စိန်ဗေဒါ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
စိန်ဗေဒါ(၁၂၄၄-၁၃၀၄)
အမျိုးသား ကဇာတ်ရုံရှိ ​ရုပ်တု
ဆိုင်းဆရာကြီး စိန်ဗေဒါ

“ဆိုင်းလောကမှ တစ်ဆူတည်းသော ဘုရား” ဟု ဆိုစမတ်ပြုခံရသော ဆိုင်းဆရာကြီး စိန်ဗေဒါသည် ၁၆ နှစ်သားအရွယ်မှစ၍ ဆိုင်းပညာကို လေ့လာစည်းပူးခဲ့သည် ။ ဂီတအနုပညာပါရမီပါသော ဆိုင်းဆရာကြီးသည် ဆိုင်းတခုတည်းသာမက တခြားသော မြန်မာ တူရိယာများဖြစ်သည့် စောင်း ၊ မိကျောင်း ၊ ပတ္တလား ၊ နှဲ တို့အပြင် အနောက်တိုင်း တူရိယာများဖြစ်သော တယောဘင်ဂျိုမယ်ဒလင်လက်ဆွဲဘာဂျာကောနက် တို့ကိုလည်း ကောင်းစွာ တီးမှုတ်နိုင်သည် ။ သီချင်းဆိုလည်း ကောင်းသည် ။

ပြိုင်သူရှားသော အခြေအနေတွင် စံနေခဲ့ရသော်လည်း သူသည် မနားမနေ ဆိုင်းပညာကို လေ့ကျင့်ခဲ့၏ ။ တချို့က “... ဘယ်သူမှလည်း မပြိုင်နိုင်ပါဖူး ၊ ဒီလောက် လေ့ကျင့်နေဖို့ မလိုပါဖူး” ဟု ပြောလာသောအခါ ၊ ဆိုင်းဆရာကြီး စိန်ဗေဒါက ဤသို့ ဖြေကြားခဲ့သည် - -

“ကျုပ်က တခြားသူနဲ့ ပြိုင်ဖို့ လေ့ကျင့်တာ မဟုတ်ပါဘူး ၊ ကျုပ်ကိုယ်ကျုပ် ပြန်ပြိုင်ဖို့ လေ့ကျင့်နေတာပါ ။ မနေ့က စိန်ဗေဒါကို သည်နေ့ စိန်ဗေဒါက ချိုးနိုင်ရမယ် ။ သည်နေ့ စိန်ဗေဒါကို နက်ဖြန် စိန်ဗေဒါက ချိုးနိုင်ရမယ်ဗျ ။”

သူသည် ဂီတပညာကိုဆည်းပူးရာတွင် မည်သူ့ထံမှမဆို တောင်းခံရန် ဝန်မလေးပေ ။ လမ်းဘေး ပိုက်ဆံတောင်းစားရသော မျက်မမြင် ပတ္တလား နှင့် တယောဆရာတို့ထံမှ ဂီတပညာကို ဆည်းပူးသင်ယူခဲ့သည်ဟူ၍ အမှတ်အသားများပင် ရှိသေးသည် ။

သူသည် နိုင်ငံရပ်ခြားဖြစ်သည့် အိန္ဒိယနိုင်ငံ ဘုံဘိုင်ပြည်နယ် သို့ ပထမဦးဆုံး သွားရောက်ရခါ ၊ ရတနာဂီရိတွင် စံနေသော သီပေါမင်း၏ တိုက်သစ်တက် မင်္ဂလာပွဲတွင် တီးမှုတ်ပေးခဲ့သည် ။ နောက်တကြိမ် သီပေါမင်း၏ သမီးတော်များ နားသမင်္ဂလာပွဲတွင် စိန်ဗေဒါ ဆိုင်းအဖွဲ့၏ လက်စွမ်းကို ဘုံဘိုင် ဘုရင်ခံ ဆာဂျော့ကလပ် နှင့် အိန္ဒိယပြည်ရှိ အနောက်တိုင်း ဘင်ခရာတီးဝိုင်းသားများကပါ အံ့ဩချီးကျူးခဲ့ကြရသည် ။ အဘယ်ကြောင့်ဆိုသော် အနောက်တိုင်း ဘင်ခရာတီးဝိုင်းမှ တီးလုံးတိုင်းကို ဆိုင်းအဖွဲ့မှ နားဖြင့် မှတ်ကာ ၊ တူရိယာ သင်္ကေတများမပါဘဲ ပြန်လည် တီးပြနိုင်ခဲ့သောကြောင့် ဖြစ်သည် ။ [၁]

