ကာဂျစ္စတန်နိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 41°N 75°E / 41°N 75°E / 41; 75

ကာဂျစ် သမ္မတနိုင်ငံ
Кыргыз Республикасы
Kırgız Respublikası
Кыргызская Республика
Kyrgyzskaya Respublika
ကာဂျစ္စတန်နိုင်ငံ၏ အလံတော်
အလံတော်
ကာဂျစ္စတန်နိုင်ငံ၏ Emblem
Emblem
နိုင်ငံတော် သီချင်း: Кыргыз Республикасынын Мамлекеттик Гимни
Kyrgyz Respublikasynyn Mamlekettik Gimni
National Anthem of the Kyrgyz Republic
 ကာဂျစ္စတန်နိုင်ငံ၏ တည်နေရာ  (အစိမ်း)
 ကာဂျစ္စတန်နိုင်ငံ၏ တည်နေရာ  (အစိမ်း)
မြို့တော်
နှင့် အကြီးဆုံးမြို့
ဘီရှကက်မြို့
42°52′N 74°36′E / 42.867°N 74.600°E / 42.867; 74.600
ရုံးသုံး ဘာသာစကားများကာဂျစ်
ပူးတွဲရုံးသုံးဘာသာစကားရုရှား[၁]
လူမျိုးစု (2019[၃])
ကိုးကွယ်မှု
DemonymKyrgyz
အစိုးရပြည်ထောင်စု သမ္မတ ဖွဲ့စည်းပုံသမ္မတနိုင်ငံစနစ်
ဆာဒီး ရှာပရော့ဗ်
ဥလုဘက် မာရီပေါ့ဗ်
တာလန် မာမီတော့ဗ်[၄]
ဥပဒေပြုလွှတ်တော်အဓိပတိကောင်စီ
လွတ်လပ်ရေးရရှိခြင်း
၈၄၀ ခုနှစ်
၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်
၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်
၁၉၉၁ ခုနှစ် ဩဂုတ် ၃၁ ရက်
၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်
၁၉၉၂ ခုနှစ် မတ်လ ၂ ရက်
ဧရိယာ
• စုစုပေါင်း
၁၉၉,၉၅၁ km2 (၇၇,၂၀၂ sq mi) (အဆင့်: ၈၅)
• ရေထု (%)
၃.၆
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
Increase ၆,၅၈၆,၆၀၀[၂] (အဆင့် - ၁၁၀)
• ၂၀၀၉ သန်းခေါင်စာရင်း
၅,၃၆၂,၈၀၀
• သိပ်သည်းမှု
၂၇.၄/km2 (၇၁.၀/sq mi) (အဆင့် - ၁၇၆)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
Increase $၃၅.၃၂၄ ဘီလီယံ[၆] (အဆင့် - ၁၂၇)
• Per capita
Increase $၅,၄၇၀[၆] (အဆင့် - ၁၃၄)
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
Increase $၈.၄၅၅ ဘီလီယံ[၆] (အဆင့် - ၁၄၁)
• Per capita
Increase $၁,၃၀၉[၆] (အဆင့် - ၁၅၈)
Gini (၂၀၁၈)Negative increase ၂၇.၇[၇]
နိမ့်
HDI (၂၀၁၉)Increase ၀.၆၉၇[၈]
အလယ် · ၁၂၀
ငွေကြေးကာဂျစ္စတန် ဆော်မ် (c) (KGS)
အချိန်ဇုန်KGT (UTC+6)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၉၉၆
ISO 3166 ကုဒ်KG
Internet TLD.kg


ကာဂျစ်စတန်နိုင်ငံ (တရားဝင်အမည်အားဖြင့် ကာဂျစ်သမ္မတနိုင်ငံ) အား ယခင်က ကာဂျစ်ဇီးယားဟု ခေါ်ဝေါ်ခဲ့ကာ အာရှ အလယ်ပိုင်းတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။[၉]ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပြီး တောင်ကုန်းထူထပ်ကာ မြောက်ဘက်တွင် ကာဇက်စတန်နိုင်ငံ၊ အနောက်ဘက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အနောက်တောင်ဘက်တွင် တာဂျစ်ကစ္စတန်နိုင်ငံ နှင့် အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့က ဝိုင်းရံထားသည်။ အကြီးဆုံးမြို့နှင့် မြို့တော်မှာ ဘီရှကက်မြို့ဖြစ်သည်။

ကာဂျစ္စတန်နိုင်ငံ၏ သမိုင်းကြောင်းမှာ နှစ်ပေါင်း ၂၀၀၀ ကျော်မျှ ရှည်လျားပြီး အမျိုးမျိုးသော ယဉ်ကျေးမှုများနှင့် အင်ပိုင်ယာများ လွှမ်းခြုံ အုပ်မိုး တည်ရှိခဲ့ရာနိုင်ငံ ဖြစ်သည်။ ပထဝီ အနေအထားအားဖြင့် တောင်ကုန်းများ ထူထပ်စွာ တည်ရှိသော မြေမျက်နှာသွင်ပြင်ကြောင့် တသီးတခြား တည်ရှိကာ ၎င်း၏ ရှေးကျသော ယဉ်ကျေးမှုကို ထိန်းသိမ်းရန် တနည်းတဖုံ ကူညီရာ ရောက်ခဲ့သော်လည်း ကာဂျစ္စတန်နိုင်ငံသည် သမိုင်းကြောင်းအရ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီး အချို့၏ ဆုံစည်းရာ နေရာ ဖြစ်ခဲ့ပြီး ပိုးသားလမ်းမကြီး ၏ အစိတ်အပိုင်းနှင့် အခြားသော စီးပွားရေး နှင့် ယဉ်ကျေးမှု ပေါင်းဆုံရာ လမ်းကြောင်းများ၏ တစိတ်တဒေသ ဖြစ်ခဲ့သည်။ ကာဂျစ္စတန် နိုင်ငံသည် အခြားနိုင်ငံများ၏ လွှမ်းမိုးမှုကို အစဉ်သဖြင့် ခံခဲ့ရပြီး ၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးချိန်တွင်မှ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။

လွတ်လပ်ရေး ရပြီးသည့် အချိန်တွင် ကာဂျစ္စတန်နိုင်ငံသည် တပေါင်းတည်းဖြစ်သော ပါလီမန် သမ္မတနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သော်လည်း လူမျိုးရေး ပဋိပက္ခများ၊[၁၀][၁၁] ပုန်ကန်မှုများ၊[၁၂]စီးပွားရေး အကျပ်အတည်းများ၊ [၁၃][၁၄] စပ်ကူးမပ်ကူး ကာလ အစိုးရများ [၁၅]နှင့် နိုင်ငံရေး ပါတီများ ကြား ပဋိပက္ခများ[၁၆]ကို ကြုံတွေ့နေရဆဲ ဖြစ်သည်။ ကာဂျစ္စတန်နိုင်ငံသည် လွတ်လပ်သော နိုင်ငံများ၏ ဓနသဟာယ အဖွဲ့၊ ယူရေးရှန်း စီးပွားရေး သမ္မဂ္ဂ အဖွဲ့၊ ပူးပေါင်း လုံခြုံရေးစာချုပ် အဖွဲ့၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ ၊ တာ့ခ် ကောင်စီ၊ တာ့ခ်ဆွိုင်း နှင့် ကမ္ဘာ့ ကုလသမ္မဂ္ဂ တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

ကာဂျစ် လူမျိုးများသည် ၅.၇ သန်းများသော နိုင်ငံလူဦးရေ၏ အများစု ဖြစ်ပြီး သိသာစွာ များပြားသော လူနည်းစု လူမျိုးများဖြစ်သော ဥဇဘက် လူမျိုးများနှင့် ရုရှားလူမျိုးများမှ ဒုတိယအများဆုံး ဖြစ်သည်။ ရုံးသုံး ဘာသာစကား ဖြစ်သော ကာဂျစ် ဘာသာစကားမှာ အခြားသော တာ့ခ်ဘာသာစကားများနှင့် နီးစပ်စွာ ဆက်နွယ်နေသည်။ ရုရှားတို့၏ လွှမ်းမိုးခဲ့မှုကြောင့် ရုရှားဘာသာစကားကို ကျယ်ပြန့်စွာ အသုံးပြုဆဲပင် ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၆၄ ရာခိုင်နှုန်းမှာ ဂိုဏ်းဂဏစွဲ မရှိသော မွတ်ဆလင် ဘာသာဝင်များ ဖြစ်ကြသည်။[၁၇] ကာဂျစ် ယဉ်ကျေးမှုသည် တာ့ခ် ယဉ်ကျေးမှုတွင် အခြေခံသော်လည်း ပါရှန်း၊ မွန်ဂိုလီးယား နှင့် ရုရှားတို့၏ လွှမ်းမိုးမှုများကို တွေ့နိုင်သည်။

အမည်မှည့်ခေါ်ခြင်း[ပြင်ဆင်ရန်]

ကာဂျစ် ဆိုသော စကားမှာ တာ့ခ်ဘာသာစကား ၄၀ မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အူရီဂါတို့အားတွန်းလှန်ရန်အတွက် ဒေသခံ လူမျိုးစု ၄၀ ကို စုစည်းသော ဒဏ္ဍာရီလာ သူရဲကောင်း မာနာ့စ်ကို ရည်ညွှန်းသည်ဟု ယုံကြည်ရသည်။ ၉ ရာစု အစောပိုင်းက အူရီဂါတို့သည် ကာဂျစ္စတန် နိုင်ငံ အပါအဝင် အာရှ အလယ်ပိုင်း၊ မွန်ဂိုလီးယား၊ ရုရှား၏ တစိတ်တဒေသနှင့် တရုတ်နိုင်ငံတို့တွင် အကြီးအကျယ် စိုးမိုးထားသည်။[၁၈]

ကာဂျစ္စတန်နိုင်ငံ၏ အလံတော်မှ နေရောင်ခြည် အလင်းတန်း ၄၀ သည် ထို လူမျိုးစု ၄၀ ကိုပင် ရည်ညွှန်းပြီး နေ၏ အလယ်ခေါင်ရှိ ရုပ်ပုံမှာ အာရှ အလယ်ပိုင်း ရွှေ့ပြောင်းသွားလာသူတို့၏ တဲများမှ သစ်သား အမိုး ကို ရည်ညွှန်းခြင်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေးခေတ်[ပြင်ဆင်ရန်]

တာ့ခ်အင်ပိုင်ယာ

ကာဂျစ္စတန်နိုင်ငံတွင် ရှေးခေတ်ကာလက အီရန် မြင်းစီးလူမျိုးများ ဖြစ်သော ဆိုင်သီယန်တို့ အခြေချ နေထိုင်ခဲ့ကြသည်။[၁၉]

ကာဂျစ်နိုင်ငံသည် အူရီဂါ အင်ပိုင်ယာကို အေဒီ ၈၄၀ တွင် အောင်နိုင်ခဲ့ပြီးနောက် အကျယ်ပြန့်ဆုံး ချဲ့ထွင်နိုင်ခဲ့သည်။[၂၀] ထို့နောက် ကာဂျစ်တို့သည် ထန်ရှန်း တောင်တန်းများအထိ နယ်မြေချဲ့ထွင်ခဲ့ကြပြီး ထိုဒေသတွင် ၎င်းတို့၏ ဩဇာကို နှစ်ပေါင်း ၂၀၀ ခန့် လွှမ်းမိုး ထားနိုင်ခဲ့သည်။

၁၂ ရာစုသို့ ရောက်သော အခါတွင်မူ မွန်ဂိုတို့၏ နယ်မြေချဲ့ထွင်မှုကြောင့် ကာဂျစ်တို့ ပိုင်ဆိုင်သော ဒေသမှာ အော်လ်တေးတောင်တန်း နှင့် ဆာယန် တောင်တန်း ဒေသများသာ ကျန်ရှိတော့သည်။ ၁၃ ရာစုတွင် မွန်ဂို အင်ပိုင်ယာ အင်အားကောင်းလာပြီးနောက် ကာဂျစ်တို့ တောင်ပိုင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ ကာဂျစ်တို့သည် မွန်ဂို အင်ပိုင်ယာ၏ အစိတ်အပိုင်း အဖြစ် ၁၂၀၇ တွင် ငြိမ်းချမ်းစွာ ဝင်ရောက်ခဲ့သည်။

၇ ရာစုနှင့် ၁၂ ရာစု အတွင်းမှ တရုတ်လူမျိုးများနှင့် မူစလင်တို့၏ အဆိုအရ ကာဂျစ်လူမျိုးများကို ဆံပင်အနီရောင်ရှိပြီး အသားဖြူကာ မျက်လုံး အပြာရောင် ရှိသောသူများဟု ဆိုကြပြီး ထိုအဆိုအရ ရှေးခေတ် အင်ဒို-ဥရောပ မျိုးနွယ်စုများ ဖြစ်သည့် ဆလားဗစ် လူမျိုးများနှင့် ဆင်တူသည်ဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။[၂၁][၂၂] လတ်တလော မျိုးရိုးဇီဝ လေ့လာမှုများအရ ကာဂျစ် လူမျိုးများမှာ ဆိုင်ဘေးရီးယား ဒေသရှိ ရှေးဦးနေ လူမျိုးများမှ ဆင်းသက်လာသည်ဟု အခိုင်အမာ ပြောနိုင်သည်ကို တွေ့ရသည်။[၂၃] ရွှေ့ပြောင်းခြင်း၊ စစ်ပွဲများကို အောင်နိုင်ခြင်း၊ ကွဲပြားသော လူမျိုးစု အချင်းချင်း လက်ထပ်ခြင်း နှင့် ယဉ်ကျေးမှု အချင်းချင်း ရောနှောပေါင်းစပ်ခြင်းတို့ကြောင့် ယခုလက်ရှိ အလယ်အာရှ နှင့် အနောက်တောင် အာရှတွင် နေထိုင်သော ကာဂျစ်လူမျိုးတို့မှာ နီးစပ်စွာ တူညီသော ဘာသာစကားများကို ပြောဆိုနေကြသော်လည်း သွေးနှောနေကြပြီး အမျိုးမျိုးသော လူမျိုးတို့မှ ပေါင်းစပ်ဆင်းသက်လာကြောင်း တွေ့ရသည်။[၂၄][၂၅][၂၆]

အစ်ဆစ်ကူး ရေကန်မှာ အရှေ့ဖျားဒေသမှ ဥရောပသို့ သွားရောက်သော ကုန်သည်များ၊ စီးပွားရေး သမားများ နှင့် အခြားသော ခရီးသည်များ အသုံးပြုကြသော ကုန်းလမ်း ဖြစ်သည့် ပိုးသား လမ်းမကြီး၏ ခရီးတစ်ထောက် နားနေရာ ဖြစ်သည်။

ကာဂျစ်လူမျိုးများကို ၁၇ ရာစုတွင် မွန်ဂို အွိုင်းရက် တို့က လည်းကောင်း၊ ၁၈ ရာစု အလယ်ပိုင်းတွင် မန်ချူး ချင်မင်းဆက်မှ လည်းကောင်း၊ ၁၉ ရာစု အစောပိုင်းတွင် ဥဇဘက် ကိုကန်း ခန်နိတ် မှ လည်းကောင်း ကျူးကျော် သိမ်းပိုက်ခဲ့ကြသည်။[၂၇]

၁၉ ရာစု နှောင်းပိုင်းတွင် မျက်မှောက်ခေတ် ကာဂျစ္စတန် ဒေသ၏ အဓိက အစိတ်အပိုင်း အတော်များများကို တရုတ်နိုင်ငံ (ချင်မင်းဆက်) နှင့် ရုရှားတို့ အကြား သဘောတူ စာချုပ် နှစ်ခုဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုအချိန်က ရုရှားတွင် ကာဂျစ်ဇီးယား ဟု ခေါ်ဝေါ်သော ထိုဒေသကို ရုရှား အင်ပိုင်ယာ အတွင်းသို့ ၁၈၇၆ တွင် သွတ်သွင်းခဲ့သည်။ ရုရှားတို့၏ လွှဲပြောင်း ရယူမှုအပြီး ဇာဘုရင်၏ အုပ်ချုပ်မှုမှာ ပုန်ကန်မှုများစွာဖြင့် ကြုံတွေ့ခဲ့ရပြီး ကာဂျစ် အများအပြားမှာ ပါမီယာ တောင်ကုန်း ဒေသနှင့် အာဖဂန်နစ္စတန် သို့ ရွှေ့ပြောင်းခဲ့ကြသည်။

ထို့ပြင် ၁၉၁၆ အလယ်အာရှ အတွင်း ရုရှားတို့၏ အုပ်ချုပ်ရေးအား ပုန်ကန်မှုအား ဖိနှိပ်ခြင်းကြောင့် ကာဂျစ် အများအပြားမှာ တရုတ်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့ကြ သည်။[၂၈] လူမျိုးစု အများအပြားမှာ ထိုအချိန်၌ (ယခုတိုင်အောင်) အိမ်နီးချင်း နိုင်ငံများ အတွင်း ပျံ့နှံ့နေကြပြီး နိုင်ငံများ အကြား နယ်နိမိတ်မှာ အသေအချာ စောင့်ကြပ်ခြင်း နှင့် ထိန်းသိမ်းခြင်း မရှိသဖြင့် တောင်ကုန်းဒေသများအတွင်း ဟိုမှသည်မှ ရွှေ့ပြောင်းနေထိုင်လျက် ရှိကြသည်။ ထိုသို့ ရွှေ့ပြောင်းနေထိုင်ရာတွင် မည်သည့်နေရာတွင် နေထိုင်သည်က ပို၍ ကောင်းမည်ဆိုသည့် အပေါ်မူတည်ပြီး စိုက်ပျိုးရန် အတွက် မိုးကောင်းကောင်းရခြင်း၊ ဖိနှိပ်ခံရစဉ် အတွင်း မည်သည့် အစိုးရက ပိုကောင်းမည်ဟု တွေးတောခြင်း စသည်တို့ အပေါ်တွင် မူတည်နေသည်။

ဆိုဗီယက် ကာဂျစ္စတန်[ပြင်ဆင်ရန်]

ဘိရှကက်မြို့

ဒေသအတွင်း ဆိုဗီယက်တို့၏အာဏာသည် ၁၉၁၉ တွင် စတင် တည်ထောင်ခဲ့သည်။ ရုရှား ဆိုဗီယက် ဖက်ဒရယ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ အတွင်း ကာရာ-ကာဂျစ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ (ကာရာ-ကာဂျစ် ဆိုသော အသုံးအနှုန်းကို ရုရှားတို့က ၁၉၂၀ ခုနှစ်များ အလယ်ပိုင်း အထိ အသုံးပြုခဲ့ကြပြီး ကာဂျစ်ဟုပင် ခေါ်ဝေါ်ကြသော ကာဇက်လူမျိုးများမှ ကွဲပြားစေရန် သုံးနှုန်းခြင်း ဖြစ်သည်။) ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဆိုဗီယက် ယူနီယံ အတွင်း၌ ကာဂျစ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကို တည်ထောင်ခဲ့သည်။

၁၉၂၀ ခုနှစ်များအတွင်း ကာဂျစ်စတန်နိုင်ငံသည် ယဉ်ကျေးမှု၊ ပညာရေး နှင့် လူမှုဘဝ တို့တွင် သိသာစွာ တိုးတက်မှုများ ရှိခဲ့သည်။ စာတတ်မြောက် မှုနှုန်းမှာ များစွာ တိုးတက် လာခဲ့ပြီး နေထိုင်သူများ အပေါ်တွင် ရုရှားဘာသာ အား စံ ဘာသာစကား တစ်ရပ် အဖြစ် အသုံးပြုရန် ဖိအားပေး မိတ်ဆက်ခြင်း ခံခဲ့ရသည်။ စီးပွားရေးနှင့် လူမှုရေး တိုးတက်မှုများမှာ သိသာ ထင်ရှားသည်။ ဆိုဗီယက် ယူနီယံကို ၁၉၂၀ ခုနှစ်များ၏ နှောင်းပိုင်း မှ ၁၉၅၃ ခုနှစ် အထိ အုပ်ချုပ်သော ဂျိုးဇက် စတာလင် လက်ထက်တွင် အမျိုးသားရေး လှုပ်ရှားမှုများကို ဖိနှိပ်ခဲ့သော်လည်း ကာဂျစ်တို့၏ အမျိုးသား ယဉ်ကျေးမှု၏ အစိတ်အပိုင်း အတော်များများကို ထိန်းသိမ်း ထားနိုင်ခဲ့သည်။

