ဆန်
ပြည်ထောင်စု မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အချာ အာဏာပိုင်နိုင်ငံဖြစ်လာသည်နှင့်အမျှ စီးပွားရေးဖက်၌လည်း တောင့်တင်း ကြံ့ခိုင်ဖို့လိုပေသည်။ သို့မှသာလျှင် ပြည်ထောင်စု တိုင်းရင်းသား တို့၏ လူနေမှုအဆင့်အတန်းသည် တိုးတက် လာမည်ဖြစ်၏။ ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ဆန်ကို တွင်ကျယ် စွာရောင်းချနိုင်ရန် နိုင်ငံတော်အစိုးရစိုက်ပျိုးရေးဌာနက စပါး မျိုးကောင်းမျိုးသန့် ရရှိရေး၊ စပါးဖျက်ပိုးနှင့် ရောဂါနှိမ်နင်းရေး၊ မြေဩဇာအသုံးပြုရေး၊ ခေတ်မှီစိုက်ပျိုးရေးကရိယာများ အသုံးချ ရေးစသည့် စိုက်ပျိုးရေးလုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက် လျက်ရှိပေသည်။
ရှေးလွန်လေပြီးသော ခေတ်အခါကပင် လူတို့သည် ဆန် ရရှိအောင် စပါးကိုစိုက်ပျိုးခဲ့ကြသည်။ မြန်မာလူမျိုးတို့အဖို့ ဆန်သည် ပဓာနအစာဖြစ်သည်။ အထူးသဖြင့် အရှေ့တိုင်းသားများအဖို့ အခြားကောက်ပဲသီးနှံများထက် ဆန်သည် အရေးပါလှသည်။ ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည် ရှေးအခါက အရိုင်းပေါက်ခဲ့သော စပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရုက္ခဗေဒအလိုအရ စပါးသည် 'အိုရီဇာ'မျိုးစုတွင် ပါဝင်သည်။ ယင်းမျိုးစုမှ မျိုးစိတ်ပေါင်း ၂၅ မျိုး ခွဲထွက်လာ၏။ ယင်းတို့ကို အာရှတိုက်၊ အာဖရိကတိုက်နှင့် တောင်အမေရိကတိုက် အပူပိုင်းနှင့် အပူလျော့ ပိုင်းဒေသများတွင် အနှံ့အပြား တွေ့ကြရလေသည်။ ထိုမျိုးစိတ်များသည် အာရှတိုက်ရှိပင်ရင်းအမျိုး တစ်ခုမှ၎င်း၊ အာဖရိကတိုက်ရှိ ပင်ရင်းအမျိုးတစ်ခုမှ၎င်း ဆင်းသက်လာကြသည်ဟု ယူဆရသည်။ တောင်အမေရိကတိုက်ရှိ မျိုးစိတ်များသည် အာဖရိကတိုက်မျိုးမှ တစ်ဆင့် ပေါက်ပွားလာလေသည်။
အချို့ရုက္ခဗေဒပညာရှင်တို့ကလည်း အာရှတိုက်မျိုးဖြစ်သော အိုရီဇာ ဖက်တျူအာနှင့် အိုရီဇာ ဆာတီဗားမှ၎င်း၊ အနောက်အာဖရိကတိုက်မျိုးဖြစ်သော အိုရီဇာ စတက်ဖီးအိုင်မျိုးမှ ၎င်း ပေါက်ပွားလာသည်ဟု ယူဆကြ၏။ အိုရီဇာဖက်တျူအာနှင့် အိုရီဇာ မိုင်နျုတာ စပါးမျိုးကို ဟိမဝန္တာအရှေ့ပိုင်းမှ သီဟိုဠ်ကျွန်းအထိ၊ တစ်ဖန် တရုတ်နိုင်ငံတောင်ဘက်အကျဆုံး အပိုင်းမှ မြန်မာနိုင်ငံ၊ အင်ဒိုချိုင်းနား၊ ဂျားဗား၊ ဗော်နီယိုနှင့် ဖိလစ်ပိုင်ကျွန်းအထိ စွတ်စိုထိုင်မှိုင်းသော ဒေသများတွင် အနှံ့ အပြားတွေ့ရ၏။ အာရှတိုက်မှစပါးမျိုးများကို ၁၇ ရာစုနှစ်က အနောက်အာဖရိကတိုက်သို့ ပေါ်တူဂီကုန်သည်များ ယူဆောင်လာ၍ စိုက်ပျိုးခဲ့ကြသည်ဟု ဆို၏။ အာရှတိုက်ရှိ စပါးရိုင်းမျိုးများအနက် အိုရီဇာ ဆာတီဗားနှင့် အိုရီဇာ အော်ဖီစီနယ်လစ် စသော အပင်များမှာ ယခုအခါ စိုက်ပျိုးနေသော စပါးပင်များ၏ မူလအစပင်ဖြစ်သည်။
ကမ္ဘာ့သမိုင်း ခေတ်ဦးခန့်ကပင်လျှင် အာရှတိုက်၌ စပါးကို စတင်စိုက်ပျိုးခဲ့၍၊ သမိုင်းမတင်မီခေတ်လောက်ကပင် ဆန်ကို ပဓာနအစာအဖြစ် စားသုံးခဲ့ကြဟန်တူလေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝ ခန့်က ရေးသားခဲ့သော ရှေးဟောင်း တရုတ်စာပေများထဲ၌ ဆန်အကြောင်းကို တွေ့ရှိရ၏။ ထို့ပြင် ရှေးဟိန္ဒူကျမ်း စာများထဲ၌လည်း မိမိတို့၏ အယူဝါဒအရ ပူဇော်ပသရာ၌ ဆန်ကို အသုံးပြုကြောင်းတွေ့ရှိရလေသည်။ မည်သည့်တိုင်းပြည်တွင် စတင်စိုက်ပျိုးသည်ဟု မသိရသော် လည်း၊ အာရှအရှေ့တောင်ပိုင်းတွင် စတင်စိုက်ပျိုးခဲ့၍၊ မြောက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်ဟု ယူဆရ၏။ ထို့ပြင် မလ္လာယု ကျွန်းစုနှင့် အင်ဒိုနီးရှားသို့လည်း ပျံ့နှံ့သွားခဲ့လေသည်။ သီဟိုဠ်ကျွန်းတွင် စပါးကို ရှေးပဝေဏီကာလကပင် စိုက်ပျိုးခဲ့ရာ၊ ဖိလစ်ပိုင်ကျွန်းစုတွင်လည်း ထို့အတူပင် ဖြစ်လေသည်။
