သဲပုံစေတီပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သဲပုံစေတီပွဲ[ပြင်ဆင်ရန်]

(၁၂) တစ်ပေါင်းလ မိန်ရာသီတွင် သဲပုံစေတီပွဲကို ကျင်းပရိုး ရှိလေသည်။ ဤလတွင် ဧရာဝတီမြစ်တွင် သဲသောင်များ ဖြူဖြူဖွေးဖွေး ထွန်းပေါ်၍ ရေကျေးရေငှက်များ မြူးထူးပျော်ပါးကြသဖြင့် အလွန်ကြည်နူး ဘွယ်ဖြစ်လေသည်။ ထိုအခါတွင် မင်းမိဘုရားနှစ်ပါးသည် မင်းညီမင်းသား မှူးတော်မတ်တော်တို့ နှင့်အတူ သောင်ပြင်သို့ ထွက်စံတော်မူကာ သဲပုံစေတီများကို တည်၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပကြလေသည်။ ဤကိုရည်၍ အင်းဝမြို့ဘွဲ့ဆဲ့နှစ်ရာသီလူးတားတွင်၊

တစ်ပေါင်းလသာ၊ လတကာထက်
နှိုင်းရာဖက်ရှောင်၊ လများနောင်ကား
တောင်လည်းသာမော၊ တောလည်းသာထွေ
ရေလည်းသာလှ၊ ဖြူလွသောင်ပြင်
ငှက်ပေါင်းရွှင်လျက်၊ သဘင်အပြီ
သဲစေတီဟု၊ မြှောက်ချီရွှင်ပ
ပူဇော်ကြမှ၊ ပြည်ပပြည်တွင်း
ဖြောင့်စင်းရည်စောင်၊ ဆီမီးထောင်နှင့်
ထွန်းပြောင်ညီရုံး၊ ပန်းလျှင်ကုံးသို့
နှလုံးသဒ္ဓါ၊ ရတနာသုံးဘော်
ဖူးမြော်ကုန်ကြ၊ လွန်ရွှင်ပြရှင့်။ ဟူ၍ ဖွဲ့ဆိုထားသည်ကို တွေ့ရလေသည်။

ဤသို့အားဖြင့် ဆဲ့နှစ်ရာသီပွဲတော်တို့ကို မင်းမိဘုရား နှစ်ပါးအမှူးပြု၍ အစဉ်တစိုက် ကျင်းပလာခဲ့ကြရာ အချို့ပွဲတော်များသည် ယခုအခါတိုင်အောင် ဆက်လက်ခေတ်စားဆဲပင် ဖြစ်ပေသည်။ အချို့မှာမူကား တိမ်ကောပပျောက်ကြလေပြီတည်း။[၁]

သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊
စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊
စာရေးတံနှင့်၊ မြစ်ရံပွဲကြီး၊
ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊
မြင်းခင်းထွက်ဝင်၊ သဘင်မီးအုံး၊
ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊
ဤသို့ယှဉ်သား၊ လစဉ်စမြဲ၊
ဆယ့်နှစ်ပွဲကို၊ မလွဲသော...ဟူ၍

ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်စောသောပျို့စာဆိုလက်ဝဲသုန္ဒရက သာဓိနပျို့စာ(ပုဒ်ရေ-၂၉)တွင် ဖွဲ့ဆိုထားရာ ရှေးအခါကုန်းဘောင်ခေတ်တွင် ဂူလုံးသဲပုံစေတီပူဇော်ပွဲမျိုး တပေါင်းလရာသီ၌ ကျင်းပကြောင်း တွေ့ရှိရပေသည်။ စာဆိုတော် လက်ဝဲသုန္ဒရသည် (၁၀၈၅ခန့်မှ ၁၁၆၁ခန့်)တွင် ထင်ရှားရှိ၍ ဘိုးတော်ဘုရားဗဒုံမင်းလက်ထက်၌ ကျော်ကြားသော ရတုစာဆိုလည်း ဖြစ်သည်။ သာသနာ့ဒါယကာလောကဓိပတိဘွဲ့ နာမံရှိသော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏လက်ထက်ပြုစုသော အင်ရုံဝန်ကြီးသီရိဥဇနာ၏အင်ရုံစာတမ်းတွင်မူ ၁၂-လရာသီပွဲများ အကြောင်းရေးသားရာတွင် သဲပုံစေတီပူဇော်ပွဲများ မတွေ့ရှိရချေ။ သို့သော် ရှေးမြန်မာများသည် တပေါင်းလတွင် လယ်ယာရိတ်သိမ်းပြီးချိန်၌ အားလပ်ကြသည့်အလျောက် ဘုရားပွဲတော်များမြို့ကြီးများတွင်မက ကျေးလက်များတွင် ဆင်ယင်ကျင်းပသော ရှေးထုံးတရပ်ရှိပေသည်။ ဤသည်ကို ဆီသည်ရွာစားဦးအောင်ကြီးက တပေါင်းလဘွဲ့လူတားတွင် သဘင်အပြီး၊ သဲစေတီဟု၊ မြှောက်ချီရှင်ပ၊ ပူဇော်ကြမှဟု စပ်ဆိုခဲ့သည်။


သဲပုံစေတီပွဲပူဇော်သည့်မှတ်တမ်းကို ညောင်ရမ်းခေတ်လူးတားနှင့် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် ပျို့စာပေ၌ တွေ့ရှိရသည့်အလျောက် ညောင်ရမ်း အမရပူရခေတ် ဓလေ့ဘာသာပွဲတစ်ရပ်အဖြစ် တွေ့ခဲ့ပေသည်။

ယခုအခါ သဲပုံစေတီ ပူဇော်သော ဓလေ့ကို မန္တလေးမြို့၌ ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းကာ နှစ်စဉ်ကျင်းပသော ပွဲများကို တွေ့ကြရလေသည်။ တွေ့ရှိသော ဒေသနယ်မြေသည် မန္တလေးမြို့ ရွှေတချောင်းတလျှောက်တွင် ဖြစ်သည်။ ရွှေတချောင်းဆိုသည်မှာ အမရပူရမြို့ နန်းတည်မင်းတရားကြီး ဘိုးတော်ဘုရားဗဒုံမင်းလက်ထက်(၁၁၄၄-၁၁၈၁)ခု၌ ရှေ့ဝင်းတော်မှူးကြီးဦးရောက် ကြီးကြပ်ဆည်ဖို့ တူးဖောက်သည့်မြောင်းဖြစ်သည်။ ရေများသည် တက်သေးအင်းသို့ ရောက်သည်။ ရှေးအခါက ရေရှင်စီး၍ လှေများသည် မတ္တရာမှ အမရပူရမြို့သို့တိုင် ပေါက်သည်။ ရွှေတချောင်း၏မူလစီးရာ မတ္တရာမြို့နယ် မြောင်းကြီး၏အမည်ကို နှဲကုပ်သိုမြောင်းဟူ၍ခေါ်ကြောင်း တွေ့ရှိရသည်။ ဤနှဲကုပ်သိုမြောင်း၏အမည်ကို ဘိုးတော်လက်ထက်၌ မတဲစစ်တမ်းနှင့်ပေါက်တောစစ်တမ်း(ဘိုးတော်ဘုရား ၁၁၅၅-ခုနှစ်စစ်တမ်းများ)တွင် တွေ့ရသည်။ ရှေးပုရပိုက်မြေပုံတွင်လည်း နှဲကုပ်သိုမြောင်းကို တွေ့ရှိရသည်။ ဤနေရာဒေသဖြစ်သော ရွှေတချောင်းကြီးတလျှောက်၌ ယခုမန္တလေးမြို့ ၂၁-လမ်းမှသည် ဒေါနခြံရပ်သို့တိုင်အောင် သဲပုံစေတီများကို တွေ့ရှိကြရပေသည်။ ဤသဲပုံစေတီများ တည်ထားသော ရပ်ကွက်အမည်နာမများသည်လည်း ရဟိုင်း၊ မင်းသားစု စသောဝါဟာရအမည်များဖြင့် တွေ့ရှိရသည်။

