အိုးစည်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

အိုးစည်မှာ ပြည်သူနှင့် အနီးကပ်ဆုံး တူရိယာဖြစ်သည်။ ရှေးခေတ်က စောင်းငြှင်းမိကျောင်း(တူရိယာ) စသည်တို့မှာ နန်းတော်သုံး တူရိယာများဖြစ်ကြသည်။ လယ်သမား၊ အလုပ်သမားသုံး တူရိယာမှာ အိုးစည်ပင် ဖြစ်သည်။ သို့သော် ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်၌ အတွင်းတော်တွင် အိုးစည်အကများ ခေတ်စားခဲ့၍ ရှေ့တော်ပြေးအိုးစည်၊ သမီးတော်အိုးစည်၊ နန်းမတော်အိုးစည် စသည်ဖြင့် ခွဲခြားထားလေသည်။ အတွင်းတော်သုံး အိုးစည်အဆောင်အယောင်တို့မှာ လက်တံတွင် ရွှေပိန်းချလျက် အိုးစည်နှုတ်ခမ်းတွင် မှန်စီရွှေချရသည်။ အိုးစည်၏ မျက်နှာဝကို ကတ္တီပါ ကြာယပ်တို့ဖြင့် ဆင်ယင်ရသည်ဟု မှတ်တမ်းများ တွေ့ရှိရသဖြင့် အိုးစည်သည် နန်းသုံးတော်ဝင်လည်း ဖြစ်ကြောင်းသိရသည်။ မြန်မာဘုရင်များ လက်ထက်တွင် နန်းတွင်းသုံးအိုးစည်နှင့် ကျေးလက်သုံးအိုးစည်ဟု နှစ်မျိုးရှိခဲ့ဖူးသည်။

အိုးစည်၏ တီးချက်၊ တီးကွက်၊ တီးလက်များကို လိုက်၍ အိုးစည်သီချင်း၊ အိုးစည်အကများ ထွန်းကား ပေါ်ပေါက်ခဲ့သည်။ အိုးစည်မှာ သမိုင်းမတင်မှီခေတ်ကပင် ပေါ်ပေါက်ခဲ့သည်ဟု ပညာရှင်တို့က ယူဆကြသည်။ မြန်မာတို့နှင့်ဆက်နွယ်နေသော တိုင်းရင်းသားလူမျိုးများဖြစ်သည့် ရှမ်း၊ဓနုကချင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တောင်ပိုင်းဒေသရှိ အချို့တိုင်းရင်းသားတို့လည်း အိုးစည်တီးခတ်သည်ကိုတွေ့ရှိရသည်။ ရှမ်းလူမျိုးတို့၏အိုးစည်မှာ အလွန်ရှည်လျားပြီး ရှမ်းအိုးစည်ဟုခေါ်ကာ ရှမ်းလူမျိုးတို့၏ အမှတ်သင်္ကေတအဖြစ် တည်ရှိသည်။ [၁]

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေမှာ ရိုးရာတူရိယာများ ရှိကြပါတယ်။ ထင်ရှားတဲ့ တူရိယာကတော့ အိုးစည် ဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေမှာ အလှူမင်္ဂလာ ကျင်းပကြတဲ့အခါ မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ရွှင်စွာ တီးခတ်ကြပါတယ်။

ကချင်တိုင်းရင်းသားတွေရဲ့ မနောပွဲတော်၊ ကောက်သစ်စားပွဲတော် ရိုးရာပွဲတွေမှာ ကချင်အိုးစည်နဲ့ အကများ တွဲဖက် ဆင်နွှဲလေ့ ရှိပါတယ်။

