မော်စကိုမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မော်စကိုမြို့[ပြင်​ဆင်​ရန်​]

မော်စကိုမြို့သည် ရုရှားနိုင်ငံ၏ မြို့တော်ဖြစ်၍ ကမ္ဘာ့ထိပ်တန်းဝင် မြို့ကြီးတစ်မြို့ ဖြစ်သည်။ ဆိုဗီယက်ဆိုရှယ် လစ်ပြည်ထောင်စု သမ္မတနိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်ရုံမက ကွန်မြူနစ်အဖွဲ့၏ ဌာနချုပ်တည်နေရာ လည်းဖြစ်ပေသည်။

မော်စကိုမြို့သည် ဥရောပတိုက်ဖက်ရှိ ရုရှနိုင်ငံ၏ အလယ်ပိုင်းမြောက်ဘက်ယွန်းယွန်း မော်စကို (မော့စဗာ) မြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ မော်စကိုမြစ်သည် အိုကာမြစ်၏ လက်တက်ဖြစ်၏။ မောစကိုမြို့သည် လီနင်ဂရက်မြို့နှင့် မိုင် ၄ဝဝ ခန့် ကွာဝေးသည်။ မြို့ကို တည်ဦးစက တောင် ၇ လုံးပေါ်တွင်ဖြစ်၏။ မောစကိုမြစ်သည် မြို့၏အလယ်ပိုင်းလောက်တွင် မြင်းခွာသဏ္ဌာန် ကွေ့ကောက်စီးဆင်းသွားပေသည်။ မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁ဝဝ ကျော်ဖြစ်သည်။ မောစကိုမြို့သည် ဥရောပတိုက်မှသည်အရှေ့တိုင်းနိုင်ငံများသို့လည်းကောင်း၊ ဗေလတစ် ပင်လယ်မှသည် ကက်စပျန် ပင်လယ်သို့လည်းကောင်း ကုန်သွယ်ဖောက်ကားသည့်လမ်းကြောင်းများ၏ လမ်းမ ကြီးပေါ်တွင်တည်ရှိလေသည်။ သို့ဖြစ်ရကား မော်စကိုမြို့သည် အချက်အချာဒေသဖြစ်လျက် ယခုအခါ မီးရထား လမ်း ၁၁ လမ်းတို့၏ ဆုံရာနေရာဖြစ်၏။ ထိုပြင် မောစ်ကိုတူးမြောင်း (ရှေးအခေါ် မောစ်ကို ဗော်လဂါတူးမြောင်း) တူးဖော် လိုက်ခြင်းအားဖြင့် မော်စကိုမြို့သည် ပင်လယ်နှင့် အဆက်အသွယ်ရကာ အတွင်းပိုင်း ဆိပ်ကမ်းမြို့ဖြစ်လာပေသည်။

ဤသို့ဖြင့် ကုန်စည်ဖြန့်ဖြူးရေး၊ ကူးသန်းရောင်းဝယ်ရေးတွင် ကောင်းမွန်ပြေပြစ်လာသည်။ မော်စကိုမြို့သည် ရုရှနိုင်ငံတွင် အဟောင်းဆုံးမြို့တော်ဖြစ်သည်။ ရှေးအခါက ဇာဘုရင်တို့ ဦးစွာစိုးစံသောနေရာဖြစ်ပေသည်။ ၁၇ဝ၃ ခုနှစ်တွင် ရုရှဇာဘုရင် ပီတာ ဩ ဂရိတ် သည် မြို့တော်ကို ပီတာစဗတ် (ယခု လီနင်ဂရက်) သို့ပြောင်းရွှေ့သည်။ ၁၉၁၇ ခုနှစ် ရုရှတော်လှန်ရေးဖြစ်ပွားပြီးနောက် ဆိုဗီယက် အစိုးရသည် မြို့တော်ကို မောစကိုမြို့သို့ ပြန်လည်ပြောင်းရွှေ့သည်။ မြို့သည်လူဦးရေ အထူးတိုးပွားလာသည့်အလျောက် ဆိုဗီယက်တို့သည် မြို့ကို ချဲ့ထွင်ခဲ့ရသည်။ ဆိုဗီယက် အစိုးရသည် မြို့ကို ပြန်လည်တည်ဆောက်ရန် စီမံကိန်းများ ပြုလုပ်ရလေသည်။ စီမံကိန်းများအရ လမ်းသစ်များ၊ ရိပ်သာသစ်များ၊ ပန်းခြံများ၊ ဟိုတယ်များ၊ တိုက်ခန်းများ၊ ပြတိုက်များ အစရှိသည့် အဆောက်အအုံများကို ဆောက်လုပ်သည်။ မော်စကိုမြို့တွင် ဆိုင်များ၊ ရုံးအဆောက်အအုံများတို့မှာ ပြည်သူပိုင်ချည်း ဖြစ်လေသည်။ မြို့သစ်ပြန်လည် တည်ဆောက်သည် ဆိုသော်လည်း အချို့ရပ်ကွက်များတွင် ဟောင်းမြင်းဆွေးမြည့်နေသော အိမ်များရှိပေ သေးသည်။

