် တပ်စွဲကာ ကုန်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန် စီစဉ်ပြန်သည်။ ထိုနေရာမှ၊ သည်ဂွေးချောင်းခံတပ်ပေါ်သို့ မျှော်ကြည့်လိုက်လျှင်ကား မြန်မာ့စစ်တံခွန်၊ စစ်အလံတို့သည် လေကစားတိုင်း တလူလူ လှုပ်ရှားလျက်ရှိသည်။ မောက်တို၊ မောက်ရှည်၊ ဗာလည်ကွေးများ ဝတ်ဆင်ထားသော မြန်မာ့စစ်သည်တော်များကိုကောင်းမွန်စွာ မြင်ရနေသည်။ ထိုနေ့၌ပင် တိုက်ပွဲကြီးဖြစ်ပွားသည်။ အပြန်အလှန်ပစ်ကြ ခတ်ကြသော အမြောက်စိန်ပြောင်းတို့ အသံကား၊ မိုးပြိုသကဲ့သို့ပင် လွန်စွာကျယ်လောင်လွန်းလှသည်။အင်္ဂလိပ်တို့သည် ဘေးပတ်လည်မှ ညှပ်၍ ဂွေးချောင်းခံတပ်ကို တိုက်ခိုက်ကြသည်။ လက်နက်အင်အား မမျှတခြင်း၊ ကျွမ်းကျင်မှု အင်အား မမျှတသော မြန်မာတို့မှာ အရေးမသာတော့ချေ။ တတ်နိုင်သမျှ ခုခံကြသော်လည်း အင်္ဂလိပ် ကုန်းတပ်၊ ရေတပ်တို့၏ ညှပ်ပိတ် တိုက်ခိုက်ခြင်း ခံရကား နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီတွင် ဂွေးချောင်းခံတပ်ကျဆုံးရသည်။ ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်မှုး မင်းကျော်သိဒ္ဓိရန်အောင် ကျဆုံးရလေသည်။ မြန်မာတို့သည် မင်းထင်မင်းလှ ကျော်ခေါင်တပ်၊ မဟာမင်းထင်မင်းခေါင်တပ်တို့ ပူးပေါင်းကာ၊ လူအင်အား ၁၀၀၀၊ ဆင် ၅၀၀၊ မြင်း ၅၀၀ တို့ဖြင့် ဆုတ်အပ်သော လက်သီး၊ စည်းအပ်သော ထင်းချောင်းပမာ ကြံ့ခိုင်စွာ ဖွဲ့စည်းထားသည်။

ကြေးနန်းနှင့် မြန်မာတို့ စိတ်ဓာတ်[ပြင်​ဆင်​ရန်​]

ဂွေးချောင်း ခံတပ်တိုက်ပွဲဖြစ်နေစဉ် ဧရာဝတီမြစ် အနောက်ဖက်ရှိ ပန်းတောပြင် ခံကတုတ်၌လည်း သဲသဲမဲမဲ တိုက်ပွဲဖြစ်လျက်ရှိသသည်။ ထိုစဉ် မန္တလေးလွှတ်တော်မှ အင်္ဂလိပ်တပ်များအား ခုခံ မတိုက်ခိုက်ရ။ ခုခံလျင် သူပုန်” ဟူသော ကြေးနန်းရောက်လာ၏။ ထိုနောက်တစ်ဖန် “ရန်သူအင်္ဂလိပ်တို့အား ဆက်တိုက်။ နောက်ထပ် စစ်ကူများ ပို့ပေးသည်” ဟူသော ကြေးနန်းရောက်လာပြန်သည်။ မြန်မာတို့ကား မတိုက်ခိုက်ရဘဲ အင်္ဂလိပ်တို့အား ဒူးထောက်အရှုံးမပေးနိုင် ဟု ဆိုကာ ရွတ်ရွတ်ချွတ်ချွတ်တိုက်ခိုက်ရန် ဓါးသွေးကာ အားမွေးလျက်ရှိသည်။ ဂွေးချောင်း ခံတပ်ကျဆုံးပြီးနောက် မြန်မာတို့သည် စုမိသမျှ အင်အားနှင့် ခုခံရန် ဦးကင်းဘုရားတွင် စောင့်ဆိုင်းနေ၏။ နိုဝင်ဘာလ ၁၇ ရက်နေ့ တနေ့ခင်း တခင်းလုံး လည်းကောင်း၊ ဦးကင်းဘုရာမှ ခုခံတိုက်ခိုက်ကြသော်လည်း အင်္ဂလိပ်ထိုးစစ်အား ပြင်ထန်လာသဖြင့် ကုန်းရွာသို့ ဆုတ်ခွာပေးလိုက်ရသည်။ ၎င်းမှ တဖန် တဖြည်းဖြည်း မင်းလှမြို့တွင်းသို့ အရောက်ဆုတ်ခွာကာ ခုခံရသည်။ မြန်မာတို့သည် ရေကြောင်း၊ ကြည်းကြောင်းတို့တွင် အဖက်ဖက်မှ ကျဆုံးခဲရသည်။ တခုတည်းသော အားကိုရာမှာ မင်းလှခံတပ်သာလျှင် ကျန်တော့သည်။