ပအို့ဝ်၊ ပလောင်၊ အင်း၊ ဓနု တိုင်းရင်းသားတွေမှာလည်း ရိုးရာပွဲတော်၊ အလှူပွဲများ ကျင်းပတဲ့အခါ ပျော်ရွှင်စွာ သီချင်းတွေ ဟစ်ကြေးွကာ အိုးစည် သံစဉ်အလိုက် ကခုန်ကြပါတယ်။ သူတို့ရဲ့ အိုးစည်ပုံ သဏ္ဌာန်မှာ ဗမာ တိုင်းရင်းသား အိုးစည်ပုံစံမျိုးဖြစ်ပြီး မျက်နှာ၀ ကျယ်ပါတယ်။ ရှမ်းတိုင်းရင်းသား တွေမှာလည်း ရိုးရာပွဲတော်၊ အလှူပွဲတော်တွေမှာ အိုးစည်သံတွေ ဝေနေတတ်ပါတယ်။ အိုးစည်နဲ့ တွဲဖက်ပြီး ကိန္နရီကိန္နရာအက၊ တိုးနယားအက၊ ဓားသိုင်းအကတွေဟာ ထင်ရှား ကျော်ကြားလှပါတယ်။ ရှမ်းအိုးစည်မှာ ကိုယ်ထည် ရှည်လျားပါတယ်။

ဗမာတိုင်းရင်းသားတို့ အိုးစည်မှာ ကိုယ်ထည်ပိုင်းကို မှန်စီရွှေချ ပြုလုပ်ပြီး အလှဆင်ထားပါတယ်။ ဘုရားပွဲတော်၊ ရိုးရာပွဲလမ်းသဘင် အလှူပွဲများတွင် အိုးစည်၊ ပလွေ၊ လင်းကွင်း၊ ဝါးလက်ခုပ်များနဲ့ အပြိုင် တီးခတ်ကာ ပျော်ရွှင်စွာ မြူးကြွစွာ ကခုန်လေ့ ရှိပါတယ်။

အိုးစည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်ကတည်းက ပေါ်ထွန်းလာခဲ့ပြီး အာတတ တစ်ဖက်ညာပိတ်ပြီး ဘယ်ဖွင့်သောစည်နဲ့ ဝိတတ တစ်ဖက်ဘယ်ပိတ် ညာဖွင့်သောစည် အမျိုးအစားထဲမှာ ပါဝင်လျက် ရှိပါတယ်။ ပုဂံခေတ်က အိုးစည်မှာ ခပ်သေးသေး ပုံစံမျိုးဖြစ်ပြီး ခေတ်ကာလ ပြောင်းလဲသွားသည်နှင့်အညီ တဖြည်းဖြည်း ပုံစံအမျိုးမျိုး ပြောင်းလဲသွားသည်ကိုလည်း မြင်တွေ့လာရပါတယ်။

ယနေ့ခေတ် မြင်တွေ့နေရတဲ့ အိုးစည်တွေက ကုန်ဘောင်းခေတ်မှာ အသုံးပြုခဲ့တဲ့ အိုးစည်တွေနဲ့ ပုံစံများစွာ တူညီတာကိုလည်း တွေ့မြင်လာရပါတယ်။ ရှေးယခင် ခေတ်အဆက်ဆက်က အိုးစည်ကို ကျေးလက် တောရွာများမှာ အများဆုံး အသုံးပြုခြင်း ဖြစ်ပါတယ်။ သမိုင်းမတိုင်မီ ခေတ်အခါကတည်းက ပေါ်ပေါက်ခဲ့တဲ့ အိုးစည်က တောင်သူ လယ်သမား ကျေးလက်ပြည်သူတွေ တီးခတ်လေ့ရှိတဲ့ တူရိယာတစ်ခု ဖြစ်တဲ့အတွက် အိုးစည်ရဲ့ စည်းချက်တွေကို အကြောင်းပြုပြီးတော့ အိုးစည်သီချင်း၊ အိုးစည်အကတွေလည်း အမျိုးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။အိုးစည်ဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု သားရေတူရိယာတစ်မျိုး ဖြစ်ပါတယ်။

ပုဂံခေတ် နံရံဆေးရေး ပန်းချီတွေမှာ အိုးစည်ကို ရေးဆွဲထားတာကိုလည်း မြင်တွေ့ရတဲ့အတွက် အိုးစည်တူရိယာဟာ မြန်မာ့ရိုးရာ တူရိယာတွေထဲမှာ ရှေးအကျဆုံး တူရိယာ တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။အိုးစည်ဟာ သမိုင်းမတင်မီ ခေတ်ကတည်း စတင်ပေါ်ပေါက်ခဲ့တဲ့ တူရိယာလည်း ဖြစ်ပါတယ်။

