ထမနဲပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ထမင်းနဲပွဲသည် မြန်မာ့ရိုးရာ ဆယ်နှစ်လရာသီ ပွဲတော်တစ်ခုဖြစ်လေသည်။

ချွေးရွှဲရွှဲနှင့် ထမနဲ ထိုးနေပုံ

တပို့တွဲသည် မြန်မာပြက္ခဒိန်၏ ဧကာဒသမလ။ တပို့တွဲလတွင် ၂၉ ရက်ရှိသည် (ရက်မစုံ)။ တပိုဝ်တွဲ (တပို့တွဲ) သည် ဇန်နဝါရီဖေဖော်ဝါရီ အတွင်း ကျသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ကိုရည်ညွှန်းသည်ကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်း ( Butea monosperma) ဖြစ်ပေသည်။ ပွဲတော် တပို့တွဲလတွင် ထင်ရှားသော ပွဲတော်မှာ ထမနဲပွဲ ဖြစ်သည်။ ဗုဒ္ဓဘုရားကို နံသာများမီးရှို့၍ပူဇော်သော မီးပုံပွဲရှိသည်။

ပေါက်လဲရယ်တဲ့ပွင်စီစီ
ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေ သံစုံကျူးတယ်
မြူးသည့်ရာသီ။
ငွေသော်တာမှာ ကြယ်မာဃငယ်နှင့်
ထွန်းလျှံပ ပြည့်ကာညီ
ပြာရီလဲ့ မြူခိုး။
ယာဂုပွဲကိုတဲ့
လှူမြဲအလွန်ရွှင်လို့
ခုနှစ်စင် တာရာလျှမ်းသည်နှင့်
ဆူးပန်းတွေ ဝေဝေပွင့်ကြတယ်
ထူးတင့်မညှိုး။

တပို့တွဲလသည်အချမ်းပိုသည်။ မြတ်စွာဘုရားရှင်လက်ထက်၌ တပို့တွဲလမှာတပေါင်းလသို့အကူးကြားရှစ်ရက်သည် အလွန်အေးမြသည်။ ဝိနည်းတော်အရ ဘုရားသခင်သည် ရဟန်းတို့ကို မီးမလှုံရန်တားမြစ်ပိတ်ပင်သည် ။ တားမြစ်ရသည့်အကြောင်းမှာ မီးနှင့်မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့်အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း ယင်းတို့နှင့် အကျိုးမရှိသောစကားများကိုပြောဆိုခြင်း ဟူ၍ ဖြစ်သည်။ သို့ရာတွင် တပို့တွဲလကုန် တပေါင်းလကူးကြားရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်း မီးလှုံရန်ခွင့်ပြုတော်မူရုံမျှမကသေး မိမိကိုယ်တော်တိုင်သည်လည်း မီးလှုံတော်မူလေ့ရှိ၏။ ဤသည်ကို အစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကိုဆင်ယင် ကျင်းပကြသည်။ မီးပုံဟူသော အသုံးအနှုန်းမှာ အရပ်စကားဖြစ်သည်။ စာပေအမှတ်အသား အရမှာမူ မီးဖုန်းသဘင်ဟုရေးရသည်။ အလှူရှင် ဒကာဒကာမတို့သည် မီးဖုံးပွဲကိုကျင်းပရန်အလို့ငှာ တောသို့တက်၍ နံ့သာစသောထင်းများကို လူစုလူဝေးနှင့်ခုတ်ကြသည်။ ထို့နောက်ထိုထင်းများကို စုပုံရှို့၍ ဘုရားကျောင်းကန်၊ တန်ဆောင်းတို့၌ အပူဓာတ်ကိုလှူဒါန်းပူဇော်သည်။ အချို့ကလည်း မီးမယ်ဖျူးခေါ် မီးလင်းဖို၌ အမွှေးနံ့သာထင်းများကို ထည့်၍ မီးဖိုကာပူဇော်ကြသည်။ ဤပွဲသဘင်ကို ဆင်ယင်ကျင်းပရာ၌ ဆောင်ရွက် ရမြဲထုံးစံမှာ လူ ၁၀၀၀ စု၍ နံ့သာထင်းခုတ်ပြီးလျှင် ထင်းစည်း ၁၀၀၀၊ မီးလင်းဖို ၁၀၀၀၊ ယာဂုအိုး ၁၀၀၀၊ ထန်းစင် ၁၀၀၀ တို့ကိုစီမံပြီးလျှင် ဘုရား၊ကျောင်း၊တန်ဆောင်းများ၌ မီးအပူဓာတကိုလှူဒါန်းပူဇော်ကြသည်။ ဤသဘင်နှင် ့စပ်လျဉ်း၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးရှိ ဓမ္မသုခကျောင်း၌ မီးပုံပွဲတော်ကျင်းပပုံကိုမန်းသင့်နောင်က ` ကရင်ပြည်နယ် အလှစာအုပ်တွင်မှတ်တမ်းတင်ထားသည်မှာ လွန်စွာ မှတ်သားဖွယ်ကောင်းလှပေသည်.။

