ဆိုင်းဆရာများ

ဝီကီပီးဒီးယား မှ

ဆိုင်းဆရာအဖြစ်သို့ ရောက်လိုသူ တစ်ယောက်သည် ငယ်ရွယ်စဉ်အခါမှစ၍၊ အားကိုးလောက်သော ပညာရှင်ဆိုင်းဆရာကြီးထံ၌ နှစ်ရှည်လများ တပည့်ခံပြီးလျှင်၊ ဆိုင်းသမားအဖြစ်မှ ပတ်တီး လက်ထောက်၊ ပတ်တီးခေါင်းဆောင်အဖြစ်သို့ တစ်စစ တိုးတက်ရောက်ရှိသည့်တိုင်အောင် အထူးဝိရိယစိုက်၍ ပညာဆည်းပူးပါမှ ဆိုင်းဆရာအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။ ဤကဲ့သို့သော ဇွဲဝိရိယဖြင့် အားခဲလေ့လာကာ ကြိုးစားခဲ့ကြသဖြင့် မြန်မာနိုင်ငံ ဆိုင်းလောကတွင် ထင်ပေါ်ကျော်ကြားခဲ့ကြသော ဆိုင်းဆရာများသည် မြန်မာမင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ပင် အသီးသီး ပေါ်ထွက်ခဲ့ကြလေသည်။


သို့ရာတွင်အချို့သော ဆိုင်းဆရာအဆက်အနွယ်တို့သည် ရိုးရာဖြစ်သော ဆိုင်းပညာကို ဆက်ခံလိုက်စားခြင်းနည်းပါးသဖြင့် တစ်ဖြည်းဖြည်း မှေးမှိန်တိမ်ကောသွားကြရ၏။ အချို့သော ဆိုင်းဆရာကြီးများ၏ သားမြေးတို့သည်ကား ဆိုင်းပညာကိုစွန့်၍ ဇာတ်သဘင်ပညာဖြင့် အသက်မွေးကြ၏။ အချို့မှာမူ ရိုးရာဆိုင်းပညာကို လိုက်စားပါသော်လည်း မိဘဘိုးဘွားများကဲ့သို့ ထူးချွန်ကျော်ကြားခြင်း မရှိကြချေ။ ဤသို့အားဖြင့် တစ်ခါက မန္တလေးနေပြည်တော်ဝယ် ထင်ပေါ်ကျော်ကြားခဲ့ကြကုန်သော ဆိုင်းဆရာကြီးများဖြစ်ခဲ့ကြသည့် ဆရာအုန်းဆရာလတ်တို့၏ အဆက် အနွယ်များသည် မြန်မာနိုင်ငံဆိုင်းလောကတွင် တိမ်ကောခဲ့ကြရပေသည်။

ဦးရောင်နီမျိုးဆက်[ပြင်ဆင်ရန်]

ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းလက်ထက်၌ ဆိုင်းဆရာကြီး ဦးရောင်နီသည် နန်းသုံးဆိုင်းတော် ဆရာကြီးအဖြစ်ချီးမြှောက်ခန့်ထားခြင်း ခံရသည်။ ဦးရောင်နီသည် ကနောင်မြို့သားဇာတိဖြစ်သည်၊ ယင်း၏ သားနှစ်ယောက်ဖြစ်သော ဦးရွှေလွှာနှင့် ဦးရွှေအိမ်တို့သည်၎င်း၊ မြေးများဖြစ်သူ ဦးရွှေလွှာ ၏သား ဆရာစိုးနှင့် ဦးရွှေအိမ်၏သား ဦးရေချမ်းတို့သည်၎င်း၊ မြစ်ဖြစ်သူ ဆရာစိုး၏သား မောင်ငယ်သည်၎င်း၊ ဦးရောင်နီ၏ အမွေအနှစ်ကို ဆက်ခံကာ ဆိုင်းဆရာများဖြစ်လာကြသည်။ ယခုအခါ ဆရာစိုးနှင့် သားမောင်ငယ်တို့သည် ရန်ကုန်မြို့ မင်းမနိုင်ကွက်သစ်၌ အတူနေထိုင်လျက်ရှိကြသည်။ မောင်ငယ်သည် ယနေ့တိုင်အောင် ဆိုင်းပညာဖြင့် အသက်မွေးလျက်ရှိပေသည်။

ဆရာဖေမျိုးဆက်[ပြင်ဆင်ရန်]

