ဖားစည်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကရင်ဖားစည်
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

ဖားစည်သည် ကရင်တမျိုးသားလုံးအား ကိုယ်စားပြုသည့် တူရိယာ တစ်မျိုး ဖြစ်သည်။ စကောကရင်လို (ကျိဢ်) ဟုခေါ်ပြီး ပိုးကရင်က ကလူး(ကၠေါဟ်) ဟု ခေါ်သည်။ ကရင်အမျိုးသားတို့သည် ဖားစည်ကို လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်လောက်က သုံးစွဲလာခဲ့ ကြသည်ဟု သုတေသီတို့က အခိုင်အမာ ယုံကြည်ယူဆ ထားခဲ့ကြသည်။

ကရင်အမျိုးသားများ အမြတ်တနိုး ထားရှိသည့်အထဲတွင် ဖားစည်သည်ထိပ်ဆုံးကပါဝင်နေပါသည်။ ကရင်လူမျိုးထဲက ကရင့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့်ဖားစည်ကို ဘိုးဘွားဘီဘင်လက်ထက်ကတည်းက အမြတ်တနိုးရှိခဲ့ပြီး ယခုခေတ် ကရင်လူမျိုး များအတွက် လေးစားတန်ဖိုးထားရသည့် အမှတ်အသားတစ်ခု ဖြစ်ပါသည်။ သာယာသော အသံရရှိရန် ပဥ္စရူပ ခေါ် သတ္တု ၅မျိုးဖြစ်သည့် ရွှေ၊ ငွေ၊ ကြေးနီ၊ သွတ်နှင့် ခဲများကို ရောစပ်၍ သွန်းလုပ်ရကြောင်း အဆိုရှိ၏။ ဖားစည်၏ အလေးချိန်ပေါ် မူတည်ပြီး တန်ဘိုးဖြတ်သည်လည်း ရှိ၏။ ဖားစည်သွန်းလုပ်ရာတွင် လက်ရာ ကောင်းခြင်း၊ အရုပ်များဖြင့် လှပစွာစီခြယ် သွန်းလုပ်ထားခြင်း၊ အသံသာယာ ငြိမ့်ညောင်းခြင်း များပေါ် မူတည်၍ ဖားစည်ကို တန်ဘိုးဖြတ်ကြ၏။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တစ်ချိန်က ဖားစည်သည် အရှေ့တောင်အာရှ ဒေသများတွင် ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြကြောင်း သိရှိရသည်။ ဖားစည်များကို တရုတ်ပြည် ယူနန်နယ်၊ အိန္ဒိယ၊ သီဟိုဠ်(သီရိလင်္ကာ) ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် တွေ့ရှိရ၏။ မြန်မာနိုင်ငံ တောင်ဘက် ဘော်နီယိုကျွန်း အထိပင် ဖားစည်များကို တွေ့ရှိရသည်။ ဖားစည်ကို ကျောက်ခေတ်နှောင်း နောက်ပိုင်း ကြေး‌ခေတ် ပေါ်ပေါက်လာသော အချိန် (သမိုင်းခေတ်ဦး) ၌ စတင်သွန်းလုပ်သုံးစွဲခဲ့ကြသည်ဟု ယူဆထားခဲ့ ကြသည်။

အနောက်တိုင်း သုတေသီအချို့ကမူ ဖားစည်သည် ယိုးဒယား၊ ရှမ်းအနွယ်ဝင်၊ ရှမ်းလူမျိုးများက စတင်သွန်းလုပ် ခဲ့ကြသည်ဟု ယူဆကြသည်။ အခြားအဆိုပြုချက် တစ်ရပ်မှာ ရှေးကရင် ကဗျာလင်္ကာအရ မဲခေါင်မြစ်ဖျားခံရာ ဒေသမှတစ်ဆင့် ကရင်လူမျိုးတို့ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့စဉ် အချိန်ကပင် ဖားစည် သွန်းလုပ်ခြင်း အတတ် ပါလာပြီးဖြစ်သည် ဟုဆိုသည်။

ဖားစည်မောင်နှံ ဟုခေါ်သော ဖားစည်မျိုးသည် တန်ဘိုး အလွန်ကြီးသောကြောင့် တစ်ဦးတည်း ဝယ်ယူရန် ငွေအင်အား မနိုင်လျှင် ဆွေမျိုးတစ်စုလုံး စုပေါင်းဝယ်ယူပြီး အများသဘောတူ ဆွေမျိုးတစ်ဦးဦးအိမ်တွင် ထားရှိကြသည်။ ထိုဖားစည်မောင်နှံကို ရွှေနှင့် ပြုလုပ်သော အဝါရောင် ဖားစည်နှင့် ငွေနှင့်ပြုလုပ်သော အဖြူရောင် ဖားစည်ဟူ၍ ခွဲခြားထားပြီး ၎င်းတို့ကို ပိုင်ဆိုင်သူသည် ဓနအင်အား ပြည့်စုံသူဟူ၍ သတ်မှတ်ခြင်း ခံရသည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