စိန်ဗေဒါ[ပြင်ဆင်ရန်]

'အရှေ့ကို လျှောက်ပါလို့၊ အနောက်ကိုတဲ့မျှော်လိုက်ယင်၊ တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရား လေး လေ ဘုရားကိုမြင်' အစ ရှိသော သီချင်းသံကို မြန်မာလူမျိုးတိုင်းပင် နှစ်ခြိုက်ကြသည်။ ထိုသီချင်းကို သီဆိုသူမှာ မြန်မာ့သဘင်နယ်တွင် အထူးထင်ရှား ကျော်စောခဲ့သော ရွာစားကြီး စိန်ဗေဒါပင်ဖြစ်သည်။ စိန်ဗေဒါ ကို မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ် တန်ဆောင်မုန်းလကွယ်၊ သောကြာနေ့တွင် မန္တလေးမြို့ ဆိုးဝင်းရပ်၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ ဘုရင့်အသုံးတော်ခံ ဆိုင်းဆရာကြီးတစ်ဦးဖြစ်သည့် ရွာစားကြီး ဆရာဖေဖြစ်၏။ မိခင်မှာ သီချင်းကြီး သီချင်းခံ၊ ယိုးဒယားပတ်ပျိုး စသည်တို့ကို သီဆိုနိုင်သည့်အပြင် 'မိ ကျောင်း'တူရိယာကို ပိုင်နိုင်စွာ တီးနိုင်သည့် နန်းတွင်းသူ ဒေါ်မမလေးဖြစ်သည်။

ရွာစားကြီးဆရာဖေမှာ သီပေါမင်းလက်ထက်တွင် သိုင်း အလံ ၄ ချက်၊ 'ဘွဲ့ဖြူ' စိန်ဆိုင်းဝိုင်းတစ်စုံနှင့် ဆိုင်းဝိုင်းတစ်စုံ နှင့် ဆိုင်းဝိုင်းအထက်တွင် တပ်ဆင်ရန် ဖန်အိုး (ဖန်ပန်းတိုင်း) များချီးမြှင့်ခြင်းခံရသည်။ ထိုမျှမက သီပေါဘုရင်မင်းမြတ်သည် ဆရာဖေအား 'နေမျိုးကျော်ခေါင်ဘွဲ့'ဖြင့် အလိပ်မြို့အနီးရှိ ဆီဆုံ ၁ဝ ရွာကို စားစေသည့်အပြင် မန္တလေးမြို့ရှိ (ယခု အမျိုးသား ကျောင်းဝင်းတည်ရာ) မြေကွက်ကြီးတွင် နေထိုင်ခွင့်ပေးတော်မူ သည်။ ယင်းသို့ ဆိုင်းဆရာ ဆရာဖေနှင့် တပည့်လက်သားတို့ နေထိုင်ခဲ့သည်ကို အစွဲပြု၍၊ ရှေးအခါကပင် ထိုနေရာကို 'ဆိုင်း ဝင်း'ဟု ခေါ်ဝေါ်ကြသည်။ ဆရာဖေတွင် သားသမီး၄ယောက် ထွန်းကားခဲ့သည်။ တတိယသားမောင်ကလေးမှာ မြန်မာ့ဆိုင်း ပညာတွင် မြန်မာပြည်၌ ကျော်ကြားခဲ့သော ဖခင် ဆရာဖေနှင့် အစ်ကို ဆရာစိမ့်တို့ကဲ့သို့ ထူးချွန်ကျော်ကြားသူတစ်ဦးဖြစ် သည်။ သမီးနှစ်ယောက်မှာလည်း မိခင်တတ်ကျွမ်းသည့်အဆိုနှင့် မိကျောင်းတီးပညာတို့ကို ကျွမ်းကျင်ကြသဖြင့် 'ငှက်ပျောပင် စိုက်၊ မိလိုက် ဖပါ'ဆိုသကဲ့သို့ မြန်မာ့တူရိယာ အနုပညာရပ် တွင် သားသမီးအားလုံးပင် ပေါက်မြောက်ခဲ့လေသည်။ မောင် ကလေးကား နောင်အခါတွင် ရွာစားကြီး စိန်ဗေဒါဟု ကျော် ကြားသောသူတည်း။


