မာတိကာသို့ ခုန်သွားရန်

ဂဝံကျောက်

ဝီကီပီးဒီးယား မှ
ဂဝံကျောက်ဖြင့် တည်ဆောက်ထားသည့် အထိမ်းအမှတ်အဆောက်အဦ၊ အန္ဂဒိပူရမ်၊ အာရလ၊ အိန္ဒိယနိုင်ငံ။ ဤအထိမ်းအမှတ်သည် ဘူချနမ်-ဟမ်မယ်တွန်က ၁၈၀၇ခုနှစ်အတွင်းဂဝံကျောက်အကြောင်း ပထမဆုံးအကြိမ် ဖော်ပြဆွေးနွေးခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

ထုံးနှင့် မင်းဂင်းနိစ်(သံ)၊အလူမီနီယမ် ဓာတ်ပေါင်းများပါဝင်သည့် မြေစေးနှင့် ကျောက်စရစ်ခဲများ ရောနှောနေသောမြေကို ဂဝံမြေဟုခေါ်သည်။ မြစ်ကြီးများက တိုက်စားပြီး မြစ်ဝပင်လယ်ကမ်းစပ်မှာ ပို့ချသည့် အနည်ကျကျောက်တစ်မျိုးကို ဂဝံကျောက်ဟု ခေါ်သည်။

ဝေါဟာရ

[ပြင်ဆင်ရန်]

ဂဝံဟူသည့် ဝေါဟာရသည် မွန်စကားလုံး တွံဝါန်မှ ဆင်းသက်လာကာ မြန်မာအဘိဓာန်က ဂဝံကို မြေစေး နှင့် သံချေးရောသောကျောက်ဟု အဓိပ္ပာယ်ဖွင့်ဆိုထား သည်။[] အင်္ဂလိပ်ဘာသာတွင် Laterite ဟုခေါ်ဆိုကြသည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

မြေဩဇာဓာတ်ကင်းမဲ့၍ မြေးစေးပါသော အနီရောင် ကျောက်ကျစ် မြေလွှာမျိုး ဖြစ်သည်။ အချို့နေရာတွင် အလူမီနီယံနှင့် သံအောက်ဆိုက်များ ပါရှိ၍ သံရိုင်းအချို့လည်း ရောစပ်နေလေသည်။ မြေမျက်နှာပြင်အောက်တွင်ရှိနေသည့် ဂဝံမြေစေးများသည် မြေကြီးထဲမှတူးထုတ်ပြီး လေနှင့်ထိတွေ့ပါက မာကျောသော ဂဝံကျောက်အဖြစ် ပြောင်းလဲသွားကြသည်။ ပိုးပေါက်သဖွယ် အခေါင်းများပါ၍ မာကျစ်သော ကျောက်စိုင်ကျောက်ခဲ အနေဖြင့်လည်း တွေ့ရှိရလေသည်။ အချို့ သက်ရင့်ကျောက်မှာ မာ၍ အချို့သက်နုကျောက်မှာ ဆွေးခဲလွယ်၍ ရွှံ့စေးများ ရောထွေးနေလေသည်။ ၎င်းကျောက်တွင် ပါဝင်သည့် သံနှင့် အလူမီနီယမ်တို့သည် လေထဲမှ အောက်စီဂျင်နှင့် ပေါင်းစပ်ဒြပ်ပြုကာ အောက်ဆိုဒ်များအဖြစ်ပြောင်းလဲသွားသောကြောင့် မာကျောသွားရခြင်းဖြစ်ပြီး ဂဝံကျောက်များသည် အနီရောင်ဖြင့် မြင်တွေ့ကြရခြင်းဖြစ်သည်။ ထို့ကြောင့် ဂဝံကို မြေကြီးမှ ထုတ်ယူပြီးချိန်တွင် မိမိတို့အလိုရှိရာပုံကို ပုံဖော်နိုင်သည်။ အုတ်ခဲ ပုံစံပြုလုပ်ထား သည့် ဂဝံတုံးများသည် မီးမဖုတ်ရဘဲ လေနှင့်ထိကာ မာကျောသွားသဖြင့် မီးမဖုတ်အုတ် (Unbutnt Brick) ဟုလည်း ခေါ်ဆိုသည်။

