သာမညဖလ အခါတော်နေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။ ယင်းတို့အနက် သာမညဖလ အခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုပါသည်။

အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။

သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ တရားတော်ကို ဟောပြောတော်မူသည်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာ နောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။

ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။

ရဟန်းပြုခြင်းဖြင့်-

  1. မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
  2. အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
  3. ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
  4. ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
  5. ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဥ္စမသီလနှင့် ပြည့်စုံခြင်း။
  6. နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
  7. ဣန္ဒြေိ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
  8. သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
  9. သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
  10. နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
  11. ဈာန်တရား ရနိုင်ခြင်း။
  12. ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။

ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။

ထို သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။ ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]