ကရင်အမည်ဖြင့် ခေါ်ဆိုသော ဖားစည်အမျိုးမျိုးအနက် ဂေါပတ်ဆောဒီ အမည်ရှိသော ဖားစည်သည် အသံအသာယာဆုံး ဖြစ်သည် ဆို၏။ ဤဖားစည်ကို တီးခတ်သော ရိုက်တံသည် မတော်တဆ အိမ်အောက်သို့ကျလျှင် ဆင်းကောက်ပြီး အိမ်ပေါ်သို့ ပြန်ရောက်သည့်တိုင်အောင် ဖားစည်၏ တုန်ခါသံ မဆုံးသေး ဟူ၏။ သာယာသော ဖားစည်ကို တီးခတ်လိုက်သောအခါ နားငြီးလောက်အောင် အသံကျယ်လောင်စွာ ပေါ်ထွက်ခြင်းမရှိပဲ ငြိမ့်ညောင်းသော အသံကိုသာ ကြားရသည်ဟုဆိုသည်။ ဖားစည်အနီးရှိသူသည် ညင်သာစွာ အသံကို ကြားရမည်ဖြစ်သော်လည်း ထိုအသံသည် ဝေးလံစွာရောက်ရှိ မည် ဖြစ်သည်။

ဖားစည်ကို မင်္ဂလာဖားစည်နှင့် အမင်္ဂလာ ဖားစည်ဟူ၍ နှစ်မျိုးသတ်မှတ်ထား၏။ မင်္ဂလာဖားစည်မှာ မျက်နှာပြင်ရှိ ဖားရုပ်များသည် လက်ဝဲရစ် တကောင်နောက် တကောင် လိုက်နေကြဟန်ရှိ၏။ အဓိပ္ပာယ်မှာ ညီညွတ်ခြင်း၊ ခေါင်းဆောင်မှု ရှိခြင်းကို ဖေါ်ဆောင်သည်။ ထိုဖားစည်မျိုးကို မင်္ဂလာရှိသော အခမ်းအနားများတွင် တီးခတ်အသုံးပြုကြသည်။ အမင်္ဂလာ ဖားစည်ဟူရာ၌ ဖားစည်၏ မျက်နှာပြင် ပေါ်ရှိ ဖားရုပ်များသည် တကောင်နှင့်တကောင် မျက်နှာချင်းဆိုင် နေကြသဖြင့် ရန်စောင်ခြင်း၊ ညီညွတ်မှု မရှိခြင်း၊ သွေးကွဲခြင်း၊ အဓိပ္ပာယ်ကို ဆောင်နေပေသည်။ ထိုဖားစည်မျိုးကို မင်္ဂလာ မရှိသော အခမ်းအနားများတွင် တီးခတ်အသုံးပြုကြသည်။

ဖားသုံးကောင်ထပ် ဖားစည်ကို သတို့သမီး သတို့သား လက်ထပ် မင်္ဂလာပြုသည့် လရာသီ အချိန်တွင် တီးခတ်ခြင်း၊ ဆန်စပါး စိုက်ပျိုးချိန် ကောက်ရိတ်သိမ်းချိန်တွင် အောင်စည်အဖြစ် တီးခတ်ခြင်း ပြုလေ့ရှိသည်။ ဤကဲ့သို့ တီးခတ်ခြင်းဖြင့် စီးပွားရေးများ ကောင်းမွန်ပြီး အစစအရာ အောင်မြင်အကျိုးပေးသည်ဟု ယုံကြည်ယူဆ ကြသည်။

မျက်နှာချင်းဆိုင် ဖားနှစ်ကောင်ထပ် ဖားစည်ကို ရွာလူကြီးက ရွာသူရွာသားများ သာရေး၊နာရေး စစ်ရေးကိစ္စ အရေးများ ပေါ်ပေါက်လာလျှင် ကျယ်လောင်စွာ ခုနှစ်ချက်တီးခတ်သည်။ ရွာသားများ ကြာလျှင်ကြားချင်းပင် ရွာသူကြီးအိမ်ဝင်းအတွင်း အမြန်ဆုံး လာရောက် စုဝေးကြရပါသည်။

ဆွေမျိုးသားချင်း တစ်ဦးဦး သေဆုံးပါက ဖားစည်၏ မျက်နှာပြင်အနားကိုဖဲ့ပြီး သေသူနှင့် တစ်ပါတည်း မြှုပ်နှံသည့် အလေ့အထရှိ၏။ ဆွေစဉ်မျိုးဆက်မှ နောက်ဆုံးသောသူ သေဆုံးသည့်အခါ ဖားစည်၏ မျက်နှာပြင် အလယ်တည့်တည့် နေလုံးအား ထွင်း၍ ဖားစည်တခုလုံးကို သေသူနှင့် တစ်ပါတည်း အဆုံးသတ် မြှုပ်နှံလိုက်ရပါသည်။

ဖားစည်ခုနစ်မျိုး[ပြင်ဆင်ရန်]

ကရင်လူမျိုးတို့၏ လူနေမှုဘဝကို ဖော်ဆောင်နေသော ဖားစည်ခုနှစ်မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဖားလေးကောင်သည် ဖားစည်မျက်နှာပြင်ပေါ်တွင် လက်ဝဲရစ် တစ်ကောင်နောက် တစ်ကောင် လိုက်သွားနေပြီး ဆင်ကြီးတစ်ကောင် ထွက်ပြေးကာ ချေးတုံးတစ်တုံး စွန့်ထားသည်။

ဤဖားစည် အမျိုးအစားမှာ စည်းလုံးညီညွတ်ခြင်း၊ မေတ္တာထားခြင်း၊ ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းခြင်းတို့၏ အာနိသင်ကြောင့် မကောင်းဆိုးဝါး ကိုယ်စားပြုသော ဆင်ကြီးက မရင်ဆိုင်ရဲပဲ ထွက်ပြေးပြီး ချေးတုံးတစ်တုံးပင် ထွက်ကျကျန်ရစ်ခဲ့ရခြင်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