သီပေါမင်း၏ အခြွေအရံများ

မင်းလှခံတပ် တိုက်ပွဲ[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်များသည် အစီအစဉ်အတိုင်း မင်းလှခံတပ်ကို တိုက်ခိုက်သည်။ အင်္ဂလိပ်နံပါတ် ၁၁ ဘင်းဂေါလ် ခြေလျင်တပ်က ခံတပ်၏ အနောက်ဖက် တံခါးမကြီးကို အတင်းဖွင့်ရန် ကြိုးစားတိုက်ခိုက်ကြသည်။ မြန်မာတို့ကလည်း ပြင်းထန်စွာပင် အမြောက်ကြီးများ၊ မားစကက် သေနတ်များဖြင့် ခုခံကြသည်။ အနီးကပ်တိုက်ပွဲများ ဖြစ်သည်ကတစ်ကြောင်း၊ လမ်းခရီးကွေ့ကောင်သည်က တကြောင်း စသည်တို့ကြောင့် အင်္ဂလိပ်တပ်များသည် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် အင်္ဂလိပ်တို့အဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ကြတော့ချေ။ မြန်မာတို့ကလည်း ဇွဲသတ္တိ ကြီးမားစွာ ခုခံနေကြောင်းတွေ့ရသည်။ ကာနယ်ဆင်ဗဆင်သည် သူ့တပ်သားများအား စုရုံးကာ မင်းလှခံတပ်သို့ အတင်းချီ၍ ခံတပ်၏ အပေါ်ထပ်သို့ ခက်ခဲစွာ တက်ကြသည်။ အင်္ဂလိပ် ရေတပ်မှလည်း မင်းလှခံတပ်သို့ အမြောက်များဖြင့် လှမ်း၍ပစ်ပေးနေသည်။ မြန်မာတပ်သားများ၊ အင်္ဂလိပ်တပ်သားတို့ ဘတပြန်-ကျားတပြန် လုံးထွေးတိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှလည်း အင်္ဂလိပ် သင်္ဘောများကို အမြောက်များနှင့် ပြန်လည်ပစ်ခတ်သည်။ ထိုစဉ် ဘင်္ဂေါခြေလျင်တပ်ရင်း ၁၂ သည် ခံတပ်၏ တောင်ဘက်မှကွေ့၍မြစ်ကမ်းပါးဘက်တွင် နေရာယူပြီး၊ ခံတပ်၏ အရှေ့ဘက် တံခါးမကြီးကို ဝင်ရောက်တိုက်ခိုက်သည်။ မြန်မာတို့ဘက်မှ ရှိသမျှအင်အား၊ လက်နက်ခဲယမ်းများဖြင့် အစွမ်းကုန် ကြိုးစားခုခံကြသော်လည်း လက်နက်ချင်းမမျှ ကျွမ်းကျင်မှုတွင်လည်း ကွာခြားလေသောကြောင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် မင်းလှခံတပ်မှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျဆုံးခြင်း ခံလိုက်ရလေသည်။ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်သား ၁၇၀ ခန့် ကျဆုံးပြီး ၂၇၆ ယောက်ခန့် အဖမ်းခံရလေသည်။[၃] နောက်နေ့တွင် အင်္ဂလိပ်တို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ချီတက်လာကြသည်။ မကွေးမြို့၌ ဧရာဝတီမြစ်ကြောင်းကို ပိတ်ဆို့ရန် တာဝန်ပေးခြင်း ခံရသော အီတလီလူမျိုး ကိုမိုတိုနှင့် မိုလီနာရီတို့ လက်နက်ချရလေသည်။