ဆိုဗီယက်တို့၏ ဂလက်စနော့ ခေါ် ပွင့်လင်းမြင်သာရေး လှုပ်ရှားမှု၏ အစောပိုင်းနှစ်များတွင် ကာဂျစ္စတန်နိုင်ငံ၏ နိုင်ငံရေး အပေါ်တွင် အနည်းငယ်မျှသာ ရိုက်ခတ်မှု ရှိခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ သတင်းစာများမှာ ပိုမို၍ လစ်ဘရယ်ဆန်သော အမြင်များကို ခံယူခွင့် ရခဲ့ပြီး သတင်းစာ အသစ်ဖြစ်သော လစ်ထရေတာနီ ကာဂျစ္စတန် အား စာရေးဆရာများ သမ္မဂ္ဂမှ ထုတ်ဝေခွင့် ရရှိခဲ့သည်။ တရားမဝင်သော နိုင်ငံရေး အသင်းများမှာ ပိတ်ပင်ခံခဲ့ရပြီး ၁၉၈၉ ခုနှစ်တွင် ကြီးကျယ်သော အိမ်ရာ ပြဿနာများကို ဖြေရှင်းရှင် ပေါ်ပေါက်လာသော အချို့ အစုအဖွဲ့များမှာမူ လှုပ်ရှားခွင့် ရရှိခဲ့သည်။

၁၉၈၉ ခုနှစ် ဆိုဗီယက်တို့ နောက်ဆုံး ကောက်ယူသော လူဦးရေ စာရင်းအရ မြောက်ပိုင်းမြို့တော် ဖရွန်ဇာမြို့ (ယခုအခါ ဘိရှကက်မြို့) ၏ ၂၂% မျှသော လူဦးရေသည်သာ ကာဂျစ်လူမျိုးများ ဖြစ်ကြပြီး လူဦးရေ၏ ၆၀% ကျော်မှာ ရုရှားလူမျိုးများ၊ ယူကရိန်း လူမျိုးများ နှင့် အခြားသော ဆလာဗစ် နိုင်ငံများ များမှ ဖြစ်သည် ဟုဆိုသည်။ (စစ်တမ်းအရ ဘိရှကက် မြို့နေ လူဦးရေ၏ ၃၆ ရာခိုင်နှုန်းသာ ရုရှားစကားကို ပထမဘာသာစကား အနေနှင့် ပြောကြားကြသည်။)[၂၉]

ဆိုဗီယက် အာကာသယာဉ်မှူး ယူရီ ဂါဂါရင်ကို တံဆိပ်ခေါင်း ပေါ်တွင် တွေ့ရပုံ

၁၉၉၀ ခုနှစ် ဇွန်လတွင် ကာဂျစ္စတန် တောင်ပိုင်းရှိ ဥဇဘက် လူမျိုး အများစု နေထိုင်ရာ ဒေသဖြစ်သော အော့ရှ် အိုဘလတ်စ်တွင် ဥဇဘက် လူမျိုးများ နှင့် ကာဂျစ်လူမျိုးများ အကြား လူမျိုးရေး တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။[၃၀] ဥဇဘက်တို့၏ စုပေါင်းယာမြေကို အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်း အဖြစ် ပြောင်းလဲရန် ကြိုးစားရမှ အော့ရှ်အရေးအခင်း စတင် ဖြစ်ပွားခဲ့သည်။ အရေးပေါ် အခြေအနေ ကြေညာ၍ ကာဖျူး ထုတ်ပြန်ကာ ထိန်းသိမ်း ခဲ့ရပြီး[၃၁] ကာဂျစ္စတန် မြောက်ပိုင်းရှိ စုပေါင်းယာမြေရှိ အလုပ်သမား မိသားစုမှ သား ၅ ယောက်တွင် အငယ်ဆုံး ဖြစ်သော အက်စကာ ကာယက်ဗ် မှာ ထိုနှစ် အောက်တိုဘာလတွင် သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

ထိုအချိန်တွင် ကာဂျစ္စတန် နိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများမှာ ပါလီမန်တွင်း ထောက်ခံမှုဖြင့် သိသာသော နိုင်ငံရေး အင်အားစု တစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက် အထွဋ်အထိပ် အဖွဲ့မှ နိုင်ငံ၏ အမည်ကို ရီပတ်ဘလစ် အော့ဖ် ကာဂျစ္စတန်ဟု ပြောင်းလဲ ခေါ်ဝေါ်ရန် မဲဆန္ဒပေး ဆုံးဖြတ်ခဲ့သည်။ (၁၉၉၃ တွင် ကာဂျစ် ရီပတ်ဘလစ် ဟု ဖြစ်လာခဲ့သည်။) နောက်တစ်လ ဖြစ်သော ဇန်နဝါရီလတွင် ကာယက်ဗ်မှ အစိုးရ ဖွဲ့စည်းပုံ အသစ်ကို မိတ်ဆက်တင်ပြခဲ့ပြီး အစိုးရ အသစ်အား ငယ်ရွယ်ပြီး ပြုပြင်ပြောင်းလဲ ရန် လိုလားသော နိုင်ငံရေး သမားများဖြင့် အဓိက ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြို့တော်၏ အမည်အား ဖရွန်ဇာမှ တော်လှန်ရေး ကာလ မတိုင်မီ အမည်ဖြစ်သော ဘိရှကက် အဖြစ် ပြန်လည်ပြောင်းလဲ ခဲ့သည်။

လွတ်လပ်ရေး ရရှိရန် အတွက် နိုင်ငံရေး အရ ကြိုးပမ်းလှုပ်ရှားခဲ့သော်လည်း တကယ့် စီးပွားရေး အခြေအနေမှာမူ ဆိုဗီယက် ယူနီယံမှ ခွဲထွက်ရန် အခြေအနေနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ၁၉၉၁ မတ်လတွင် ကျင်းပသော ဆိုဗီယက် ယူနီယံ အဖြစ် ဆက်လက်တည်ရှိနေရေး ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၈၈.၇% က ဆိုဗီယက် ယူနီယံအား အသစ်ပြန်လည် ဖွဲ့စည်းသော ဖက်ဒရေးရှင်း တစ်ခု အဖြစ် ဆက်လက် တည်ရှိနေရန် အဆိုကို ထောက်ခံခဲ့သည်။ သို့သော်လည်း ခွဲထွက်ရေး လှုပ်ရှားသူများက ကာဂျစ္စတန်၏ လွတ်လပ်ရေး ရရှိရန် အတွက် ထိုနှစ် ဩဂုတ်လတွင်ပင် ဖိအားပေး လုပ်ဆောင်ခဲ့လေသည်။

၁၉၉၁ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် နိုင်ငံ အရေးပေါ် အခြေအနေ ကော်မတီက မော်စကိုတွင် အာဏာလွှဲပြောင်းယူခဲ့ပြီး ကာဂျစ္စတန် နိုင်ငံတွင် ကာယက်ဗ်အား ရာထူးမှ ဖယ်ရှားရန် ကြိုးစားမှု ပေါ်ပေါက်ခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု တစ်ပတ်အကြာတွင် ကျရှုံးခဲ့ပြီးနောက် ကာယက်ဗ် နှင့် ဒုတိယ သမ္မတ ဂျာမန် ကူဇနက်ဇော့ဗ်တို့ ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ် ပါတီ မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အစိုးရဌာန တစ်ခုလုံးနှင့် အတွင်းဝန်များလည်း ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။ ထို့နောက်တွင် ဆိုဗီယက် အထွဋ်အထိပ် အဖွဲ့မှ ၁၉၉၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်တွင် ဆိုဗီယက် ယူနီယံမှ လွတ်လပ်ရေး ရကြောင်း ကြေညာခဲ့ပြီး ကာဂျစ္စတန် သမ္မတနိုင်ငံ ဖြစ်လာခဲ့လေသည်။

လွတ်လပ်ရေး ရပြီးခေတ်[ပြင်ဆင်ရန်]

၁၉၉၁ အောက်တိုဘာလတွင် ကာယက်ဗ်သည် ပြိုင်ဘက်မရှိ အရွေးခံပြီးနောက် တိုက်ရိုက်မဲပေးစနစ်ဖြင့် ဆန္ဒမဲ ၉၅ ရာခိုင်နှုန်းကို ရရှိခဲ့ကာ အသစ်ပေါ်ပေါက်လာသော လွတ်လပ်သော သမ္မတနိုင်ငံ၏ သမ္မတ ဖြစ်လာခဲ့သည်။ အခြားသော သမ္မတနိုင်ငံ ၇ ခုမှ ကိုယ်စားလှယ်များနှင့် အတူ တစ်လတည်းတွင်ပင် စီးပွားရေး အသိုက်အဝန်း အသစ် အတွက် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကာဂျစ္စတန် နိုင်ငံသည် အခြားသော အလယ်အာရှ သမ္မတနိုင်ငံ ၄ ခုနှင့် အတူ လွတ်လပ်သော နိုင်ငံများ၏ ဓနသဟာယ အဖွဲ့ကို တရားဝင် ဝင်ရောက်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကာဂျစ္စတန်နိုင်ငံသည် လွတ်လပ်ရေး အပြည့်အဝ ရရှိခဲ့သည်။ နောက်တစ်ရက် ၁၉၉၁ ဒီဇင်ဘာလ ၂၆ ရက်တွင် ဆိုဗီယက် ယူနီယံ ဟူ၍ မရှိတော့ပေ။ ၁၉၉၂ ခုနှစ်တွင် ကာဂျစ္စတန်နိုင်ငံသည် ကမ္ဘာ့ ကုလသမ္မဂ္ဂ နှင့် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအက်စ်စီအီး) သို့ အဖွဲ့ဝင် နိုင်ငံ အဖြစ် ဝင်ရောက်ခဲ့သည်။ ၁၉၉၃ ခုနှစ် မေလ ၅ ရက်တွင် နိုင်ငံ၏ ရုံးသုံးအမည်အား ရီပတ်ဘလစ်အော့ဖ် ကာဂျစ္စတန် မှ ကာဂျစ် ရီပတ်ဘလစ် ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

၂၀၀၅ ခုနှစ် မတ်လ ရွေးကောက်ပွဲ အပြီးတွင် ကျူးလစ်ပန်း တော်လှန်ရေး ဟု အမည်ရသည့် ထင်ရှားသည့် ဆန္ဒပြပွဲ တစ်ခု ဖြစ်ပေါ်ခဲ့ကာ သမ္မတ အက်စ်ကာ ကာယက်ဗ်အား ၂၀၀၅ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စေခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်များက ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့ပြီး အစိုးရ အသစ်ကို သမ္မတ ကူးရ်မန်ဘတ် ဘာကီးယက်ဗ်၏နှင့် ဝန်ကြီးချုပ် ဖဲလစ် ကူလော့ဗ် တို့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။ နိုင်ငံ၏ မြို့တော်မှာ ဆန္ဒပြမှု အတွင်း လုယက် ခံခဲ့ရသည်။

နိုင်ငံရေး တည်ငြိမ်မှုမှာ ရရှိရန် ခက်ခဲပြီး ဒုစရိုက်ဂိုဏ်းများနှင့် ဆက်စပ်နေသော အဖွဲ့များမှာ အာဏာရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းကြသည်။ ၂၀၀၅ ခုနှစ် မတ်လတွင် ရွေးကောက် တင်မြှောက်ခံရသော ပါလီမန် အမတ် ၇၅ ဦး အတွင်းမှ ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် အသတ်ခံရသော သူ၏ အစ်ကို နေရာကို ဝင်အရွေးခံ၍ အနိုင်ရသော အမတ်မှာ ၂၀၀၆ ခုနှစ် မေလ ၁၀ ရက်တွင် ထပ်မံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုလေးဦး စလုံးမှာ အဓိက တရားဝင် စီးပွားရေး လုပ်ငန်းများနှင့် တိုက်ရိုက် ပတ်သက် ဆက်နွယ်နေသည်ဟု နာမည်ကြီးသူများ ဖြစ်ကြသည်။ ၂၀၁၀ ခုနှစ် ဧပြီလ ၆ ရက်တွင် တာလာ့စ် မြို့တွင် အစိုးရ၏ အကျင့်ပျက် ခြစားမှုများနှင့် တိုးမြှင့်လာသော လူနေမှု စရိတ်များ ပေါ်တွင်ဖြစ်ပွားသော ဆန္ဒပြပွဲ အပြီးတွင် ပြည်သူ့တော်လှန်ရေး ပျံ့နှံ့ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှာ အကြမ်းဖက်လာကြပြီး နောက်တစ်နေ့တွင် ဘိရှကက်သို့ ကူးစက်လာသည်။ ဆန္ဒပြသူများမှာ သမ္မတ ဘာကီးယက်ဗ်၏ ရုံးကို တိုက်ခိုက်သကဲ့သို့ နိုင်ငံတော်မှ ထုတ်လွှင့်သော တီဗွီ နှင့် ရေဒီယို စတေရှင်များကိုလည်း တိုက်ခိုက်ကြသည်။ ဆန္ဒပြမှု အတွင်း ပြည်ထဲရေး ဝန်ကြီးမှာ ရိုက်နှက်ခြင်း ခံရသည်ဟု သတင်းထွက်ခဲ့သည်။ ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်တွင် သမ္မတ ဘာကီးယက်ဗ်မှ နိုင်ငံအတွင်း အရေးပေါ် အခြေအနေကို ကြေညာခဲ့သည်။ ရဲ နှင့် အထူးတပ်ဖွဲ့များမှ အတိုက်အခံ ခေါင်းဆောင် အများအပြားကို ဖမ်းဆီးခဲ့သည်။ တန်ပြန်သည့် အနေနှင့် ဆန္ဒပြသူများက ပြည်တွင်းလုံခြုံရေး ဌာနချုပ် (ယခင်က ကေဂျီဘီ ဌာနချုပ်) နေရာ နှင့် မြို့တော်ရှိ နိုင်ငံ၏ တယ်လီဗွီးရှင်း ချန်နယ်တို့ကို ထိန်းသိမ်း ရယူခဲ့သည်။ ကာဂျစ္စတန် အစိုးရ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ မြို့တော် အတွင်း ရဲများနှင့် သွေးထွက်သံယို ထိပ်တိုက်တွေ့မှုများတွင် အနည်းဆုံး လူ ၇၅ ဦး သေဆုံးပြီး ၄၅၈ ဦးမှာ ဒဏ်ရာ ရခဲ့သည် ဟု ဆိုသည်။[၃၂] သို့သော်လည်း သတင်းများ အရ လူ ၈၀ ဦး အနည်းဆုံး သေဆုံးသည်ဟု သိရသည်။ ယခင် နိုင်ငံခြားရေး ဝန်ကြီး ရိုဇာ အိုတွန်ဘာယဲဗာ ဦးဆောင်သော ကြားဖြတ်အစိုးရမှ ၂၀၁၀ ဧပြီလ ၈ ရက်တွင် ကာဂျစ္စတန်၏ နိုင်ငံပိုင် မီဒီယာ နှင့် မြို့တော် အတွင်းရှိ အစိုးရ၏ ရုံးများကို ထိန်းသိမ်း ခဲ့သည်။ သို့သော် ဘာကီးယက်ဗ်သည် ရာထူးမှ နုတ်ထွက်ခြင်း မပြုသေးပေ။[၃၃][၃၄]

သမ္မတ ဘာကီးယက်ဗ်သည် ဂျလာအာဘတ် ရှိ သူ၏ နေအိမ် သို့ ပြန်သွားခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ၌ ရာထူးမှ နုတ်ထွက်ခြင်း ကြောင်း ပြောကြားခဲ့သည်။[၃၅] ၂၀၁၀ ခုနှစ် ဧပြီလ ၁၅ တွင် ဘာကီးယက်ဗ်သည် အိမ်နီးချင်း ကာဇက်စတန် နိုင်ငံသို့ သူ၏ ဇနီး နှင့် ကလေး နှစ်ယောက်နှင့် အတူ လေယာဉ်ပျံဖြင့် ထွက်ခွာသွားခဲ့သည်။ နိုင်ငံ၏ ယာယီခေါင်းဆောင်များက ဘာကီးယက်ဗ် မထွက်ခွာမီ တရားဝင် ရာထူးမှ နုတ်ထွက်ကြောင်းစာကို လက်မှတ်ရေးထိုး ခဲ့ကြောင်း ကြေညာခဲ့သည်။[၃၆]

ဝန်ကြီးချုပ် ဒါနီယာ အူဆေနော့ဗ်က ရုရှားအား ဆန္ဒပြပွဲများကို နောက်ကွယ်မှု ပံ့ပိုးပေးသည်ဟု စွပ်စွဲခဲ့သော်လည်း ရုရှား ဝန်ကြီးချုပ် ဗလာဒီမာ ပူတင် က ငြင်းဆိုခဲ့သည်။ အတိုက်အခံများက အမေရိကန် ထိန်းချုပ်သော မာနာ့စ် လေတပ် အခြေစိုက် စခန်းကို ပိတ်သိမ်းရန် အတွက်လည်း တောင်းဆိုခဲ့ကြသည်။[၃၇] ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗြဲဒက်ဗ်မှ ရုရှားနိုင်ငံသားများ၏ လုံခြုံရေး အတွက် ဆောင်ရွက်ရန် နှင့် ကာဂျစ္စတန် နိုင်ငံ အတွင်းရှိ ရုရှားတို့ နေထိုင်ရာ အတွင်း ဖြစ်လာနိုင်သော တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် အတွက် လုံခြုံရေးကို တိုးမြှင့်ရန် အမိန့်ပေးခဲ့သည်။

၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော အော့ရှ်မြို့၌ အဓိက လူမျိုးစု နှစ်ခုဖြစ်သော ဥဇဘက်နှင့် ကာဂျစ်လူမျိုးတို့ အကြား လူမျိုးရေး အဓိကရုဏ်းများ ဖြစ်လာခဲ့သည်။ ထိုအဓိကရုဏ်းမှ နိုင်ငံအတွင်း ပြည်တွင်းစစ် ဖြစ်လာနိုင်သည် ဟူသော စိုးရိမ် ကြောင့်ကြမှုများ ပေါ်ပေါက် လာခဲ့သည်။[၃၈][၃၉]

ကာဂျစ္စတန်ရှိ လှည့်လည်သွားလာသူတို့ နေအိမ်

အခြေအနေများကို ထိန်းချုပ်ရန် ခက်ခဲလာသဖြင့် ယာယီခေါင်းဆောင်ဖြစ်သော အိုတွန်ဘာရဲဗာ မှ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗြဲဒက်ဗ် ထံသို့ စာတစ်စောင် ပေးပို့၍ ရုရှားတပ်များကို စေလွှတ်၍ နိုင်ငံ၏ အခြေအနေကို ထိန်းသိမ်းပေးရန် တောင်းဆိုခဲ့သည်။ မက်ဒ်ဗြဲဒက်ဗ်၏ ပြည်သူ့ဆက်ဆံရေး အရာရှိ နာတာလျာ တီမာကိုဗာက "ဤ အကြောင်းမှာ ပြည်တွင်း ပဋိပက္ခသာဖြစ်သဖြင့် ရုရှားအနေနှင့် ပါဝင်ပတ်သက်ရန် လိုအပ်သော အခြေအနေမရှိပါ။" ဟု အကြောင်း ပြန်ကြားခဲ့သည်။ ပဋိပက္ခကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၆၈၅ ဦး ဒဏ်ရာ ရရှိခဲ့ကာ အစားအစာ နှင့် အရေးပါသော အသုံးအဆောင် ပစ္စည်းများ ပြတ်လတ်သွားခဲ့ရသည်။ ရုရှား အစိုးရက လူသားချင်း စာနာသည့် အကူအညီများကိုမူ ဒုက္ခရောက်နေသည့် နိုင်ငံ အတွက် ပေးပို့သွားမည်ဟု ပြောကြားသည်။[၄၀]

ဒေသတွင်း ရှိသူများ၏ အဆိုအရ ဒေသတွင်း ဂိုဏ်း ၂ ခုမှ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ အစပြု၍ ကျန်ရှိသော တစ်မြို့လုံးသို့ အကြမ်းဖက်မှု ပြန့်ပွားသွားသည်မှာ သိပ်မကြာသော အချိန်အတွင်းတွင် ဖြစ်သည်ဟု ဆိုသည်။ အချို့သော သတင်းများအရ စစ်တပ်မှ ကာဂျစ်လူမျိုး ဂိုဏ်းများ မြို့တွင်းသို့ ဝင်ရောက်အောင် ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသော်လည်း အစိုးရမှ ထိုစွပ်စွဲမှုကို ငြင်းပယ်ခဲ့သည်။[၄၀]

