နယုန်လ

ဝီကီပီးဒီးယား မှ
(နယုန် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

နံယုန်လ (နယုန်လ)[ပြင်ဆင်ရန်]

နယုန်သည် မြန်မာပြက္ခဒိန်၏တတိယလ ဖြစ်ပြီး မေလနှင့်ဇွန်လအတွင်း ကျရောက်ပါသည်။ နယုန်လတွင် ၂၉ ရက်ရှိသည်။ ပုံမှန်အားဖြင့် ရက်မစုံသောလဖြစ်သော်လည်း ဝါထပ်သောနှစ်၌ နယုန်လတွင် ၃၀ ရက်ရှိ၍ ရက်စုံသောလဖြစ်သည်။ နယုန်လဟူသောဝေါဟာရ၏ အနက်မှာ မိုးစတင် ရွာပြီဖြစ်သောကြောင့် 'နံ' ဆိုသည်မှာ 'အချိန်ကာလ' ကို ရည်ညွှန်းပြီး 'ယုန်' မှာ 'အရည်ယိုစီးခြင်း' အဓိပ္ပာယ်ဆောင်သဖြင့် 'မိုးကျပြီ' ဟုဆိုလိုခြင်းဖြစ်ပါသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ နရယုဂ အဓိပ္ပာယ်မှာ ယောက်ျား မိန်းမအစုံဟူလေသည်။ သို့သော် နရယုဂသည် ပါဠိ ဘာသာစကားရင်း မဟုတ်ချေ။

နွေအကုန် မိုးအကူး ဝသန်ကာလဖြစ်သဖြင့် မိုးသားကျူးစ အခါသမယဖြစ်သည်။ မိုးနံ့ကလေးရစပြုချိန်တွင် "ရွှေစာတော်ပြန်မေးလို့ မြတ်လေးတဲ့စံပယ်၊ မေထုန်ဆို ရာသီကူး၊ ပွင့်ဖူးဝတ်မှုန်နံ့၊ သင်းပျံ့တော့တယ်" ဟူသော ဖိုးသူတော်ဦးမင်း၏အဆိုအတိုင်း ရှေးမြန်မာမင်းများလက်ထက်အခါက နယုန်လတွင် ပဉ္စင်းလောင်း၊ ရှင်လောင်းတော်များအတွက် စာတော်ပြန်ပွဲများ ကျင်းပရိုးထုံးစံရှိခဲ့ပေသည်။ စာပြန်ပွဲသည် မြန်မာမင်းများလက်ထက်ကပင် စတင်ထွန်းကားခဲ့သည်။ စာတော်ပြန်သဘင်ကြီးဟု ခေါ်တွင်ခဲ့သည်။ ဤပွဲသဘင်ကြီးမှာ သာသနာ့အာဇာနည်များ ရွေးချယ်ပွဲဖြစ်သည်။ နိုင်ငံတော်၏ လွှတ်ရုံး၊ ဗြဲတိုက်တော်နှင့် အခြားအုပ်ချုပ်ရေးဌာနများအတွက် ပညာရှင်များ ရွေးချယ်ပွဲလည်းဖြစ်ပါသည်။ စာတော်ပြန်ပွဲသဘင်တွင် ထူးချွန်ပေါက်မြောက်အောင်မြင်သူများသည် သာသနာတည်တံ့ခိုင်မာပြီးစည်ပင်ဖွံ့ဖြိုးရေးအတွက် သာသနာ့အာဇာနည်ရဟန်းတော်များ ဖြစ်လာပေမည်။ သို့မဟုတ် သာသနာ့ဘောင်မှထွက်၍ ဘုရင့်ထံတော်ပါး၌ အမှု့ထမ်းလျှင်လည်း အရာရောက်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်လာနိုင်ပေသည်။ ဤရည်ရွယ်ချက်ဖြင့် နယုန်လတွင် စာတော်ပြန်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

