ဂျော်ဂျီယာနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဂျော်ဂျီယာ
Georgia
საქართველო
Sakartvelo
ဂျော်ဂျီယာနိုင်ငံ၏ အလံတော်
ဂျော်ဂျီယာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: Strength is in Unity
နိုင်ငံတော် သီချင်း: Freedom
ဂျော်ဂျီယာနိုင်ငံ    ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
တဘီလစ်ဆီမြို့
ရုံးသုံး ဘာသာစကားများ ဂျော်ဂျီယာ
အမျိုးအစား သမ္မတအစိုးရ
အစိုးရ
• သမ္မတ
Mikheil Saakashvili
• ဝန်ကြီးချုပ်
Nikoloz Gilauri
တည်ထောင်
• ဆိုဗီယက်မှ လွတ်လပ်ရေး (ကြေငြာခြင်း)
၉ ဧပြီ၁၉၉၁
ဧရိယာ
• စုစုပေါင်း
၂၆,၉၁၁ စတုရန်းမိုင် (၆၉,၇၀၀km²) (အဆင့်: ၁၂၀)
လူဦးရေ
• ခန့်မှန်း
၄,၆၃၆,၄၀၀[၁] (အဆင့် - ၁၂၁)
• သိပ်သည်းမှု
၆၈.၁/km² (၁၆၄.၂/sq mi) (အဆင့် - ၁၄၄)
GDP (PPP) ခန့်မှန်း
• စုစုပေါင်း
၂၂.၄၄၃ ဘီလီယံ[၂]
• Per capita
$၅,၁၁၄[၂]
HDI ၀.၆၉၈[၃]
အလယ် · ၇၄
ငွေကြေး လာရီ
တယ်လီဖုန်းကုဒ် +၉၉၅
Internet TLD .ge
Georgia cities01.png

ပင်လယ်နက်နှင့် ကက်စပီယံပင်လယ် ၂ ခုကြားတွင် ကော်ကေးဆပ်တောင်တန်းများ ရှိသည်။ ထိုတောင်တန်းများကို အစွဲပြု၍ ထိုဒေသတစ်ဝိုက်ကို ကော်ကေးဆပ်ဒေသဟု ခေါ်တွင်သည်။ ဂျောဂျီးယားပြည်နယ်သည် ထိုဒေသတွင်ရှိ၍ ဆိုဗီယက်နိုင်ငံတွင် ပါဝင်သော ပြည်နယ်တစ်နယ် ဖြစ်သည်။ ကော်ကေးဆပ်တောင်တန်းနှင့် အာမီးနီးယားနယ်တို့၏အကြားတွင် တည်ရှိ၏။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၂၉ဝဝဝ ကျယ်၍ လူဦးရေ ၃၅၄၂၃ဝဝ ရှိသည်။ ရုရှနိုင်ငံ၏ ကွယ်လွန်သူ သမ္မတစတာလင်သည် ဂျောဂျီးယားနယ်တွင် ဖွားမြင်သူ ဖြစ်၏။ ထိုနယ်၏ မြို့တော်မှာ တစ်ဖလစ်မြို့ဖြစ်၍ လူဦးရေ ၅၁၉၁၇၅ ခန့်ရှိသည်။ ဗာတွမ်းမြို့သည် ဂျောဂျီးယားနယ်၏ သင်္ဘောဆိပ်မြို့ ဖြစ်၏။

ဂျောဂျီးယားနယ်တွင် အများအားဖြင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အထူးသဖြင့် လက်ဖက်၊ ပြောင်း၊ ဆေးပင်၊ ပိုးစာပင်၊ စပျစ်သီး၊ ဝါဂွမ်းများကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ သဘာဝတွင်းထွက်ပစ္စည်းများစွာ ရရှိ၍ ကမ္ဘာပေါ်တွင် မန်ဂနိ အများဆုံးထွက်ရာဒေသ ဖြစ်သည်။ အဖိုးတန်သစ်တောကြီးများ ရှိသော်လည်း သစ်လုပ်ငန်းကိုကား ကောင်းစွာ မလုပ်ကြသေးချေ။ဆိုဗီယက်အစိုးရ၏ ကြီးမှူးဆောင်ရွက်ချက်ကြောင့် ရေအားဖြင့် ခုတ်မောင်းသော လျှပ်စစ်စက်ရုံကြီးများ တည်ဆောက်၍ သဘာဝပစ္စည်းများကို တူးဖော်ရာ၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ဂျောဂျီးယန်းဘာသာစကားကို တောင် ဘက် ကော်ကေးကပ်နယ် အားလုံးလိုလို၌ပင် ပြောကြ၍ ယခုအခါ ရုံးသုံးဘာသာစကား ဖြစ်လာလေပြီ။ ဂျောဂျီးယန်းလူမျိုးများသည် ရုပ်ဆင်းအင်္ဂါလှပကြသည့်အပြင် ကစားခုန်စား၌ လည်း ထူးချွန်ကြပေသည်။

ဂျောဂျီးယားပြည်နယ်သည် နှစ်ပေါင်း ၂ဝဝဝ ကျော်အောင်ပင် မင်းဆက်မပြတ်ဘဲ ကိုယ့်မင်းကိုယ်ချင်းနှင့် နေလာသော နိုင်ငံ ဖြစ်သည်။ ၁၈ဝ၁ ခုနှစ်တွင် တူရကီတို့၏ ဘေးရန်မှ ကင်းလွတ်ရန် ရုရှနိုင်ငံ၏ လက်အောက်ခံအဖြစ် ဝင်ရောက်လာသည်မှာ ရုရှပိုင်နယ်တစ်နယ်ဖြစ်လာသည်။ ၁၉၁၇ ခုနှစ် ရုရှတော်လှန်ရေးကြီး ပြီးဆုံးအောင်မြင်လာသောအခါ ထိုနယ်၏ လွတ်လပ်ရေးကို ကျေညာခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် အဇာဗိုင် ဂျန်နယ်၊ အာမီးနီးယားနယ်တို့နှင့် ပူးပေါင်း၍ ထရန်စကောကေးရှန်း ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှစ၍ ဆိုဗီယက် ရုရှအစိုးရး၏ လက်အောက်ခံ၊ ဆိုဗီယက်သမ္မတနိုင်ငံငယ်တစ်ခုအဖြစ်ဖြင့် သီးခြားတည်ရှိခဲ့လေသည်။[၄] ဂျော်ဂျီယာသမ္မတနိုင်ငံသည် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆိုဗီယက် ပြည်ထောင်စု ဟောင်းပြိုကွဲပြီးနောက် အစားထိုးဖွဲ့စည်းခဲ့သည့် ၁၁ နိုင်ငံ ပါဝင်သော လွတ်လပ်သောနိုင်ငံများ ဓနသဟာယအဖွဲ့တွင် ပါဝင်ခြင်းမရှိဘဲ သီးခြားရပ်တည်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဂျော်ဂျီယာနိုင်ငံတွင် ပြည်တွင်းရေး မတည်မငြိမ်မှုများကို ယခုတိုင်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ၁၉၉၂ ခုနှစ်၊ မတ်လက ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ဆိုဗီယက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရှီဗာနာဇေ ဦးဆောင်သော ဂျော်ဂျီယာ နိုင်ငံတော်ကောင်စီသည် ပြည်တွင်းဆန့်ကျင်ဘက် အင်အားစုများ၏ တုံ့ပြန်မှုကို ရင်ဆိုင် ရင်း ဒီမိုကရက်တကစ် ဂျော်ဂျီယာဖွဲ့စည်း ဖြစ်မြောက်ရေးကို ဦးတည်ကြိုးပမ်းလျက် ရှိသည်။ ဤနေရာတွင် ဂျော်ဂျီယာ နိုင်ငံ၏ နောက်ကြောင်းသမိုင်းဖြစ်စဉ် အချို့ကို ပြန်လည် သုံးသပ်ရန် လိုမည်ဖြစ်သည်။