သို့သော် အချိန်အတော်နှောင်းမှ အာရှတိုက်အရှေ့ပိုင်းတိုင်းပြည်များမှ တစ်ဆင့် အာရှတိုက်အနောက်ပိုင်းတိုင်းပြည်များသို့ လည်းကောင်း၊ ယင်းတို့မှတစ်ဆင့် အလွန်ယဉ်ကျေးတိုးတက်နေသော အီဂျစ်၊ ဂရိ၊ ရောမတိုင်းပြည်များသို့ လည်းကောင်း ပျံ့နှံ့ရောက်ရှိသွား၏။ အီတလီနိုင်ငံမြောက်ပိုင်း၌ ၁၅ ရာစု နှစ်မှစ၍ စပါးကို စိုက် ပျိုးခဲ့၏။ အာရပ်တို့သည် နိုင်းမြစ်ဝှမ်းတွင် စပါးကို စတင် စိုက်ပျိုးခဲ့သည်။ မက်ဒါဂက်စကာကျွန်းသို့ ပသျှူးလူမျိုးများက စပါးကို ယူဆောင်လာခဲ့၍၊ အာဖရိက အရှေ့ကျွန်းများသို့မူ၊ အိန္ဒိယလူမျိုးများက စပါးကို ယူဆောင်လာခဲ့သည် ဟု ဆိုသည်။ မူးဝါးလူမျိုးတို့သည် စပိန်နိုင်ငံသို့ စပါးကိုယူဆောင် လာခဲ့ပြီး နောက်၊ စပိန်လူမျိုးတို့ကတစ်ဖန် အီတလီနိုင်ငံသို့ ယူဆောင် သွားခဲ့သည်။ ဥရောပတိုက် အရှေ့တောင်ပိုင်းတွင် စပါးစိုက်ပျိုး ခြင်းအလေ့ ပျံ့နှံ့ခဲ့သည်မှာ တူရကီလူမျိုးတို့ကြောင့်ဖြစ်သည်။
ဘရာဇီးနိုင်ငံသို့ ပေါ်တူဂီများက စပါးကို ယူဆောင်လာကြ ပြီလျှင် အမေရိကတိုက်အလယ်ပိုင်း တိုင်းပြည်များသို့ စပိန် လူမျိုးများက ယူဆောင်လာကြ၏။ ဟာဝိုင်းယန်းကျွန်းစု၌ ၁၈၅၃ ခုနှစ်ခန့်မှစ၍ စပါးကို စိုက်ပျိုးခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စု၌ ၁၆၈၅ ခုနှစ်ခန့်မှစ၍ စပါးကို စိုက်ပျိုးခဲ့ကြ ၏။ ဩစတြေးလျတိုက်၌ ၁၈၉၁ ခုနှစ်ခန့်မှစ၍ စပါးကို စိုက်ပျိုးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု၌ ၁၆၈၅ ခုနှစ်ခန့် မှစ၍ စပါးကို စိုက်ပျိုးခဲ့ကြ၏။ ဩစတြေးလီးယားတိုက်၌ ၁၈၉၁ ခုနှစ်ခန့်ကစ၍ စပါးကို စမ်းသပ်စိုက်ပျိုးကြည့်ခဲ့ရာ၊ ပထမဦးစွာတွင် မအောင်မြင်ခဲ့သော်လည်း၊ နောင်တွင် အမျိုးမျိုး စမ်းသပ်စိုက်ပျိုးသည့် အခါမှပင် ကောင်းစွာအောင်မြင်ခဲ့ သဖြင့် ၁၉၂၄ ခုနှစ်မှစ၍ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့လေ သည်။
စိုက်ပျိုးပုံ
[ပြင်ဆင်ရန်]စပါးသည် မြေဩဇာမကောင်းသော နေရာများ၌ပင် ဖြစ်ထွန်းနိုင်၏။ အရေးတကြီးလိုအပ်သည်မှာ ကောင်းစွာဖြစ်ထွန်း လာသည်အထိ ရေလုံလောက်စွာ ရရှိရန်ပင်ဖြစ်သည်။ စပါး သည် အပူလျော့ပိုင်းဒေသနှင့် နွေးသမပိုင်းဒေသများ၌ အကောင်း ဆုံးဖြစ်ထွန်းသည်။ စပါးသည် အီကွေတာတောင်ဘက် လတ္တီ တွဒ်ဒီဂရီ ၄ဝ နှင့် မြောက်ဘက် လတ္တီတွဒ်ဒီဂရီ ၄ဝ အကြား ၌ များပြားလှသည့် ရာသီဥတုအခြေအနေအမျိုးမျိုးတွင် ဖြစ် ထွန်းနိုင်သည်။ အများအားဖြင့် စိုစွတ်သော အပူပိုင်းဒေသများ နှင့် ကောင်းစွာသင့်လျော်သည်ဟု သဘောထား လေ့ရှိသော် လည်း၊ အီဂျစ်၊ ဩစတြေးလီးယားနှင့် သမပိုင်းရာသီဥတုရှိသော အရပ်ဒေသများဖြစ်သည့် စပိန်၊ ပေါ်တူဂီနှင့် အီတလီနိုင်ငံများ၌ လည်း ဖြစ်ထွန်းပေသည်။ ထို့ပြင် အီကွေတာတောင်ဘက်လတ္တီ တွဒ် ဒီဂရီ ၄ဝ နှင့် မြောက်ဘက်တွင် လက်တ္တီတွဒ်ဒီဂရီ ၄ဝ အကြားရှိ အလယ်ပိုင်းအမေရိက၊ အမေရိကန်ပြည်ထောင်စု ထက်ဝက်ခန့်၊ အနောက် အိန္ဒိယကျွန်းစု၊ တောင်အမေရိကတိုက်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ မလ္လာယုကျွန်းဆွယ်နှင့် ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းများ၌လည်း စပါးဖြစ်ထွန်းနိုင် သည်။