စာတော်ပြန်သဘင်ကို နယုန်လ၌ ကျင်းပရခြင်၏ အခြေခံအကြောင်းရင်းလည်းရှိသည်။ ရဟန်း သံဃာတော်များသည် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိဖြစ်သော ဝါတွင်းသုံးလပတ်လုံး ညဉ့်အိပ်ညဉ့်နေ ခရီးအသွားအလာနည်းပါးသည်။ ရဟန်းသာမဏေများ၏ ပထမစာသင်လမှာ ဝါဆိုလြဖစ်၏။ ဝါတွင်းသုံးလပတ်လုံး ရဟန်းတော်များ စာဝါအသစ်များ ပို့ချသင်ယူရမြဲဖြစ်ပါသည်။ ထို့ကြောင့် စာဝါအသစ်များမစမီ နယုန်လတွင် ယခင်သင်ယူခဲ့ပြီး စာဝါများကို နှုတ်တက်ရွရွ ရွတ်ဆိုရသော စာတော်ပြန်သဘင်ကို ကျင်းပရပေသည်။ နှုတ်ဖြင့် အာဂုံဆောင်ကာ စာတော်ပြန်ဆိုကြရသည်။

နယုန်လဟူရာ၌ 'နံ' သည် အချိန်ကာလကို ဆိုလိုသည်။ ပုဂံခေတ်ကျောက်စာများတွင် နယုန်ကို နံယုန်၊ နံမျုန်ဟုရေးသည်။ 'ယုန်' ဟူသည်မှာ မိုးကိုလည်ကောင်း၊ စီးဆင်းခြင်းကိုလည်းကောင်း အဓိပ္ပာယ်ယူ၍ရသည်။ ထို့ကြောင့် နယုန်လဟူသည် မိုးရွာသောလကို ဆိုလိုသည်။ နယုန်လသည် မိုးကျသောလပီပီ ဤလတွင် လယ်သမားတို့ ပျိုးကြဲကြသောကြောင့် စိန္တကျော်သူဦးဩက "နယုန်ဝါလ၊ ကြဲကြပျိုးထောင်" ဟု စပ်ဆိုခဲ့သည်။ တောင်သူလယ်သမားတို့ ပျိုးထောင်ပျိုးကြဲအလုပ်လုပ်ကြသောအခါ စိုက်ပျိုးရေးအောင်မြင်စေရန်အလို့ငှာ ပုန်းမကြည်ပွဲကိုကျင်းပကြသည်ဟူသော အစဉ်အလာယုံကြည်မှုလည်းရှိသည်။

နယုန်လ၏ရာသီပွဲဖြစ်သော စာပြန်ပွဲကို အင်းဝပြည့်ရှင် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ပြည့်နှစ်တွင် စတင်ကျင်းပသည်ဟု မြန်မာရာဇဝင်တို့တွင် ဆိုသည်။ လောကဗျူဟာအင်ရုံစာတမ်းတွင် စာတော်ပြန်သဘင်အကြောင်း မှတ်တမ်းတင်ရာ၌ "စာမေးပွဲအစီအစဉ်၊ ပဉ္စင်းလောင်း၊ ရှင်လောင်းအရေအတွက် စာမေးပွဲအောင်စာရင်း၊ ဆရာ၊ တပည့်တို့အား ချီးမြင့်ခြင်း" ဟူသော ကဏ္ဍများဖြင့် ရေးသားထားသည်။ ပဉ္စင်းလောင်း၊ ရှင်လောင်းအရေအတွက်တွင် "[[မာရ်အောင်ရတနာ ဘုရားဒါယကာ မင်းတရားလက်ထက် ရွှေနန်းတော်တက်သည်နှစ်တွင် ပဉ္စင်း ၅၀၊ ရှင် ၂၀၊ ၂စု ၇၀ စ၍ခံသည် နှစ်ကသည် နှစ်စည်(နှစ်စဉ်) ပဉ္စင်းလောင်း၊ ရှင်လောင်း တစ်ပါးစီတိုး၍ ခံသည်" ဟု အမှတ်အသားပြုသည်။

စာမေးပွဲမေးပုံကို ကုန်းဘောင်ခေတ်ရာဇဝင်တော်ကြီးတွင် ဤသို့မှတ်သားရသည်။ ထိုနှစ် ၁၂၃၆ခုနှစ် နယုန်လဆန်း ၈ရက်ကစ၍ ဝါဆိုလဆန်း ၈ရက်တိုင် မန္တလေးတောင်၏အနီး သုဓမ္မာဇရပ်များသုဓမ္မာဇရပ်တော်နှင့် စန္ဒာမုနိဘုရားပြင်ယံရှိ ဇရပ်တော်များတွင် ဝဲ၊ ယာခွဲ၍ တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်တို့ကြပ်မတ်လျက် ပထမကျော်တစ်၊ ပထမကြီးတစ်ကျိတ်ကိုး၊ ပထမလတ်၊ ပထမငယ်စသော အတန်းအဆင့်ရှိသည့် ပထမစာတော်ပြန် ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော်ဦးရေတစ်ထောင်တို့ တစ်လတိုင်တိုင် ပထမစာတော်ပြန်ဆိုမြဲ ပြန်ဆိုကြရသည်။

