အာဖဂန်နစ္စတန်နိုင်ငံ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အာဖဂန်နစ္စတန် အစ္စလာမ် သမ္မတနိုင်ငံ
  • د افغانستان اسلامي امارت (ပါရှတို)
  • Də Afġānistān Islāmī Imārat
  • امارت اسلامی افغانستان (Dari)
  • Emārat-e Eslāmi-ye Afghānestān
အာဖဂန်နစ္စတန်နိုင်ငံ၏ အလံတော်
အာဖဂန်နစ္စတန်နိုင်ငံ၏ နိုင်ငံတော်တံဆိပ်
အလံတော် နိုင်ငံတော်တံဆိပ်
ဆောင်ပုဒ်: لا إله إلا الله، محمد رسول الله
"Lā ʾilāha ʾillā llāh, Muhammadun rasūlu llāh"
"There is no God but Allah; Muhammad is the messenger of Allah." (Shahada)
နိုင်ငံတော် သီချင်း: Millī Surūd
ملي سرود
("National Anthem")
အာဖဂန်နစ္စတန်နိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ကဘူးလ်မြို့
33°N 65°E / 33°N 65°E / 33; 65ကိုဩဒိနိတ်: 33°N 65°E / 33°N 65°E / 33; 65
ရုံးသုံးဘာသာ(များ) ဒါရီပါရှား 27 million (77%) (L1 + L2), ပက်ရှ်တို 16.8 million (48%)[၂][၃]
လူမျိုးစု
ကိုးကွယ်မှု
DemonymAfghan[မှတ်စု ၁][၇][၈]
အစိုးရပြည်ထောင်စု သမ္မတ Islamic republic
အာရှာရဖ် ဂါနီ
အမ်ရုလာ ဆာလက်ချ်
ဆာဝါ ဒိန်နစ်
ဥပဒေပြုလွှတ်တော်အမျိုးသား လွှတ်တော်
House of Elders
ပြည်သူ့ လွှတ်တော်
တည်ထောင်ခြင်း
၁၇၀၉
၁၇၄၇
၁၈၂၃
၁၉ ဩဂုတ် ၁၉၁၉
၉ ဇွန် ၁၉၂၆
၁၇ ဇူလိုင် ၁၉၇၃
၂၆ ဇန်နဝါရီ ၂၀၀၄
ဧရိယာ
• စုစုပေါင်း
၆၅၂,၂၃၀[၉] km2 (၂၅၁,၈၃၀ sq mi) (အဆင့်: ၄၀)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ၂၀၁၉ ခန့်မှန်း
၃၂,၂၂၅,၅၆၀[၁၀] (အဆင့် - ၄၄)
• သိပ်သည်းမှု
၄၆/km2 (၁၁၉.၁/sq mi) (အဆင့် - ၁၇၄)
GDP (PPP)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$72.911 billion[၁၁] (အဆင့် - ၉၆)
• Per capita
$2,024[၁၁] (အဆင့် - ၁၆၉)
GDP (nominal)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$21.657 billion[၁၁] (အဆင့် - ၁၁၁)
• Per capita
$493[၁၁] (အဆင့် - ၁၇၇)
Gini (၂၀၀၈) 27.8[၁၂]
နိမ့် · 
HDI (၂၀၁၉)Increase 0.511[၁၃]
နိမ့် · ၁၆၉
ငွေကြေးAfghani (افغانی) (AFN)
အချိန်ဇုန်D† (UTC+4:30 Solar Calendar)
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+93
Internet TLD.af افغانستان.

အာဖဂန်နစ္စတန်နိုင်ငံ၏ အမည်အပြည့်အစုံမှာ အာဖဂန်နစ္စတန် အစ္စလမ္မစ် သမ္မတနိုင်ငံ ဖြစ်သည်။ တောင်အာရှနှင့် ဗဟိုအာရှကြားရှိ တောင်ထူထပ်သော ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်သည်။ [၁၄] တောင်ဘက်နှင့် အရှေ့ဘက်တွင် ပါကစ္စတန်နိုင်ငံ၊ အနောက်ဘက်တွင် အီရန်နိုင်ငံ၊ မြောက်ဘက်တွင် တပ်မင်နစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ရှေးက မာကိုပိုလိုပိုးလမ်းမကြီး ဖြတ်သန်းရာ အစိပ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များအရ ဘီစီ ၅၀,၀၀၀ ခန့်မှ စ၍ လူသားများ နေထိုင်ခဲ့ကြောင်း အထောက်အထားများ သိရှိရသည်။ [၁၅] မြို့ပြတည်ထောင်ကာလူနေမှုစနစ်သည် ဘီစီ ၃၀၀၀ နှင့် ဘီစီ ၂၀၀၀ ကြားတွင် စတင်ခဲ့သည်ဟု ခန့်မှန်းရသည်။ [၁၆]

အာဖဂန်နစ္စတန်နိုင်ငံ မြေမျက်နှာသွင်ပြင် အနေအထား

အာဖဂန်နစ္စတန်သည် အရှေ့အလယ်ပိုင်းဗဟိုအာရှနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိပြီး ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသောနိုင်ငံတစ်ခုဖြစ်သည်။ [၁၇] သမိုင်းတစ်လျှောက်တွင် လူမျိုးစုံတို့နေထိုင်ခဲ့ကြသည်။ [၁၈] ဂရိမှ မဟာအလက်ဇန္ဒားမွန်ဂိုဘုရင် ဂျင်ဂစ်ခန် နှင့် မူဆလင် အာရပ်များ အာဖဂန်ဒေသကို အနိုင်ယူ အုပ်စိုးခဲ့ကြသည်။

[၁၉]ခေတ်သစ်သမိုင်းသည် ၁၈ရာစုမှစတင်သည်။ ၁၇၀၉ခုနှစ်တွင် ဟိုတကီမင်းဆက် (Hotaki dynasty) ကိုတည်ထောင်ခဲ့ပြီး ၁၇၄၇ တွင် ဒါရန်နီအင်ပိုင်ယာ ကို အာမက်ရှားဒါရန်နီ က တည်ထောင်ခဲ့သည်။ [၂၀][၂၁][၂၂] ၁၇၇၆ တွင် မြို့တော်ကို ကန်ဒါဟာမှ ကဘူးလ် သို့ပြောင်းရွှေ့ခဲ့သည်။ ၁၉ရာစုနှောင်းပိုင်းတွင် ဗြိတိသျှအိန္ဒိယအင်ပါယာနှင့် ရုရှားအင်ပါယာတို့ အားပြိုင်မှုကြားတွင် ကြားနေနိုင်ငံအဖြစ် တည်ရှိခဲ့သည်။ [၂၃] အင်္ဂလိပ်-အာဖဂန် တတိယစစ်ပွဲအပြီး ၁၉၁၉ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့တွင် ရာဝါလ်ပင်ဒီစာချုပ် (Treaty of Rawalpindi) ဖြင့် လွတ်လပ်ရေး ရခဲ့သည်။

၁၉၇၀နှောင်းပိုင်းမှစ၍ ပြည်ပနိုင်ငံများ၏ ဝင်ရောက် ကျူးကျော်ခြင်းများကို ဆက်တိုက်ခံနေရသည်။ ၁၉၇၉တွင် ဆိုဗီယက်တို့ ကျူးကျော်ပြီး၊ ၂၀၀၁ခုနှစ်တွင် အစွန်းရောက် တာလီဘန်အစိုးရကို ဖြုတ်ချရန် အမေရိကန်ဦးဆောင်သော နေတိုးတပ်များ၏ ဝင်ရောက် ကျူးကျော်ခြင်းခံခဲ့ရသည်။ ၂၀၀၁ခုနှစ်၊ ဒီဇင်ဘာလတွင် ကာဇိုင်းအစိုးရကို အကူအညီပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ နိုင်ငံတကာအကူအညီပေးရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (International Security Assistance Force (ISAF)) ကို တရားဝင်ဖွဲ့စည်းပေးခဲ့သည်။ [၂၄] တာလီဘန်တို့ကို တိုက်ခိုက်နေရသောကြောင့် တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာတွင် နှောင့်နှေးလျှက်ရှိသည်။ [၂၅][၂၆]