အကြမ်းဖက် ပဋိပက္ခများသည် အိမ်နီးချင်း ဒေသများသို့ ပျံ့နှံ့သွားခဲ့သဖြင့် အစိုးရမှ တောင်ပိုင်း ဂျလာအာဘတ် ဒေသ တစ်ခုလုံးအား အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။ အခြေအနေကို ထိန်းသိမ်းရန် အတွက် ယာယီ အစိုးရသည် လုံခြုံရေး တပ်များအား ပစ်သတ်ရန် အမိန့်ပေးခဲ့သည်။ ရုရှား အစိုးရမှ ရုရှားတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် အတွက် နိုင်ငံအတွင်းသို့ တပ်ရင်းတစ်ရင်း စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။[၄၁]

အော့ရှ်ခရိုင် ဆာရီ မိုဂိုရွာရှိ ကာဂျစ်မိသားစု တစ်စု

အိုတွန် ဘာရဲဗာက ဘာကီးယက်ဗ်၏ မိသားစုသည် အကြမ်းဖက်မှုများကို ဖြစ်ပွားစေရန် လှုံ့ဆော်သည်ဟု စွပ်စွဲခဲ့သည်။[၄၂] အေအက်ဖ်ပီ၏ သတင်းအရ မြို့တစ်မြို့လုံးကို မီးခိုးများ ဖုံးလွှမ်းနေသည်ဟု ဆိုသည်။ အိမ်နီချင်း ဥဇဘက် ကစ္စတန်မှ အာဏာပိုင်များ၏ အဆိုအရ အနည်းဆုံး ဥဇဘက်လူမျိုး ၃၀,၀၀၀ ခန့်သည် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် နယ်စပ်ကို ဖြတ်ကျော်လာသည်ဟု ဆိုသည်။[၄၁] ၂၀၁၀ ဇွန်လ ၁၄ ရက်တွင် အော့ရှ်၌ တည်ငြိမ် အေးချမ်းနေသော်လည်း ဂျလာအာဘတ် ဒေသတွင် မီးရှို့မှုများကိုမှု ရံဖန်ရံခါ တွေ့နေရသည်။ ဒေသတစ်ခုလုံးသည် အရေးပေါ် အခြေအနေ ကြေညာထားဆဲ ဖြစ်ပြီး ဥဇဘက်များမှာ လူအုပ်၏ တိုက်ခိုက်ခံရမည့် ရန်ကို ကြောက်သဖြင့် အိမ်တွင်းမှ အိမ်ပြင် မထွက်ရဲ ကြပေ။ ကုလသမ္မဂ္ဂမှ အခြေအနေကို စစ်ဆေးရန် အတွက် အထူးသံတမန် စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။[၄၃]

ယာယီအစိုးရ၏ လက်ထောက်ခေါင်းဆောင်ဖြစ်သော တီမဲ ဆာရီယက်ဗ်က ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အစိုးရ အနေနှင့် အခြေအနေကို အလုံးစုံ ထိန်းချုပ်ရန် မဖြစ်နိုင်ဟု ပြောခဲ့သည်။ ထို့ပြင် အကြမ်းဖက်မှုများကို နှိမ်နင်းရန် အတွက် လုံလောက်သော လုံခြုံရေး အဖွဲ့များလည်း မရှိဟု ပြောကြားခဲ့သည်။ မီဒီယာများ၏ အဆိုအရ ၂၀၁၀ ဇွန်လ ၁၄ ရက်တွင် ရုရှားအစိုးရမှ ကာဂျစ်အစိုးရ၏ မေတ္တာရပ်ခံချက်ကို စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။ စုပေါင်းလုံခြုံရေး စာချုပ် အဖွဲ့ (စီအက်စ်တီအို) မှလည်း အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ထိုနေ့တွင်ပင် ကျင်းပခဲ့ပြီး အကြမ်းဖက်မှုများကို အဆုံးသတ်ရန် အတွက် အဖွဲ့အနေနှင့် မည်သည့် နေရာမှ ပါဝင်သင့်သည်ကို ဆွေးနွေးခဲ့သည်။ လူမျိုးရေး အကြမ်းဖက်မှုများ လျော့ကျသွားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ကာဂျစ် သမ္မတ ရိုဇာ အိုတွန်ဘာရဲဗာ မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပခဲ့ပြီး ရုရှားအနေနှင့် အကြမ်းဖက်မှုများကို နှိမ်နင်းရန် အတွက် တပ်များ ပို့လွှတ်ရန် မလိုအပ်တော့ကြောင်း ကြေညာခဲ့သည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၁၅ ရက် အထိ အနည်းဆုံး လူ ၁၇၀ သေဆုံးခဲ့သည်ဟု ဆိုသော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့မှာ ပါစကဲ မေး ဝက်ဂနာက အစိုးရမှ ကြေညာသော သေဆုံးသူ စာရင်းမှာ လျှော့တွက်ထားခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ကုလသမ္မဂ္ဂ မဟာမင်းကြီးမှ သတင်းထောက်များအား ဂျနီဗာတွင် ပြောကြားသည်မှာ အကြမ်းဖက်မှုများသည် ကြိုတင်ပြင်ဆင် ထားပုံ ရသည်ဟု ဆိုသည်။ ဥဇဘက် လူမျိုးများက ၎င်းတို့အတွက် ကာကွယ်ပေးနိုင်ရန် အာမခံချက် မရရှိပါက အော့ရှ်ရှိ ဆီသိုလှောင်ရုံကို ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်သည်။ ကုလသမ္မဂ္ဂမှ တိုက်ခိုက်မှုများမှာ ကြိုတင်ပြင်ဆင် ပစ်မှတ်ထား၍ စနစ်တကျ စီစဉ်ထားသည်ဟု ယုံကြည်ကြောင်း ပြောသည်။ ကာဂျစ် တာဝန်ရှိသူများက မီဒီယာများအား ပြောကြားသည်မှာ ဂျလာအာဘတ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှု၏ နောက်ကွယ်တွင် ကြိုးကိုင်သည်ဟု သံသယရှိသူအား ထိန်းသိမ်း ထားပြီးဖြစ်ကြောင်း ပြောကြားသည်။ [၄၄]

ကာဂျစ္စတန်မှ ကလေးသူငယ်များ

၂၀၁၀ ခုနှစ် ဩဂုတ်လ ၂ ရက်တွင် ကာဂျစ် အစိုးရ၏ စုံစမ်းရေး ကော်မရှင်မှ ပဋိပက္ခ ဖြစ်ရသည့် အကြောင်းရင်းများကို စတင်စစ်ဆေးသည်။ ယခင် ပါလီမန်မှ ဦးဆောင်ဆွေးနွေးသူ အက်ဘ်ဒီဂနီ အာကေဘာယက်ဗ် ဦးဆောင်သော အမျိုးသား ကော်မရှင်၏ အဖွဲ့ဝင်များက ဥဇဘက်များ အများစု နေထိုင်ရာ အော့ရှ်ဒေသ ကာရာဆူး ခရိုင်ရှိ ကျေးရွာများမှ ရွာသားများနှင့် တွေ့ဆုံ ခဲ့သည်။ အမျိုးသား ကော်မရှင်တွင် တိုင်းရင်းသား လူမျိုးစု အဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ပြီး သမ္မတ၏ အမိန့်ဖြင့် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

သမ္မတ ရိုဇာ အိုတွန်ဘာယဲဗာက ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် အဓိကရုဏ်း ဖြစ်ရသည့် အကြောင်းရင်းကို စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင်လည်း ဖွဲ့စည်းမည်ဟု ဆိုသည်။[၄၅]

၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သော ကော်မရှင်၏ အစီရင်ခံစာတွင် ကာဂျစ္စတန် တောင်ပိုင်းတွင် ဖြစ်ပွားသော အဖြစ်အပျက်များမှာ ကြိုတင်စီစဉ်ထားသော၊ကျယ်ပြန့်စွာ လှုံ့ဆော်ထားသော၊ ကာဂျစ္စတန်ကို ကွဲထွက် သွားစေရန် ရည်ရွယ်သော၊ ပြည်သူ၏ စည်းလုံးမှုကို ဖျက်ဆီးရန် ကြိုးစားသော အဖြစ်အပျက်များ ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ လှုံ့ဆော်မှုများကို ဥဇဘက် အသိုင်းအဝိုင်းရှိ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သော ခေါင်းဆောင်များတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ၂၀၁၀ ခုနှစ် ဩဂုတ်လ ၅ ရက်တွင် ကာဂျစ်တပ်များက မြို့တော် ဘီရှကက်ရှိ ပါလီမန် အနီးတွင် လူစုလူဝေးဖြင့် ဆန္ဒပြနေသော လူအုပ်ထဲသို့ ခဲတောင့် မပါသော သေနတ်ကျည်ဆန်များ ပစ်ထည့်ပြီး ပါတီခေါင်းဆောင် အာမတ် ဘာရစ်တာဘာဆော့ဖ် အား အစိုးရကို ဖြုတ်ချရန် ကြံစည်သည်ဟု သံသယဖြင့် ဖမ်းဆီးခဲ့သည်။ ခေတ္တ သမ္မတ ရိုဇာ အိုတွန် ဘာရဲဗာက လုံခြုံရေး အဖွဲ့များမှ သူနှင့် သူ၏ ထောက်ခံသူ ၂၆ ဦး ထံမှ လက်ပစ်ဗုံးများ နှင့် သေနတ်များကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။[၄၆]

နိုင်ငံရေး[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ် စက်တင်ဘာ ၂၂ တွင် သမ္မတ အက်စကာ ကာယက်ဗ် (၁၉၉၀-၂၀၀၅) အား အမေရိကန် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ် နှင့် အတူ တွေ့ရစဉ်
၂၀၀၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်၊ ဝန်ကြီးချုပ် နှင့် သမ္မတ အဖြစ်(၂၀၀၅-၂၀၁၀) တာဝန် ထမ်းဆောင်ခဲ့သောကူးရ်မန်ဘတ် ဘာကီးယက်ဗ် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဒေါ်လ်နယ် ရမ်းစဖဲလ်ဖြင့် တွေ့ဆုံနေပုံ
၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက်တွင် သမ္မတ အယ်လ်မာဇ်ဘက် တန်ဗာယက်ဗ် ရုရှား သမ္မတ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံနေစဉ်

ကာဂျစ္စတန်နိုင်ငံ၏ ၁၉၉၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရ အဖွဲ့၏ ပုံစံမှာ လွှတ်တော် တစ်ရပ်တည်း ရှိသော ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဟု ဖော်ပြထားသည်။ အုပ်ချုပ်ရေး အစိတ်အပိုင်းတွင် တရားဝန်ကြီးချုပ် နှင့် လက်ထောက် တရားဝန်ကြီးချုပ် တို့ ပါဝင်သည်။ ပါလီမန်မှာ လက်ရှိတွင် လွှတ်တော် တစ်ရပ်တည်းသာ ဖြစ်သည်။ တရားစီရင်ရေး အစိတ်အပိုင်းတွင် တရားလွှတ်တော်ချုပ်၊ ဒေသ တရားရုံးများ နှင့် ရှေ့နေချုပ်တို့ ပါဝင်သည်။

၂၀၀၂ ခုနှစ် မတ်လတွင် တောင်ပိုင်းရှိ အက်ဆီ ခရိုင်တွင် အတိုက်အခံ နိုင်ငံရေး သမားအား အသားလွတ် ဖမ်းဆီးခြင်း ကိစ္စ နှင့် ပတ်သက်၍ ဆန္ဒပြသူ ၅ ဦးအား ရဲ မှ အသေပစ်သတ်သဖြင့် နိုင်ငံ တဝှမ်းလုံး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ သမ္မတ အက်စကာ ကာယက်ဗ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်ကို စတင် ခဲ့ပြီး အစပိုင်းတွင် အစိုးရ၊ ပြည်သူနှင့် လူမှုရေး အသိုက်အဝန်းမှ ကိုယ်စားလှယ်များမှ လွတ်လပ်စွာ ဆွေးနွေးကြပြီးနောက် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပ နိုင်ခဲ့သော်လည်း မဲမသမာမှုများကြောင့် ပျက်စီးခဲ့ရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှ ပြင်ဆင်လိုက်သော အခြေခံ ဥပဒေ အသစ်တွင် သမ္မတ၏ အာဏာကို ပိုမိုအားကောင်းလာစေပြီး ပါလီမန် နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ အခန်းကဏ္ဍကို အားလျော့သွား စေသည်။ အမတ် ၇၅ နေရာ ပါဝင်သော ဥပဒေပြု တစ်ခုတတည်းသော လွှတ်တော် အတွက် ရွေးကောက်ပွဲကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် နှင့် မတ်လ ၁၃ ရက်တို့တွင် ကျင်းပရာ အများ၏ အမြင်တွင် မသမာမှုများ ပြည့်နှက်နေသည်ဟု ထင်မြင်ကြသည်။ ထို့နောက် ထပ်မံ ဖြစ်ပွားသော ဆန္ဒပြမှု များမှ တဆင့် သွေးမြေမကျသော အာဏာသိမ်းမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ၂၀၀၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကာယက်ဗ် နှင့် သူ၏ မိသားစုတို့ နိုင်ငံမှ ထွက်ပြေးခဲ့ပြီး ယာယီသမ္မတ ကူးရ်မန်ဘတ် ဘာကီးယက်ဗ်မှ လွှဲပြောင်း အုပ်ချုပ်ခဲ့လေသည်။

၂၀၀၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် ယာယီ သမ္မတ ဘာကီးယက်ဗ်သည် သမ္မတ ရွေးကောက်ပွဲတွင် မဲ ၈၈.၉% ဖြင့် အပြတ်အသတ် အနိုင်ရခဲ့ပြီး ဩဂုတ်လ ၁၄ ရက်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း အစိုးရ အသစ်ပေါ်တွင် ပြည်သူတို့၏ ကနဦး ထောက်ခံမှုသည် နောက်လများတွင် သိသိသာသာ လျော့ကျ လာခဲ့သည်။ အကြောင်းမှာ ဆိုဗီယက်တို့၏ လက်အောက် လွတ်လပ်ရေး ရချိန်မှ စ၍ နိုင်ငံတဝှမ်း လှိုင်လှိုင်ပေါများနေသော အကျင့်ပျက် ခြစားမှု ပြဿနာများကို မဖြေရှင်းနိုင်ခြင်း နှင့် လွှတ်တော် အမတ် အချို့ အသတ် ခံရခြင်းတို့ကြောင့် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များက သမ္မတသည် ရွေးကောက်ပွဲအတွင်း ကတိပေးခဲ့သော နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်၍ သမ္မတ၏ အာဏာအများစုကို လွှတ်တော်သို့ လွှဲပြောင်းပါမည် ဆိုသော ကတိအတိုင်း မဆောင်ရွက်နိုင်ဟု စွပ်စွဲကာ ၂၀၀၆ ခုနှစ် ဧပြီလ နှင့် နိုဝင်ဘာလတို့တွင် သမ္မတ ဘာကီးယက်ဗ်အား အကြီးအကျယ် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့သည်။[၄၇]

ကာဂျစ္စတန်နိုင်ငံသည် နိုင်ငံပေါင်း ၅၆ နိုင်ငံ ပါဝင်ပြီး ငြိမ်းချမ်းရေး၊ ပွင့်လင်းမြင်သာမှု ရှိရေး၊ ယူရေးရှား ဒေသအတွင်း လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေး စသည်တို့အတွက် ကတိပြု ဖွဲ့စည်းထားသော ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအက်စ်စီအီး) ၏ အဖွဲ့ဝင် နိုင်ငံလည်းဖြစ်သည်။ အိုအက်စ်စီအီးတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အတွက် ကာဂျစ္စတန်သည် ထိုကတိကဝတ် အတိုင်း ဆောင်ရွက်ခြင်း ရှိမရှိ ဆိုသည်ကို ယူအက်စ် ဟယ်လ်စင်းကီး ကော်မရှင်၏ လုပ်ပိုင်ခွင့် အောက်တွင် စောင့်ကြပ်ကြည့်ရှုခြင်းကို လက်ခံရမည် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပိုင် အသံလွှင့် ဌာနဖြစ်သော ယူတီအာရ်ကေသည် ၂၀၀၅ ခုနှစ် သဘောတူညီချက် အရ ထုတ်လွှင့်ရန် သဘောတူထားသည့် လွတ်လပ်သော ဥရောပ အသံ/လွတ်လပ်ရေး ရေဒီယို ၏ အစီအစဉ်များကို ထုတ်လွှင့်ရန် အတွက် ၎င်းတို့အား ကြိုတင် တင်ပြရန် လိုအပ်မည်ဟု ကြေညာခဲ့သည်။[၄၈] ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ယူတီအာရ်ကေသည် လွတ်လပ်သော ဥရောပ အသံ/ လွတ်လပ်ရေး ရေဒီယို ၏ အစီအစဉ်များကို ထပ်ဆင့် ထုတ်လွှင့်ခြင်းအား ရပ်ဆိုင်းခဲ့ပြီး အောက်တိုဘာလ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားသည့် အစီအစဉ် တစ်ခုဖြစ်သော "ကတ်သီးကတ်သပ် မေးခွန်းများ" ဆိုသည့် အစီအစဉ်ကို ပျောက်သွားသည်ဟု ဆိုကာ ထုတ်လွှင့်ရန် ပျက်ကွက်ပြီး တစ်ပတ်အကြာတွင် ဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် သမ္မတ ဘာကီးယက်ဗ်မှ ထို အစီအစဉ်အား ဝေဖန် ပြောကြားခဲ့ပြီး ယူတီအာရ်ကေမှလည်း လွတ်လပ်သော ဥရောပအသံ/ လွတ်လပ်ရေး ရေဒီယိုအား ထို အစီအစဉ်သည် အဆိုးမြင်လွန်းသည်ဟု ဝေဖန်ခဲ့သည်။ သတင်းစာ လွတ်လပ်ခွင့် ကိန်းညွှန်းတွင် ကာဂျစ္စတန်အား နိုင်ငံပေါင်း ၁၇၃ နိုင်ငံတွင် အဆင့် ၁၁၁ အဖြစ် သတ်မှတ်ခဲ့သော နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ က ထို ဆုံးဖြတ်ချက်ကို အပြင်းအထန် ဝေဖန်ခဲ့သည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် သမ္မတ ကူးရ်မန်ဘတ် ဘာကီးယက်ဗ်သည် အလယ်အာရှတွင် တစ်ခုတည်း ကျန်ရှိသော အမေရိကန်၏ စစ်တပ် အခြေစိုက် စခန်း ဖြစ်သည့် မာနာ့စ် လေတပ် အခြေစိုက်စခန်းကို ချက်ချင်း ပိတ်သိမ်းရန် ကြေညာခဲ့သည်။[၄၉] ထိုသို့ ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ဖြစ်သည့် အစိုးရက နောက်ခံပြုထားသော ဥပဒေအား ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် လွှတ်တော်မှ ၇၈မဲ-၁မဲ ဖြင့် အတည်ပြုခဲ့သည်။[၅၀] သို့သော်လည်း ရုရှား၊ အမေရိကန် နှင့် ကာဂျစ် သံတမန်များ ဇာခန်းဆီး နောက်ကွယ်တွင် အပြင်းအထန် ဆွေးနွေးကြပြီးနောက် ၂၀၀၉ ခုနှစ် ဇွန်လတွင် ထို ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ အမေရိကန်တို့သည် စာချုပ် အသစ်ဖြင့် ဆက်လက် နေထိုင်နိုင်သော်လည်း တစ်နှစ်စာ ငှားရမ်းခကို ၁၇.၄ သန်းမှ သန်း ၆၀ သို့ တိုးမြှင့်ခဲ့သည်။[၅၁]

ကာဂျစ္စတန်သည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး သိသာထင်ရှားသည့် အကျင့်ပျက် ခြစားမှု ရှိသည့် နိုင်ငံ ၂၀ တွင် ပါဝင်သည်။ ၂၀၀၈ ခုနှစ် အကျင့်ပျက် ခြစားမှု သိမြင်နိုင်စွမ်း ညွှန်းကိန်းတွင် အများဆုံး ခြစားမှု (အဆင့် ၀) နှင့် အနည်းဆုံး ခြစားမှု (အဆင့် ၁၀) တို့ကြားတွင် ကာဂျစ္စတန်နိုင်ငံသည် အဆင့် ၁.၈ မျှ သတ်မှတ်ခြင်း ခံခဲ့ရသည်။ [၅၂]

