မာတိကာသို့ ခုန်သွားရန်

ကဆုန်လ

ဝီကီပီးဒီးယား မှ
(ကဆုန် မှ ပြန်ညွှန်းထားသည်)

ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ ပုဂံကျောက်စာသို့တွင် ကုဆုန်ဟူသောအရေးအပြင် ကုဆုန်၊ ခူဆုန်၊ ခုဆုန်ဟူသောကွဲလွဲချက်များကို တွေ့ရသော်လည်း သဘောမှာ အတူတူချည်းဖြစ် ၍ ကုဆုန်ကို အရင်းခံတာ၍ ဆိုပါမည်။ ကုဆုန်ဟူသော စကား၌ ကုသည် ရေကိုဟော၏။ ဆုန်ကား စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်းကို ဟော၏။ ကုမှ က သို့ရွေ့လျောသည်။ အဓိပ္ပာယ်ကား ရေသွန်းလောင်းသောလ ဟူ၏။ လှေသင်းအတွင်းဝန်မင်းကမူ ကဆုန်ကို ဝိဂြိုဟ်ပြုသောအခါ၊ "ဥဒကံ ရေကို၊ ဆနတိဖြတ်တတ်၏" ဟုဆို၍ ယင်းလကို ရေပြတ်သောလဟု အဓိပ္ပာယ်ဖွင့်သည်။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို မဓာပြု၍ ဖွဲ့ဆို ကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းခြင်းပင်ဖြစ်သည်ဟူ၍ မှတ်ယူခြင်းသည် သဘာဝကျလိမ့်မည် ဖြစ်သည်။


ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စံကားပန်း (Talauma Spongocarpa) ဖြစ်သည်။ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက် ။ ။ ကဆုန်လနှင့်စပ်၍ မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့၏။ (၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။ (၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။ (၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့) (၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။ (၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။ (၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။ (၇) စံကားပန်းပွင့်သော လ။ (၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။ (၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။ (၁၀) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။ (၁၁) ရက်စုံသတ်သော လ။ (၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့ထားသော လ။ (၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။ (၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။ (၁၅) ပြိဿရာသီ မည်သော လ။ (၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။ မှတ်ချက်။ ။ တောထွက်ကြောင်းနှစ်မူကွဲရာ အောက်ပါ နာနာဆန္ဒပျို့အရ ပြလိုက်သည်၊ အကျယ် ကျွန်ုပ်တို့ ]]စံပြမြန်မာအဘိဓါန်}} ၌ က-ပိုင်းမှာကြည့်ပါ။ ]]ရွှေနန်းတော်ထက်၊ လရက်လှည့်ပြောင်း၊ နှစ်ပေါင်းဆယ့်သုံး၊ ပွားပြုံးတေဇာ၊ အာကာလန်းလူ၊ စံတော်မူ၍၊ တွက်ယူပြဲ့ပြဲ့၊ ကိုးဆယ့်ခုနစ် (၉၇)၊ သက္ကရာဇ်ကျ၊ ကဆုန်လတွင်၊ ပြည့်ထစန္ဒာ၊ သန်းခေါင်ခါ၌၊ လေးဖြာ နိမိတ်၊ သံဝေဟိတ်ကြောင့်၊ ရွှင်စိတ်နှစ်သက်၊ တောသို့ထွက်သော်၊} (မုံရွေး) Moe Htet Kyaw (astrology)

ကိုးကားသုတေသန ရုပ်ပြ အဘိဓာန်

[ပြင်ဆင်ရန်]