ဤသို့ စပါးသည် နေရာအနှံ့အပြား၊ ရာသီဥတု အခြေအနေအမျိုးမျိုး၌ ဖြစ်ထွန်းနိုင်ခြင်းမှာ စပါးပင် အမျိုးမျိုးအဖုံဖုံ ရှိသောကြောင့်ပင် ဖြစ်၏။ အချို့သော စပါးပင်များသည် မိုးခေါင်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိ၏။ အချို့ကား ရေလွှမ်းသော် လည်း ရှင်နေနိုင်၏။ အချို့စပါးများကို ရေချို၌သာစိုက်ပျိုး နိုင်၏။ အချို့စပါးမျိုးများမှာကား ရေငန်၌လည်း ဖြစ်ထွန်း နိုင်၏။ ထို့ပြင် အချို့သော စပါးမျိုးသည် အပူချိန် အမြောက်အမြား လိုသော်လည်း၊ အချို့သော စပါးမျိုးတို့သည် အအေးဒဏ်ကို ခံနိုင်ကြသည်။ အိန္ဒိယနိုင်ငံ၌ စပါးတစ်မျိုးကို ဆောင်းဥတု ဇန်နဝါရီလတွင် စိုက်ပျိုးလေ့ရှိ၍ မတ်လ၌ ရိတ်သိမ်းကြ၏။ စပါး ပင် ဖြစ်ထွန်းနိုင်ရန် အရေးကြီးဆုံးမှာ နေရောင်ခြည်ပင် ဖြစ်၏။ လောင်းရိပ်သည် အပင်ကို ကြုံလှီစေ၏။ သို့သော် အိန္ဒိယနိုင်ငံ မာလာဗာကမ်းရိုးတန်း၌ စိုက်ပျိုးသော စပါးတစ်မျိုးမှာ လောင်းရိပ်ထံ၌ပင် ကောင်းစွာ ဖြစ်ထွန်းပေသည်။
စပါးစိုက်ပျိုးရန် ကောင်းမွန်သော မြေမျိုးသည် ရေကို စုပ်မပစ်ဘဲ၊ ရေတင်သော မြေမျိုးဖြစ်ရပေမည်။ အာရှတိုက်၌ စပါးကို မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြစ်ချောင်း ကမ်းပါးတလျှောက်၌ စိုက်ပျိုးလေ့ရှိရာ၊ စပါး စိုက်ပျိုးရာဒေသများ တည်နေပုံမှာ မြေအမျိုးအစားထက် ရေရရှိမှုအပေါ်တွင် ပို၍ တည်သည်ဟု ဆိုရပေမည်။ ထို့ပြင် စပါးသည် သဲမြေမှာထက် ရွှံ့စေးမြေတွင် ပို၍ဖြစ်ထွန်းနိုင်သည်ဟု ဆိုရပေမည်။ သို့သော် သဲမြေ ၌ပင် ရေအမြောက်အမြားသွင်း၍၊ မြေဩဇာထည့်ပေး ကာ စိုက်ပျိုးလျှင်လည်း ကောင်းစွာဖြစ်ထွန်းနိုင်၏။ တူးမြောင်း များဖြင့် ရေသွင်း၌စိုက်ပျိုးရာ၌ ရေသွင်းရေထုတ်ကို အထူးပင် ဂရုစိုက်ရ၏။ အပင်များကြီးလာသည်နှင့်အမျှ ရေကိုများများ သွင်းပေးရ၏။ ထိုနောက် ရေကို တဖြည်းဖြည်းလျှော့ပေးရသည်။ သို့မှသာစပါးရိတ်သိမ်းချိန်၌ မြေကြီးသည် ခြောက်သွေ့ နေပေမည်။ ရေသွင်းပေးရာ၌လည်း ရေကို ဝပ်မနေစေရ။ ရေဝပ်နေလျှင် စပါးပင်များ ပျက်စီးတတ်၏။
စပါးကို စိုက်ပျိုးရာ၌ ရေကို မည်မျှအထိပေးရမည်ဟူ သောအချက်မှာ အကြောင်းအချက်အလက် အမျိုးမျိုးအပေါ်၌ တည်ပေသည်။ ရေများများပေးသော်လည်း၊ စပါးပင်သည် ရေကို ပို၍များများအသုံးပြုသည်မဟုတ်၊ သို့သော် ဖော့စဖိတ် ကဲ့သို့သော မြေဩဇာများကို အသုံးပြုလျှင် ရေကိုပို၍သုံး၏။ ထို့ပြင် ရာသီဥတု အခြေအနေပေါ်၌လည်း တည်၏။
စပါးအထွက်မှာ စပါးပင်အတွက် အသုံးပြုသော ရေပေါ်၌ တည်၏။ ရေထဲ၌အပင်များအဖို့ ဩဇာဖြစ်စေမည့်ဓာတ်ပစ္စည်း များလည်းပါရှိ၏။ သို့မဟုတ် အပင်များကို ပျက်စီးစေသော ပစ္စည်းများလည်းပါရှိနိုင်၏။ မြစ်များမှသွင်းယူသော ရေသည် အခြားနေရာများမှ ရသောရေထက် ကောင်းမွန်၏။ ရေသွင်း ရာ၌ အပင်၏အခြေအနေကိုကြည့်ရ၏။ ရေလိုသည့်အချိန်၌ ရေလုံလောက်စွာ မရရှိလျှင် အပင်များပျက်စီးနိုင်သည်။ မြန်မာ နိုင်ငံအောက်ပိုင်း၌ ရေသွင်း ရေထုတ်ခြင်း ပြုလုပ်ရန်မလိုပေ။ သို့သော် မြန်မာနိုင်ငံ အထက်ပိုင်း၌ ဆည်မြောင်းများမှ ရေကို သွင်းယူ၊ စပါးစိုက်ပျိုးရသဖြင့် ရေသွင်း ရေထုတ်ခြင်းမှာ အထူးပင်အရေးကြီး၏။ တူးမြောင်းများမှလည်းကောင်း မြစ်ချောင်းများ မှလည်းကောင်း ရေသွင်းရာ၌ တိုင်းပြည်ဒေသအလိုက် နည်းအမျိုးမျိုးရှိ ပေသည်။
စပါးအမျိုးမျိုးရှိရာတွင် အချို့မှာ ခြောက်သွေ့သော အခြေ အနေများ၌ပင် စိုက်ပျိုးနိုင်၏။ သို့သော် မိုးရေ ကို ၃၊ ၄ လမျှ ရရှိရပေမည်။ ရေထဲ၌ စိုက်ပျိုးရသည့် စပါးမျိုးအနက် အချို့ သော စပါးသည် ရေစီးထဲ၌ ကောင်းစွာဖြစ်ထွန်း၏။ အချို့ကိုမူ ရေသေထဲ၌ စိုက်ပျိုးရ၏။ အချို့သောစပါးများသည် ရေအနက် ပေ ၂ဝ မျှအထိ လွှမ်းသွားသော်လည်း မပျက်စီးနိုင်ပေ။