မောစကိုမြို့တွင် ထင်ရှားသော အဆောက်အအုံ ကြီးကား ကရင်မလင်ဖြစ်၍ အချက်အချာ နေရာဖြစ်၏။ ကရင်မလင်သည် ဆိုဗီယက် အစိုးရအဖွဲ့၏ ဌာနချုပ်တည်ရာ ဖြစ်လျက် အခိုင်အခံ့ လုံခြုံစွာ တည်ဆောက်ထားလေသည်။ ကရင်မလင်သည် အနားညီတြိဂံပုံသဏ္ဌာန်ရှိ၍ ရှေးအခါက ခံတပ်အလို့ငှာဆောက်ထားသည်ဖြစ်၍ တစ်ခါက ဝက်သစ်ချသားဖြင့် ပြုလုပ်ထားသော တံတိုင်းရှိခဲ့၏။ ၁၆ ရာစုနှစ် အကုန်လောက်တွင် ပန်းပျော့ရောင် အုတ်နံရံများဖြင့် လဲလှယ်တည်ဆောက်လိုက်သည်။ ကရင်မလင်အုတ်တံတိုင်းများကို အုပ်မိုးလျက်ရှိသော မျှော်စင်များ စွန်းထွက် နေပေသည်။ ကရင်မလင်ထဲတွင် နန်းတော်များ၊ ဘုရားရှိခိုးကျောင်းများ ရှိပေသည်။

ကရင်မလင်ထဲတွင် နန်းတော်များ၊ ဘုရားရှိခိုးကျောင်းများ ရှိပေသည်။ ကရင်မလင်သည် တောင်ပူစာ အပေါ်တွင် ရှိသည်။ ၁၂ ခုမျှသော ရိပ်သာလမ်းကျယ်များသည် ကရင်မလင်မှနေ၍ ဖြာထွက်ကာ မြို့၏နယ်နိမိတ်ကို လွန်သွားသောအခါ လမ်းမ ကြီးများဖြစ်သွားလေသည်။ အခြားရိပ်သာများသည် ကရင်မလင်ကို ရစ်ပတ်လျက်ရှိသည်။ အခြားထင်ရှားသော အဆောက်အအုံများသည် ကရင်မလင်အနီး တစ်ဝိုက်တွင်ရှိ၏။ ကရင်မလင်၏ အရှေ့မြောက်ဘက် နံရံသည် ထင်ရှားကျော်ကြားသော ရက်စကွဲယား ခေါ် စတုဂံ ကွက်လပ်နီကြီးကို တူရူမျက်နှာမူလျက်ရှိသည်။ ယင်းစတုဂံ ကွက်လပ်သည် အလျားမိုင်ဝက်ခန့်ရှိ၍ အနံပေ ၄၅ဝ ရှိသည်။

