မာတိကာသို့ ခုန်သွားရန်

ဇာတ်ပွဲဇာတ်ရုံ

ဝီကီပီးဒီးယား မှ

ဇာတ်၊ အငြိမ့်၊ ရုပ်သေး၊ ယိမ်းစသည်တို့အပြင်၊ မျက် လှည့်ပြခြင်း၊ လက်ဝှေ့ထိုးခြင်း စသည်တို့ကို ပြသခြင်းကိုခြုံ၍ ပွဲဟုခေါ်သည်။ ထိုပွဲသဘင်များကျင်းပရာနေရာကို ယေဘုယျ အားဖြင့် ပွဲရုံ၊ ဇာတ်ရုံဟု ခေါ်လေသည်။

ဇာတ်ရုံတို့၏ တိုးတက်ဖြစ်ထွန်းလာပုံအစဉ်ကို ပြဆိုလို လျှင် ဂရိနှင့် ရောမခေတ်တို့တွင် ထွန်းကားခဲ့သော ဇာတ်ပွဲ ဇာတ်ရုံများမှ အစပြု၍ ပြဆိုရပေမည်။ ဂရိဇာတ်ပွဲများသည် မူလက ရှေးမြန်မာပွဲသဘင်များ ဆင်ယင်ကျင်းပကြဘိသကဲ့သို့ မြေဝိုင်းဇာတ်မှ တစ်ဆင့်တစ်ဆင့် တိုးတက်ပြုပြင်ပြောင်းလဲလာ ကြသည်။ ရှေးဂရိဇာတ်ပွဲတို့တွင် ဇာတ်ရုံဟု အမိုးအကာနှင့် ကျနစွာ ဆောက်လုပ်ထားခြင်းမရှိချေ။ တောင်ကုန်းနှင့်နီးသော မြေကွက် လပ်တစ်ခုတွင် နေရာယူ၍ ဇာတ်ခင်းပြသကြသည်။ တောင်ကုန်းဘေးတွင် ပွဲကြည့်ပရိသတ်တို့ ထိုင်စရာ ခုံတန်း များကို အဆင့်ဆင့်တည်ဆောက်ကြသည်။ ဇာတ်ပွဲကျင်းပရာ နေရာတို့မှာ များသောအားဖြင့် လူဦးရေ ထောင်ပေါင်းများစွာ ဆံ့သောနေရာများဖြစ်သည်။ ဇာတ်ပွဲ၌ပါဝင် ကပြသူများသည် ပရိသတ်၏ ရှေ့တွင် စက်ဝိုင်းသဏ္ဌာန် သတ်မှတ်ထားသော အော်ကက်စထရာခေါ် နေရာတွင် ကပြရသည်။ ထိုစက်ဝိုင်း၏ နောက်၌မူ ဆယ်ပေခန့်မြင့်သော ဇာတ်ခုံရှိသည်။ ဇာတ်ခုံ၏ နောက်ပိုင်း၌ ဇာတ်တွင်ပါဝင်ကပြသူတို့သည် အင်္ကျီအဝတ် အစားဆင်ယင်ကြသည်။ ကပြသူတို့အဖို့ မျက်နှာဖုံးသည် အဝတ်အစားကဲ့သို့ အရေးပါအရာရောက်ပေသည်။ မျက်နှာ ဖုံးများမှာ အဝေးမှကြည့်သော ပရိသတ်အတွက် မျက်နှာပုံပန်း ထင်ရှားစေရန် ရည်ရွယ်သော သဘောပါသည်။ မျက်နှာဖုံး နှင့်ကပြသူတို့ သီဆိုသည့်အခါ၊ သီဆိုလိုက်သော အသံကို အဝေးမှပရိသတ်တို့ကြားနိုင်စေရန်၊ မျက်နှာဖုံးကို အသံဟိန်း အောင် စီမံပြုလုပ်ထားရသည်

