နန္ဒိယ၊ အရှင် (တောင်ပုလုတောရဆရာတော်)
တောင်ပုလုတောရကမ္ဘာအေးဆရာတော် ဦးနန္ဒိယ | |
---|---|
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
ဓမ္မအမည် | နန္ဒိယ |
ပုဂ္ဂိုလ်ရေးရာ | |
နိုင်ငံသား/လူမျိုး | မြန်မာ |
မွေးဖွား | ၂၀ မတ် ၁၈၉၇ (မြန်မာသက္ကရာဇ် ၁၂၅၈၊ တပေါင်းလပြည့်ကျော် ၃ ရက်) တဲစုရွာ၊ ဝမ်းတွင်းမြို့နယ် မြန်မာနိုင်ငံ |
ကွယ်လွန် | ၇ ဇွန်၊ ၁၉၈၆ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | (အသက် ၈၉)
ရာထူး တာဝန် | |
ဌာန | တောင်ပုလုတောရကျောင်းတိုက်၊ ဝမ်းတွင်းမြို့နယ်, မန္တလေးတိုင်း |
ဂုဏ်ဒြပ် | ဆရာတော် |
မြန်မာနိုင်ငံသာမက ကမ္ဘာသို့ပါ ဗုဒ္ဓသာသနာ ပြန့်ပွား ထွန်းကားအောင် စွမ်းဆောင်တော်မူသည့် တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်ဘုရားကြီးဟု ထင်ရှားတော်မူသော အရှင်နန္ဒိယကို မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာ၌ ခမည်းတော် ဦးရံ၊ မယ်တော် ဒေါ်ရွှေသဲတို့က ၁၂၅၈ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက် စနေနေ့တွင် ဖွားမြင်ခဲ့သည်။ [၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၃ နှစ်သားအရွယ်တွင် တဲစုရွာ၊ ရေဝန်းကျောင်းဆရာတော် ဦးတေဇထံ၌ ရှင်နန္ဒိယဟူသောဘွဲ့အမည်ဖြင့် ပဗ္ဗဇ္ဇရှင်သာမဏေ ပြုပြီး အခြေခံပိဋကတ်စာပေတို့ကို သင်ယူခဲ့သည်။ သက်တော် ၂၀ တွင် ဆရာတော် ဦးတေဇကိုပင် ဥပဇ္ဈာယ်ပြုကာ တဲစုရွာ နေ ဦးထွန်းအေး၊ ဒေါ်ကြာမွေးတို့၏ စတုပစ္စယဒါနကို ခံယူ၍ ဥပသမ္ပဒကံဆောင် ရဟန်းဘောင်သို့ ရောက်တော်မူသည်။ ဆရာတော်ဘုရားသည် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဖြစ်သော သုံးပုံပိဋကတ် ပရိယတ်စာပေတို့ကို မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊ ရွှေဘိုကျောင်း ဆရာတော်ဦးအာစရ၊ ဘုရား ကြီးတိုက်ဆရာတော် ဦးဇေယျ၊ ဦးတေဇဝန္တ၊ ဦးနာရ၊ ပခုက္ကူတိုက် ကျွဲပွဲအိုးဆိပ် ဆရာတော် ဦးသာသနတို့ထံတွင် ပေါက်မြောက်စွာ သင်ယူတတ်မြောက်တော်မူခဲ့သည်။
ရဟန်းဘဝ
[ပြင်ဆင်ရန်]ထို့နောက် ၁၂၈ရ ခုနှစ်တွင် ညီတော်ဖြစ်သူ သာစည်ရေလယ်ကျောင်း ဆရာတော်အရှင်နန္ဒောဘာသာ၏ တောင်းပန်ချက်အရ သာစည်မြို့ရေလယ်ကျောင်း စာသင်တိုက်ကြီး၌ စာသင်သား ၁၀၀ ကျော်ကို စာပေပို့ချ ပေးတော်မူခဲ့သည်။ စာချဆရာတော်အဖြစ် ရောက်ရှိလာသောဆရာတော်သည် ဂဏဝါစကဟူသော စာချ ဆရာတော်များ၏ ဘွဲ့တော်ကို လည်းကောင်း၊ မူလဓမ္မာစရိယဟူသော ဘွဲ့ထူးကိုလည်းကောင်း ရရှိတော်မူသည်။
ဆရာတော်သည် ဝိပဿနာဓုရကို ငယ်စဉ်ကပင် ပိုမို စိတ် အားထက်သန်ခြင်းရှိသောကြောင့် သိက္ခာတော် ဝါ ၂၀ ရသည့် အချိန်တွင် စာပေပို့ချမှုကို စွန့်ကာ ပျော်ဘွယ်မြို့၊ တွင်းရွာ၊ သိမ်တောင်တောရ ကျောင်းသို့ ကြွသွားလျက် ဝိပဿနာ သတိပဋ္ဌာန်တရားများကို ကြိုးစားအားထုတ်တော်မူခဲ့သည်။