မောင်ကလေးသည် တူရိယာဖက်တွင် အထူးဝါသနာထုံရ ကား၊ ဆွမ်းတော်ကြီးပွဲလှည့်ရာ၌ ၁၂ လုံးဒိုးခေါ် နရီးကို ကြား ရသူတိုင်း အသည်းဘဝင်ကြည်ရွှင်စေအောင် ငယ်စဉ်ကပင် တီး နိုင်ခဲ့သည်။ တစ်ရံရောအခါက မောင်ကလေးသည် မင်းသား ကိုဖိုးကွန်း၊ မင်းသမီးမထွေးလေးတို့ဇာတ်အဖွဲ့နှင့် ရန်ကုန်သို့ ဆင်းလာခဲ့သည်။ မောင်ကလေးသည် မင်းသမီး မင်းသား ၂ ပါးမသွားမီ ဆိုင်းဝိုင်းချည်းသက်သက် ပလာတီးပေးရသော 'ပတ်ခံ' တီးစဉ် မိမိ၏ ပညာစွမ်းရည်ကို ထုတ်ဖော်ခွင့်ရရှိလေ သည်။ သူသည် 'ဗေဒါ၊ ဗေဒါ နင့်ဗူးကို ဘယ်သူချဲ့တယ် ပြောဟဲ့ဗေဒါ၊ မိဗေဒါ၊ အသေအချာ ဗေဒါမရယ်က နေရာချပါ လို့ မပြောနိုင်၊ မြတ်ဆရာ အော်ကာငေါက်တယ်၊ ခေါင်းဖောက် ပါလို ဗေဒါမှိုင်--ဗေဒါမှိုင်' ဟူသော သီချင်းကို ဒုန်းကဲကြီး၊ နှစ်ဆစ်၊ တစ်ဆစ်၊ ဗယ်ကျော၊ ဗယ်တေ၊ ဒူးလုံးခေါ်သည့် ပတ်ဝိုင်းကြီးခြောက်လုံးနှင့် နားဝင်ချိုအောင် ပီသစွာ တီးပြနိုင် လေသည်။ သူ၏ လက်သံကို ရန်ကုန်လူထုက အထူးနှစ်ခြိုက် ကာ 'ဗေဒါ မောင်ကလေး'ဟု ခေါ်စမှတ်ပြုကြသည်။ မန္တလေး မြို့သို့ ပြန်လည်ရောက်ရှိလာသောအခါ မောင်ကလေး၏ ဂုဏ် သတင်းမှာ ပိုမိုသင်းပျံ့ လာပြီးလျှင် 'စိန်ဗေဒါ'ဟု 'စိန်'တစ်လုံး တိုးလျက် ချီးကျူးမှည့်ခေါ်ကြပြန်သည်။


စိန်ဗေဒါသည် ငယ်စဉ်က၊ ကစားခုန်စားဖက်တွင်လည်း စိတ်ပါဝင်စားခဲ့သည်။ အထူးသဖြင့် ဘောလုံးကစားခြင်းနှင့် လက်ဝှေ့ကို လွန်စွာဝါသနာပါသည်။ ကိုယ်တိုင်လည်း ပါဝင် ကစားလေ့ရှိသည်။ သူသည် လောင်းတမ်းကစားခြင်းများ၌ ဝါသနာကြီးသည်။ ၃၆ ကောင်နှင့် ၄ ကောင်ဂျင်ကစားဝိုင်း များတွင် တစ်ကြိမ်တည်းစုပုံထိုးလျှင် 'ဗေဒါထိုး'ဟု ခေါ်စမှတ် ပြုကြလေသည်။

စိန်ဗေဒါသည် အဆိုအကတွင် အလွန်ဝါသနာပါသော ညောင်လေးပင်မြို့သူ မစိန်မေနှင့် အကြောင်းပါခဲ့သည်။ ဒေါ်စိန်မေအပြင် အခြားမယားများလည်းရှိ၏။ စိန်ဗေဒါတွင် သားသမီး တစ်ဦးတစ်ယောက်မျှ မထွန်းကားခဲ့ချေ။ စိန်ဗေဒါ၏ တပည့်များမှာ၊ နှဲတပည့်ဆရာဆယ်၊ ဦးချစ်မောင်၊ ဆိုင်းတပည့် စိန်ငှက်ရိုး၊ စိန်ကျော်တင့် စသည်တို့ဖြစ်ကြ၏။