(၂) ဖားလေးကောင်က အခြားဖားတစ်ကောင်စီကို ကျောပိုးထား၍ လက်ဝဲရစ် တစ်ကောင် နှင့်တစ်ကောင် လိုက်သွားပြီး ဆင်ကြီး နှစ်ကောင်ထွက်ပြေးကာ ချေးတုံးနှစ်တုံး စွန့်ထားသည်။ (ဖားနှစ်ထပ်)

ဒုတိယဖားစည်သည် ဆင်းရဲသားများ၊ ဒုက္ခရောက်သော မုဆိုးမနှင့် မိဘမဲ့များအား သနားကြင်နာ ကူညီရိုင်းပင်းမှုကို ဖော်ညွန်းထား၏။ ထို့ကြောင့်လည်း ဖားတစ်ကောင်က အခြား ဖားတစ်ကောင်ကို ကျောပိုးထားခြင်း ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါး ဆင်နှစ်ကောင်က ကြောက်ရွံ့ ထွက်ပြေးရပြီး ချေးတုံးတစ်တုံးစီ ထွက်ကျကျန်ရစ်ခဲ့၏။

(၃) ဖားလေးကောင်က အခြားဖားနှစ်ကောင်စီကို ကျောပိုးထား၍ လက်ဝဲရစ် တစ်ကောင်နောက်တစ်ကောင်လိုက်သွားပြီး ဆင်ကြီးသုံးကောင် ထွက်ပြေးသွားကာ ချေတုံးသုံးတုံး စွန့်ထား သည်။ (ဖားသုံးထပ်)

တတိယ ဖားစည်အမျိုးအစားသည် အကောင်းဆုံးသော သင်ခန်းစာကို ပေးထားသည်။ အောက်ဆုံး ဖားသည် အကောင်ကြီး၍ ကျန်ဖားနှစ်ကောင်ကို ကျောပိုးထား၏။ အပေါ်ဆုံးဖားသည် အလယ်ဖားထက် အနည်းငယ် သေး၏။ ကြီးသောသူက ငယ်သောသူကို ကူညီဖေးမခြင်းကို ဖော်ညွှန်းထာ၏။ ထို့ကြောင့် ဆင်ကြီးသုံးကောင်လုံး ကြောက်ရွံ့ခြင်းများစွာဖြင့် ထွက်ပြေးရပြီး ချေးတုံးတစ်တုံးစီ ထွက်ကျကျန်ခဲ့သည်။

(၄) ဖားလေးကောင်သည် အထက်အောက် မျက်နှာချင်းဆိုင်လျက် ဆင်ကြီးတစ်ကောင် မကြောက်မရွံ့ပဲ တက်လာသည်။

(၅) ဖားလေးကောင်သည် အထက်အောက် မျက်နှာချင်းဆိုင်လျက် ဆင်ကြီးနှစ်ကောင် မကြောက်မရွံ့ပဲ တက်လာသည်။

(၆) ဖားလေးကောင်နှင့် ဆင်ကြီးလေးကောင်တို့သည် အသီးသီး လက်ဝဲရစ် တကောင်နောက် တကောင်လိုက်နေကြသည်။

စတုတ္ထ၊ ပဥ္စမ၊ ဆဋ္ဌမ ဖားစည်များမှာမူကား ဆန့်ကျင်ဘက်၊ ညီညွတ်မှု မရှိသည့်သဘောကို ဖော်ပြလျက်ရှိသည်။ ဖားများသည် အချင်းချင်း မျက်နှာချင်းဆိုင် ရန်စောင်သည့် သင်္ကေတ ဖြစ်သောကြောင့် အချင်းချင်း မေတ္တာခေါင်းပါးလာသည့် အတိတ်နိမိတ်ကို ဖော်ပြလျက်ရှိသည်။ စည်းလုံးညီညွတ်မှု မရှိသောအခါ မကောင်းဆိုးဝါးကို ကိုယ်စားပြုသော ဆင်ကြီးများ လာရောက်ဖျက်ဆီးရန် ဦးတည်လာသည်ကို တွေ့ရ၏။

(၇) ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားလေးကောင် ပျောက်ကွယ်သွားပြီး ဆင်ကြီးလေးကောင် သာကျန်၍ တကောင် နောက် တစ်ကောင်လိုက် နေကြသည်။

သတ္တမမြောက် ဖားစည်၏ မျက်နှာအဝိုင်းပေါ်၌ကား ဖားများ လုံးဝပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါး ဆင်ကြီး လေးကောင်က သဘောရှိ မင်းမူနေကြသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

ထို့ကြောင့် ဖားစည်၏ သင်္ကေတ သဘောတရားများကို သင်ခန်းစာယူ၍ တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုရင်းချာ သဘောထားညီမျှကြကာ ရင်းနှီးချစ်ခင်စွာဖြင့် လက်တွဲ အလုပ်လုပ်သွားကြရန် တိုက်တွန်းလိုက်ပါသည်။ [၁]

ခွဲခြားပုံ[ပြင်ဆင်ရန်]

(၁)သာယာအေချမ်းသော မင်္ဂလာဖားစည်၊

(၂)မကောင်းကျိုးဆိုင်ရာ အသုံးပြုသော ဖားစည်ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။