၂၀၁၀ ခုနှစ်တွင် အခြားသော တော်လှန်ရေး တစ်ခုပေါ်ပေါက်လာခဲ့ပြီး ထိုတော်လှန်ရေးကြောင့် သမ္မတ ကူးရ်မန်ဘတ် ဘာကီးယက်ဗ် အနေနှင့် ၎င်း၏ ဆွေမျိုးများနှင့် အတူ [၅၃] ကာဂျစ္စတတန်နိုင်ငံမှ ထွက်ပြေးခဲ့ရပြီး ဘဲလာရုစ် နိုင်ငံတွင် ခိုလှုံခဲ့ရသည်။ ရိုဇာ အိုတွန်ဘာရဲဗာအား ယာယီသမ္မတ အဖြစ် ခန့်အပ်ခဲ့သော်လည်း သူမက ၂၀၁၁ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုလိုကြောင်း ကြေညာခဲ့သည်။ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး ထိုစဉ်က ဝန်ကြီးချုပ်လည်း ဖြစ်သူ အယ်လ်မာဇ်ဘက် ကာတန် ဘာယက်ဗ် မှ အနိုင်ရခဲ့သည်။ ကာတန်ဘာယက်ဗ်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ထိုနေ့တွင်ပင် အိုမာဘက် ဘာဘာနော့ဗ်အား ဝန်ကြီးချုပ် အသစ် အဖြစ် ခန့်အပ်ခဲ့ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် အတည်ပြုခဲ့သည်။

လူ့အခွင့်အရေး[ပြင်ဆင်ရန်]

လူ့အခွင့်အရေး အဖွဲ့အစည်းများကို တပ်လှန့်လိုက်သည့် လှုပ်ရှားမှုမှာ ၂၀၁၀ ခုနှစ် ကာဂျစ္စတန် တောင်ပိုင်း အဓိကရုဏ်း အတွင်း ထင်ရှားသော ဥဇဘက် ဘာသာရေး နှင့် လူမျိုးရေး ခေါင်းဆောင်များကို လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်ပြီး ထင်ရှားသော သတင်းစာ ဆရာ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ အဇင်ဇန် အက်စ်ကာရော့ဗ် သည်လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ [၅၄] ၂၀၁၃ ခုနှစ် ဇွန်လတွင် ကာဂျစ် လွှတ်တော်မှ အသက် ၂၃ နှစ်အောက် အမျိုးသမီးများအား မိဘ သို့မဟုတ် အုပ်ထိန်းသူ မပါဘဲ ပြည်ပသို့ တစ်ဦးတည်း ခရီးသွားခြင်းကို တားမြစ်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ထိန်းသိမ်းခြင်းကို မြှင့်တင်ရန် နှင့် မျိုးရိုးဗီဇကို ထိန်းသိမ်း စောင့်ရှောက်ရန် ဆိုသည်။[၅၅] ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ကာဂျစ္စတန် ဥပဒေပြုသူများက "ရိုးရာမဟုတ်သည့် လိင်မှုဆက်ဆံရေးကို အကောင်းဘက်မှ လှုံ့ဆော်ခြင်း" ကို ဖန်တီးသည့် လိင်တူ အခွင့်အရေး လှုပ်ရှားသူနှင့် သတင်းစာ ဆရာများကို ထောင်ဒဏ် ချမှတ်နိုင်သည့် ဥပဒေကို ပြဋ္ဌာန်းသည့် အခါတွင် အမေရိကန် သံတမန်များက စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။[၅၆]

စစ်ရေး[ပြင်ဆင်ရန်]

ကာဂျစ္စတန် စစ်သားများ မိုင်းရှာဖွေရန် လေ့ကျင့်နေပုံ

ကာဂျစ္စတန် တပ်မတော်ကို ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်းတွင် တည်ထောင်ခဲ့ပြီး ကြည်းတပ်၊ လေတပ် နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်၊ ပြည်တွင်းတပ်၊ အမျိုးသား အစောင့်တပ် နှင့် နယ်ခြားစောင့် တပ်များ ပါဝင်သည်။ ကာဂျစ္စတန် စစ်တပ်သည် ဘိရှကက်မြို့ အနီးရှိ မာနာ့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မာနာ့စ် တထောက်နား စခန်းဟု အမည်ရသော နေရာကို ငှားရမ်းထားသည့် အမေရိကန် စစ်တပ်များနှင့် ၂၀၁၄ ခုနှစ် ဇွန်လ အထိ ပူးတွဲ လုပ်ဆောင်ခဲ့သည်။ [၅၇] လတ်တလောနှစ်များတွင် စစ်တပ်သည် ရုရှားနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်လာပြီး စစ်တပ်ကို ခေတ်မီ အဆင့်မြှင့်တင်နိုင်ရန် အတွက် ၁.၁ ဘီလီယံ ဒေါ်လာတန်သော အရောင်းအဝယ် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားတပ်များနှင့် အတူ စစ်ရေး လေ့ကျင့်မှုများလည်း ပိုမို ပြုလုပ်လာခဲ့သည်။[၅၈] အမျိုးသား လုံခြုံရေး အေဂျင်စီသည် စစ်တပ်နှင့် အတူ ပူးတွဲလုပ်ဆောင်ပြီး ဆိုဗီယက်ခေတ်က ကေဂျီဘီ ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းသည် အယ်လ်ဖာဟု အမည်ရသော အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့ကိုလည်း ကွပ်ကဲပြီး ရုရှား နှင့် ဥဇဘက်ကစ္စတန် နိုင်ငံတို့တွင်လည်း အလားတူ အမည်ကို အသုံးပြုသည်။ ရဲတပ်ဖွဲ့အား ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့်ပေးကွပ်ကဲပြီး နယ်ခြားစောင့်တပ်ကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနမှပင် ကွပ်ကဲသည်။

အုပ်ချုပ်ရေး ဒေသများ[ပြင်ဆင်ရန်]

ကာဂျစ္စတန်နိုင်ငံကို ပြည်နယ် ၇ ခု ပိုင်းခြားထားပြီး ခန့်အပ်ထားသော ပြည်နယ်အုပ်ချုပ်ရေးမှူးများမှ အုပ်ချုပ်သည်။ မြို့တော်ဖြစ်သော ဘိရှကက်မြို့ နှင့် ဒုတိယ အကြီးဆုံး မြို့ဖြစ်သော အော့ရှ်မြို့တို့သည် ပြည်နယ်နှင့် ညီမျှသော အုပ်ချုပ်ရေး အဆင့်အတန်း ရှိကြသည်။


A clickable map of Kyrgyzstan exhibiting its provinces.အော့ရှ်မြို့ဘိရှကက်မြို့ဘတ်ကန်ပြည်နယ်အော့ရှ်ပြည်နယ်ဂျလာအာဘတ်ပြည်နယ်နာရင်ပြည်နယ်တာလာ့စ်ပြည်နယ်ချွီးပြည်နယ်အစ်ဆီကူးပြည်နယ်
A clickable map of Kyrgyzstan exhibiting its provinces.

ပြည်နယ်များနှင့် လွတ်လပ်စွာ စီမံခန့်ခွဲသော မြို့တော်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဘိရှကက်မြို့
  2. ဘတ်ကန်ပြည်နယ်
  3. ချွီးပြည်နယ်
  4. ဂျလာအာဘတ်ပြည်နယ်
  5. နာရင်ပြည်နယ်
  6. အော့ရှ်ပြည်နယ်
  7. တာလာ့စ်ပြည်နယ်
  8. အစ်ဆီကူးပြည်နယ်
  9. အော့ရှ်မြို့

ပြည်နယ်တစ်ခုချင်းစီတွင် ခရိုင်များ ရှိကြပြီး အစိုးရမှ ခန့်အပ်ထားသော အရာရှိများက စီမံခန့်ခွဲ အုပ်ချုပ်ကြသည်။ ကျေးလက်အုပ်ချုပ်ရေး အဖွဲ့များတွင် ကျေးရွာ ၂၀ ခန့် အထိ ပါဝင်ပြီး ၎င်းတို့ဘာသာ ရွေးချယ်ထားသော မြို့တော်ဝန်နှင့် ကောင်စီများက အုပ်ချုပ်ကြသည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ကာဂျစ္စတန်မြေပုံ
ကာဂျစ္စတန်၏ မြေမျက်နှာသွင်ပြင်
ကာဂျစ္စတန်ရှိ ထန်ရှန်းတောင်တန်း
အစ်ဆီကူး ကန်၏ တောင်ဘက် ကမ်းခြေ၊ အစ်ဆီကူး ပြည်နယ်

ကာဂျစ္စတန်နိုင်ငံသည် အလယ်အာရှရှိ ကုန်းတွင်းပိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ တာဂျစ်ကစ္စတန် နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ မြောက်လတ္တီကျု ၃၉° မှ ၄၄° အတွင်း၊ အရှေ့လောင်ဂျီကျု ၆၉° မှ ၈၁° အတွင်းတွင် တည်ရှိသည်။ အခြားသော နိုင်ငံအားလုံးထက် ပင်လယ်မှ ဝေးကွာပြီး နိုင်ငံအတွင်းရှိ မြစ်အားလုံးသည် ပင်လယ်သို့ မရောက်သော ကုန်းတွင်းရှိ ရေအိုင်များ အတွင်းသို့ စီးဝင်သည်။ ထန်ရှန်းတောင်တန်းသည် နိုင်ငံ ဧရိယာ၏ ၈၀% ကို လွှမ်းခြုံထားသဖြင့် ကာဂျစ္စတန်နိုင်ငံအား အလယ်အာရှ၏ ဆွစ်ဇာလန်ဟု မကြာခဏ ခေါ်ဝေါ်သုံးနှုန်း လေ့ရှိကြပြီး[၅၉] ကျန်ရှိသော အပိုင်းများမှာ တောင်ကြားများနှင့် မြစ်ဝှမ်းချိုင့်ဝှမ်းများ ဖြစ်ကြသည်။

ထန်ရှန်းတောင်တန်း၏ အရှေ့မြောက်ဘက်ရှိ အစ်ဆီကူး ရေကန်မှာ ကာဂျစ္စတန်တွင် အကြီးဆုံး ရေကန် ဖြစ်ပြီး ကမ္ဘာပေါ်တွင် တီတီကာကာ ရေကန် ပြီးလျှင် အကြီးဆုံးသော တောင်ကုန်းပေါ်ရှိ ရေကန် ဖြစ်သည်။ အမြင့်ဆုံး တောင်ထွဋ်များမှာ ကက်ရှယ်တိုး တောင်တန်းများတွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ် အဖြစ် တည်ရှိသည်။ အမြင့်ဆုံး နေရာမှာ ၂၄,၄၀၆ ပေ (၇,၄၃၉ မီတာ ) မြင့်သော ဂျင်ဂစ် ချိုကူဆူး တောင်ထိပ် ဖြစ်ပြီး ဘူမိဗေဒ ပညာရှင်များက မြောက်ဘက်စွန်းတွင် ၂၂,၉၆၆ပေ (၇,၀၀၀ မီတာ) ကျော်မြင့်သော အမြင့်ဆုံးတောင် အဖြစ် ယူဆကြသည်။ ဆောင်းရာသီတွင် နှင်းများ အလွန်အမင်း ကျရောက်မှုကြောင့် ရေလျှံခြင်း ဖြစ်ပေါ်တတ်ပြီး အောက်ပိုင်း ဒေသများကို အကြီးအကျယ် ထိခိုက် ပျက်စီးစေသည်။ တောင်များပေါ်မှ စီးဆင်းလာသော ရေများကို ရေအားလျှပ်စစ် အတွက်လည်း အသုံးပြုကြသည်။

ကာဂျစ္စတန်နိုင်ငံတွင် များပြားလှသော သတ္တုများ ရှိပြီး ရွှေ နှင့် ရှားပါးသော မြေကြီးထွက် သတ္တုများ လည်း ပါဝင်သည်။ အများအားဖြင့် တောင်ကုန်းထူထပ်သော မြေမျက်နှာပြင်ရှိသောကြောင့် ၈% ထက် မပိုသော မြေများကိုသာ ထွန်ယက် စိုက်ပျိုးကြပြီး ထိုမြေများမှာ မြောက်ဘက် မြေနိမ့်ပိုင်းနှင့် ဖာဂါးနား တောင်ကြား၏ အစွန်းပိုင်းတွင်သာ ရှိသည်။

မြောက်ဘက်ပိုင်းရှိ ဘိရှကက်မြို့မှာ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် နေထိုင်သူပေါင်း ၉၀၀,၀၀၀ ခန့် ရှိသည်။ ဒုတိယမြို့တော်မှာ ရှေးဟောင်းမြို့တော် ဖြစ်သော အော့ရှ်မြို့ဖြစ်ပြီး ဖာဂါးနားတောင်ကြားတွင် တည်ရှိကာ ဥဇဘက်ကစ္စတန်နိုင်ငံနှင့် နယ်စပ်အနီးတွင် တည်ရှိသည်။ အဓိက မြစ်မှာ ကာရာ ဒါရီယာမြစ်ဖြစ်ပြီး အနောက်ဘက်သို့ ဖာဂါးနားတောင်ကြားကို ဖြတ်၍ စီးဆင်းကာ ဥဇဘက်ကစ္စတန်နိုင်ငံ အတွင်းသို့ စီးဝင်သည်။ ဥဇဘက် နယ်စပ်ကို ဖြတ်ကျော်ပြီးနောက် အခြားသော အဓိက ကာဂျစ် မြစ်တစ်စင်း ဖြစ်သည့် နာရင်မြစ် နှင့် ပေါင်းဆုံသည်။

ထိုမြစ်တို့ ပေါင်းဆုံရာမှ ဆီးဒါရီယာ မြစ်ဖြစ်ပေါ်လာပြီး ယခင်က အေရယ်ပင်လယ်တွင်းသို့ စီးဝင်သည် ၂၀၁၀ ခုနှစ်မှ စ၍ ပင်လယ်တွင်းသို့ စီးဝင်ခြင်း မရှိတော့ပဲ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန် နှင့် ကာဇက်စတန် တောင်ပိုင်းရှိ ဝါ စိုက်ခင်းများသို့ ဆည်မြောင်းသွယ်၍ ရေပေးဝေထားခြင်းကြောင့် ဖြစ်သည်။ ချူးမြစ်သည်လည်း ကာဇက်စတန် နိုင်ငံတွင်းသို့ မစီးဝင်မီ ကာဂျစ္စတန်နိုင်ငံ အတွင်း အနည်းငယ်မျှ ဖြတ်သန်း စီးဆင်းသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ရာသီဥတုသည် ဒေသအလိုက် ကွဲပြားခြားနားသည်။ အနောက်တောင်ပိုင်း ဖာဂါးနား တောင်ကြားဒေသတွင် အပူလျော့ပိုင်း ရာသီဥတုရှိပြီး နွေရာသီတွင် အလွန်ပူပြင်းကာ အပူချိန်သည် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ရောက်ရှိတတ်သည်။ မြောက်ပိုင်း တောင်ခြေ တောင်ပူစာ ဒေသများတွင် အပူအအေးမျှတသော ရာသီဥတုမျိုး ရှိပြီး ထန်ရှန်းတောင်တန်း ဒေသတွင် ခြောက်သွေ့သော ကုန်းတွင်း ရာသီဥတုမှ ဝင်ရိုးစွန်း ရာသီဥတု အထိ အမျိုးမျိုး ရှိကာ အမြင့်ပေ ပေါ်တွင် မူတည်၍ ကွဲပြား ခြားနားသည်။ အအေးဆုံး ဒေသများတွင် ဆောင်းရာသီ၌ သုည ဒီဂရီအောက် ရောက်သော နေ့ရက် ၄၀ ခန့် ရှိပြီး ထိုအချိန်တွင် ကန္တာရ ဒေသများတွင်ပင် နှင်းပုံမှန် ကျဆင်းမှု ရှိသည်

နိုင်ငံတွင်းရှိ နိုင်ငံခြားနယ် နှင့် နိုင်ငံခြားမြေ ဝန်းရံနယ်[ပြင်ဆင်ရန်]

ကာဂျစ္စတန်နိုင်ငံတွင် နိုင်ငံခြားမြေ ဝန်းရံနယ် တစ်ခု ရှိပြီး လူဦးရေ ၆၂၇ ဦးမျှသာ ရှိပြီး ဖာဂါးနားတောင်ကြားတွင်ရှိသော သေးငယ်သော ရွာကလေး တစ်ရွာ ဖြစ်သည့် ဘာရက်ရွာ ဖြစ်သည်။[၆၀] ထို ကျေးရွာသည် ဥဇဘက်ကစ္စတန်နိုင်ငံပိုင် နယ်မြေများက ဝန်းရံလျက် ရှိသည်။ ထိုကျေးရွာသည် ကာဂျစ္စတန်နိုင်ငံ အော့ရှ်ပြည်နယ်မှ ဥဇဘက် ကစ္စတန်နိုင်ငံ ကော့ဒ်ဂျာဘတ်သို့ သွားသော လမ်းပေါ်တွင် ရှိပြီး ကာဂျစ္စတန် နှင့် ဥဇဘက် ကစ္စတန်နိုင်ငံ နယ်နိမိတ်၏ အနောက်မြောက်ဘက် အန်ဒီဂျန်မြို့ဘက်တွင် တည်ရှိသည်။[၆၁] ဘာရတ်သည် အုပ်ချုပ်ရေး အားဖြင့် ကာဂျစ္စတန်နိုင်ငံ အော့ရှ်ပြည်နယ်ရှိ ကာရာဆူး ခရိုင် အောက်တွင် ရှိသည်။

နိုင်ငံ နယ်နိမိတ် အတွင်းရှိနေသော ဥဇဘက်ကစ္စတန် နိုင်ငံပိုင် နိုင်ငံခြားနယ် ၄ ခုရှိသည်။ ထိုနယ် ၄ ခု အနက် ၂ ခုမှာ မြို့ ၂ ခု ဖြစ်သည်။ ပထမမြို့မှာ ဆုတ်ခ်မြို့ဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် လူဦးရေ ၄၂,၈၀၀ ဦး (အချို့သော ခန့်မှန်းချက်မှာ ၇၀,၀၀၀ဦး) ဖြစ်ပြီး ၉၉ ရာခိုင်နှုန်းမှာ တာဂျစ်လူမျိုးများဖြစ်ကာ ကျန်သူများမှာ ဥဇဘက် လူမျိုးများ ဖြစ်သည်။ ဒုတိယမြို့မှာ ရှက်ခီမာဒန် (အချို့က ရှာဟီမာဒန်၊ ရှိုဟီမာဒွန် သို့ ရှာအိမာဒန်) ဖြစ်ကာ ဧရိယာ အားဖြင့် ၃၅ စတုရန်းမိုင် (၉၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းကာ ၁၉၉၃ တွင် လူဦးရေ အားဖြင့် ၅,၁၀၀ ရှိသည်။ ၉၁% မှာ ဥဇဘက် လူမျိုးများ ဖြစ်ပြီး ကျန်သူများမှာ ကာဂျစ်လူမျိုးများ ဖြစ်သည်။ အခြားသော ၂ ခု မှာ သေးငယ်သော နယ်မြေကလေးများ ဖြစ်သော ချောင်ကာရား (၂ မိုင် (၃ ကီလိုမီတာ) မျှ ရှည်လျှားပြီး ၀.၆မိုင် (၁ ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။) နှင့် ဂျန်ဂီ အေရယ် ( ၁ မိုင်-၂မိုင် (၂ကီလိုမီတာ-၃ကီလိုမီတာ)) မျှ သာ ကျယ်ဝန်းသည်။ ချောင်ကာရားသည် ဆုတ်ခ် မြစ်ပေါ်တွင် တည်ရှိပြီး ဥဇဘက် နယ်စပ်နှင့်ဆုတ်ခ်မြို့ ကြားတွင် တည်ရှိသည်။ ဂျန်ဂီအေရယ်သည် ဘတ်ကန်၏ အရှေ့ဘက် ၃၇မိုင် (၆၀ ကီလိုမီတာ) ခန့် အကွာတွင် တည်ရှိပြီး ခယ်မီလွန် အနားရှိ ကာဂျစ်-ဥဇဘက် နယ်စပ်အနီး မြောက်ဘက်ကျကျတွင် တည်ရှိသည်။

ထို့အတူ တာဂျစ်ကစ္စတန်နိုင်ငံပိုင်သော နယ် ၂ ခုသည်လည်း နယ်နိမိတ် အတွင်းတွင် တည်ရှိသည်။ ၎င်းတို့မှာ အစ်စ်ဖာရာ၏ တောင်ဘက် ၂၈မိုင် (၄၅ ကီလိုမီတာ) အကွာတွင် တည်ရှိ၍ ကာရပ်ဖ်ရှင်မြစ်၏ ညာဘက်ကမ်းတွင် တည်ရှိသော ဗိုရုနယ် ( ၃၇မိုင် မှ မိုင် ၅၀( ၉၅ ကီလိုမီတာ မှ ၁၃၀ ကီလိုမီတာ) အတွင်း ကျယ်ဝန်း၊ ခန့်မှန်း လူဦးရေ ၂၃,၀၀၀ မှ ၂၉,၀၀၀ ကြား၊ ၉၅% တာဂျစ် ၅% ကာဂျစ်၊ ရွာ ၁၇ ရွာအတွင်း ပျံ့နှံ့တည်ရှိ) နှင့် ကာဂျစ် ဘူတာရုံ ကိုင်ရာဂါ အနီးတွင် တည်ရှိသော ဒေသကလေး တစ်ခု တို့ ဖြစ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ကာဂျစ္စတန်နိုင်ငံ၏ တင်ပို့ကုန် အချိုးအစား ပြသောပုံ
ဘိရှကက်ရှိ အဆောက်အဦး အဟောင်းနှင့် အသစ်များ