ဆရာ‌‌‌‌ေ[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် ပါတော်မမူမီလေးနှစ်ခန့်တွင် လက်ဝဲဆိုင်းမှ လက်ျာဆိုင်းတော်အဖြစ် ချီးမြှင့်ခန့် ထားခြင်းခံရသူမှာ ဆိုင်းဆရာကြီး ဆရာဖေဖြစ်သည်။ ဆရာဖေသည် မန္တလေးမြို့ မဟာမုနိဘုရားကြီးအနီး အရှေ့ရွာသစ်သားဖြစ်သည်။ အရွယ်ရောက်သော် အရှေ့ရွာသစ်သူ ဒေါ်သစ်နှင့် အကြောင်းပါ၍၊ နောင်အခါ မြန်မာနိုင်ငံဆိုင်းလောကတွင် ဆရာစိမ့်ဟူ၍ ထင်ပေါ်ကျော်ကြားမည့် သားတစ်ယောက်ထွန်းကားသည်။ ဒေါ်သစ်ကွယ်လွန်သော် ဆရာဖေသည် မိကျောင်း တူရိယာကို တီးတတ်သော နန်းတွင်အပျိုတော် မမလေးနှင့် အိမ်ထောင်ဆက်ပြန်ရာ သားတစ်ယောက်နှင့် သမီးနှစ်ယောက် ထွန်းကားသည်။ သားဖြစ်သူမှာ နောင်အခါ မြန်မာနိုင်ငံဆိုင်းလောကတွင် ရွာစားကြီးစိန်ဗေဒါဟု ကျော်ကြားမည့် ဦးမောင်ကလေးဖြစ်သည်။ သမီးကြီး ဒေါ်သီကား မိကျောင်းတီးပညာ၌ ကျွမ်းကျင်၍၊ သမီးငယ်မယ်လှိုင်သည် နောင်အခါ နည်မည် ကျော် အငြိမ့်မင်းသမီး ယိုးဒယားမငွေလှိုင်ဟု ထင်ပေါ်ကျော်ကြားခဲ့သည်။

ရွာစားကြီးဆရာဖေသည် သီပေါမင်းလက်ထက်တွင် သိုင်းအလံလေးချက်'ဘွဲ့ဖြူ'စိန်ဆိုင်းဝိုင်းတစ်စုံနှင့် ဆိုင်းဝိုင်းအထက်တွင် တပ်ဆင်ရန် ဖန်ပဒိုင်းများကို ချီးမြှင့်ခြင်းခံရသည်။ ထို့နောက် သီပေါမင်းက ဆရာဖေအား နေမျိုးကျော်ခေါင်ဘွဲ့ပေးအပ်၍၊ ပလိပ်မြို့အနီးရှိ ဆီဆုံရွာ ၁ဝ ရွာကိုစားစေ ခဲ့သည်။ နန်းတွင်းသုံး ဆိုင်းဆရာများကို ရွာစားဟု ‌ခေါ်ကြခြင်းမှာ အမှန်တကယ်ပင် အပိုင်စားရသည့် ရွာများမှ အခွန်အတုတ် စားရသည့် ရွာစားများ ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ နောက်ပိုင်း အစဉ်အလာတခု ဖြစ်သွားပြီး ဆိုင်းဆရာ၊ ပတ်ဝိုင်းဆရာ ဟူသမျှကို ရွာစားဟု ဂုဏ်တင် ခေါ်ဝေါ်သည့် အလေ့အထ ဖြစ်လာပုံရသည်။ ဆရာဖေ မှာ ဆီဆုံဆယ်ရွာ စားရသည့်အပြင် မန္တလေးမြို့ရှိ ယခုအမျိုးသားကျောင်းဝင်းတည်ရာ မြေကွက်ကြီး၌ နေထိုင်ခွင့်ပေးသည်။ ထိုနေရာကို ဆရာဖေနှင့် တပည့်သားမြေးတို့ နေထိုင်ခဲ့သည်ကို အစွဲပြု၍ ရှေးအခါကပင် 'ဆိုင်းဝင်း'ဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

ဆရာ‌ပေ နှင့် ဦးဘစံ[ပြင်ဆင်ရန်]