နောက်ကြောင်းဖြစ်ရပ်များ - ၁၉၉ဝ ပြည့်နှစ်၊ အောက်တို ဘာလတွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီဂမ်ဆတ်ဟာဒီးယား၏ အင်အားစုများက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဂျော်ဂျီယာပါလီမန်က ဂျော်ဂျီယာ လွတ်လပ် ရေးကို ကြေညာခဲ့သည်။ အခြေအနေများ ဆက်လက်တိုးတက် ဖြစ်ပေါ်ခဲ့ရာ ၁၉၉၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် အမျိုးသား ရေးဝါဒီခေါင်းဆောင် ဂမ်ဆတ်ဟာဒီးယားမှာ ဂျော်ဂျီယာနိုင်ငံ ၏ သမ္မတအဖြစ် ရွေးကောက်တင်မြေ|ာက်ခံရသည်။ ယင်းသို့ ရှိနေခဲ့ရာမှ သမ္မတ ဂမ်ဆတ်ဟာဒီးယား ဦးဆောင်သော ဂျော်ဂျီယာအစိုးရအဖွဲ့အတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီး ၁၉၉၁ ခုနှစ်၊ ဩဂုတ်လတွင် ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးတို့ အစိုးရအဖွဲ့မှ နုတ်ထွက်သည်အထိ ဖြစ်ခဲ့ရသည်။

အခြေအနေများ တစ်စတစ်စ တင်းမာလာခဲ့ရာ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သမ္မတ ဂမ်ဆတ်ဟာ ဒီးယားအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများအား အကြမ်းဖက် တိုက် ခိုက် မှုများ ဖြစ်ပွားခဲ့သည်။ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ပုန်ကန်သူတပ်သားများ အပါအဝင် အတိုက်အခံ အင်အားစု များက ပါလီမန် အဆောက်အအုံကို စီးနင်း တိုက်ခိုက်ခဲ့ကြ သည်။ ဆန့်ကျင်သူများက သမ္မတဂမ်ဆတ်ဟာဒီးယား၏ အာဏာရှင်လုပ်ရပ်များကို အဆုံးသတ်ရန်ဖြစ်သည်ဟု ပြောကြားသည်။ ဂမ်ဆတ်ဟာ ဒီးယား သမ္မတရာထူးမှ နုတ်ထွက်ပေးရန်ကိုလည်း တောင်းဆိုကြသည်။ သမ္မတ ဂမ်ဆတ်ဟာ ဒီးယားကလည်း အတိုက်အခံများနှင့် စေ့စပ် ညိ|နှိုင်းမည်မဟုတ်ကြောင်း၊ ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောမည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောကြားကာ တင်းခံခဲ့သည်။ သမ္မတကို သစ္စာခံသည့် တပ်ဖွဲ့များကလည်း ကြံ့ကြံ့ခံခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့အတွင်း အကြမ်းဖက်တိုက်ခိုက်မှု များတွင် ၁၁၃ ဦးသေဆုံးပြီး ၄၂ဝ ဒဏ်ရာ ရရှိခဲ့သည်။ နောက်ဆုံး အဆုံးအဖြတ်ပေးသည့် ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ပွဲတွင် အဆင့်မြင့် လေ့ကျင့်ထားသည့် လုံခြုံရေးတပ်သား ၆ဝ ဦးက သမ္မတကို စွန့်ခွာသွားသဖြင့် မြို့တော် တီဘလီစီရှိ ပါလီမန် အဆောက်အအုံ မြေအောက်ခန်းတွင် ပုန်းခိုနေသော သမ္မတဂမ်ဆတ်ဟာဒီးယားသည်လည်း ပါလီမန်အဆောက်အအုံ နောက်ဘက်ပေါက်မှ ထွက်ပြေးခဲ့ရသည်။ အတိုက်အခံ အင်အားစုများက ၎င်းထွက်ခွာရာ လမ်းကြောင်းကို တားဆီး ပိတ်ဆို့ခြင်းမရှိဘဲ ထွက်ပေါက်ပေးခဲ့ရာ သမ္မတဂမ်ဆတ်ဟာဒီး ယားသည် အာမေးနီးယား အရှေ့မြောက်ဒေသရှိ အစ်ဇီဗန်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

သမ္မတမရှိသည့်နောက် အတိုက်အခံပါတီအားလုံး၏ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကာ စစ်ကောင်စီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ယင်းစစ်ကောင်စီက ဂျော်ဂျီယာနိုင်ငံကို အုပ်ချုပ် ခဲ့သည်။ ထိုစဉ်က အတိုက်အခံတို့၏ အာဏာသိမ်းမှုကို ဒီမိုကရက်တစ်တော်လှန်ရေးအောင်ပွဲအဖြစ် ဆိုဗီယက်နိုင်ငံခြား ရေးဝန်ကြီးဟောင်း ရှီဗာနာဇေက ချီးကျူးထောမနာပြုခဲ့သည်။ ဒီမိုကရက်တစ် ဂျော်ဂျီယာဖွဲ့စည်းဖြစ်စပေါ်ရေးအတွက်လည်း အစွမ်းကုန် ကူညီဆောင်ရွက်သွားလိုကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

