ဟန်ပ၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလင်္ကာကျော်စွာ ဆရာကြီး ဦးဟန်ပ

ဟန်ပ၊ ဦး (မြန်မာ ၁၂၅ဝ-၁၃၂၈)[ပြင်ဆင်ရန်]

မြန်မာ့လွတ်လပ်ရေး ခေတ်၌ ဆိုင်းလောက၏ မီးရှူးတန် ဆောင်လည်း ဖြစ်၍ ဂီတာ ဖခင်ကြီး တစ်ဦးလည်းဖြစ်သော အလင်္ကာကျော်စွာ ဆရာကြီး ဦးဟန်ပသည် မြန်မာအနုပညာ တစ်ရပ်ဖြစ်သော ဆိုင်းပညာကို ဂုဏ်သိရ်မြင့်မြင့်ဖြင့် ပွဲလယ် တင့်အောင် ဆောင်ရွက်ခဲ့သော အနုပညာရှင်ကြီးပေတည်း။ ဆရာကြီးသည် ဆိုင်းဝါသနာ အလျောက် လေ့လာလိုက်စားခဲ့ရာမှ အမျိုးသား ယဉ်ကျေးမှု ပညာတစ်ရပ်ကို ထိန်းသိမ်းမိလျက်သား ဖြစ်ခဲ့ပေသည်။ နယ်ချဲ့ အစိုးရ လက်အောက်တွင် မြန်မာ့ရိုးရာ ဆိုင်းပညာရှင်တို့သည် ထိုက်တန်သော နေရာကို မရခဲ့ပေ။ ထိုခေတ်က တော်ရုံဇွဲသတ္တိ တို့ဖြင့် မိမိ၏ ဝါသနာ၊ မိမိ၏ ယုံကြည်ချက်အတိုင်း ရပ် တည်သွာနိုင်အောင် အားထုတ်ရန် မလွယ်ကူလှချေ။ သို့သော်ဆရာကြီးသည် မလျော့သော ဇွဲသတ္တိတို့ဖြင့် မိမိ ဝါသနာပါရာ အလုပ်ကို လုပ်ကိုင်ခဲ့၍ ဆိုင်းအတီးပညာတွင် ပါရဂူ တစ်ဆူ ဖြစ်အောင် ကြိုးပမ်းခဲ့ သည်။ ဆိုင်းပညာဝါသနာရှင် လူငယ် လူရွယ် ကလေးများ စိတ်ဓာတ် ခိုင်မာ ရင့်ကျက်စွာဖြင့် မိမိတို့ ဝါသနာပါရာ လုပ်ငန်းကို ဆောင်ရွက်နိုင်အောင် အစဉ်နှိုးဆော် တိုက်တွန်း၍ မိမိ၏ ပညာကို ဖြန့်ဝေပေးခဲ့လေသည်။

ယင်းသို့ မြန်မာ့ဆိုင်းပညာကို မတိမ်မြှုပ်စေပဲ ပွဲလယ် တင့်အောင် ကြိုးပမ်းခဲ့သူ ဆိုင်းအနုပညာရှင်ကြီး ဦးဟန်ပ၏ မျိုးရိုးစဉ်ဆက်သည် ဆိုင်းလောကနှင့် ဆက်စပ်ခဲ့ပေသည်။ အဘိုးဖြစ်သူ ဦးရွှေဖောင်သည် မင်းတုန်းမင်းတရားကြီး၏ လက်ထက်က ရေကင်းနှဲဆရာတစ်ဦး ဖြစ်သည်။ ဦးရွှေဖောင် ၏သားဖြစ်၍ ဦးဟန်ပ၏ ဖခင်ဖြစ်သူ ဆရာမှင်သည် များသောအားဖြင့် နှဲမှုတ်ခဲ့သည်။ သို့သော် ပတ္တလား၊ ပတ်တီး တို့၌လည်း ကျွမ်းကျင်သည်။ ရုပ်သေးမင်းသမီးကြီး ဆရာပု၏ တပည့်တစ်ဦးလည်းဖြစ်သဖြင့် ဆရာမှင်သည် စင်တော် မင်းသား၊ မင်းသမီးအဖြစ် သေတ္တာမှောက် အသုံးတော်ခံ နိုင်သည်။