အာဖဂနိစတန်နိုင်ငံ[ပြင်ဆင်ရန်]

အာဖဂနိစတန်နိုင်ငံသည် အာရှတိုက်၏ အလယ်တောင်ပိုင်းရှိ နိုင်ငံငယ်ကလေးတစ်ခု ဖြစ်လင့်ကစား ယင်း၏ တည်နေရာ အနေအထားကို အကြောင်းပြု၍ ကမ္ဘာ့သမိုင်း၌ ဝင်ဆံ့ခဲ့သော နိုင်ငံတစ်ခု ဖြစ်ပေသည်။ ရှေးဂရိ၊ ပါးရှင်း၊ မွန်ဂို ဧကရာဇ်တို့သည် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားစသော ရတနာများ၊ ပိုး၊ ဖဲ စသော ပစ္စည်းများဖြင့် ကုံလုံကြွယ်ဝသည်ဟု ကျော်ကြားလှသည့် ရှေးအိန္ဒိယနိုင်ငံကြီးအား သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေးအတွက် အာဖဂနိစတန်နိုင်ငံသည် စစ်လမ်းကြောင်းကျနေပြီးလျှင် ယင်းနိုင်ငံမှ တစ်ဆင့်သာလျှင် အိန္ဒိယနိုင်ငံအတွင်းသို့ ချဉ်းနင်း ဝင်ရောက်နိုင်ခဲ့ကြပေသည်။ ယခုခေတ်တွင်လည်း အာဖဂနိစတန်နိုင်ငံသည် အီရန်နိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဆိုဗီယက်ရုရှနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏ အကြား၌ ကြားခံလျက်ရှိသည်။ သို့တစေ တောင်အထပ်ထပ် ဝိုင်းပတ်ကာဆီးနေ၍ တစ်ကြောင်း၊ တောင်ရိုး တောင်တန်းတို့အပေါ်၌ တည်ထားသော ကုန်းတွင်းနိုင်ငံဖြစ်သည်ကတစ် ကြောင်းတို့ကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသဖြင့် စီးပွားကုန်သွယ်ရေး ဖွံ့ဖြိုးမှု နှေးကွေး၍ ပြည်ပနှင့် ဆက်ဆံမှုလည်း နည်းပါးသောကြောင့် အာဖဂနိစတန်နိုင်ငံတွင် ဓလေ့ ထုံးစံတို့သည် ရှေးရိုးမပျက် တည်တံ့နိုင်ခဲ့လေသည်။ ထိုနိုင်ငံသည် မြောက်လတ္တီတွဒ် ၂၉ နှင့် ၃၈.၃၅ ဒီဂရီ အရှေ့လောင်ဂျီတွဒ် ၆ဝ.၅ဝ နှင့် ၇၁.၅ဝ ဒီဂရီအကား၌တည်ရှိသည်။ ကျဉ်းမြောင်းရှည်သွယ်သော နယ်မြေအစွန်းတစ်ပိုင်းသည် အရှေ့လောင်ဂျီတွဒ် ၇၅ ဒီဂရီအထိ ရှည်ထွက်သွားသည်။ နယ်နိမိတ် အပိုင်းအခြားမှာ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်၌ ပါကစ္စတန် နိုင်ငံ၊ အနောက်ဘက်၌ အီရန်နိုင်ငံ၊ မြောက်ဘက်၌ ဆိုဗီယက်ရုရှနိုင်ငံ၊ တောင်ဘက်၌ ဗလူချီစတန်ပြည်နယ် (ပါကစ္စတန်)တို့ ဖြစ်ကြသည်။ နိုင်ငံ၏အကျယ်အဝန်းသည် ၂၅၃၈၆၁ စတုရန်းမိုင်ဖြစ်၍ လူဦးရေ ၁၇၈၈ဝဝဝဝ(၁၉၇၂) ရှိမည်ဟု ခန့်မှန်းရသည်။ မြို့တော်သည် ကဗူးမြို့(လူဦးရေ ၃၁၈ဝ၉၄)ဖြစ်၍ အခြား ထင်ရှားသောမြို့များမှာ ကန္ဒာဟား (လူဦးရေ ၁၃၃၇၉၉)၊ ဟဲရတ် (လူဦးရေ ၇၅၆၃၂)၊ မာဇာ အီရှရစ် (လူဦးရေ ၄၁၉၆ဝ) စသည်တို့ဖြစ် ကြလေသည်။


သီဝေမြင့်ခေါင်သော တောင်စဉ်တောင်တန်း ရေတံခွန် စိမ့်စမ်း အသွယ်သွယ်တို့ဖြင့် တင့်တယ်သာယာလှသည်ဟု ဆိုရမည် ဖြစ်သော်လည်း ကြမ်းတမ်းခက်ထရော်သည့် သဘောလည်း ပါနေသည်ဟုဆိုကြသည်။ အာဖဂနိစတန်နိုင်ငံသည် တောင်စဉ်တောင်တန်းပေါများသောနိုင်ငံဖြစ်ရာ အထူးသဖြင့် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့၌ ပို၍ တောင်ထူထပ်သည်။ ပေနှစ်သောင်းကျော် အမြင့်ရှိသော တောင်ထွတ် အများအပြား ရှိသည်။ ဟိန္ဒူကွတ်တောင်တန်းသည် ပမီးယားတောင်မြင့် လွင်ပြင်မှသည် အီရန်နိုင်ငံ နယ်စပ်အထိ အနောက်ဘက်သို့ တစ်သွယ်၊ ပါကစ္စတန်နိုင်ငံ၏ အနောက်မြောက်နယ်ခြား ဒေသ၏ နယ်စပ်တစ်လျှောက်မှ ဗလူချီစတန် ပြည်နယ်အထိ အနောက်တောင်ဘက်သို့ တစ်သွယ်နှစ်သွယ် ဖြာဆင်းသွားသည်။ ဟယ်လမန်းမြစ်သည် နိုင်ငံ၏ အလယ်ပိုင်းနှင့် အနောက်တောင်ဘက်ပိုင်းကိုဖြတ်၍ ဟယ်လမန်းရေအိုင်တွင်းသို့ စီးဝင်သည်။ အနောက် မြောက်ပိုင်းတွင် ဟာရီရဒ်မြစ်သည် လည်းကောင်း၊ အရှေ့မြောက်ပိုင်းနယ်စပ်တွင် အမူးဒါရယားမြစ်သည်လည်းကောင်း စီးဆင်းကြ၍ အရှေ့ပိုင်းတွင် စီးဆင်းသော ကဗူးမြစ်သည် အိန္ဒုမြစ်အတွင်းသို့ စီးဝင်လေသည်။ တောင်စဉ်တောင်တန်းများ၏ အကြား၌ မြေဩဇာကောင်း သော လွင်ပြင်များနှင့် တောင်ကြားဒေသများရှိသည်။ နိုင်ငံ၏တောင်ဘက်ပိုင်းသည် သဲကန္တာရဖြစ်သည်။ အရှေ့ဘက်နယ်စပ် တွင် ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ ဝင်ရောက်နိုင်သော ကိုင်ဗာတောင်ကြားလမ်းရှိသည်။ ရှေးအခါကပါးရှင်၊ ဂရိစသော တိုင်းခြားတပ်များသည် အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ထိုတောင်ကြားလမ်းအားဖြင့် ချီတက်ခဲ့ကြ၍ သမိုင်းအစဉ်အဆက်၌ ထင်ရှားခဲ့သော တောင်ကြားလမ်း ဖြစ်လေသည်။ အာဖဂနိစတန်နိုင်ငံ၏ မြေမျက်နှာပြင်သည် တောင်စဉ် တောင်တန်းကြီးများ၊ လွင်ပြင်နှင့် တောင်ကြား ဒေသများ၊ သဲကန္တာရများဟူ၍ ခြားခြားနားနား ကွဲကွဲဲပြားပြား ရှိပေရာ ရာသီဥတုကလည်း တစ်ဒေသနှင့် တစ်ဒေသမတူ၊ ကွာခြားသည်။ အလွန်အမင်း ချမ်းအေးသည့်ဒေသ အလွန်အမင်း ပူပြင်းသည့် ဒေသဟူ၍ လည်း ရှိသည်။ တစ်နေရာ၊ တစ်ဒေသတည်း၌ပင် ဆောင်းရာသီ၌ အပူချိန် ဖာရင်ဟိုက် ၁၅ ဒီဂရီမျှသာ ရှိသော်လည်း နွေရာသီ၌ ဖာရင်ဟိုက် ဒီဂရီ ၁၂ဝ ကျော်အထိ အပူရှိန်တက်သည်လည်း ရှိပေသည်။ တောင်တန်းဒေသများတွင် ဆောင်းရာသီ နှင်းခဲများသည် မြေပြင်ပေါ်၌ လပေါင်းများစွာ ကြာအောင် စုခဲလျက် ရှိတတ်ရာ လူများသည် အိမ်ပြင်သို့ မထွက်နိုင်ကြတော့ချေ။ အချို့ဒေသများတွင်မူ နေ့အခါ အလွန် ပူပြင်း၍ ညဉ့်အခါ အလွန်ချမ်းအေးလှ ပြန်သည်။