အာမေးနီးယားနိုင်ငံတွင် နိုင်ငံရေးခိုလှုံနေသည့် ဂမ်ဆတ်ဟာဒီးယားသည် ၁၉၉၂ ခုနှစ်၊ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မိမိ၏ နေရပ်သို့ ရုတ်တရက်ပြန်လာခဲ့ပြီး လူထု စည်းဝေးပွဲတစ်ရပ်တွင် ဂျော်ဂျီယာစစ်ကောင်စီ အစိုးရအား ပြည်တွင်းစစ်ဆင်နွဲတိုက်ခိုက်သွားရန်နှင့် ဂျော်ဂျီယာ အနောက် ပိုင်း ဒေသတွင် မက်ဂရယ် - အက်ဘ်ခါဇီယန်နိုင်ငံ ထူထောင် ရေးကို တိုက်တွန်းလှုံ့ဆော်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီ အစိုးရအဖွဲ့သစ်အနေဖြင့် ဂျော်ဂျီယာတစ်နိုင်ငံလုံးကို ထိန်းချုပ် နိုင်ခဲ့ပြီဖြစ်ရာ သမ္မတဂမ်ဆတ်ဟာဒီးယားအား ထောက်ခံသော အင်အားစုများ၏ လှုပ်ရှားမှုများမှာ အရာမရောက်ခဲ့ပေ။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဂျော်ဂျီယာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ မြို့တော် တီဘလီစီ အပါအဝင် ဂျော်ဂျီယာ နောက်ပိုင်း မြို့ကြီး များတွင် ဖြုတ်ချခြင်းခံရသည့် သမ္မတ ဂမ်ဆတ်ဟာဒီးယားအား ထောက်ခံသည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဂျော်ဂျီယာစစ်ကောင်စီက ဂျော်ဂျီယာဒီမို ကရက်တစ် သမ္မတနိုင်ငံ၏ ၁၉၂၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ကျင့်သုံးကြောင်း ကြေညာခဲ့သည်။

ဤအခြေအနေတွင် ဂျော်ဂျီယာ အာဏာရခေါင်းဆောင် များက ယခင် ဆိုဗီယက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရှီဗာနာ ဇေအား ဂျော်ဂျီယာနိုင်ငံသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့သည်။ ၁၉၉၂ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ရှီဗာနာဇေသည် မိမိ၏ မွေးရပ်မြေ ဂျော်ဂျီယာနိုင်ငံသို့ပြန်လာခဲ့သည်။ လေးရက် အကြာတွင် စစ်ကောင်စီတရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအာဏာ ကို အသစ်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ရှီဗာနာဇေသည်လည်း နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

မတ်လအတွင်း ဂျော်ဂျီယာနိုင်ငံ အနောက်ပိုင်းတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား ခဲ့ရာ သမ္မတ ဂမ်ဆတ်ဟာ ဒီးယားအား ထောက်ခံသူများက ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဖြစ်သည့် အက်ဘ်ခါဇီယာရှိဇူဒီဒီမြို့နှင့် ပိုတီပင်လယ်နက် ဆိပ်ကမ်းမြို့ ဝန်းကျင်တစ်ဝိုက်တွင် ခြေကုပ်ယူနိုင်ခဲ့သည်။ သို့ရာတွင် ဂျော်ဂျီယာအစိုးရတပ်ဖွဲ့များက ၎င်းတို့အား ပိုတီ ပင်လယ်နက် ဆိပ်ကမ်းမြို့မှ မောင်းထုတ်နိုုင်ခဲ့ပြီး ဇူဒီဒီမြို့ အပါအဝင် အနီးဝန်းကျင်မြို့များကိုပါ ထိန်းချုပ်နိုင်ခဲ့သည်ဟု ၁၉၉၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ကြေညာခဲ့သည်။

အခြေအနေများ ယင်းသို့ ဖြစ်ပေါ်လျက်ရှိစဉ် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ဂျော်ဂျီယာ ဒုတိယ ဝန်ကြီး ချုပ် ဖြစ်သူမှာ ဇူဒီဒီမြို့အနီးတွင် ပြန်ပေးဆွဲခြင်းခံရသည်။ ယင်းဖြစ်ရပ်အတွက် ဂမ်ဆတ်ဟာဒီးယားအား ထောက်ခံ သူများကို ရှီဗာနာဇေက ပြစ်တင်ပြောကြားလိုက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် ဇူဒီဒီသို့ကိုယ်တိုင်သွားရောက်ခဲ့သည်။ သို့ရာတွင် မည်သို့မျှထူးခြားမလာခဲ့ချေ။

ယင်းဇူလိုင် ၂၃ ရက်နေ့မှာပင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသဖြစ်သည့် အက်ဘ်ခါဇီယာ ပါလီမန်က အက်ဘ်ခါဇီ ယာဒေသအား အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ကြေ ညာခဲ့သည်။ ၁၉၂၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြန်လည်ပြဋ္ဌာန်းခဲ့သည်။ ၁၉၂၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြန်လည်ပြဋ္ဌာန်းခဲ့သည်။ ဂျော်ဂျီယာ နိုင်ငံ တော် ကောင်စီက အဆိုပါပြန်လည်ပြဋ္ဌာန်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားမဝင်ဟု ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ဂျော်ဂျီယာ နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ရာ ယင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၄ ရက် နေ့တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂသို့ ဝင်ခွင့်ရသည့်နေ့ကို အမျိုးသား ပြန်လည်သင့်မြတ်ခြင်းနေ့ဟု ခေါ်ဝေါ်ခဲ့သည်။

ဂျော်ဂျီယာနိုင်ငံတော်ကောင်စီကလည်း အရေးပေါ် အခြေအနေ နှင့် တီဘလီမြိုတော်တွင် ညမထွက်ရ အမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ချက် တစ်ရပ်အနေဖြင့် ဂမ်ဆတ်ဟာဒီးယားအား ထောက်ခံသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ကြေညာခဲ့သည်။

ယင်းသို့ရှိနေခဲ့ရာမှ ဂမ်ဆတ်ဟာဒီးယား ထောက်ခံသူ များက ဓားစာခံအဖြစ်ဖမ်းဆီးထားသော ဂျော်ဂျီယာ ဒုဝန်ကြီး ချုပ်အား ပြန်လွှတ်ပေးရေးအတွက် စေ့စပ်ဆွေးနွေးရန် အနောက်ပိုင်း ဂျော်ဂျီယာရှိ ဇူဒီဒီမြို့သို့ သွားရောက်ကြသူ အစိုးရကိုယ်စားလှယ်များအား ဂမ်ဆတ်ဟာဒီးယား ထောက်ခံ သူများက ဩဂုတ်လ ၁၁ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့ပြန် သည်။ အနောက်ပိုင်း ဂျော်ဂျီယာဒေသသည် ဂမ်ဆတ်ဟာ ဒီးယား ထောက်ခံသူတို့၏ အခြေခံစခန်းဖြစ်သည်။ ဂမ်ဆတ် ဟာဒီးယားမှာ ချီချန်သမ္မတနိုင်ငံဟု ကိုယ့်သဘောဖြင့်ကိုယ် ကြေညာထားသော ဒေသတွင် ခိုလှုံလျက်ရှိသည်ဟု ဆိုသည်။ ချီချန်သည် ရုရှားတောင်ပိုင်း ရုရှားပြည်ထောင်စုအတွင်း တည်ရှိသည်။