ဆရာမှင်နှင့် ဇနီးသည် ဒေါ်မေတို့မှ နောင်အခါ ဦးဟန်ပဟု ကျော်ကြားလာမည့် မောင်သာထွန်းကို မန္တလေးမြို့၌ သက္ကရာဇ် ၁၂၅ဝ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၃ ရက်၊ သောကြာနေ့ တွင် မွေးဖွားခဲ့လေသည်။ မောင်သာထွန်း သုံးနှစ်သားအရွယ် တွင် ဆရာမှင်နှင့် မိသားစုသည် ရန်ကုန်သို့ ဆင်းလာသည်။ မင်း သမီးကြီး ဒေါ်ဆင်ခိုးမလေး တည်ထောင်သော ဆိုင်းအဖွဲ့ တွင် ဆရာမှင်ဝင်၍ တီးမှုတ်နေခဲ့သည်။ ထိုစဉ်က ဆရာမှင်၏ အစ်ကို ဦးဘိုးဆင်လည်း ပါလာသည်။ ဦးဘိုးဆင်သည် မြန်မာ မင်းလက်ထက်က အိုးစည်တော်တီး တစ်ဦး ဖြစ်လေသည်။ ဆရာမှင်တို့ မိသားစုသည် ရန်ကုန်၌ ကြာရှည်စွာ မနေကြပဲ မန္တလေးသို့ ပြန်ခဲ့ကြလေသည်။

ထိုနောက် မင်းတုန်းမင်းတရားကြီး အသုံးတော်ခံ ဆီဆုံ ဆယ်ရွယ်စား ဆိုင်းတော်တီး ဆရာဖေကြီး၏ တပည့်ရင်း တစ်ဦးဖြစ်သူ ဆရာပေသည် မန္တလေးမြို့၌ ဆိုင်းပညာရှင် များလှသဖြင့် မြေလတ်ပိုင်းသို့ ပြောင်းရွှေ့ အခြေစိုက်ရန် ပြည်သို့ စုန်ဆင်းလာသည်။ ထိုအခါ မိတ်ဆွေရင်းတစ်ဦး ဖြစ်သော ဆရာမှင်နှင့် မိသားစုကိုလည်း မိမိနှင့် တွဲဘက် လုပ်ကိုင်ရန် ခေါ်ဆောင်လာသဖြင့် ဆရာမှင်တို့ မိသားစုသည် မန္တလေးမှ ခွာခဲ့ကြရသည်။ ဆရာပေသည် မန္တလေးဆိုင်းဆရာ ကြီးများအနက် ကျော်ကြားလှသော ဆရာကြီး တစ်ဦးဖြစ်သူ ဦးကျော်ဇံကိုပါ ပင့်ခေါ်လာခဲ့သည်။ ဦးကျော်ဇံသည် ရွာစားကြီး စိန်ဗေဒါ၏ ဆရာလည်း ဖြစ်ပေသည်။