ယေဘုယျအားဖြင့်ဆိုလျှင် အာဖနိစတန်နိုင်ငံ၏ အရပ်ဒေသများစွာ တို့သည် မိုးပါး၍ ခြောက်သွေ့သည်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော ရာသီဥတုမျိုး ရှိလေသည်။ တောင်တန်းဒေသများစွာတို့သည် စိုက်ပျိုးလုပ်ကိုင်ရန် မဖြစ်နိုင်လောက်အောင် မြေပြင်မာကျောခြောက် သွေ့သော်လည်း မြေဩဇာထက်သန်းခေါင်းမွန်သော လွင်ပြင်နှင့် တောင်တန်းများမှ စီးဆင်းသော မြစ်ချောင်း များမှရေသွယ်ယူ၍ စိုက်ပျိုးလုပ်ကိုင်ကြရာ ဂျုံစပါး၊ မုယောစပါး စသော ကောက်ပဲသီးနှံနှင့် သစ်သီးဝလံ များ အလွန်ဖြစ်ထွန်းသည်။ ထိုကြောင့် အာဖဂနိစတန်နိုင်ငံသည် ပြည်တွင်းရိက္ခာ ဖူလုံသောနိုင်ငံ ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများသည် ပေါင်မုံ့နှင့် သစ်သီးဝလံများကို ပဓာနအစာအဖြစ် စားသုံးကြသည်။ အာဖဂနိ စတန်နိုင်ငံမှ ဖရဲသီးနှင့် စပျစ်သီး အများအပြားထွက်သည်။ နိုင်ငံတွင်း စားသုံး၍ ပိုလျှံသေးသဖြင့် သစ်သီးများကို အခြောက်လှန်း၍ တစ်မျိုး၊ စည်သွတ်၍တစ်ဖုံ နိုင်ငံခြားသို့ တင်ပို့လျက်ရှိသည်။ ကြံပင်ကို မြေနိမ့်လွင်ပြင်များ၌ စိုက်ပျိုးကြ၍ ပူနွေးသော ဒေသများတွင် ဝါဂွမ်းစိုက်ကြသည်။ ဆေးရွက်ကြီးများကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြ၍ အိန္ဒိယနိုင်ငံ၊ ဆိုဗီယက်ရုရှနိုင်ငံတို့သို့ တင်ပို့ရောင်းချကြသည်။ ဘယဆေးပင်များလည်း အများအပြား ပေါက်ရောက်ရာ ကက်ဆူပင်၊ နီပါးဆေးပင်များ၊ ရှိန်းခိုပင်တို့ ပေါများလှသည်။ နှင်းဆီရိုင်းပင်များသည် အနှံ့အပြား ပေါက်ရောက်၍ နိုင်ငံခြားသို့ တင်ပို့ရသည်။ စားကျက်မြက်ခင်းများလည်းရှိ၍ သိုးဆိတ်မွေးမြူရေးသည် အရေးပါသောလုပ်ငန်း ဖြစ်သည်။ အာဖဂန်လူမျိုးတို့သည် အသားဟူ၍ သိုးသားတစ်မျိုးတည်းကိုသာ စားကြသည်။ သိုးအမြီးပိုင်း အဆီဗူးမှ ထုတ်ယူရရှိသော အဆီကို ထောပတ် ကဲ့သို့ စာသုံးကြသည်။ သိုးမွေးသည် အမျိုးအစားကောင်း၍ အမေရိကန် ပြည်ထောင်စုသို့ တင်ပို့ရသည်။


လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုရသော ကုလားအုပ်များအပြင် မြင်း၊ မြည်း၊ ကျွဲ၊ နွားတို့ကိုလည်း လယ်ယာလုပ်ငန်းနှင့် ဝန်တင်လုပ်ငန်းတို့အတွက် မွေးမြူကြလေသည်။ အာဖဂနိစတန်မြောက်ပိုင်းမှ ကြေးနီ အတော်အသင့်ထွက်သည်။ ဟိန္ဒူကွတ်ရှ တောင်တန်းမှ ကျောက်မီးသွေး အများအပြားထွက်နိုင်သော ကျောက်မီးသွေးကြောကြီးများကို တွေ့ရှိ ထားကြသည်။ ဂေါ်ဗန်းချိုင့်ဝှမ်းမှ ခဲသတ္တုထွက်၍ ကာတဂန်နှင့် ပါပယ်ဒေသမှ သံထွက်သည်။ သလင်းကျောက်၊ အကြွပ်၊ ကျောက်နီ အညံ့စား တို့လည်း ထွက်ရှိသည့်ပြင် အာဖဂနိစတန် မှ ထွက်သော ကျောက်ပြာ (ပင်လယ်ပြာရောင်) တစ်မျိုးသည် ကမ္ဘာ၌ အကောင်းဆုံး အမျိုးအစားဟု ဆိုကြသည်။ ရွှေ၊ ငွေ၊ ကျောက်ဂွမ်း၊ လချေး၊ သိန္ဓောဆားတို့လည်း ထွက်သည်။ သို့သော် အာဖဂနိစတန်နိုင်ငံတွင် အဖိုးတန် သယံဇာတပစ္စည်းများကို တူးဖော်လုပ်ကိုင်ရန် အတွက် လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိသေးချေ။ အာဖဂနိစတန်မြောက်ပိုင်းနှင့် ဟဲရတ်နယ်တို့တွင် ရေနံစိမ်းများထွက်သည်။ ဓာတ်ငွေ့ထုတ်ယူ နိုင်သော ဒေသများလည်း မြောက်ပိုင်းတွင်ရှိရာ ၁၉၆၃ ခုနှစ် တွင် ဆိုဗီယက်ရုရှနိုင်ငံနှင့် ဓာတ်ငွေ့ထုတ်ယူရေး စာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ကဗူးမြို့တွင် မီးခြစ်၊ ကြယ်သီး၊ ဖိနပ်၊ ကျောက်ဖြူ ပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ သားရေထည်ပစ္စည်း၊ ဖန်ထည်၊ စက်ဘီး နှင့် ပလပ်စတစ်စက်ရုံများရှိသည်။ စက်ကိရိယာ အပိုပစ္စည်းများထုတ်လုပ်သော စက်ရုံကို ရုရှအတတ်ပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက်လုပ်ကိုင်လျက် ရှိသည်။ သိုးမွေးစက်ရုံ၊ ချည်ထည် စက်ရုံ၊ ချည်မျှင်စက်ရုံ၊ သကြားစက်ရုံ၊ သစ်သီး စည်သွတ်စက်ရုံ၊ ဘိလတ်မြေစက်ရုံများလည်း မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သည်။ ဂျာမန်အတတ်ပညာရှင်များ ဆောက်လုပ်ပေးသော ခေတ်မှီ အထည်အလိပ် စက်ရုံကြီးတစ်ခုလည်း ရှိသည်။ စစ်ပစ္စည်းလက်နက်များ ထုတ်လုပ်သော စက်ရုံတစ်ခုလည်းရှိရာ ယင်းစက်ရုံတွင် ဒင်္ဂါးသွန်းလုပ် သော စက်လည်းပါရှိသည်။ ကြမ်းတမ်း ခက်ထရော်သော မြေမျက်နှာပြင်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အာဖဂနိစတန် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အလွန်နှေးခဲ့သည်။ နိုင်ငံအတွင်းရှိ မြစ်ချောင်းများသည်လည်း လှေ၊ သဘောများ သွားလာနိုင်သည် မဟုတ်ပေ။ မီးရထားလမ်းလည်း မရှိချေ။ ထိုကြောင့် သယ်ယူ ပို့ဆောင်ရေး၏ကို အဓိကအားဖြင့် ထရပ်ကား၊ ကုလားအုပ်များနှင့် ဆောင်ရွက်ရသည်။ မြင်း၊ ကျွဲ၊ နွား၊ မြည်းတို့ကိုလည်း အသုံးပြုရသည်။ ၁၉၄၃ ခုနှစ် နောက်ပိုင်းမှစ၍ လမ်းပန်းအဆက်အသွယ်များကို တိုးချဲ့ပြုပြင်ခဲ့သည်။ နယ်ကြီးများ၏ မြို့ကြီးများနှင့် ကဗူးမြို့ကို မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ ၁၉၆၃ ခုနှစ် တဟီရန် သဘောတူ စာချုပ်အရ ပါကစ္စတန်မှ မီးရထားလမ်းများကို အာဖဂနိစတန် နယ်စပ်ရှိ ချာမန်နှင့် တော်ခန်းမြို့တို့အထိ တိုးချဲ့ရန် အစီအစဉ် ရှိလေသည်။