အက်ဘ်ခါဇီယာဒေသက လွတ်လပ်ရေးကြေညာခဲ့သည့် ဖြစ်ရပ်နှင့် အထက်ပါဖြစ်ရပ်တို့ကို အကြောင်းပြု၍ ဂျော်ဂျီယာ ခေါင်းဆောင် ရှီဗာနာဇေသည် ၎င်းအားဆန့်ကျင် အတိုက်အခံ ပြုသူများအား ၁၉၉၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကြေညာခဲ့သည်။ ဂျော်ဂျီယာ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့များကိုလည်း အက်ဘ်ခါဇီယာဒေသသို့ ဩဂုတ်လ ၁၄ ရက်နေ့တွင် စေလွှတ်ခဲ့သည်။အက်ဘ်ခါဇီယာဒေသ အာဏာပိုင် များကလည်း ဤသို့ ဂျော်ဂျီယာတပ်ဖွဲ့များဝင်ရောက်မှုကို ကျူးကျော်မှုအဖြစ် သတ်မှတ်ပြီး ရှုတ်ချကြသည်။ ဩဂုတ်လ ၁၄ ရက်မှ ၁၆ ရက်အတွင်း အက်ဘ်ခါဇီယာဒေသ မြို့တော် ဆူခူမီ၌ ဖြစ်ပွားသော တိုက်ပွဲများတွင် လူ ၅ဝ ကျော် သေဆုံး ခဲ့ရသည်။

မြွေပူရာ ကင်းမှောင့် ဆိုသလို ဂျော်ဂျီယာတပ်ဖွဲ့များအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိကြသည့် အက်ဘ်ခါဇီယန် တို့ဘက် မှ ကော့ကေးဆီးယန်းတောင် ပေါ်သားများက ဝင်ရောက်ကူညီ တိုက်ခိုက်ခဲ့ရာ ပိုမိုရှုပ်ထွေးလာခဲ့ရသည်။ ရုရှားသမ္မတ ဘော ရစ်ယဲလ်ဆင်ကလည်း ရှီဗာနာဇေကို ထောက်ခံပြီး ဆန့်ကျင် တိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။

၁၉၉၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် အက်ဘ်ခါ ဇီယာ ဒေသအများအပြားကို ဂျော်ဂျီယာအမျိုးသားကာကွယ်ရေး တပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့သည်။ အက်ဘ်ခါဇီယာ ပါလီမန် အဆောက်အအုံကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ အက်ဘ်ခါဇီယန် ခေါင်းဆောင်များ ဆူခူမီမြို့တော် မြောက်ဘက် ၂၅ မိုင် အကွာ ရှိ ဂူဒေါတာသို့ ထွက်ပြေးကြသည်။ ဖမ်းဆီးထိန်းသိမ်းထား ခြင်း ခံရသည့် ဂျော်ဂျီယာအထူးတပ်ဖွဲ့များ၏ ကယ်တင်မှု ကြောင့် လွတ်မြောက်ခဲ့ရသည်။

အက်ဘ်ခါဇီယာဒေသမှ ဂျော်ဂျီယာတပ်ဖွဲ့များ ဆုတ်ခွာ မပေးပါက ဂျော်ဂျီယာအစိုးရနှင့် စေ့စပ်ဆွေးနွေးနိုင်မည် မဟုတ်ကြောင်း အက်ဘ်ခါဇီယန် ခေါင်းဆောင်များက ပြော ကြားပြီး တပ်များ ရုပ်သိမ်းပေးရေးကို ဖိအားပေး တောင်းဆို ခဲ့သည်။ ဂျော်ဂျီယာနိုင်ငံတော် ကောင်စီဥက္ကဋ္ဌ ရှီဗာနာဇေက လည်း တပ်များရုပ်သိမ်းမပေးနိုင်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

သို့ရာတွင် ဂျော်ဂျီယာကာကွယ်ရေး ဝန်ကြီး ကီတိုဗာနီ နှင့် အက်ဘ်ခါဇီယန်၊ ပါလီမန် ဥက္ကဋ္ဌနှင့် အက်ဘ်ခါဇီယာ ဒေသ လွတ်လပ်ရေးလှုပ်ရှားမှု ခေါင်းဆောင် အာဇင်ဘာတို့ တွေ့ဆုံဆွေးနွေးရာ ဩဂုတ်လ ၂၉ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။ ယင်းအပစ်အခတ် ရပ်စဲရေးမှာ တစ်ရက်အကြာတွင် ပျက်ပြားသွားခဲ့သည်။

ဆွေးနွေးညိ|နှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ရုရှား ခေါင်းဆောင် ဘောရစ်ယဲ့လ်ဆင်၊ ဂျော်ဂျီယာခေါင်းဆောင် ရှီဗာနာဇေနှင့် အက်ဘ်ခါဇီယန်ခေါင်းဆောင် အာဇင်ဘာတို့၏ ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ၌ ဂျော်ဂျီယာနှင့် အက်ဘ်ခါ ဇီယန်တို့နှစ်ဖက် အပစ်အခက်ရပ်စဲရန် သဘောတူညီချက် ရရှိခဲ့ပြန်သည်။

ယင်းသို့ရှိနေခဲ့ရာမှ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဂျော်ဂျီယာပါလီမန် ရွေးကောက်ပွဲများ ကျင်းပရာ ရှီဗာနာဇေအောင်ပွဲဆင်ခဲ့ပြီး ပါလီမန်ဥက္ကဋ္ဌ အဖြစ်လည်း ကောင်း၊ နိုင်ငံတော် အကြီးအကဲသစ်(သမ္မတ) အဖြစ်လည်း ကောင်း၊ ဂျော်ဂျီယာပါလီမန်က ရွေးချယ်တင်မြေ|ာက် အတည် ပြုခဲ့သည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော ပါလီမန် အစည်းအဝေးကလည်း ရှီဗာနာဇေအား အစိုးရအဖွဲ့ ဝန်ကြီးများ နှင့်အတူ အုပ်ချုပ်ရေးအာဏာ အပြည့်အဝပေးအပ်သည့် နိုင်ငံတော်အာဏာဆိုင်ရာ ဒီကရီတစ်ရပ်ကို အတည်ပြုခဲ့သည်။

၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် ဂျော်ဂျီယာ အမျိုးသားကာကွယ်ရေး တပ်ဖွဲ့များနှင့် အက်ဘ်ခါဇီယာဒေသ ခွဲထွက်ရေးသူပုန်မျးအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့သည်။ အက်ဘ်ခါဇီယာဒေသတွင် သုံးလအတွင်း ဖြစ်ပွား ခဲ့သော တိုက်ပွဲများတွင် သေဆုံးသူ ဦးရေမှာ ၄ဝဝ ကျော် အထိ ရောက်ရှိသွားခဲ့သည်။