ကာဂျစ္စတန် နိုင်ငံ၏ ဗဟိုဘဏ်မှာ ကာဂျစ်သမ္မတနိုင်ငံ အမျိုးသားဘဏ် ဖြစ်သည်။ ကာဂျစ္စတန်နိုင်ငံသည် ယခင် ဆိုဗီယက် ပြည်ထောင်စုတွင် ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံ ဖြစ်ပြီး ယနေ့ခေတ်တွင်လည်း အလယ်အာရှတွင် ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ စီအိုင်အေ ကမ္ဘာ့အချက်အလက် စာအုပ် အရ ၂၀၁၁ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေ ၃ ပုံ ၁ပုံသည် ဆင်းရဲ မွဲတေမှု မျဉ်း၏ အောက်တွင် နေထိုင်ကြသည်။[၆၂] ကုလသမ္မဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၏ အဆိုအရ ဆင်းရဲမွဲတေမှုမှာ ဆက်၍ တိုးပွားလာနိုင်ပြီး ၂၀၀၉ ခုနှစ်တွင် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်၏ အောက်တွင် နေထိုင်သူ လူဦးရေ ၃၁% ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၃၇% သို့ တိုးမြှင့်လာခဲ့သည်။[၆၃]

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ် အပါအဝင် အဓိက အနောက်တိုင်း ချေးငွေ အဖွဲ့အစည်းများ နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ထောက်ပံ့ပေးထားသော်လည်း လွတ်လပ်ရေး ရပြီးနောက်တွင် ကာဂျစ္စတန်တွင် စီးပွားရေး အကျပ်အတည်းများ ရင်ဆိုင်ရသည်။ အကြောင်းမှာ ဆိုဗီယက် ကုန်သွယ်ရေး အုပ်စုမှ ကွဲထွက်လာခြင်းကြောင့် ဈေးကွက်များ ဆုံးရှုံးခဲ့ပြီး ထိုအကြောင်းက နိုင်ငံ၏ ဝယ်လိုအားပေါ် အခြေတည်သော စီးပွားရေး စနစ်သို့ ကူးပြောင်းရာတွင် အဟန့်အတား ဖြစ်စေခဲ့သည်။

အစိုးရသည် အသုံးစရိတ်များကို လျှော့ချခဲ့ပြီး ကုန်ဈေးနှုန်း ကျဆင်းရန် အတွက် အစိုးရက အိတ်စိုက်ပေးသည့် အစီအစဉ် အများစုကို ရပ်တန့်ခဲ့ကာ သုံးစွဲခွန် ကောက်ခံခြင်းကို စတင်မိတ်ဆက်ခဲ့သည်။ အားလုံး ခြုံကြည့်မည် ဆိုလျှင် အစိုးရအနေနှင့် ဈေးကွက်စီးပွားရေး သို့ ကူးပြောင်းရန် အတွက် အမှန်တကယ် အားစိုက်ထုတ် လုပ်ဆောင်သည်ကို မြင်နိုင်သည်။ စီးပွားရေး တည်ငြိမ်ရန် ဆောင်ရွက်ခြင်း နှင့် ပြုပြင်ပြောင်းလဲရေး များမှ တဆင့် အစိုးရ အနေနှင့် ရေရှည် တသမတ်တည်း ကြီးထွားဖွံ့ဖြိုးမည့် စီးပွားရေးကို တည်ဆောက်ရန် ကြံရွယ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးများကြောင့် ၁၉၉၈ ဒီဇင်ဘာ ၂၀ ရက်တွင် ကာဂျစ္စတန်နိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ သို့ ဝင်ရောက်ခွင့် ရရှိခဲ့သည်။

ကာဂျစ် စီးပွားရေးမှာ ဆိုဗီယက် ပြည်ထောင်စု ပြိုလဲခြင်းနှင့် ထိုအကျိုးဆက်ကြောင့် ကြီးမားကျယ်ပြန့်သော ဈေးကွက် ဆုံးရှုံးမှုတို့ကြောင့် ကြီးစွာ ထိခိုက်ခဲ့သည်။ ၁၉၉၀ တွင် ၉၈% သော ကာဂျစ်၏ တင်ပို့ကုန်တို့မှာ ဆိုဗီယက် ပြည်ထောင်စု၏အခြားသော အပိုင်းများသို့ တင်ပို့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်များ၏ အစောပိုင်းတွင် နိုင်ငံ၏စီးပွားရေး စွမ်းဆောင်နိုင်မှုမှာ စစ်ဘေးဒဏ် ခံခဲ့ရသော အာမေးနီယား၊ အဇာဘိုင်ဂျန် နှင့် တာဂျကစ္စတန် နိုင်ငံတို့မှလွဲ၍ အခြားသော ဆိုဗီယက် သမ္မတနိုင်ငံများထက် ဆိုးရွားခဲ့သည်။ အကြောင်းမှာ စက်ရုံများနှင့် နိုင်ငံပိုင် လယ်ယာမြေများ ပျက်သုဉ်း၍ ယခင် ဆိုဗီယက် ပြည်ထောင်စုတွင် တည်ရှိနေခဲ့သော သမာရိုးကျ ဈေးကွက် ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်သည်။ စီးပွားရေး စွမ်းဆောင်နိုင်မှုမှာ ယခင်နှစ် အနည်းငယ် အတွင်း အထူးသဖြင့် ၁၉၉၈ မှစ၍ သိသာစွာ တိုးတက်လာခဲ့သော်လည်း ဘဏ္ဍာငွေ ရရှိရေး နှင့် လုံလောက်သော လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး အတွက် အခက်အခဲများ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ရုရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော ကာဂျစ် ရွှေ့ပြောင်း အလုပ်သမား ၈၀,၀၀၀ ခန့်၏ လွှဲပို့ငွေ သည် ကာဂျစ္စတန်နိုင်ငံ ဂျီဒီပီ၏ ၄၀% ကို ပံ့ပိုးပေးလျက် ရှိသည်။[၆၄][၆၅]

စိုက်ပျိုးမွေးမြူရေးသည် ကာဂျစ္စတန် စီးပွားရေး၏ အရေးပါသော ကဏ္ဍတစ်ခု ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ၏ အစောပိုင်းတွင် ကာဂျစ္စတန်၏ ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် စိုက်ပျိုးရရှိသော သီးနှံ၏ သုံးပုံ တစ်ပုံမှ တစ်ဝက် အထိ ပံ့ပိုးပေးနိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် စိုက်ပျိုးမွေးမြူရေးသည် ဂျီဒီပီ၏ ၃၅.၆% ပါဝင်ပြီး အလုပ် အားလုံးပေါင်း၏ တစ်ဝက်ခန့် ဖြစ်သည်။ ကာဂျစ္စတန်၏ မြေပြင် အနေအထားမှာ တောင်ကုန်း ထူထပ်သဖြင့် သိုး၊ ဆိတ် အစရှိသော ခြံမွေးတိရစ္ဆာန်များ မွေးမြူနိုင်ပြီး ၎င်းမှာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် အကြီးမားဆုံး လုပ်ငန်းဖြစ်ကာ သိုးမွှေး၊ အသား နှင့် နို့ထွက်ပစ္စည်းတို့မှာ အဓိက ထွက်ကုန်များ ဖြစ်ကြသည်။ အဓိက သီးနှံများတွင် ဂျုံ၊ သကြားမုန်လာ၊ အာလူး၊ ဝါ၊ ဆေးရွက်ကြီး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပါဝင်သည်။ တင်ပို့ကုန်ဖြစ်သော စိုက်ပျိုးမွေးမြူရေးသုံး ဓာတုပစ္စည်းများနှင့် ဓာတ်ဆီ တို့၏ ဈေးနှုန်းမှာ ကြီးမြင့်သည့် အတွက်ကြောင့် လယ်ယာလုပ်ငန်းကို ယခင် မျိုးဆက်များ အတိုင်း လက်ဖြင့် ဖြစ်စေ မြင်းဖြင့် ဖြစ်စေ လုပ်ကိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသုံး ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းမှာ ကုန်ထုတ်လုပ်ရေး ကဏ္ဍ၏ အဓိက အစိတ်အပိုင်း ဖြစ်သကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်သော ကဏ္ဍလည်း ဖြစ်သည်။

ဒေါ်ဒွိုင်းဈေး

ကာဂျစ္စတန်နိုင်ငံသည် သတ္တုတွင်းထွက်များ ပေါများသော်လည်း ဓာတ်ဆီ နှင့် သဘာဝ ဓာတ်ငွေ့ ပြောပလောက်အောင် မရှိပေ။ ထို့ကြောင့် ဓာတ်ဆီ နှင့် သဘာဝဓာတ်ငွေ့များကို တင်သွင်းရသည်။ သတ္တုတွင်းထွက်များတွင် ကျောက်မီးသွေး၊ရွှေ၊ ယူရေနီယမ်၊ ခနောက်စိမ်း နှင့် အခြား အဖိုးတန် သတ္တုများ အများအပြား ရှိသည်။ သတ္တုဗေဒ လုပ်ငန်းမှာ အရေးပါသော လုပ်ငန်း ဖြစ်ပြီး အစိုးရ အနေနှင့် ထိုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရနိုင်စေရန် မျှော်လင့်သည်။ အစိုးရသည် ကွန်မ်တာ ရွှေတွင်းနှင့် အခြားဒေသများမှ ရွှေထုတ်ယူခြင်း နှင့် သန့်စင်ခြင်း လုပ်ငန်းတို့တွင် နိုင်ငံခြား ပါဝင်ပတ်သတ်မှုကို တက်ကြွစွာ အားပေးသည်။ နိုင်ငံ အတွင်း ပေါများလှသော ရေအရင်းအမြစ်များနှင့် တောင်ကုန်း ထူထပ်သော မြေပြင် အနေအထားတို့ကြောင့် ရေအားလျှပ်စစ် စွမ်းအင်များကို များပြားစွာ ထုတ်ယူနိုင်ပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်သည်။

နိုင်ငံအတွင်းတွင်မူ စီးပွားရေးသည် အဓိကအားဖြင့် အသေစား လုပ်ငန်းများသာ ဖြစ်သည်။ ဒေသတွင်း ကူးသန်းရောင်းဝယ်ရေး အများစုမှာ ဈေးများနှင့် ကျေးလက်ဒေသများတွင် ကျေးရွာရှိ ဈေးဆိုင်ငယ်ကလေးများတွင်သာ လုပ်ကိုင်လေ့ ရှိကြသည်။ ကုန်သွယ်ရေး၏ သိသာထင်ရှားသော အစိတ်အပိုင်းမှာ စည်းကြပ်မှု မရှိပေ။ ဝေးလံခေါင်းပါးသော ကျေးရွာငယ်များတွင် နေ့စဉ်သုံး ပစ္စည်းများပင် ရရှိရန် ခက်ခဲလေ့ ရှိသည်။ အိမ်ထောင်စု အများစုမှာ စားသောက်စရာနှင့် ပတ်သက်၍ မိမိဘာသာ လုံလောက်ပြည့်စုံအောင် ဖန်တီးနိုင်ကြသည်။ မြို့ပြ နှင့် ကျေးလက် စီးပွားရေးတွင် ထင်ရှားသော ကွဲပြားခြားနားမှု ရှိသည်။

အဓိက ပို့ကုန်မှာ သံမဟုတ်သော သတ္တုနှင့် သတ္တုတွင်းထွက်များ၊ သိုးမွှေးပစ္စည်းများ နှင့် အခြားသော စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ လျှပ်စစ် စွမ်းအင် နှင့် အခြားသော အင်ဂျင်နီယာဆိုင်ရာ ကုန်ပစ္စည်းများ ဖြစ်သည်။ တင်သွင်းကုန်များတွင် ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့၊ သံသတ္တုများ၊ ဓာတုပစ္စည်းများ၊ စက်ကိရိယာများ၊ သစ် နှင့် စာရွက်များ၊ အချို့သော စားသောက်ကုန် နှင့် ဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်ကြသည်။ ၎င်း၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများမှာ ဂျာမနီ၊ ရုရှား၊ ကာဇက်စတန် နှင့် ဥဇဘက်ကစ္စတန် တို့ ဖြစ်ကြသည်။

နိုင်ငံတစ်နိုင်ငံ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးမှုကို ညွှန်ပြသော ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ကွန်ယက် အသင့်ဖြစ်မှု ညွှန်းကိန်းတွင် ကာဂျစ် သမ္မတ နိုင်ငံ၏ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံသည် အလယ်အာရှတွင် နောက်ဆုံး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် တကမ္ဘာလုံး အဆင့် ၁၁၄ ရရှိပြီး ၂၀၁၃ ခု ညွှန်းကိန်းမှ ပြောင်းလဲမှု မရှိပေ။

လူဦးရေပျံ့နှံ့နေထိုင်ပုံ[ပြင်ဆင်ရန်]

ကာဂျစ္စတန်၏ အသက်အပိုင်းအခြား ကွဲပြားမှုကို ပြသော လူဦးရေ ပိရိမစ်

ကာဂျစ္စတန်၏ လူဦးရေမှာ ၂၀၁၃ ခုနှစ် တွင် ၅.၆ သန်းမျှ ရှိမည်ဟု ခန့်မှန်းရသည်။[၆၆]၎င်းတို့ထဲတွင် ၃၄.၄% မှာ အသက် ၁၅ နှစ်အောက် ဖြစ်ပြီး ၆.၂% မှာ အသက် ၆၅ နှစ် အထက် ဖြစ်သည်။ နိုင်ငံသည် ကျေးလက်နေ လူဦးရေ အများစု ဖြစ်ပြီး လူဦးရေ၏ ၃ ပုံ ၁ ပုံသာ မြို့ပြတွင် နေထိုင်ကြသည်။ ပျမ်းမျှ လူဦးရေ သိပ်သည်းမှုမှာ ၁ စတုရန်း ကီလိုမီတာလျှင် ၂၅ ယောက် ဖြစ်သည်။

လူမျိုးကွဲများ[ပြင်ဆင်ရန်]

နိုင်ငံ၏ အကြီးဆုံး လူမျိုးစုမှာ တာ့ခ် အနွယ်ဝင်များဖြစ်သော ကာဂျစ်လူမျိုးများ ဖြစ်ပြီး ၂၀၁၃ ခုနှစ် ခန့်မှန်း ချက်အရ လူဦးရေ၏ ၇၂% မျှ ရှိသည်။ အခြား လူမျိုးစုများမှာ မြောက်ပိုင်းတွင် နေထိုင်ကြသော ရုရှားလူမျိုး (၉.၀%) နှင့် တောင်ဘက်တွင် နေထိုင်ကြသော ဥဇဘက် လူမျိုး(၁၄.၅%) များ ဖြစ်ကြသည်။ လူနည်းသော်လည်း သိသာထင်ရှားသော လူမျိုးစုများမှာ ဒန်ဂန် (၁.၉%)၊ ဝီဂါ (၁.၁%)၊ တာဂျစ် (၁.၁%)၊ ကာဇက် (၁.၁%) နှင့် ယူကရိန်း (၀.၅%) နှင့် အခြားသော လူမျိုးစုငယ်များ (၁.၇%) တို့ ဖြစ်ကြသည်။ နိုင်ငံအတွင်းတွင် နေထိုင်သော လူမျိုးစုပေါင်း ၈၀ ကျော် ရှိသည်။[၆၇]


ကာဂျစ်လူမျိုးများမှာ သမိုင်းကြောင်းအရ ရံဖန်ရံခါ လှည့်လည်သွားလာ နေထိုင်သော တိရစ္ဆာန် ကျောင်း သူများဖြစ်ပြီး ယတ် ဟုခေါ်သော တဲဝိုင်းငယ်များဖြင့် နေထိုင်ကြကာ သိုးများ၊ မြင်းများ နှင့် စာမရီ များကို ထိန်းကျောင်း မွေးမြူလေ့ ရှိကြသည်။ ထိုသို့ လှည့်လည်သွားလာသော ထုံးစံမှာ ရာသီဥတုအလိုက်ဖြစ်ပြီး နွေရာသီတွင် တိရစ္ဆာန် မွေးမြူ ထိန်းကျောင်းသော မိသားစုများသည် တောင်ကုန်းမြင့်ပေါ်ရှိ စားကျက်များသို့ ပြန်သွားလေ့ ရှိကြသည်။ တစ်နေရာတည်းတွင် ထိုင်၍ အလုပ်လုပ်သော ဥဇဘက် နှင့် တာဂျစ် များမှာမူ ဖာဂါးနားတောင်ကြားရှိ မြေနိမ့်ဒေသ ဆည်မြောင်းဖောက်ထားသော နေရာတွင် ယာခင်းများ ရှိကြသည်။[၆၈]

ကာဂျစ္စတန်သည် လွတ်လပ်ရေး ရပြီးသည့် အချိန်မှစ၍ လူမျိုးစု များ၏ ရာခိုင်နှုန်း အနည်းအများမှာ သိသာစွာ ပြောင်းလဲခဲ့သည်။[၆၉] ကာဂျစ်လူမျိုးများ၏ ရာခိုင်နှုန်းမှာ ၁၉၇၉ ခုနှစ် တွင် ၅၀% ခန့်သာ ရှိရာမှ ၁၉၇၉တွင် ၇၀% အထိ မြင့်တက်လာခဲ့ကာ ဥရောပ လူမျိုးစုများ ဖြစ်ကြသော ရုရှား၊ ယူကရိန်း နှင့် ဂျာမန် လူမျိုးများ အပါအဝင် တာတာ လူမျိုးများမှာ ၃၅% မှ ၁၀ % အထိ ကျဆင်းသွားခဲ့သည်။[၆၆] ရုရှားလူမျိုး ရာခိုင်နှုန်းမှာ ၁၉၇၀တွင် ၂၉.၂ % မျှ ရှိရာမှ ၁၉၈၉ တွင်၂၁.၅% အထိ ကျဆင်း သွားခဲ့သည်။[၇၀] ၁၉၈၉ ခုနှစ်တွင် ၁၀၁,၀၀၀ ဦးရှိသော များပြားသော ဂျာမန်လူမျိုးများမှာ ဂျာမနီသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြသည်။[၇၁] ၁၉၉၀ ခုနှစ်များတွင် လူဦးရေ ၆၀၀,၀၀၀ မျှ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမျာစုမှာ လူနည်းစုလူမျိုးများ ဖြစ်ကြသည်။ [၃၀]

ကာဂျစ္စတန်၏ လူမျိုးစု အလိုက် လူဦးရေစာရင်း ၁၉၂၆-၂၀၁၄
လူမျိုးစု
group
၁၉၂၆ လူဦးရေစာရင်း ၁၉၅၉ လူဦးရေစာရင်း ၁၉၈၉ လူဦးရေစာရင်း ၁၉၉၉ လူဦးရေစာရင်း ၂၀၁၄ လူဦးရေစာရင်း
လူဦးရေ % လူဦးရေ % လူဦးရေ % လူဦးရေ % လူဦးရေ %
ကာဂျစ် ၆၆၁,၁၇၁ ၆၆.၆ ၈၃၆,၈၃၁ ၄၀.၅ ၂,၂၂၉,၆၆၃ ၅၂.၄ ၃,၁၂၈,၁၄၇ ၆၄.၉ ၄,၁၉၃,၈၅၀ ၇၂.၆
ဥဇဘက် ၁၁၀,၄၆၃ ၁၁.၁ ၂၁၈,၆၄၀ ၁၀.၆ ၅၅၀,၀၉၆ ၁၂.၉ ၆၆၄,၉၅၀ ၁၃.၈ ၈၃၆,၀၆၅ ၁၄.၄
ရုရှား ၁၁၆,၄၃၆ ၁၁.၇ ၆၂၃,၅၆၂ ၃၀.၂ ၉၁၆,,၅၅၈ ၂၁.၅ ၆၀၃,၂၀၁ ၁၂.၅ ၃၆၉,၉၃၉ ၆.၄
1 Source: [၁]. 3 Source: [၂]. 6 Source: [၃]. 7 Source: [၄] Archived 13 November 2013 at the Wayback Machine..