တိုင်းပြည်တစ်ပြည်တွင် စိုက်ပျိုးသော စပါးအမျိုးအစား များသည် ရာသီဥတုအခြေအနေနှင့် ယဉ်ကျေးမှု အဆင့်အတန်း ပေါ်တွင်၎င်း၊ ပြည်တွင်းစားသုံးရန်အတွက်လော၊ သို့မဟုတ် ပြည်ပသို့ တင်ပို့ရောင်းချရန်လော ဟူသည့်အချက်ပေါ်တွင်၎င်း တည်နေပေ၏။ ပမာဆောင်ရသော်၊ ဖိလစ်ပိုင်ကျွန်းစု၌ စပါး လုံးရှည်၍ ဆန်လုံးမာသော စပါးမျိုးကို စိုက်ကြ၏။ ဂျပန်လူမျိုးများသည် စပါးလုံးတို၍ စေးသောဆန်ထွက်သည့် စပါး မျိုးကို စိုက်ကြ၏။ အင်ဒိုနီးရှားနိုင်ငံ၌ ကြိတ်ဆန် အကောင်းအညံ့ကို လိုက်၍ ဆန်မျိုး ၄ စားခွဲထား၏။ ဆန်လုံးရှည်၊ ဆန်လုံးသေး၊ ဆန်လုံးပုနှင့် ကောက်ညှင်းဟူ၍ဖြစ်သည်။ မလ္လာယုနိုင်ငံ၌လည်း ဆန်လုံးအရွယ် ပမာဏကိုကြည့်၍ ဆီရော့မျိုး၊ ရာဒင်မျိုး၊ ရန်ကုန်မျိုး၊ ယိုးဒယားမျိုးဟူ၍ ၄ မျိုး ၄ စား ခွဲခြားထား၏။
အမေရိကန်ပြည်ထောင်စု၌ စိုက်ပျိုးသော စပါးမျိုးတို့၏ မူလဘူတမှာ အာရှတိုက်မှ စပါးမျိုးများဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ အတွင်း ကမ္ဘာအရပ်ရပ်မှ စပါးမျိုး ပေါင်း ၅ဝဝဝ ခန့် မျိုးယူ၍ စမ်းသပ်စိုက်ပျိုး ခဲ့၏။ သို့သော် စပါးမျိုးအနည်းငယ်လောက်သာလျှင် အမေရိကန်ပြည်ထောင်စု၌ ယခုအခါ စိုက်ပျိုးနေသည့် အချို့သော စပါးများမှာ တစ်မျိုးနှင့် တစ်မျိုးကို မျိုးစပ်ပေါင်းခြင်းဖြင့် ရရှိခဲ့သော မျိုးသစ်စပါးများ ဖြစ်၏။ ထိုစပါးတို့မှ ထွက်သော ဆန်မျိုးတို့တွင် အချို့သည် မီးတုံးနှင့် အလားတူ၏။ အချို့ကား ငစိန်နှင့်အလားတူ၏။ အချို့ မှာ ဧည့်မထနှင့်အလားတူ၏။ ဂျပန်နိုင်ငံ၌ ရာသီဥတုအခြေအနေ အမျိုးမျိုးတွင် စိုက်ပျိုးရန် သင့်လျော်မည့် စပါးမျိုးများကို သုတေသနပြုလုပ်၍ ရှာကြံယူကြ၏။ ရုရှနိုင်ငံ၌လည်း မိမိတို့၏ ရာသီဥတုနှင့်သင့်လျော်မည့် စပါးမျိုးကို ရှာကြံစမ်းသပ်လျက်ရှိလေသည်။
မြန်မာနိုင်ငံတွင် စပါးရိုးရိုးနှင့် ကောက်ညှင်းဟု ခွဲခြားခေါ်ဝေါ်ကြသည့်အနက် ကောက်ညှင်းသည် ရုက္ခဗေဒအလိုအားဖြင့် အိုရီဇာ ဂလူတီနိုး ဇားဖြစ်သည်။ ယင်းကို အာရှတိုက်၌ အနှံ့အပြားစိုက်ပျိုးကြ၏။ တရုတ်နှင့် ဂျပန်နိုင်ငံထွက် စပါးစုစုပေါင်း ၁ဝ% မှာ ကောက်ညှင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ ဆန်စက်သမားတို့၏ အသုံးအနှုန်းကိုလိုက်၍ ဆန်ကို ၅ မျိုးခွဲခြားထား၏။ ယင်းတို့မှာ ငစိန်၊ မီးတုံး၊ ဧည့်မထ၊ လက်ရွေးဆန်နှင့် ဗျတ်တို့ဖြစ်သည်။ ငစိန်ဆန်သည် မာ၏။ အရောင်ကြည်၏။ စက်အကြိတ်ခံ၏။ နိုင်ငံခြားသို့ တင်ပို့ရောင်းချရာ၌ အဓိကဖြစ်၏။ မီးတုံးဆန်မှာမူ ပု၍ ငစိန်ထက် အလုံးကြီး၏။ ငစိန်ထက်လည်း ပျော့ပျောင်း၏။ စက်ကြိတ်ခံသော်လည်း၊ တာရှည်ထား၍မရသောကြောင့် နိုင်ငံ ခြားခရီးဝေးသို့ တင်ပို့ရောင်းချခြင်းနည်း၏။ မြန်မာနိုင်ငံနှင့် နီးစပ်သော အရှေ့နိုင်ငံတို့တွင် မီးတုံးဆန် ကို ရောင်းချ၍ရ၏။ ဧည့်မထဆန်သည် ဆန်လုံးရှည်၍ မာသော်လည်း၊ စက်ကြိတ်ရာ ၌ ကြေတတ်၏။ ထိုကြောင့် ဧည့်မထကို ပြုတ်ဆန်လုပ်ကြ သည်။ လက်ရွေးဆန်မှာမူ ငစိန်နှင့် ဧည့်မထဆန်အမျိုးအစား နှစ်ခု၏ကြား၌ ရှိသည်။ ဧည့်မထကဲ့သို့ ပြုတ်ဆန်လုပ်ရန် ကောင်း၏။ ဗျတ်ဆန်ကား ဆန်လုံးကြီး၍ စက်ကြိတ်ခံသည်။ သို့သော် ပြည်တွင်းသုံးဆန်သက်သက်မျှ ဖြစ်သည်။ အာရှတိုက်ရှိ နိုင်ငံများ၌ ဆန်စိုက်ပျိုးသည့် မြေဧကများ ကို အသီးအနှံစိုက်ပျိုးကြသည့် မြေဧကများကို အသီးအနှံစိုက် ပျိုးကြသည့် မြေဧက၏ ရာခိုင်နှုန်းအလိုက် အောက်တွင် ဖော်ပြထားပေသည် -
- အင်ဒိုချိုင်းနား - ၈၆%
- မြန်မာနိုင်ငံ - ၆၅%
- ဖိလစ်ပိုင်ကျွန်း - ၆၄%
- ဖော်မိုးဆားကျွန်း - ၅၄%
- ဂျပန်နိုင်ငံ - ၄၅%
- ဂျားဗားကျွန်း - ၄၅%
- ကိုးရီးယားနိုင်ငံ - ၃ဝ%
- အိန္ဒိယနိုင်ငံ - ၂၃%
- တရုတ်နိုင်ငံ - ၂၁%
ဈေးကွက်