၁၂၄၇ ခုနှစ်တွင် သီပေါဘုရင်သည် နန်းကျပြီးနောက် အိန္ဒိယနိုင်ငံ ဘုံဘိုင်ပြည်နယ် ရတနာဂီရိ၌ စံနေရလေသည်။ ၁၂၇၂ ခုနှစ်တွင် သီပေါမင်းနှင့် မိဘုရားခေါင်ကြီးတို့ တိုက် သစ်တက်မင်္ဂလာကျင်းပ လိုသည်ဖြစ်၍၊ မန္တလေးမြို့မှ မြန်မာ ဆိုင်းတော်သားတို့ကို ခေါ်ရန်စေလွှတ်ခဲ့သည်။ ထိုကြောင့် အဖွဲ့ ဝင် ၂ဝ ကျော်ရှိသော 'စိန်ဗေဒါ'ဆိုင်းဝိုင်းနှင့် စောင်းဆရာ ဒေဝဣန္ဒာ မောင်မောင်ကြီးစသော လူပေါင်း ၈ဝ ကျော်တို့ သည် ရတနာဂီရိသို့ လိုက်ပါသွားကြလေသည်။ ရတနာဂီရိ စံအိမ်တော်တွင် စိန်ဗေဒါက သပြေခံနှင့် ဖောင်လား၊ ဖောင် ငင်၊ ဖောင်ဆိုက် အစရှိသော ကြိုးသီချင်းများဖြင့် ဖြေဖျော်ရာ သီပေါမင်း သည် လွန်စွာနှစ်ခြိုက်တော်မူလေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသို့မပြန်မီ သီပေါမင်းက စိန်ဗေဒါအား 'နေမျိုးဗလ ကျော်သူ'ဟူသော ရွာစားဘွဲ့တံဆိပ်တော်နှင့်တကွ ရွှေသိုင်းအလံ ၄ ချက်၊ ဖန်အိုး(ဖန်ပန်းတိုင်း) တို့ကို ချီးမြှင့်ပေးသနားလေ သည်။ ၁၂၇၃ ခုနှစ်တွင် သမီးတော်များနားထွင်းမင်္ဂလာအတွက် အခေါ်လွှတ်ရာ စိန်ဗေဒါသည် ရတနာဂီရိသို့ ဒုတိယအကြိမ် ရောက်ခဲ့ပြန်သည်။ ထိုအကြိမ်တွင် ဇနီး မစိန်မေလည်းလိုက်ပါ သွား၏။ စိန်ဗေဒါသည် သီပေါမင်းသဘောကျသော တိုးနယား ရုပ်ကိုပါ ယူဆောင်သွားပြီးနောက်၊ ရှေ့တော်တွင် ကပြအသုံး တော်ခံလေသည်။ အိန္ဒိယပြည်၌ရှိစဉ် စိန်ဗေဒါသည် ဗုဒ္ဓဂယာ အရပ်ရှိ မဟာ ဗောဓိပင်ကို သွားရောက်ဖူးမြေ|ာ်ခဲ့သေးသည်။ မန္တလေးမြို့သို့ ပြန်ရောက်လျှင် ရွာစားကြီးစိန်ဗေဒါအား ဘုရင် မင်းမြတ်က ချီးမြှင့်မြေ|ာက်စားကြောင်း သတင်းကောင်းမင်္ဂလာ မှာ တမုဟုတ်ခြင်း ပျံ့နှံ့သွားတော့သည်။

