အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်တံဆိပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (အင်္ဂလိပ်: Eastern Command; အတိုကောက် ရပခ) အား ၁၉၆၁ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ် (၄) ခြေလျင်တပ်မဟာဌာနချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ် (၉) ခြေလျင်တပ်မဟာဌာနချုပ်၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ် (၆) ခြေလျင်တပ်မဟာဌာနချုပ်တို့ကို စုစည်းကာ တောင်ကြီးမြို့တွင် ဖွဲ့စည်းခဲ့သည်။ 

၁၉၇၀ ပြည့်လွန်နှစ်များတွင် အရှေ့မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂၊ ဇူလိုင်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၉၆ ခုနှစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်အဖြစ်၎င်း၊ ၂၀၁၂ ခုနှစ်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို၎င်း ရပခ ကွပ်ကဲမှုနယ်မြေအတွင်းမှ ခွဲထုတ်၍ သီးခြားစစ်တိုင်းများအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

လက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ အခြေချစစ်ဗျူဟာများ၊ လှုပ်ရှားစစ်ဗျူဟာများနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၄) ရင်းရှိသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ၏ ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၃၅၆၉၊ ဗိုလ်မှူးချုပ်စန်းယုမှ ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိတာဝန်ယူခဲ့သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗိုလ်မှူးချုပ်စန်းယုသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့သွားသဖြင့်  ကြည်း-၃၅၈၅၊ ဗိုလ်မှူးကြီးမောင်ရွှေသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယမြောက်တိုင်းမှူး ဖြစ်လာခဲ့သည်။

လက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏တိုင်းမှူးမှာ ဗိုလ်ချုပ် လင်းအောင် ဖြစ်သည်။