သမိုင်းမှတ်တမ်း[ပြင်ဆင်ရန်]

ရှေးအစဉ်အလာပြောကြသော သမိုင်းမှတ်စုများအရ အင်းဝမြို့ဆင်ဖြူရှင်မင်းတရားကြီး (၁၁၂၅ မှ ၁၁၃၈)သည် ယိုးဒယားပြည်ကို အောင်နိုင်စဉ်အခါက (အေဒီ ၁၇၆၇၊ မြန်မာ သက္ကရာဇ် ၁၁၂၉) ယိုးဒယားနိုင်ငံမှ မင်းနှင့်တကွ လူသူအများ ခေါ်ဆောင်လာသည်။ ရဟိုင်း ပိတ်တုံကျော်၊ သောက္ကတဲဌာနီ၊ သုဝဏ်ခလောက်၊ ပိဿလောက်မြို့များကို အောင်နိုင်၍ ထိုအရပ်ဒေသမှ လူအများကိုလည်း ခေါ်ဆောင်လာသည်။ ဇင်းမယ်ကြောင်းချီရာမှလည်း ယွန်း၊ ဇင်းမယ်၊ လောမှ လူအများပါလာကြသည်။ ယွန်း၊ ဇင်းမယ်၊ လောမှ လူအများကို လင်းဇင်းအမည်ဖြင့် တပ်ဖွဲ့၍ ပေးထားလေသည်။ လင်းဇင်းအမှုထမ်းဟူ၍ တွေ့ရှိရသည်။ လင်းဇင်းကုန်းဟူ၍လည်း အမရပူရမြို့နယ်အတွင်း၌ ရှိသည်။ သို့သော် ထိုစဉ်အခါက အမပရပူရမြို့ဟု မြို့နန်း မတည်ရသေးချေ။ အင်းဝမြို့နန်း ဒေသ သာရှိသေးသည်။ သို့သော် မတဲ(ယခု မန္တလေးမင်းတဲအရပ်)ဒေသသည် တရုတ်ကုန်သည်များ နေထိုင်ကြရာ ဒေသဖြစ်ခဲ့သည်။ အချို့က တရုတ်ကုန်သည် များသည် ထိုစဉ်အခါက အမရပူရ မတည်မီအချိန် ရွှေဂွမ်းထုပ်အရပ်၌ နေရာချပေးခဲ့ရာ တရုတ် ဘုံကျောင်းကိုပင် ဆောက်လုပ်ခွင့်ရခဲ့သည်။ ယခု အမရပူရ ကွမ်ယင်တရုတ်ဘုရားကျောင်းတည်ရာ ဖြစ်သည်။ သက္ကရာဇ်မှာ ၁၁၃၅-ခု(အေဒီ ၁၇၇၃)ဖြစ်သည်။

သဲပုံစေတီတည်ထားကိုးကွယ်ခဲ့သည်မှာ သက္ကရာဇ် ၁၂၃၀-ခုနှစ် နောက်ပိုင်း၌ ပေါ်ပေါက်လာဖွယ်ရာများ တွေ့ရှိရလေသည်။ ပျို့စာပေအထောက်အထားအရ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား အမရပူရမြို့နန်း တည်ထားပြီးသည့်အချိန်အခါ (သက္ကရာဇ် ၁၁၄၄-၄၅-၄၆-၄၇-၄၈)လောက်တွင် ဖြစ်နိုင်စရာ တွေ့ရသည်။ ထို့ကြောင့် အင်းဝနပြေည်တော် ကောင်းစားစဉ်အခါ အမရပူရနပြေည်တော်လည်း မတည်မီအခါကပင် ရွှေတချောင်းဖောက်မည့်ဒေသများ၌ နိုင်ငံတပါးမှ လူမျိုးခြားများကို နပြေည်တော်နှင့် ဝေးဝေး သာယာကောင်းမွန်သည့်နေရာ၌ ချပေးခဲ့ဟန်ရှိသည်။