နိုင်ငံပြည်ပ ကုန်သွယ်လမ်းကြောင်းများမှာ ပါးရှား(အီရန်)နိုင်ငံ မီရှက်မြို့မှ အာဖဂနိစတန်နိုင်ငံအတွင်းရှိ ဟဲရတ်မြို့သို့ တစ်လမ်း၊ ဗူခါရာမြို့မှ ကဗူးမြို့သို့ တစ်လမ်းရှိသည်။ အရှေ့ တာကီစတန်ရှိ ဒက်ရှန်မြို့နှင့် ကဖာရီစတန်မြို့တို့မှ ကဗူးမြို့ သို့လည်း လမ်းပေါက်သည်။ ပါကစ္စတန်နှင့် အာဖဂနိစတန်တို့အကြား ကူသန်းသွားလာရာတွင် မြောက်ပိုင်းနှင့် တောင်ပိုင်း ရှိ ပေ ၂ဝဝဝဝ ကျော်မြင့်သော တောင်ရိုးတောင်တန်းများရှိ တောင်ကြားလမ်းများကို ဖြတ်ကျော်ရသည်။ အရှေ့မြောက်ဘက်ရှိ ကိုင်ဗာတောင်ကြားလမ်းအားဖြင့် ပက်ရှဝါ နှင့် ကဗူးမြို့တို့ ကို ဆက်သွယ်ရသည်။ တောင်ပိုင်းတွင် ကိုဂျက်၊ ဗိုလန်၊ ဆီဗီတောင်ကြားလမ်းများအားဖြင့် ကန္ဒဟာမြို့သို့ ရောက်နိုင်သည်။ ဂိုမယ်၊ တိုချီ၊ ကူးရန်တောင်ကြားလမ်းများအားဖြင့်လည်း ကန္ဒဟာမြို့သို့ ရောက်နိုင်သည်။ အာဖဂနိစတန်နိုင်ငံကို ရှေးရှေးက အာရိယနဟုလည်း ခေါ်တွင်ခဲ့သည်။ အာဖဂန်လူမျိုးတို့၏ တိုင်းပြည်ဟု အဓိပ္ပါယ်ရသည့် အာဖဂနိစတန်ဟူသော အမည်သည် ကမ္ဘာအသိ အမှတ်ပြုအမည် ဖြစ်သော်လည်း အာဖဂလူမျိုးတို့ ကိုယ်တိုင်ကမူ ထိုအမည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းမှု နည်းလှသည်။ ရှေးအာဖဂန် သမိုင်းဆရာ ကြီးများကမူ အာဖဂန်လူမျိုးတို့ကို ဗင်း-အီ-အစ္စရေ (ဣသရေလ အဆက်အနွယ်များ)ဟု ခေါ်ဝေါ် သုံးနှုန်း သည်။ ၎င်းတို့က တလွတ်ဟု ခေါ်သော ဣသရေဘုရင် ဆော်လမွန်၏ မြေးတော်တစ်ဦးဟု ဆိုသူ အာဖဂန္နာမှ ဆင်းသက်သည်ဟု အယူရှိခဲ့ကြသောကြောင့်ပေတည်း။ ယခု အာဖဂန်လူမျိုးဟု ခေါ်ဝေါ်ခြင်းခံရသူတို့က ယင်းတို့ကိုယ်ကို ယင်းတို့ ဒျူရနီဟု ဆိုကြသည်။ ထိုဒျူရနီတို့သည် အာဖဂနိစတန်နိုင်ငံကို ကြီးစိုး လွှမ်းမိုးသော လူမျိုးစုဖြစ်၍ အီရန်နှင့် ဆီးမိုက်ကပြားအနွယ်များ ဖြစ်ကြသည်။