ဖားစည်ကို ကြေးဖြင့်သွန်းစပ်ကာ မျက်နှာဝ တစ်တောင်၊အလျား နှစ်တောင် ယေဘုယျအားဖြင့် ပမာဏရှိသည်။ မင်္ဂလာဖားစည်တွင် မျက်နှာ၌ ဖားစည်ရုပ်များ လက်ဝဲရစ်တစ်ကောင်၊ နောက်က တစ်ကောင်လိုက်နေဟန်၊ လက်ယာရစ်တစ်ကောင်၊ နောက်က တစ်ကောင်လိုက်နေဟန်၊အရပ်လေးမျက်နှာတွင် ဖားရုပ်တစ်ရုပ်စီ ရှိကြလေသည်။ သို့သော် ဖားစည်မျက်နှာတွင် အရပ်လေးမျက်နှာ၌ ဖားနှစ်ကောင်ထပ်၊သုံးကောင်ထပ် စသည်ဖြင့်လည်း ရှိတတ်သည်။ဖားများသည် အရေအတွက်အလိုက် တန်ဖိုးကြီးလေသည်။အဆိုပါ ဖားရုပ်များကို အစွဲပြု၍ ဖားစည်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဖားရုပ်များအပြင် နေ၊ဆင်၊ဘဲ၊ဗျိုင်း၊ဂျိုးငှက်၊ရစ်မ၊ရစ်ဖို၊ယုန်၊ကြက်၊ငါး စသည်အရုပ်များလည်း ရှိတတ်သည်။ ၎င်းဖားစည်ကို ကရင်အမျိုးသားတို့ အိမ်တိုင်း၌ မြတ်သောနေရာတွင် ဝင့်ကြွားစွာ ချိတ်ထားလေ့ရှိသည်။ ဖားစည်၏ အရွယ်အကြီးအငယ် တန်ဖိုးအလိုက် ဂုဏ်သရေရှိ ကြေးရတက်တို့၏ အဆင့်အတန်း အခြေအနေကို ခန့်မှန်းနိုင်လေသည်။ အဆိုပါ မင်္ဂလာဖားစည်ကို လကြတ်နေကြတ်သောအချိန်၊လက်ထပ်မင်္ဂလာ အခမ်းအနားများ၊ နှစ်သစ်ကူးပွဲတော်နှင့် နေ့ကြီးရက်ကြီး ပျော်ပွဲရွှင်ပွဲများ စသည့် မင်္ဂလာယူသော အခါမျိုးတွင် တီးခတ်ကြလေသည်။

အမင်္ဂလာဆိုင်ရာ ဖားစည်၏မျက်နှာတွင် ဖားရုပ်များသည် အရပ်လေးမျက်နှာမှ မင်္ဂလာဖားစည်ကဲ့သို့ ဖားတစ်ကောင်၏နောက်မှ နောက်တစ်ကောင်မလိုက်ဘဲ အရှေ့အရပ်ဖားစည်ရုပ်သည် အနောက်အရပ်ရှိ ဖားစည်သို့လည်းကောင်း၊ တောင်အရပ်ရှိ ဖားစည်ရုပ်သည်မြောက်အရပ်ရှိ ဖားစည်ရုပ်သို့လည်းကောင်း၊တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင် ရပ်တည်နေလေသည်။(အဓိပ္ပါယ်ကား) အမျိုးသားများ စည်းရုံးမှုပျက်ပြားပြီး တစ်ဦးနှင့်တစ်ဦး ရန်စောင်သွေးကွဲ၊ ညီညွတ်ရေးပျက်ပြားသည့် သဘောကို အဓိပ္ပါယ်ဆောင်လေသည်။ အဆိုပါ ဖားစည်ကို ကရင်အမျိုးသားများသည် မိမိတို့ အိမ်အပြင်ဘက်ရှိ သီးသန့်နေရာ၌ ချိတ်ဆွဲထားကြလေသည်။ ၎င်းဖားစည်သည် တရံတစ်ခါ ချွေးပြန်သကဲ့သို့ အရေထွက်သောအခါ ဖားစည်ငိုသည်ဟု အယူရှိ၍ ကြက်သွေး၊ဝက်သွေးတို့ဖြင့် ဖားစည်အား ပွတ်သပ်ပူဇော်ကြရလေသည်။ထိုကဲ့သို့ တိရိစ္ဆာန်သွေးဖြင့် ပူဇော်ခြင်း မပြုပါက အိမ်သူအိမ်သားများ နာမကျန်းဖြစ်ခြင်း၊ဘေးဥပါဒ်များ ဆိုက်ရောက်တတ်သည်ဟု အယူရှိကြသည်။ ၎င်းဖားစည်ကို အသုဘနှင့်အရိုးကောက်ပွဲများ၌ နေ့ရောညပါ တီးခတ်ကြလေသည်။၎င်းအပြင် စစ်တက်၊စစ်ချီရာ၌ တီးခတ်အသုံးပြုပါက အမင်္ဂလာဖားစည်၏ အသံကြားရသော် တစ်ဖက်သားရန်သူတို့ စိတ်ဓာတ်ခြောက်ခြား ကြောက်ရွှံ့လျက် သေကြပျက်စီးနိုင်သည်ဟု အယူရှိပြီး သေမင်းတမန် စစ်ဖားစည်အနေဖြင့် အသုံးပြုကြလေသည်။