တပို့တွဲလပြည့်နေ့မတိုင်မှီ လဆန်းရှစ်ရက်နေ့ကစပြီး မီးပူဇော်လိုသူတို့သည် စင်းလုံးချော သက်ရင်ပင်များကို ခုတ်ယူပြီးလျှင် အခွံခွာ၍ နနွင်းဖြင့်လိမ်းကျံကာ သုံးဆင့်စည်းနှောင်ထားကြ၏။ခြောက်သွေ့သောအခါ မီးပုံပွဲကျင်းပရာသို့လပြည့် ` နေ့မတိုင်မှီ လာရောက်စုပုံကြ၏။ မီးပုံတိုင်များစိုက်ထူရန်မြေကွက်လပ်တွင် အတောင် ၃၀ အရှည်ရှိသော ဥရူတိုင်ကြီး ငါးတိုင်စိုက်ထား၏။ ထိုတွင် ထင်းစည်း ၊မီးပုံစည်း များကိုမှီ၍ စိုက်ထူ၏။နံနက်လေးနာရီတွင်ဆရာတော်က ဝတ်ပြုဆုတောင်းရာ ရဟန်း ရှင်လူ တို့သည် ရှိခိုး ကန်တော့ကြ၏။ ထို့နောက် ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးစပ်ရာ မီးပုံတွင် သူ့ထက်ငါဦးအောင်ရှို့ကြလေသည်။