အာဖဂနိစတန်နိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုအတော်များများ ရှိသည့်အနက် ဒုတိယ အရေးပါသော လူမျိုးစုမှာ အိန္ဒိယသွေးပါ သည်ဆိုသော ပထန်များ ဖြစ်ကြသည်။ မူလက ကန္ဒာဟာနယ်၌ နေထိုင်ကြရာမှ ယခုအခါ ပါကစ္စတန်နိုင်ငံအတွင်းရှိ ပက်ရှဝါတိုင်အောင် ပျံ့နှံ့နေသည်။ ကန္ဒဟာကုန်းပြင်မြင့်၌ နေထိုင်ကြသော ဂီလဇိုင်းလူမျိုးစုသည် တူရကီ အဆက်အနွယ်များ ဖြစ်ကြ၍ ၁၈ ရာစုနှစ် အစပိုင်းတွင် အာဖဂနိစတန်နိုင်ငံအတွင်း၌ ခေါင်းဆောင်ပိုင်းတွင် နေရာယူခဲ့ကြသည်။ ဟာဇရာခရိုင်မှ ဟာဇရာလူမျိုးစုတို့ကား ဂျင်ဂစ်ခန်၏ တပ်များနှင့် ပါလာသူများ၏ အဆက်အနွယ်များဖြစ်ကြ၍ မွန်ဂိုရုပ်လက္ခဏာများရှိသည်။ ပြောဆိုသော ဘာသာစကားမူကား ပါးရှင်းဘာသာစကားတစ်မျိုး ဖြစ်သည်။ တာဂျစ်လူမျိုးသည် ပါးရှင်းသွေးပါ၍ ကဖားများမှာမူ ဂရိ အဆက်အနွယ်များ ဖြစ်သည်ဟု ဆိုကြသည်။ ဟိန္ဒူကီ လူမျိုးစုကား ဟိန္ဒူ အဆက်အသွယ်များ ဖြစ်လေသည်။ ဆိုခဲ့သော လူမျိုးစုအသီးသီး အများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြ၍ ကော်ဇော၊ ရှော စောင်စသည်တို့ကို ရက်လုပ်သော လက်မှုပညာလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ကြသည်။ ကုလားအုပ်၊ မြင်းစသည်တို့ကို အသုံးပြု၍ သယ်ယူပို့ဆောင်ရေးလုပ်ကိုင်ကြသူများလည်း အများအပြား ရှိသည်။ များသောအားဖြင့် တောင်ကြားချိုင်ဝှမ်းများတွင် ကြိုးတိုးကြဲတဲရှိနေသော ရွာကလေးများ၌ နေထိုင်ကြ၍ မိမိတို့၏ ဇာတိဌာနေမှ ခွာသူ အလွန်နည်းသည်။ သို့သော် ယင်းတို့သည် နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့် မျှသာဖြစ်၍ ကျန်တစ်ဝက်သည် နေရာအတည်တကျ မနေပဲ ရေကြည်ရာ မြက်နုရာပြောင်းရွှေ့လှည့်လည် နေထိုင်ကြသည်။ အာဖဂန်တို့သည် ကိုယ်လက်ကြံ့ခိုင် တောင့်တင်း၍ ရုပ်ရည် ချောမောသူ ပေါများသည်။ အသားဖြူ၍နှာခေါင်း ကောက်ကောက် မုတ်ဆိတ်ရှည်ရှည်နှင့် ထင်ရှားပြတ်သားသော မျက်နှာသွင်ပြင်ရှိသည်။ အမျိုးသမီး များကပို၍ ချောမောလှပသည်။ အာဖဂနိစတန်နိုင်ငံသည် ရှေးအစဉ်အဆက်ကစ၍ စစ်မြေပြင်ဖြစ်ခဲ့သဖြင့် အာဖဂနိစတန်အမျိုးသားတို့သည် တိုက်ရေးခိုက်ရေး၌ ဝါသနာထုံသည်။ မြင်းစီးကျော်များလည်း ဖြစ်သည်။ အိန္ဒိယစစ်တပ်များ၌ အာဖဂန် အမျိုးသားများစွာတို့ ဝင်ရောက် အမှုထမ်းနေကြ၍ စစ်ဘက်ရာထူးကြီးများစွာတွင် အာဖဂန် အမျိုးသားများ ရှိနေကြလေသည်။ လူမျိုးစု အများအပြားရှိ၍ ဘာသာစကား အမျိုးမျိုး ပြောဆိုကြသော်လည်း နိုင်ငံ၏ ရုံးသုံးအဖြစ် ပါးရှင်းနှင့် ပွတ်ရှတူးဘာသာ စကားတို့ကို သတ်မှတ်ထားသည်။ လူဦးရေ အများစုသည် အစ္စလာမ်အယူဝါဒကို ကိုးကွယ်ကြလေသည်။

အာဖဂနိစတန်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် ယခင်ကစည်းမျဉ်းခံ ဘုရင့်အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အမန်းနျူလာခန်း ဘုရင်လက်ထက် ၁၉၂၃ ခုနှစ် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကို ဥပဒေသစ်ဖြင့် အစားထိုးပြင်ဆင်ခဲ့၏။ ဥပဒေပြု အခွင့်အာဏာသည် ဆီးနိတ်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ် ပါဝင်သော ပါလီမန်၌ရှိသည်။ ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့တို့ကား သီးခြားဖြစ်၏။ ဝန်ကြီးချုပ် ခန့်ထားရေး၊ တရားလွှတ်တော်ချုပ် တရားဝန်ကြီးများ ခန့်ထားရေး စသည့်အာဏာများ ဘုရင်တွင် ရှိသည်။ နိုင်ငံကို ကဗူး၊ မဇာ၊ ကန္ဒဟာ၊ ဟဲရတ်၊ ကတဂန် -ဗဒက်ရှန်၊ (ယခင်တောင်ပိုင်းနယ်) စသည်ဖြင့် ပြည်နယ် ၂၉ နယ် ခွဲထား၍ ဘုရင်ခံများ ခန့်ထားအုပ်ချုပ်စေသည်။ အာဖဂနိစတန်နိုင်ငံသားတို့သည် မြေမျက်နှာပြင် သဘာဝ၊ ရာသီဥတု သဘာဝတို့၏ ကြမ်းတမ်း ခက်ထရော်မှုကိုသာအစဉ်တစိုက် တွန်းလှန်ကာ နေထိုင် လုပ်ကိုင်စားသောက်ခဲ့ ရသည် မဟုတ်သေး။ မိမိတို့၏ တိုင်းပြည်၊ မိမိတို့လူမျိုး တည်တံ့ရေးအတွက်လည်း တိုင်းတစ်ပါးမှ ဖိနှိပ်စိုးမိုး လာသူတို့၏ ရန်များကိုလည်း သမိုင်းစဉ်တစ်လျှောက် အစဉ်တစ်စိုက် တွန်းလှန်ခဲ့ကြသည်။ ထိုကြောင့် အာဖဂနိစတန်၏ သမိုင်းတွင် တိုက်ရေး၊ ခိုက်ရေး၊ စစ်မက် အရေးအခင်းတို့ များပြားခဲ့လေသည်။ ယင်း၏သမိုင်း အစပိုင်းတွင် အာဖဂနိစတန်ပြည်အား ပါးရှင်းအင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသအဖြစ် တွေ့ရှိရ၍ ခရစ်မပေါ်မီ ၃၂၆ ခုနှစ် တွင်မူ အယ်လက်ဇန္ဒာ-သဂရိတ်က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ သို့သော် ထိုစဉ်က မထင်မရှား တိုင်းငယ်ပြည်ငယ် ကလေး တစ်ခုမျှသာ ဖြစ်ပေသည်။ ဂရိလက်အောက်တွင် နှစ်ပေါင်း အတန်ကြာမျှ ရှိနေခဲ့ပြီးနောက်တွင် ဆီယီယန်နှင့် ပါသီယန် လူမျိုးတို့၏ လက်အောက်သို့ ရောက်ခဲ့ပြန်လေသည်။