ဗုဒ္ဓကျမ်းဂန်လာ သဲပုံစေတီ[ပြင်ဆင်ရန်]

စေတီတော်များအကြောင်းနှင့်ဗုဒ္ဓကျမ်းဂန်လာ သဲပုံစေတီအကြောင်းကို အရှင်ဩဒါတ သီရိဘိဝံသ(ပါဠိပါရဂူ)ပြုစုသောမြတ်ဗုဒ္ဓ၏သွင်ပြင်လက္ခဏာများစာအုပ်(၁၉၈၂-ခု၊ ဖေဖော် ဝါရီလ၊ သမ္မဒါသာသနိကစာပဖြေန့်ချီရေး၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်တော်ကလေး၊ ရန်ကုန်မြို့) တွင် တွေ့ရှိရပေသည်။

စေတီများတွင်[ပြင်ဆင်ရန်]

  1. ပရိဘောဂစေတီ=ဘုရားရှင်အသုံးပြုသော ပရိက္ခရာအသုံးအဆောင်များနှင့်နေထိုင်ရာ ဗောဓိပင်
  2. ဥဒ္ဒိဿကစေတီ=ဘုရားကိုယ်စား ရုပ်ပွားဆင်းတုတော်များ။
  3. ဓာတုစေတီ=ဘုရားရှင်ဓာတ်တော်များ ဌာပနာ၍ တည်ထားသောစေတီ။
  4. ဓမ္မစေတီ=ဘုရားရှင်ဟောကြားခဲ့သော ပဋိစ္စသမုပ္ပါဒ်စသော ပိဋကတ်စာပေများကို ထည့်သွင်းဌာပနာ၍ တည်ထားသော စေတီ။ (ပိဋကတ် သုံးပုံကျမ်းများ ပူဇော်မှုလည်း ဓမ္မစေတီပူဇော်ခြင်း ဖြစ်ပါသည်။) ဟူ၍ စေတီလေးမျိုးရှိသည်။