ဤအဆိုကိုကြည့်ခြင်းအားဖြင့် ရိုးရာအလိုက်ကျင်းပသော မီးပုံပွဲကိုကရင်ပြည်နယ် ၌ ယနေ့တိုင်ကျင်းပမြဲ ဖြစ်သည်ဟုဆိုနိုင်ပေသည်။ ရှေးခေတ်ကကျင်းပသော မီးပုံပွဲတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ရှိကြောင်း အထက်၌ပြဆိုခဲ့သည်ကို ကျွနု်ပ်တို့အထူး သတိမူကြရန်ရှိသည်။ ယင်းကို ထောက်ရှုလျှင် မီးပုံပွဲနှင့် ယာဂု ဆက်စပ်နေသည်ကိုတွေကရပါလိမ့်မည်။ မီးပုံပွဲကျင်းပရင်းနှင့် ယာဂုပွဲဖြစ်ပေါ်လာသလား။ယာဂုပွဲကျင်းပရင်းနှင့် မီးပုံပဖြစ်ပေါ်လာသလော။ ဤနှစ်လီကို မဝေခွဲနိုင်ပါ။ စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်ပြိုင်တည်းဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ရာသည်။ ယာဂုပူဇော်ပွဲအစဉ်အလာကိုဝိနည်း ပိဋကတ် မဟာဝဂ် ပါဠိတော်၌ ပြဆိုထားသည်။ တစ်ခါရံသော် မြတ်စွာဘုရားသည်များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီကြွချိီတော်မူရာဇနပုဒ် ၌ နေသော သူတို့သည် ဆန်ဆီဆားဆေးစသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီရာသို့ လိုက်ပြီးလျှင် ဆွမ်းဘောဇဉ်အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါပုဏ္ဏား တစ်ယောက် သည်လည်းအလားတူ ဆွမ်းလုပ်ကျွေးလိုပါသော်လည်းမိမိအလှည့် မကျနိုင်သောကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂူနှင့်တကွ ပျားသကာမုန့်တို့ကိုမြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အား ဆက်ကပ် ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင် အာနန္ဒာသည် ဤအကြောင်းကို မြတ်စွာဘုရားအားလျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်း ကပ်လှူပူဇော်စေရန်သည်းခံတော်မူလေသည်။ ဤသည်ကစ၍ ယာဂု အလှူပွဲအစဉ်အလာပေါ်ပေါက်လာသည်းဝိနည်းတော်အရ တပို့တွဲနှင့် တပေါင်းစပ်ကြား၌ ရဟန်းတို့ မီးလှုံစေရန်ခွင့်ပြုသောအကြောင်းနှင့် ဆက်စပ်ကြည့်လျှင် ယင်းမီးပုံပွဲနှင့် ယာဂုအလှူပွဲမှာ တစ်ဆက်တည်းဖြစ်ပေါ်လာသည်ဟု ယူဆရန်ရှိလေသည်။ ယာဂုဟူသည် ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ်ပင်ဖြစ်သည်။ သို့သော် လုံးတောဆရာတော် ၏ အာဘော်အရ မြတ်စွာဘုရားသခင်သည်လေနာ နှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာ အားယာဂုဆွမ်းခံချေဟု မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံအလှူခံရာ ထိုမာတုဂါမက ချင်းစိမ်း၊ ငရုတ်၊ကြက်သွန်၊နှမ်း တို့ဖြင့်စီရင်ထားသော ယာဂုဆွမ်းကိုကပ်သဖြင့်လေနာငြိမ်းသည်ဟုဆိုသောကြောင့် ယာဂုသည် ငရုတ်၊ကြက်သွန်စသည်တို့ပါသောဆန် ပြုတ်တစ်မျိုးဟုယူဆနိုင်သည်။ မင်းတုန်းမင်းလက်ထက် ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး ၌ ဖတ်ရှုနိုင်သည်။ယင်းအလှူပွဲအကြောင်း ၌ ရွှေမြို့တော်လေးပြင်လေးရပ်တရုတ် ကုလားမျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်၍ ယာကုကျိုရာ ယင်းယာဂု၌ ကောက်ညှင်းဆန်ဆီဆားနှမ်းချင်းစိမ်းမြေပဲအုန်းသီးသစ်ကြားသီးစသည်တို့ကိုထည့်၍ ကျိုသည်ဟုဆိုသည်။ ယင်းယာဂုကျိုခြင်းကိုပင်လျှင်ယခုခေတ်၌ ထမနဲထိုးသည်ဟုဆိုကြောင်း မှတ်သားရသည်။ ထမနဲ့ (ဝါ) ထမင်းနှဲ ဟူသောစကားသည်(ကောက်ညှင်း) ထမင်းကိုနှဲခြင်း ဟူသောအသုံးအနှုန်းမှဖြစ်ပေါ်လာသည်။ ရှေးအရေးအသားအချို့ တွင် ထမင်းနှဲ ဟူ၍ ပင်ရေးကြသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲ ဟူ၍ လည်းခေါ်ကြသည်။ ယင်း ထမင်းနဲ့ထိုးခြင်းနှင့်စပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကိုတေးထပ်စပ်ဆိုရာ အောက်ပါအတိုင်း စပ်ဆိုထားလေသည်။

စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ။
ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့
နှမ်းဆီလဲထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လော န တံ ချိန်သတ်နှင့်
ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ
သုံးကျပ်မသွေ။

ဟူ၍သိရသည်။အဓိပ္ပါယ်မှာ ကောက် ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊မြေပဲဆန် ၈ဝိ သား ၊နှမ်း ၃၂ိသား၊အုန်းသီးစိတ် ၂ဝိ သား၊ ဆား ရိ သား၊ ချင်းစိမ်း ၃ိ သား တို့ကို ဒယ်အိုးတွင်နှံ့အောင်မွှေ၍ ယာဂုနှင့် ထမနှဲ အတူတူပဲဟု ဆိုရိုးရှိ၏။