ရွာစားကြီးဆရာဖေ၏ တပည့်ဖြစ်သူ အမရပူရမြို့သား ဆရာပေသည်လည်း ဆိုင်းရာဇဝင်၌ ထင်ရှားသူ ဖြစ်သည်။ ရွာစားကြီးဆရာဖေသည် ရွှေနန်းတော်တွင်း၌ အသုံးတော်ခံခဲ့ စဉ်အခါများက တပည့်ကြီးဆရာပေအား မိမိနှင့်အတူလိုက်ပါစေခဲ့သည်။ ဆရာပေသည် ဆရာဖေ၏ သားများဖြစ်ကြသော ဆရာစိမ့်နှင့် ဦးမောင်ကလေး(စိန်ဗေဒါ)တို့ကို ငယ်ရွယ်စဉ်အခါက ယင်းတို့၏ ဖခင်ကြီးဆရာဖေနှင့်အတူ ဆိုင်းအတတ် ကို အထူးဝါယမစိုက်ထုတ်ကာ သင်ကြားပေးခဲ့သူ တစ်ဦးလည်းဖြစ်သည်။ သို့သော် ဆရာပေသည် ဆရာဖေ၏သားကြီး ဆရာစိမ့် ဆိုင်းခွဲ၍ ထောင်ပြီးသည့်နောက်မှသာလျှင် ဆိုင်းခွဲ၍ထောင်ခွင့်ကိုရရှိခဲ့လေသည်။ ဆိုင်းအတတ်ကို သင်ကြားရာတွင် တင်းတိမ်ခြင်း မရှိသော ဆရာပေသည် ယင်းသို့ ဆရာရွာစားကြီး ဆရာဖေနှင့်ခွဲခွာခဲ့သော် လည်း၊ ဆိုင်းဆရာကြီး ဆိုင်းဆရာကြီး ဦးကျော်ဇံအား သူနှင့်အတူ လိုက်ပါနေထိုင်ရန် ပန်ကြားခေါ်ခဲ့၏။ ထို့အပြင် ဆရာပေသည် မုံရွာခရိုင် အရာတော်မြို့မှ နှဲဆရာကြီးဦးရွှေဖောင်၏သား မန္တလေးမြို့ ဂုဏ်တန်ရပ်နေ နှဲဆရာဦးမှင်ကိုပါအတူခေါ်၍ မန္တလေးမြို့မှ ပြည်မြို့သို့ စုန်ဆင်းခဲ့သည်။ နှဲဆရာဦးမှင်ကား ယခုအခါ နိုင်ငံတော်ဆိုင်းအဖွဲ့ဦးစီးခေါင်းဆောင်အဖြစ် ထင်ရှားကျော်ကြားလျက်ရှိသူ အလင်္ကာကျော်စွာဦးဟံပ ၏ ဖခင်တည်း။ ထိုအခါမှစ၍ မြန်မာနိုင်ငံမြေလတ်ပိုင်းတွင် ဆိုင်းပညာ တိုးတက်ပြန့်ပွားခဲ့ရာ ဆိုင်းလောက၌ မန္တလေးမြို့မှ လွဲလျှင် ပြည်မြို့သည် အချက်အချာ ဌာနတစ်ခုဟု ဆိုနိုင်တော့လေသည်။ ပြည်မြို့၌ ဆရာပေ နှင့် ဆရာကြီးဦးကျော်ဇံတို့၏ သတင်းသည် လွန်စွာကျော်ကြားသည့်အလျောက် တပည့်တပန်းများလည်း လွန်စွာပေါများလေသည်။ ယင်းသည့်တပည့်များအနက် နှဲဆရာဦးမှင်၏သား ဦးဟန်ပ၊ ယင်း၏ညီ ဦးလှဖေနှင့် ဆရာပေ၏သား ဦးဘစံတို့လည်း ပါဝင်လေသည်။ ဆရာပေ၏သား ဦးဘစံနှင့် ဦးလှဖေတို့သည် ဆိုင်းအတတ် ပညာ၌ နာမည်ကျော်ပြီးမှ ကွယ်လွန်ခဲ့ ကြလေသည်။

ဆရာစိမ့်[ပြင်ဆင်ရန်]

ရွာစားကြီးဆရာဖေ၏နောက်၌ မြန်မာနိုင်ငံဆိုင်းလောက တွင် နှစ်ပေါင်းအတော်ကြာပြိုင်ဖက်ကင်းသူအဖြစ် ထင်ရှားသူ မှာ ဆရာစိမ့်ဖြစ်သည်။ ဆရာစိမ့်ကို အဖရွာစားကြီးဆရာဖေနှင့် အမိဒေါ်သစ်တို့မှ သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် မန္တလေးမြို့ မဟာမုနိဘုရားကြီးအနီး အရှေ့ရွာသစ်၌ ဖွားမြင်သည်။ အသားညိုသဖြင့် သူ့ကိုကျီးကန်းကလေးဟုခေါ်ကြသည်။ ငယ်ရွယ်စဉ် ကပင် မိမိ၏ဖခင်ကြီး ဆရာဖေနှင့် ဆရာဖေ၏ တပည့်ကြီး ဖြစ်သူ ဆရာပေတို့ထံတွင် ဆိုင်းအတတ်ကို အထူးလေ့လာသင်ကြားသည်။ ဖခင်ကြီးဆရာဖေ ရွှေနန်းတော်အတွင်းသို့ အသုံး တော်ခံ ဝင်ရောက်သောအခါများတွင်လည်း အတူလိုက်ပါသွား လေ့ရှိသည်။ စောင်းအတတ်ကို ဒေဝဣန္ဒာဦးမောင်မောင်ကြီး ထံ၌၎င်း၊ မိကျောင်းတီးအတတ်ကို ဆေးဆရာကြီး မိကျောင်း ဝိဇ္ဇာဦးမောင်မောင်ကြီးထံ၌၎င်း လေ့လာသင်ကြားသည်။ ဆိုင်း အတတ်ကို ပတ်စာတင်နည်းမှစ၍ အစအဆုံးတိုင်အောင် သင်ကြားတတ်မြောက်သည်။ မိမိ၏ဖခင်ထံမှ ဆိုင်းခွဲထောင်ပြီး နောက် ရုပ်စုံစင်တော်များ၊ ဇာတ်ပွဲများနှင့် တွဲဖက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအောက်ပိုင်းသို့ စုန်ဆင်းလာခဲ့၍၊ နောင် အခါ ဦးဖိုးစိန်ကြီးဟု ထင်ပေါ်ကျော်ကြားမည့် မင်းသားမောင် ဖိုးသိုက်နှင့် ဟင်္သာတမြို့တွင် စတင်တွဲဖက်ကပြခဲ့သည်။ ဆရာစိမ့်၊ မင်းသားမောင်ဖိုးသိုက်၊ အောင်ဗလနှဲဆရာ ဦးဇေယျာတို့သည် ကျော်ကြားသော ဇာတ်အဖွဲ့ကြီး တဖွဲ့အဖြစ် ထင်ရှားခဲ့သည်။ ဆရာစိမ့်သည် မန္တလေးသူ ဒေါ်တိုးနှင့် အကြောင်းပါရာ၊ နာမည်ကျော် စန္ဒရားမမကြီးဟူသော သမီး တစ်ယောက်ကို ဖွားမြင်ခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်းသို့ ရောက်သောအခါ၊ ဒုတိယအိမ်ထောင်ဖက်အဖြစ် ဦးဖိုးစိန် (မင်းသားမောင်ဖိုးသိုက်)၏ အစ်မဝမ်းကွဲတော်သူ ဒေါ်စိန်မြိုင် နှင့် လက်ဆက်ခဲ့ပြန်ရာ၊ တစ်ဦးတည်းသောသား ဦးဘမောင်ကို ဖွားမြင်ခဲ့သည်။ ဦးဘမောင်သည် ယခုအခါ နာမည်ကြီးဆိုင်း ဆရာ ဦးဘမောင်အဖြစ် ထင်ရှားလျက်ရှိသူဖြစ်သည်။ ဆရာ စိမ့်သည် ပတ်ရင်းကောင်းခြင်း၊ ပတ်သံသာခြင်း၊ အချောက် အလှန့် ကောင်းခြင်းဟူသည်တို့ကြောင့် မြန်မာနိုင်ငံဆိုင်းလော ကတွင် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်များသိမ်းယူပြီးသည်မှ ပထမ ကမ္ဘာစစ်ကြီးဖြစ်သည်အထိ ပြိုင်ဖက်ကင်းသူအဖြစ် ထင်ရှားကျော်ကြားခဲ့လေသည်။ ၁၂၇၈ ခုနှစ်တွင် မန္တလေးမြို့ ၌ပင် ဆရာစိမ့်ကွယ်လွန်ခဲ့သည်။ အဆရာစိမ့် ကွယ်လွန်သော အခါ ရှေးအစဉ်အလာ အဆောင်အယောင်အတိုင်း နှုတ်ခမ်း ရင်ပတ်နှင့် လက်နှစ်ဖက်တို့တွင် ရွှေချသည်။

စိန်ဗေဒါ[ပြင်ဆင်ရန်]

ဆရာစိမ့်ကွယ်လွန်ပြီးသည့်နောက် မြန်မာနိုင်ငံဆိုင်းလော ကတွင် နှစ်ပေါင်း ၃ဝ မျှ ပြိုင်ဖက်ကင်းသူအဖြစ် ထင်ရှား ကျော်ကြားခဲ့သူမှာ ရွာစားကြီးစိန်ဗေဒါခေါ် ဦးမောင်ကလေး ဖြစ်သည်။ ဦးမောင်ကလေးကို အဖရွာစားကြီး ဆရာဖေနှင့် အမိနန်းတွင်းသူဒေါ်မမလေးတို့မှ သက္ကရာဇ် ၁၂၄၄ ခုနှစ် တန်ဆောင်မုန်းလကွယ် သောကြာနေ့တွင် မန္တလေးမြို့ ဆိုင်း ဝင်းရပ်၌ ဖွားမြင်သည်။ ဆရာစိမ့်သည် ဦးမောင်ကလေးနှင့် အဖေတူအမေကွဲညီအစ်ကိုဖြစ်သည်။ ဦးမောင်ကလေးသည် ငယ်စဉ်အခါကပင် ၁၂ လုံးဒိုးခေါ် နရီးကို ကြားရသူတိုင်း ဘဝင်စိမ့်အောင် တီးနိုင်သည်။ ဦးမောင်ကလေးသည် မိမိဘခင် ကြီး ဆရာဖေ၊ ယင်း၏တပည့်ကြီး ဆရာပေ၊ ဆိုင်းဆရာကြီး ဦးကျော်ဇံအစရှိသော ဆိုင်းပညာရှင်တို့၏ တီးလုံး တီးကွက် မူအမျိုးမျိုးတို့ကို သင်ကြားခံယူခဲ့ရခြင်း တူရိယာအမျိုးမျိုးတီး မှုတ်ခြင်း၊ အတတ်တို့ကို လေ့လာတတ်ကျွမ်းခြင်းများကြောင့် ဆိုင်းအတတ်တွင် ပိုမို၍ လပ်မြင်ခဲ့လေသည်။ ပညာစုံသောအခါ ဦးမောင်ကလေးသည် မင်းသားဦးဖိုးကွန်းမင်းသမီး ‌ဒေါ်ဒေါ်ထွေးလေးတို့၏ ဇာတ်အဖွဲ့နှင့် မန္တလေးမှရန်ကုန်သို့ဆင်းလာခဲ့သည်။ ရန်ကုန်တွင် 'ဗေဒါ၊ ဗေဒါ၊ နင့်ဗူးကို ဘယ်သူချဲ့တယ်၊ ပြော ဟဲ့ဗေဒါ၊ မိဗေဒါ'ဟု အစချီသော သီချင်းကိုတီးပြရာ သူ၏ လက်သံကို ရန်ကုန်လူထုက အထူးနှစ်ခြိုက်ပြီးလျှင် သူ့အား 'ဗေဒါမောင်ကလေး'ဟု ခေါ်စမှတ်ပြုကြသည်။ ထို့နောက် မန္တလေးသို့ ပြန်ရောက်သောအခါတွင် ဦးမောင်ကလေး၏ သတင်းမှာ ပိုမိုပျံ့သင်းလာပြီးနောက် 'စိန်ဗေဒါ' ဟူသောအမည် ကို လူထုပရိသတ်ထံမှ ခံယူရရှိခဲ့ပေတော့သည်။ စိန်ဗေဒါခေါ် ဦးမောင်ကလေးသည် ၁၂၇၂ ခုနှစ်တွင် အိန္ဒိယပြည် ရတနာဂီရိ စံ သီပေါမင်းထံသို့ အသုံးတော်ခံသွားခဲ့၏။ သီပေါမင်းက ဦးမောင်ကလေးအား 'နေမျိုးဗလကျော်သူ'ဟူသော ဘွဲ့တံဆိပ် တော်နှင့်အတူ ရွှေဆိုင်းအလံလေးချက် ဖန်ပဒိုင်းတို့ကို ချီးမြှင့် လိုက်သည်။ ၁၂၇၃ ခုနှစ်တွင်လည်း ဦးမောင်ကလေးသည် သီပေါမင်း၏ သမီးတော်များ နားထွင်းမင်္ဂလာပွဲအတွက် အသုံး တော်ခံရန် ရတနာဂီရိသို့ ဒုတိယအကြိမ် ရောက်ခဲ့လေသည်။ မြန်မာနိုင်ငံမှ ပင်လယ်ရပ်ခြား တိုင်းတစ်ပါးများသို့ သွား ရောက်ခဲ့သော ဆိုင်းဆရာများအနက် စိန်ဗေဒါခေါ် ဦးမောင် ကလေးသည် ပထမဦးဆုံး သွားရောက်ခဲ့သူ ဖြစ်သည်။ သူ၏ ဇနီးသည်မှာ အကတွင် ဝါသနာထုံသော ညောင်လေးပင်မြို့သူ ဒေါ်စိန်မေဖြစ်၍၊ သားသမီးတယေက်မျှ ထွန်းကားခြင်းမရှိခဲ့ချေ။ သူ၏နှဲတပည့်များမှာ ဆရာဆယ်ဦးချစ်မောင် စသည်တို့ဖြစ်၍၊ ဆိုင်းတပည့်များမှာ စိန်ငှက်ရိုးစိန်ကျော်တင့် စသည်တို့ ဖြစ်သည်။ ဦးမောင်ကလေးသည် ဒုတိယကမ္ဘာစစ်အတွင်း လည်ချောင်းတွင် ပေါက်သော ကင်ဆာရောဂါစွဲကပ်သဖြင့် ပြွန်တန်ဆာမြို့မှ သူ၏ တပည့်မိတ်ဆွေဖြစ်သူ မြန်မာညွန့် ဦးချစ်မောင်နှင့်အတူ ရန်ကုန်မြို့သို့ ဆင်း၍ဆေးကုခံယင်း ၁၃ဝ၄ ခု တော်သလင်းလဆုတ် ၁၄ ရက်နေ့တွင် ရွှေတောင်တန်း၌ ကွယ်လွန်ခဲ့သည်။ စိန်ဗေဒါခေါ် ဦးမောင်ကလေးသည် သီချင်းကြီးများမှ တီးလုံးဆန်းများကို ထုတ်နုတ်တီးလေ့ရှိ၍၊ သူ၏လက်သံမှာ ကြည်လင်ပြတ်သားလှ ပေသည်။

ဦးဟန်ပ[ပြင်ဆင်ရန်]