အခါကြီးနေ့ကြီးများတွင်ယင်းကွက်လပ်၌ စစ်ရေးပြပွဲကြီးများကို ခမ်းနားကြီးကျယ်စွာ ပြသခင်းကျင်း၏။ လီနင် အာဇာနည် ဗိမာန်သည် ကရင်မလင်ကို မျက်နှာမူ လျက် စတုဂံကွက်လပ်နီပေါ်တွင် တည်ရှိသည်။ ၁၆၇၆ ခုနှစ်၌ ဆောက်လုပ်ပြီးစီးသော စိန်ဗဲစီဘုရားရှိခိုးကျောင်းသည် စတုဂံကွက်လပ်နီ၏ တောင်ဘက်အစွန်း၌ တည်ရှိကာ ယခုအခါတွင် ပြတိုက်အဖြစ် အသုံးခံလျက်ရှိသည်။ စတုဂံ ကွက်လပ်နီ၏ မောက်ဖက်တွင် ရှေးအခါက မြို့မ ကောင်စီအဆော်အအုံ တည်ရှိ၏။ အနးတစ်ဝိုက်ရှိ အခြားထင်ရှားသော အဆောက်အအုံတို့မှာ သမိုင်းပြတိုက်၊ အော်ပရာဇာတ်ရုံ၊ သူကောင်းတို့၏ ခန်းမဆောင်၊ ဆိုဗီယက် အစိုးရက တည်ဆောက်သော လီနင်စာကြည့်တိုက်၊ စာတိုက်နှင့် ကြေးနန်းအဆောက်အအုံ စသည်တို့ဖြစ်ကြ၏။ ထိုပြင်လည်း မောစကို မြို့တွင် ပြပွဲ ဇာတ်ရုံ၊ အနုပညာပြတိုက်များ၊ စာကြည့်တိုက်စသည်အများအပြားပင်ရှိ၏။ မောစကိုမြို့ရှိ ပြည်သူ့ လီနင်စာကြည့်တိုက်တွင် စာအုပ်ပေါင်း ၁၅,ဝဝဝ,ဝဝဝ ရှိ၏။ ဆိုခဲ့သည့်အတိုင်း မောစကိုမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောဒေသ၌ တည်ရှိရကား လုပ်ငန်းဆောင်တာအဝဝ ထွန်းကားပေသည်။ ရှေးအခါက မောစကိုမြို့၌ လူသုံးကုန်ပစ္စည်းများကိုသာ အဓိကထုတ်လုပ်သော်လည်း ယခုအခါတွင်မူ စက်ကိရိယာ နှင့် အထည်ကြီးများကို အရေးထား၍ ထုတ်လုပ်လျက်ရှိ၏။

အဓိက ထုတ်လုပ်သော ပစ္စည်းတို့ကား စက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ လျှပ်စစ်ကိရိယာ တန်ဆာပလာများ၊ လေယာဉ်ပျံများနှင့်တစ်ကွ အထည်အလိပ်၊ အစား အသောက်၊ ဆေး၊ ဖိနပ် အစရှိသောလူ့အသုံးအဆောင်များ ဖြစ်ပေသည်။ မြို့၏ အရှေ့ပိုင်းတွင် သံမဏိလုပ်ငန်းများကို ပြုလုပ်လျက်၊ စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးနေသည့် ရပ်ကွက်သစ်မှာ မောစကိုမြို့၏ အရှေ့တောင်ပိုင်းဖြစ်၍ မော်တော်ယာဉ်များ၊ ဗွိုင်လာအိုးများ၊ လျှပ်စစ်ကိရိယာများကို ထုတ်လုပ်လျက် ရှိပေသည်။

မောစကိုမြို့သည် ထိပ်တန်းမြို့ကြီး ဖြစ်ငြားသော်လည်း ပါရစ်မြို့တို့ကဲ့သို့ လူမျိုးစုံသော မြို့ကား မဟုတ်ပေ။ မောစကိုမြို့သည် ရုရှဆန်၍ ရုရှမူ မပျက်ဘဲရှိ၏။ မောစကိုမြို့ပေါ်ရှိ လမ်းမကြီးများတွင် ဗော်လဂါမြစ်အောက်ပိုင်းမှ ကော့ဆက်လူမျိုးများ၊ ဥဇဗက်ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံက လူမျိုးများ၊ ကော်ကေးဆပ်မှ တိုင်းရင်းသားများကို တွေ့နိုင်ပေသည်။

မောစကိုမြို့ကို ၁၂ ရာစုနှစ် အလယ်ပိုင်း လောက်က ရော့စတော့မှ မင်းသားတစ်ပါး ဖြစ်သူ ယူရီဒေါ်လဂိုရီူးး တည်ထောင်ခဲ့ဟန်တူသည်။ ၁၂ဝဝ ပြည့်နှစ်လောက်တွင် ရုရှကို တာတာလူမျိုးတို့က နှိမ်နင်းအောင်မြင်သဖြင့် မောစကိုမြို့သည် တာတာလူမျိုးတို့ကိုလက်ဆောင်ပဏ္ဏာများ ဆက်သွင်းရသောနယ်ဖြစ်ခဲ့၏။ ဤသို့ဖြင့် မောစကိုမြို့သည် တာတာလူမျိုးတို့၏ ကမ်းကားဖျက်ဆီးခြင်းမှလွတ် မြောက်ခဲ့ပေသည်။ ၁၂၃၇ ခုနှစ်တွင် အချို့နေရာများ၌ တာတာလူမျိုးတို့ မီးရှို့ဖျက်ဆီးခြင်းကို ခံရသည်။