ခရစ်တစ်ရာစုနှစ်ခန့်တွင်မူ အိန္ဒိယမြောက်ပိုင်းတွင် စိုးမိုးနေ၍ ဗုဒ္ဓဝါဒီများဖြစ်ကြသော ကုသျှန်မင်းများက သိမ်းပိုက်လိုက်ပြန်သည်။ ခရစ်ခုနစ်ရာစုနှစ်တွင် မွတ်စလင်တို့ တန်ခိုးကြီးထွား လာ၍ အနောက်ပိုင်း နယ်မြေများကို ထိပါးလာသည်။ အစ္စလာမ်အယူဝါဒသည်လည်း ဗုဒ္ဓအယူဝါဒနှင့် ဖာရစီအယူဝါဒတို့ကို လက်ခံ ကိုးကွယ်လျက်ရှိသော အာဖဂနိစတန်မြေတွင် တဖြည်းဖြည်း ဝင်ရောက်အမြစ်တွယ်ခဲ့သည်။ ၁ဝ ရာစုနှစ်တွင် ဂါးဇနီမြို့၌ တာကိုမန်မင်းဆက် တည်ထောင်ပြီးနောက်တွင် အာဖဂနိစတန်သည်လည်း ထင်ရှားစပြု လာလေသည်။ ခရစ် ၁၄၄ဝ ပြည့်နှစ်တွင် မဂိုဧကရာဇ် တေမာလိန်း(တီမူး)သည် အာဖဂနိစတန်မြောက်ပိုင်းကို သိမ်းယူအုပ်စိုးခဲ့သည်။ တေမာလိန်း၏ အဆက်အနွယ်ဖြစ်၍ အိန္ဒိယနိုင်ငံ၌ မဂို အင်ပိုင်ယာကို ထူထောင်ခဲ့သော မဂိုဧကရာဇ် ဗေဗာ၏လက်ထက်တွင် ကဗူးနှင့် ကန္ဒဟာတို့သည် အိန္ဒိယနိုင်ငံ၏တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သော် လည်း၊ ဟဲရတ်သည် ပါးရှင်း ဘုရင်များလက်အောက် ရောက်သွားပြန်သည်။ ထိုနောက်တွင်မူ ပြည်ထောင်များ ကွဲပြားသွား၍ ပြည်ထောင်မင်းများလည်း ထီးပြိုင်နန်းပြိုင် အုပ်စိုးခဲ့ကြသည်မှာ ၁၇ ရာစုနှစ် အစပိုင်း တိုင်အောင် ဖြစ်လေသည်။ ၁၇၃၇-၃၈ ခုနှစ်တွင်မူ ဘုန်းလက်ရုံးနှင့် ပြည့်စုံသော ပါးရှင်းဘုရင်တစ်ပါးဖြစ်သည့် နဒါးရှားသည် ကဗူး နှင့် ကန္ဒဟာတို့ကို သိမ်းပိုက်သည်။ ၁၇၄၇ ခုနှစ်တွင် ထိုရှားဘုရင် လွန်သောအခါ ကန္ဒဟာ ပြည်ထောင်မှ အကြီးအမှူးများသည် ပါးရှင်းစစ်တပ်ထဲမှ အာဖဂန် အမျိုးသားစစ်မှူးကြီးတစ်ဦးကို အာဖဂန် နိုင်ငံအလုံး၏ ဘုရင်အဖြစ် တင်မြှောက်လိုက်ရာ အာဖဂန်နိစတန်သည် အစဉ်အဆက် တိုင်းခြားမင်းများ၏ အစိုးမိုးခံခဲ့ရသောဘဝမှ ပထမဆုံးအကြိမ် ကိုယ့်မင်းကိုယ်ချင်းနှင့် သီးခြားလွတ်လပ်သော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ခဲ့ရလေသည်။


ထိုမင်းသည် အာမက်ရှား ဒျူရနီဘွဲ့ကိုယူ၍ အာဖဂနိစတန်နိုင်ငံ၌ ဒျူရနီမင်းဆက်ကို တည်ထောင်သည်။ ထိုကြောင့်အာဖဂနိစတန်၌ စိုးမိုးသော လူမျိုးစုတို့သည် ဒျူရနီအမည်ကို ခံယူကြခြင်း ဖြစ်လေသည်။ အာမက်ရှားဘုရင်သည် မိမိ၏နိုင်ငံကို အရှေ့ဘက်သို့ ပန်ဂျပ်နှင့် ကသ္မီရတိုင်အောင်လည်းကောင်း၊ အနောက်ဘက်သို့ ကက်စပျန်ပင်လယ်အထိလည်းကောင်း တိုးချဲ့၍ မြောက်ဘက်နယ်နိမိတ်အဖြစ် အမူးဒါရယားမြစ်ကို သတ်မှတ်ခဲ့လေသည်။ ထိုအချိန်ပိုင်းလောက်မှစ၍ ပါးရှားနိုင်ငံအပြင် ဂရိတ်ဗြိတိန်နိုင်ငံနှင့် ဆိုဗီယက် ရုရှနိုင်ငံတို့သည်လည်း အာဖဂနိစတန်နိုင်ငံကို မျက်စောင်းထိုးလာကြသည်။ အိန္ဒိယနိုင်ငံရှိ မိမိတို့၏အကျိုးကို အာဖဂနိစတန်နိုင်ငံမှ တစ်ဆင့် ထိပါးနိုင်သဖြင့် ဂရိတ်ဗြိတိန်သည် အာဖနိဂတန်နိုင်ငံ၌ ရုရှတို့က မိမိတို့ထက် အရေးပါ အရာ ရောက်သွားမည်ကို အလွန်စိုးရိမ်ခဲ့သည်။ ထိုပြင် ဥရောပ၌လည်း နပိုလီယန် စခန်းထချိန်ဖြစ်၍ အိန္ဒိယနိုင်ငံ အရေးအတွက် ဂရိတ်ဗြိတိန်နိုင်ငံသည် ရင်မအေး နိုင်အောင်ဖြစ်ကာ အိန္ဒိယနိုင်ငံကို တိုက်ခိုက်နိုင်ရန် ခြေကုပ်စခန်းကောင်းဖြစ်သော အာဖနိဂတန်နိုင်ငံကို ချော့မရသည့်အခါ ခြိမ်းခြောက်သည်။ ယင်းသို့ဖြင့် ဗြိတိန်နှင့် အာဖနိဂတန်နိုင်ငံ တို့သည် ၁၈၃၉-၄၃ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၇၈-၇၉ ခုနှစ်တွင်တစ်ကြိမ် စစ်ခင်းခဲ့လေသည်။ ရုရှနိုင်ငံသည် တာကီစတန်ကို သိမ်းပိုက်၍ အမူးဒါရယားမြစ်၏ တောင်ဘက်တိုင်အောင် ရုရှ စစ်တပ်များ ဝင်ရောက်ခဲ့သော်လည်း အာဖဂနိစတန်ကို ထိပါးတိုက်ခိုက်ခြင်း မပြုခဲ့ပေ။ တစ်ဆဲ့ကိုးရာစုနှစ်အတွင်း အာဖဂနိစတန်နိုင်ငံ၏ အခြေအနေသည် မတည်ငြိမ်ခဲ့ပေ။