ယခုအခါ လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုင်းအဖွဲ့၏ ခေါင်းဆောင်အဖြစ် ထင်ရှားကျော်ကြားလျက်ရှိသူမှာ ဦးဟန်ပ ဖြစ်သည်။ ဦးဟန်ပကို ၁၂၅ဝ ပြည့်နှစ်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ သူ၏ဖခင်မှာ နာမည်ကြီးနှဲဆရာ ဦးမှင်ဖြစ်သည်။ ဦးဟံပသည် ဆရာမိဘတို့ ခွင့်ပြုချက်အရ ပခန်းဆရာညိုရုပ်သေးနှင့် စတင်တွဲဖက်ခဲ့သည်။ ထို့နောက် ဟင်္သာတမြို့သို့ စုန်ဆင်းခဲ့ကာ ပလာဆိုင်းတီး၍နေခဲ့သည်။ အသက် ၂၇ နှစ်အရွယ်တွင် ဦးစိန်ကတုံး၏ ဇာတ်အဖွဲ့နှင့်တွဲ လေသည်။ ထို့နောက် ဝါးခယ်မမြို့သို့ စုန်ဆင်း၍ ကာလအတန်ကြာစွာ နေထိုင်ခဲ့သည်။ အသက် ၃၁ နှစ်အရွယ်တွင် ဆရာစိမ့်၏ဇနီး ဒေါ်တိုးကခေါ်၍ မန္တလေးမြို့သို့ တက်ကာ ကွယ်လွန်သူဆရာစိမ့်၏ဆိုင်းကို ၃ နှစ်မျှတီးခဲ့ရသေးသည်။ ဦးဟန်ပသည် အထက် သားဖြစ်သော်လည်း၊ အောက်ပြည်၌သာ အနေအထိုင်များ၍၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ထင်ရှားကျော် ကြားခဲ့သည်။ စိန်ဗေဒါကွယ်လွန်ပြီးနောက်မှ မန္တလေးမြို့သို့ သွားရောက်နေထိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ် ပြည်တော်သာ အခမ်းအနား၌ မန္တလေးမြို့မှ ပြည်တော်သာ အဖွဲ့ကြီး နှင့်အတူ ရန်ကုန်မြို့သို့ရောက်လာ၍ များမကြာမီပင် နိုင်ငံတော်၏ ဆိုင်းအဖွဲ့ခေါင်းဆောင်အဖြစ် ချီးမြှောက်ခန့်အပ်ခြင်းခံသည်။ လွတ်လပ်သော ပြည်ထောင်စုခေတ်တွင် ဦးဟံပသည် ဆိုင်းဆရာများထဲမှ အလင်္ကာကျော်စွာဘွဲ့ကို ပထမဦးဆုံးရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုခေတ်၌ နိုင်ငံရပ်ခြား တိုင်းတစ်ပါးများဖြစ်သော ထိုင်းလင်းနိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆိုဗီယက်฿ရုရှနိုင်ငံများသို့ ဆိုင်းဆရာများထဲမှ ပထမဦးဆုံးရောက်ခဲ့သူလည်း ဖြစ်သည်။ ထိုင်းလင်းနိုင်ငံသို့ ၁၉၅၅-ခုနှစ် မတ်လ ၇ ရက်နေ့တွင် ဝန်ကြီး ဦးဝင်း ခေါင်းဆောင်သည့် ယဉ်ကျေးမှုအဖွဲ့နှင့် လိုက်ပါသွားခဲ့ရ၏။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံယဉ်ကျေးမှုမစ်ရှင်အဖွဲ့နှင့်အတူ ၁၉၅၅-ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် သွားရောက်ခဲ့၍၊ ဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံယဉ်ကျေးမှု မစ်ရှင်အဖွဲနှင့်ပင် ၁၉၅၆ ခုနှစ်တွင် သွားရောက်ခဲ့လေသည်။ ဦးဟန်ပသည် တွံတေးဆံထောက်(ခေါ်) မင်းသမီးဒေါ်ငွေသင်နှင့် အကြောင်းပါ၍၊ မောင်ညွန့်လှိုင်ခေါ် သားတစ်ယောက်ထွန်းကားသည်။ ဦးဟံပသည် ဆိုင်းတီးသောအခါ နာမည်နှင့်လိုက်အောင် ဟန်ပါသည်။ သူ၏လက်သံမှာ ပတ်သံမာ၍ ကြည်သည်။

ဦးဘမောင်[ပြင်ဆင်ရန်]

ဦးဖိုးစိန်၏ ဇာတ်အဖွဲ့၌ ပတ်မထိန်းအဖြစ်မှ ဆိုင်းဆရာကြီးအဖြစ်သို့ ရောက်ရှိထင်ရှားကျော်ကြားခဲ့သူမှာ ဦးဘမောင် ဖြစ်သည်။ ဦးဘမောင်ကို ၁၂၅၈ ခုနှစ်၌ အဖရွာစားကြီးဆရာစိမ့်နှင့် အမိဒေါ်စိန်မြိုင်တို့မှ ဖွားမြင်ခဲ့သည်။ ဆရာစိမ့်သည် ရွာစားကြီးစိန်ဗေဒါ၏ အစ်ကိုဖြစ်၍၊ ဒေါ်စိန်မြိုင်မှာ ဦးဖိုးစိန်ကြီး၏ အစ်မဝမ်းကွဲ ဖြစ်သည်။ ထို့ကြောင့် ဦးဘမောင်သည် မျိုးရိုးအားဖြင့် အဖသည်၎င်း၊ ဦးလေးတော်များသည်၎င်း ဆိုင်းလောက၊ ဇာတ်သဘင်လောကတွင် ထင်ရှားကျော်ကြားသူများမှ ဆင်းသက်ပေါက်ဖွားလာသူ ဖြစ်ပေသည်။ ထို့ကြောင့်ဦးဘမောင်သည် ငယ်ရွယ်စဉ်အခါကပင် ရိုးရာဆိုင်းအတတ်ပညာကို လေ့လာလိုက်စားခဲ့၍၊ ဦးလေးတော်ဖြစ်သူ ဦးဖိုးစိန်၏ ဇာတ်အဖွဲ့နှင့် တွဲဖက်ခဲ့သည့် ဦးလေးဝမ်းကွဲတစ်ဦးဖြစ်သူ ဆိုင်းဆရာ ဆရာဆိတ်၏ ဆိုင်းအဖွဲ့တွင် ပတ်မထိန်းအဖြစ် စတင်ဝင်ရောက်ခဲ့ရာမှ ဆိုင်းဆရာကြီးအဖြစ်သို့ တစ်စစတက်လှမ်း ရောက်ရှိကာ ဦးဖိုးစိန်၏ ဇာတ်၌ပင် နာမည်ကြီးခဲ့လေသည်။ ဦးဖိုးစိန် ကွယ်လွန်သောအခါ ဦးဘမောင်သည် အခြားနာမည်ကြီးဇာတ်အဖွဲ့များ၌ ဆက်လက်၍တီးခဲ့သည်။ ဦးဘမောင်သည် အဖရွာစားကြီးဆရာစိမ့်ကဲ့သို့ လက်ကျကောင်းသည်၊ ပတ်သံသာသည်ဟု ဆိုင်းလောက၌ထင်ရှား၏။ ဇာတ်ပို့သော ပညာ၌လည်း သူမတူ အောင်ကျော်ကြားသူ ဖြစ်သည်။ လွတ်လပ်သော ပြည်ထောင်စုခေတ်၌ ဆိုင်းဆရာများထဲမှ ဝဏ္ဏကျော်ထင်ဘွဲ့ ကို ပထမဦးဆုံးချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ဦးဘမောင်သည် နာမည်ကျော်ဇာတ်မင်းသမီးဒေါ်ကြင်ဥနှင့် အကြောင်းပါ၍၊ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားရရှိခဲ့လေသည်။