ဘာသာစကားများ[ပြင်ဆင်ရန်]

အလယ်အာရှတွင် ရှိသော ယခင် ဆိုဗီယက် ပြည်ထောင်စု၏ သမ္မတနိုင်ငံများတွင် ရုရှား ဘာသာစကားကို ရုံးသုံးဘာသာ စကား အဖြစ် အသုံးပြုသော နိုင်ငံ ၂ ခုသာ ရှိပြီး ၎င်းတို့မှာ ကာဂျစ္စတန် နှင့် ကာဇက်စတန် နိုင်ငံတို့ ဖြစ်သည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင်မှ ကာဂျစ်ဘာသာ စကားကို ရုံးသုံးဘာသာ စကား အဖြစ် ထပ်မံပြဋ္ဌာန်းပြီး ရုံးသုံးဘာသာစကား ၂ခု သုံးသော နိုင်ငံ ဖြစ်လာခဲ့သည်။

ကာဂျစ်ဘာသာစကားသည် တာ့ခ် ဘာသာစကားတစ်ခု ဖြစ်ပြီး ကစ်ပ်ချက် ဘာသာစကားခွဲ ဖြစ်ကာ ကာဇက်ဘာသာစကား၊ ကာရာကယ်လ်ပက် ဘာသာစကား၊ နိုဂေးတာတာ ဘာသာစကားတို့နှင့် နီးစပ်စွာ ဆင်တူသည်။ ၂၀ ရာစု အထိ အာရပ် အက္ခရာကို သုံး၍ ရေးသားပြီး လက်တင် အက္ခရာများကို ၁၉၂၈ တွင် စတင် မိတ်ဆက် အသုံးပြုခဲ့သည်။ ထို့နောက် မကြာမီတွင် ဆိုင်ရေးလစ် အက္ခရာဖြင့် အစားထိုး အသုံးပြုခဲ့သည်။

၂၀၀၉ ခုနှစ် လူဦးရေ စာရင်းအရ[၇၂] လူဦးရေ ၄.၁ သန်းသည် ကာဂျစ်ဘာသာစကားကို မိခင် ဘာသာစကား သို့မဟုတ် ဒုတိယ ဘာသာစကား အဖြစ် အသုံးပြုကြပြီး ၂.၅ သန်းမှာ ရုရှားဘာသာစကားကို မိခင် ဘာသာစကား သို့ မဟုတ် ဒုတိယ ဘာသာစကား အဖြစ် အသုံးပြုကြသည်။ ဥဇဘက်မှာ ဒုတိယ အများဆုံး ပြောဆိုကြသော ဒေသသုံး စကား ဖြစ်ပြီး ရုရှား ဘာသာစကားမှာ နောက်မှလိုက်သည်။ ရုရှားသည် ဒုတိယ ဘာသာစကား အဖြစ် ဒုတိယမြောက် ပြောဆိုကြသော ဘာသာစကား ဖြစ်ပြီး ကာဂျစ်၊ ဥဇဘက် နှင့် အင်္ဂလိပ်ဘာသာတို့က နောက်မှ လိုက်သည်။

စီးပွားရေး နှင့် နိုင်ငံရေး ကိစ္စ အများစုကို ရုရှား ဘာသာစကားကို အသုံးပြု၍ လုပ်ကိုင်ကြသည်။ လတ်တလော တိုင်အောင်ပင် ကာဂျစ် ဘာသာစကားသည် အိမ်တွင်သာ သုံးသော ဘာသာစကား ဖြစ်ပြီး အစည်းအဝေးများ နှင့် အခြား အခမ်းအနား များတွင် အသုံးပြုမှု ရှားပါးသည်။ သို့သော်လည်း လက်ရှိ လွှတ်တော် အစည်းအဝေးများကို ကာဂျစ်ဘာသာစကား ဖြင့် ကျင်းပပြီး ကာဂျစ်ဘာသာစကား မပြောသူများ အဖို့ ချက်ချင်း ဘာသာပြန်ပေးခြင်းမျိုး ရှိသည်။

ဘာသာစကားအမည် မိခင်ဘာသာအဖြစ် ပြောဆိုသူ ဒုတိယ ဘာသာအဖြစ် ပြောဆိုသူ စုစုပေါင်း ပြောဆိုသူ
ကာဂျစ် ၃,၈၃၀,၅၅၆ ၂၇၁,၁၈၇ ၄,၁၂၁,၇၄၃
ရုရှား ၄၈၂,၂၄၃ ၂,၁၁၀၉,၃၉၃ ၂,၅၉၁,၆၃၆
ဥဇဘက် ၇၇၂,၅၆၁ ၉၇,၇၅၃ ၈၇၀,၃၁၄
အင်္ဂလိပ် ၂၈,၄၁၆ ၂၈,၄၁၆
ပြင်သစ် ၆၄၁ ၆၄၁
ဂျာမန် ၁၀ ၁၀
အခြား ၂၇၇,၄၃၃ ၃၁,၄၁၁

လူဦးရေ အများဆုံး ဒေသများ[ပြင်ဆင်ရန်]

ကာဂျစ္စတန်ရှိ အကြီးဆုံး မြို့ကြီးများ
အဆင့် အမည် ပြည်နယ် လူဦးရေ
ဘိရှကက်မြို့ ဘိရှကက်ပြည်နယ် ၈၆၅,၅၂၇
အော့ရှ်မြို့ အော့ရှ်ပြည်နယ် ၂၄၃,၂၁၆
ဂျလာအာဘတ်မြို့ ဂျလာအာဘတ်ပြည်နယ် ၉၇,၁၇၂
ကာရာကောလ်မြို့ အစ်ဆီကူးပြည်နယ် ၆၆,၂၉၄
တော့မော့မြို့ ချွီးပြည်နယ် ၅၃,၂၃၁
အွဇ်ဂျန်မြို့ အော့ရှ်ပြည်နယ် ၄၉,၄၁၀
ကိုင်ဇီကီရာ ဘတ်ကန်ပြည်နယ် ၄၄,၁၄၄
ဘာလစ်ချိုင်မြို့ အစ်ဆီကူးပြည်နယ် ၄၂,၈၇၅
ကာရာ-ဘောလ်တာမြို့ ချွီးပြည်နယ် ၃၇.၈၃၄
၁၀ နာရင်မြို့ နာရင်ပြည်နယ် ၃၄,၈၂၂

ကိုးကွယ်ယုံကြည်မှုများ[ပြင်ဆင်ရန်]

ကာရာကောလ်ရှိ ဒန်ဂန်ဗလီ

ကာဂျစ္စတန်တွင် လူအများဆုံး ကိုးကွယ်သည့်ဘာသာမှာ အစ္စလာမ်ဘာသာ ဖြစ်သည်။ ၈၀% သော လူဦးရေမှာ မွတ်စလင်များ ဖြစ်ကြပြီး ၁၇% မှာ ရုရှားရှေးရိုး ခရစ်ယာန်ဘာသာ ကို ကိုးကွယ်ကြကာ ၃% မှာ အခြား ဘာသာဝင်များ ဖြစ်ကြသည်။[၇၃] ၂၀၀၉ ခုနှစ် ပြူး သုတေသန ဌာန၏ လေ့လာချက်အရ မွတ်စလင် ရာခိုင်နှုန်း ပိုများပြီး ကာဂျစ္စတန် လူဦးရေ၏ ၈၆.၃% သည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။[၇၄] မွတ်စလင် ၆၄% မှာ မည်သည့် ဂိုဏ်းဂဏစွဲမှ မရှိကြဘဲ ၂၃% မှာ ဆွန်နီ မွတ်စလင်များ ဖြစ်ကြကာ ဟာနာဖီ ဂိုဏ်း၏ အတွေးအခေါ်ကို ကျင့်သုံးကြသည်။[၇၅] အမာဒိယ မွတ်စလင် အချို့ရှိသော်လည်း နိုင်ငံမှ အသိအမှတ် မပြုပေ။[၇၆]

ဆိုဗီယက်ခေတ်ကာလက နိုင်ငံတော် အနေနှင့် ဘာသာမဲ့ခြင်းကို အားပေးခဲ့သည်။ ယနေ့ခေတ် ကာဇက်စတန်တွင် နိုင်ငံရေးတွင် ဘာသာရေး ဆက်နွယ်မှု မရှိသော လောကီသီးသန့်ဝါဒကို ကျင့်သုံးသော်လည်း အစ္စလာမ်ဘာသာ အနေနှင့် နိုင်ငံရေးတွင် လွှမ်းမိုးမှု ရှိလာသည်ကို တွေ့ရသည်။[၇၇] ဥပမာ အနေနှင့် ပြရမည် ဆိုလျှင် အစိုးရအရာရှိ များကို အခွန်အခမဲ့ အစီအစဉ်ဖြင့် ဟာ့ဂျ် သွားရန် အတွက် ကြိုးပမ်းမှုများ ရှိသည်။

ကာဂျစ္စတန်တွင် အစ္စလာမ်ဘာသာ ကိုးကွယ်မှုမှာ ရိုးရာယဉ်ကျေးမှု နောက်ခံတွင်သာ အခြေခံပြီး အများစုမှာ နေ့စဉ် ကျင့်သုံးခြင်း မပြုကြပေ။ သို့သော် လူသိများ ထင်ရှားသူများက ဘာသာရေး တန်ဖိုးများကို ပြန်လည်ကျင့်သုံးရန် ထောက်ခံ ပြောဆိုလာကြသည်။ ဥပမာအားဖြင့် အစိုးရမှ ခန့်အပ်ထားသော လူ့အခွင့်အရေး ထောက်ခံသူ တာဆန်ဘေး ဘာကာ-အူလူးက "အခုလို လွတ်လပ်လာတဲ့ အချိန်အခါမှာ ကာဂျစ္စတန် တစ်ခုတည်း မဟုတ်ဘူး။ တခြားသော ကွန်မြူနစ်လွန် သမ္မတ နိုင်ငံတွေမှာ ဘာသာရေး ကိုင်းရှိုင်းမှုတွေ ပြန်ဖြစ်လာတာ အံ့ဩစရာ ကိစ္စ မဟုတ်ပါဘူး။ ဈေးကွက်ကို အခြေခံတဲ့ လူ့အဖွဲ့အစည်း တစ်ခုကို လူမှုကျင့်ဝတ်တွေ မပါပဲ တည်ထောင်ရတယ် ဆိုတာ လူမဆန်တဲ့ကိစ္စပါပဲ။" ဟု ပြောခဲ့သည်။[၇၇]

ဘိရှကက် ရှေးရိုး ခရစ်ယာန် ဘုရားကျောင်း

ထို့ပြင် ကာဂျစ္စတန် သမ္မတဟောင်း အက်စကာ ကာယက်ဗ်၏ သမီး ဘာမက် ကာယဲဗာက ၂၀၀၇ ဇူလိုင် အင်တာဗျူးတွင် အစ္စလာမ် ဘာသာသည် နိုင်ငံ အနှံ့ ပိုမို အမြစ်တွယ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၇၈] သူမက အလေးအနက်ထား ပြောကြားသည်မှာ ဗလီများစွာကို လတ်တလောတွင် တည်ဆောက်ခဲ့ပြီး ကာဂျစ်တို့သည် အစ္စလာမ် ဘာသာ တရားကို ပိုမို ကိုင်းရှိုင်းလာကြသည်ဟု ဆိုသည်။ သူမက ဆက်လက် ပြောကြားသည်မှာ "သိပ်တော့ မဆိုးပါဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်းက ပိုပြီး လူသားဆန်လာတယ်။ သန့်ရှင်းလာတယ်။" ဟူ၍ ဖြစ်သည်။[၇၈] ယခုအခါတွင် ခေတ်သစ် ဆူဖီဂိုဏ်း တစ်ခု ပေါ်ထွက်လာပြီး ၎င်းတို့၏ ကျင့်သုံးမှုမှာ ကွဲပြားခြားနားသော အစ္စလာမ် ပုံစံ တစ်မျိုး ဖြစ်ပြီး ရှေးရိုးအစ္စလာမ် ဘာသာနှင့် မတူပေ။ [၇၉]

ကာဂျစ္စတန်တွင် တည်ဆောက်ဆဲ ဗလီတစ်ခု

ကာဂျစ္စတန်တွင် ကိုးကွယ်ကြသော အခြားဘာသာ တရားများတွင် ရုရှား ရှေးရိုး ပုံစံ နှင့် ယူကရိန်း ရှေးရိုးပုံစံ ခရစ်ယာန် ဘာသာများ ပါဝင်ကြပြီး အဓိက အားဖြင့် ရုရှားလူမျိုးများ နှင့် ယူကရိန်းလူမျိုးများမှ ကိုးကွယ်ကြသည်။ ဂျာမန် လူနည်းစုမှာလည်း ခရစ်ယာန်များ ဖြစ်ကြပြီး လူသီယန်၊ တဖန်နှစ်ခြင်း နှင့် ရိုမန်ကက်သလစ် တို့ ဖြစ်ကြကာ ခန့်မှန်းခြေ အားဖြင့် ကိုးကွယ်ယုံကြည်သူ ၆၀၀ ခန့် ရှိသည်။ [၈၀][၈၁]

တျံတြစ် အယူဝါဒ များလည်း ကျန်ရှိနေသကဲ့သို့ ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှု များလည်း ရှိသည်။ မြင့်မြတ်သော သစ်ပင်ပေါ်တွင် အလံများ ချည်နှောင်ခြင်းကို ထိုသို့သော အယူဝါဒများမှ လာသည်ဟု ဆိုကြသော်လည်း အချို့က ဆူဖီ အစ္စလာမ် ဘာသာ၏ ထုံးတမ်းစဉ်လာဟု ဆိုကြပြန်သည်။[၈၂] ဘူခေးရီးယန်းဂျူး လူမျိုး အနည်းငယ်မျှ ကာဂျစ္စတန်တွင် နေထိုင်ကြသော်လည်း ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသည့် အခါတွင် အများစုမှာ အခြားနိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု နှင့် အစ္စရေး သို့ ထွက်ပြေးသွားကြသည်။ ထို့ပြင် အက်ရှ်ကီနာဇီးဂျူးလူမျိုး လူနည်းစု ရှိသော်လည်း ဒုတိယ ကမ္ဘာစစ် အတွင်း အရှေ့ဥရောပ နိုင်ငံများသို့ ထွက်ပြေး သွားခဲ့ကြသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ကာဂျစ္စတန် လွှတ်တော်မှ ဥပဒေတစ်ခုကို တညီတညွတ်တည်း အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေအရ ဘာသာတရားကို အသိအမှတ် ပြုရန် အနည်းဆုံး ကိုးကွယ်ယုံကြည်သူ ဦးရေ ကို ၁၀ ဦး မှ ၂၀၀ ဦးသို့ တိုးမြှင့်ခဲ့ကြသည်။ ထို့အပြင် ဘာသာကူးပြောင်းရန် အတင်းအကြပ် ကြိုးစားခြင်းကို ဥပဒေမဲ့ လုပ်ရပ်ဟု သတ်မှတ်ခဲ့ပြီး ကျောင်းများတွင် ဘာသာရေး ဆောင်ရွက်မှုများကို တားမြစ်ခဲ့ကာ မှတ်ပုံတင်မထားသော အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကိုလည်း တားမြစ်ခဲ့သည်။ သမ္မတ ကူးရ်မန်ဘတ် ဘာကီးယက်ဗ်မှ ထိုဥပဒေကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။[၈၃]

ဂီတသမားများ ကာဂျစ္စတန် ရိုးရာဂီတကို တီးမှုတ်နေစဉ်

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ထုံးတမ်းစဉ်လာ[ပြင်ဆင်ရန်]

ကာဂျစ္စတန်နိုင်ငံတွင် ဇန်နဝါရီလ ၁ ရက်နေ့၌ နှစ်သစ်ကူးပွဲကို ဆင်နွှဲလေ့ ရှိသကဲ့သို့ ကာဂျစ္စတန်သည် နွေဦးရာသီ အစ တစ်ရက်နေ့တွင် နောင်းရပ်ဇ်ခေါ် ရိုးရာ နှစ်သစ်ကူးပွဲကို ကျင်းပကြသည်။ နွေရာသီ အားလပ်ရက်တွင် စားသောက်ပွဲကြီးများ နှင့် အူလက် တာတစ်ခေါ် မြင်းစီးကစားပွဲ ပွဲတော်များကိုလည်း ကျင်းပလေ့ ရှိကြသည်။

တရားမဝင်သော်လည်း ယခုထက်တိုင် ပြုလုပ်နေကြသော ထုံးတမ်းစဉ်လာ တစ်ခုမှာ သတို့သမီးကို အလိုမတူဘဲ ခိုးယူပေါင်းသင်းခြင်း ဖြစ်သည်။ [၈၄]

သတို့သမီးကို အလိုမတူပဲ ခိုးယူပေါင်းသင်းခြင်းမှာ ထုံးတမ်းစဉ်လာ ဟုတ်မဟုတ် မှာမူ အငြင်းပွားဖွယ် ဖြစ်သည်။ ဇဝေဇဝါ ဖြစ်စရာ အချက်တစ်ချက်မှာ မိဘမှပေးစားခြင်းမှာ ထုံးတမ်းစဉ်လာဖြစ်ပြီး မိဘပေးစားမည့်သူကို မယူချင်၍ မိန်းကလေးမှ စိတ်ပါစွာ ခိုးရာလိုက်ခြင်းဖြင့် ခိုးယူပေါင်းသင်းခြင်းမှာ ထုံးတမ်းစဉ်လာ ဖြစ်လာသည့် ပမာပင် ဖြစ်သည်။[၈၅]

အလံ[ပြင်ဆင်ရန်]

ရောင်ခြည်တန်း အခု ၄၀ ဖြာထွက်နေသော နေလုံး ပုံမှာ ဆိုဗီယက် ပြည်ထောင်စု တိုးတက်ထွန်းကားစဉ်က ရုရှားတို့ ဝင်ရောက်သိမ်းပိုက်ခြင်း မပြုမီ ကာဂျစ် ယဉ်ကျေးမှု တစ်ခုလုံးကို ပေါင်းစပ်ဖြစ်ပေါ်စေသော လူမျိုးစု ၄၀ ကို ကိုယ်စားပြုသည်။ နေလုံးအတွင်းမှ မျဉ်းကြောင်းများမှာ ယတ် တဲအိမ်ငယ်၏ ခေါင် ကို ဖော်ပြပြီး ကာဂျစ်ဗိသုကာပညာ တွင်လည်း အသုံးပြုလေ့ ရှိကြသည်။ အနီရောင်မှာ ကာဂျစ္စတန်၏ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းမြင်သာမှုကို ကိုယ်စားပြုသည်။

လင်းယုန်ငှက်ဖြင့် အမဲလိုက်နေပုံ

မြင်းစီးခြင်း[ပြင်ဆင်ရန်]

ရိုးရာ အမျိုးသား အားကစားနည်းများက ကာဂျစ်ယဉ်ကျေးမှုတွင် မြင်းစီးခြင်း က မည်မျှ အရေးပါသည်ကို ထင်ဟပ်ပြနေသည်။

အလယ်အာရှတွင် အလွန်လူကြိုက်များသော ကစားနည်း တစ်မျိုးမှာ အူလက် တာတစ်ရှ်ဟု ခေါ်သော အသင်းလိုက် ကစားနည်း တစ်မျိုး ဖြစ်ပြီး ပိုလို နှင့် ရပ်ဂ်ဘီ ကစားနည်းတို့ ပေါင်းစပ်ထားသည်နှင့် ဆင်တူသည်။ ထိုကစားနည်းတွင် မြင်းစီး အသင်း နှစ်သင်း ခေါင်းမပါသော ဆိတ်သေကို လုယူကြပြီး ပြိုင်ဘက်၏ ဂိုးစည်းနောက် သို့မဟုတ် ပြိုင်ဘက်၏ ဂိုးအတွင်းသို့ ဝင်အောင် သွင်းရခြင်း ဖြစ်သည်။ မြေကြီးပေါ်တွင် စက်ဝိုင်းပုံ စည်းမျဉ်းတားပြီး ကစားသည့် ကစားနည်း ဖြစ်သည်။