၁၉၉၃ခုနှစ်အတွင်းဆက်လက်တိုးတက်ဖြစ်ပေါ်မှုများ - အက်ဘ်ခါဇီယာ ဒေသတွင် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အက်ဘ်ခါဇီယန် ခွဲထွက် ရေး သူပုန်များက ဂျော်ဂျီယာတို့ ထိန်းချုပ်ထားသည့် အက်ဘ်ခါဇီယာဒေသမြို့တော် ဆူခူမီကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ဩည်။ သို့ရာတွင် အောင်မြင်မှု မရရှိခဲ့ချေ။

ဂျော်ဂျီယာ သမ္မတ ရှီဗာနာဇေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘူထရို့စ် ဂါလီထံသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များ အက်ဘ်ခါဇီယာဒေသသို့ စေလွှတ်ရေး ကို တောင်းဆိုသည့်စာကို ရေးသားပေးပို့ခဲ့သည်ဟု ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် သတင်းများ ထွက်ပေါ်ခဲ့ သည်။ ထို့ပြင် ရှီဗာနာဇေက အငြင်းပွားလျက်ရှိသော အက်ဘ် ခါဇီယာ ပြဿနာတွင် ဂျော်ဂျီယာနှင့် ကပ်လျက်ရှိသော အိမ်နီးချင်း နိုင်ငံများက ကြားနေကြရန် ပန်ကြားချက်အား ကုလသမဂ္ဂက ထုတ်ပြန်ပေးရန်ကိုလည်း တိုက်တွန်းပြော ကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် အချိန်မတန်သေးဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့ရာတွင် ကုသလမဂ္ဂမစ်ရှင်အဖွဲ့ တစ်ဖွဲ့သည် လူမျိုးစုအငြင်းပွားမှု ပြဿနာတွင် ဒုက္ခသည်များအား အရေးပေါ်အကူအညီများ ပေးကမ်းရန် လိုအပ်ချက်ကို လေ့လာသိရှိနိုင်ရန် ဂျော်ဂျီယာ နိုင်ငံမြို့တော် တီဘလီစီသို့ ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ရောက်ရှိလာသည်။

ဤအခြေအနေများတွင် ဂျော်ဂျီယာနှင့် ရုရှားတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာလာရသည့် ပြဿနာ ကလည်း ရှိနေပြန်သည်။ အဓိက အကြောင်းအရင်းမှာ အက်ဘ်ခါဇီယာဒေသတွင် ရုရှားတပ်များ တပ်စွဲထားရာ ရုရှားတပ်ဖွဲ့များက ဂျော်ဂျီယာတပ်များအား ဆန့်ကျင်မှုပြုသည့် လုပ်ရပ်များအတွက် ဂျော်ဂျီယာနိုင်ငံက ပြစ်တင်ဝေဖန်ခဲ့သည်။

ဂျော်ဂျီယာ ပါလီမန်ကလည်း ရုရှားတပ်ဖွဲ့များ လုပ်ရပ်အတွက် ရုရှားအစိုးရတွင် တာဝန်အပြည့်ရှိကြောင်းဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အက်ဘ်ခါဇီယာဒေသမှ ရုရှားစစ်သားများ မရုပ်သိမ်းပါက ဂျော်ဂျီယာနိုင်ငံအနေဖြင့် စစ်တပ်ဖွဲ့များစည်းရုံး စုစည်းခြင်း ပြုရလိမ့်မည်ဟု ရှီဗာနာဇေက ခြိမ်းခြောက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရုရှား ကာကွယ်ရေး ဝန်ကြီး မာရှယ်ပါဗယ်ဂရာချက်သည် အက်ဘ်ခါဇီယာ ဒေသ တွင်း တပ်စွဲထားသော ရုရှားစစ်သားများကို စစ်ဆေးရန် လာရောက်ခဲ့ရာ ယင်းကိုဂျော်ဂျီယာခေါင်းဆောင် ရှီဗာနာဇေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ဂရာချက် လာရောက်ခြင်းမှာ သံခင်းတမန်ခင်းအရ အကျိုးမထူးသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မြောက်ပိုင်း ကော့ကေးဆပ်နှင့် ပင်လယ်နက်ဒေသရှိ ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ရာဇသံပေး လုပ် ဆောင်နည်းကို အခြေခံသည့် ချဉ်းကပ်နည်းတစ်ခုသာ ဖြစ် သည်ဟု ဝေဖန်ခဲ့သည်။

မတ်လ ၁၄ ရက်မှ ၁၇ ရက် အတွင်းတွင် ဂျော်ဂျီ ယာတို့ ထိန်းချုပ်ထားသော အက်ဘ်ခါဇီယာဒေသ မြို့တော် ဆူခူမီကို အက်ဘ်ခါဇီယာဒေသခွဲထွက်ရေး သူပုန်များက အဓိကတိုက်စစ်ဆင်ခဲ့ရာ အနည်းဆုံး လူ ၁၁ဝ ကျော် သေဆုံးပြီး လူ ၁ဝဝဝ ကျော်ဒဏ်ရာရရှိခဲ့သည်။ အဆောက် အအုံ ၈ဝဝ ခန့်မှာလည်းပျက်စီးခဲ့ရသည်။ တိုက်ပွဲတွင် ရုရှားအက်စ်ယူ - ၂၅ တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်များ အသုံးပြုခဲ့သည်ကို ထောက်ပြလျက် ရုရှား တပ်ဖွဲ့များက အက်ဘ်ခါဇီယန် သူပုန်များအား အကူအညေီ ပးခဲ့သည်ဟု ဂျော်ဂျီယာနိုင်ငံက စွပ်စွဲပြောကြား ခဲ့သည်။ ရုရှားနိုင်ငံကလည်း ၎င်းတို့ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုပြီး ခုနစ်လ ကြာမြင့်ခဲ့ပြီဖြစ်သော အက်ဘ်ခါဇီယာဒေသ ပြည်တွင်းစစ်တွင် ရုရှားတပ်ဖွဲ့များအနေဖြင့် ကြားနေရေးကို ထိန်းသိမ်းလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။ ဤဖြစ်ရပ်များက ဂျော်ဂျီယာနှင့် ရုရှားဆက်ဆံရေးကို ပိုမိုတင်းမာလာစေခဲ့သည်။ ဧပြီလ အတွင်းတွင်လည်း ဆူခူမီမြို့တော်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

အက်ဘ်ခါဇီယာဒေသ ပဋိပက္ခတွင် ဂျော်ဂျီယာစစ်သား ၁ဝဝ၈ ဦးသေဆုံးပြီး ၃၅ဝဝ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဂျော်ဂျီ ယာ ရေဒီယိုက ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။ အစ်တာ - တပ်စ်သတင်းဌာန၏ သတင်းပေးပို့ချက်အရ အက်ဘ်ခါဇီယာဒေသ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အရပ်သား ၁၁၆ ဦး သေဆုံးပြီး ၃၃၆၆ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု သိရှိရသည်။