[ပြင်ဆင်ရန်]၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်က တစ်ကမ္ဘာ လုံးတွင် (ရုရှနိုင်ငံမှအပ) ဆန်စပါးစိုက်ပျိုးသည့် မြေဧကမှာ သန်းပေါင်း ၂ဝဝ မှ ၃ဝဝ ကြားတွင် ရှိသည်ဟု ဆိုသည်။ စစ်ပြီးခေတ်၌ ကမ္ဘာ့ဈေးတွင် ဆန် အနုတ်အသိမ်းများလာ သဖြင့်၊ ဧကပေါင်း ၉ သန်းခန့် တိုးချဲ့စိုက်ပျိုးခဲ့ကြ၏။ တစ်ကမ္ဘာလုံးမှထွက်သော ဆန် တန်ချိန် ၉ဝ %ခန့်ကို အာရှတိုက်၌ စိုက်ပျိုးခဲ့သည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံပေါင်း၏ ဆန်ထွက်သည် တစ်ကမ္ဘာလုံးလုံးမှ ထွက် သော ဆန်တန်ချိန်စုစုပေါင်း၏ ထက်ဝက်မျှရှိသည်။ လွန်ခဲ့ သည့် နှစ်ပေါင်း ၆ဝ အတွင်း ဂျပန်နိုင်ငံ၌ ဆန်စပါးကို ပိုမို တိုးချဲ့စိုက်ပျိုးခဲ့သည့်ပြင်၊ မျိုးကောင်းများ စိုက်ပျိုးကာ မြေဩ ဇာများကို သုံးခဲ့ကြသဖြင့် တစ်ဧကထွက် ဆန်တန်ချိန်မှာလည်း တိုးတက်လာခဲ့ပေသည်။ အခြားတိုင်းပြည်များ၌လည်း နောင် အခါတွင် ဆန်ပိုမိုထွက်ရှိစေရန် ဆည်မြောင်းများ ဖောက်လုပ်၍ ဆန်စပါး စိုက် ပျိုးရေးကို တိုးတက်အောင် ကြိုးစားနေကြ၏။ အမေရိကန်မှလည်း ဆန်စပါးပိုမိုထွက်ခဲ့ သည်။ တောင်အမေရိက၌ ဆန်စပါး စိုက်ပျိုးရန်ကောင်း မွန်သော နေရာပေါင်းအမြောက်အမြားပင် ရှိနေသော်လည်း၊ ဘရာဇီးနိုင်ငံ၌သာ ဆန်စပါးသည် အရေးပါအရာရောက်သော ကောက်ပဲသီးနှံမျိုး ဖြစ်နေပေသည်။ ယခုအခါ အာရှတိုက်မှ ထွက်သော ဆန်တန်ချိန်သည် ဒုတိယကမ္ဘာစစ်မဖြစ်မီကစံချိန်ကို ပြန်၍မှီလာပေပြီ။ သို့သော် ရှေ့အဖို့၌ ကမ္ဘာကလိုအပ်သမျှသော ဆန်တန်ချိန်ကို ဖြည့်စွမ်းပေးနိုင်အောင် ဆန်ထုပ်လုပ်ရေးကို ပိုမိုလုပ်ကိုင်နိုင်ကြလိမ့်မည်ဟု မယူဆနိုင်သေးချေ။ အထူး သဖြင့် နိုင်ငံရေးမငြိမ်မသက်ဖြစ်နေသည့် ဒေသတို့တွင် ရှေး အခါကကဲ့သို့ ရင်းစားအခြေသို့ ပြန်ဆိုက်ဖို့ခက်သည်။ ၁၉၃၉ ခုနှစ် မတိုင်မီက၊ တစ်ကမ္ဘာလုံးမှထွက်သော စပါးတန်ချိန်သည် မက်ထရစ်တန်ချိန် ၁၄၇ ၁/၂ သန်းဖြစ်၏။ မျိုးစပါးအတွက် နုတ်ပြီးနောက်၊ ကြိတ်ပြီးသား ဆန်တန်ချိန်မှာ မက်ထရစ်တန်ချိန် ၉၄ သန်း ဖြစ်၏။ ဒုတိယကမ္ဘာစစ်အတွင်း က စပါးထွက်မှာ အာရှတိုက်တွင် လျော့နည်းသွားခဲ့၍ ကမ္ဘာ အနောက်ပိုင်း တိုင်းပြည်များ၌ တိုးလာခဲ့သည်။ ၁၉၅၂ ခုနှစ်၌ ဆန်စပါးကို တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း၊ အာရှတိုက်တွင် ဆူပူ လှုပ်ရှားမှုများကြောင့် နှစ်စဉ်နှစ်တိုင်း ဆန်တန်ချိန် ၅ သန်းမျှ လိုနေခဲ့ပေသည်။
အီကွေတာ တောင်ဘက်၊ လတ္တီတွဒ် ၂ဝ ဒီဂရီအကြားနှင့် မြောက်ဘက်လတ္တီတွဒ် ၂ဝ ဒီဂရီအကြားရှိ အပူပိုင်း၌ တစ်ဧက လျှင် ဆန်ပေါင်ချိန် ၉ဝဝ ခန့်မျှထွက်၏။ အီကွေတာ၏တောင် ဘက်တွင်၎င်း၊ မြောက်ဘက်တွင်၎င်း၊ လတ္တီတွဒ် ၃ဝ ဒီဂရီနှင့် ၄ဝ ဒီဂရီအကြားရှိ အရပ်များ၌ တစ်ဧကလျှင် ဆန်ဖြူပေါင်ချိန် ၁၈ဝဝ ခန့်ထွက်လေသည်။
သို့သော် ထူးခြားချက်များလည်းရှိပေသည်။ အာရှတိုက်၊ အာဖရိကတိုက်၊ တောင်အမေရိကတိုက်နှင့် အမေရိကအလယ် ပိုင်း၊ လတ္တီတွဒ် ဝ ဒီဂရီနှင့် ၁ဝ ကြားရှိဒေသများ၌ တစ်ဧက လျှင် ပေါင်ချိန် ၇၁ဝ နီးပါး သာ ထွက်သော်လည်း၊ ယင်း လတ္တီတွဒ်များအကြားရှိ တောင်အမေရိကတိုက် ဒေသများ၌ တစ်ဧကလျှင် ပေါင်ချိန် ၁၆ဝဝ ထွက်၏။ ယင်းမှာ မြေဩ ဇာအလွန်ထက်သန်သောကြောင့်ဖြစ်သည်။ တောင်အမေရိက တိုက် အချို့ဒေသများ၌ ဆန်စပါးကို တစ်နှစ်လျှင် ၂ ကြိမ် စိုက်ပျိုးနိုင်၍၊ အချို့ဒေသများ၌မူ အချိန်မရွေး စိုက်ပျိုးနိုင်လေ သည်။ အီကွေတာ၏ တောင်ဘက်တွင်၎င်း၊ မြောက်ဘက်တွင် ၎င်း လတ္တီတွဒ် ၃ဝ ဒီဂရီနှင့် ၄ဝ ဒီဂရီအကြားရှိဒေသများ၌ တစ်ဧကလျှင် ဆန်အထွက်နှုန်းသည် ပေါင်ချိန် ၁၈ဝဝ ဖြစ်၏။ သို့သော် အမေရိကန်ပြည်ထောင်စု၌ တစ်ဧကလျှင် ပေါင်ချိန် ၁၄၉ဝ မျှသာထွက်ပေသည်။