ဇာတာတွင် မောင်သာလှိုင်ဟုဖော်ပြပါရှိ၍၊ မောင်ကလေး၊ ဗေဒါမောင်ကလေး၊ စိန်ဗေဒါနှင့် နောက်ဆုံးတွင် နေမျိုးဗလ ကျော်သူ ရွာစားကြီးစိန်ဗေဒါဟု ကျော်ကြားခဲ့သော စိန်ဗေဒါမှာ ဆိုင်းဝိုင်းကြီးတစ်ခုတည်းကိုသာ နိုင်နင်းသည် မဟုတ်ဘဲ၊ ပြွေ၊ စောင်း၊ နှဲ၊ မိကျောင်း၊ ပတ္တလားများကိုလည်း အထူးပင် ကျွမ်း ကျင် လိမ်မာစွာ တီးမှုတ်နိုင်ပေသည်။ ပတ်ဝိုင်းကြီးကိုမူကား သူတကာ မယှဉ်သာအောင် တီးနိုင်ပေ၏။ အနောက်တိုင်းတူရိ ယာများဖြစ်သော တရော၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ နှင့် ကောနက် (ခရာ)များကိုလည်း ထူးခြားစွာ တီးမှုတ်နိုင် သော ပုဂ္ဂိုလ်ဖြစ်သည်။ ဆိုင်းဝိုင်းတီး နည်းတွင် 'ပတ်စာပိုး' တီးနည်းကို မိမိ၏ပင်ကိုယ်ဉာာဏ်ဖြင့် စိန်ဗေဒါသည် စတင်တီ ထွင်ခဲ့လေသည်။ ယင်းသို့ အတီးအမှုတ်တို့တွင်သာ ထူးချွန်ခဲ့ရုံ မျှမက အဆိုဘက်တွင်လည်း မိခင်၏ အမွေကို ရသူဖြစ်၍ သရုပ်ပေါ်အောင် ပိုင်နိုင်စွာ ဆိုတတ်သူဖြစ်သည်။ ရွာစားကြီး သည် မကွယ်လွန်မီ ဓာတ်ပြား ၆၄ ပြားမျှ အသံသွင်းခဲ့၏။ စိန်ဗေဒါသည် စိတ်နှလုံး နူးညံ့သိမ်မွေ့၍ အပြောအဆို ယဉ်ကျေးပျော့ပျောင်းသည်။ နက္ခတ်ဗေဒင်ယတြာစသည်တို့ကို စွဲစွဲလမ်းလမ်း အယုံအကြည်ကြီးသည်။ ဂီတအနုပညာကို အမြတ်တနိုးဝါသနာပါသူဖြစ်၍ မည်သည့်အရပ်သို့သွားသည် ဖြစ်စေ စောင်းကိုသော်၎င်း၊ တရောကိုသော်၎င်း ဆောင်ယူသွား လေ့ရှိသည်။ အချိန်ကို အလဟဿမထားဘဲ၊ စောင်းတီးခြင်း၊ တရောထိုးခြင်းဖြင့်သာ အချိန်ကို အသုံးချတတ်သည်။ အိပ်ရာ တွင် အနားယူ၍ လဲလျောင်းသည့်အချိန်၌ပင်လျှင်၊ စောင်းကို လက်တစ်ဖက်ဖြင့် တီးနေတတ်၏။ ပညာကို ဆည်းပူးလေ့လာ သည့်အရာ၌်လည်း မျက်မမြင်ပတ္တလားဆရာ၊ တရောဆရာ၊ မိကျောင်းဆရာတို့ ထံမှပင်လျှင် နည်းနိဿယတို့ကို ခံယူလေ့ ရှိသည်။ ဂီတအနုပညာနှင့်စပ်လျဉ်း၍ စိန်ဗေဒါက သူ၏ သဘောထားကို ရင်းနှီးသူတို့အား ပြောပြသည်မှာ 'တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း၊ သူများအမှားတွေ့မှ၊ ကိုယ့် အမှန်သေချာသည်။ နားမထောင်အပ်သည့်ဆိုင်း ဘယ်ရှိလိမ့်မ တုံး' ဟူသတည်း။ စိန်ဗေဒါသည် ဂုဏ်ပကာသန မလုပ်တတ် ချေ။ ပညာရှင်တို့ထံမှ ပညာကိုအရယူဖို့မှာ သူ၏အဓိက ရည် ရွယ်ချက် ဖြစ်သည်။ ရတနာဂီရိ၌ စံနေတော်မူသော သီပေါမင်း ထံဝင်ရောက်ကြရသည့်အခါ စောင်းဆရာ ဒေဝဣန္ဒာ ဦးမောင် မောင်ကြီးနှင့် လက်ပွန်းတတီးနေခွင့်ရသဖြင့်၊ ထိုဆရာကြီးထံမှ စောင်းပညာကိုတပည့်ခံ၍ သင်ယူခဲ့လေသည်။ သူသည် အလွန် စေ့စပ်သေချာသူတစ်ဦးဖြစ်သည့်အတိုင်း မိမိတပည့်သားမြေး များကို သင်ပြရာတွင်လည်း သေချာကျနစွာ သင်ပေးတတ်လေ သည်။ စိန်ဗေဒါသည် အလွန်ပြည့်သော အိုးဖြစ်၍ ဘောင်ဘင် မခတ်ပေ။ သိလျှင်သိ၏။ မသိလျှင် မသိဟု မှန်ရာကို ဝန်ခံ ပြောဆိုတတ်သည်။ မသိသော သီချင်းကို တတ်ယောင်ကား မလုပ်ဘဲ၊ မသိလျှင် သိရအောင်ရှာဖွေ၍ ယူတတ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ရွာစားကြီးစိန်ဗေဒါမှာ လည် ချောင်းတွင် ကင်ဆာအနာပေါက်သဖြင့် ရန်ကုန်မြို့သို့ဆင်းလာ ၍ ဒေါက်တာဦးဘသန်းထံ၌ ကုသခဲ့သည်။ သို့ရာတွင် ရောဂါ မှာ သက်သာရာမရဘဲ၊ ၁၃ဝ၄ ခုနှစ် တော်သလင်းလဆုပ် ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတောင်တန်း၌ သူနှင့်တွဲဖက်နှဲဆရာ ကြီး ဦးချစ်မောင်လက်တွင်းတွင် စိန်ဗေဒါ ကွယ်လွန်ခဲ့လေ သည်။ စိန်ဗေဒါနှစ်သက်၍ ကိုယ်တိုင်ဆိုသောသီချင်းတစ်ပုဒ်မှာ မင်္ဂလာပြောညွန့်ဖြစ်သည်။ ထိုသီချင်းမှာ၊မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ ကုသိုလ် ကျောင်းကြီး အိုအို။ လက်ရမ်းငယ်ပြို ရှင်လူပျိုတည်ကတဲက မိုးစိုလို့ရွဲတော့။ အရှေ့ကိုတဲ့ လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ယင် တံခွန်တိုင်ရွှေကုက္ကားနဲ့ ဘုရား လေးလေး ဘုရား လေးလး ဘုရား လေးလေး ဘုရားကိုမြင်။ စာပုလွေမောင်မှာ ပိုက်ပါလို့တဲ့။ စာပုလွေ စာပုလွေကိုယ် မှာ ပိုက်ပါလို့။ စာပုလွေမောင်မှာ ပိုက်ပါလို့။ ကျောင်းတော် ကိုတဲ့ လိုက်မယ်ပြင်။ ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်။ ကျောင်းတော်ကိုတဲ့လိုက်မယ်ပြင်။ ဘယ်စာ မောင်သင်မတုံး ရယ်လို့။ ဘယ်စာဘယ်နှစ်ဝါ မောင်သင်မတုံးရယ်လို့။ ဘယ်စာ မောင်သင်မတုံး ရယ်လို့။ မေ လေးကိုသံချိုနှောလို့ရယ်။ ပြော လေးလေး ပြော လေးလေး။ ပြောခဲ့ပါအုံး။[၂]