ဂရိဇာတ်ပွဲများကို နေ့အခါ၌သာ ကပြသဖြင့် အလင်း ရောင်ရရန် စီမံဘို့မလိုပေ။ အခန်း(မြင်ကွင်း)များကိုလည်း ပြောင်းလဲခြင်းမရှိလှဘဲ၊ ဇာတ်ရုံတွင်လည်း ကားလိပ်ကားချပ် များ မရှိချေ။ မိုးချုန်းသံကို ဖန်တီးပေးရန်၎င်း၊ ကပြသူတို့ ကောင်းကင်၌ ပျံဝဲပုံကို ကပြနိုင်စေရန်၎င်း စက်ကရိယာနှင့် ကောင်းကင်ကြိုးများကို စက်မောင်းတစ်ခုဖြင့် အရံသင့်ထားရှိရ သည်။ ကပြသူအားလုံးမှာလည်း ယောက်ျားချည်းဖြစ်၍၊ မိန်းမ ခန်းများ အတွက်မူ လူငယ်များကို မိန်းမသဏ္ဌာန်ကပြစေကြ လေသည်။

ရောမလူမျိုးတို့၏ဇာတ်ရုံများမှာ ဂရိတို့ဇာတ်ရုံကို အတုယူ လျက် မွမ်းမံဆောက်လုပ်ထားသော ဇာတ်ရုံများဖြစ်၏။ ရောမ တို့သည် ထိုင်ခုံများကို တောင်စောင်းတွင်မထားဘဲ၊ လှေကား ထစ်များကဲ့သို့ ဆင့်ကဲဆင့်ကဲ အတန်းများပြုလုပ်ထားလေသည်။ အော်ကက်စထရာနေရာကို ကပြရန်အတွက် အသုံးအပြုဘဲ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များထိုင်ရာခုံများအဖြစ် ပြုလုပ်ထား၏။ ဇာတ်စင်ကိုလည်း နှိမ်၍ ပိုမိုကျယ်ဝန်းလာအောင် စီမံလေ သည်။

အနောက်နိုင်ငံတို့တွင် ၁၇ နှင့် ၁၈ ရာစုနှစ်အတွင်း ပြဇာတ်များအတွက် အခမ်းအနားအခင်းအကျင်းကို အရေးပေး လာကြသည်။ ထိုကြောင့် ဇာတ်ရုံများ၏ အခင်းအကျင်းမှာ အထူးတိုးတက်လာပေသည်။ အီတလီနိုင်ငံ အော်ပရာဇာတ်ရုံ များမှာ အခင်းအကျင်းဖက်၌ အထူးတိုးတက်လာတော့၏။ ၁၉ ရာစုနှစ်အတွင်း၌ မီလန်နှင့် နေပယ်မြို့များရှိ ပြဇာတ်ရုံများကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ခဲ့လေသည်။ အီတလီနိုင်ငံကို အတုယူလျက် ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလိပ်၊ အမေရိကန်နိုင်ငံ များကလည်း ကြီးကျယ်ခမ်းနားသော ဇာတ်ရုံများကို ဆောက် လုပ်လာကြ၏။

ယင်းသို့ဖြင့် တစ်စတစ်စတိုးတက်လာခဲ့ရာ၊ ယခုအခါ အနောက် နိုင်ငံရှိ ဇာတ်ရုံများတွင် အခမ်းအနား အပြင်အဆင် အခင်းအကျင်းတို့မှာ များစွာထည်ဝါခန့်ညားလာတော့၏။ အင်္ဂလန်ပြည်တွင် ၁၅၇၆ ခုနှစ်တွင် ဂျိမ်း ဗားဗေ့ဆိုသူ ဆောက်ခဲ့သော ပထမဦးဆုံးဇာတ်ရုံနှင့် ရွိုင်ယယ် အော်ပရာ ဟောက်စ (တော်ဝင်ပြဇာတ်ရုံ)ခေါ် လန်ဒန်ဇာတ်ရုံကြီးတို့ကို ၎င်း၊ ၁၇၆၆ ခုနှစ်တွင် ဖိလဒဲဖီးယားမြို့၌ ဆောက်ခဲ့သော အမေရိကန်ပြည်ထာင်စု၏ ပထမဦးဆုံး အတည်တကျဇာတ်ရုံ နှင့် ယနေ့အမေရိကန်ပြည်ထောင်စုရှိ ဇာတ်ရုံတို့၏ အခြေအနေ များကို၎င်း နှိုင်းယှဉ်ကြည့်လျှင် သိသာထင်ရှားပေမည်။ ယခု ခေတ် ဇာတ်ရုံများရှိ ဇာတ်စင်များကို လျှပ်စစ်ဓာတ်အားဖြင့် နှိမ့်နိုင်မြှင့်နိုင်၏။ အခန်းအပြောင်းအလဲများတွင်လည်း ဆလိုက် မီးအမျိုးမျိုးကို လိုသလိုထိုးပေးနိုင်၏။ ပွဲကြည့်ပရိသတ်အတွက် လည်း အေးချမ်းသာယာစွာကြည့်နိုင်ရန် ခေတ်မှီသောစနစ်ဖြင့် ဆောက်လုပ်ထားလေသည်။ ထိုင်ခုံများကိုလည်း ဆိုဖာကြီးများ အထိဖြစ်လာအောင် ပြုပြင်ခဲ့ကြ၏။ ပရိသတ်အအေးဓာတ်ရရန် လေရဟတ်များကိုပင် မသုံးတော့ဘဲ၊ ရုံတွင်း၌ အအေးအပူဓာတ် ပေးထားသည်ထိ တိုးတက်လာပေသည်။

ယခုခေတ်ရှိ ဇာတ်ရုံတရုံတွင် အဓိကနေရာနှစ်မျိုးရှိသည်။ ကပြသူများအတွက် ဇာတ်စင်နှင့် ပွဲကြည့်သူတို့အတွက် နေရာ တို့ဖြစ်၏။ ပွဲကြည့်သူတို့၏နေရာမှာ ကျယ်ဝန်း၏။ ဇာတ်စင် ကို ကောင်းစွာမြင်နိုင်ရန် ထိုင်ခုံများတန်းစီထားသည့် ကြမ်းပြင် ကိုလည်း ဆင်ခြေလျှော ပြုလုပ်ထားလေသည်။ ဇာတ်ရုံဝတွင် လက်မှတ်ရောင်းရာဌာနရှိ၏။ ပွဲကြည့်ပရိသတ်၏ ရှေ့တည့် တည့်တွင် ဇာတ်စင်ရှိလေသည်။ ယင်းမှာ စင်မြင့်ကလေးဖြစ်၍ ပရိသတ်ဖက်သို့ မျက်နှာပြုထား၏။ ဇာတ်စင်ပေါ်တွင်ကားလိပ် များ ဆွဲချိတ်ထားလေသည်။ စင်၏ဘေးနှစ်ဖက်၌ ပန်းချီအရုပ် ကားများကို အလှအပအဖြစ် ဆွဲချိတ်ထား၏။ ဇာတ်စင်၏ နောက်ဘက်တွင် ဇာတ်တွင်ပါဝင်ကပြသူများ အဝတ်လဲခန်းနှင့် ပစ္စည်းထားခန်းများ ရှိလေသည်။ တူရိယာသမားများကမူ ဇာတ်စင်နှင့် ပရိသတ်အကြားတွင် နေရလေသည်။ အနောက်နိုင်ငံဇာတ်ရုံများ အဆင့်ဆင့်တိုးတက်လာမှုကို တွေ့မြင်ရပြီးနောက်၊ မြန်မာနိုင်ငံ၏ ဇာတ်ပွဲ ဇာတ်ရုံသမိုင်းကို လေ့လာရပေမည်။ ရွှေဘုံနိဒါန်းတွ်င် မြန်မာဘုရင်များ၏ နန်း တွင်အဆောင်အယောင်များ နှင့်ပတ်သက်၍ ဖော်ပြရာ၌ သဘင် နန်းဆောင်အကြောင်းကို ဖော်ပြထားသည်ကိုတွေ့ရ၏။ ယင်း