ဗြိတိန်သည် ထိုနိုင်ငံအပေါ် ဩဇာကြီးမားနေသည်။ အာဖဂန်ဘုရင် အဗ္ဗဒူရာမန်ခန်၏လက်ထက်တွင် ဗြိတိသျှတို့နှင့် ပြေလည်အောင်ဆက်ဆံ၍ မိမိတို့၏နိုင်ငံကို အင်အားတောင့်တင်းစေရန်လည်းကောင်း၊ အုပ်ချုပ်ရေး ခိုင်မာစေရန်လည်းကောင်း၊ ဆောင်ရွက်ခဲ့သည်။ ၁၈၉၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့်လည်းကောင်း၊ ၁၈၉၅ ခုနှစ် တွင် ရုရှနိုင်ငံနှင့်လည်းကောင်း နယ်နိမိတ် ပိုင်းခြားသတ်မှတ် လေသည်။ ထိုဘုရင်၏ သားတော် ဟာဗိဗူလာခန်၏ လက်ထက်တွင် နိုင်ငံကို ခေတ်မီအောင် ပြုပြင်ခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ အခြားမွတ်စလင်နိုင်ငံဖြစ်သော တူရကီက စစ်ထဲဝင်သော်လည်း အာဖဂနိ စတန်နိုင်ငံက စစ်ထဲမဝင်ပဲ ကြားနေခဲ့သဖြင့် ကမ္ဘာကအံ့ဩခဲ့ရလေသည်။ ၁၉၁၉ ခုနှစ်တွင် နန်းတက်သော အမန်းနျူလာခန် လက်ထက်တွင် မိမိ၏ နိုင်ငံ၊ မိမိ၏လူမျိုးကို သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်အောင် ကြိုးပမ်းသည်။ ထိုမင်းသည် အာဖဂနိစတန်နိုင်ငံကို လွတ်လပ်သော နိုင်ငံဟု ကြေညာ၍ ဂရိတ်ဗြိတိန်နိုင်ငံကို စစ်ပြုသည်။ ရာဝါပင်ဒိမြို့တွင် ၁၉၁၂-ခုနှစ်၌ ချုပ်ဆိုသော စာချုပ်အရ ဗြိတိန်နိုင်ငံက အာဖနိဂတန် ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုရသည်။ သို့သော် ဗြိတိသျှ၊ အိန္ဒိယ၊ အာဖဂနိစတန် နယ်နိမိတ်ကို ရှိနေဆဲအတိုင်း အာဖဂနိစတန်နိုင်ငံက လက်ခံရသည်။ အာဖဂ နိစတန်နိုင်ငံ သည် ၁၉၁၉ ခု နှစ် မေလ ၂၇ ရက်နေ့ကို လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့လေသည်။ ထိုနေ့ထိုရက်သည် အာဖနိဂတန်နိုင်ငံအတွက် နှစ်ထပ်ကွမ်း အောင်ပွဲခံသော နေ့ရက်ဟုလည်း ဆိုရပေမည်။ အမန်းနျူလာ ဘုရင်သည် သက်ဦးဆံပိုင် ဘုရင့်အုပ်ချုပ်ရေးကိုလည်း ထိုစဉ် ကစ၍ ချုပ်ငြိမ်းစေ၍ စည်းမျဉ်းခံ ဘုရင့်အုပ်ချုပ်ရေးစနစ် ဖြစ်မြောက်ရန် စီမံဆောင်ရွက်သည်။ တူရကီနိုင်ငံကို စံနမူနာ ထား၍ နိုင်ငံ၏အုပ်ချုပ်ရေး၊ အယူဝါဒရေး၊ ဓေ့လထုံးစံတို့ကို ခေတ်မှီစေရန် ဒလကြမ်း ပြုပြင်သည်။ ထိုအခါ အယူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပဋိပက္ခဖြစ်ကာ နောက်ဆုံး၌ အများစုအင်အားကို မလွန်နိုင်သဖြင့် ၁၉၂၉ ခုနှစ်တွင် အမန်းနျူလာဘုရင်သည် နန်းစွန့်ရလေသည်။ ထိုနှစ်အတွင်းမှာပင် စစ်ပွဲများ၌ သူရဲကောင်းတစ်ဦးဖြစ်ခဲ့သူ မို့ဟမ္မဒ်နဒါးခန်သည် နိုင်ငံ၏ အခြေအနေကို ထိန်းသိမ်းကာ နဒါးရှားဘွဲ့ကိုယူ၍ ထီးနန်းရိုက်ရာကို ဆက်ခံလိုက်သည်။ သို့သော် ၁၉၃၃ ခုနှစ်တွင် ကဗူးမြို့၌ လုပ်ကြံခံရသဖြင့် သားတော်ဖြစ်သူက မို့ဟမ္မဒ် ဇဟာရှားဘွဲ့ဖြင့် ထီးမွေနန်းမွေဆက်ခံ အုပ်ချုပ်ခဲ့လေသည်။ မို့ဟမ္မဒ် ဇဟာရှားဘုရင်သည် ၁၉၃၇ ခုနှစ်တွင် တူရကီနိုင်ငံ၊ အီရက်နိုင်ငံ၊ အီရန်နိုင်ငံတို့နှင့် မဟာမိတ်အဖွဲ့ ဖွဲ့ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်း ပထမကမ္ဘာစစ်အတွင်းကဲ့သို့ ကြားနေခဲ့သည်။ ၁၉၄ဝ ပြည့်နှစ် ဇူလိုင်လတွင် ဆိုဗီယက်ရုရှနိုင်ငံနှင့် ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုခဲ့လေသည်။


၁၉၄၆ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာခဲ့လေသည်။ အာဖဂနိစတန်နိုင်ငံသည် ပြည်တွင်းပြုပြင်ရေးများကို တဖြည်းဖြည်း ဆောင်ရွက်လျက်ရှိသည်။ မြို့ကြီးများ တိုးချဲ့ ဆောက်လုပ်သည်။ လမ်းပန်းဆက်သွယ်ရေးကို တိုးတက်ကောင်းမွန်အောင် ပြုပြင်သည်။ ဆည်မြောင်း စီမံကိန်းများကို ပိုမိုဆောင်ရွက်သည်။ ချည်ထည်စက်ရုံ၊ သိုးမွေးထည်စက်ရုံများ တိုးတက်ရေးကို လုပ်ကိုင်သည်။ ရှေးကကဲ့သို့ တစ်နိုင်ငံတည်း အထီးတည်း မဖြစ်စေဘဲ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်အောင်လည်း ကြိုးစား ဆောင်ရွက်ခဲ့လေသည်။ ၁၉၃၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် မို့ဟမ္မဒ်ဇဟာရှား ဘုရင်၏ယောက်ဖတော် ဗိုလ်ချုပ်ကြီးဒါအွတ်ခန် ခေါင်းဆောင် တော်လှန်ကာ ဘုရင့်အုပ်ချုပ်ရေးစနစ်ကို ပယ်ဖျက်လိုက်ပြီးလျှင် အာဖဂနိ စတန်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကျေညာခဲ့၏။ ဗိုလ်ချုပ်ကြီး ဒါအွတ်ခန် ကိုယ်တိုင် သမ္မတအဖြစ်လည်းကောင်း၊ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း ဆောင်ရွက်လေ သည်။[၂၇]

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရအဖွဲ့[ပြင်ဆင်ရန်]

နိုင်ငံရေး[ပြင်ဆင်ရန်]

နိုင်ငံခြားဆက်ဆံရေး[ပြင်ဆင်ရန်]

၁၉၄၆ ခုတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်။ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ပြည်ထောင်စုဘုရင့်နိုင်ငံ၊ ဂျာမနီ၊ ဩစတေးလျ၊ တူရကီတို့နှင့် ဖြစ်သည်။ ၂၀၁၂ ခုတွင် အမေရိကန်နှင့် အာဖဂန်နစ္စတန်တို့ မဟာဗျူဟာမြောက်မိတ်ဘက်သဘောတူညီချက်တွင် လက်မှတ်ထိုးကာ အမေရိကန်၏ နေတိုးမဟုတ်သော အဓိကမဟာမိတ်ဖြစ်လာသည်။ ဂျာမနီနှင့်ဆက်ဆံရေးမှာ အလွန်ကြာလေပြီ။ ဂျာမနီသည် အာဖဂန်နစ္စတန်၏ လွတ်လပ်ရေးကြေညာမှုကို ၁၉၁၉ ခုကပင် အသိအမှတ်ပြုခဲ့သည်။ လက်နက်ရော စစ်သင်တန်းပါ အကြီးအကျယ်ထောက်ပံ့သူက ဆိုဗီယက်ပြည်ထောင်စုတည်း။ ချစ်ကြည်ရေးစာချုပ်ကို ၁၉၂၁ က တကြိမ်၊ ၁၉၇၈ ၌ တပြန် နှစ်ကျော့ လက်မှတ်ထိုးဖူးသည်။ အိန္ဒိယသည်လည်း ၁၉၅၀ ပြည့်က အလားတူစာချုပ်မျိုးဖန်တီးကာ လက်တွဲသည်။ ပါကစ္စတန်နှင့်မူ အကြောင်းအမျိုးမျိုးကြောင့် အဆင်မချော။ ဒူရန့်နယ်စပ်မျဉ်းကိစ္စ၊ အာဖဂန်ရှိ လက်နက်ကိုင်တို့အား ပါကစ္စတန်က ထောက်ပံ့နေသည်ဟု ယုံကြည်ရသောအကြောင်း စသဖြင့် ဖြစ်သည်။ သံတမန်ဆက်သွယ်ရေးအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုပ်၊ အီရန်၊ တာဂျစ္စတန်၊ တာ့မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်တို့အပြင် ဒေသတွင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကာဇက်စတန်၊ နီပေါ၊ ရုရှား၊ တောင်ကိုရီးယား၊ အာရပ်ပြည်ထောင်စုတို့နှင့် အဆက်အသွယ်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အခြားနိုင်ငံများနှင့်လည်း သံတမန်ဆက်ဆံရေးတိုးတက်အောင် ဆက်လုပ်နေသည်။