သဲပုံစေတီ ပူဇော်မှုနှင့်ပတ်သက်၍ ဗုဒ္ဓ၏သွင်ပြင်လက္ခဏာများစာအုပ်(စာမျက်နှာ၃၀၉-၃၁၃)တွင်ဖော်ပြသည်ကို တွေ့ရလေသည်။ အချုပ်သဘောမှာ ပုလိနထူပီယမထေရ်နှင့်စပ်လျဉ်းသည်။ မြတ်စွာဘုရားလက်ထက် ပုလိနထူပီယမထေရ်သည် (၇)နှစ်အရွယ်ငယ်ငယ် ရဟန္တာဖြစ်သည်။ သာဝတ္ထိမြို့၌ မိဘနှစ်ပါးသည် ဘုရားကို နေ့စဉ်နေ့တိုင်း ဝတ်တက်ဝတ်ကပ် ပြုသည်ကိုမြင်၍ မိမိ၏ရှေးဘဝပေါင်းများစွာက သဲပုံစေတီတည်၍ ဘုရားဂုဏ်ကို ပွားများလျက် နေ့စဉ် မှန်မှန် ဝတ်တက်ဝတ်ကပ်ရေချမ်း ပန်းဆီးမီးများ ပူဇော်ခဲ့သည်ကို ပြန်လည်အောက်မေ့မိစဉ်မှာပင် အာသေဝါကုန်ခန်း၍ ရဟန္တာမထေရ် ဖြစ်သွားပေသည်။ ပုလိနထူပိယမထေရ်၏အတိတ်ဘဝ၌ ဈာန်သမာပတ် အဘိညာဉ်နာရဒရသေ့ကြီးဖြစ်စဉ် တပည့်တသောင်းလေးထောင်၏အပူဇော်ခံနေ၏။ လောကီအဘိညာဉ်ဖြင့် နေရာမှ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏အကြောင်းကို ဝေဒကျမ်းများ၌ တွေ့ရှိရသဖြင့် ဘုရားရှင်၏လွန်ကဲထူးမြတ်သော ဂုဏ်အပေါင်းကို ရည်စူးကာ အမရိကာမြစ်ကမ်းပါးတွင် သဲပုံစေတီတည်၍ နေ့စဉ်တကြိမ် ညဉ့်တကြိမ် ဝတ်ပြုဆည်းကပ် ရေပန်းဆီမီးမပြတ် ပူဇော်သည်။ နာရဒရသေ့ကြီးသည် သဲပုံစေတီ ကို ဆရာသမားအရာထား ကိုးကွယ်ပူဇော်ရာ၌ အမောင်နာရဒ၊ သင်သည် အိုနာသေစသော ဒုက္ခများငြိမ်းလို၍ ဘုရားကို ကိုးကွယ်ခြင်းဖြစ်၏။ အိုနာသေ ဒုက္ခများအကြောင်း အရင်းခံဖြစ်သော ကိလေသာပယ်သတ်ရန် ကိုးကွယ်ခြင်းဖြစ်၍ မကောင်းသော ကိလေသာစိတ်များဖြင့် ခွင့်မပေးသင့်ဟူ၍ မိမိစိတ်ကို ဆုံးမ၍ သဲပုံစေတီကို ကြည့်ပြီး ထူးမြတ်သော ကုသိုလ်တရားများရ၍ ကိလေသာအပူကို ပယ်ဖျောက်လေ၏။

သဲပုံစေတီ အကျိုးတရား[ပြင်ဆင်ရန်]

ထိုသို့ သဲပုံစေတီတည်ထားကိုးကွယ်သော ကျေးဇူးကြောင့် နာရဒရသေ့ကြီးသည် ထိုဘဝမှသေသော် ဗြဟ္မာပြည်ရောက်၍ သက်တမ်းအတိုင်း နပြေီး တာဝတိံသာ၌ သိကြားမင်းအဖြစ် ၈၀-ကြိမ်၊ စကြာမင်းကြီးအဖြစ် အကြိမ် ၃၆-ကြိမ်ဖြစ်ခဲ့ရ၏။ ထို့နောက်၌ မြတ်စွာဘုရားလက်ထက် ပုလိနထူပိယမထေရ်ဖြစ်ပြီး ဒုဂ္ဂတိဘဝ၌ မဖြစ်ရပဲ သုဂတိဘဝ၌သာဖြစ်သည်။ သဲပုံစေတီတော်ကို အာရုံပြုကာ ဘုရားဂုဏ်တော်ကို အဖန်ဖန်ပွားများ၍ ဗုဒ္ဓါနုဿတိသမထဘာဝနာကုသိုလ်ထင်မြင်ကာ ကမ္မဋ္ဌာန်းရှုခြင်းဖြင့် ပုလိနထူပိယမထေရ်သည် မိဘများ ဝတ်ပြု၍ အာသေဝါကုန်ခန်း ရဟန္တာဖြစ်သွားသည်။