မျိုးကောင်း မျိုးသန့်စပါး၊ မြေဩဇာနှင့် အခြားလိုအပ် သည့် ပစ္စည်းများ ချို့တဲ့ခြင်းကြောင့်လည်း ဆန်အထွက်ကို ထိခိုက်စေနိုင်၏။ စစ်အတွင်းက ပျက်စီးခဲ့သော ရေကာတာနှင့် တူးမြောင်းများကို ပြန်လည် မပြင်ဆင်ရသေးသဖြင့်၊ အချို့ တိုင်းပြည်များ၌ ဆန်ထွက်နည်းနေသေး၏။ ကျွဲနွားများ ရှားပါးမှုကြောင့်လည်း ဆန်ထွက်နည်းရ၏။
ဒုတိယကမ္ဘာစစ်ကြီးအဖြစ်မီက မြန်မာနိုင်ငံ၌ ဆန်စပါး စိုက်ပျိုးသည့် ဧကပေါင်းမှာ ၁၂ ၁/၂ သန်းရှိ၏။ မျိုးစပါးကို နုတ်ယူပြီးနောက် ဆန်တန်ချိန်ပေါင်း မက်ထရစ်တန်ချိန် ၄၅၈၇ဝဝဝ ထွက်၏။ ယင်းဆန် တန်ချိန်မှ ဆန်တန်ချိန် ၃ သန်း သို့မဟုတ် ဆန်ထွက်တန်ချိန်အားလုံး၏ ၆၇ % ကို နိုင်ငံခြားသို့ တင်ပို့ရသည်။ သို့သော် စစ်ပြီးနောက်ပိုင်း အချိန် ၁၉၅၁ ခုနှစ်၌ ဆန်တန်ချိန် ၁၃ဝဝဝဝဝ သို့မဟုတ် ဆန် ထွက်တန်ချိန်၏ ၃၇ %မျှကိုသာ နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့၏။
အာရှတိုက်ရှိ နိုင်ငံတိုင်း၌ ဆန်စပါးကို စိုက်ပျိုးကြသော်လည်း၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဖော်မိုဆာကျွန်းများမှသာ နိုင်ငံခြားသို့ ဆန်တင်ပို့ နိုင်ခဲ့ပေသည်။ ဥရောပနိုင်ငံအချို့၊ အီဂျစ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံများမှလည်း နိုင်ငံခြားသို့ ဆန်တင်ပို့ကြ၏။ အချို့ အာရှနိုင်ငံများသည် ပြည်တွင်းစားသုံးရန်ပင် မလုံလောက်၍ နိုင်ငံခြားမှ ဆန်ကို တင်သွင်းယူရပေသည်။ နိုင်ငံခြားသို့ တင်ပို့ရောင်းချသော ဆန်တန်ချိန် ၇ဝ %မှာ အာရှတိုက်နိုင်ငံများမှ ထွက်၏။ တစ်ကမ္ဘာ လုံးမှထွက်သည့် ဆန်တန်ချိန် ၇ဝ %ကိုလည်း အာရှတိုင်းပြည်များကပင် စားသုံးကြသည်။
ဒုတိယကမ္ဘာစစ် မဖြစ်မီက မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ဆန်တန်ချိန် သန်းပေါင်း ၃.၃ တင်ပို့ရောင်းချခဲ့ရာ တန်ဖိုးငွေ ၂၂ ကုဋေဖြစ်၏။ စစ်ပြီးနောက် တန်ချိန် သန်းပေါင်း ၁.၂၆ အထိ ကျဆင်းသွား၏။ သို့သော် တန်ဖိုးမှာ ၈၂.၆ ကုဋေဖြစ် သည်။ တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ၁၉၆၈ ပြည့်နှစ်ခန့်လောက်တွင် တစ်နှစ် လျှင် တန်ချိန် သန်းပေါင်း ၃.၅ ထွက်မည်ဟု မျှော် လင့်၏။ ကမ္ဘာ့ဈေး၌ မြန်မာ့ဆန်ကို အခြားတိုင်းပြည်များမှ ထွက်သော ဆန်၊ ဂျုံ၊ ဂျုံမှုန့်များနှင့် ယှဉ်ပြိုင်ရောင်းချနိုင်စေရန် အဘက်ဘက်မှ ကြိုးစားကြရမည်ဖြစ်သည်။ စစ်ပြီးခေတ်နောက်ပိုင်း၌ ၁၉၅၃ ခုနှစ်အထိ ဗမာ့ဆန်မှာ ကမ္ဘာ့ဈေး၌ မျက်နှာပန်း ပွင့်လှသည်။ ထိုနှစ်နောက်တွင်ကား၊ ကမ္ဘာ့ဆန်ဈေးမှာ တဖြည်းဖြည်း ကျဆင်းလာ၏။ ဆန်ဈေးကျဆင်းလာသည်နှင့်အမျှ နိုင်ငံတော်အစိုးရ၏ နိုင်ငံခြားသုံးငွေမှာလည်း လျော့နည်းလာ၏။ ထိုကြောင့် နောင်အခါတွင် ဆန်တန်ချိန် အမြောက်အမြား တင်ပို့ရမည့်အပြင်၊ တင်ပို့သည့် ဆန်အမျိုးအစားကို လည်း ပထမတန်းဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသို့တင်ပို့ရာ၌ သယ်ယူပို့ဆောင်ရေး အခက်အခဲများလည်း ရှိပေသည်။ ထိုကြောင့် မြန်မာနိုင်ငံသည်အဓိက စီးပွား ရေးတစ်ရပ်ဖြစ်သော ဆန်အရောင်းအဝယ်ကိစ္စကို တိုးတက်ရလေအောင် စိုက်ပျိုးရေး၊ ဆန်ကြိတ်ထုတ်ရေး၊ ရောင်းဝယ်ရေး၊ နိုင်ငံခြားသို့ တင်ပို့ရေးကဲ့သို့သော ပြဿနာများကို ဖြေရှင်း လျက်ရှိလေသည်။
