အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မေလ ၂၂ ရက်သည် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံကွဲနေ့(International Day for Biological Diversity) ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ့နေ့၏ ဦးတည်ချက်မှာ သစ်တောဇီဝ မျိုးစုံမျိုးကွဲများ ဖြစ်ပါသည်။ မျိုးစုံမျိုးကွဲများဘဝ၏ အဆင့်သုံးဆင့်ဖြစ်သော မျိုးရိုး၊ မျိုးစိတ်နှင့် ဂေဟနစ်များကို ဇီဝမျိုးစုံမျိုးကွဲများဟု သတ်မှတ်ထားပါသည်။ သစ်တောများသည် ဇီဝမျိုးကွဲများ ကြွယ်ဝလှပါသည်။ ကုန်းမြေအခြေပုသည့် မျိုးစိတ်များ၏ သုံးပုံနှစ်ပုံသည် သစ်တောများတွင် ရှင်သန်မှုအတွက် မှီခိုကြနေရပါသည်။ အပင်များ၊ တိရစ္ဆာန်များနှင့် မှိုများ၏ မျိုးစိတ် ၁ ဒဿမ ၇၅ သန်းခန့်ကို သိပ္ပံနည်းကျ တွေ့ရှိပြီး ဖြစ်ပါသည်။ မျိုးစိတ် သန်း ၁၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အများစုမှာ အပူပိုင်းမိုးသစ်တောများတွင် ရှိနေကြမည် ဖြစ်ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့၏အကျိုးများ[ပြင်ဆင်ရန်]

ကမ္ဘာမြေကို ဖုံးလွှမ်းထားသည့် သစ်တောဧရိယာမှာ ၃၀ ရာခိုင်နှုန်း(ဟက်တာ သန်း ၄၀၀၀ ခန့်) ရှိပြီး ကမ္ဘာ့ကုန်းမြေရှိ မျိုးစိတ်များ၏ သုံးပုံနှစ်ပုံ ခန့်ရှိသည်။ လူဦးရေ သန်း ၁၆၀၀ သည် သစ်တောများတွင် နေထိုင်ကြပါသည်။ သစ်တောဇီဝမျိုးစုံ မျိုးကွဲများသည် ရေမွှေးမှအစ ဆေးများ၊ စားနပ်ရိက္ခာနှင့် အဝတ်အထည်စသည့် စီးပွားရေးဆိုင်ရာ ထုတ်ကုန် ၅၀၀၀ ခန့် ထွက်ရှိရာ အခြေခံ ဖြစ်ပါသည်။ ၎င်းအပြင် ကမ္ဘာ့ရေချို လေးပုံသုံးပုံခန့်သည် သစ်တောဖုံးလွှမ်းသည့် ရေဝေရေလဲများမှ ရရှိကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကမြို့ကြီးများ၏ သုံးပုံနှစ်ပုံအတွက် သောက်ရေကို သစ်တောများမှ ရရှိနေကြပါသည်။ သစ်တောဇီဝမျိုးစုံမျိုးကွဲများသည် လူသားတို့ ကောင်းကျိုးအတွက် ဂေဟစနစ် ဝန်ဆောင်မှုများဖြစ်ကြသော ရေသန့်စင်ခြင်း၊ အောက်စီဂျင်ဖန်တီးပေးခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို အားဖြည့်ပေးလျှက် ရှိကြပါသည်။ သစ်တောနှင့် အခြားဂေဟစနစ်များသည် ငွေကြေးအရ တန်ဖိုးသင့်နိုင်ပါသည်။ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ ဘောဂဗေဒကို လေ့လာမှုအရ အပူပိုင်းသစ်တော တစ်ဟက်တာ ၂ ဒဿမ ၅ ဧကသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၁၂၀ ခန့် ဂေဟစနစ်ဝန်ဆောင်မှု တန်ဖိုးရှိကြောင်း ၂၀၀၇ ခုနှစ်က ငွေကြေးတန်းဖိုးများအရ ခန့်မှန်းထားပါသည်။ အဆိုပါ ဝန်ဆောင်မှုများတွင် ရေဝေရေလဲကာကွယ်ခြင်း၊ ရာသီဥတုမျှတစေခြင်း၊ မြေဆီလွှာတည်ငြိမ်စေခြင်း၊ ပင်လယ်ကမ်းခြေများကို ကာကွယ်မှုပေးခြင်း၊ အာဟာရသံသရာလည်ပတ်ခြင်းနှင့် ကာဗွန်သိုလှောင်ခြင်းတို့ ပါဝင်ကြပါသည်။ ဂေဟစနစ် ဝန်ဆောင်မှုများအတွက် ငွေကြေးပေးချေမှုသည် ဂေဟစနစ် ဝန်ဆောင်မှုများ၏ အကျိုးခံစားမှုများကို ဂေဟစနစ်လုပ်ငန်းများအား ထိန်းသိမ်းရန်အတွက် သယံဇာတများကို လွှဲပြောင်းရန် နည်းလမ်းဖော်ထုတ်ခြင်း ဖြစ်ပါသည်။ အဆိုပါ ချဉ်ကပ်မှုသည် ဂေဟစနစ် ကာကွယ်မှုအတွက် မက်လုံးအသစ်နှင့် ငွေကြေးဖန်တီးမှုတစ်ခု ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ အမျိုးသားဥယျဉ်များနှင့် ကာကွယ်ထားသော ဧရိယာများမှ သဘာဝကို အခြေခံသည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်မှုမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီလီယံခန့် ရှိပြီး ဇီဝမျိုးကွဲများ၏ နှစ်စဉ်ဆုံးရှုံးမှုမှာ အမေရိကန် ၄ ထရီလီယံ အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ ရာဿီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်များမှ ကာကွယ်ရာတွင် သစ်တောများသည် အလွန်အရေးပါလှသည်။ ဒီရေတောများ ထိန်းသိမ်းမှုအတွက် စရိတ်သည် မုန်တိုင်းနှင့် သဘာအန္တရာယ်များ ကာကွယ်ရန် တည်ဆောက်ရသည့် ရေကာတာများ တန်ဖိုးနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပြီး ဧရိယာကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လွယ်ကူမှုရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဒီရေတောများမှ အစားအစာ ကုန်ကြမ်းနှင့် အသက်မွေးမှုလုပ်ငန်းများကိုပါ ဖန်တီးပေးနေပါသည်။ ဗီယက်နမ်နိုင်ငံတွင် ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဒီရေတော ဟက်တာ ၁၂၀၀၀ စိုက်ပျိုးခဲ့ပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁ဒဿမ ၁ သန်းခန့် ရှိ၍ နှစ်စဉ် ရေကာတာထိန်းသိမ်းစရိတ် အမေရိကန် ဒေါ်လာ ၇ ဒဿမ ၃ သန်းခန့် သက်သာခဲ့ပါသည်။ အလားတူ မလေးရှားနိုင်ငံတွင် လက်ရှိဒီရေတောများအား အဆောက်အအုံများဖြင့် အစားထိုးမည်ဆိုပါက တစ်ကီလိုမီတာတွင် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ကုန်ကျစေမည် ဖြစ်ပါသည်။ သစ်ပင် ပင်စည်များနှင့် အမြစ်တို့သည် အပေါ်ယံနှင့် မြေအောက်ရေတို့ ပင်လယ်သို့ စီးဆင်မှုကို ထိန်းသိမ်းထားနိုင်မှုကြောင့် ရေကြီးခြင်းနှင့် ခြောက်သွေ့မှုတို့ကို ထိန်းချုပ်ထားနိုင်ပါသည်။ သစ်တောများသည် ရေခိုးရေငွေ့များကို လေထုသို့ ထုတ်လွှတ်ပြီး ဧရိယာကျယ်ကျယ်ပြန့်ပြန့် မိုးရွားသွန်းမှုကို ဖန်တီးပေးနိုင်ပါသည်။ သစ်တောများသည် မြေဆီလွှာကာကွယ်ခြင်း၊ မြေတိုက်စားမှုနှုန်းကို လျော့နည်းစေခြင်းနှင့် မြစ်ချောင်းများကို အနည်ပို့ချခြင်း နှေးကွေးစေပါသည်။ လူသားတို့ကြောင့် ဖြစ်ပေါ်လာသည့် မြေအတန်းအသားနိမ့်ကျခြင်းနှင့် သဲကန္တာရ ဖြစ်ထွန်းခြင်းတို့ကို သစ်တောနှင့် သစ်ပင်များက မြေဆီလွှာကို တည်တံ့စေခြင်း၊ ရေနှင့် မြေတိုက်စားမှုကို လျော့ပါးစေခြင်း၊ မြေဆီလွှာရှိ အဟာရသံသရာလည်ပတ်မှုကို ထိန်းသိမ်းပေးခြင်းဖြင့် တိုက်ဖျက်နိုင်ပါသည်။ သစ်တောများနှင့် ၎င်းတို့၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုများသည် လူသားတို့၏ အသက်မွေးမှု လုပ်ငန်းများနှင့် ရှေရည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ချက်ပြုတ်ရန်နှင့် အပူဓာတ်ရရန် ထင်းသုံးစွဲနေသည့် လူဦးရေမှာ သန်း ၂၆၀၀ ခန့် ရှိနေပါသည်။ ဆင်းရဲသည့် လူထုသန်း ၁၂၀၀ အတွက် သစ်တောများက အသက်မွေးမှုလုပ်ငန်းများ ရရှိစေပြီး လူသန်း ၃၀၀ ခန့်သည် သစ်တောဂေဟစနစ်ဝန်ဆောင်မှုများအား ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုနှင့် ရှင်သန်ရေးအတွက် လုံးဝမှီခိုနေကြရပါသည်။ သစ်တောဇီဝမျိုးစုံမျိုးကွဲများတွင် ပါဝင်သည့် ပျားနှင့် အခြားသစ်တောအင်ဆက်များသည် စိုက်ပျိုးရေး သီးနှံများအာ ဝတ်မှုန်ကူးပေးခြင်းဖြင့် အထွက်နှုန်း တိုးပွားစေပါသည်။ ကမ္ဘာ့သစ်တောများ၏ စတုရန်း ကီလိုမီတာ ရှစ်သန်းခန့်သည် ဒေသခံလူထုက ပိုင်ဆိုင်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းများ ပြုလုပ်နေကြပါသည်။ မက္ကဆီကိုနှင် ပါပူဝါနယူးဂီနီနိုင်ငံများတွင် ၎င်းတို့ရှိ သစ်တောများ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဒေသခံလူထုက ပိုင်ဆိုင်နေကြပါသည်။ အဆိုပါ သစ်တောများအား ဒေသခံလူထုက ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်ထားသည်ဟု မဆိုနိုင်သော်လည်း သစ်တောနယ်မြေများကို အစိုးရများက စီမံအုပ်ချုပ်မှုထက် ကာကွယ်နိုင်မှုအဆင့် ပိုမိုသည်ဟု သုံးသပ်မှုများရှိနေပါသည်။ ၎င်းအပြင် မိရိုးဖလာ ဗဟုသုတအတွေ့အကြုံများအရ သစ်တောဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်ဟု အချို့က ယုံကြည်နေကြပါသည်။ ရာသီဥတာပြောင်းလဲမှုသည် သစ်တောဇီဝမျိုးစုံမျိုးကွဲများကို အကျိုးသက်ရောက်စေနိုင်ပါသည်။ အပူချိန် ၁ ဒဿမ ဒီဂရီ စင်တီဂရိတ်ပြောင်းလဲလျှင် သစ်တောပါဝင်ပင်များ၏ လုပ်ဆောင်ချက်အား ထိန်းသိမ်းကန့်သတ်မှု ဖြစ်စေနိုင်ပါသည်။ ၎င်းကြောင့် ပိုးမွှားများ ဒဏ်ခံရခြင်းနှင့် သစ်တောမီးလောင်ခြင်းစသည့် ဆိုးကျိုးများကို ကမ္ဘာ့အနှံ့ တွေ့ရှိနေရပါသည်။ သစ်တောများရှိ နို့တိုက်သတ္တဝါများ၊ ငှက်များ၊ တွားသွားသတ္တဝါများနှင့် ရေတစ်ပိုင်းကုန်းတစ်ပိုင်း သတ္တဝါများကို အလွန်အမင်း သုံးစွဲနေမှုများကြောင့် သစ်တောများနှင့် ဒေသခံလူထုတို့ အသက်မွေးဝမ်းကျောင်းမှုအတွက် ခြိမ်းခြောက်ခံနေရပြီ ဖြစ်ပါသည်။ အပူပိုင်းသစ်တောများ၏ ၇၅ ရာခိုင်နှုးန်ခန့်သည် တိရစ္ဆာန်များ၏ သစ်စေ့ပျံ့နှံ့မှုကို မှီတည်နေရခြင်း၊ အာဖရိကအလယ်ပိုင်းကျေးလက်လူထုအတွက် ပရိုတိန်း ၈၀ ရာခိုင်နှုန်းမှာ တောတွင်းသားကောင်များမှ ရယူနေရခြင်းနှင် လူသားနှင့် တောရိုင်းတိရစ္ဆာန်တို့၏ ပဋိပက္ခများကြောင့် မူရင်းဒေသများ ဆုံးရှုံးနေရခြင်းတို့ ဖြစ်ပေါ်နေကြပါသည်။ ကုလသမ္မဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအား သစ်တောများကို မခုတ်ဘဲ ထိန်းသိမ်းရန်အတွက် လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ခဲ့ပါသည်။ ၎င်းမှာ သစ်တော်ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားလျော့ကျခြင်းမှာ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းဖြစ်ပါသည်။ သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူပြီး ကာဗွန်ကို အမြစ်၊ အခေါက်၊ သစ်ကိုင်း၊ သစ်ရွက်များနှင့် မြေကြီးတွင် သိုလှောင်ထားနိုင်ပါသည်။ သစ်တောများ ပြုန်းတီးမှုမရှိပါက နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၁၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီး ပူနွေးမှုကို ကာကွယ်နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သစ်တောပြုန်းတီးမှုမှ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ထိန်းသိမ်းနိုင်ခြင်းအား ငွေကြေးတန်ဖိုးဖြင့် တွက်ချက်ပါကနှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀၀ ခန့် ရှိနိုင်ကြောင်း တွက်ချက်မှန်းဆထားပါသည်။

မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲ ၁၁၈၀၀ ခန့်ကို သိပ္ပံနည်းကျ တွေ့ရှိထားပြီး နို့တိုက်သတ္တဝါမျိုးစိတ် ၂၅၁ မျိုး၊ ငှက်မျိုးစိတ် ၁၀၅၆ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၂၇၂ မျိုး၊ ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါမျိုးစိတ် ၈၃ မျိုး၊ ရေချိုငါးမျိုးစိတ် ၃၁၀ မျိုး၊ ရေငန်ငါးမျိုးစိတ် ၄၆၅ မျိုး၊ ဆေးဖက်ဝင်အပင်မျိုးစိတ် ၈၄၁ မျိုး၊ ဝါးမျိုးစိတ် ၉၈ မျိုးနှင့် ကြိမ်မျိုးစိတ် ၃၇ မျိုး ပါဝင်သည်။ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်ရန်အထူးအန္တရာယ်ရှိနေသည့် မျိုးစိတ် ၂၅ မျိုး၊ မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် မျိုးစိတ် ၃၉ မျိုးနှင့် ဘေးရန်မကာကွယ်နိုင်သော မျိုးစိတ် ၈၀ စုစုပေါင်း မျိုးစိတ် ၁၄၄ မျိုးတို့ မြန်မာနိုင်ငံတွင် ရှိနေကြသည်။ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် သစ်တော ဥပဒေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ၊ နည်းပညာဥပဒေများကို ပြန်ဋ္ဌာန်းထားရှိပြီး မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်အဖြစ် ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ကွန်ဗင်းရှင်းထံ စတုတ္ထအကြိမ် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အမျိုးသားအစီရင်ခံစာကို ပြုစုတင်ပြခဲ့ပြီးဖြစ်ပါသည်။

ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကွန်ဗင်းရှင်၏ အခြေခံရည်မှန်းချက်သည် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်၊ ၎င်းတို့၏ အစိတ်အပိုင်းများကို ရေရှည်အသုံးချရန်နှင့် မျိုးရိုးဗီဇအရင်းအမြစ်များကို အသုံးချရာတွင် အကျိုးခံစားခွင့်များကို ညီညွှတ်မျှတစွာ ခွဲဝေဆောင်ရန် ဖြစ်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကွန်ဗင်းရှင်း၏ မဟာဗျူဟာအသစ်မှာ ၂၀၂၀ ခုနှစ်တွင် သစ်တောပြုန်းတီးမှုနှုန်းကို အနည်းဆုံး တစ်ဝက်လျှော့ချရန်နှင့် ဖြစ်နိုင်သည့်နေရာများတွင် လုံးဝမရှိစေရန်၊ ပျက်စီးနေသည့်သစ်တောများ၏ ၁၅ ရာခိုင်နှုန်းကို ပြန်လည်အစားထိုးရန်၊ သစ်တောများကို ရေရှည်တည်တံ့စေရေး စီမံခန့်ခွဲရန်နှင့် ကာကွယ်ထားသော ဧရိယာများကို ၁၇ ရာခိုင်နှုန်းအထိ တိုးမြင့်အောင် ဆောင်ရွက်ရန်တို့ဖြစ်သည်။ သို့ဖြစ်၍ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲနေ့၏ ဦးတည်ချက်ဖြစ်သောသစ်တော ဇီဝမျိုးစုံမျိုးကွားကို မိမိတို့လူသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်း၊ စနစ်တကျ အသုံးပြုကာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသို့ လျှောက်လှမ်းကြရမည်ဆိုသည့် အချက်အား လက်ကိုင်ထားရမည်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန့်မာ့အလင်း သတင်းစာ၊ ဆောင်းပါးရှင်-စန်းလွင်၊ ၂၁-၅-၂၀၁၁