ဤသို့ဖြင့် ရုပ်ရှင်တော်ဘုရားကို မျက်ဝါးထင်ထင် မဖူးမြင်ရသော်လည်း ဘုရားကိုယ်စား သဲပုံစေတီတော်ကို အာရုံပြုပူဇော်သည့်ကုသိုလ်ကံသည် ထူးခြားဆန်းကြယ်ကြီးကျယ်သော အကျိုးပေးကြောင့် အရှင်ဩဒါတသီရိဘိဝံသက ရေးပြထားပေသည်။ ထိုမှတပါးလည်း ဇင်းမယ်ပဏ္ဏာသ(၃) စန္ဒရာဇာတ် (၅)ဝိရိယပဏ္ဍိတဇာတ်၊ နိပါတ်ဇာတ်တော်ကြီးများတွင်လည်း သဲပုံစေတီနှင့်ဆိုင်ရာ ဇာတ်ပါရှိကြောင်း သိရသည်။

ရဟိုင်းမုန့်တီစု သဲပုံစေတီ[ပြင်ဆင်ရန်]

မန္တလေးမြို့ ရဟိုင်းမုန့်တီစုရပ်ရှိ သဲပုံစေတီကို နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၃-ရက်တွင် တည်ကြသည်။ မူလက အမရပူရခေတ် ဘိုးတော်ဗဒုံမင်း တရားကြီးလက်ထက် သက္ကရာဇ် ၁၁၄၄-၁၁၄၈ ခုနှစ်များ၌ ပူဇော်ကိုးကွယ်မှုများ ရှိလာသည်ဟု ရှေးလူကြီးများက မှတ်ယူခဲ့ကြလေသည်။ သဲပုံစေတီတော်သည် အောက်ခြေမှ ထီးတော်အထိ ၂၅-ပေ ဉာဏ်တော်ရှိ၍ သဲများစုပုံကာ တနေ့ပြီးအောင်တည်သည့်ဓလေ့ရှိသည်။ သဲဖြင့်တည်၍ ယာယီသဘောပူဇော်ကြသော် လည်း အပျက်အစီးမရှိ တနှစ်ခန့်ကြာရှည်သည်လည်း ရှိသည်။ ရဟိုင်းမုန့်တီစု သဲပုံစေတီပူဇော်ရာတွင် သံဃာတော် ၅၄-ပါးနှင့်ဘုရားပွဲ တပွဲပါ ၅၅-ပါး ပူဇော်သည်မှာ ရှေးက အစဉ်အလာဖြစ်ခဲ့သည်။ သံဃာစင်တွင် သံဃာတော်များ နေရာယူထိုင်ပြီး ရဟန်းသံဃာတော်များ ရှေ့မှောက်အရောက် ဆွမ်းဘောဇဉ်လှူဖွယ်များကို ဆက်ကပ်လေ့ရှိပြီး သံဃာတော်များကို ငှက်ပျောတခိုင် အုန်းတလုံးဖြင့် ကန်တော့ပွဲကို ပြင်ဆင်ကြသည်။ ဤသို့သဲပုံစေတီတည်လုပ်မှုကို ရပ်ရွာလူကြီးများက ရိုးရာမပျက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြရာ အသက်ရာပြည့်နေထိုင်သွားသောပုဂ္ဂိုလ်ကြီး ဘိုးဦးထွန်းကျော်သည် သက္ကရာဇ် ၁၉၆၇-ခုက ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။

သဲပုံစေတီ တည်သည့်စနစ်[ပြင်ဆင်ရန်]

