ဘေရွတ်မြို့

ဝီကီပီးဒီးယား မှ

ဘေရွတ်မြို့သည် လက်ဘနွန်နိုင်ငံ၏မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ လတ်တလောတွင် လူဦးရေ စာရင်း ကောက်ယူထားခြင်း မရှိသည့် အတွက် လူဦးရေ အတိအကျ မည်မျှ ရှိမည်ကို မသိနိုင်ပေ။ ၂၀၀၇ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၁ သန်း လျော့လျော့ မှ ၂ သန်းကျော် အထိ ရှိနိုင်မည်ဟု ခန့်မှန်းရသည်။ လက်ဘနွန်နိုင်ငံ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ကျွန်းဆွယ် တစ်ခုပေါ်တွင် တည်ရှိပြီး နိုင်ငံ၏ အကြီးဆုံးနှင့် အဓိက ဆိပ်ကမ်းမြို့ ဖြစ်သည်။ ဘေရွတ် မက်ထရိုပိုလစ်တန် ဒေသတွင် မြို့တော်နှင့် ဆင်ခြေဖုံးဒေသများ ပါဝင်သည်။ ဤမြို့အကြောင်း ဖော်ပြချက်ကို ရှေးဟောင်း အီဂျစ် တဲလ် အယ်လ် အာမာနာ၏ ဘီစီ ၁၅ ရာစုမှစာတွင် တွေ့ရသည်။ ဘေရွတ်မြို့သည် ထိုအချိန်မှ စ၍ ယနေ့တိုင်အောင် အစဉ်တစိုက် လူသားတို့ နေထိုင်ခဲ့ကြသော မြို့ဖြစ်သည်။

ဘေရွတ်မြို့သည် လက်ဘနွန်နိုင်ငံ အစိုးရ ရုံးထိုင်ရာ မြို့ဖြစ်ပြီး လက်ဘနွန်နိုင်ငံ၏ စီးပွားရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ ဘဏ်များနှင့် ကော်ပိုရေးရှင်းကြီးများသည် ဘေရွတ်မြို့တွင် အခြေစိုက်ကြသည်။ ဘေရွတ်မြို့သည် ဒေသအတွင်း ယဉ်ကျေးမှု ဆိုင်ရာ အချက်အချာ ကျသော မြို့တစ်မြို့ ဖြစ်ပြီး သတင်းစာ၊ ပြဇာတ်၊ ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှုများနှင့် ညဘက် ဖျော်ဖြေမှုများ အတွက် ထင်ရှားသည်။ လက်ဘနွန် ပြည်တွင်းစစ် အတွင်း ပျက်စီးသွားခဲ့ပြီးနောက် အကြီးစား ပြန်လည်တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ ပြန်လည်မွန်းမံထားသော မြို့လယ်ခေါင်ရပ်ကွက်၊ ဆိပ်ကမ်း၊ ပပ်ဘ် နှင့် ညဘက် ဖျော်ဖြေမှု ဆိုင်ရာ ရပ်ကွက်များကြောင့် ကမ္ဘာလှည့်ခရီးသွားတို့ ကျင်လည်ရာ ဒေသတစ်ခု ပြန်ဖြစ်လာခဲ့သည်။ နယူးယောက်တိုင်း သတင်းစာမှ ၂၀၀၉ ခုနှစ်တွင် ဘေရွတ်မြို့အား လည်ပတ်ရန် အကောင်းဆုံး နေရာ ၁၀ ခု အတွင်း ထည့်သွင်းခဲ့ပြီး ထိုနှစ် အတွင်းမှာပင် အထီးကျန် ကမ္ဘာ စာအုပ်မှလည်း ကမ္ဘာပေါ်တွင် လှုပ်ရှား တက်ကြွဆုံး မြို့ ၁၀ မြို့တွင် ထည့်သွင်း ဖော်ပြခဲ့သည်။