မင်းတုန်းမင်းတရားကြီး လက်ထက်က စတင်ပြီး အိုးစည်ကို ထီးသုံး၊ နန်းသုံးအဖြစ် အသုံးပြုလာခဲ့ပါတယ်။ ထီးသုံး၊ နန်းသုံး ဖြစ်လာခဲ့တဲ့ အိုးစည်ကို နှုတ်ခမ်းဝကို မှန်စီရွှေချခြင်း၊ မျက်နှာပြင်ထိပ်ကို ကတ္တီပါကြာယပ်ဖြင့် သေသေသပ်သပ် အလှဆင်ပြီး အသုံးပြုလာခဲ့ပါတယ်။ နန်းသုံးအိုးစည် ဖြစ်လာတာနဲ့အညီ သမီးတော် အိုးစည်၊ ရှေ့တော်ပြေး အိုးစည်၊ နန်းမတော် အိုးစည် စသည်ဖြင့် အမည်ကင်းပွန်း တပ်ထားပါတယ်။

ခရစ်သက္ကရာဇ် ၁၉၀၄ ခုနှစ်က အီးဂျေဘိုးလ်စတန်း ရေးသားခဲ့တဲ့ အိုးစည် အတိုင်းအတာအရ အိုးစည်ရဲ့ အလျားက ၂ ပေနဲ့ ၄လက်မ၊ မျက်နှာပြင် ရှစ်လက်မ ရှိပြီးတော့ အိုးစည်ကလေးမှာတော့ ၁ ပေနဲ့ ၃ လက်မရှိတယ်လို့ ဖော်ပြထားပါတယ်။

အိုးစည်ကို ပတ်စာကပ်ပြီး လက်နှစ်ဖက်နဲ့ တီးရတဲ့အတွက် အများအားဖြင့် ဘယ်လက်နဲ့ အသံကို အုပ်ကာတီးပြီး ညာလက်နဲ့ အသံကို လိုသလိုထွက်အောင် တီးလေ့ရှိပါတယ်။ အိုးစည်တီးနည်းတွေကတော့ ဘယ်စောင်း၊ ညာစောင်း ခတ်တီးနည်း၊ ဘယ်တည့် ညာတည့် ရိုက်တီးနည်း၊ ဘယ်ထူ၊ ညာထူထူ တီးနည်းနဲ့ ဘယ်ညာဖိတ်တီးနည်း စသည်ဖြင့် အိုးစည်တီးခတ်နည်း လေးမျိုး ရှိပါတယ်။

အိုးစည် တီးခတ်ရာမှာ အိုးစည်ကို ဘယ်စောင်း၊ ညာစောင်း တီးခတ်ရင် “တပ်ဗရန်း” အသံထွက်လေ့ ရှိပါတယ်။ ဘယ်တည့်၊ ညာတည့် ရိုက်တီးမယ်ဆိုရင် “တိုးတိုးတိုးတိုး” ဆိုတဲ့ အသံထွက်ပေါ်ပါတယ်။ ဘယ်ထူ၊ ညာထူ တီးလိုက်မယ်ဆိုရင် “ထုံထုံထုံထုံ” ဟု အသံထွက်သလို အိုးစည်ကို ဘယ်ညာပိတ် တီးမယ်ဆိုရင် “တပ်ပရပ်” ဆိုပြီး အိုးစည်သံကို ကြားရမှာပဲ ဖြစ်ပါတယ်။

