ချင်းပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျင်း
သိပ္ပံနည်းကျမျိုးခွဲခြင်း
ဒွိနာမ
''Zingiber officinale''

အလွန်ရှေးကျသော ခေတ်အခါမှစ၍ အိန္ဒိယနိုင်ငံကဲ့သို့ ပူအိုက်သောအာရှတိုက် တိုင်းနိုင်ငံတို့တွင် ချင်းကို စိုက်ပျိုးခဲ့ကြ သည်။ ဂရိနှင့် ရောမလူမျိုးတို့သည် အာရှတိုက်ကုန်သည်များ ထံမှ ချင်းကို အဖိုးကြီးကြီးပေး၍ ဝယ်ယူကြသည်။ ဤသို့ဖြင့် ဥရောပတိုက်သားများသည် ချင်းကို အသုံးပြုတတ်လာသည်။ တစ်ဖန် အနောက်အိန္ဒိယကျွန်းစု၊ တောင်အမေရိကတိုက်၊ အာဖရိကတိုက်အနောက်ပိုင်းနှင့် ဩစတြေးလီးယားတိုက်များ သို့ ချင်းပင်များ ပျံ့နှံ့၍သွားရာ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ အနောက်အိန္ဒိယကျွန်းစု အာဖရိကတိုက်အနောက်ပိုင်းနှင့် အမေရိကတိုက်အလယ်ပိုင်းတို့တွင် ယခုအချိန်တွင် ချင်းပင်ကို စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးလျက်ရှိနေပြီ။ ချင်းတက်များကို ဟင်းလျာများတွင် အမွှေးအကြိုင်အဖြစ် အသုံးချကြသည်။ ချင်းကို ၂ မျိုး ၂ စား ပြုပြင်စီမံ၍ ရောင်းချကြသည်။ ချင်းစိမ်းကို သကြားရည်၌ဖြစ်စေ၊ ပျားရည် ၌ဖြစ်စေ၊ တာရှည်ခံအောင် စိမ်၍၎င်း၊ ချင်းကို အခြောက်လှန်း ၍၎င်း၊ တင်ပို့ရောင်းချသည်။ ချင်းတက်များကို အခြောက်ခံ ရာ၌ ၂ နည်း ၂ စား ရှိသည်။ ပထမနည်းမှာ အပေါ်ယံအမြေ|း ခွံကို မခွာဘဲ၊ ချင်းတက်ကို အခြောက်ခံခြင်းဖြစ်၍ ဒုတိယ နည်းမှာ အပေါ်ယံအမြေ|းခွံကို ခွာပြီးမှ အခြောက်ခံထားခြင်း ဖြစ်သည်။

သကြားရည် သို့မဟုတ် ပျားရည်၌ စိမ်ထားသော ချင်းကို အနောက်အိန္ဒိယကျွန်းစုနှင့် တရုတ်နိုင်ငံတို့မှ အမြောက်အမြား တင်ပို့ရောင်းချကြလေသည်။ ချိုအောင် ပြုပြင်ထားသော ချင်း ခြောက်ပြားကလေးများကိုလည်း တရုတ်နိုင်ငံမှ တင်ပို့ရောင်း ချသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ ထုတ်ရောင်းနိုင်လောက်အောင် ချင်းကို အကြီးအကျယ် စိုက်ပျိုးခြင်းမရှိသေးချေ။ ချင်းသုတ်ကို မြန်မာနိုင်ငံသားတို့ အထူးကြိုက်နှစ်သက်ကြသည့်အလျောက် အလှူအတန်း ပွဲနေပွဲထိုင် စသည့်အခမ်းအနားများတွင် ဧည့်ဝတ်စောင်ဝတ်အဖြစ် တည်ခင်းကျွေးမွေးကြသည်။ ချင်းရည် ကို ဖျော်ရည်အဖြစ်နှင့်လည်း ရောင်းချတတ်ကြသည်။ အချို့ အရပ်များတွင် ချင်းကို ယိုထိုး၍ စားကြသည်။[၁]

ပေါက်ရောက်ပုံ[ပြင်​ဆင်​ရန်​]