ညောင်ဦး၊ ပခုက္ကူ၊ မကွေးမြို့များကို သိမ်းယူလေသည်။

မင်းလှခံတပ်တိုက်ပွဲအပြီး

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သောင်ဦးမြို့၌ အင်္ဂလိပ်တို့ ချီတက် တိုက်ခိုက်ခြင်းကို မြန်မာတို့က အမြောက်များဖြင့် ပစ်ခတ်ကာကွယ်ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့သည် မြို့ထဲသို့ ရောက်ရှိအောင် ချီတက်တိုက်ခိုက် ပြီး သောင်ဦးမြို့ကိုသိမ်းပိုက်လိုက်သည်။ ၂၄ ရက်နေ့တွင် ပခုက္ကူမြို့ကို ဖြတ်ကျော်ပြီး မြင်းခြံမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ အင်္ဂလိပ်တပ်များသည် ရန္တပိုရွာကို ၂၆ ရက်နေ့၌ ရောက်ရှိဖြတ်ကျော်ကြသည်။ ၎င်းနေ့တွင် ငဇွန်ရွာအနီးတွင် မြန်မာဘုရင်ထံမှ ကျောက်မြောင်းအတွင်းဝန် နှင့် ဝတ်မစွတ်ဝန်ထောက်တို့ ဦးဆောင်သော အဖွဲ့မှ စစ်ပြေငြိမ်းရေးစကား ကမ်းလှမ်းသည်ကို အင်္ဂလိပ်တို့က လက်မခံဘဲ ငြင်းဆိုလိုက်သည်။ ထိုနောက် ၂၇ ရက်နေ့တွင် အင်းဝမြို့သို့ ချီတက်လေသည်။

မြန်မာတို့ လက်နက်ချရခြင်းနှင့် သီပေါမင်း ပါတော်မူရခြင်း[ပြင်​ဆင်​ရန်​]

နောက်ပိုင်း၌ တိုက်ပွဲများမှာ ပြင်းထန်မှု မရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ကင်းဝန်မင်းကြီး ဦးကောင်းသည် အင်္ဂလိပ်တို့နှင့် ပြေလည်စေရန် လိုလားပြီး အင်္ဂလိပ်တပ်များအား ဆက်လက်တိုက်ခိုက်ခြင်း မပြုရန် အမိန့် ထုတ်ပြန်ခဲ့သည်။ သို့သော် ဦးကောင်း၏ အမိန့်တော်ကို မြန်မာ့တပ်မတော် အချို့သာ လိုက်နာပြီး အချို့မှာမူ လိုက်နာခြင်း မရှိသဖြင့် တိုက်ပွဲများမှာ ဟိုတစ သည်တစ တိုက်ခိုက်နေခဲ့ကြသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အင်းဝခံတပ်ရှိ ဗိုလ်မှူးကင်း၊ အတွင်းဝန်ခေါင်ဆောင်သော မြန်မာတပ်များကို အင်္ဂလိပ်တို့ ဝန်းဝိုင်း တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် နေပြည်တော်မှ အမိန့်အရ မြန်မာတို့ လက်နက်ချလိုက်ရသည်။ ထို့အပြင် နိုဝင်ဘာ ၂၈ ရက်နေ့၌ မန္တလေးနေပြည်တော် ဆိပ်ကမ်းသို့ အင်္ဂလိပ်တပ်များ ရောက်ရှိသည်။ ၎င်းနေ့တွင် အင်္ဂလပ်တပ်များက နန်းတော်သို့ ချီတပ်ဝန်းရံပြီးနောက် သီပေါမင်းနှင့် ကင်းဝန်မင်းကြီး ဦးဆောင်သော မြန်မာမှုးမတ်များနှင့် တွေ့ဆုံ၍ လက်နက်ချရန် စကား ကမ်းလှမ်းခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာတို့လက်နက်ချရလေသည်။ဗိုလ်ချုပ် ပရင်ဒါဂတ် ဦးဆောင်သော အင်္ဂလိပ်တပ်များသည် စစ်အခမ်းအနားဖြင့် ချီတက်ကာခဲ့ပြီး နောက် မြန်မာဘုရင် သီပေါမင်းနှင့် ဘုရင့်မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထိုနောက် တတိယ အင်္ဂလိပ်မြန်မာစစ်ပြီးဆုံးခဲ့သည်။ တဆက်တည်းတွင် အထက်မြန်မာနိုင်ငံသည်လည်း ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။

