ရာဝဏ
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ရာဝဏ (သင်္သကရိုက်: रावण၊ သီဟိုဠ်: இராவணன்၊ Turkmen: රාවණ) သည် ရာမာယဏဇာတ်တွင် အဓိက ရန်သူတော် ဇာတ်ကောင်ဖြစ်သည်။ ဦးခေါင်းဆယ်လုံးရှိသော ဘီလူးဖြစ်၍ ဟိန္ဒီဘာသာ၌ ဒၐါနာန် (ဒသာနာန= ဆယ်ခုသော နှုတ်မျက်နှာ)၊ မြန်မာဘာသာ၌ ဒဿဂီရိ (ဒဿ − ဆယ်ခု၊ ဂီရိ − ခေါင်း၊ တောင်ထွတ်)၊ ထိုင်းဘာသာ၌ ဒဿကဏ္ဌ (ทศกัณฐ์, Thotsakan = လည်ပင်း ဆယ်ခု) ဟု လူသိများသည်။ ယခု သီရိလင်္ကာနိုင်ငံဟု အယူများသော လင်္ကာဒီပကျွန်း၏ ပြည့်ရှင် ဧကရာဇ်မင်းဖြစ်၏။ ညီမဖြစ်သူ သုပ္ပနခါ၏ နှာခေါင်းကို ဖြတ်သည့်အတွက် ရာမနှင့် လက္ခဏတို့အား လက်စားချေရန် သီတာအား အတင်းဖမ်းယူသွားခဲ့ပြီး စစ်ကို မီးမွေးခဲ့သည်ဟု ဆို၏။ ထိုစစ်ပွဲ၌ ရဲစွမ်းတန်ခိုးလက်ရုံးစုံသော လင်္ကာ မင်းညီမင်းသားအပေါင်း ကျဆုံးခဲ့ရသည်။ ဆုတောင်းကောင်းခဲ့သဖြင့် နတ်၊ ဗြဟ္မာ၊ ဘီလူးနှင့် အသူရာတို့၏ သတ်ဖြတ်ခြင်းကို မခံရနိုင်သော တန်ခိုးဆု ရရှိထားသူဖြစ်ပါလျက် မာနဘဝင်ထောင်လွှားစော်ကားလွန်းသောကြောင့် နောက်ဆုံး ရာဝဏဘီလူးမင်းလည်း လူသားလက်ချက်ဖြင့် သေပွဲဝင်ရသည်။ ဤသို့ ဒေါသ အကုသိုလ် ပြစ်ချက် များစွာရှိသော်လည်း ရာဝဏသည် ဘုန်း၊ တန်ခိုးအာနုဘော်၊ ဉာဏ်ပညာ၊ ကုသိုလ်ကံအားကောင်းလွန်းသူဖြစ်ပြီး မိမိ အမျိုးအနွယ်၏ ကျက်သရေဂုဏ်ဆောင် ဝိဇ္ဇာအသိတထောင် တတ်မြောက်သော စစ်သည်တော် ရှင်ဘုရင်တပါးဖြစ်၍ ကောင်းချက်များလည်း ရှိသည်ဟု ချီးမွမ်းလေးစားကြသည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ရသေ့ကြီး ဝိဿဝ (ဝိၐြဝ) နှင့် ဒေစ္စနွယ် အသုရာမင်းသမီး ကေကသီ တို့မှ မွေးသည်။ ကေကသီ ဖခင် အသုရာမင်း သုမာလိ ကမ္ဘာပေါ်ရှိ အာဏာအရှိဆုံးသူကို ရွေးစေလိုသော်လည်း ကေကသီ သည် အိမ်ထောင်ရှင် ရသေ့ကြီး ဝိဿဝကို ရွေးခဲ့သည်။ ဝိဿဝ၌ ဇနီးသည် ဣလဝိဒါ ဖြင့် ဝေဿဝဏ (ဝဲၐြာဝဏ) ခေါ် ကုဝေရ ဖွားမြင်ပြီးဖြစ်၏။
ဝေဿဝဏ ၏ ဆန့်ကျင်ဘက် အမေကွဲ ညီဖြစ်သောကြောင့်၎င်း၊ (ရဝတိ=)မြည်တမ်းကြွေးကြော်သံ ပြုတတ်သောကြောင့်၎င်း ရာဝဏ ဟု တွင်၏။
ရာဝဏ၏ မွေးချင်းညီတော်များမှာ ဝိဘီသဏ နှင့် ကုမ္ဘကဏ္ဏဖြစ်ပြီး အငယ်ဆုံးညီမမှာ သုပ္ပနခါ မည်၏။ အချို့ နှောင်းမူများ၌ မဟီရာဝဏ (ဝါ) အဟိရာဝဏ ကို ရာဝဏမင်း၏ ညီတော် သို့မဟုတ် သားတော်ဟု ထည့်ကြ၏။
ငယ်စဉ်ကပင် သဘောထားပြင်းပြီး ကြိုးစားသော စာသင်သားဖြစ်သည်။ ဖခင်၏ သင်ကြားမှုအောက်တွင် ဝေဒ ၄ စောင်၊ ပဏ္ဍိတကျမ်း ၆ စောင်နှင့် သျှတ္တရကျမ်းဂန် အမျိုးမျိုးကို တတ်မြောက်သည်။
