ကရင်စောင်းကောက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကရင်စောင်းကောက် တီးနေပုံ

ကရင်အမျိုးသား တူရိယာများအနက် ဖါးစည်ကလွဲလျှင် ဏာဍိင် (ခေါ်) စောင်းကောက်သည် လူသိများ၍ နှစ်သက်ကြသော တူရိယာပစ္စည်းဖြစ်သည်။

စောင်းကောက်သံသည် လူတိုင်းက နှစ်သက်ကြသည်၊ အခြားသော တူရိယာများနှင့် တွဲဖက်၍ တီးခတ်ရသေည်လည်း စောင်းကောက်သက်သက်ဖြင့် တီးခတ်ခြင်းကို ပို၍ နှစ်သက်ကြသည်။ အထူးသဖြင့် ညအခါ တီးခတ်ရာတွင် အလွန်သာယာသော တူရိယာတစ်မျိုးဖြစ်သည်။ စောင်းသံ၏ အညုအဆွဲသည် သေသူပင် ပြန်ရှင်မတတ်ရှိသည်ဟု အဆိုမမွှန်း ပြုကြသည်။

ကရင့်စောင်းကောက်တွင် ကြိုးကါးချောင်း သို့မဟုတ် ခုနှစ်ချောင်းဖြင့် တပ်လေ့ရှိသည်။ မျက်မှောက်တွင် ခေတ်သီချင်းများ တီးခတ်နိုင်ရန် ကြိုး ၁၀ ချောင်းမှ ၁၂ ချောင်းအထိ တပ်ယူကြသည်။ ရှေးအခါက စောင်းကြိုးကို ပျားဖယောင်းဖြင့် လွန်းတင်၍ ကျစ်ထားသော လျှော်မျှင်၊ ကြိုးနွယ်ပင်၊ ဝါးမျှင်၊ ပိုးချည်တို့ဖြင့် တပ်လေ့ရှိသော်လည်း မျက်မှောက်တွင် နိုင်လွန်ကြိုး၊ သံမဏိကြိုး၊ ကြေးနီကြိုးတို့ဖြင့် အသုံးပြုလာကြပေပြီ။

စောင်းကောက် ပြုလုပ်ပုံ[ပြင်ဆင်ရန်]

စောင်းကောက်ကို ပြုလုပ်ရာတွင် ကိုယ်ထည်ပိုင်းနှင့်ခေါင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ကိုယ်ထည်ကို သစ်သားတစ်မျိုးနှင့် ပြုလုပ်ပြီး ခေါင်းပိုင်းကို အခြားသစ်သားတစ်မျိုးနှင့် ပြုလုပ်ယူလေ့ရှိသည်။ ကရင့်စောင်းကောက် ခေါင်းပိုင်းသည် ဗမာစောင်းကောက်ကဲ့သို့ ကွေးညွတ်ခြင်း မရှိလှချေ။ လောက်လေးကိုင်းမျှလောက်သာ ကောက်လေသည်။ အထူးသဖြင့် ကိုယ်ထည်ပိုင်းကို မာသောသစ်သားတို့ဖြင့်သာ ပြုလုပ်၍ရသည်။

စောင်းကောက်ကိုယ်ထည်ကို အလျားသုံးမိုက်၊ အနံတစ်မိုက်ခန့်ထား၍ အခေါင်းထွင်းကာ ဒရယ်သားရေ၊ ချေသားရေတို့ဖြင့် ဖုံးအုပ်ပြီး ကိုယ်ထည် ဘေးနှစ်ဖက်တွင် အပေါက်နှစ်ပေါက် ဖေါက်ထားသည်။ ယင်းအပေါက်ကို “နတ်သမီးပေါက်”ဟူ၍ ခေါ်ကြသည်။

စောင်း၏ ခေါင်းပိုင်းကို ကိုယ်ထည်နှင့် ဆက်စပ်ယူပြီး ထိပ်ပိုင်းတွင် ကြိုးတပ်၊ ကြိုးတင်းရန် လက်တံကို ထားရှိရသည်။ စောင်းေခေါင်းပိုင်းသည် သဘာ၀ကောက်နေသော သစ်သားတို့ဖြင့် အလျားခြောက်မိုက်ခန့်အရှည်ယူ၍ တပ်ဆင်ယူရသည်။

ဏာဍိင်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်တီးစောင်း[ပြင်ဆင်ရန်]

ဏာဍိင်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်တီးစောင်းသည် အထွတ်အမြတ်ထားသော စောင်းတစ်မျိုးဖြစ်သည်။ အချို့က “တော်ဝင်စောင်း”ဟူ၍ အမည်သညာ သတ်မှတ်ပေးကြသည်။ တော်ဝင်စောင်းကို အချို့က “ဏာဍိင်ကိုင်”( ဏာဍိင်ဗားကိုင်)ဟုလည်း ခေါ်ကြသေးသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် အစီအရင်တစ်မျိုးနှင့် လုပ်ယူရလေသည်။ ကိုယ်ထည်ကို ပိတောက်သားဖြင့် ပြုလုပ်ရပြီး ခေါင်းပိုင်းကို ယင်းတိုက်သားနှင့် ပြုလုပ်ယူကြသည်။ ကြိုးတပ် ကြိုးတင်းရန် လက်တံကို သစ်ဆင်စွယ်ဖြင့် ပြုလုပ်ပြီး တပ်ဆင်ရသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် မပြီးမချင်း ရွာတွင်းသို့ယူဆောင်လာ၍ မရချေ။ တောထဲ၌သာ ပြုလုပ်ရပြီး မပြီးမချင်း တောထဲ၌သာ ထားခဲ့ရခြင်းဖြစ်သည်။

စောင်းကိုပြုလုပ်ပြီး စောင်းကြိုးတပ်သောအခါ စောင်းအိုးအပေါက်တွင် ပန်းခုနှစ်မျိုး ခုနှစ်ပွင့် သွင်းရလေသည်။ စောင်း၏ အမြုတေခေါ်တပ်သော (ဏာဍိင်အပနယ့်)ကို ထည့်ရလေသည်။ ပန်းညိုခုနှစ်ပွင့်၊ စကားဝါပွင့်၊ နန်းလုံးကြိုင်၊ ဆောင်တော်ကူး၊ တရုတ်စံကား၊ စကားစိမ်းပွင့် စသည့် ခုနှစ်ပွင့်ကို ထည့်သွင်းပြီးလျှင် စောင်းကြိုးညှိကာ ထိုတောအုပ်၌ပင် သီးချင်းဖြင့် သီဆိုတွဲဖက်ပြီး တီးခတ်ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန်းသင့်နောင် – ရေး အရှေ့ပိုးကရင်