အခြား မြင်းစီးယှဉ်ပြိုင်ရသော ကစားနည်းများတွင် အောက်ပါကစားနည်းတို့ ပါဝင်သည်။

  • "အက် ချာဘစ်" ခရီးရှည် မြင်းစီးပြိုင်ပွဲ၊ တစ်ခါတရံ အကွာအဝေး ၅၀ ကီလိုမီတာ ကျော်သည်။
  • "ဂျမ်ဘီ အက်တ်မိုင်" တိုင်တစ်တိုင်တွင် ဂျမ်ဘီဟုခေါ်သည့် တန်ဖိုးကြီးသည့် သတ္တု ဘားတန်းတစ်ခုကို အရစ်ဖော် ချိတ်ဆွဲထားပြီး ပြိုင်ပွဲဝင်များက ထိုအရစ်ကို မြင်းကဆုန်ပေါက်စီးရင်း ပစ်ခတ်ရသည်။
  • "ကစ်ဇ် ကူးမိုင်" အမျိုးသမီးမှ မြင်းကို ကဆုန်စိုင်း ထွက်ပြေးစဉ် အမျိုးသားမှ အမျိုးသမီးထံမှ အနမ်းကို ရရန် လိုက်ဖမ်းရသည်။ အကယ်၍ ထိုသို့ လိုက်ဖမ်းခြင်း မအောင်မြင်ပါက အမျိုးသမီးမှ အမျိုးသားကို တဖန် လိုက်ဖမ်းပြီး ကမ်ချိခေါ် မြင်းရိုက်သည့် ကျာပွတ်ဖြင့် လိုက်ရိုက်သည်။
  • "အူးဒါရစ်ရှ်" ပြိုင်ဖက်နှစ်ဦး မြင်းပေါ်မှ သတ်ပုတ်ကြပြီး တခြား တဖက်သားကို မြင်းပေါ်မှ ပြုတ်ကျရန် ကြိုးပမ်းရသည်။
  • "တျင်း အမ်မိုင်" မြင်းကို အမြန်ဆုံး ကဆုန်စိုင်း ပြေးနေစဉ် မြေကြီးပေါ်မှ ဒင်္ဂါးပြားကို ကောက်ရန် ကြိုးစားရသည်။
အစ်ဆီကူး ကန်၏ တောင်ဘက် ကမ်းခြေ

အများပြည်သူ ရုံးပိတ်ရက်များ[ပြင်ဆင်ရန်]

ကာဂျစ္စတန်ရှိ အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ဇန်နဝါရီ ၁ ရက် - နှစ်သစ်ကူးနေ့
  • ဇန်နဝါရီ ၇ ၇က် - ရှေးရိုး ခရစ္စမတ်နေ့
  • ဖေဖော်ဝါရီ ၂၃ ရက် - အဖနိုင်ငံ ကာကွယ်သူတို့၏ အနေ့
  • မတ်လ ၈ ရက် - အမျိုးသမီးများနေ့
  • မတ်လ ၂၁ ရက် - နောင်းရပ်ဇ် ပါရှန်းနှစ်သစ်ကူးနေ့ - နွေဦးပွဲတော်
  • မတ်လ ၂၄ ရက် - အမျိုးသား တော်လှန်ရေးနေ့
  • မေလ ၁ ရက် - အမျိုးသားနေ့
  • မေလ ၅ ရက် - ဖွဲ့စည်းပုံအခြေခံဥပဒေနေ့
  • မေလ ၈ ရက် - အောက်မေ့ဖွယ်နေ့
  • မေလ ၉ ရက် - အောင်ပွဲနေ့ (ဒုတိယကမ္ဘာစစ် အဆုံးသတ်ခြင်း)
  • ဩဂုတ် ၃၁ ရက် - လွတ်လပ်ရေးနေ့
  • နိုဝင်ဘာ ၇ ရက် - မဟာ အောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးနေ့
အစ်ဆီကူးကန်

အခြား မွတ်စလင် ရုံးပိတ်ရက် နှစ်ရက်ဖြစ်သော အိုရိုဇို အစ် နှင့် ကာမန် အစ် တို့မှာ လ ပြက္ခဒိန်ပေါ်တွင် မူတည်၍ အလုပ်လုပ်သည်။

ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

ကာဂျစ္စတန်ရှိ ခရီးသွားတို့ အများဆုံး သွားရောက် လည်ပတ်သည့် နေရာမှာ အစ်ဆီကူး ရေကန် ဖြစ်သည်။ ရေကန်၏ မြောက်ဘက် ကမ်းပါးပေါ်တွင် ဟိုတယ်များ၊ အားလပ်ရက် အပန်းဖြေ စခန်းများ၊ တည်းခိုဆောင်များနှင့် ဘိုးဘွားရိပ်သာများ ရှိသည်။ အထင်ရှားဆုံး ကမ်းခြေ ဇုန်များမှာ ချိုလ်ပွန်အာတာ မြို့ နှင့် အနီးအနားရှိ ကာရာအွီး(ဒိုလင်ကာ)၊ ဘော့စ်တယ်ရီ နှင့် ကိုရမ်ဒီ တို့တွင် ရှိသည်။ ၂၀၀၆ ခုနှစ် နှင့် ၂၀၀၇ ခုနှစ်တို့တွင် ကမ်းခြေ သို့ လာရောက် လည်ပတ်သော ခရီးသွား ၁ သန်း ကျော် ရှိသည်။ သို့သော်လည်း ဒေသ အတွင်း စီးပွားရေး နှင့် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် လတ်တလောနှစ်များ အတွင်း လာရောက်လည်ပတ်သူ ကျဆင်းလာသည်။[၈၆]

တောတွင်း ခရီးသွားခြင်းနှင့် စခန်းချခြင်းတို့ကို စိတ်ဝင်စားသူများ အတွက် ဒေသတိုင်းတွင် ဆွဲဆောင်နိုင်သည့် နေရာများနှင့် စိန်ခေါ်နိုင်သည့် နေရာများ ရှိသည်။ စခန်းချ နေထိုင်ခြင်း အတွက် လူကြိုက်များသော နေရာများမှာ အော့ရှ်ဒေသ တောင်ပိုင်း နာရင်မြို့ နှင့် တိုရူဂတ် တောင်ကြားဒေသကြား နေရာ နှင့် အစ်ဆီကူးရှိ ကာရာကော မြို့ကို ဝန်းရံနေသည့် တောင်နှင့် ရေခဲမြစ်များ ရှိရာ နေရာ တို့ ဖြစ်သည်။ ဒေသခံ ခရီးသွားလမ်းညွှန်များ နှင့် အထမ်းသမားများကို ဘိရှကက် နှင့် ပြည်နယ်မြို့တော်များရှိ ခရီးသွား လုပ်ငန်း ကုမ္ပဏီများတွင် ငှားရမ်းနိုင်သည်။

စကီးစီးခြင်းမှာမူ ခရီးသွား လုပ်ငန်းအတွက် အစပျိုးသည့် အခြေအနေမှာပင် ရှိသေးသည်။ သို့သော်လည်း ဘိရှကက်မှ နာရီဝက်ခန့် သွားရသည့် နေရာတွင် ဈေးပေါပြီး ပစ္စည်းကိရိယာ အစုံအလင် ရှိသော စကီး စီးနိုင်သည့် နေရာ တစ်ခု ရှိသည်။ တိုဂုဇ် ဘူလတ် စကီး စခန်းမှာ ဘိရှကက်မှ ၂၈ မိုင် (၄၅ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ ကာရာကောမြို့ အပြင်ဘက်ရှိ ကာရာကော တောင်ကြား အမျိုးသား ဥယျာဉ်တွင်လည်း စကီးစခန်း တစ်ခု ရှိသည်။

အားကစား[ပြင်ဆင်ရန်]

ကာဂျစ္စတန်နှင့် ဂျပန်တို့ ဘန်ဒီ ယှဉ်ပြိုင် ကစားစဉ်

ဘောလုံး ကစားနည်းသည် ကာဂျစ္စတန်တွင် လူကြိုက် အများဆုံး ကစားနည်း တစ်ခု ဖြစ်သည်။ တရားဝင် အုပ်ချုပ်သော အဖွဲ့အစည်းမှာ ၁၉၉၂ ခုနှစ် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ပြီးနောက် တည်ထောင်ခဲ့သော ကာဂျစ်သမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖြစ်သည်။ ထို အဖွဲ့အစည်းမှ ကာဂျစ္စတန် အမျိုးသား ဘောလုံး အသင်းကို အုပ်ချုပ်သည်။[၈၇]

နပမ်းသတ်ခြင်းသည်လည်း ကာဂျစ္စတန်တွင် အလွန်ထင်ရှားသော အားကစားနည်း တစ်မျိုး ဖြစ်သည်။ ၂၀၀၈ နွေရာသီ အိုလံပစ် ကစားပွဲ အတွင်းတွင် ကာဂျစ္စတန်မှာ အားကစားသမား နှစ်ဦးသည် ဂရိ-ရိုမန် နပမ်းသတ် ကစားနည်းတွင် ငွေတံဆိပ် နှင့် ကြေးတံဆိပ် ရရှိခဲ့ကြသည်။[၈၈]

ရေခဲပြင် ဟော်ကီ ကစားနည်းမှာ ယခင်က ကာဂျစ္စတန်တွင် လူကြိုက်မများခဲ့သည်မှာ ၂၀၀၉ ခုနှစ် ရေခဲပြင် ဟော်ကီ ချန်ပီယံ ပြိုင်ပွဲ မကျင်းပမီ အချိန် အထိပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ကာဂျစ္စတန် အမျိုးသား ရေခဲပြင် ဟော်ကီ အသင်းမှ ၂၀၁၁ ခုနှစ် အာရှ ဆောင်းရာသီ အားကစားပွဲအား အဆင့်မြင်တန်းတွင် အနိုင်ရခဲ့ပြီး ၆ ပွဲစလုံးတွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို ကစားပွဲမှာ ကာဂျစ္စတန် ရေခဲပြင် ဟော်ကီ အသင်း ပထမဆုံး ပါဝင်ကစားသော နိုင်ငံတကာ ကစားပွဲ ဖြစ်သည်။[၈၉] ကာဂျစ္စတန် အမျိုးသား ရေခဲပြင် ဟော်ကီ အသင်းသည် ၂၀၁၁ ဇူလိုင်လတွင် နိုင်ငံတကာ ရေခဲပြင် ဟော်ကီ အသင်းချုပ်သို့ ဝင်ရောက်ခဲ့သည်။

ဘန်ဒီ ကစားနည်းသည်လည်း နိုင်ငံအတွင်း လူကြိုက်များလာသည်။ ကာဂျစ် အမျိုးသား အသင်းသည် အာရှ ဆောင်းရာသီ အားကစားပွဲတွင် ကြေးတံဆိပ်ဖြင့် ပထမဆုံး အကြိမ် ဆုတံဆိပ် ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဘန်ဒီ ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲတွင် ဝင်ရောက်ကစားခဲ့ပြီး ပထမဆုံး အကြိမ် ဝင်ရောက်ခြင်း ဖြစ်သည်။[၉၀]

ပညာရေး[ပြင်ဆင်ရန်]

ကာဂျစ္စတန်၏ ပညာရေး စနစ်တွင် မူလတန်း၌ ၁ တန်းမှ ၄ တန်း အထိ ပါဝင်ပြီး အထက်တန်းတွင် ၅ တန်းမှ ၁၁ တန်း (အချို့နေရာများတွင် ၁၂ တန်း) အထိ ကျောင်းတစ်ကျောင်းတည်းတွင် ရှိသည်။ ကလေးငယ်များကို မူလတန်းတွင် ၇ နှစ်မှ စတင် လက်ခံသည်။ ကလေးငယ်တန်း ၉ တန်း အထိ အောင်မြင်ရန် လိုအပ်ပြီး အောင်လက်မှတ် ရရှိရမည် ဖြစ်သည်။ ၁၀ တန်း နှင့် ၁၁ တန်းမှာ မတက်မနေရ မဟုတ်ပေ။ သို့သော် ကျောင်းဆင်း ဒီပလိုမာ ရရှိရန် အတွက်မူ ထို ၂ တန်းကို အောင်မြင်ရန် လိုအပ်သည်။ ထိုသို့ အောင်မြင်ရန် ကျောင်းသားများသည် ၁၁ နှစ် သင်ခန်းစာကို ပြီးဆုံးရမည် ဖြစ်ပြီး နိုင်ငံတော်မှ ဦးစီး ကျင်းပသော စာရေး၊ သင်္ချာ၊ သမိုင်း နှင့် နိုင်ငံခြား ဘာသာ စာမေးပွဲ ၄ ခုကို အောင်မြင်ရမည် ဖြစ်သည်။

ဘိရှကက်မြို့တွင် အစိုးရကျောင်းပေါင်း ၇၇ ကျောင်းရှိ၍ အခြားနေရာများတွင် ၂၀၀ ကျော် ရှိသည်။ ကာဂျစ္စတန်တွင် အဆင့်မြင့် ကောလိပ်နှင့် တက္ကသိုလ် ၅၅ ခု ရှိပြီး ၃၇ ခုမှာ အစိုးရမှ ဦးစီးသည်။

ကာဂျစ္စတန်ရှိ အဆင့်မြင့် ပညာရေး ကောလိပ်နှင့် တက္ကသိုလ်များတွင် အောက်ပါကျောင်းများ ပါဝင်သည်။

  • ကာဂျစ္စတန် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်
  • အလယ်အာရှ တက္ကသိုလ်
  • အလယ်အာရှ အမေရိကန် တက္ကသိုလ်
  • ဘိရှကက် လူသားရေးရာ တက္ကသိုလ်
  • အပြည်ပြည်ဆိုင်ရာ အာတာအွတ်-အာလာတူး တက္ကသိုလ်
  • စီးပွားရေး နှင့် စီးပွားရေး လုပ်ငန်း တက္ကသိုလ်
  • ကာဂျစ် နိုင်ငံတော် ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး နှင့် ဗိသုကာ တက္ကသိုလ်
  • ကာဂျစ် အမျိုးသား တက္ကသိုလ်
  • ကာဂျစ် နည်းပညာ တက္ကသိုလ်
  • ကာဂျစ်နိုင်ငံတော် သင်ကြားရေး တက္ကသိုလ် (ယခင်က နိုင်ငံတော် အာရာဗျက် ကာဂျစ် တက္ကသိုလ်)
  • ကာဂျစ် ရုရှား ဆလာဗိုးနစ် တက္ကသိုလ်
  • ကာဂျစ်-တူရကီ မာနာ့စ် တက္ကသိုလ်
  • လူမှုရေး တက္ကသိုလ် (ယခင်က ကာဂျစ်-ဥဇဘက် တက္ကသိုလ်)
  • မော့စကော့ဗ် ဥပဒေနှင့် စီးပွားရေး လုပ်ငန်း တက္ကသိုလ်
  • အော့ရှ် နိုင်ငံတော် တက္ကသိုလ်
  • အော့ရှ် နည်းပညာ တက္ကသိုလ်
  • ပလေတိုး စီမံခန့်ခွဲမှုပညာ နှင့် ဒီဇိုင်း တက္ကသိုလ်
  • အပြည်ပြည်ဆိုင်ရာ ဆေးတက္ကသိုလ်

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

ဘိရှကက် အနောက်ပိုင်း ဘတ်စ်ကားဂိတ်

ကာဂျစ္စတန်နိုင်ငံသည် တောင်ကုန်းတောင်တန်း ထူထပ်သော မြေမျက်နှာသွင်ပြင် ရှိသောကြောင့် လမ်းပန်း ဆက်သွယ်ရေးတွင် အလွန်ခက်ခဲသည်။ လမ်းများမှာ မတ်စောက်သော တောင်ကြားများတွင် မြွေလိမ်မြွေကောက် သွားရပြီး ၉,၈၀၀ပေ( မီတာ ၃,၀၀၀) ကျော် မြင့်သော နေရာများတွင် တောင်ပြိုခြင်းနှင့် နှင်းခဲကြီးများ ကျဆင်းခြင်းတို့ဖြင့် မကြာခဏ ကြုံတွေ့ရလေ့ ရှိသည်။ ပိုမို၍ ဝေးလံခေါင်းပါးသော ဒေသများနှင့် အမြင့်ပိုင်း ဒေသများတွင် ဆောင်းရာသီ ခရီးသွားရန်မှာ မဖြစ်နိုင်သလောက် ဖြစ်သည်။

လမ်းများနှင့် ရထားလမ်းများမှာ ဆိုဗီယက် ခေတ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သောကြောင့် ယနေ့ခေတ်တွင် နိုင်ငံတကာ နယ်စပ်များကို ဖြတ်သန်း သွားရသဖြင့် နယ်စပ် ပိတ်မထားသော နေရာများတွင် အဝင်အထွက် ပြုလုပ်ရာတွင် အချိန်ကုန်ဆုံး ရသည်။ မြင်းမှာ အများစု အသုံးပြုဆဲဖြစ်သော သယ်ယူပို့ဆောင်ရေး နည်းလမ်း တစ်ခု ဖြစ်ပြီး အထူးသဖြင့် ကျေးလက် ဒေသများတွင် ဖြစ်သည်။ ကာဂျစ္စတန်၏ လမ်းများမှာ ကျယ်ပြန့်စွာ မရှိသဖြင့် မော်တော်ကား မသွားနိုင်သော နေရာများကို မြင်းဖြင့် သွားရောက်နိုင်သည်။ မြင်း အသုံးပြုခြင်းဖြင့် ဈေးကြီးပြီး နိုင်ငံခြားမှ တင်သွင်းရသော ဓာတ်ဆီကိုလည်း အသုံးပြုရန် မလိုအပ်ပေ။

လေဆိပ်များ[ပြင်ဆင်ရန်]

ဆိုဗီယက်ခေတ် အပြီးတွင် ကာဂျစ္စတန်၌ လေဆိပ်နှင့် လေယာဉ်ပြေးလမ်းပေါင်း ကျန်ရှိခဲ့ပြီး အများစုမှာ စစ်ရေးကိစ္စများ အတွက် တရုတ်နိုင်ငံနှင့် နီးသော နယ်စပ်ဒေသတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထိုအထဲမှ အချို့မှာသာ ယနေ့ထက်တိုင် ဆက်လက်အသုံးပြုလျက် ရှိသည်။ ကာဂျစ္စတန် လေကြောင်း ကုမ္ပဏီသည် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် အခြား ဒေသတွင်း နိုင်ငံမျာသို့ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကို ဆောင်ရွက်သည်။

  • ဘိရှကက်မြို့ အနီးရှိ မာနာ့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခု ဖြစ်ပြီး မော်စကို၊ တက်ရှ်ကန့်၊ အော်လ်မေတီ၊ ဘေဂျင်း၊ အူရမ်ကွီ၊ အစ္စတန်ဘူလ်၊ လန်ဒန်၊ ဘာကူ နှင့် ဒူဘိုင်းမြို့များသို့ လေယာဉ်ခရီးစဉ်များ ရှိသည်။
  • အော့ရှ် လေဆိပ်သည် နိုင်ငံတောင်ပိုင်းရှိ အဓိက လေဆိပ်ဖြစ်ပြီး ဘိရှကက်သို့ နေ့စဉ် လေကြောင်းခရီးစဉ်များ ရှိသည်။
  • ဂျလာအာဘတ် လေဆိပ်သည် သည် ဘိရှကက်မြို့သို့ နေ့စဉ် လေကြောင်းခရီးစဉ်များဖြင့် ဆက်သွယ်ထားသည်။ နွေရာသီလများတွင် ဂျလာအာဘတ်မှ အစ်ဆီကူးပြည်နယ်သို့ အပတ်စဉ် ခရီးစဉ်များ ရှိသည်။
  • ဆိုဗီယက်ခေတ်တွင် တည်ဆောက်ခဲ့​သော အခြား လေယာဉ်ကွင်းများမှာ ပိတ်သိမ်းခြင်း၊ ရံဖန်ရံခါသာ အသုံးပြုခြင်းနှင့် စစ်ရေးကိစ္စများ အတွက်သာ အသုံးပြုခြင်းတို့ ရှိသည်။ (ဘိရှကက်မြို့ အနီးရှိ ကန့် လေတပ်စခန်းအား ရုရှားလေတပ်မှသာ အသုံးပြုသည်။)

လေကြောင်းလိုင်း ပိတ်ပင်ခံထားရခြင်း[ပြင်ဆင်ရန်]

ကာဂျစ္စတန်သည် ဥရောပသမဂ္ဂ၏ ပိတ်ပင်ထားသော လေကြောင်းလိုင်း မှတ်ပုံတင်နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ အဓိပ္ပာယ်မှာ ကာဂျစ္စတန်နိုင်ငံတွင် မှတ်ပုံတင်ထားသော မည်သည့် လေကြောင်းလိုင်းမဆို ဥရောပသမဂ္ဂ အတွင်း လေကြောင်းခရီးစဉ် ပြေးဆွဲခွင့် မရှိပေ။ ဘေးအန္တရာယ် ကင်းရှင်းရေး စံနှုန်းများမှာ ဥရောပမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မမှီ၍ ဖြစ်သည်။[၉၁]

ရထားပို့ဆောင်ရေး[ပြင်ဆင်ရန်]