ထိုမှတဖန် တပည့်များဖြစ်ကြသော ထူးတွင်းဆရာတော်နှင့် အရှင်နန္ဒောဘာသတို့အား ခေါ်၍ သထုံမြို့ မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရှိရာသို့ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်ဖြင့် တတ်စွမ်းသမျှ ဓူတင်ဆောင်ကာ ခြေလျင်ခရီးဖြင့် ကြွတော်မူခဲ့သည်၊ မင်းကွန်းဇေတဝန်ကျောင်းဆရာတော်ဘုရားကြီးထံတွင် ပါတိမောက်ရခြင်း၊ဆွမ်းခံစားရခြင်း၊ ဝတ်ဆောက်တည်ရခြင်း စသော စည်းကမ်းသတ်မှတ်ချက်များနှင့် မဟာသတိပဋ္ဌာန် ဝိပဿနာတရားတော်များကို နှစ်နှစ်တာမျှ အပတ်တကုတ် လိုက်နာကျင့်ကြံ အားထုတ်တော်မူခဲ့သည်။
ထို့နောက် ဆရာတော်သည် မော်လမြိုင်မြို့နှင့်ခြောက်မိုင်ခန့် ကွာသော ခံရွင်းရွာကျောင်းသို့ ကြွရောက်လျက် ဝိပဿနာ ကမ္မဋ္ဌာန်း အားထုတ်နည်းများကို နှစ်နှစ်တာမျှ နည်းပေးညွှန်ကြား ပြသတော်မူခဲ့သည်။ အောက်အရပ်ဒေသတွင် လေးနှစ်မျှ ကျင့်ကြံကြိုးကုတ် သင်ကြားပြီးနောက် ဇာတိရပ်ရွာ အညာ ဒေသသို့ ပြန်လည်ကြွရောက်လျက် ဝိပဿနာ အကျင့်မြတ်နှင့် တကွ ၁၃ ပါးသော ဓူတင်ကမ္မဋ္ဌာန်းအကျင့်စခန်းကို ၁၂ နှစ် ကြာမျှ ကြိုးပမ်းအားထုတ်တော်မူခဲ့သည်။
ကျောက်ဆောင် ချောက်ကမ်းပါးများနှင့် သစ်ပင်ဝါးပင်ရိပ်များကို ကျောင်းအမှတ် သီတင်းသုံး၍ ဓူတင်နှင့်ဝိဿနာတရား များကို ကျင့်ကြံကြိုးကုတ် အားထုတ်လျက်ရှိသော ဆရာတော် ဘုရားကြီးအား တောင်ပုလုဆည်ကို တည်ဆောက်နေသော ဒါယကာများက လျှောက်ထားတောင်းပန်၍ ၁၃၁၃ ခုနှစ်တွင် ကပ်မိုးကပ်ကာ ကျောင်းကလေးတစ်ဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့ကြသည်။ ဆောက်လုပ်ပေးသည့် ကပ်မိုးကပ်ကာ ကျောင်းကလေးတွင် ဆရာတော် သီတင်းသုံးတော်မူသည့် အချိန်မှစ၍ တောင်ပုလုတောရဆရာတော်ဟု ထင်ရှားတော် မူလာခဲ့သည်။
၁၃၁၅ ခုနှစ်တွင် တောင်ပုလုတောရ ကမ္ဘာအေးဓမ္မရိပ်သာ ကြီးကို စတင်တည်ထောင်တော်မူခဲ့သည်။ တောင်ပုလုတောရတွင် ကမ္မဋ္ဌာန ဆရာတော်အဖြစ် အပါး (၇ဝ) မက များပြားသော တပည့်သံဃာတော်များကို နှစ်စဉ်သွန်သင်ညွှန်ပြ နည်းပေးတော်မူခဲ့သည်။ ဆရာတော်သည် တဲစုရွာတွင် အနော်ရထာ မင်းစော လက်ထက်က တည်ထားခဲ့သော မူလစေတီဟောင်းကို ငုံ၍ ဗောဇ္ဈင်ခုနစ်ပါးကို ရည်ညွှန်း ပူဇော်သောအားဖြင့် ဉာဏ် တော် ၁၁၁ တောင်၊ ၁ထွာ၊ ၁ မိုက်၊ ၁ လက်သစ်ရှိသော မြမဉ္ဇူကျောက်စေတီတော်ကြီးကို ရွှေတိဂုံစေတီတော် ပုံစံအတိုင်း ၁၃၃ရ ခုနှစ်မှ ၁၃၄၂ ခုနှစ်အတွင်းအပြီး တည်ဆောက်ပူဇော် တော်မူခဲ့သည်။