သုံးစွဲမှု[ပြင်ဆင်ရန်]

ထို့ပြင် ကရင်အမျိုးသားဖားစည်ကို ကရင့်အမျိုးသား အလံတော်တွင် အထွတ်အမြတ်အနေဖြင့် ထည့်သွင်း ဖေါ်ပြထားလေသည်။ ကရင်အခေါ် ခွေ (ကွျဲချို)နှင့်လည်း အမြဲတစေ တွဲထားလေ့ရှိသည်။ဒုံးယိမ်းအကကို ကပြရာ၌ဖြစ်စေ.၊ ကရင်အမျိုးသားတို့၏ နေ့ကြီးရက်ကြီးအခါ ပွဲတော်များ ကျင်းပရာ၌ဖြစ်စေ. ဖားစည်နှင့် ကွျဲချိုတို့ကိုတီးမှုတ်ပြီး အခမ်းမနားများ ဖွင့်လှစ်အစပျိုးလေ့ရှိသည်။အမျိုးသား အလံတော်၊ ဖားစည်၊ ကွျဲချိုတို့သည် ကရင်လူမျိုးတို့၏ အထင်ရှားဆုံး ရိုးရာယဉ်ကျေးမှု အမွှေအနှစ်ပစ္စည်းများ ဖြစ်ကြပါသည်။ တစ်ခုနှင့်တစ်ခု ခွဲခြား၍ မရပေ။ထိုကြာင့် ကရင်လူမျိုးများ တည်ရှိနေသရွှေ့ ကရင်ရိုးရာယဉ်ကျေးမှု အမွှေအနှစ်ပစ္စည်းများလည်း တည်ရှိနေမည်သာ ဖြစ်ပါသည်။ကရင်လူမျိုးတိုင်းလည်း မိမိတို့၏ အထွတ်အမြတ် ယဉ်ကျေးမှု အမွှေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းကြရမည်။ [၂]

ဖားစည်ကို ကောက်ပဲသီးနှံ စိုက်ပျိုးဖို့ " မိုး" ခေါ်ရာမှာသုံးတယ်။ အသုဘ အခန်းနားတွေမှာ သုံးတယ်။ လက်ထပ်ထိမ်မြားရာ အခန်းနား နှင့် အိမ်သစ် တက်ရာ အခန်းနားတွေမှာ တူရိယာအဖြစ် တီးခပ်အသုံးပြုပါတယ်။

ထုတ်လုပ်ပုံ[ပြင်ဆင်ရန်]

ဒီလိုဖားစည်လုပ်တဲ့ ပန်းဘဲဖို အမြောက်များရှိနိုင်သော်လည်း ကယားပြည်နယ် ၊ နွေဒေါင်(ငွေတောင်)မြို့ က ပန်းဘဲဖိုတစ်ခုတည်းသာ မှတ်တမ်းဝင်ပါတယ်။ ကျန်တာတွေရှာမရသေးပါ။ ကရင်ဖားစည်လို့ဆိုပေမယ့် တကယ်တမ်း ဖန်တီးသူ လက်မှူ့ပညာရှင်တွေဟာ ရှမ်း တွေဖြစ်ပါတယ်။

၁၈၂ဝ ဝန်းကျင်ကစပြီး ရှမ်းလက်မှူ့ပညာရှင်တွေဟာ နွေဒေါင်(ငွေတောင်)မြို့ မှာလာရောက်အခြေဆိုက်နေထိုင်ကာဖားစည်သွင်းလုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ တစ်မြို့လုံး မီးလောင်ပြာကျသွားတဲ့ ၁၈၈၉ ခုနှစ်အထိဖြစ်ပါတယ်။

၁၉၂၃ ခုနှစ် ကရင်ဖားစည်ပြုလုပ်ရာ ပန်းဘဲဖို


ဖားစည်ပြုလုပ်သူ ရှမ်းတွေဟာ ထုတ်လုပ်ရာမှာ အဓိက ကုန်ကြမ်းအဖြစ် ( ကြေးနီ၊ သံဖြူ၊ သွပ်၊ ငွေ နှင့် ရွှေ )ငါးမျိုးကို အသုံးပြုပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြတဲ့ တောင်ပေါ်နေ ကရင်မျိုးနွယ်စု အချို့သာ အသုံးပြုတယ်ဆိုသော်လည်းဘဲ မြန်မာဘုရင်၊ ထိုင်းဘုရင်တွေရဲ့ နန်းတွင်း တူရိယာဖျော်ဖြေမှုတွေမှာပါ အသုံးပြုခဲ့ပါတယ်။

နော့သာန် အီလီနွိုက်(Northern Illinois University) တက္ကသိုလ် ကပရိုဖစ်ဆာ ဒေါက်တာ ရိစ်ချက် အမ် ကိုလာ ( Professor Dr. Richard M. Cooler)ရဲ့စာတမ်းမှာ " စည် " အသုံးနှုန်းကို မြန်မာ့သမိုင်းမှာ အစောဆုံးတွေ့ရတာက သက္ကရာဇ် ၁၀၅၆ ခုနေ့စွဲပါ မနုဟာ ကျောက်စာ နန်းတွင်းဖျော်ဖြေမှုဆိုင်ရာ တူရိယာစာရင်းလို့ ဖော်ပြထားပါတယ်။