သဘင်နန်းသည် အနောက်အတွင်းတော်တွင် ပွဲသဘင်ခံလျှင် ရှုတော်မူရာဖြစ်ပေသည်။ ဤသဘင်နန်းဆောင်၏ အပြင်ဘက် တွင် ဇာတ်ရုံတော်ကြီးလည်း ရှိလေသည်။ ထိုနန်းတွင်း ဇာတ်ရုံ များတွင် ဇာတ်စင်များရှိနှင့်ပြီးဖြစ်၍၊ ယင်းတို့ မည်သည့်ခေတ် လောက်ကစ၍ ပေါ်ပေါက်လာသည်ကိုမူ အတိအကျ မသိရပေ။ သို့သော် သဘင်ဝန်ဦးနု၏အလိုအရ မြန်မာတို့တွင် ပြောစမှတ် စကားတစ်ခုရှိသည်ဟု ဆို၏။ ဇာတ်ကို အနိမ့်သဘင်ခေါ်၍၊ ရုပ်သေးကို အမြင့်သဘင်ခေါ်သည်။ ထိုအနိမ့်သဘင်ကသော ဇာတ်သမားများသည် ရုပ်သေးစင်ပေါ်တက်၍ ကပြလျှင်၊ ပတ်မသံသည် ရင်ပတ်ကိုလာ၍ ဆောင့်သည်ဟု ပြောစမှတ် ရှိသည်။ ထိုပြောစမှတ်စကားကိုထောက်လျှင်၊ ဇာတ်စင်များ သည် ရုပ်သေးစင် (ဝါ) ရုပ်စုံစင်များ၏ နောက်မှပေါ်ပေါက် သည်ဟု ယူဆရချိမ့်မည်။ သဘင်ဝန်ဦးနု၏အလိုအရ၊ ရုပ်သေး မှာ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် သဘင် ဝန်ဦးသော်နှင့် မြဝတီမင်းကြီး၏ အစီအမံတို့ဖြင့် တိုးတက် ထွန်းကားလာခဲ့ရသည်ဟု ဆိုလေသည်။


ရုပ်စုံစင်မှာ မျက်နှာစာ ၇ ပင် ၆ ခန်း၊ ၅ တောင်ခန်း ပန္နက်ချ၊ နောက်က ၅ ပင် ၄ ခန်းဖြစ်၏။ ရှေ့ပန္နက်နှင့် နောက်ပန္နက်အကွာအဝေးမှာ အတောင် ၂ဝ ရှိရသည်။ ဘေးနှစ် ဘက်မှာ ရှေ့မျက်နှာစာထောင့်နှင့် နောက်တိုင်ထောင့်ကို ရှူး သွားရ၏။ စင်၏အမြင့်ကို ပရိသတ်ကြည့်ရှုကောင်းစေရန် ရှေ့နိမ့်နောက်မြင့်ထားသည်။ နောက်ဘက်အမြင့်မှ လေးတောင် ရှိ၍၊ ရှေ့ဘက်တွင် သုံးတောင်ထွာအမြင့်ထား၏။ ရှေ့မျက်နှာစာ မှ နှစ်တောင်အကွာတွင် လက်ရန်းတိုင်များ နှစ်ပိုင်းခွဲစိုက်ထား သည်။ ထိုနှစ်ပိုင်း၏ လက်ရန်းတိုင်ထိပ်တိုင် တစ်ခုနှင့်တစ်ခု အကွာအဝေးကို နှစ်တောင်ခြားထား၏။ ထိုလက်ရန်းတွင် ကန့် လန့်ကာများကို လကျာ်းဘက်ကန့်လန့်ကာက လက်ဝဲဘက်တိုင် ထိပ်ကိုဖုံးအောင် ကာထားသည်။ လက်နှစ်ခုကြားကအပေါက်ကို မင်းပေါက်ဟု ခေါ်သည်။ ထိုမင်းပေါက်ရှေ့တည့်တည့်တွင် လှေ ကားတပ်ထားရာ၊ ထိုလှေခါးကို တော်ကောက်သောအကြီးအကဲ များသာ အသုံးပြုရသည်။ ဝဲဘက်သမားများမှာ ဝဲဘက်မှ ခုံခု၍ တက်ရ၏။ ယာဘက်သမားများမှာ ယာဘက်မှခုံခု၍တက်ရ၏။ ရုပ်စုံများကိုလည်း လက်ဝဲရုပ်စုံကို လက်ဝဲသေတ္တာမှထုတ်၍၊ လက်ဝဲဘက်တွင် ချိတ်ရပြီးလျှင်၊ လကျာ်ဖက်သေတ္တာမှ လကျာ် ရုပ်ကိုထုတ်၍ လကျာ်ဘက်တွင် ချိတ်ရလေသည်။ ရုပ်စုံစင်၏ ထောင့်နှစ်ထောင့်တွင် ရာဇမတ်တစ်ခုစီကာရ၏။ သိုင်းလေး လက် ဘွဲ့ဖြူချီလျက်၊ ကျည်တောက်နှင့် ရုပ်စုံစင်၏ အရှေ့တိုင် မှ ချီစိုက်ရသည်။ စင်မှာ ကြာယပ် ၂ ထပ် ဆွဲထားလေသည်။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် နန်းတွင်ဇာတ်ရုံတို့၏ အခြေအနေမှာ တစ်စတစ်စ ပြုပြင်ပြောင်းလဲ တိုးတက်ကောင်း မွန်လာခဲ့လေသည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးစိုးစံရာ မန္တလေးမြို့ရှိ နန်းတော်တွင်း အဆောင်အယောင် အခမ်းအနား များကိုထောက်ရှု၍၎င်း၊ ဘုရင့်ဆွေတော်မျိုးတော်တို့၏ ပြောပြ ချက်အရ၎င်း နန်းတွင်းဇာတ်ရုံတော်ကြီးများတွင် ကားလိပ်ကား ဆွဲခမ်းနားပုံ၊ စက်ကြိုးယန္တရားများ တပ်ဆင်ထားပုံတို့ကို သိရ ပေသည်။ ကုန်းဘောင်ခေတ် နောက်ဆုံးလောက်တွင် မီးမောင်း များပင် ထိုး၍ကပြခဲ့သည်ဟူ၍လည်း အဆိုရှိသည်၊ နန်းတွင်းပြ သည့် ရာမဇာတ်တော်ကြီးတွင် မယ်သီတာကို ဒဿဂီရိခိုးခန်း၌ စက်ကြိုးယန္တရားတပ်ဆင်သည့် ပန်းရထားပုံနှင့် တင်ဆောင်ခိုး သွားခြင်း၊ သုကျိတ်ဗာလီတို့ အခန်းတွင် ကျောက်ဂူတောင် ခေါင်းကို ဖြိုခွဲရာ၌ ဖောက်ကား ခွဲကားများကို ခလုတ်ဆင်၍ သုံးစွဲခြင်း၊ မြေလျှိုးပေါ်လာခြင်း စသည်တို့ကိုပင် ပြသလာခဲ့ သည်ဟုလည်း ဆိုကြ၏။

ယင်းသို့ နန်းတွင်းရှိ ဇာတ်ပွဲ ဇာတ်ရုံတို့မှာ တစ်စတစ်စ တိုးတက်လာသည့်တိုင်အောင် တစ်နိုင်ငံလုံးခြုံ၍ကြည့်လျှင်၊ ခရိုင်မြို့နယ်တို့မှာ မြေဝိုင်းဇာတ်သဘင်နှင့်သာ ရောင့်ရဲတင်း တိမ်နေသည်ကို တွေ့ရ၏။ မြေဝိုင်းဇာတ်ကို မြေသလင်းပြောင် ပြောင် ကွင်းပြင်ကျယ်ကျယ်တွင်ဖြစ်စေ၊ လယ်များရိတ်ပြီးချိန်၌ လယ်ကွင်းပြင်၌ဖြစ်စေ ကပြလေ့ရှိသည်။ မြေဝိုင်းဇာတ်၏ အဆင်အပြင်မှာ မြေပေါ်တွင် ဖျာကြမ်းများခင်းထား၏။ ထိုဖျာ ကြမ်းများ၏ ရှေ့ပိုင်း သုံးပုံနှစ်ပုံခန့်ကို ကပြရန်နေရာ သတ် မှတ်ထားလေသည်။ အလယ်တွင် ရေနံချေး မီးတိုင်များဝိုင်းကာ မီးထွန်းည|ိထား၏။ ထိုမီးတိုင်မှာ လူ၏ရင်ခေါင်းလောက်မြင့် သော ဝါးလုံးကို မြေတွင်စိုက်၍ ထိပ်မှ ဖွာရရာခွဲစိတ်လျက် ရေနံချေးအင်တုံငယ် ည|ပ်ထည့်ထားသည်။ ရေနံချေးအင်တုံတွင် မြိတ်ဆာ များထည့်စိမ်လျက် မီးထွန်းည|ိခြင်းဖြစ်သည်။ ကကွင်း ၏ အလယ်ကျသော တိုင်တွင် သပြေခက်များ ဆယ့်နှစ်ရာ သီကိုင်းများ စုစည်းစိုက်ထားသည်။ ဖျာနောက်ပိုင်း ကျန်နေရာ ဖြစ်သော သုံးပုံတပုံတွင် ဆိုင်းဝိုင်းများထား၏။ ဆိုင်းဝိုင်းပတ် ဝန်းကျင်တွင် မင်းသား၊ မင်းသားကြီး၊ ရှင်ဘုရင်၊ ဝန်ကြီးလက် စွဲတော် စသော ဇာတ်သမားများက တစ်ဘက်၊ ပွဲဦးထွက် အပျိုတော်၊ မင်းသမီးစသော ဇာတ်သူတို့ကတစ်ဘက် နေရာယူ ၍ ဖြီးလိမ်းပြင်ဆင် ရသည်။ အကာအကွယ်မရှိပေ။ ဆိုင်းနှင့် လူများနောက်ဖက်၌ အမြင့်လေးတောင်နှစ်မိုက်ခန့် တုတ် ၂ ချောင်း စိုက်၍၊ တိုင်ထိပ် ၂ ခုပေါ်တွင် ငုတ်တိုင်ကလေးများ ပါသော တန်းတင်ထား၏။ ထိုတန်းရှိ ငုတ်ကလေးများတွင် ဆင်ခေါင်း၊ မြင်းခေါင်း၊ ငှက်ခေါင်း၊ ဘီဘူးခေါင်းများ ချိတ် ဆွဲရသည်။ ၁၂၆ဝ ပြည့်နှစ်မတိုင်မီက ထိုခေါင်းများသာရှိသော် လည်း၊ နောက်ပိုင်းတွင် မျောက်ခေါင်း၊ ကျေးခေါင်း၊ ဂဠုန် ခေါင်း၊ ဆင်ခေါင်း၊ ကျားခေါင်း၊ နဂါးခေါင်းတို့ပါထည့်သွင်း လာလေသည်။ စိုက်ထားသော တိုင် ၂ ခု၏ အလယ်တွင် ငုတ် ၂ ဖက် စိုက်၍ ဓားများ၊ လေးများ၊ ကြိမ်လုံးများ စသည် တို့ကို ကန့်လန့်တင်ထား၏။ ဇာတ်ကမည့် မျက်နှာစာဖျာပေါ်၌ ဆိုင်းဝိုင်းအနီးမှပယ်၍၊ ဇာတ်သေတ္တာကြီးတစ်ခုချထားသည်။ ထိုသေတ္တာကြီးမှာ မြေဝိုင်းဇာတ်သဘင်တွင် အသွင်အမျိုးမျိုး ဆောင်ရာဖြစ်သည်။ ရှင်ဘုရင်ထိုင်လျှင် ရာဇပလ္လင်ဖြစ်၏။ ရသေ့ရဟန်းထိုင်လျှင် ကျောင်းသင်္ခမ်းဖြစ်၏။ သူဌေးထိုင်လျှင် တိုက်အိမ်ကြီးဖြစ်၍၊ မင်းသမီးထိုင်လျှင် တပင်တိုင်မြနန်းဖြစ် ကာ၊ သိကြားမင်းထိုင်လျှင် ဝေဇယန္တာနတ်နန်းဟု အမှတ်သညာ ပြုရသည်။ မြေဝိုင်းဇာတ်တွင် အပြင်အဆင် အခမ်းအနားများ ထူးထူးခြားခြား မရှိသော်လည်း၊ ဇာတ်ကောင်တို့၏ သရုပ်အမူ အရာဖြင့် လိုရာပုံကို ကြည့်သူပရိသတ်တွင် ထင်မြင်ယုံကြည် လာစေနိုင်ပေသည်။