ဦးကျော်ဇံသည် ဆိုင်းတီးသည့်အခါ မောင်သာထွန်း၊ မောင် သာထွန်း၏ညီ မောင်လှဖေ၊ ဆရာပေ၏သား မောင်ဘဇံတို့ ကလေးသုံးဦးကို မိမိရင်ခွင့်ထဲ၌ ထားလေ့ရှိသည်။ ထိုကြောင့် မောင်သာထွန်းသည် ကလေး ဘဝကပင် နားရည်ဝခဲ့လေသည်။ ကိုးနှစ်သားအရွယ်တွင် ကျောင်းနေ၍ ကျောင်းပညာကို သင် ကြား ဆည်းပူး နေခဲ့ရသော်လည်း မောင်သာထွန်းသည် တူရိယာဘက်သို့ ပို၍ စိတ်အားသန်နေခဲ့သည်။ အဘိုးနှင့် အဖဖြစ် သူတို့ကလည်း တူရိယာဂီတာပညာ တစ်စတစ်စ သင် ကြားပေးခဲ့သည်။ ၁၃ နှစ်သားအရွယ်တွင် ကျောင်း ထွက်၍ ဆရာပေ၏ထံတွင် ဆိုင်းအတီးပညာကို ထိထိရောက်ရောက် သင်ယူသည်။ ၁၆ နှစ်သားအရွယ်တွင် ဆိုင်းအတီးပညာကို ကျွတ်လွတ်ပေါက်မြောက်စွာ တတ်ကျွမ်းလာသဖြင့် ဇာတ်၊ ရုပ်သေးတို့နှင့် တွဲဘက်၍ ဆိုင်းတီးခဲ့သည်။ ဇာတ်နှင့်တွဲသည် ထက် ရုပ်သေးနှင့် တွဲရသည်မှာ ဆိုင်းဆရာတို့အဖို့ မလွယ်ကူ လှချေ။ ထွက်လာသော ရုပ်သေးအရုပ်နှင့် ဆီလျော်ရာ တေး သီချင်းများကို စုံစုံလင်လင် ရထားဖို့ လိုအပ်သောကြောင့် တည်း။ ထိုကြောင့် တော်ရုံ အခြေခံပညာဖြင့် ဆိုင်းဆရာတို့ သည် ရုပ်သေးနှင့် မတွဲဝံ့ချေ။ အသက်အရွယ် နုပျိုလှသေး သော မောင်သာထွန်းသည် ရုပ်သေးနှင့်တွဲနိုင်သည်ကို ထောက်ဆ၍ မောင်သာထွန်း၏ ဆိုင်းပညာ အခြေခံ ခိုင်မာ ပုံကို ရိပ်စားမိနိုင်ပေသည်။ စောစောပိုင်း၌ မောင်သာထွန်း တွဲခဲ့ရသော ရုပ်သေးနှင့် ဇာတ်တို့တွင် ပခန်းဆရာညိုကြီး၏ ရုပ်သေးအဖွဲ့နှင့် ယောက်ျား မင်းသမီး ဗလညွန့်၏ ဇာတ်အဖွဲ့ လည်း ပါဝင်သည်။

ဆရာကောင်းများ၏ တပည့်ပီသစွာ ပွဲအမျိုးမျိုး၌ ခေါင်းဆောင်၍တီးခဲ့ရာ နှဲမှာအသံ၊ ပတ်မှာဟန်ဆိုသည့် အတိုင်း မောင်သာထွန်း၏ ကိုယ်နေဟန်ထား ကောင်းသည်ကို တွေ့မြင်ကြရသော ဆိုင်းပရိသတ်များက ဟန်ပဗျာ၊ ဟန်ပဟု ပြောဆိုခြီးကျူးခဲ့ရာမှ ငယ်မည် မောင်သာထွန်းပျောက်၍ ဟန်ပ ဟူသော အမည် ဖြင့် ခေါ်တွင်လာခဲ့သည်ဟု ဆိုကြ လေသည်။