စာတော်ပြန်မည့်ပုဂ္ဂိုလ်တို့၏ အဆင်အပြင်ကို မှတ်သားရသည်မှာလည်း စိတ်ကြည်နူးလေးစားဖွယ်ကောင်းလှသည်။

“ပထမစာတော်ပြန်ဆိုသူတို့မှာ ပထမကျော်နှင့် ပထမကြီးများသည် ပတ္တမြားနားတောင်း၊ ပတ္တမြားလက်ကောက်၊ ပုတီးလက်စွပ်၊ စလွယ်ဆင်ယင်၍ ရွှေထီးလေးချက် ဆောင်းမိုး၍ လူဆွဲရွှေရထားတော်ထက်စီးရသည်။ အဆောင်အရွက်စုံကိုင် နောက်လိုက်နောက်ပါလူနှစ်ကျိတ်တို့က ဝတ်ကောင်းဝတ်သန့်နှင့် လိုက်ကြရသည်။ ပထမလတ်တို့မှာလည်း မြနားတောင်း၊ မြလက်ကောက်၊ ပုတီး၊ လက်စွပ်၊ စလွယ်ဆင်ယင်၍ ရွှေထီးနှစ်ချက်ဆောင်းမိုးရသည်။ ရွှေက၊ ရွှေကတောင်၊ ရွှေဦးခက်တို့ဖြင့် လှပစွာဆင်ယင်သော မြင်းတော်ကိုစီးရသည်” ဟူ၍ သရုပ်ဖော်သည်။ ထိုစဉ်အခါက ရွှေမြို့တော်လေးပြင်လေးရပ်ရှိ ကျောင်းတိုက်တော်ဟူသမျှက ပထမစာတော်ပြန်အသီးသီးထွက်ကြသောကြောင့် ရွှေထီးရောင်၊ ရွှေရထားရောင်တို့သည် ထိန်ပြောင်ဝင်းလက်၍ တစ်တိုက်နှင့်တစ်တိုက် တရောတယှက်တည်း ရှုမငြီးအောင်ရှိသည်ဟူ၍လည်း အဆိုရှိသည်။

မန္တလေးရတနာပုံခေတ် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးလက်ထက်တွင် စာတော်ပြန်ပွဲများကို ကြီးကျယ်ခမ်းနားစွာ ကျင်ပခဲ့သည်။ စာတော်ပြန်ဆိုနေချိန်၌ ဆရာတော်ကြီးများက အကဲခတ်နားထောင်ကာ အမှတ်ပေးတော်မူကြသည်။ သီပေါမင်းလက်ထက်တွင် ပထမလတ်တန်းကို ဖြုတ်ပစ်၍ ပထမငယ်တန်း၊ ပထမကြီးတန်းနှင့် ပထမကျော်တန်းဟူ၍ သတ်မှတ်ကာ စာတော်ပြန်ပွဲကို ဆက်လက်ဆင်ယင်ခဲ့သည်။ သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်ခေတ်တွင် စာပြန်ပွဲတော်များ ပျောက်ကွယ်ခဲ့ရသည်။ ၁၂၅၇ခုနှစ် နယုန်လတွင်မှ ပြန်လည်ကျင်ပနိုင်ခဲ့သည်။ ထို့နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်သောအခါ ပျောက်ကွယ်ခဲ့ရပြန်သည်။

စပါးစိုက်ကြသည့်တောင်သူများ ပျိုးခင်းစတင်ပျိုးထောင်ရန်နှင့် ပျိုးပင်ငယ်တို့ကို ကျေညက်အောင် ထွန်ယက်ထားသည့် လယ်ကွက်အတွင်းသို့ နယုန်လ အလယ်ခန့်တွင် စတင်ပြောင်းရွှေ့ စိုက်ရလေ့ရှိပါသည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ စပယ်ပန်း (Jasminum-decussatum) ဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]