ထို့အပြင် ဆရာစိမ့်၏ တပည့်များပင်ဖြစ်ကြသော ယိုးဒယားသိန်းမေ၏ ခင်ပွန်း ဦးဘမောင်ထိန်တောဦးဘိုးခ၊ ပဲခူးနယ်သား ဦးရွှေဖဲနှင့် ကြည့်မြင်တိုင် ဆရာကြွယ်တို့သည်လည်း ဆိုင်းလောကတွင် ထင်ရှားသူများဖြစ်ကြသည်။

မြို့နယ်အသီးသီး၌ထင်ရှားသော အခြားဆိုင်းဆရာများမှာ၊ မန္တလေး၌ စိန်ငှက်ရိုးစိန်လေးမောင်စိန်ကျော်တင့်၊ မုံရွာ၌ ဆရာသက်စိန်ဘထွန်း၊ မုံရွေး၌ စိန်ကြာပေါ်တို့ဖြစ်ကြသည်။ ယင်းတို့သည် ဆရာစိမ့် နှင့်စိန်ဗေဒါတို့၏ အဆက်အနွယ် တပည့်များဖြစ်ကြသည်။ စိန်ငှက်ရိုးသည် စိန်ဗေဒါမရှိသည့် နောက် အားကိုးလောက်သော ဆိုင်းဆရာတစ်ဦးဖြစ်သည်။ ၁၃၁၇ ခုနှစ်တွင် စိန်ငှက်ရိုးကွယ်လွန်သည်။ မုံရွာဆရာသက် သည် သီးချင်းကြီးများကို လေးစားစွာ လေ့လာဆည်းပူး၍ တတ်လိုသူတိုင်းအား သင်ကြားပို့ချပေးလေ့ရှိသည်။ ခရစ် ၁၉၂၈ ခုနှစ်တွင် ဆရာသက်ကွယ်လွန်သည်။ စိန်ဘထွန်းနှင့် စိန်ကြာရိုးတို့ကား ဆရာစိမ့်နှင့် စိန်ဗေဒါတို့ကဲ့သို့ မကြာခဏ ပြိုင်ဆိုင်လေ့ရှိကြသည်။ နှစ်ယောက်စလုံး ဒုတိယကမ္ဘာစစ်ပြီးမှ ကွယ်လွန်ကြသည်။

အခြားဆိုင်းဆရာများ[ပြင်ဆင်ရန်]

ပြည်မြို့ဆရာပေနှင့် တစ်ချိန်တည်းနာမည်ကြီးခဲ့သော ဆိုင်းဆရာကြီးတစ်ဦးမှာ စစ်ကိုင်းဆရာညိုဖြစ်သည်။ ဆရာညိုသည် ပလာဆိုင်းတီးခြင်း၌ နာမည်ကျော်သည်။ ပတ်ဝိုင်းအတွင်း၌ ဘီလူးခေါင်းကိုဆောင်းလျက် လက်နှစ်ဖက်တွင် ဒေါင်းတောင်များကိုတပ်ဆင်ကာ ကသကဲ့သို့ တီးလေ့ရှိသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြို့၌ နာမည်ကျော်ကြားလျက်ရှိသူမှာ ဆိုင်းဆရာကြီး ဦးမိုးညှင်းဖြစ်သည်။ ဦးမိုးညှင်းသည် ပုလဲပတ်စာပိုး အတီးကောင်းသည်ဟု ထင်ရှားကျော်ကြား၏။ ပြည်မြို့ ဆရာပေကဲ့သို့ပင် ယင်းထံ၌လည်း တပည့်ကောင်းများရှိခဲ့သည်။ ဦးမိုးညှင်းသည် ခရစ် ၁၉၁၈ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်၌ ကွယ်လွန်ခဲ့လေသည်။