စောင်းတီးလည်း ကျွမ်းသည်။ အဘိုး သုမာလိကလည်း အသုရာပြည်မှ အတတ်ဝိဇ္ဇာ တို့ကို သင်ပေးသည်။
ဒဿဂီရိ ဖြစ်လာပုံ
[ပြင်ဆင်ရန်]စာပေလေ့လာပြီးနောက် ဗြဟ္မာမင်းအား ပူဇော်သည့်အနေဖြင့် နှစ်အတော်ကြာ မီးကို လုပ်ကျွေးသည်။ ထိုကာလများတွင် ခေါင်းကိုဖြတ်ကာ မီးပူဇော်သည်များလည်း ရှိသည်။ သူ့ခေါင်းအား ဖြတ်သည့်အခါတိုင်း အသစ်ပြန်ပေါ်ကာ မီးကို ဆက်၍ လုပ်ကျွေးရသည်။ သူ့ခေါင်းအား ၁၀ ကြိမ်ဖြတ်ကာ ပူဇော်အပြီး၌ ဗြဟ္မာမင်းက သူ၏ အကျင့်ကို သဘောကျ၍ သဘောလိုရာဆုကို တောင်းစေသည်။
ရာဝဏက ထာဝရရှင်သန်ခွင့် (အမတ)ကို တောင်းသည်။ ဗြဟ္မာက ထိုအခွင့်ကို မပေးနိုင်သောကြောင့် ထို့အစား နတ်အမြိုက်ရည်အိုး ကို ပေးသည်။ အမြိုက်ကိုမူ မသောက်စေဘဲ ချက်ကြိုးတွင် သွင်းရုံသွင်းထားက အမြိုက်အိုး လုံသမျှကာလပတ်လုံး မသေသောအခွင့်ကို ရမည်ဖြစ်သည်။
ရာဝဏက မြွေနှင့် သားရိုင်းတို့မှ မယိုင်မလဲနိုင်ခြင်းကို တောင်းပြန်သည်။ ဗြဟ္မာက ထိုဆုကို ပေးသည်။ အပိုဆောင်းအနေဖြင့် ယခင်ဖြတ်ခဲ့သော ခေါင်းများနှင့် အလွန်ကြီးသော အား၊ အတုမဲ့လက်နက်တို့အကြောင်းနှင့် ဝိဇ္ဇာပညာရပ်တို့ကို သိနိုင်သော ဉာဏ်ကို ပေးသည်။ ထိုမှစ၍ ရာဝဏကား ဒဿဂီရိ, ဒဿကဏ္ဌ, ဒသာနာန ဟု ထင်ရှားလာသည်။
လင်္ကာပြည့်ရှင်
[ပြင်ဆင်ရန်]ဒဿဂီရိဟူ၍ ဖြစ်လာပြီးနောက် ဘိုးတော် သုမာလိ အသုရာမင်း ထံမှ စစ်တပ်တောင်းကာ လင်္ကာပြည်ကို သိမ်းမည်ပြုသည်။ လင်္ကာပြည်ကို ထိုစဉ်က ရာဝဏ၏ အဖေတူ အမေကွဲ နောင်တော် ဝေဿဝဏ်နတ်မင်း ကုဝေရက အုပ်ချုပ်သည်။ ဖခင်ရသေ့ကြီးက ရာဝဏနှင့် မပြိုင်ဘက်ရန် ဆိုသဖြင့် ကုဝေရက တိုင်းပြည်ကို လက်လွှတ်လိုက်သည်။ ရာဝဏ အုပ်ချုပ်စဉ်တွင် လင်္ကာပြည်မှာ အလွန်စည်ပြောပြီး ဆင်းရဲငတ်မွတ်သူ မရှိခဲ့ပေ။
အိမ်ထောင်ဘက်
[ပြင်ဆင်ရန်]ရာဝဏသည် ဘုန်းကြီးသော ရှင်ဘုရင်ပီပီ ကာမဂုဏ်နှင့် မိန်းမလိုက်စားတတ်သော အကျင့်ရှိသည်။ သူ၏ တရားဝင် မိဖုရားခေါင်မှာ မာယာသူရ မင်း နှင့် ဟေမာဒေဝီ၏ သမီးတော် မန္ဒောဒရီ ဖြစ်သည်။ မန္ဒောဒရီသည် နတ်မျိုးနွယ်ဖြစ်၍ တြေတယုဂ မြေအပြင်၌ လူ့ပြည်ဖွား သီတာမင်းသမီးထက် ဇာတ် နှင့် ရုပ်ရည် ပိုအားကောင်းသော်လည်း ရှင်ဘုရင် ရာဝဏမှာ ရောင့်ရဲတတ်သူမဟုတ်။ မည်သို့ပင်ဖြစ်စေ မန္ဒောဒရီ၏ အကျင့်သီလ၊ ဒါန နှင့် ဇနီးဝတ်ကျေပွန်ခြင်းမှာ အထူးခြားဆုံး ဂုဏ်ပုဒ်ဖြစ်၏။ မန္ဒောဒရီမှ အပ ဓညမာလိနီ မိဖုရားနှင့် အခြားမောင်းမများစွာ ကိုယ်လုပ်တော်များစွာ ရှိသေးသည်။ ထိုဇနီးတို့မှ သား ၇ ယောက် ရသည်။