ဆရာတော်သည် ပရိယတ်စာပေ တတ်ကျွမ်းသည်နှင့်အမျှ ဝိပဿနာဓူရ၊ ပဋိပတ်ကျင့်စဉ်တွင် အထူး ကျော်ကြား လူသိ များလှသည်။ ရဟန်းမြတ်တို့ ကျင့်ဆောင်အပ်သော ဓူတင် အကျင့် ၁၃ ပါးကို တစိုက်မတ်မတ် ကိုယ်တိုင်အားထုတ် ခဲ့သည့်နည်းတူ တပည့်သံဃာတော်များအားလည်း ဓူတင် ၁၃ ပါး အကျင့်တရားကို အလေးထားကာ အားထုတ်စေသည်။ ဆရာတော်ဘုရားကြီး၏ ကာယဂတာ သတိပဋ္ဌာန်ကျင့်စဉ်၊ သမ္ပညပဗ္ဗအားထုတ်နည်းတရား၊ ရာသက်ပန် သရဏဂုံ တည်ဆောက်ပုံ၊ အမြတ်ဆုံးတရားနှင့် အမြင့်ဆုံးအကျင့်၊ သံဝေဂ ကထာဆုံးမစာ၊ ဒါနကထာ၊ သီလ အဖြာဖြာနှင့် ဘာဝနာ တရားတော်များသည် တိုတိုရှင်းရှင်းနှင့် လိုရင်းကို သိစေ နိုင်သော တရားအနှစ်သာရများ ဖြစ်ပေသည်။
သာသနာပြုခရီး
[ပြင်ဆင်ရန်]ဆရာတော်သည် မြန်မာနိုင်ငံ၏ အရှေ့နှင့်အရှေ့မြောက် အရပ်တို့တွင် မူဆည်၊ နမ့်ခမ်း၊ ရွှေလီတံတားနှင့် နယ်ခြား မှတ်တိုင် ၈၁အထိ၊ အနောက်ဘက်တွင် ရခိုင်မြောက်ဦးအထိ၊ မြောက်ဘက်တွင် မြစ်ကြီးနား၊ ပူတာအိုအထိ ကြွရောက် သာသနာပြုခဲ့သည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် သာသနာ ပြုရာ၌ ကော့သောင်နှင့် ရနောင်းကြားရှိ ရေလက်ကြားတွင် ရှိသော ရွှေကျွန်းသို့ပင် ထမ်းစင်နှင့်ခက်ခဲပင်ပန်းစွာ ကြွရောက် သာသနာ ပြုတော်မူခဲ့သည်။
ဆရာတော်သည် နောက်ပါသံဃာများနှင့်အတူ အမေရိကန် ပြည်ထောင်စုသို့ ၁၉ရ၈ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၈၁ ခုနှစ် တွင် ဒုတိယအကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တတိယအကြိမ်၊ ၁၉၈၅ ခုနှစ်တွင် စတုတ္ထအကြိမ် ကြွရောက်၍ သာသနာပြုခဲ့ ရုံမျှမက ဗြိတိန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ များသို့ပါ ကြွတော်မူလျက် သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ အားထုတ်ဆောင်ရွက်တော်မူခဲ့သည်။ အမေရိကန် ပြည်ထောင်စု ဘိုလဒါကရိဒေသရှိ တောင်ပုလုကမ္ဘာအေး ကျောင်းတော်ဝင်းအတွင်း၌ ရွှေသိမ်တော်ကမ္ဘာအေးစေတီ တော်မြတ်ကို တည်ထားပေးတော်မူခဲ့သည်။
၁၉၈၅ ခုနှစ်တွင် နိုင်ငံခြားသာသနာပြုခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာပြီးနောက် မြန်မာနိုင်ငံ ဒေသအနှံ့အပြား သို့ ကြွရောက်တော်မူလျက် သာသနာပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်တော်မူခဲ့သည်/
ဘဝနိဂုံး
[ပြင်ဆင်ရန်]တောင်ပုလုဆရာတော် အရှင်နန္ဒိယသည် ၁၃၄၈ ခုနှစ်၊ ကဆုန် လကွယ်နေ့ (၁၉၈၆ ခုနှစ် ဇွန်လ ၇ရက်)တွင် တက္ကသိုလ် ရိပ်သာလမ်း၊ တောင်ပုလုဆုတောင်းပြည့်ကျောင်း၌ ပျံလွန်တော် မူသည်။ တပည့်များက ဆရာတော်၏ ရုပ်ကလာပ်တော်ကို ဖွားရာ ဇာတိဖြစ်သော မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တဲစုရွာသို့ ပင့်ဆောင်ကြပြီး ၁၃၄၈ ခုနှစ် နယုန်လကွယ်နေ့တွင် အန္တိမ ဈာပနကို ပူဇော်ခြင်း ပြုခဲ့ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Sircar၊ Rina။ Very Venerable Taungpulu Tawya Kaba-Aye Sayadaw။ 3 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 February 2019 တွင် ပြန်စစ်ပြီး။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၅