ထိုမှတစ်ဆင့် ရေနံချေးမီးခွက်များအစား လသာမှန်အိမ် များနှင့် သားနားလာ၏။ ထိုခေတ်တွင်ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများတွင် လူထုကြည့်ရန် လသာမှန်အိမ်နှင့် ဇာတ်ခုံမြင့် များ၊ တောကားမြို့ကား၊ နန်းတော်ကား စသည့် ကားလိပ်၊ ၃၊ ၄ ကားနှင့် ဇာတ်ပွဲဇာတ်ရုံများပေါ်ပေါက် တိုးတက်လာလေ သည်။ ပထမဦဆုံး ဇာတ်စင်ဇာတ်ခုံထိုး၍ ကပြသောမင်းသား မှာ ဦးဘဆင်ဖြစ်သည်ဟု ပြောကြ၏။ ဇာတ်ခုံဇာတ်စင် ဆောက်လုပ်ပုံမှ ရုပ်သေးစင်ကဲ့သို့ စင်မြင့်ပင်ဖြစ်သော်လည်း၊ အမြင့်အားဖြင့် နှစ်တောင်သာမြင့်သည်။ ဆိုင်းဝိုင်းနှင့်အညီ ရှိစေရန် ဖြစ်၏။ အမိုးမှာ အမြင့် ၁၂ တောင်၊ အလျားအနံ စတုရန်း ၁၂ တောင်အကျယ်အမိုးကာ၍ ဇာတ်ခုံထိုးသည်။ ဇာတ်အဖွဲ့ဝင်များနေထိုင်ပြင်ဆင်ရန် ၇ တောင်အကျယ်ကို ဇာတ်ခုံတွင် စွယ်ချမိုးကာ ထားရှိလေသည်။ ဤဇာတ်စင်များမှာ မူလက လဟာပြင်ဇာတ်စင်များပင်ဖြစ်၏။

ဇာတ်ခုံဇာတ်စင်ပေါ်၌ အစပထမက လက်ဖက်ရည်ကားဟု ခေါ်သော ပန်းချီထည်ကားကို တပ်ဆင်ကာ ပြင်ဆင်ထားလေ သည်။ ထိုလက်ဖက်ရည်ကားမှာ လိပ်၍ဆွဲတင်ရသော ကား မဟုတ်ပေ။ မူသေထားသော ကားတကားသာ ဖြစ်သည်။ ထို နောက်မှ လိပ်ကားဆွဲကားများဖြစ်လာသည်။ မူလက လက်ဖက် ရည်ကားတွင် ကျုံး၊ မြို့ရိုးပုံများကိုရေး၏။ ထိုနောက် မြိုင်ထ နှစ်ပါးသွားအတွက် တောကား တောင်ကားများရေးလာ၏။ ထိုနောက် ထီးနန်းဆိုင်ရာ ရာဇပလ္လင်ကားများကို ရေးသားလာ ကြလေသည်။ ဤသို့အားဖြင့် ဇာတ်ခုံဇာတ်စင်၏ အဆင်အပြင် များမှာ တစ်စတစ်စတိုးတက်ပြောင်းလဲလာ၏။