မောင်ဟန်ပ ၁၈ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန် သည်။ သို့သော် ဆရာပေက ဆက်လက် စောင့်ရှောက်ထားသည်။ အသက် ၂ဝ ကျော်အရွယ်တွင် ဟင်္သာတမှ ဆိုင်းထောင် ဒေါ်ပုက လာရောက်ခေါ်သဖြင့် ဆရာပေ၏ ခွင့်ပြုချက်အရ ဟင်္သာတသို့ လိုက်ခဲ့ရ၍ ပလာဆိုင်း တီးနေခဲ့သည်မှာ ခြောက်နှစ်ခန့် ကြာသည်။ ထိုစဉ်က ဟင်္သာတတွင် ဦးဖိုးမြဲ၊ ဦးဖိုးဝဲ၊ ဦးဖိုးထွားတို့ကဲ့သို့ နာမည်ကျော် ဆိုင်းဆရာကြီးများ ရှိသော်လည်း မောင်ဟန်ပ၏ အမည်သည် တစ်စတစ်စဖြင့် ထိုးဖောက် ကျော်ကြားလာသည်။ ကိုဟန်ပ၏ လက်သံပြောင်မြောက်မှုကြောင့်လည်း နာမည် ကျော်မင်းသား ကိုစိန်ကတုံးနှင့် တွဲမိကြလေသည်။ ထိုစဉ်က ကိုဟန်ပသည် အသက် ၂၇ နှစ်အရွယ် ရှိလေပြီ။ ဆိုင်းက လည်း ကောင်း၊ မင်းသားကလည်း တော်သဖြင့် စိန်ကတုံး ဇာတ်အဖွဲ့သည် ပိုမို ထင်ရှား ကျော်ကြားလာသည်။ ထိုစဉ်က ကိုဟန်ပ၏ ဆိုင်းအဖွဲ့တွင် နာမည်ကျော် နှဲဆရာကြီးများ ဖြစ် ကြသော ဦးသာကျင်၊ ဗိလတ်ပြန်ဦးချစ်ဖေ၊ ဦးညွန့်၊ ဦးစိုး မောင်၊ ဦးထီအောင်တို့ ပါဝင်တီးမှုတ်ခဲ့ကြသည်။ ကိုဟန်ပသည် အသက် ၂၇ နှစ်အရွယ်၌ပင် ဇာတ်မင်းသမီး တွံတေးဆံတောက် မငွေသင်နှင့် အကြောင်းပါ၍ သားတစ်ယောက် ရရှိခဲ့သည်။ (မငွေသင်သည် ယခင်က အိမ်ထောင် တစ်ဆက်ရှိခဲ့ဖူး၍ နောင်အခါ အငြိမ့်မင်းသမီး ပလိုတီယာဟု အမည်တွင်လာမည့် သမီးတစ်ယောက် ရှိသည်။)

ကိုဟန်ပသည် မင်းသားကျော် စိန်ကတုံးနှင့် နောက်လေးနှစ် ကြာမျှ တွဲဘက်၍ တီးမှုတ်ပေးခဲ့သည်။ နောက် ထပ် နှစ်ကြိမ် တွဲဘက်ခဲ့သေးရာ ဒုတိယအကြိမ် ပြန်တွဲမိစဉ် ၁၉၁၆ ခုနှစ် အတွင်း မန္တလေးမှ ဆိုင်းဆရာကြီး ဆရာစိမ့် (စိန်ဗေဒါ၏ အစ်ကို) ကွယ်လွန်သဖြင့် ဆရာစိမ့်၏ဇနီး ဒေါ်တိုးက မိမိ၏ ဆိုင်းဝိုင်းကို ဦးဆောင် ပေးရန် လာခေါ်သည်။ ထို့ကြောင့် ကိုဟန်ပ မန္တလေးသို့ လိုက်ပါခဲ့ရသည်။ အသက် ၃ဝ ကျော်မှ မွေးရပ် ဌာနေသို့ ပြန်ရောက်ခဲ့ရာ ဇနီးဖြစ်သူ မငွေသင်ပါ လိုက်ပါခဲ့ရသည်။