Professor Dr. Richard M. Cooler ရဲ့အဆိုကို မဟုတ်ဘူးလို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရည်ညွန်းတဲ့ မနုဟာကျောက်စာဟာ ပုဂံခေတ်ပြိုင်မှတ်တမ်း ( Contemporary Record ) မဟုတ်ပါ။ မူလထိုးကျောက်စာမဟုတ်ပါ။

ဘိုးတော်ခေတ် လောက်မှာမှ ရေးထိုးထားတဲ့ ဆင့်ထိုးကျောက်စာဖြစ်ပါတယ်။ ၁၁ ရာစုပုဂံ ခေတ် စကားလုံး၊ အရေးသားမျိုး မဟုတ်ပါ။

ကုန်းဘောင်ခေတ်ရောက်ကာမှ ဟိုးအရင် အနှစ် ၈၀ဝကျော် လောက်က အဖြစ်ဖြစ်ကို မှန်းဆပြီး ရေးထိုးထားတဲ့ ကျောက်စာမို့ ဘယ်လိုမှစိတ်မချရပါ။ အဲဒိ မနုဟာ ကျောက်စာကို ကိုလိုနီခေတ် ကျောက်စာဝန်ဟောင်း ချားစ်ဒူရွိုင်ဆယ်က မူလထိုးကျောက်စာအဖြစ် စာရင်းသွင်းခဲ့ဖူးပါတယ်။

စိတ်ချ လက်ချပြောနိုင်တာက " ကျန်စစ်သား နန်းတည်ကျောက်စာ မွန်ဘာသာပါ ၄ နိုဝင်ဘာ ၁၁၀၁ မှာပုဏ္ဏား နဲ့ ဟူးရားတွေ " စည်တီးပြီး " ရေခပ်သွားတယ်လို့ဆိုပါတယ်။ ဒီ့ထက်စောပြီး အသုံးပြုတာမျိုး ရှိနိုင်ပါသေးတယ်။

ဗီယတ်နမ် မှာတော့ အေဒီ ၂ - ၃ ရာစုကတည်းကသွန်းလုပ် အသုံးပြုနေပါပြီ။ ဒေါင်ဆောင်းလို့ လူသိများပါတယ်။ လာအို၊ ထိုင်း နှင့် က‌မ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာ လည်းဒီလိုစည်တီးပြီးမိုးခေါ်တဲ့ အလေ့အထမျိုးရှိခဲ့ပါတယ်။ [၃]

ယခင်ကရင်ဘိုးဘွားတွေက ဖားစည်ဖြစ်လာတာ နှစ်ပေါင်း(၃ဝဝ)ကျော်ခန့်ရှိခဲ့သည်ဟု ပြောခဲ့ကြ သည်။ ဖားစည်ကို နေရာတိုင်း အချိန်တိုင်းမှာ မသွန်းလောင်းကြပါ။ ထူးခြားသည့်အချိန်မှာဘဲ သွန်းလုပ် ကြပါသည်။ ပျော်ပွဲရွှင်ပွဲ၊ မင်္ဂလာဆောင်တဲ့အချိန်၊ အိမ်ဦးတက်တဲ့အချိန်၊ နှစ်သစ်ကူးအချိန်၊ နေ့လယ်ပိုင်း အချိန်လောက်မှာ သွန်းလောင်းကြပါသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ဖားစည်ရဲ့ပုံစံက မျက်နှာပြင်ပိတ်ပြီး ဖင်ပိုင်းတို့တွင်ဖွင့်၍ထားပါသည်။ ကိုယ်ထည်မှာခပ်သွယ် သွယ်လေးသိမ်ပြီး ဖင်ပိုင်းတွင်နည်းနည်းလေးစွင့်ကားသွားပါသည်။ ဖါးးစည်ကိုတီးခတ်တော့မယ်ဆိုရင် လက်နှစ်ဖက် ကိုစလုံးကိုအသုံးပြုတီးခတ်ရပါသည်။ ညာဘက်လက်ဖြင့် ဖါးစည်၏မျက်နှာပြင်ကိုထုပြီး ဘယ်ဘက်လက်က ဒုတ်ပါးပါးလေးတစ်ချောင်း(သို့မဟုတ်) နှီးစည်းဖြင့်ဖြစ်စေ ဖါးးစည်ထဲသို့လှျိုသွင်း၍ တီးခတ်ရပါသည်။ ဖားစည်၏မျက် နှာပြင်အလယ်တွင် နေမင်း၏အလင်းရောင်သဏ္ဌာန်ဖျာထွက်နေသော အသံလှိုင်းတို့အား တုန်ခါစေသော အမှတ်အသားများပါရှိသည်။ ရောင်ခြည်မှာ (၆)သွယ်မှ (၁၂)သွယ်အထိ ၊တချို့မှာတော့(၁၈)သွယ်အထိရှိပါသည်။ ရောင်ခြည်ဖြာသန်းနေတဲ့အပေါ်ဘက်နားမှာတော့ စက်ဝိုင်းအရစ် တွေပါရှိပါသည်။ စက်ဝိုင်းအရစ်များမှာ (၆)ခုမှ (၉)ခု အထိရှိကြပါသည်။ စက်ဝိုင်းတစ်ခုနဲ့တစ်ခုတို့၏အကြားမှာ ဖားပြုပ်ရုပ်၊ငါးရုပ်၊ငှက်ရုပ်၊ပန်းပွင့်အရုပ်တွေနဲ့ ပုံဖေါ်ထားကြပါသည်။ ဖားပြုပ်ရုပ်များသည် တစ်ကောင်၏ နောက်သို့တစ်ကောင်လိုက်နေသောပုံစံကို သရုပ်ဖေါ်ထားပါသည်။ ဖားတကောင်ထပ်၊ နှစ်ကောင်ထပ်၊ သုံးကောင်ထပ်လိုက်နေသောပုံစံများ ဘားစည်၊ အမျိုးမျိုးရှိပါသည်။