စစ်တပ်[ပြင်ဆင်ရန်]

အာဖဂန်စစ်တပ်သည် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ရှိပြီး အာဖဂန်လေတပ်၊ အာဖဂန်အမျိုးသားတပ်မတော်တို့ဖြင့် ဖွဲ့ထားသည်။ အာဖဂန်ကာကွယ်ရေးတက္ကသိုလ်သည် အာဖဂန်စစ်တပ်အတွက် စစ်ဘက်ပညာများ အဓိကပို့ချရာဖြစ်ပြီး အာဖဂန်အမျိုးသားစစ်ဘက်တက္ကသိုလ်သည် ယင်းကာကွယ်ရေးတက္ကသိုလ်ဝင်း၌ပင် ရှိလေသည်။

ဥပဒေစိုးမိုးရေး[ပြင်ဆင်ရန်]

ဥပဒေစိုးမိုးရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၏အစိတ်အပိုင်းဖြစ်သော အာဖဂန်အမျိုးသားရဲတပ်ဖွဲ့တွင် တာဝန်ရှိသည်။ ၎င်းတွင် အာဖဂန်ဝတ်စုံပြည့်ရဲတပ်ဖွဲ့နှင့် အာဖဂန်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဟူ၍ ဌာနခွဲ ၂ ခု ရှိသည်။ ဝတ်စုံပြည့်ရဲတပ်ဖွဲ့၏ တာဝန်မှာ အာဖဂန်ပြည်သူတို့အား ဥပဒေဆိုင်ရာ လုံခြုံမှုပေးရန်၊ ရာဇဝတ်မှုများကို တားဆီးရန်နှင့် ပုဂ္ဂလိက အစိုးရပိုင်ပစ္စည်းများကို စောင့်ရှောက်ရန်တည်း။ နယ်ခြားစောင့်တို့အလုပ်မှာ အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့ပိုင်နက်အကြား လုံခြုံရေးယူရန်နှင့် စည်းကြပ်ရန်ဖြစ်သည်။ နိုင်ငံတကာလေဆိပ်တို့ကိုလည်း နယ်ခြားစောင့်တပ်များက လုံခြုံရေးယူသည်။ အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှူးရုံးအောက်ရှိ အာဖဂန်နစ္စတန်၏ ထောက်လှမ်းရေးအေဂျင်စီသည် လုံခြုံရေးကိစ္စများအတွက် အာဖဂန်အမျိုးသားရဲတပ်ဖွဲ့နှင့် ပေါင်းလုပ်သည်။ လက်တလောကာလ၌ စစ်ရေးကိစ္စ အကြမ်းဖက်အဖွဲ့များနှင့်စပ်ဆိုင်သောလုပ်ရပ်တို့ကြောင့် အာဖဂန်နစ္စတန်၏ နေရာအများတွင် စိတ်ချရမှု မရှိ။ ပြန်ပေးဆွဲခြင်းနှင့် လုယက်ခြင်းမှာ မြို့ကြီးများတွင်ပင် ပုံမှန်ကိစ္စသို့ ဖြစ်နေသည်။ အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်ရှိ ထိပ်တန်း ဘိန်းထုတ်နိုင်ငံလည်း ဖြစ်သည်။ ကမ္ဘာအနှံ့ရှိ ဘိန်းပင်စိုက်ပျိုးမှု၏ ၉၀% မှာ အာဖဂန်နစ္စတန်တွင်ဖြစ်ပြီး ဥရောပသို့သွင်းသောဘိန်းတို့၏ ၉၅% မှာလည်း အာဖဂန်နစ္စတန်မှပင်တည်း။ မူးယစ်တိုက်ဖျက်ရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်မူးယစ်ဆေးဈေးကွက်ကို စောင့်ကြည့်ဖြိုခွင်းရန် တာဝန်ရှိပေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

  1. Incorrect names that have been used as demonyms are Afghani[၅] and Afghanistani.[၆]
ကိုးကား အမှား - <ref> tag with name "fn1" defined in <references> is not used in prior text.

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named AO
  2. South Asia :: Afghanistan – the World Factbook – Central Intelligence Agency။ 29 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2021 တွင် ပြန်စစ်ပြီး။
  3. The Constitution of Afghanistan။ ၂၃ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named LoC-pdf
  5. Dictionary.com. The American Heritage Dictionary of the English Language, Fourth Edition. Houghton Mifflin Company, 2004. Reference.com (Retrieved 13 November 2007).
  6. Dictionary.com. WordNet 3.0. Princeton University. Reference.com (Retrieved 13 November 2007). Archived 28 March 2014 at the Wayback Machine.
  7. Constitution of Afghanistan (2004)။ 20 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2021 တွင် ပြန်စစ်ပြီး။
  8. Afghan | meaning in the Cambridge English Dictionary။ the Cambridge English Dictionary။ ISBN 9781107660151
  9. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Factbook
  10. Afghan Population Estimates 1398Central Statistics Organization (2019)။ 4 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2021 တွင် ပြန်စစ်ပြီး။
  11. ၁၁.၀ ၁၁.၁ ၁၁.၂ ၁၁.၃ Afghanistan။ International Monetary Fund။
  12. Gini Index။ World Bank။
  13. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)။ United Nations Development Programme။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-5။ ၁၆ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး
  14. Afghanistan။ Encyclopædia Britannica။ 2010-03-17 တွင် ပြန်စစ်ပြီး။
  15. The Afghans - Their History and Culture။ Center for Applied Linguistics (June 30, 2002)။ 17 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-09-10 တွင် ပြန်စစ်ပြီး။
  16. Griffin၊ Luke (January 14, 2002)။ The Pre-Islamic PeriodAfghanistan Country Study။ Illinois Institute of Technology။ 3 November 2001 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-10-14 တွင် ပြန်စစ်ပြီး။
  17. "Afghanistan country profile"၊ BBC News၊ 2 October 2010။ 2010-11-07 တွင် ပြန်စစ်ပြီး 
  18. Baxter၊ Craig (1997)။ Chapter 1. Historical Setting။ Library of Congress Country Studies on Afghanistan။ 2012-12-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-24 တွင် ပြန်စစ်ပြီး။
  19. Kingdoms of South Asia - Afghanistan in Far East Kingdoms: Persia and the East။ The History Files။ 2010-06-24 တွင် ပြန်စစ်ပြီး။
  20. Last Afghan empireLouis Dupree, Nancy Hatch Dupree and others။ Encyclopædia Britannica Online။ 2010-08-22 တွင် ပြန်စစ်ပြီး။
  21. D. Balland (2010)။ "AFGHANISTAN x. Political History"Encyclopædia Iranica (Encyclopædia Iranica Online ed.)။ Columbia University။ 8 December 2010 တွင် မူရင်း အား မော်ကွန်းတင်ပြီး5 December 2010 တွင် ပြန်စစ်ပြီး
  22. M. Longworth Dames, G. Morgenstierne, and R. Ghirshman (1999)။ "AFGHĀNISTĀN"။ Encyclopaedia of Islam (CD-ROM Edition v. 1.0 ed.)။ Leiden, The Netherlands: Koninklijke Brill NV။CS1 maint: multiple names: authors list (link)
  23. Western Powers and the Great Game။ Center for Applied Linguistics (June 30, 2002)။ 17 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-10-14 တွင် ပြန်စစ်ပြီး။
  24. United Nations Security Council (PDF)။ United Nations။ Naval Postgraduate School (December 5, 2001)။ 2010-10-06 တွင် ပြန်စစ်ပြီး။
  25. State of the Insurgency Trends, Intentions and ObjectivesInternational Security Assistance Force။ DefenseStudies.org (December 22, 2009)။ 4 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  26. Afghanistan Cables Show Deep Corruption, 'Dancing Boys'။ 11 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2010 တွင် ပြန်စစ်ပြီး။
  27. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)