ဂဝံကျောက်တူးယူနေပုံ၊ အိန္ဒိယနိုင်ငံ

အသုံးပြုခြင်း

[ပြင်ဆင်ရန်]

ဂဝံသည် ကျစ်လျစ်မာကျောသော ကျောက်အသွင် ပြောင်း မြေစေးဖြစ်သဖြင့် လမ်းခင်းရာတွင် အသုံးပြုနိုင် သကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ ထို့အတူ ဂဝံဖြင့် ရုပ်တုရုပ်ကြွများကို ထုလုပ်နိုင်သဖြင့် ဂဝံရုပ်တုများ၊ ဂဝံစေတီပုထိုးများ၊ ဂဝံထီးတော်များ၊ ဂဝံ တံတိုင်းများကို ပြုလုပ်ခဲ့ကြရာ ဂဝံထွက်ရှိရာ အရပ်ဒေသများတွင် ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့ပေသည်။ ထို့ကြောင့် ဂဝံယဉ်ကျေးမှု ရှေးဟောင်းလက်ရာများကို ဂဝံထွက်ရှိသည့် နေရာများ တွင် အများဆုံး တွေ့ရှိကြရပြီး ရှေးဟောင်း ဂဝံလက်ရာ များအပြင် ခေတ်သစ်ဒီဇိုင်းများ ပုံဖော်ထားသည့် ဂဝံ ရုပ်တု ပုံစံအမျိုးမျိုးကိုလည်း မြင်တွေ့နိုင်ကြပေသည်။[]

ဂဝံ ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ဂဝံယဉ်ကျေးမှုကို ဂဝံကျောက်ဖြင့် ပြုလုပ်ထား သည့် ဗိသုကာလက်ရာများ၊ ရုပ်တုရုပ်ကြွ အနုပညာ လက်ရာများ၊ စေတီပုထိုးများဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခ တာဝန်ထမ်းဆောင်ခဲ့သူ လုစ် (G.H Luce) က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာရှိ ကျိုက်ထီးစောင်းစေတီနှင့် ဆင်တပ်မြင်းတပ် တံတိုင်းတို့ကို ဥပမာ ပြုလျက် ဂဝံယဉ်ကျေးမှု (Latrite Culture) ဟူသည့် အသုံးအနှုန်းကို စတင်သုံးစွဲခဲ့သည်ဟု မှတ်သားခဲ့ရသည်။[] အန်ကောဝပ်ကျောင်းတော်သည် ဂဝံကျောက်များဖြင့် တည်ဆောက်ထားသည့် ထူးခြားသော ဘုရားကျောင်းတစ်ခုဖြစ်ကာ ကမ္ဘာ့အမွေအနစ်စာရင်းဝင် အဆောက်အဦတစ်ခုဖြစ်သည်။

ဂဝံကျောက်ထွက်ရှိရာနေရာများ

[ပြင်ဆင်ရန်]

အပူပိုင်းဒေသဖြစ်သော အာဖရိကတိုက်ဘရာဇီးအိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည်။[] မြန်မာနိုင်ငံတွင် စစ်တောင်းမြစ်သံလွင်မြစ်များတွင် ထင်ရှားစွာ တွေ့ရှိရသည်။ မုပ္ပလင်ကျိုက်ထိုဘီးလင်းသထုံမော်လမြိုင်ဘားအံ နယ်မှသည် ရေးထားဝယ် အထိ တွေ့ရှိရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ http://www.myanmardigitalnewspaper.com/my/chngttpmngttpnng-gwnlkraamaa[လင့်ခ်သေ]
  2. လှသမိန် (ဧပြီ ၁၉၇၈)။ "ဂဝံကျောက်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  3. ဦးစံဝင်း၏ ဂဝံဓလေ့