မာဃနက္ခတ်
ပုံပန်းသွင်ပြင်
ရာဇမတ္တဏ်ကျမ်း၌ “ပိတုဒေဝေါ မာဃောနိစ္စံ” ဟူ၍ မာဃနက္ခတ် ပရိယာယ် (၃) ပုဒ်ပြပါသည်။ အဘိဓာန် ဋီကာ၌မူ “ကာရိယတ္တိကေဟိ၊ အကျိုးစီးပွားမှု ပြုလိုသော သူတို့သည်။ မဟိယတေ၊ ပူဇော်အပ်၏။ ဣတိ၊ ထို့ကြောင့်။ မာဃော၊ မာဃနက္ခတ်မည်၏” ဟူ၍ ဝိဂြိုဟ်ပြု အနက် ဖွင့်ဆိုပါသည်။ အကျိုးစီးပွားမှု ပြုလိုသောသူတို့၏ ပူဇော်ရာဟု မြန်မာလို အဓိပ္ပာယ်ရပေသည်။
ထိုနက္ခတ်၏ လုံးရေသင်္ချာ၊ အဆင်းသဏ္ဌာန်ကို ကျမ်း အချို့က အောက်ပါအတိုင်း ပြဆိုပါသည်။
- ပေါတ္တရသာဒိကျမ်း (၄) လုံး၊ ထွန်တုံးသဏ္ဌာန်
- ဂြဟသျှန္တီကျမ်း (၄) လုံး၊ ထမ်းပိုးသဏ္ဌာန်
- လဃုသင်္ဂြဟကျမ်း (ပူးသည့်နက္ခတ် ၁-လုံးအပါ-(၅) လုံး၊ အိမ်သဏ္ဌာန်
- အာကာသသျှတ္တရကျမ်း (၄) လုံး၊ သံကောက်သဏ္ဌာန်
- ကပ္ပဝဏ္ဏနာကျမ်း (၄) လုံး၊ သံကောက်သဏ္ဌာန်
- ရွှေမင်ရေး ပုရပိုက်ဖြူ၊ (၄) လုံး၊ မျောက်ရုပ်သဏ္ဌာန်
- သိင်္ဃဗောဓကျမ်း (၅) လုံး၊ သဏ္ဌာန်မပါ
- သေနင်္ဂဗျူဟာကျမ်း (၃) လုံး၊ သဏ္ဌာန်မပါ
မာဃနက္ခတ်၏ တောင်စွန်ကြယ်အနီးတွင် ကြယ်ငယ် (၁) လုံးကို ထည့်သွင်း၍ အထက်ပါကျမ်း (၂) ကျမ်းက ကြယ် (၅) လုံးဟု ယူဆခြင်း ဖြစ်သည်။
ထိုနက္ခတ်ကို ပိတရာနတ်မင်း အစိုးရကြောင်း ရာဇမတ္တဏ် ကျမ်းက မိန့်ဆိုပါသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)