ဘားစည်မျက်နှာပြင်ပေါ်တွင် ဖားပြုပ်ရုပ်သည် ထူးဆန်းနက်နဲသော အဓိပ္ပါယ်ရှိသည်ဟုယူဆ ကြပါသည်။ ဖားပြုပ်သည် ဖားဘုရင်လည်းဖြစ်၊ သူတစ်ပါးကိုရန်မူလေ့မရှိ၊ ရန်ငြိမ်းသည့်သတ္တဝါဖြစ်ပြီး၊ ရန်မူလာသော သတ္တဝါများအား ၎င်း၏အရေခွံထဲမှ ထွက်လာသောအစေးများကို သေစေသောသတိ္တထူးများသူ့မှာရှိပါသည်။

ဖားပြုပ်တို့သည်ရန်မူခြင်းမရှိဘဲ သဘာဝစိတ်နေသဘောထားအရ ရိုးသားပြီး အရေးအကြောင်းနှင့်ကြုံလာခဲ့ရင်လည်း ခံနိုင်ရည်ကောင်းခြင်းတို့ကိုပမာပြုကာ ကရင်လူမျိုးတို့၏ ရိုးသားဖြူစင်ပြီး အေးချမ်းစွာနေထိုင်လိုသော စရိုက်ရှိခြင်းများကို နှိုင်းယှဉ်ထားခြင်းဖြစ်ကြောင်း တွေ့ကြရပါတယ်။ မြွေဆိုး၊မြွေဟောက်တွေ သူ့ကိုလာကိုက်လို့မရပါ။

ဖားပြုပ်ဟာအဆိပ်အရမ်းပြင်းလှပါသည်။ ဖားတွေထဲမှာ ဖားပြုပ်ဟာ တန်ခိုးထက်ပြီးသစ္စာတည်တယ်။ ဖားပြုပ်အော် လှျင် မလွဲမသွေမိုးရွာမယ်။ ဥနဲ့ကလေးတွေကို ပြန်မစားဘူး။ ဖါးပြုပ်ရဲ့ ဥနဲ့အရေခွံတွေကိုစားမိရင် မူးဝေအော့အန်ပြီး သေဆုံးနိုင်သည်။ ဒါပေမဲ့ ဖားပြုပ်ရဲ့ အရေခွံဟာဆေးဖက်ဝင်ပါသည်။ ယားနာတွေ၊ပွေးနာ၊ မီးလောင်တဲ့အနာတွေ၊ အစရှိသော အရေပြား ရောဂါများ ကင်းခြင်များကိုက်ရင်လည်း ဘာဆေးမှမလိုဘဲ ဖားပြုပ်အရေခွံနဲ့အုပ်ပေးလိုက်ပါက တခဏတာ အချိန်ကာလ အတွင်းမှာ မီးထဲရေလောင်း ထည့်သလိုမျိုး ပျောက်ကင်းစေနိုင်ပါသည်။

ရိုးရာပုံပြင်[ပြင်ဆင်ရန်]

ကရင့်ရိုးရာပုံပြင်အရ တစ်နေ့သ၌ရှေးဟောင်းကရင်အဘိုးအိုဖြစ်သူဖူးမော်တော် တစ်ယောက်က တောင်ယာလုပ်ပြီးအသက်မွေးရှာပါသည်။ တစ်နေ့မှာဖူးမော်တော် တောင်ယာသွားကြည့်သောအခါ လူရိုင်းတစ်အုပ် က၎င်း၏ တောင်ယာထဲကစပါးအသီးအနှံတွေကို ဝင်ရောက်ကစားဖျက်ဆီးတာကို အဝေးကနေလှမ်းမြင်ရပါသည်။

ပြီးတော့ဖူးမော်တော်က အကြံတစ်ခုထုတ်လိုက်သည်။ နောက်တစ်နေ့မှာတော့ ဖူးမော်တော် တောင်ယာခင်းထဲမှာ လှဲအိပ်လိုက်ပြီး သူ့ထံသို့ဦးတည်လာသောလူရိုင်းတစ်အုပ်ကိုတွေ့ရသည်။ ဖူးမော်တော်ကတောင်ယာထဲတွင် လူသေ အဖြစ်ဟန်ဆောင်လိုက်သည်။ ၎င်းအချင်းအရာကိုတွေ့မြင်ရသော လူရိုင်းအုပ်စုကဖူးမော်တော်သေပြီးထင်လို့ အသုဘအခမ်းအနားအတွက် အုပ်စုထဲမှလူရိုင်းများကို စည်ပြန်ယူခိုင်းလေသည်။ နောက်ဆုံးတွင် မျောက်များသည် ဖားစည်(၃)မျိုးရွှေရောင် ငွေရောင်နှင့်အဖြူရောင်ဖားစည်များကို ယူဆောင်လာကြသည်။ စည်များကိုတီးခတ်စဉ် အတွင်း ဖူးမော်တော်က ထထိုင်လိုက်ရာ မျောက်များက လန့်ပြီးထွက်ပြေးသောကြောင့် အဖြူုရောင်ဖားစည်သည် ရေထဲသို့ပြုတ်ကျသွားတော့သည်။ ဖူးမော်တော်သည် ကျန်ရစ်သောဖားစည်များကို ကရင်လူမျိုးများထံ ယူဆောင်လာပြီးချိန်မှစ၍ ၎င်းတို့သည်ကရင်လူမျိုးတို့၏ အမြတ်နိုးဆုံးအရာများဖြစ်သွားကြသည်။ တကယ်တော့ မျောက်တွေလို့ထင်ရတဲ့လူရိုင်းအုပ်စုဟာ လူသူပေါက်ရောက်နဲသော တောတောင်မှာနေသည့် အရိုင်းကရင်မျိုးနွယ်စု များ ဖြစ်ပါသည်။