[၁]

  1. ယာဂုထမနဲတပို့တွဲ
  2. တပို့တွဲလ
သာစွလေ
နေလည်းချမ်းမြ၊ လလည်းနှင့်ရီ
ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း
ဆူးပန်းလဲပေါက်၊
ဝင်းဝင်းတောက်လျက်
ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်
ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်
မာဃယှဉ်မှီ၊ ကုံရာသီဟု
အညီခေါ်မြဲ၊ တပို့တွဲမူ
မဖွဲ့မိုးလေ။
  1. ဦးအောင်ကြီး

ထမနဲပွဲတော်မှ တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျား အေးသတတ်။ ဤသို့ စာဆိုရှိသည်။ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလား မသိ။ ခိုက်ခိုက်တုန်အောင် အေးလှ၏။ မြတ်စွာဘုရား သခင်ပင်လျှင် ခြေဖျား လက်ဖျား မီးကင်တော် မူရသည်ဟု ဆိုကြ၏။ ဟုတ်ပေမည်၊ အလွန် အေးမြ လှပေသည်။ နှင်းဝေဝေတွင် ထမနဲပွဲသည် ပျော်ဖွယ် ကောင်းလှ၏။ ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင် ထမနဲ ထိုးကြ၏။ ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့်။ ကျေးလက် ရွာသားတို့ စုပေါင်း ညီညာသော သဘောကို သရုပ်ဆောင်၏။ ထမနဲကို နှင်းငွေ့ ဝေချိန်တွင်ပင် ဘုရားအား လှူ၏။ ရွာဦးကျောင်းသို့ ရောက်အောင် ပို့၏။ တအိမ် တက်ဆင်း ထမနဲ ဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ မွှေးကြိုင်လျက် ရှိသည်ကို ခံစားနိုင်လောက်ပေ၏။ အများနှင့် ဝိုင်းကြ ဝန်းကြသော သဘောသည် မြန်မာ့သဘော ဖြစ်ပေသည်။ ထမဲကို အဘိုးအို အဘွားအိုများပင်လျှင် တမြုံ့မြုံ့ စားနိုင်၏။ ငါတို့ နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို ထမနဲ စားရင်း ဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော။ သို့သော် ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ ကောင်းကျိုးကို ပြသနေဘိ သကဲ့သို့ ရှိ၏။ အာဂ ထမနဲပေ။

တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဉ့်အချိန်အခါတွင် အလွန်အေးမြသောလ ဖြစ်သည်။ နှာရည်ရိုရွဲ တပို့တွဲ ဟုခေါ်ဆိုကြသည်။ တပို့တွဲလကို မြန်မာမှုအရ ကုံရာသီဟု ခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ မာဃနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ ချိန်တာရာဖြစ်၍ ရာသီရုပ်မှာ ရေထမ်းသမား ရုပ်ဖြစ်သည်။ ရာသီပန်းကား ပေါက်ပန်း၊ လဲပန်း ဖြစ်သည်။ ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။