သီပေါမင်း ပါတော်မူ၍ မြန်မာတို့ ဝမ်းနည်းစွာ နှုတ်ဆက်နေရပုံ

စစ်ရှုံးခြင်း အကြောင်းအရင်းများ[ပြင်​ဆင်​ရန်​]

မြန်မာတို့ အင်္ဂလိပ်တို့အား စစ်ရှုံးရခြင်းသည် ခေါင်းဆောင်တို့၏ ညီညွတ်မှု မရှိခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ နန်းတွင်းရေး မငြိမ်သက်မှုများကြောင့် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး အုပ်စုကွဲများ များပြားလာလေသည်။ ထိုသို့ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ကွဲ၍ စည်းလုံးညီညွှတ်ခြင်း မရှိသဖြင့် အုပ်ချုပ်ရေး ညံ့ဖျင်းလာခဲ့သည်။ အမိန့်နာခံမှု မရှိ၊ စည်းကမ်းသေဝပ်ခြင်း ကင်းမဲ့လာခဲ့သည်။ စီးပွားရေးဘက်တွင်လည်း တောင့်တင်းမှု မရှိခဲ့ခြေ။ အင်္ဂလိပ်တို့က လက်နက်အင်အား လူအင်အား ၊ ထောက်ပံ့ပို့ဆောင်မှု စွမ်းအင်များသည် မြန်မာတို့ မယှဉ်သာအောင် ကောင်းမွန်လျက်ရှိသည်။ မြန်မာနိုင်ငံရေး အခြေအနေ မငြိမ်မသက် ဖြစ်နေပြီး နန်းတွင်းရေး အရှုပ်အထွေးများကြောင့် အမြဲတမ်း မြန်မာ့တပ်မတော်နှင့် အရေးပေါ် ဆင့်ခေါ်၍ ဖွဲ့စည်းထားသော တပ်များသည် အင်္ဂလိပ်တို့အား တစည်းတလုံးတည်း တိုက်ခိုက်ခြင်း၊ အချိန်နှင့် ကိုက်၍ တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့ခြင်းသည်လည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့သည်။ စည်းလုံးညီညွှတ်သော ဦးဆောင်မှုများလည်း ကင်းမဲ့နေခဲ့သည်။ မြန်မာတို့သည် ခေတ်နှင့် အလိုက်တိုးတက်လျက်ရှိသော စစ်ပညာများကို လျစ်လျူ ရှုခဲ့မိသဖြင့် ပထမ နှင့် ဒုတိယ အင်္ဂလိပ် -အင်္ဂလိပ်မြန်မာစစ်ပွဲများ ရှုံးနိမ့်ခဲ့ရလေသည်။ ထိုသို့ ရှုံးနိုမ့်ခဲ့ရခြင်းကို ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း အချိန်နှောင်းခဲ့ရသောကြောင့်ဖြစ်နိုင်သည်။ [၄] [၅]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စတုတ္ထသမီးတော်၏ အရေးတော်ပုံ-အရှင်ထိပ်စု မြတ်ဘုရားလေး၊စာမျက်နှာ-၃၀မှ၃၃
  2. http://it.wikipedia.org/wiki/Terza_guerra_anglo-birmana
  3. http://en.wikipedia.org/wiki/Third_Anglo-Burmese_War
  4. ဦးဖိုးကျားရေးသားသော သီပေါမင်း ပါတော်မူ အရေးတော်ပုံ
  5. ( အ ထ က ၂ တာမွေ ) စာပေနှင့် အသိဉာဏ် မြှင့်တင်ရေးအဖွဲ့မှ တည်းဖြတ်ရေးသားသော တတိယအင်္ဂလိပ်မြန်မာစစ် နှင့် မင်းလှခံတပ်
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။