အတ္ထုပတ္တိ[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၂၄၄ နတ်တော်လဆန်း ၁ ရက် သောကြာနေ့တွင် အဖ ဘုရင့် လက်ထက်တော် အတွင်း စိန်ဆိုင်းတော်တီး လကျာ်စိန်ဆိုင်း အမှုထမ်း ဆီဆုံဆယ်ရွာစား (ပုလိပ်အနီး) နေမျိုးကျော်စွာခေါင် (မြန်မာ့ စွယ်စုံကျမ်းတွင် 'နေမျိုးကျော်ခေါင်ဘွဲ့' ဟုသာ ရေးသား) ဘွဲ့ရ ဆရာဖေကြီး၊ အမိ အပျိုတော် ဒေါ်မမလေးတို့မှ မန္တလေး ရွာသစ်အရပ်၌ မွေးဖွားခဲ့သည်။

- ဇာတာတွင် မောင်သာလှိုင်ဟု ဖော်ပြပါရှိ၍၊ ငယ်အမည် မောင်လေး။ ဗေဒါသီချင်းကို တီး၍ နာမည် ကျော်လာရာမှ စိန်ဆိုင်းတီး မျိုးရိုးဖြစ်၍ စိန်ဗေဒါဟု တွင်ခဲ့သည်။

- စိန်ဗေဒါသည် အဆိုအကတွင် အလွန် ဝါသနာပါသော ညောင်လေးပင် မြို့သူ မစိန်မေနှင့် အကြောင်းပါခဲ့သည်။ ဒေါ်စိန်မေအပြင် အခြား မယားများလည်း ရှိ၏။ စိန်ဗေဒါတွင် သားသမီး တဦးမျှ မထွန်းကားခဲ့ချေ။

- မြန်မာသက္ကရာဇ် ၁၂၇၂ (အေဒီ ၁၉၁၁) တွင် ရတနာဂီရိစံ သီပေါမင်းနှင့် မိဘုရားခေါင်ကြီးတို့၏ တိုက်သစ်မင်္ဂလာ အတွက် ဆရာ ဦးလူကြီး ၊ ဆရာ ဦးပေါ်ဦး၊ စောင်း ဒေဝဣန္ဒာ မောင်မောင်ကြီး၊ အက မိန်းမ မင်းသား မစောရင် ၊ မင်းသမီး မစန်းကြည်တို့နှင့်တကွ ဆရာတော် ငါးပါးနှင့်အတူ ရတနာဂီရိသို့ လိုက်ပါသွားခဲ့သည်။

- နေမျိုးဗလကျော်သူဘွဲ့ ရရှိခဲ့ပြီး ရွှေသိုင်းအလံ ၄ ချက်၊ ဖန်အိုး (ဖန်ပန်းတိုင်း) တို့ ချီးမြှင့် ပေးသနားခြင်း ခံရသည်။

- မြန်မာသက္ကရာဇ် ၁၂၇၃ တွင် သီပေါမင်း၏ သမီးတော်များ နားထွင်း မင်္ဂလာသို့ ဒုတိယအကြိမ် သွားရောက် တီးခတ်ခဲ့ရသည်။ 'ထိုအကြိမ်တွင် ဇနီး မစိန်မေလည်း လိုက်ပါသွား၏' ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ပြဆိုထားသည်။

- ဆိုင်းဝိုင်းတီးနည်းတွင် 'ပတ်စာပိုး' တီးနည်းကို မိမိ၏ ပင်ကိုယ်ဉာဏ်ဖြင့် စိန်ဗေဒါသည် စတင် တီထွင်ခဲ့သည်။

- ရွာစာကြီး စိန်ဗေဒါ မကွယ်လွန်မီ ဓာတ်ပြား ၆၄ ပြားမျှ အသံ သွင်းခဲ့သည်။

- ဒုတိယ ကမ္ဘာစစ် အတွင်းက ရွာစာကြီး စိန်ဗေဒါမှာ လည်ချောင်းတွင် ကင်ဆာ အနာပေါက်သဖြင့် ရန်ကုန်သို့ ဆင်းလာ၍ ဒေါက်တာ ဘသန်းထံ၌ ကုခဲ့သည်။

- သို့ရာတွင် ရောဂါမှာ သက်သာမလာဘဲ မြန်မာသက္ကရာဇ် ၁၃၀၄ (အေဒီ ၁၉၄၂)၊ တော်သလင်း လပြည့်ကျော် ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဆေးကုသရင်း ကွယ်လွန်ခဲ့။ [၃]

စိန်ဗေဒါသည် ဆိုင်းအတီးကောင်းရုံသာမက ဆိုင်းဝိုင်းကိုလည်း လှပခန့်ညားအောင် ပဉ္စရူပရုပ်ကို ဆိုင်းဝိုင်းတွင်ချိတ်ဆွဲထားကာ တီထွင်ခဲ့သူဖြစ်သည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းယုဝေ ရေး-“ပထမမြန်မာများ”
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  3. မြန်မာ့စွယ်စုံကျမ်း အတွဲ - ၄ (စောင်း - တူ)၊ အပိုင်း - က၊ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊
  4. စိန်ဗေဒါ၏ အတ္ထုပ္ပတ္တိ