ဦးဖိုးလတ်၏ မြန်မာလ အမည်များကျမ်းတွင် တပို့တွဲလ၏ တပုဒ်သည် တန်းပုဒ်ပျက် ထန်းအဓိပ္ပယ်ရသည်။ တပို့၏ အဓိပ္ပယ်သည် ထန်းဖူးတံ၊ထန်းခိုင်တံ ဖြစ်သည်ဟု ကောက်ယူသင့်သည်။ သို့အတွက် တပို့တွဲလ၏ အဓိပ္ပါယ်သည် ထန်းဖူး၊ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊တွဲကျခြင်း ဖြစ်အောင်ပြုသောလ၊ ထန်းရည် နင်းသောလ ဖြစ်သည်ဟု အကျယ်တဝင့် ရှင်းလင်းရေးသားထားပါသည်။ တပို့တွဲလတွင် စည်ကားစွားကျင်းပခဲ့သော ရာသီပွဲတော်မှာ မိးဖုန်းပွဲ ၊ မီးကုသိုလ်ပြုသောပွဲ ဖြစ်သည်။ "တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါ" ဆိုသည်နှင့်အညီအလွန်အေးမြသော လရာသီ အချိန်ဖြစ် သဖြင့် ရှေးခေတ် မြန်မာကြီး များသည် မြတ်ဗုဒ္ဒအား ရည်စူး၍ မီးဖုန်းကုသိုလ် အလှုူကို ကုသိုလ် တစ်မျိုးရစေရန် တီထွင်ခဲ့သည်ဟု ဆိုရပါမည်။ ယခုအခါ တပို့တွဲလတွင် ကျင်းပသော ရာသီပွဲတော်မှာ ထမင်းနဲပွဲ ဖြစ်သည်။ ကောက်ညှင်းဆန်မြေပဲနှမ်း စသည် သီးနှံသစ်များပေါ်ချိန်တွင် ထမင်းနှဲထိုးကာ လှုဒါန်းသောကြောင့် မြန်မာတို့၏ ကောက်သစ်ပွဲတော်ဟု ဆိုရပေမည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော်

ဦးပုညက "လှေခအလှူခံ မေတ္တာစာ" ရေးသားခဲ့ရတွင်….. "ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလ မဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်"

မွန်ပြည်နယ် မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲ

ယာဂုထမနဲဆိုသောဝေါဟာရအရ ရှေးခေတ်အခါယာဂုဆိုသည်မှာလည်း ထမနဲပင်ဖြစ်သည်ဟု ယူဆ ဖွယ်ဖြစ်သည်။ သို့မဟုတ် ဆန်ကိုကျိုချက်သော ယာဂုနှင့် ကောက်ညှင်းကိုထိုးသော ထမနဲများကို အတူတကွ လှူဒါန်းခြင်းဖြစ်ပါသည်။ ကုန်းဘောင်ခေတ်နှောင်း သီပေါမင်း လက်ထက်တွင် တပို့တွဲလ၌ မီးပုံပွဲ(မီးဖုန်းပွဲ)နှင့် အတူ ယာဂုပွဲကိုပါ ကျင်းပခြင်းကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးတွင် ရေးသားမှတ်တမ်းတင် ခဲ့သည်။ မီးဖုန်းအလှုူပွဲကို၊ ယာဂုအလှုပွဲများသည် အလှုူရေစက် လက်နှင့်မကွာ မြန်မာတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်သည်။ အစဉ်အလာ ယဉ်ကျေးမှုများ မပပျောက်စေရန်နှင့် ကောင်းမှုကု သိုလ်မရရှိစေရန် အတွက် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို တပို့တွဲလတွင် နှစ်စဉ် ကျင်းပခြင်းဖြစ် ပါသည်။

  1. တပို့တွဲပေမို့"

"ချမ်းပွေပွေ နှင်းဝေဝေကျပုံက ဖျန်းပြေပြေ၊ညင်းလောက ကြွပါဘိ၊ခင်းဗွေမှာတဲ့ ၊လွမ်းအောင်ဖန်။ တပို့တွဲပေမို့ ၊ယှဉ်နွဲကာ စန္ဒာနှင့်မှန်မကွာ ကြယ်မာဃတို့မှာ၊ဝင်းပရောက်လျှံ။ ဟေမာမြိုင် ဆင့်မောက်ကဲပုံက၊ဝေဖြာလှိုင် ပွင့်ပေါက်နှင့် လဲရယ်တို့၊ တင့်လျှောက်တွဲပါလို့ ပင်ထက်ယံ (ဩော်) ရွင်လျက်စံပါလို့ ၀င့်ကာပဲ။ ပြောင်းကြွယိုင်ဝေ၊ ယောက်မကိုင်မွှေလို့ ၊ထိုင်မနေ ရိုးရာပွဲမို့၊ပိုင်ပိုင်လေ ၊ ကိုးစရာအမြဲ သာပ (အိုကွယ်) ထိုးကြထမနဲ။ "

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ထင် ၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်
  1. ဆရာသတိုးသောင်း
  2. မောင်သုံည
  3. မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)