ဆိုင်းဆရာကြီး ဦးမိုးညှင်း ၏ တပည့်ကောင်းများအနက် ဗိလတ်ပြန် ဆရာညိုသင်ခေါ် ဆရာညိုသည် နာမည်အထူး ကျော်ကြားသည်။ ဆရာညိုသင်ခေါ် ဆရာညိုသည် ၁၉၂၄ ခုနှစ်၌ အင်္ဂလန်နိုင်ငံ ဝင်ဗလီပြပွဲသို့ မင်းသားဦးဘလတ်တို့၏ ဇာတ်အဖွဲ့နှင့်အတူ သွားရောက်ခဲ့သည်။ ထိုအခါမှစ၍ ဘိလတ်ပြန်ဆရာညိုဟု ထင်ရှားကျော်ကြားခဲ့ပေသည်။

အခြားနာမည်ကျော်ဆိုင်းဆရာကြီးများအနက် ဆရာနွဲ့သည် မန္တလေးနှင့် ပြည်မြို့များတွင် ထင်ရှားသည်။ ဆရာပုသည် မြင်းခြံမြို့၌ ကျော်ကြားသည်။ နာမည်ကျော်ဇာတ်မင်းသား ဦးစိန် ကတုံး၏ဖခင် ဆိုင်းဆရာကြီး ဦးကျော်ဦးသည် ဓနုဖြူမြို့ နာမည်ကျော်ဆိုင်းဆရာကြီး ဦးကျော်ခေါင်နှင့်အတူ ၁၂၅၃ ခုနှစ်လောက်တွင် ကျော်ကြားခဲ့သူဖြစ်လေသည်၊ အဆန်း တကြယ်ပြုလုပ်ကြသောခေတ်၌ မန္တလေးမြို့မှ ဆိုင်းဆရာကြီး ဆရာသားသည် ပန်းကန်ဆိုင်းတီးခြင်းဖြင့် နာမည်ကျော်ခဲ့သည်။ မုံရွာမြို့ဆိုင်းဆရာ ဆရာဘိန်းသည်လည်း မိမိ၏ ဆရာဖြစ်သူ ဆရာစိမ့်ကဲ့သို့ ခေါင်းပေါ်တွင်ရေအပြည့်ထည့်ထားသော ခွက်ကို တင်၍ တီးသဖြင့် နာမည်ကြီး ခဲ့သည်။

မအူပင်အပိုင် မလက်တိုရွာမှ ဆိုင်းဆရာဦးဖိုးရစ်နှင့် ယင်း၏ညီ ဦးဘဖေတို့သည်လည်း ပုလဲပုလဲ ပတ်စာပိုးတီးခြင်း၌ အောက်မြန်မာနိုင်ငံတွင် ထင်ရှားသူများဖြစ် ကြသည်။ ဦးဖိုးရစ်သည် မန္တလေးမြို့၌ ၁၂၇၇ ခုနှစ်တွင် ကွယ် လွန်သည်။ ဦးဘဖေကား ပလာဆိုင်းတီးခြင်းနည်း၍ ဇာတ်အဖွဲ့ များနှင့် အတွဲများသည်။ ၁၂၉ဝ ပြည့်နှစ်တွင် ဦးဘဖေ ကွယ် လွန်သည်။

ဆိုင်းဆရာကြီးဦးမိုးညှင်း၏ တပည့်ဖြစ်သူ ဦးထွန်း ရင် သည်လည်း ရန်ကုန်တစ်ဝိုက်တွင် ထင်ရှားသူဖြစ်သည်။ ဆရာစိမ့်၏သား ဦးဘမောင်ကဲ့သို့ လက်သံသာသည်။ ဦးထွန်းရင်သည် ဒုတိယကမ္ဘာစစ် အတွင်း၌ ကွယ်လွန်သည်။

ရွှေတောင်ဦးရွှေကျော်၊ မြန်အောင်ဦးရွှေဂုဏ် နှင့် သားဦးဖိုးကဲ၊ ဟင်္သာတဆရာလပ်ဦးဖိုးထွားနှင့် ဦးဖိုးလူဓနုဖြူမြို့စံခင်းဆိုင်းဆရာ ဦးဖိုးရွှေဖျာပုံဦးသက်ဖေတို့သည် လည်း ထင်ရှားသော ဆိုင်းဆရာများဖြစ်ကြသည်။ ဟင်္သာတမြို့ ဦးဖိုးထွားနှင့် ဦးဖိုးသူတို့သည် ခရစ် ၁၉ဝ၉ ခုနှစ်တွင် လွန်စွာ နာမည်ကျော်ကြားသူ များဖြစ်ကြသည်။ ဦးဖိုးကဲကား ၁၉၁၆ ခုနှစ်ခန့်တွင် ပေါ်ပေါက် ထင်ရှားလာသော ဆိုင်းဆရာဖြစ်၏။ ဓနုဖြူမြို့ စံခင်းဆိုင်းဆရာဦးဖိုးရွှေမှာ သက္ကရာဇ် ၁၂၇၃ ခုနှစ် လောက်မှအစပြု၍ နာမည်ကျော်ကြားလာခဲ့သူ ဖြစ်သည်။ ဖျာပုံဦးသက်ဖေကား ရေး၊ မြိတ်၊ ထားဝယ်ဖက်တွင် ပြိုင် ဖက်မရှိအောင် အထူးကျော်ကြားအောင် ထင်ရှားခဲ့သူဖြစ်လျက်၊ မြိတ်မြို့၌ပင် ကွယ်လွန်လေသည်။ (ဦးဂုဏ်ဘဏ်)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)