ဒေါ်တိုး၏ ဆိုင်းအဖွဲ့ကို သုံးနှစ်တိုင်တိုင် ခေါင်းဆောင်၍ တီးပေးခဲ့စဉ် ဆရာစိမ့်၏ညီဖြစ်သူ ဗေဒါမောင်လေး (စိန်ဗေဒါ) နှင့်လည်း ရင်းနှီးခင်မင်ခဲ့သည်။ ဆိုင်းလောက၌ စိန်ဗေဒါနှင့် ဦးဟန်ပတို့သည် တစ်ဖုံတစ်နည်းစီ တော်ကြသော ဆိုင်းဝိဇ္ဇာ ကြီးများပေတည်း။ မန္တလေးတွင် ရှိနေစဉ် နှဲဆရာကြီး မြန်မာ ညွန့် ဦးချစ်မောင်နှင့်လည်း တွဲခဲ့ရသည်။ မန္တလေး၌ သုံးနှစ်ကြာပြီးနောက်တွင် မြစ်ဝကျွန်းပေါ်ဒေသ၊ ဝါးခယ်မမြို့သို့ ရွှေ့ပြောင်းလာ၍ အခြေစိုက်ခဲ့သည်။ ဝါးခယ်မ ၌ ၁၇ နှစ်ကြာမျှ နေထိုင်စဉ်အတွင်း ဇနီးဖြစ်သူ ဒေါ်ငွေသင် ကွယ်လွန်သည်။ ဦးဟန်ပသည် တူရိယာဂီတာပညာရှင်တို့ စောင့်ထိန်းအပ်သော စည်းကမ်းတို့ကို အမြဲရိုသေ၍ ဇာတ်ပို့ ကောင်းသူဖြစ်သဖြင့် နာမည်ကျော် ဇာတ်မင်းသားများက ဦးဟန်ပအား အလုအယက် ခေါ်ယူကြသည်။ နိုင်ငံကျော် မင်းသား ဦးအောင်မောင်း၊ မင်းသမီး လေဘာတီခင်ညွန့်တို့ ဇာတ်အဖွဲ့နှင့်လည်း တွဲဘက်ခဲ့သေးသည်။ ထိုစဉ်က လူရွှင် တော် ဦးပုလဲစိန်၏သမီး မကြိုင်နှင့် အိမ်ထောင်သစ် ထူထောင် ခဲ့ရာ သားတယောက်၊ သမီးတယောက် ရရှိခဲ့သည်။ ဦးဟန်ပ သည် ဒေါ်ကြိုင်နှင့်ပင် ကွယ်လွန်သည်အထိ ပေါင်းသင်း နေထိုင်ခဲ့လေသည်။

ဆရာကြီးသည် ပလာဆိုင်းတီးရာ၌လည်း ကျော်ကြား လူကြိုက်များလှသည်။ ဆရာကြီး၏ ဆိုင်းတီးပုံ ဟန်အမူအရာ ကို ပရိသတ်က အလွန်နှစ်ခြိုက်ကြသည်။ ဆိုင်းတီးနေရာမှ ကသကဲ့သို့ လက်ကလေးကို မြှောက်ကာ ကွေးပြတတ်သည်။ တစ်ခါတစ်ရံ သီးချင်းအချ၊ တီးလုံးအချ၌ ကပြီးမှ အဆုံးသတ် ချတတ်သည်။ တီးလုံးအဆုံးချရာ၌လည်း နောက်ဆုံးချရမည့် ပတ်လုံးကို ချက်ချင်း မချသေးဘဲ လက်ကို ဆိုင်းဝိုင်းအပေါ်သို့ ကျော်အောင် မြေ|ာက်လိုက်ပြီးလျှင် တီး၍ချရမည့် ပတ်လုံးကို ပြာပြာသလဲ ရှာဟန်ပြုသည်။ ကြေး၊ မောင်း၊ နှဲနှင့် စည်းဝါး ဆရာတို့ကလည်း မည်သည့်အသံနှင့် ချရမည်ကို သိနေကြသော် လည်း ခေါင်းဆောင်၏လက်ကို သတိနှင့် စောင့်ကြည့်နေကြ ရသည်။ ဆိုင်းပရိသတ်တို့မှာ မည်သို့ဖြစ်မည်နည်းဟု ရင် တဖိုဖိုနှင့် စောင့်နေကြရစဉ် အဆုံးသတ်ပတ်လုံးကို ရုတ်တရက် ရှာတွေ့ဟန်ဖြင့် ဗြုံးကနဲ တစ်ပြိုင်နက်ချလိုက်လျှင် ပရိသတ် များမှလည်း ဟင်းကနဲ သက်ပြင်းချနိုင်ကြရတော့သည်။ ယင်းသို့ဖြင့် ဆရာကြီးသည် ပရိသတ်ကို ဆွဲဆောင် နိုင်ခဲ့၍ ပရိသတ်က ဆရာကြီးအား နှစ်ခြိုက်ကြခြင်း ဖြစ်လေသည်။ ဆရာစိမ့်နှင့် စိန်ဗေဒါတို့သည် မောင်းဆိုင်းတွင် မောင်း ငါးလုံးသာ အသုံးပြုခဲ့သည်။ ဦးဟန်ပနှင့် ညီဖြစ်သူ ဦးလှဖေ တို့က သံစဉ်ကိုက်ညီအောင် ခုနစ်လုံးမောင်းအဖြစ် ဖြည့်စွက် တီးခဲ့ကြသည်။ ဦးဟန်ပသည် ဆိုင်းတီးလုံး အမြောက်အမြား ကိုလည်း တီထွင်ခဲ့ရာ ယခုခေတ် ဆိုင်းလောကတွင် ရေပန်း စားနေသော ဆိုင်းတီးလုံးများလည်း ပါဝင်သည်။