မြန်မာနိုင်ငံမှ ဆန်ဖြူ၊ ပြုတ်ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ စပါး များကို နိုင်ငံခြားသို့တင်ပို့၏။ ၁၉၅၄ ခုနှစ်၌ နိုင်ငံခြားသို့တင် ပို့သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများမှာ စုစုပေါင်းတန်ချိန် ၁.၂၆ သန်းအထိပင် ကျဆင်း၏။ တန်ဖိုးငွေမှာ ကျပ်သန်း ပေါင်း ၈၂၆.၄ဝ ဖြစ်သည်။ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ တန်ချိန်မှာ ၆၂ %လျော့သွားသော်လည်း၊ တန်ဖိုးမှာ ၂၇၅ %အထိ တက်လာကြောင်းတွေ့ရလေသည်။ စစ်မဖြစ်မီက မြန်မာ့ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ယူနိုက်တက် ကင်းဒမ်း၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် အခြားဥရောပနိုင်ငံများသို့ တင်ပို့ခဲ့၏။ မြန်မာ့ဆန်ရောင်းရာဒေသများကို အုပ်စုခွဲကြည့်လျှင် ၄ မျိုး ၄စား ခွဲနိုင်၏။ ပထမအုပ်စု၌ ယူနိုက်တက်ကင်းဒမ်းနှင့် ဥရောပတိုက်၊ ဒုတိယအုပ်စု၌ အာဖရိ ကတိုက်၊ အမေရိကတိုက်၊ အနောက်အိန္ဒိယကျွန်းစုနှင့် ကမ္ဘာ့ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ တတိယအုပ်စု၌ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလ္လာယုနိုင်ငံ၊ စတုတ္တအုပ်စု၌ အိန္ဒိယနှင့် သီဟိုဠ်နိုင်ငံတို့ အသီးသီးပါဝင်ကြ၏။ စစ်ပြီးခေတ် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာသော အခါ၊ မြန်မာ့ဆန်ကိုဝယ်မည့် ဖောက်သည်နိုင်ငံများကို ရှာခဲ့၏။ တိုးလာသော မြန်မာ့ဆန်ဖောက်သည်နိုင်ငံများမှာ ယူဂိုစလားဗီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ အရှေ့ဂျာမနီ၊ ချက်ကိုဆလိုဗားကီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ အနောက်ဂျာမနီ၊ ပိုလန်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဖြစ်၏။
စစ်မဖြစ်မီက နိုင်ငံခြားသို့တင်ပို့သော ဆန်တန်ချိန်၌ ငစိန် ၆၅ဇ္ဇ ၊မီးတုံး ၁၅ဇ္ဇ ၊ ဧည့်မထ ၁၄ဇ္ဇ၊ လက်ရွေးဆန် ၆ဇ္ဇ စသည်ဖြင့် အသီးသီးပါဝင်၏။ သို့သော် မကြာသေးမီက မြန်မာ့ဆန်ကို ရှေးကကဲ့သို့ အိန္ဒိယနိုင်ငံမှ အဝယ်မများတော့ ဘဲ၊ ဂျပန်၊ သီဟိုဠ်၊ တရုတ်၊ ရုရှ၊ ချက်ကိုစလိုဗားကီးယား၊ ဂျာမနီနှင့် အခြားဥရောပနိုင်ငံများမှ အဝယ်များလာကြရာ၊ ဝယ်ယူသောနိုင်ငံများ အကြိုက်ကိုလိုက်၍ ပြောင်းလဲစိုက်ပျိုး ရလေသည်။ ပမာအားဖြင့် ဂျပန်နိုင်ငံနှင့် ကမ္ဘာအနောက်ပိုင်း နိုင်ငံများမှ အကြိုက်များသော မီးတုံးဆန်ကို ပို၍စိုက်ပျိုးရ၏။ အကြိုက်နည်းသောလက်ရွေးဆန်ကို လျှော့၍စိုက်ရပေသည်။ ဥရောပတိုက်နိုင်ငံများနှင့် ကမ္ဘာ့နောက်ပိုင်း နိုင်ငံများ၌ ယိုးဒယားဆန်၊ အမေရိကန် ပြည်ထောင်စုမှ ကယ်ရိုလီးနား ဆန်တို့နှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် ဧည့်မထဆန်ကို ပိုမို၍စိုက် ပျိုးရပေမည်။
စစ်ပြီးခေတ်၌ မြန်မာနိုင်ငံအစိုးရ စိုက်ပျိုးရေးဌာနမှ ဆန်စပါးစိုက်ပျိုးရေးနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော စပါးမျိုးများရရှိရေး၊ စပါးပင်တို့ကို ပျက်စီးစေသော ပိုးမွှားနှင့် ရောဂါများ နှိမ်နင်းရေး၊ မြေဩဇာများအသုံးပြုရေး၊ စိုက်ပျိုးရေး နည်းသစ်များစုံစမ်းရေး၊ ခေတ်မှီစိုက်ပျိုးရေးကရိယာများ အသုံး ချရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပေသည်။ မြေယာ ကျေးလက် ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းမှလည်း စပါး မျိုးကောင်းမျိုးသန့် ရရှိစေရန်အတွက် ၃ နှစ် စီမံကိန်းရေးဆွဲ ထား၏။ ထိုစီမံကိန်းအရ ၃ နှစ်အတွင်း လယ်မြေဧကပေါင်း ၉ သန်းအတွက် စိုက်ပျိုးရန် မျိုးသန့်စပါးမျိုးများ ရရှိစေရေးကို ကြိုးစားလုပ်ကိုင်လျက်ရှိ၏။ ထို့ပြင် အမတော်ကြေး ထောက်ပံ့၍လည်း စပါးစိုက်ပျိုးရေးကို အားပေးလျက်ရှိပေသည်။
အာဟာရတန်ဖိုး