အိုးစည် တီးခတ်ရာမှာ ခေါ်သံနဲ့ထုသံ ကောင်းမွန်ရန်အတွက် အိုးစည်ကောင်းဖို့ လိုအပ်ပါတယ်။ မျက်နှာဝကျဉ်းတဲ့ အိုးစည် အလုံးသေးက ခေါ်သံကို ကောင်းကောင်း အသံထွက်သော်လည်း ထုသံ မကောင်းပါ။ မျက်နှာဝကျယ်တဲ့ အိုးစည်ကြီးများက ထုသံ ကောင်းကောင်းထွက်သော်လည်း အိုးစည် အလုံးသေးလို ခေါ်သံကောင်းကောင်း မထွက်တာကိုလည်း တွေ့ရပါတယ်။

အိုးစည်ကြီးက ထုသံကောင်းပြီး အိုးစည်သေးက ခေါ်သံကောင်းကောင်း ထွက်ရှိတဲ့အတွက် ဆိုင်ဝိုင်းကြီးတွေနဲ့ တွဲဖက်တီးရာမှာ ဟန်ပြအလှတီးတဲ့ အိုးစည်ကို အသုံးမပြုတာကို တွေ့မြင်ရပါတယ်။ ဆိုင်းဝိုင်းကြီးတွေနဲ့ တွဲဖက်တီးရာမှာ အိုးစည်သံပေါ်အောင် အယိုင်တီး အိုးစည်ကို အသုံးပြုလေ့ ရှိပါတယ်။

အိုးစည်ကို ပတ်လုံးပြုလုပ်သကဲ့သို့ အိုးစည်ပြုလုပ်ရတာဖြစ်ပြီး သားရေကျက်ခြင်း၊ မျက်နှာခြစ် ဆေးဒန်းသုတ်ခြင်း၊ ပတ်စာဝိုင်း ကွင်းခြင်းနဲ့ တံဆိပ်ရိုက်ခြင်းတို့ လုပ်ဆောင်ပြီး အိုးစည်ကောင်းတစ်လုံးဖြစ်အောင် ပြုလုပ်ရပါတယ်။ ဒီအဆင့်တွေပြီးရင် အိုးစည်ကို သရိုးပန်ဖော်ခြင်းကို ပြုလုပ်ပြီး မှန်စီရွှေချကာ အလှဆင်တာကို ပြုလုပ်ရပါမယ်။

မြန်မာ့ကျေးလက် ဒေသတွေ၊ မြို့ပြအရပ် ဒေသတွေမှာ ဘုရားပွဲတွေ၊ အလှူပွဲတွေ ကျင်းပတဲ့အခါ အိုးစည်၊ ဒိုးပတ်တီးဝိုင်းနဲ့ တွဲဖက်ပြီး ကပြနေကြတာကတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပဲ ဖြစ်ပါတယ်။ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကဟာ ရိုးရာအက မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရ၀ ကျော်လောက် မြန်မာ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “တောမြိုင်စွန်းမှ လွမ်းအောင်ဖန်” အမည်ရှိတဲ့ ဇာတ်ကား ဇာတ်ဝင်ခန်းမှာ ဦးရွှေရိုးဆိုတဲ့ ဇာတ်ကောင်ဟာ တောနယ်ကနေ မြို့ပေါ်ရောက်လာပြီး အတီးအက ခွတီးခွကျပုံစံနဲ့ ပုသိမ်ထီးကိုဆောင်းပြီး တောင်ရှည်ပုဆိုးကွက်တုံး၊ ရင်ဖုံးတိုက်ပုံ ဝတ်ဆင်ကာ နှုတ်ခမ်းမွေးကားကား၊ မချိုမချဉ် မျက်နှာပေးနဲ့ အပျိုကြီး ဒေါ်မိုးကို ပိုးပန်းတဲ့ သရုပ်ဆောင်တာကို ရုပ်ရှင်ကြည့် ပရိသတ်က နှစ်သက်သဘောကျပြီး အဲဒီလို ပုံစံမျိုး ဝတ်ဆင် သရုပ်ဖော်ကပြရင်း မြန်မာ့ အိုးစည်၊ ဒိုးပတ်ဝိုင်းနဲ့ တွဲဖက်ကပြတဲ့ အက ဖြစ်လာပါတော့တယ်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)
  2. http://www.news-eleven.com/entertainment/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%8A%E1%80%B9