သဲပုံစေတီ တည်သည့်စနစ်သည် ရှေးစေတီတည်ထားမှုများနှင့်အညီသာဖြစ်သည်။ စေ တီမတည်မီ အထက်က တည်ခဲ့သော နေရာစေတီအဟောင်းကိုဖျက်၍ ရှင်းလင်းပြီးနောက် ဧရာ ဝတီမြစ်ယံမှ သယ်ဆောင်လာသောသဲများဖြင့် စ၍ အောက်ခြေ ပထမပစ္စယံကို တည်သည်။ သဲ ကို ရေနှင့်အသင့်ဖျော်၍ ပထမအဆင့် ၄-ပေအမြင့်၊ ထို့နောက် ဒုတိယပစ္စယံ၊ တတိယပစ္စယံတို့ ကို ဆင့်၍ ၇-ပေ ၈-ပေခန့် အထက်သပိတ်မှောက်အရောက်တွင် ပိန္နဲတိုင်စိုက်သည်။ ပိန္နဲတိုင်မှာ ရှစ်တောင်ဝါးဖြင့် ပြုလုပ်သည်။ ပိန္နဲတိုင်ကို မဏ္ဍိုင်ပြု၍ သဲများကို အဆင့်ဆင့်တင်သည်။ သပိတ် မှောက်နှင့်ခေါင်းလောင်းပုံများ စက်ဝန်းတခြမ်းသဏ္ဌာန်ပြုလုပ်ပြီး ဖောင်းရစ်ခုနစ်ခုပြုလုပ်သည်။ ဖောင်းရစ်ငါးရစ် ဖော်ပြီးသောအခါ စေတီကို ထုံးသင်္ကန်းစ၍ကပ်သည်။

ထုံးသင်္ကန်းကပ်ရာတွင် ကွမ်းစားထုံး ၁၀-ပုံးလျှင် ဆီတပိဿါခွဲ၊ သကြားတပိဿါ ရောမွှေရသည်။ အဖြူရောင် ကြည်လင်စေရန် မဲနယ်ကိုလည်း အလိုက်ထည့်စပ်ရသည်။ ဖောင်း ရစ် ၇-ရစ်ဖော်ပြီးလျှင် သစ်သားဖြင့် ပြုလုပ်သော ကြာမှောက်ကြာလှန်ကို ဆင့်၍ ထီးတော်တင် ရသည်။ ထီးတော်နှင့်ကြာမှောက်ကြာလှန်တို့ကို ရွှေချထားသည်။ ထီးတော်တင်ပြီးခါမှ ဖောင်း ရစ်များကို ဖော်ခြင်း၊ သပိတ်မှောက်ခေါင်းလောင်းတွင်လည်း ဘီလူးပန်းဆွဲပုံများကို ဖော်သည်။ သဲပေါ်မှာပင် ထုံးသင်္ကန်းကပ်ကာ အရုပ်သဏ္ဌာန်များပြုလုပ်သည်။ ပထမပစ္စယံအောက်ခြေ၌ ငါးကြီးအာနန္ဒါပတ်လျက် ကိုယ့်ငါးမြီးကိုယ်ကိုက်ထားဟန် အရုပ်ကို သဲနှင့်ထုံး ဖျော်ပြီးပြုလုပ် သည်။ အောက်ခြေမှ ထီးတော်အထိ အရပ် ၂၅-ပေ ရှိသည်။ စေတီတည်သောအခါ ကန်တော့ပွဲ ထိုး၍ ထီးတင်သောအခါ ကန်တော့ပွဲမြှောက် ပူဇော်ရသည်။ ထုံးသင်္ကန်းကပ်၍ နေပူရှိန်ဖြင့် နှစ် နာရီအကြာတွင် စေတီတော်သည် ခိုင်မာပြီး မိုးရွာရွာ လေတိုက်တိုက် မိုးဒဏ်လေဒဏ်ကို ခံနိုင် သည်ဟု ဆိုကြလေသည်။ သဲပုံစေတီသည် ယာယီသဘောမျှဖြစ်၍ ပူဇော်ပသ အနေကဇာတင်ပြီးလျှင် သဲပုံစေတီမြောက်ပေတော့သည်။ ထို့နောက်တွင် ဘုရားဆွမ်းပွဲနှင့်ပင့်သံဃာများကို ပဒေသာပင်စာရေးတံအလှူများ ကပ်လှူ၍ ပူဇော်ကြသည်။ ပွဲလမ်းသဘင်လည်း ခံလေ့ရှိသည်။