[ပြင်ဆင်ရန်]၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး | |
---|---|
စွမ်းအင် | ၅၄၄ kJ (၁၃၀ kcal) |
28.6 g | |
0.2 g | |
2.4 g | |
ဗီတာမင်များ | |
Thiamine (B1) | (2%) 0.02 mg |
Riboflavin (B2) | (2%) 0.02 mg |
Niacin (B3) | (3%) 0.4 mg |
(8%) 0.41 mg | |
ဗီတာမင် ဘီ6 | (4%) 0.05 mg |
Folate (B9) | (1%) 2 μg |
သတ္တုဓာတ်များ | |
ကယ်လဆီယမ် | (0%) 3 mg |
သံဓါတ် | (2%) 0.2 mg |
မဂ္ဂနီစီယမ် | (4%) 13 mg |
မက်ဂနိစ် | (18%) 0.38 mg |
ဖော့စဖရပ် | (5%) 37 mg |
ပိုတက်ဆီယမ် | (1%) 29 mg |
ဆိုဒီယမ် | (0%) 0 mg |
သွပ် | (4%) 0.4 mg |
အခြားပါဝင်ပစ္စည်း | |
ရေ | 69 g |
| |
Percentages are roughly approximated using US recommendations for adults. |
အာဟာရဗေဒအလိုအားဖြင့် ဆန်ထဲ၌ အာဟာရဖြစ်စေမည့် ဓာတ်ပစ္စည်းများ ရှိကြောင်းသိရ၏။ ဆန်၌ ပရိုတင်းဓာတ် ရာခိုင် နှုန်း ၆ မှ ၇ အထိပါရှိ၏။ ယင်းပရိုတင်းဓာတ်မျိုးသည် ဂျုံထဲ ၌ပါသော ပရိုတင်းဓာတ်ထက်ပို၍ တန်ခိုးသတ္တိထက်ကြောင်း သိရသည်။ ဆန်ထဲ၌ အဆီလည်း အနည်းငယ်ပါရှိပြီးလျှင် ကယ်လဆီယမ်ခေါ် ထုံးဓာတ်လည်း အနည်းငယ်သာပါရှိ၏။ သံဓာတ်နှင့် ဗီတာမင်ဘီလည်းပါရှိ၏။ ဆန်ကို (၁) ဆန်ညှာ ဆန်ညှောက်၊ မျိုးဗီဇ၊ (၂) အမြှေး၊ ဖွဲနု (၃) ဆန်နှစ်ဟူ၍ အစိတ်အပိုင်း သုံးမျိုးခွဲခြားနိုင်သည်။ ဆန်နှစ်ကို ဖုံးအုပ်နေ သော အမြှေးဖွဲနုနှင့် ဆန်ညှာဆန်ညှောက်တွင် အာဟာရဖြစ် စေသော ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဗီတာမင် ဘီ ဓာတ်များ စွာပါရှိ၏။ ဆန်နှစ်တွင် အာဟာရဓာတ်အလွန်နည်းပါး၏။ ဆန်နှစ် တွင် ကာဗိုဟိုက်ဒရိတ်ဓာတ်သာ များများပါ၏။ ဆွတ်ဆွတ်ဖြူအောင် ကြိတ်ထားသော ဆန်တွင် ဆန်နှစ်သာ ကျန်တော့သဖြင့် ကာဗိုဟိုက်ဒရိတ်ဓာတ်သာ အများဆုံးပါ ဝင်ပေသည်။ အခြားအာဟာရဓာတ်များ ချို့တဲ့ခြင်း ကြောင့် ဆန်ဖြူချည်းကိုသာစားနေရလျှင် အင်အားမပြည့်စုံသောကြောင့် အနာရောဂါဖြစ်လွယ်သည်။
ဆန်ထဲ၌ ဖော့စဖောရပ်ခေါ် ဓာတ်ပစ္စည်းတစ်မျိုးလည်း ပါရှိ၏။ ဆန်ဖြူသည် မောင်းထောင်းဆန်ထက် ဖော့စဖောရပ် အချိုးအစား ထက်ဝက်မျှ လျော့ပါး၏။ ပြုတ်ဆန် ကြိတ်ရာ၌ စပါးကို ပထမဦးစွာ ရေနွေးဖြင့် ပေါင်းတင်ရသဖြင့် အာဟာရ ဓာတ်များမှာ ဆန်သားထဲ၌ စိမ့်ဝင်သွားသဖြင့်၊ ရိုးရိုးဆန်ဖြူ ထက်ပိုမို၍ အာဟာရဓာတ်ပါရှိ၏။ မောင်းထောင်းဆန်သည် ဆန်ဖြူထက်ပိုမို၍ ဗိတာမင် ဘီပါရှိသဖြင့် စားသုံးရန်ပို၍ သင့်လျော်၏။ လုံးတီးဆန်ကို ဖြူစေရန် စက်ဖြင့်ကြိတ်ရာ၌ ဗီတာမင်ဓာတ်များ ၇၅ဇ္ဇ ယုတ်လျော့သွားသည် ဟုဆို၏။ ဆန်ကို ဖြူအောင် မောင်းနှင့်ဖွပ်ရာ၌ ဆန်လုံးများပျက်သဖြင့် သင့်တော်ရုံပင် ဖွပ်ကြလေသည်။ ထိုကြောင့် မောင်းထောင်းဆန်၌ ဖွဲနု% ၅ဝ မှ ၇ဝ အထိ ပါရှိသေးသည်။ ဆန်ကို ဖြူအောင်စက်ဖြင့်ကြိတ်ရာ၌ ဗိတာမင် ဘီ ၂ များလည်း ဆုံးရှုံးရ၏။ အာဟာရဓာတ်ထဲ၌ ယင်းဗီတာမင်များ ချို့တဲ့မှုကြောင့် ဗယ်ရီဗယ်ရီခေါ် ထုံနာစို ကိုယ်ဖောနာဖြစ်တတ်သည်။ အာဟာရချို့တဲ့နေသော ဆန်ဖြူကို ချက်သည့်အခါ အကြိမ်ကြိမ် ဆေးပြီးမှ ချက်၍၊ တစ်ဖန်ထမင်းရည်ကို သွန်ပစ်လေ့ရှိပြန်ရာ ချက်ပြီးသောထမင်း၌ အာဟာရဓာတ်လွန်စွာချို့တဲ့တတ်သည်။ ဂျပန်နှင့်တရုတ်လူမျိုးများသည် ဆန်ကို ချက်မစားဘဲ၊ ပေါင်းစားလေ့ရှိကြသည်။ ထိုဓလေ့သည် အထူးပင်ကောင်းမွန်လှပေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၀)။ "ဆန်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၄ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: စာပေဗိမာန်။