အန်ကာရာမြို့

ဝီကီပီးဒီးယား မှ
အန်ကာရာမြို့
အန်ကာရာမြို့

ယခင်အန်ဂိုရာမြို့ဟုခေါ်သော အန်ကာရာမြို့ သည် တူရကီနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ထိုနိုင်ငံကို စူလတန်ဘုရင်အုပ်စိုးစဉ်က မြို့တော်သည် အစ်စတန်ဘူလ်မြို့ ဖြစ်ခဲ့ရာ သမ္မတနိုင်ငံဖြစ်လာပြီး နောက်တွင်မှ အန်ကာရာသည် မြို့တော် ဖြစ်လာသဖြင့် တူရကီတွင် ခေတ်ဟောင်းမှ ခေတ်သစ်သို့ ပြောင်းခဲ့သည့် သရုပ်ပြတစ်ခုလည်းဖြစ်သည်။

ရှေးပဝေသဏီက အန်ဆီရာဟုခေါ်တွင်ခဲ့သော အန်ကာရာမြို့သည် ဘီစီသုံးရာစုနှစ်ခန့်က ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ခဲ့၍ ဘီစီ ၂၅ ခုနှစ်တွင် ရောမပိုင် ဂလေးရှားနယ်ကြီး၏ မြို့တော် ဖြစ်သည်။ နောင်အခါ ပါးရှင်း၊ အာရပ်၊ တူရကီစသော တိုင်းပြည်တို့၏လက်အောက်သို့ အဆင့်ဆင့်လက်ပြောင်းရောက် ရှိခဲ့သည်။ ခရစ် ၁၃၆ဝ ပြည့်နှစ်တွင် အော့တိုမန်တူရကီတို့၏ အအုပ်ချုပ်ခံအဖြစ် ကျရောက်ခဲ့သည်။ ၁၄ဝ၂ ခုနှစ်တွင် မွန်ဂိုဧကရာဇ်၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရသော်လည်း ၁၄၃၁ ခုနှစ်တွင် တူရကီတို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သဖြင့် အော့တိုမန်နိုင်ငံတော်ကြီး ပျက်စီးပြိုကွဲသည်အထိ ထိုနိုင်ငံကြီး ၏ တစိတ်တဒေသအဖြစ် တည်ရှိခဲ့လေသည်။

စူလတန်ဘုရင်၏ အုပ်ချုပ်ရေးစနစ်ကို မလိုလားသော တူရကီမျိုးချစ်တစုသည် ၁၉၂ဝ ပြည့်နှစ်တွင် အန်ကာရာမြို့ ၌ စင်ပြိုင်အစိုးရဖွဲ့ခဲ့သည်။ နောင်အခါ စူလတန်ဘုရင်၏ အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်း၍ တူရကီသမ္မတနိုင်ငံကိုထူထောင်ပြီးနောက် ၁၉၂၃ ခုနှစ်တွင် ခေါင်းဆောင်ကြီးကီမားအာတာတတ်သည် ရန်သူတို့ချဉ်းကပ်ရန်ခက်ခဲသော နေရာတွင် တည်ရှိပြီးလျှင် စင်ပြိုင်အစိုးရ စတင်ဖွဲ့စည်းရာဖြစ်သော(တစ်နည်းအားဖြင့် စူလတန်ဘုရင် အုပ်ချုပ်ရေးကို တိုက်ဖျက်ရာအောင်မြေဖြစ်သော) အန်ကာရာမြို့ကို တူရကီသမ္မတနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်လိုက်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် မူလ အန်ဂိုရာမှ အန်ကာရာမြို့ဟု အမည်ပြောင်းလိုက်လေသည်။

တူရကီသမ္မတနိုင်ငံ၏မြို့တော် ဖြစ်လာပြီးသည့်နောက် တွင် အန်ကာရာမြို့ကို ဂျာမန်ဗိသုကာများ၏ အကူအညီဖြင့် ခေတ်မီ၍ ကျန်းမာရေးနှင့်ညီညွတ်သော မြို့တစ်မြို့ဖြစ်အောင် ပြုပြင်ဖန်တီးလိုက်ရာ၊ ယခုအခါ ခေတ်မီ၍ တင့်တယ်ခန့်ညားသော တိုက်တာအိမ်ခြေ အဆာက်အအုံများ၊ အစိုးရရုံးကြီးများ၊ ကျယ်ဝန်းဖြောင့်ဖြူးသော လမ်းမကြီးငယ်များ၊ အပန်းဖြေ လေညှင်းခံရန် ပန်းခြံနှင့်ဥယျာဉ်များ၊ လွှတ်တော်၊ တက္ကသိုလ် နှင့် စာသင်ကျောင်းကြီးငယ်များဖြင့် သိုက်မြိုက်စည်ကားလျက်ရှိပေသည်။ သို့တိုင်အောင် မြို့ဟောင်းအပိုင်းတွင်မူ ယခုတိုင်ကျဉ်းမြောင်းသောလမ်းများ၊ ကျန်းမာရေးနှင့်မညီညွတ်သော လူနေရပ်ကွက်များ ရှိနေဆဲပင် ဖြစ်လေသည်။

ယခုလက်ရှိ အန်ကာရာမြို့သည် မူလမြို့ကွက်ကို ချဲ့ထွင်ထားခြင်းဖြစ်သည်။ အန်ကာရာမြို့သည် အစ်စတန်ဘူလ်မြို့၏ အနောက်တောင်ဘက် မိုင် ၂၂ဝ ခန့်အကွာတွင် တည်ရှိသည်။ ဆကာရီယာမြစ်၏ လက်တက်တစ်ခုဖြစ်သော အန်ကာရာမြစ်ပေါ်တွင် မြို့ကိုတည်ထားသည်။ မြို့၏အနေအထားသည် ချောင်ကျသည်ဟုဆိုရစေကာမူ မီးရထားလမ်းအားဖြင့်လည်းကောင်း၊ လေကြောင်းအားဖြင့်လည်းကောင်း အဆင်ပြေစွာ ဆက်သွယ် ကူးသန်းနိုင်လေသည်။ မြို့နှင့်ပတ်ဝန်းကျင်ဒေသ၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးနှင့် အန်ဂိုရာမွေးရှည်ဆိတ်များ မွေးမြူရေးဖြစ်သည်။ ထိုမွေးရှည်ဆိတ်၏ အမွေးများဖြင့် မိုဟဲယာခေါ်သက္ကလတ်ထည် ရက်လုပ်သည့် လုပ်ငန်းလည်းကြီး ကျယ်သည်။

၂၀၁၃ ခုနှစ်ခန့်မှန်းခြေအရ အန်ကာရာမြို့၏ လူဦးရေမှာ ၄,၄၁၇,၅၂၂ ယောက် ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)