ဆရာကြီးသည် အောက်မြို့ ကျေးရွာတို့၌သာ ကျက်စား နေခဲ့သည်မှာ အသက် ၆ဝ အရွယ်အထိ ဖြစ်သည်။ ထိုအသက် အရွယ်ရောက်မှ မန္တလေးသို့ ပြောင်းရွှေ့ကာ ကျက်စားခဲ့ပြန်ရာ ငါးနှစ်ခန့် ကြာခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးခေတ်တွင် ယဉ်ကျေးမှုဌာနဟူ၍ ပေါ်ပေါက်လာသောအခါ အသက်လည်း ကြီးဆုံး၊ တူရိယာဂီတာဘက်တွင်လည်း ပညာအရင့်ကျက်ဆုံး ဖြစ်သော ဆရာကြီးဦးဟန်ပအား မြန်မာနိုင်ငံဆိုင်းအဖွဲ့၏ ဦးစီးခေါင်းဆောင်အဖြစ် ခန့်ထားသည်။ ထိုစဉ်က ဆရာကြီး သည် အသက် ၆၆ နှစ် ရှိနေပေပြီ။ ပန်တျာ မူမှန် ပြုပြင်ရေး အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ဆရာကြီး ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က မင်းပွဲစိုးပွဲ ဧည့်ခံပွဲ များတွင် ဦးဟန်ပ ခေါင်းဆောင် သော ဆိုင်းအဖွဲ့ကသာ ဧည့်ခံရသည်။ မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြား ဧည့်သည်တော်များအားလည်း ဦးဟန်ပ ဆိုင်းအဖွဲ့ကပင် ဧည့်ခံရ၍ မြန်မာ့ဆိုင်းပညာဖြင့် ဂုဏ်ယူ ဝင့်ကြွားခဲ့ရသည်။ နိုင်ငံခြားများသို့ မြန်မာ့ယဉ်ကျေးမှု အဖွဲ့ သွားရောက်ကပြတိုင်းလည်း ဆရာကြီး၏ ဆိုင်းအဖွဲ့ပါခဲ့ ရသည်။ ယိုးဒယားနိုင်ငံ၊ တောင်ဗီယက်နမ်နိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက် ပြည်ထောင်စုနိုင်ငံ၊ ယူဂိုဆ လားဗီးယားနိုင်ငံ၊ ချက်ကိုစလိုဗားကီးယားနိုင်ငံများသို့ ဆရာ ကြီးနှင့် ဆိုင်းအဖွဲ့သည် မြန်မာ့ယဉ်ကျေးမှုအဖွဲ့နှင့် လိုက်ပါ၍ နိုင်ငံခြားတိုင်းပြည်များက ရင်သပ် အံ့ဩရလောက်အောင် ဆိုင်းပညာစွမ်းကို ပြသခဲ့သည်။ ဆရာကြီး ဦးဟန်ပသည် ၁၉၅၂ ခုနှစ်တွင် အင်္လကာကျော်စွာဘွဲ့ကို ရရှိခဲ့လေသည်။