ဤသို့ အခြေအနေများ တိုးတက်ဖြစ်ပေါ်နေဆဲမှာပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘူထရို့စ် ဂါလီ၏ ဂျော်ဂျီ ယာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အက်ဒူးယတ် ဘရမ်းနားအား ခန့်အပ်မည်ဖြစ်ကြောင်းကို ဧပြီလ နှောင်းပိုင်း တွင် ကြေညာခဲ့သည်။ အဆိုပါကိုယ်စားလှယ်အနေဖြင့် အက်ဘ်ခါဇီယာဒေသ ပဋိပက္ခဖြေရှင်းရေးအတွက် ပိုမိုပါဝင် လုပ်ဆောင်ကြရန် ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။

မေလ ၁၄ ရက်နေ့တွင် ဂျော်ဂျီယာခေါင်းဆောင် ရှီဗာနာဇေနှင့် ရုရှားသမ္မတ ဘောရစ်ယဲ့လ်ဆင်တို့သည် မော်စကိုမြို့တွင် တွေ့ဆုံကာ အက်ဘ်ခါဇီယာ ဒေသအရေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်။ ရှီဗာနာဇေက အက်ဘ်ခါ ဇီယာဒေသ ပဋိပက္ခတွင် ရုရှားတို့၏ အခန်းကဏ္ဏကို လိုက်လိုက်လျောလျော စေ့စပ်ညိ|နှိုင်း ဆွေးနွေးခဲ့သည်။ ဂျော်ဂျီယာ ရုရှား ဆက်ဆံရေး အရေးပါပုံကို ပြောကြားပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးနှင့် ပဋိပက္ခ များဖြေရှင်းရန် အခွင့်အလမ်းများကိုလည်း အလေးအနက် ထားပြောကြားခဲ့သည်။

မော်စကို ဆွေးနွေးပွဲတွင် အက်ဘ်ခါဇီယာဒေသ တိုက်ပွဲ များ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိ ခဲ့ပြီး ယင်းဒေသမှ အမြောက်များနှင့် လက်နက်ကြီးများ ရုပ်သိမ်းရေး အပါအဝင် ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလက ပြုလုပ်ခဲ့သော ရုရှား၊ ဂျော်ဂျီယာနှင့်အက်ဘ်ခါဇီယန် ကိုယ်စား လှယ်များ၏ သုံးပွင့်ဆိုင် ဆွေးနွေးပွဲပြန်လည်စတင်ရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ သဘောတူညီချက် အရ မေလ ၂ဝ ရက်နေ့မှစပြီး အက်ဘ်ခါဇီယာဒေသတွင် အပစ်အခတ်စတင် ရပ်စဲခဲ့သည်။ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်က ခန့်အပ်ခဲ့သော ကိုယ်စားလှယ် အက်ဒူးယတ် ဘရမ်းနားသည် ဂျော်ဂျီယာ နိုင်ငံမြို့တော် တီဘလီစီသို့ယင်း နေ့မှာပင် ရောက်ရှိလာသည်။

ဇွန်လ အတွင်းတွင် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ချိုးဖောက်ခဲ့ကြပြန်သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဂျော်ဂျီယာနှင့် အက်ဘ်ခါဇီယန်တို့သည် တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် စွပ်စွဲပြောကြားခဲ့ကြသည်။ ဂျော်ဂျီယာခေါင်းဆောင် ရှီဗာနာဇေသည် ဂျော်ဂျီယာနိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများတွင် ဂျာမန်တပ်ဖွဲ့များ ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ သည်။ ဂျာမနီနိုင်ငံအနေဖြင့် ရှီဗာနာဇေ၏ ဆန္ဒအတိုင်း လုပ်ဆောင်ပေးရန်ဖြစ်နိုင်မည် မဟုတ်ဟု ဆိုသည်။ ဂျာမနီ ဝန်ကြီးချုပ် ဟဲလမွတ်ခိုးလ် အစိုးရအဖွဲ့နှင့် အတိုက်အခံ ဆိုရှယ်ဒီမိုကရက်တစ်တို့သည် ဂျမနီနိုင်ငံ၏ အနာဂတ်စစ်ရေး ကဏ္ဍနှင့် စပ်လျဉ်း၍ အငြင်းပွားလျက်ရှိသောကြောင့် ဖြစ် သည်။


ရှီဗာနညဇေသည် အက်ဘ်ခါဇီယာဒေသ ခွဲထွက်ရေး သူပုန်များ လှုပ်ရှားလျက်ရှိသည့် ဒေသတွင် ဇူလိုင်လ ၄ ရက်နေ့က မော်တော်ယာဉ်ဖြင့် လှည့်လည်သွားလာလျက်ရှိစဉ် အက်ဘ်ခါဇီယန်တို့၏ ပစ်ခတ်မှုကြောင့် ၎င်းစီးနင်း လိုက် ပါလာသော မော်တော်ယာဉ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ သေဘေးမှ သီသီလေးလွတ်မြောက် သွားခဲ့သည်။ အခြေ အနေများ ဆက်လက် ဆိုးဝါးလာခဲ့ပြီး အက်ဘ်ခါဇီယာဒေသ ခွဲထွက်ရေး သူပုန်များ ဆူခူမီမြို့တော်သို့ ရှေ့တိုးချီတက် လာနေသောကြောင့် မာရှယ်လောအုပ်ချုပ်ရေးကို ဇူလိုင် လ ၆ ရက်နေ့တွင် ရှီဗာနာဇေက ကြေညာခဲ့သည်။ တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားခဲ့ရာ မြို့တော် ဆူခူမီနှင့် ၎င်း၏ အနီးဝန်းကျင် မြို့ဖြစ်သော အိုချမ်ချီရာတို့မှ လွဲ၍ အက်ဘ်ခါဇီယာဒေသ အစိတ်အပိုင်း အတော်များများကို ဘက်ဘ်ခါဇီယန်တို့က ထိန်းချုပ်ထားနိုင်သည်ဟု သိရှိရသည်။

ယင်းအခြေအနေတွင် ဂျော်ဂျီယာနိုင်ငံက အက်ဘ်ခါ ဇီယာဒေသမှ ဂျော်ဂျီယာတပ်ဖွဲ့များ ရုပ်သိမ်းပေးမည်ဟုပင် ကမ်းလှမ်းကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် ကြိုးပမ်းခဲ့ပြန်သည်။ ယင်းကမ်းလှမ်းချက်ကို အက်ဘ်ခါဇီ ယန်တို့က လက်မခံဘဲ ပယ်ချခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန် စွာ ဆက်လက်ဖြစ်ပွားခဲ့သည်။ ဤတွင် ရှီဗာနာဗေက ငြိမ်းချမ်းရေးအတွက် စေ့စပ်ညိ|နှိုင်းမှုများ မည်သို့မျှ ထူးခြား မလာပါက ဂျော်ဂျီယာနိုင်ငံအနေဖြင့် လက်ရှိအနေအထားထက် ပိုမိုပြီး အင်အားကို အသုံးပြုရလိမ့်မည်ဟု သတိပေး ပြောကြား ခဲ့သည်။