အရင်ခေတ်နဲ့ယခုခေတ်ဘားစည်ကွာခြားမှုနှင့် တိမ်မြုပ်နေသောဖါးစည်များအကြောင်းကို ဖထွးဖူးဂယ်မှ ယခုလိုပြောပါသည်။

အရင်ခေတ်ဖါးးစည်က အသံတော်တော်ကောင်းပါတယ်။ ယခုဖားစည်အသံကသိပ်မကောင်းတော့ ဘူး။ သွန်းလုပ်တာလည်းပစ္စည်းတွေရှားပါးလာတယ်။ အရင်ကဖားစည်တစ်လုံးဟာ တန်ဖိုးမြင့်မားစွာရောင်း လို့ရတယ်။ ယခုဖားစည်ကပစ္စည်းတွေမစုံတော့ တစ်လုံးကို(၅)သိန်းလောက်ဘဲ ရောင်းလို့ရပါတယ်။ ယခုတစ်ချို့ ကရင်ရွာမှာဆိုရင် ရွှေဖါးးစည်နဲ့ငွေဖားစည်ကျန်ရှိပါသေးတယ်။ သူတို့ကဖွက်ထားတယ်။ လူတွေလာမေးရင်မပြောပြ ဘူး။ တစ်မျိုးမှာဆိုရင်တစ်ယောက်ဘဲသူတို့အသိပေးတယ်။ သူတို့ကပြောတယ် ကရင်တိုင်းပြည်လွတ်လပ်ရေး မရှိသေးတဲ့အချိန်မှာမပြချင်ဘူး။ ပြဖို့အချိန်မတန်သေးဘူး။ ပြရင်သူများလုယူမှာစိုးလို့ပြောကြပါတယ်။ ကရင် တိုင်းပြည်အုပ်ချုပ်နိုင်တဲ့တစ်နေ့ကျရင် ပြမှာဘဲလို့ပြောပါတယ်။

ယခုဘားစည်ဟာ ပိုးကရင်ဒေသတွင်မှာ အများဆုံးတွေ့ရပါသည်။ စကောကရင်ရွာမှာဆိုရင် သိပ်မတွေ့ရတော့ဘူး။ တစ်ချို့ကဖါးစည်ဘဲသိတယ်။ ဖါးးစည်အကြောင်းကိုမသိကြရှာဘူး။ အဲဒါကြောင့် ကရင့်ရိုးရာ ဖါးးစည်ဟာ တစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး။

ရှေးခေတ်အခါက မင်္ဂလာကြေးတင်တောင်းခြင်း၊ တရားစီရင်ခြင်းတို့တွင် လှျော်ကြေးအဖြစ်ဖြင့်ဖား စည်တို့ကို တန်ဘိုးများသတ်မှတ်ကာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါကရင်ရွာများ၌ ဖါးစည်ကိုရှာ၍ပင် မတွေ့နိုင်တော့ပါ။ ထို့ကြောင့်ကရင်အမျိုးသားများသည် မိမိတို့၏လူမျိုး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဖါးစည်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်အတူ ဖားစည်သွန်းလုပ်ခြင်းအတတ်ပညာဖြင့် ဆက်လက်၍ ဖါးစည်အသစ်များ သွန်းလုပ်သင့်ပါသည်။ ကရင့်တို့၏အမျိုးသားယဉ်ကျေးမှုဆိုင်ရာ ရိုးရာယဉ်ကျေးမှုများကိုလေ့လာမည်ဆိုလှျင် ဦးစွာ ပထမကရင့်ဖါးစည်ကိုလေ့လာရမည်ဖြစ်ပါသည်။ သို့မှသာ ကရင်လူမျိုးတို့နှင့် တစ်သားတည်းတည်ရှိခဲ့သော ကရင့်ဖါးစည်သည်၊ ကရင်အမျိုးသားထုတစ်ရပ်လုံး အားအစဉ်ကိုယ်စားပြုနေမည့် တူရိယာပစ္စည်းဖြစ်သည်ဆိုခြင်းကို နှောင်းခေတ်ကရင်လူငယ်တိုင်း ခံယူကြ မည်သာဖြစ်ကြောင်းရေးသားလိုက်ရပါသည်။ [၄]



ကိုးကား[ပြင်ဆင်ရန်]

  1. စာပေကော်မတီ၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) မှ စုဆောင်းတင်ပြသည်။
  2. ကရင်ဇွဲကပင်စာစောင်ဆိုဒ်
  3. ancientmyanmar.blogspot.com
  4. နော်ဘွေဝါး