တော်သလင်းလ

ဝီကီပီးဒီးယား မှ
(တော်သလင်း မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

တော်သလင်း (တဝ်သလင်း) သည် မြန်မာပြက္ခဒိန်၏ ခြောက်လမြောက် ဖြစ်ပြီး ဩဂုတ်နှင့်စက်တင်ဘာလအတွင်း ကျရောက်သည်။ တော်သလင်းလတွင် ၃၀ ရက်ရှိပြီး ရက်စုံသောလဖြစ်သည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

တော် ဆိုသည်မှာ မြင့်မြတ်သည်၊ အထွတ်အထိပ် ဖြစ်သည်၊ အထက်ကောင်းကင် ဖြစ်သည်ဟူ၍ လည်းကောင်း၊ သလင်း ဆိုသည်မှာ သာလင်းမှ လာ၍ သာယာထွန်းလင်းဟူသော အဓိပ္ပာယ်ရှိသည်ဟူ၍လည်းကောင်း ကြံဆကြသည်။ သို့သော် အင်းဝခေတ်နှေင်းပိုင်းတွင် သစ်ဆင်းလဟူသောအရေးအသားကို ပျို့ကဗျာများ၌တွေ့ရပြန်သည်။ ယင်းကို အချို့သောပညာရျင်တို့က သစ်ဖောင် ဝါးဖောင်များ စုန်ဆင်းသောလဟု အဓိပ္ပာယ်ကောက်ကြသည်။ သို့ရာတွင် စာဆို ဦးအောင်ကြီး ၏လူးတားတွင် တိုင်လေးစင် ၏ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ခုန်ဆင်းသည့်ပျော်ပွဲသဘင်ကို အခိုင်အမာ ဖော်ပြထားသောကြောင့် ပန်းလုသဘင်၊ သစ်ဆင်းရင် သောပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများကလက်ခံကြသည်။ ဤအချက်ကို လှေသင်းဝင်မင်းက သဘာမတူသည့်အပြင် တော်သလင်း ၏ဇာစ်မြစ်ကိုကြံဆရာ၌ ကောသိတုံအလံ ဟူသောပါဠိမှ ဆင်းသက်၍ တော်သလင်းဟူသော စကားဖြစ်လာသည်ဟု ဆိုသည်။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသိဟုခေါ်သည်။ ကန်ရာသိကား ကညာကိုစွဲခေါ်ခြင်းဖြစ်သည်။ ကညာသည် ယောက်ျားကိုနှစ်သက်စေခြင်း သဒ္ဒါသည် ပါဠိ၌ တောသဟူ၍လည်း ရှိသည်။ တောသမှတော်သလင်းသို့ရွေ့လျားသည်ဟု လှေသင်း အတွင်းဝန်က မိန့်ဆိုသည်။

'သလင်' သည် 'ကြည်လင် သန့်ရှင်းခြင်း' ကို ရည်ညွှန်းပြီး 'တဝ်' မှာ “အမြင့်”အားရည်ညွှန်းသည် ဖြစ်သောကြောင့် 'မိုးကောင်းကင်' ဟုအဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် တဝ်သလင်းမှာ 'မိုးကောင်းကင် ကြည်လင်သာယာသည်' ဟူသောအနက်ကို ဆောင်လေသည်။ လေပြင်း မိုးပြင်း တိုက်ခတ် ရွာသွန်းသောကာလ ပြီးဆုံးလေပြီ ဟုလည်းဆိုလိုသည်။ ခရစ် ၁၆ ရာစုနှစ် အတွင်းက ယခုလအား 'သစ်ဆင်း' လို့လည်း ခေါ်ခဲ့ဖူးသည့်အထောက်အထားများ ရှိခဲ့သည်။

ပွဲတော်များ[ပြင်ဆင်ရန်]

ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန် မြူးထူးပြီး ရေထဲကို ခုန်ချသည့်ပျော်ရွှင်ပွဲ၊ လှေပွဲများကို ကျင်းပကြပါသည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူများ အလုပ်ပြီးမြောက်ကုန်ဆုံး၍ မြူးထူး ပျော်ပါးသည့်လ ဟုလည်းဆိုနိုင်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ယင်းမာပန်း (Chukrosia tabulais) ကိုသတ်မှတ်သည်။

တော်သလင်းလသည် မြန်မာဓလေ့ရာသီပွဲတော် အစဉ်အလာအရ လှေပြိုင်ပွဲ ကျင်းပသည့်လဖြစ်သည်။ ဤလတွင် မြစ်ချောင်းတို့၌ လှိုင်းလေကင်းရှင်းပြီး ရေပြင်မှာ သင်ဖြူးဖျာ ခင်းထားသကဲ့သို့ ပြေပြစ်ငြိမ်သက်စွာ ရှိတတ်ရာ "တော်သလင်း မြစ်တွင်း သင်ဖြူးခင်း"ဟု ဆိုရိုး ရှိသည်။ ထို့ကြောင့် ဤလတွင် လှေပြိုင်ပွဲများ ကျင်းပကြသည်။ ရှေးက လှေပြိုင်ပွဲများကို ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ရှုစားတော်မူလေ့ရှိသည်။ လှေလှော်သားတို့အား ဆုတော်လာဘ်တော်များလည်း ချီးမြှင့်လေ့ရှိသည်။

တော်သလင်းလသည် မိုးနှောင်းပိုင်း ကာလဖြစ်၍ ရွာသောမိုးသည် လယ်ကန်သင်းများ ကျိုးအောင် သည်းသည်းမည်းမည်း ရွာတတ်သည်။ "တော်သလင်းမိုး ကန်သင်းကျိုး" ဟူ၍ ဆိုရိုးရှိသည်။ မိုးများသဖြင့် စပါးကိုပင် နေလှန်းပြီးမှ ထမင်းချက်ရသည်။ ထို့ကြောင့် ရှေးစာဆိုတို့က "တော်သလင်းတိမ်ညို စားဖိုသည်ဆင်းရဲ မိုးမသဲ" ဟု ဆိုရိုးပြုခဲ့ကြသည်။

တော်သလင်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ် ဖြစ်သော တော်သလင်းလပြည့်နေ့တွင် ဂရုဓမ္မအခါတော်နေ့ ကျင်းပကြပြီး ကျောင်းကန်ဘုရားများတွင် ငါးပါးသီလ ဥပုသ်သီတင်း စောင့်ထိန်းကြခြင်း ဖြစ်သည်။

ဂရုဓမ္မအခါတော်နေ့[ပြင်ဆင်ရန်]

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။

ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။

ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသုပြည်သားများ ကျင့်သုံးသော

  1. သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
  2. သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
  3. သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
  4. မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
  5. အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။

ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။ ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၂၄-၉-၂၀၁၈၊ စာ-၂