အက်ဘ်ခါဇီယန်တပ်ဖွဲ့များ မြို့တော် ဆူခူမီအနီးရှိ အချက်အချာကျသည့် ကျေးရွာနှစ်ရွာမှ ဆုတ်ခွာသွားရန်နှင့် မြို့တော် ဆူခူမီကို တိုက်ခိုက်မှု ရပ်စဲရန် ဇူလိုင်လ ၁၃ ရက် နေ့တွင် ဂျော်ဂျီယာနိုင်ငံက ရာဇသံပေးခဲ့သည်။ လိုက်နာခြင်း မရှိပါက အက်ဘ်ခါဇီယန်တို့၏ ဌာနချုပ်စခန်းတည်ရှိရာ ဂူဒေါတာကို အလုံးအရင်းဖြင့် တိုက်ခိုက်ရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဤသို့ဖြင့် အက်ဘ်ခါဇီယာ ဒေသခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေး စေ့စပ်ည|ိနှိုင်းမှုကို လက်ခံရန် ဇူလိုင်လ ၂၆ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဖြစ်မြောက်ရန် ရုရှား သမ္မတဘော့ရစ်ယဲ့လ်ဆင်က ကြားဝင်စေ့စပ် ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၂၇ ရက်နေ့တွင် ဂျော်ဂျီယာနှင့် အက်ဘ်ခါဇီယန်ခေါင်းဆောင်များ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ အပစ်အခတ် ရပ်စဲရေးကို ဇူလိုင်လ ၂၉ ရက်နေ့တွင် စတင်ရန်ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အပစ်အခတ် ရပ်စဲရေးကို ကြီးကြပ်ကွပ်ကဲနိုင်စေရန်အတွက် စစ်ဘက် ဆိုင်ရာ အကဲခတ်လေ့လာရေးအဖွဲ့၏ ရှေ့ပြေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန် ဩဂုတ်လ ၆ ရက်နေ့တွင် တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့သည်။ ဘူထရိုစ်ဂါလီကလည်း ကုလသမဂ္ဂ စစ်ဘက်ဆိုင်ရာ အကဲခတ်လေ့လာရေး မစ်ရှင်အဖွဲ့ ဂျော်ဂျီယာ နိုင်ငံသို့ စေလွှတ်ရေးကို ထောက်ခံခဲ့သည်။ ယင်းကို လုံခြုံရေး ကောင်စီက အတည်ပြုခဲ့ပါလျှင် ဆိုဗီယက်ပြည်ထောင်စုဟောင်း သို့စေလွှတ်သည့် ပထမဆုံးကုလသမဂ္ဂ စစ်ဘက်ဆိုင်ရာ အကဲ ခတ် လေ့လာရေးအဖွဲ့ ဖြစ်ပေလိမ့်မည်။

အပစ်အခက် ရပ်စဲရေးသဘောတူညီချက်အရ ဂျော်ဂျီယာ နှင့် အက်ဘ်ခါဇီယန်တပ်ဖွဲ့များကိုလည်း စစ်ဆင်ရေးနယ်မြေ ရှေ့တန်းများမှ ဩဂုတ် ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် စတင်ရုပ်သိမ်းခဲ့သည်။ ယဲ့လ်ဆင်နှင့် အက်ဘ်ခါဇီယန် ခေါင်းဆောင် အာဇင်ဘာတို့က ကုလသမဂ္ဂက ကြီးမှူးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရန် ဩဂုတ်လ ၂၄ ရက် နေ့တွင် တိုက်တွန်းပြောကြားကြသည်။ အပစ်အခက်ရပ်စဲရေး တည်တံ့ရေးမှာ ဂျော်ဂျီယာနိုင်ငံက ၎င်း တပ်ဖွဲ့များ ရုပ်သိမ်း ပေးရန် ကတိပြုမှုဆောင်ရွက်ချက်အပေါ် တည်မှီနေသည်ဟု ယင်းတို့က သတိပေးပြောကြားကြသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း အပစ်အခတ် ရပ်စဲရေးကို စောင့်ကြပ်ကြည့်ရှုရန် အဖွဲ့ဝင် ၈၈ ဦးပါဝင်သော ကုလသမဂ္ဂ စစ်ဘက်ဆိုင်ရာ အကဲခတ် လေ့လာရေးအဖွဲ့ကို ဂျော်ဂျီယာသို့ စေလွှတ်ရန် ဩဂုတ်လ ၂၄ ရက်နေ့မှာပင် ဆုံးဖြတ်ခဲ့သည်။ ထောက်ခံမဲ ၁၅ မဲဖြင့် အတည်ပြုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်တွင် အကဲခတ်အဖွဲ့ဝင်များ အနေဖြင့် ခြောက်လကြာ တာဝန်ထမ်းဆောင်စေရန်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဆူခူမီမြို့တော်ကို ပိုမိုစောင့်ကြပ်ကြည့်ရှုရန် ဖော်ပြထားသည်။

ဤသို့ဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုသောပြောင်းလဲမှုများ တိုးတက်ဖြစ်ပေါ်လျက်ရှိစဉ် ဖြုတ်ချခံရသော သမ္မတ ဟောင်း ဂမ်ဆတ်ဟာဒီးယား ထောက်ခံသူများက တစ်စခန်းထကာ ပုန်ကန်ထကြွလာပြန်သည်။ ယင်းအင်အားစုများက ဂျော်ဂျီယာ အနောက်ပိုင်းဒေသတွင် ပုန်ကန်ထကြွလာသဖြင့် ဂျော်ဂျီယာ နိုင်ငံတစ်ဝန်းလုံးတွင် အရေးပေါ် အခြေအနေအုပ်ချုပ်ရေး ပြဋ္ဌာန်းရန် ရှီဗာနာဇေက ပြောကြားခဲ့သည်။ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးတွင် ရှီဗာနာဇေက ပြည်ထဲရေးဝန်ကြီးရာထူးနေရာတွင် ၎င်းအနေဖြင့် ထမ်းဆောင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးအနေဖြင့် ရဲတပ်ဖွဲ့ဝင်များကို ကြီးကြပ်ထိန်းချုပ်နိုင်သည့် အခွင့်အာဏာရရှိစေမည်ဖြစ်သည်။ အစိုးရအဖွဲ့အတွင်းတွင်လည်း ရှီဗာနာဇေက အပြောင်းအလဲများပြုလုပ်ခဲ့သည်။ ဂျော်ဂျီယာ နိုင်ငံတွင် အကြီးမားဆုံးကုမ္ပဏီ၏ အကြီးအကဲတစ်ဦးကို ဒုဝန်ကြီးချုပ် အဖြစ်လည်းကောင်း၊ အခြားထင်ရှားသည့် လုပ်ငန်းရှင် တစ်ဦးအား ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။ ဤသို့ အစိုးရအဖွဲ့အတွင်း ပြောင်းလဲမှုများမှာ သမ္မဟောင်း ဂမ်ဆတ်ဟာဒီးယား ထောက်ခံသူများအား နှိမ်နင်းချေမှုန်းသည့် လုပ်ဆောင်ချက်များတွင် ကျယ်ပြန့်သည့် ထောက်ခံမှုရရှိရန် ကြိုးပမ်းချက်တစ်ရပ် ဖြစ်ပုံပေါ်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပုန်ကန်ထကြွသူများ အနေဖြင့် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် ရှီဗာနာဇေက သတိ ပေးပြောကြားခဲ့သည်။ ဂျော်ဂျီယာ ပါလီမန်က အရေးပေါ်အခြေ အနေ ပြဋ္ဌာန်းပေးရန်ကိုလည်း ရှီဗာနာဇေက တိုက်တွန်းခဲ့ သည်။ ပါလီမန်က အရေးပေါ် အခြေအနေပြဋ္ဌာန်းပေးခြင်း မရှိပါက ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်လွှာတင်သွင်း ရလိမ့်မည်ဟု ပြောကြားကာ ဖိအားပေးလုပ်ဆောင်ခဲ့သည်။