ဂျင်းသည် မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက် နိုင်သကဲ့သို့ အိန္ဒိယပြည်၊ ဂျပန်ပြည်၊ တရုတ်ပြည်၊ အင်ဒိုနီးရှား နိုင်ငံ များတွင်လည်း ဦးစားပေး စိုက်ပျိုး ပေါက်ရောက် ကြသည်။ ရှမ်းပြည်နှင့် မြန်မာပြည်အနှံ ပေါက်နိုင်သော ဒေသများတွင် ဂျင်းပင်သည် သဲမြေများတွင် လောင်းရိပ် အောက်၌ စိုက်ပျိုး ပါက ပိုမိုကြီးထွား ပေါက်ရောက် နိုင်ကြသည်။ မြန်မာပြည်တွင် အများအားဖြင့် ဗမာချင်း (ချင်းရိုင်း) များအား ပိုမို စိုက်ပျိုး ကြသည်။

ချင်းတက်

အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

ဂျင်း အတက်များကို မြန်မာပြည် အပါအဝင် နိုင်ငံ တော်တော် များများတွင် ဟင်းလျာ များ၌ လည်းကောင်း၊ စားစရာ အဖြစ် လည်းကောင်း၊ ငရုတ်သီး အစားထိုး ပစ်စည်း အဖြစ် လည်းကောင်း အသုံးပြု ကြသည်။ အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ဂျင်းပါးပါး ၇ လွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် ‌‌ရောဂါပိုးများကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။ ဂျင်း၊ ဖန်ခါးသီးနှင့် ထောပတ်ကို ရောချက်၍ သက်ရှည် တေဆေး အဖြစ်လည်း အသုံးပြု နိုင်ကြပါသည်။ သွားကိုက် ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။ နားကိုက် ရောဂါတွင် ဂျင်းစိမ်း သတ်တုရည် နွေးနွေးအား နားတွင် ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါ ပျောက်စေပါသည်။ ဇက်ကြော တက်သူများ အတွက် ဂျင်းပါးပါး လှီးပြီး မီး အနည်းငယ် ပြပါ။ ပြီးလျှင် ဇက်ကြောတက်သည့် နေရာ၌ ကပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ သွေးကြောပိတ်၍ ဖြစ်ပေါ်တက်သော အချို့ခြေထိပ်နာများ၊ ခြေဖျား အေးခြင်းများကို ဂျင်းစိမ်း ၂ ကျပ်ခွဲသားအား သေးသေးလှီးပြီး အရက် တစ်ပုလင်းတွင် စိမ်ပါ။ နံနက် တစ်ဇွန်း ည တစ်ဇွန်း တိုက်ပေးပါ။ အနာ ပေါ်သို့လည်း လောင်းထည့်ပေးပါ။ ဤသို့ဖြင့် သွေးကြော ကျဉ်းခြင်းများ၊ ပိတ်ခြင်းများ ဖွင့်ခါ သက်သာ ပျောက်ကင်း စေနိုင်ပါသည်။ အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။ ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎ရောဂါကို ပျောက်ကင်းစေ ပါသည်။

ပုံပန်း သွင်ပြင်[ပြင်​ဆင်​ရန်​]

ပင်နု၊ ပင်ပျော့ မျိုးဖြစ်ပြီး အစိမ်းရောင် ရှိ၍ အမြင့် ၃ ပေ ၄ ပေ ခန့်အထိ မြင့်သည်။ အရွက်မှာ အစိမ်းရောင် ရှိပြီး ဝါးရွက် အသေးစားနှင့် တူသည်။တစ်ရွက်လျှင် ၆ လက်မမှ ၈ လက်မခန့် ရှည်သည်။ စိမ်းဝါရောင် ပန်းပွင့် ကလေးများ ပွင့်သည်။ မိုးရာသီတွင် ပွင့်လေ့ ရှိသည်။ မြေအောက် သဲမြေမျိုးတွင် စိုက်ပျိုးရ လွယ်ကူသော အညိုနုရောင် မြေအောက် ပင်စည်မျိုး ဖြစ်သည်။ ဂျင်းတက်တွင် အဆစ်များ ရှိ၍ အဆစ်နေရာတွင် အဖတ်၊ အတက် ကလေးများ ရှိတက်သည်။

အသုံးဝင်သောအပိုင်း[ပြင်​ဆင်​ရန်​]

ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)