လွတ်လပ်သော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုတာဝန်ကို အနုပညာစွမ်းရည်ဖြင့် တစ်ဘက်တစ်လမ်းမှ စွမ်းအားရှိသမျှ ထမ်းဆောင်နေစဉ် အသက် ၇ဝ ကျော်လာသောအခါ အစိုးရ အမှုထမ်းတို့၏ အသက် ကန့်သတ်ချက် ဥပဒေကြောင့် အလုပ်မှ အနားယူလိုက်ရသည်။ အငြိမ်းစားလခကိုမူ ဆက်လက် ရရှိသည်။ သို့သော် ဆရာကြီး အသက်ရှင်သမျှ ဆရာကြီး၏ အနုပညာစွမ်းကို လေးစားတန်ဖိုးထားသော ဆိုင်းဆရာကြီး ဦးဘမောင်က သူ၏ဆိုင်းအဖွဲ့ကို ခေါင်းဆောင် ပေးရန် ပင့်ဖိတ်သည်။ ထိုကြောင့် ဆရာကြီးသည် တိုင်းချစ် သန်းစိန်သဘင်အဖွဲ့နှင့် တွဲဘက်ထားသော ဦးဘမောင်၏ဆိုင်း အဖွဲ့ကို ခေါင်းဆောင်၍ မိမိလက်စွမ်းကို ဆက်လက်ပြသနေခဲ့ သည်။ ရံဖန်ရံခါ ဝင်းသိင်္ဂီတူရိယာအဖွဲ့တွင် ပါဝင်၍လည်း ကောင်း၊ ဦးဟန်ပ တူရိယာအဖွဲ့ဟူ၍လည်းကောင်း ဆရာကြီး သည် ဆိုင်းပတ္တလားတို့ကို ကိုယ်တိုင်တီး၍ မြန်မာ့အသံမှ လွှင့်တတ်သည်။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုးရ တက် လာသောအခါ ဆရာကြီးအား ယဉ်ကျေးမှုကောင်စီ ဝင်တစ်ဦး အဖြစ် ခန့်ထားသည်။ ယဉ်ကျေးမှုကဇာတ်အတွက် ဆိုင်း အကြံပေးအရာရှိ အဖြစ်လည်း ဆောင်ရွက်ရသည်။ ဆရာကြီး သည် တိမ်မြှုပ်နေသော အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ကို ပြန်လည် ဖော်ထုတ်ရာ၌ တစ်ဘက်တစ်လမ်း ကူညီနိုင်ခဲ့ သည်။ ပုဂ္ဂိုလ်အနေအားဖြင့် ခင်မင်ဖွယ်ရာကောင်းသော ဆရာ ကြီးသည် မိမိကိုယ်ကို နှိမ့်ချစွာဖြင့် ဆက်ဆံတတ်သည်။ နှစ် ချောင်းတည်းသာရှိသော သွားငုတ်တုတ်ကလေးများ ပေါ်အောင် ပြုံးကာရယ်ကာနှင့် ပြောင်လှောင်ကျီစယ်ယင်း တပည့်တပန်း တို့အား ခင်မင်ရင်းနှီးစွာ ပညာ ဖြန့်ဝေပေးတတ်သဖြင့် ဆိုင်း လောကတွင် ဆရာကြီး၏ တပည့်တပန်းတို့ကား လက်ည|ိုး ထိုးမလွဲအောင် ပေါများလှသည်။ ဆရာကြီး ဦးဟန်ပသည် မိမိ ဝါသနာပါ၍ လေးစားမြတ်နိုးသော တာဝန်ဝတ်တရားများကို ဇရာထောင်းလာသောအခါ မိမိ၏ အခြေအနေကို မငဲ့ပဲ ဆောင်ရွက်ပေးနေခဲ့ရာ ၁၃၂၈ ခုနှစ် ပထမဝါဆို လပြည့်ကျော် ၁၂ ရက်နေ့ (၁၄-၇-၆၆)တွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)