ယင်းသို့ တိုးတက်လာသည့် နောက်ပိုင်း၌ ဇာတ်များကို ရုံပွဲသွင်း၍ ကပြသည့်အလေ့ ပေါ်လာ၏။ ဦးဖိုးစိန်သည် ရှေးဦး စွာ ရုံပွဲကို မန္တလေးမြို့ အိမ်တော်ရာဘုရားအနီး ဘုရားငုတ်တို အတွင်း ဖျာရိုင်စသည်ကာ၍ ကပြခဲ့လေသည်။ ထိုသို့ ရုံပွဲသွင်း သည့်အလေ့အပေါ်လာသည့်အတွက် အမြို့မြို့အရွာရွာတွင် ဇာတ်ပွဲဇာတ်ရုံ များဆောက်လုပ်ကာ ရုံပွဲသွင်းလာလေသည်။ ထိုသို့ဇာတ်ရုံများ နိုင်ငံအတွင်း ဆောက်လုပ်လာခဲ့သည့် အချိန်တွင် မြန်မာဇာတ်သဘင်အဆင့်အတန်းကို တိုးချဲ့လိုသော ဇာတ်မင်းသားဦးဖိုးစိန်သည် အိန္ဒိယသို့သွားခဲ့၏။ အိန္ဒိယသို့ ရောက်သည်တွင် ရွက်ထည်ရုံကြီးများကို တွေ့မြင်ရသဖြင့် နှစ် သက်သဘောကျကာ မဒရပ်မြို့မှ ရွက်ထည်ရုံတရုံအတွက် ငွေ ၃၈ဝဝ ကျပ်ပေး၍ မှာယူခဲ့၏။ မန္တလေးမြို့ ရွှေတိုက်ဝင်း အတွင်း၌ ပထမအစပြု၍ ရွက်ထည်ရုံဖြင့် ပွဲကပြလေသည်။ ထိုနောက် မြန်မာနိုင်ငံအနှံ့အပြား ဦးဖိုးစိန်ကပြရာ နေရာတို့၌ ထိုရွက်ထည်ရုံကြီးကို ထိုး၍ ကပြသည်ကို တွေ့နိုင်ပေသည်။ ထိုသို့ မြန်မာ့ဇာတ်ပွဲဇာတ်ရုံခေတ်သည် တစ်စတစ်စတိုး တက်လာခဲ့ရာ၊ ယခုအခါ ဇာတ်ရုံကြီးများ၏ အခမ်းအနား အပြင်အဆင်များမှာ ကမ္ဘာ့အရပ်ရပ်မှ ဇာတ်ပွဲဇာတ်ရုံများကို အတုယူလျက် ဆင်ပြင်ထားရှိကြပေသည်။ ဆုံလည်စသော ဇာတ်စင်နှင့် ဇာတ်ခုံတို့မှာလည်း တိုးတက်လျက် အနောက် နိုင်ငံဇာတ်ခုံများ၏ အဆင့်အတန်းကိုမှီလျက်ရှိ၏။ ဇာတ်ခုံတွင် လည်း ပန်းချီကားများ ဆန်းကြယ်စွာတီထွင်ခြယ်လှယ်လာကြ ၏။ မိုးရွာဟန် လေကြီးမိုးကြီးကျဟန်၊ မီးလောင်ဟန်များကို လည်း ပြုပြင်ဖန်တီးလာနိုင်ကြ၏။ သို့သော် မြန်မာနိုင်ငံအရပ် ရပ်၌ အမြဲတမ်းဆောက်လုပ်ထားသော ဇာတ်ပွဲဇာတ်ရုံများကား ရှားလှသည်။ မြို့ကြီးများတွင်သာရှိပေသည်။ စစ်ပြီးခေတ်တွင် ဇာတ်ရုံများထက် ရုပ်ရှင်ရုံများက ပို၍တိုးတက် များပြားလာ သည်ကို တွေ့ရ၏။ ယခုအခါ မြန်မာနိုင်ငံ မြို့တိုင်းလိုလို၌ ရုပ်ရှင်ရုံများရှိလာပေသည်။ မြန်မာဇာတ်ပွဲများနှင့် ပြဇာတ်များ ကိုကပြရာ၌ ထိုရုပ်ရှင်ရုံရှိ ဇာတ်စင်ကိုပင် ပြန်လည်ပြုပြင်၍ အသုံးချကြရသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)