မြောက်ပိုင်းရှိ ချွီးတောင်ကြားနှင့် တောင်ပိုင်းရှိ ဖာဂါးနားတောင်ကြားတို့သည် ဆိုဗီယက်ပြည်ထောင်စု ရထားလမ်းစနစ်၏ အလယ်အာရှ ခရီးဆုံး နေရာများ ဖြစ်ကြသည်။ ဆိုဗီယက်ခေတ် လွန်သွားပြီးနောက် လွတ်လပ်သော နိုင်ငံများ အဖြစ် ပေါ်ပေါက်လာသော အခါတွင် ယခင်က နိုင်ငံအလိုက် ထည့်မစဉ်းစားထားခဲ့သော ရထားလမ်းများမှာ နယ်စပ်များကြောင့် ပိတ်သွားပြီး အလွန်ကျုံ့သွား လေသည်။ ကာဂျစ္စတန်နိုင်ငံ အတွင်း ၂၃၀ မိုင် (၃၇၀ ကီလိုမီတာ) မျှသာ ရှည်လျားသော ရထားလမ်းသည် ယခင်ကကဲ့သို့ တပ်ရှ်ကန့်၊ အော်လ်မေတီ နှင့် အခြား ရုရှားရှိ မြို့များသို့ ခရီးရှည် သွားလာခြင်း မပြုနိုင်တော့သဖြင့် စီးပွားရေး အရ အသုံးဝင်မှု အနည်းငယ်သာ ရှိတော့သည်။

မြောက်ပိုင်းရှိ ဘာလစ်ချီ မှ တောင်ပိုင်းရှိ အော့ရှ်မြို့မှ တဆင့် တရုတ်ပြည်သို့ ရထားလမ်းဖြင့် ဆက်သွယ်ရန် အစီအစဉ် ရှိသော်လည်း မရေမရာပင် ဖြစ်ပြီး အကယ်၍ ဆောက်ဖြစ်မည် ဆိုပါကလည်း ကုန်ကျစရိတ် အလွန်အမင်း များပြားလိမ့်မည် ဖြစ်သည်။

အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ထားသော ရထားလမ်းများ[ပြင်ဆင်ရန်]

  • ကာဇက်စတန်နိုင်ငံ နှင့် ဆက်သွယ်ထားသော ရထားလမ်းရှိပြီး ဘိရှကက်မှ တဆင့် ဖြစ်သည်။ ရထားလမ်း အကျယ် တူညီသည်။
  • ဥဇဘက်ကစ္စတန်နိုင်ငံ နှင့် ဆက်သွယ်ထားသော ရထားလမ်းရှိပြီး အော့ရှ်မြို့မှ တဆင့် ဖြစ်သည်။ ရထားလမ်း အကျယ် တူညီသည်။
  • တာဂျစ်ကစ္စတန်နှင့် ဆက်သွယ်ထားသော ရထားလမ်း မရှိသော်လည်း ရထားလမ်း အကျယ် တူညီသည်။
  • တရုတ်နိုင်ငံ နှင့် ဆက်သွယ်ထားသော ရထားလမ်း မရှိသကဲ့သို့ ရထားလမ်း အကျယ်လည်း မတူညီပါ။

အဝေးပြေးလမ်းမများ[ပြင်ဆင်ရန်]

အော့ရှ်မြို့ရှိ လမ်းမြင်ကွင်း

အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ဘိရှကက်မြို့မှ အော့ရှ်မြို့သို့ ဆက်သွယ်ထားသော မြောက်ဘက် မှ အနောက်တောင်ဘက်သို့ သွားသည့် အဓိကလမ်းမကြီးမှာ လတ်တလောတွင် ပြီးစီးသွားခဲ့သည်။ ထို့အတွက်ကြောင့် နိုင်ငံရှိ လူဦးရေအများဆုံး မြို့ကြီး နှစ်မြို့ကို ဆက်သွယ်ရာတွင် သိသာစွာ လွယ်ကူသွားခဲ့ပြီး မြောက်ဘက်ရှိ ချွီးတောင်ကြားမှ တောင်ဘက်ရှိ ဖာဂါးနား တောင်ကြား အထိ သွားလာရေး လွယ်ကူ သွားခဲ့သည်။ ထိုလမ်းမှ ထပ်မံသွား၍ ရသော လမ်းမှာ မီတာ ၃,၅၀၀ မြင့်သော တောင်ကို ကျော်ဖြတ်၍ အနောက်မြောက်ဘက်ရှိ တာလာ့စ် တောင်ကြားသို့ ဝင်ရောက် သွားခဲ့သည်။ ယခုအခါ အော့ရှ်မြို့မှ တရုတ်နိုင်ငံသို့ အဓိကလမ်းများ ဖောက်လုပ်ရန် အစီအစဉ်ဆွဲလျက် ရှိကြသည်။

  • စုစုပေါင်း: ၂၁,၁၂၇ မိုင် (၃၄,၀၀၀ ကီလိုမီတာ) (၈၇ မိုင် (၁၄၀ ကီလိုမီတာ)) ရှည်လျားသော အမြန်လမ်း အပါအဝင်
  • ခင်းထားသောလမ်း: ၁၄,၀၄၃ မိုင် (၂၂,၆၀၀ ကီလိုမီတာ) (ရာသီဥတုတိုင်းတွင် အသုံးပြုနိုင်သော ကျောက်စရစ်လမ်းများလည်း ပါဝင်သည်။)
  • ခင်းမထားသောလမ်း: ၄,၇၈၅ မိုင် (၇,၇၀၀ ကီလိုမီတာ) (ထိုလမ်းများမှာ မညီညာသော မြေကြီးဖြင့် ခင်းထားပြီး စိုစွတ်သော ရာသီဥတုတွင် အသုံးပြုရန် ခက်ခဲသည်။)

ရေကြောင်းခရီးများ[ပြင်ဆင်ရန်]

ရေကြောင်းသွားလာရေးမှာ အစ်ဆီကူးရေကန်တွင်သာ ရှိပြီး ဆိုဗီယက်ခေတ် အပြီးတွင် သိသာစွာ လျော့ကျလာခဲ့သည်။

ဆိပ်ကမ်းများ[ပြင်ဆင်ရန်]

အစ်ဆီကူး ရေကန်တွင် ဘာလစ်ကူး ဆိပ်ကမ်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Kyrgyzstan's Constitution of 2010 with Amendments through 2016။ 2 September 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Основные итоги естественного движения населения январе-августе 2020г.။ stat.kg။
  3. မော်ကွန်းတင်ပြီးမိတ္တူ (XLS) (in ru,ky,en)။ Bureau of Statistics of Kyrgyzstan (2019)။ 13 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2021 တွင် ပြန်စစ်ပြီး။
  4. https://t.me/seychas_kg/7613
  5. History of Central Asia။ 12 March 2021 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ Kyrgyz Republicကမ္ဘာ့ဘဏ်။ 14 December 2019 တွင် ပြန်စစ်ပြီး။
  7. GINI index (World Bank estimate) - Kyrgyz Republicကမ္ဘာ့ဘဏ်။ 22 March 2020 တွင် ပြန်စစ်ပြီး။
  8. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  9. BBC News – Kyrgyzstan profile – Leaders။ Bbc.co.uk (14 December 2011)။ 26 March 2013 တွင် ပြန်စစ်ပြီး။
  10. "Investigating Kyrgyzstan's ethnic violence: Bloody business"၊ The Economist၊ 12 May 2011။ 26 March 2013 တွင် ပြန်စစ်ပြီး 
  11. Foreigners in Kyrgyzstan: 'Will We Be Banned, Too?'။ EurasiaNet.org (15 June 2011)။ 26 March 2013 တွင် ပြန်စစ်ပြီး။
  12. Kyrgyz private armies incite "permanent revolution" — RT။ Rt.com (17 March 2012)။ 26 March 2013 တွင် ပြန်စစ်ပြီး။
  13. Kyrgyzstan: Economy globalEDGE: Your source for Global Business Knowledge။ Globaledge.msu.edu (20 December 1998)။ 26 March 2013 တွင် ပြန်စစ်ပြီး။
  14. Kyrgyz Republic Economy: Population, GDP, Inflation, Business, Trade, FDI, Corruption။ Heritage.org။ 25 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 March 2013 တွင် ပြန်စစ်ပြီး။
  15. BBC News – Kyrgyzstan profile – Timeline။ Bbc.co.uk (10 October 2012)။ 26 March 2013 တွင် ပြန်စစ်ပြီး။
  16. Kyrgyz Unrest။ EurasiaNet.org။ 26 March 2013 တွင် ပြန်စစ်ပြီး။
  17. "Chapter 1: Religious Affiliation". The World's Muslims: Unity and Diversity. Pew Research Center's Religion & Public Life Project. 9 August 2012. Retrieved 4 September 2013
  18. Forty tribes and the 40-ray sun on the flag of Kyrgyzstan Archived 7 October 2009 at the Wayback Machine., SRAS–The School of Russian and Asian Studies
  19. King, David C (2005)။ Kyrgyzstan။ Marshall Cavendish။ p. 144။ ISBN 0-7614-2013-4
  20. "Kyrgyzstan timeline"၊ BBC News၊ 12 June 2010။ 
  21. Mirfatyh Zakiev, Origins of the Turks and Tatars, Part Two, Third Chapter, sections 109–100, 2002. Retrieved on 15 May 2009
  22. V.V. Bartold, The Kyrgyz: A Historical Essay, Frunze, 1927. Reprinted in V.V. Bartold, Collected Works, Volume II, Part 1, Izd. Vostochnoi Literatury, Moscow, 1963, p. 480
  23. "The Eurasian Heartland: A continental perspective on Y-chromosome diversity" (2001). Proceedings of the National Academy of Sciences 98 (18): 10244–10249. doi:10.1073/pnas.171305098. PMID 11526236. 
  24. Kyrgyzstan။ Encyclopædia Britannica (2010)။ 14 April 2010 တွင် ပြန်စစ်ပြီး။
  25. doi:10.1086/342096
    This citation will be automatically completed in the next few minutes. You can jump the queue or expand by hand
  26. "A Genetic Landscape Reshaped by Recent Events: Y-Chromosomal Insights into Central Asia" (2002). The American Journal of Human Genetics 71 (3): 466–82. doi:10.1086/342096. PMID 12145751. PMC:419996. 
  27. "Kyrgyzstan–Mongol Domination" Library of Congress Country Studies.
  28. "Uzbekistan – The Jadidists and Basmachis". Library of Congress Country Studies.
  29. Djumataeva၊ Venera (11 December 2009)။ 1989 Kyrgyz Protests Verged On Ethnic Conflict။ Rferl.org။
  30. ၃၀.၀ ၃၀.၁ "KYRGYZSTAN: Economic disparities driving inter-ethnic conflict"၊ IRIN Asia၊ 15 February 2006။ 
  31. "Ethnic Uzbeks in Kyrgyzstan Voice Complaints Over Discrimination, Corruption Archived 14 June 2010 at the Wayback Machine.". EurasiaNet.org. 24 January 2006.
  32. Tkachenko, Maxim။ "Kyrgyz president says he won't resign"၊ CNN၊ 9 April 2010။ 17 April 2010 တွင် ပြန်စစ်ပြီး 
  33. Expert: Kyrgysztan could face civil war။ UPI.com (9 April 2010)။ 17 April 2010 တွင် ပြန်စစ်ပြီး။
  34. AFP (10 April 2010)။ Ousted Kyrgyz president is offered 'safe passage'။ asiaone။ 14 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2013 တွင် ပြန်စစ်ပြီး။
  35. "Kyrgyz President Bakiyev 'will resign if safe'"၊ BBC News၊ 13 April 2010။ 17 April 2010 တွင် ပြန်စစ်ပြီး 
  36. "Ousted Kyrgyz president quits, leaves country"၊ CNN၊ 16 April 2010။ 
  37. Leonard, Peter (7 April 2010)။ Kyrgyz Opposition Controls Government Building။ The Associated Press via ABC News။ 11 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2015 တွင် ပြန်စစ်ပြီး။
  38. "There are clashes in the Kyrgyzstan again"၊ BBC၊ 11 June 2010။ 11 June 2010 တွင် ပြန်စစ်ပြီး 
  39. Shuster, Simon. (1 August 2010) "Signs of Uzbek Persecution Rising in Kyrgyzstan" Archived 17 August 2013 at the Wayback Machine.. Time.com. Retrieved on 6 December 2013.
  40. ၄၀.၀ ၄၀.၁ "Kyrgyz president asks for Russian help"၊ BBC၊ 12 June 2010။ 12 June 2010 တွင် ပြန်စစ်ပြီး 
  41. ၄၁.၀ ၄၁.၁ "Situation worsens in Kyrgyzstan"၊ bbc.co.uk၊ 13 June 2010။ 13 June 2010 တွင် ပြန်စစ်ပြီး 
  42. "Ousted Kyrgyz President's family blamed"၊ Associated Press via The Indian Express၊ 12 June 2010။ 13 June 2010 တွင် ပြန်စစ်ပြီး 
  43. "Osh gets relatively calmer but Jalalabad flares up"၊ BBC၊ 14 June 2010။ 14 June 2010 တွင် ပြန်စစ်ပြီး 
  44. "UN and Russian aid arrives"၊ BBC၊ 16 June 2010။ 16 June 2010 တွင် ပြန်စစ်ပြီး 
  45. Kyrgyz Commission Begins Investigating Ethnic Clashes. Rferl.org (2 August 2010). Retrieved on 6 December 2013.
  46. Siegel, Matt and Namatabayeva, Tolkun (5 August 2010) Attempted coup rocks tense Kyrgyzstan Archived 27 February 2014 at the Wayback Machine.. AFP.
  47. "Clashes erupt in Kyrgyz capital"၊ BBC Online၊ 7 November 2006။ 21 November 2007 တွင် ပြန်စစ်ပြီး 
  48. Refworld | Demand for prior approval of RFE/RL programmes called "intolerable"။ United Nations High Commissioner for Refugees (17 December 2008)။ 17 April 2010 တွင် ပြန်စစ်ပြီး။
  49. "Proposal to close the Manas Air Base"၊ BBC News၊ 4 February 2009။ 2 May 2010 တွင် ပြန်စစ်ပြီး 
  50. Kyrgyz Parliament Approves U.S. base closure. Associated Press. 19 February 2009
  51. Schwirtz, Michael and Levy, Clifford J. (23 June 2009) In Reversal, Kyrgyzstan Won't Close a U.S. Base. New York Times
  52. 2008 Corruption Perception Index။ Transparency International။ 11 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 March 2009 တွင် ပြန်စစ်ပြီး။
  53. "Maksim Bakiyev tracked not only in Bishkek, but also in the States?" Archived 12 December 2015 at the Wayback Machine.. Ferghana Information agency, Moscow. 16 October 2012.
  54. Kramer, Andrew E.။ "Uzbeks Accused of Inciting Violence in Kyrgyzstan"၊ 1 July 2010။ 16 April 2011 တွင် ပြန်စစ်ပြီး 
  55. Kyrgyzstan Passes Controversial Girl Travel Ban. EurasiaNet.org (13 June 2013). Retrieved on 2 October 2014.
  56. "Kyrgyzstan moves towards adoption of Russia's anti-gay law"၊ The Guardian။ 17 October 2014 တွင် ပြန်စစ်ပြီး 
  57. First troops move through new US transit point in Romania။ Stars and Stripes (5 February 2014)။ 5 February 2014 တွင် ပြန်စစ်ပြီး။
  58. Ott, Stephanie (18 September 2014)။ Russia tightens control over KyrgyzstanThe Guardian
  59. Escobar၊ Pepe (26 March 2005)။ The Tulip Revolution takes root။ Asia Times Online။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2015 တွင် ပြန်စစ်ပြီး။
  60. The exclave of Barak, Kyrgyzstan in Uzbekistan. Retrieved on 2 May 2009
  61. Map showing the location of the Kyrgyz exclave Barak. Retrieved on 2 May 2009
  62. CIA World Factbook. "Percentage of population below the poverty line by country" Archived 21 December 2016 at the Wayback Machine.. Cia.gov. Retrieved on 6 December 2013.
  63. "The Level of Poverty in Kyrgyzstan Will Continue to Grow"၊ Satrapia၊ 24 December 2012။ 
  64. "Kyrgyz unrest plays into regional rivalry"၊ Reuters၊ 8 April 2010။ 
  65. "Kyrgyzstan: Returning Labor Migrants are a Cause for Concern"၊ EurasiaNet.org၊ 2 April 2009။ 27 October 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 11 May 2011။ 
  66. ၆၆.၀ ၆၆.၁ Ethnic composition of the population in Kyrgyzstan 1999–2014 (in ru)။ National Statistical Committee of the Kyrgyz Republic။ 13 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 April 2014 တွင် ပြန်စစ်ပြီး။
  67. 10 Things You Need To Know About The Ethnic Unrest In Kyrgyzstan။ RFERL (14 June 2010)။
  68. "Kyrgyzstan – population". Library of Congress Country Studies. ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  69. KYRGYZSTAN: Focus on post-Akayev Russian exodusIRIN Asia (19 April 2005)။
  70. Flynn, Moya (1994)။ Migrant resettlement in the Russian federation: reconstructing 'homes' and 'homelands'။ p. 15။ ISBN 1-84331-117-8
  71. Kokaisl, Petr and Kokaislova, Pavla (2009)။ The Kyrgyz – Children of Manas. Кыргыздар – Манастын балдары။ NOSTALGIE Praha။ p. 132။ ISBN 978-80-254-6365-9CS1 maint: multiple names: authors list (link)
  72. Перепись населения и жилищного фонда Кыргызской Республики (Population and Housing Census of the Kyrgyz Republic), 2009။ NSC of Kyrgyzstan။ 21 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2012 တွင် ပြန်စစ်ပြီး။
  73. Kyrgyzstan။ State.gov။ 17 April 2010 တွင် ပြန်စစ်ပြီး။
  74. MAPPING THE GLOBAL MUSLIM POPULATION Archived 19 May 2011 at the Wayback Machine.. A Report on the Size and Distribution of the World’s Muslim Population. Pew Research Center. October 2009
  75. Pew Forum on Religious & Public life. 9 August 2012. Retrieved 29 October 2013.
  76. Kyrgyz Officials Reject Muslim Sect။ RFE/RL (6 January 2012)။ 7 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2014 တွင် ပြန်စစ်ပြီး။
  77. ၇၇.၀ ၇၇.၁ ISN Security Watch – Islam exerts growing influence on Kyrgyz politics။ Isn.ethz.ch။ 2 May 2010 တွင် ပြန်စစ်ပြီး။
  78. ၇၈.၀ ၇၈.၁ EurasiaNet Civil Society – Kyrgyzstan: Time to Ponder a Federal System – Ex-President's Daughter။ Eurasianet.org (17 July 2007)။ 6 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 May 2010 တွင် ပြန်စစ်ပြီး။
  79. Religion and expressive culture – Kyrgyz။ Everyculture.com။ 2 May 2010 တွင် ပြန်စစ်ပြီး။
  80. Kirguistán la Iglesia renace con 600 católicos။ ZENIT (2 October 2008)။ 7 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2015 တွင် ပြန်စစ်ပြီး။
  81. Religion in Kyrgyzstan။ Asia.msu.edu (4 March 2010)။ 2 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 May 2010 တွင် ပြန်စစ်ပြီး။
  82. Shaikh Muhammad Bin Jamil Zeno, Muhammad Bin Jamil Zeno, 2006, pg. 264
  83. Human Rights Activists Condemn New Religion Law။ Eurasianet.org (16 January 2009)။ 29 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 May 2010 တွင် ပြန်စစ်ပြီး။
  84. Lom၊ Petr (March 2004)။ Synopsis of "The Kidnapped Bride"။ Frontline/World။
  85. "Reconciled to Violence: State Failure to Stop Domestic Abuse and Abduction of Women in Kyrgyzstan" Archived 4 March 2016 at the Wayback Machine.. Human Rights Watch Report. September 2006, Vol. 18, No.9.
  86. Issyk-Kul: Chasing short-term profit။ New Eurasia။ 3 May 2011 တွင် ပြန်စစ်ပြီး။
  87. Kyrgyzstan။ FIFA။ 12 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 May 2011 တွင် ပြန်စစ်ပြီး။
  88. "Kyrgyzstan Olympic Medals"၊ USATODAY၊ 16 September 2008။ 3 May 2011 တွင် ပြန်စစ်ပြီး 
  89. Lundqvist၊ Henrik (5 February 2011)။ Kyrgyzstan wins the Asian Winter Games Premier Division 2011။ EuroHockey။
  90. Team picture with Japan after their first meeting in the World Championships Archived 19 August 2012 at the Wayback Machine.. bandy.or.jp.
  91. List of banned E.U. air carriers။ 2 May 2010 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

အစိုးရ
အထွေထွေ