မန္တလေးမြို့ပေါ်ရှိ သဲပုံစေတီများ[ပြင်ဆင်ရန်]

ယခုအခါ မန္တလေးမြို့ပေါ်တွင် ထင်ရှားသော သဲပုံစေတီများကို လေးဆူတွေ့ရသည်။ ရဟိုင်းဈေးအနီး ရွှေတချောင်း၏အရှေ့ဘက်ကမ်း မုန့်တီစုရပ်၌ တဆူ၊ ဘုရားကြီးအောက်ကျင်း မင်းသားစုအရပ်၌ တဆူ၊ ရွှေတချောင်း အရှေ့ ၂၄-လမ်း ဓားတန်းရပ်၌ တဆူ၊ ပုလဲငွေရောင်ရပ် ၂၁-လမ်း ရွှေတချောင်း အရှေ့ဘက်ကမ်း၌ တဆူတွေ့ရှိလေသည်။ ပွဲတော်များကို-

  • (၁) မင်းသားစုရပ် သဲပုံစေတီ-နှစ်စဉ် တန်ခူးလ နှစ်ဆန်း(၁)ရက်နေ့။
  • (၂) ရဟိုင်းမုန့်တီစုရပ်သဲပုံစေတီ-နှစ်စဉ် ကဆုန်လဆန်း(၁၃)ရက်နေ့ စေတီတည်၍ (၁၄)ရက်နေ့

ပွဲသဘင်ခင်းကျင်းပြီး (၁၅)ရက်နေ့တွင် အနေကဇာတင်ရဟန်း သံဃာများကို ဆွမ်းလောင်းသည်။

  • (၃) ဓားတန်းရပ်သဲပုံစေတီ-ယခုအခါ အုတ်မြစ်ဖြင့် တည်ဆောက်ထားသည်။
  • (၄) ပုလဲငွေရောင် သဲပုံစေတီ-ရှေးသူတို့ပြောပြချက်အရ မန္တလေးမြို့ ယိုးဒယားဈေး ရဲဌာန(ယ

ခုပြည်သူ့ရဲတပ်ဖွဲ့စခန်းအမှတ်-၈)နေရာ၌ သဲပုံစေတီတည်ထားရာဝင်းဟူ၍ သိရသည်။ ထို့ပြင် သေနတ်ဝန်ကြီး တူးမြောင်းခေါ်ကြက်မွေးတံတားမြောင်းအနီး၌လည်း သဲပုံစေတီတည်သော အ လေ့အထရှိ၍ ယခုအခါမူ အခိုင်အမာစေတီတဆူ ဖြစ်နေသည်ဟုဆိုသည်။ ဘုရားကြီးအောက်ကျင်း ဆရာမကြီးဒေါ်သက်ရှည်၏ကျောင်းနေရာ(ယခုအမှတ်----အမက)သည် ယိုးဒယား မင်းသားများ နေထိုင်ရာ အကြည်တော်မင်းဝင်းဟူ၍ သိရ၍ ထိုဒေသ၌တည်သော သဲပုံစေတီ တည်သည့်စနစ်မှာ ရဟိုင်းမုန့်တီစုအရပ်၌တည်သော စနစ်နှင့်များစွာ မကွာခြားလှချေ။ သဲများ ပုံစုရာတွင် ဖျာ၊ ယိုင်များ ခွေပတ်၍ လုပ်သောအလေ့နှင့်ပူဇော်ပုံနှင့်ငှက်ပျောခိုင်ကို ထောက်သုံး ချောင်းထောက်၍ ထက်ခွ၌ တင်လှူကြောင်း၊ ပူဇော်ရာ ဘုန်းကြီးရဟန်း ၃၂-ပါးနှင့်ဘုရားအ တွက် ၁-ပွဲထားကာ ၃၃-ပါး၊ ပူဇော်ကြောင်း ခြားနားမှု တွေ့ရသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၏ သဲပုံစေတီပွဲ