အရေးပေါ်အခြေအနေ ပြဋ္ဌာန်းလိုက်ပါက ရှီဗာနာဇေ အနေဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူထု စည်းဝေးပွဲများ ကျင်းပ ခြင်းကို တားမြစ်ခြင်းနှင့် လက်နက်ကိုင် တိုက်ခိုက်နေသူ များအား လက်နက်ဖျက်သိမ်းခွင့်အာဏာကို ရရှိစေမည် ဖြစ် သည်။ ဂျော်ဂျီယာ ပါလီမန်ရှိ လူနည်းစု အတိုကအခံများက အရေးပေါ် အခြေအနေ ပြဋ္ဌာန်းခြင်းကို ပထမတွင် ပိတ်ပင် တားမြစ်ရန် ကြိုးပမ်းခဲ့သော်လည်း ရှီဗာနာဇေအား ထောက်ခံ သူ ၁ဝဝဝဝ ကျော်တို့က ပါလီမန်တစ်ဝိုက် စုရုံးဆန္ဒပြသည့် အခါကျမှ ပါလီမန်က ယင်းကိစ္စကို အလျော့ပေး လိုက်လျော ခဲ့သည်။ ဤသို့ အခက်အခဲမ အကျပ်အတည်း ကြုံနေရသည့် အခြေအနေကို အခွင့်ကောင်းယူကာ အက်ဘ်ခါဇီယာ ဒေသ ခွဲထွက်ရေးသူပုန်များက စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုးစစ်ဆင်နွှဲခဲ့ပြန်သည်။ ယင်းမှာ အပစ်အခက်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ စင်စစ် အားဖြင့် အပစ်အခက်ရပ်စဲရေးမှာ အိတ်ပေါက်နှင့် ဖားကောက် သည့်ပမာ သဘောတူညီမှုရလိုက်၊ ချိုးဖောက်လိုက်ဖြင့် အကြိမ် ကြိမ် ပျက်ပြားခဲ့ရသည်။ ယင်းလုပ်ရပ်ကြောင့် ရှီဗာနာဇေမှာ ပို၍ အခက်ကြုံခဲ့ရသည်။

တင့်ကားများနှင့် သံချပ်ကာကားများ အကူအညီဖြင့် အက်ဘ်ခါဇီယန် သူပုန်များသည် မြို့တော် ဆူခူမီတောင်ဘက် ပိုင်းရှိ ကမ်းရိုးတန်းကျေးရွာ အများအပြားကို သိမ်းပိုက်နိုင် ခဲ့သည်။ မြို့တော်ဆူခူမီနှင့် ရထားလမ်း၊ ကားလမ်း၊ အဆက် အသွယ်များကိုလည်း ဖြတ်တောက်ခဲ့သည်။ ဆူခူမီ အရှေ့ တောင်ဘက် မိုင် ၃ဝ အကွာရှိ အိုချမ်ချီရာမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိကြသည်။

ဆိုးဝါးလာသော အခြေအနေများကြောင့် ဂျော်ဂျီယာ ခေါင်းဆောင် ရှီဗာနာဇေသည် အက်ဘ်ခါဇီယန် ခွဲထွက်ရေး သူပုန်များအား လက်နက်ဆွဲကိုင် တိုက်ခိုက်ကြရန် နိုင်ငံသား များအားပန်ကြားခဲ့သည်။ အပျော်တမ်း လက်နက်ကိုင်တပ်ဖွဲ ၂ဝဝဝ ခန့်ကိုလည်း ဆူခူမီသို့ ပို့လွှတ်ခဲ့သည်။ ဘောရစ် ယဲ့လ်ဆင်နှင့် ထိပ်တန်းစစ်ဘက်အရာရှိများကလည်း မော်စကို မြို့၊ ကရင်မလင်တွင် ဂျော်ဂျီယာနိုင်ငံ အခြေအနေကို ဆွေးနွေး ခဲ့ကြသည်။ ရုရှားကာကွယ်ရေးဝန်ကြီး ပါဗယ်ဂရာချက်က ပြည်တွင်းစစ် အဆုံးသတ်စေရေးအတွက် ရုရှားတပ်ဖွဲ့များ စေလွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ ယင်းကို ရှီဗာနာဇေက ကန့်ကွက်ခဲ့သည်။

ဂျော်ဂျီယာနိုင်ငံ အက်ဘ်ခါဇီယာဒေသတွင် ယခုတိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ပင်ရှိသည်။ ယနေ့အထိ သေဆုံးသူဦးရေမှာ ၂,ဝဝဝ ကျော်ရှိပြီဟု သိရှိရသည်။ အက်ဘ်ခါဇီယာသည် ဂျော်ဂျီယာနိုင်ငံတွင် ပါဝင်သော ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်သည်။ လူဦးရေ ငါးသိန်းကျော် ခန့် ရှိသည့်အနက် မူဆလင်ဘာသာဝင် အက်ဘ်ခါဇီယန် လူမျိုးစုများက ကိုးသောင်းခန့် ရှိသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Statistics Georgia။ Geostat။ November 2, 2010 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Georgia။ International Monetary Fund။ April 26, 2011 တွင် ပြန်စစ်ပြီး။
  3. Human Development Report (PDF)။ United Nations (2010)။ November 5, 2010 တွင် ပြန်စစ်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  5. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၄)