တဖြည်းဖြည်းနှင့်သော်ကားမောစကိုမြို့က မင်းသားများသည် အားကောင်းလာသဖြင့် တာတာလူမျိုးတို့ကို တွန်းလှန် နိုင်ခဲ့ပေသည်။ ၁၄၆၂ ခုနှစ်တွင် တတိယ အိုင်ဗန်သည် ရုရှနိုင်ငံအလုံးအုပ်စိုးသော မင်းအဖြစ် နန်းတက်ပြီးသော် ၁၅၁၅ ခုနှစ်အထိ အုပ်စိုးခဲ့၏။ ၁၅၃ဝ ပြည့်နှစ်မှ ၁၅၈၄ ခုနှစ်စတုတ္ထအိုင်ဗန်သည် ဇာဟူသောဘွဲ့ကို ခံယူလျက် မော်စကိုမြို့ကို မြို့တော်ပြုသည်။

ထိုနောက်ပိုင်းတွင် မော်စကိုမြို့သည် စစ်မြေတလင်ဖြစ်ခဲ့သည်။ ၁၅၇၁ ခုနှစ်တွင် တာတာ လူမျိုးတို့သည် မြို့ကို မီရှို့ဖျက် ဆီးသည်။ ၁၆ဝ၃ ခုနှစ်မှ ၁၆၁၃ ခုနှစ် အတွင်း မော်စကိုမြို့သည် ဆူပူတိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာ ဖြစ်ခဲ့သည်။ ၁၇ဝ၃ ခုနှစ်တွင် ပီတာ ဩ ဂရိတ်သည် စိန်ပီတာစဗတ်သို့ မြို့တော်ကို ရွှေ့ပြောင်းလိုက်သည်တွင် မော်စကိုမြို့သည် နိုင်ငံရေးအားဖြင့် အရေးမပါ လှတော့ဘဲ ရှိသော်လည်း ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုစုဝေးရာဌာန ဖြစ်လျက်ကျန်ရစ်ခဲ့ပေသည်။ ၁၈၁၂ ခုနှစ်တွင် နပိုလီယန်ဦးဆောင်သော ပြင်သစ်တပ်များ ဝင်လာရာတွင် ရုရှလူမျိုးတို့သည် မော်စကိုမြို့ကို ပြင်သစ်တို့လက်သို့မရောက်ရအောင် မီးရှို့နှင့်သဖြင့် အတော်ပင်ပျက်စီးခဲ့၏။ ပြင်သစ်တို့လည်း ဆုတ်ခွာထွက်ပြေးရ၏။ ၁၉ဝ၅ ခုနှစ်တွင် မော်စကိုမြို့၌ ဆူပူ ထကြွမှု တစ်ရပ် ဖြစ်ပွား၍၊အေးငြိမ်းသွားသော်လည်း၊ ၁၉၁၇ ခုနှစ်တွင် မော်စကိုမြို့၌ တော်လှန်မှုအရေးအခင်းများ ဖြစ်ပွားပြန်၏။ ယာယီ အစိုးရအဖွဲ့သည် မြို့ကို ခေတ္တသိမ်းပိုက်ပြီးနောက် ဗော်လရှီဗစ်တို့အားအလျှော့ပေးလိုက်သည်။

၁၉၁၈ ခုနှစ်တွင် ဆိုဗီယက်အစိုးရသည် မြို့တော်ကို မော်စကိုမြို့သို့ပြန်လည်ရွှေ့ပြောင်းလိုက်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့သည် မော်စကိုမြို့ကို သိမ်းပိုက်ရန်အားခဲကြံစည်ခဲ့၏။ သို့သော် ဆိုဗီယက်တို့က အချိန်မှီ တွန်းလှန်ဖြိုခွင်းနိုင်ခဲ့သည်။ အကြိမ် အနည်းငယ်မျှ ဂျာမန်တို့၏ ဗုံးဒဏ်ကို ခံရသည်ဆိုငြားလည်း မပြောပလောက်ပေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် မော်စကိုမြို့သည် ကမ္ဘာပေါ်ရှိ ကွန်မြူနစ်အဖွဲ့ဝင်တို့ကို ဦးစီးကြိုးကိုင်ရာဒေသဖြစ်လာသည်။

မော်စကိုမြို့တွင် လူဦးရေ ၁၉၅၉ ခုနှစ် ခန့်မှန်းခြေအရ ၅,ဝ၃၂,ဝဝဝ ခန့် ရှိလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)