ပေါက်တောမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပေါက်တောမြို့
ပေါက်တောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပေါက်တောမြို့
ပေါက်တောမြို့
ပေါက်တော တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°10′52″N 93°04′05″E / 20.180984°N 93.068169°E / 20.180984; 93.068169
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်
ခရိုင်စစ်တွေ
မြို့နယ်ပေါက်တောမြို့နယ်[၁]

ပေါက်တောမြို့သည် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၁၅မိုင်ခန့် အကွာတွင် ရှိသော ကုလားတန်မြစ် ၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မြို့နယ်သည် စတုရန်း ၄၉၆ မိုင် ကျယ်ဝန်းသည်။ စစ်တွေမှ မင်းပြားမြို့သို့ သွားသော ရေလမ်း ကုန်းလမ်း နှစ်ခုလုံးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မြို့နယ်တစ်ဝန်းတွင် ဆန်စပါး စိုက်ပျိုးသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၉၅၆ ယောက်ခန့် ရှိသည်။ [၂]

ပေါက်တောမြို့ဖြစ်ပေါ်လာရခြင်း[ပြင်ဆင်ရန်]

ပေါက်တောမြို့သည် ရှေးရခိုင်ဘုရင်မင်းများလက်ထက်ကပင်တည်ရှိခဲ့သော မြို့တစ်မြို့မဟုတ်ပဲ အင်္ဂလိပ် ခေတ်ဦးပိုင်းအတွင်း ပေါ်ထွန်းလာသော မြို့တစ်မြို့ဖြစ်သည်။ ခရစ် (၁၇၈၄) ခုနှစ်တွင် ရခိုင်ထီးနန်း အရေးနိမ့်ခဲ့ရပြီးနောက် ရခိုင်ပြည်အဝှမ်း စစ်ဒဏ်ကြောင့် ဖရိုဖရဲဖြစ်ကာ ရမ္မာ၀တီ ရမ်းဗြဲဇင်ချောင်းကျွန်းရွာတွင် နေထိုင်လျှက်ရှိသော ရွာစားကြီး ဦးစံဖြူနှင့် မယားမိမလှတို့ မိသားစု တစ်ခုလုံးသည် တောင်ရင်းကျွန်းအရပ်သို့ ရွှေ့ပြောင်းလာကြပါသည်။ အဆိုပါမိသားစုတို့သည် ယခုပေါက်တောအနီး သရွဲကျွန်းရွာနားရှိ ဦးမြဖော်အောင်၏ ကျွဲနွားစားကျက်များဖြစ်သော ပေါက်တောကွင်းကို ရခိုင် ငွေသားဒင်္ဂါး (၃၅) ပြားဖြင့် ဝယ်ယူ၍ ရပ်ရွာတည်ထောင်သည်။ စားကျက်များ တစ်ကွင်းလုံးတွင် ပေါက်ရောက်လျှက်ရှိသော ပေါက်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်းကာ ခရစ် (၁၇၈၇) ခုနှစ်တွင် ရပ်ရွာတည်ထောင်သည်။ ရပ်ရွာအမည်ကို ပေါက်ပင်ကြီးများ တည်ရှိရာကို အကြောင်းပြု၍၎င်း၊ သရွဲစားကျက်များကို အစွဲပြု၍၎င်း (သရွဲပေါက်တော) ဟု တွင်ခေါ်သည်။

ခရစ် (၁၈၂၄) ခုနှစ်တွင် ရခိုင်ပြည်ကို အင်္ဂလိပ်တို့ကသိမ်းယူလိုက်သည့်အခါ သရွဲပေါက်တောရွာမှာလည်း ဗြိတိသျှတို့၏လက်အောက်အတွင်းသို့ ကျရောက်ရသည်။ ကျွန်းရွာတည်ရှိရာ၏အရပ်ဝန်းကျင်သည် သယ်ယူ ပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးအရ ဆိပ်ကမ်းကျသောနေရာကောင်း တစ်ခုဖြစ်၍ နောင်တွင် စည်ကားလာခရာ ခရစ် (၁၈၉၀) ပြည့်နှစ်တွင် ဤကျွန်းရွာကို အင်္ဂလိပ်မင်းတို့က နယ်ပိုင်ရုံးစိုက် အုပ်ချုပ်ရာ မြို့တစ်မြို့အဖြစ် သတ်မှတ်၍ (ပေါက်တောမြို့) ဟူ၍ ဖြစ်ပေါ်လာသည်။

တည်နေရာ၊ အကျယ်အဝန်းနှင့် လူဦးရေ[ပြင်ဆင်ရန်]

ပေါက်တောမြို့နယ်သည် မြောက်လတ္တီတွဒ် (၂၀) ဒီဂရီ (၁၀) မိနစ် (၃၆) စက္ကန့်၊ အရှေ့လောင်ဂျီကျု (၉၃) ဒီဂရီ (၁၄) မိနစ် (၁၈) စက္ကန့် အကြား၌ တည်ရှိသည်။ မြို့နယ်၏မြောက်ဘက်တွင် မြောက်ဦးမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အရှေ့ဘက်တွင် မြေပုံမြို့နယ်၊ အနောက်ဘက်တွင် စစ်တွေမြို့နယ်များနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြို့နယ်တခုလုံး၏ အကျယ်အဝန်းသည် ၄၀၃.၇၄-စတုရန်းမိုင် ရှိသည်။ ရပ်ကွက် (၅) ရပ်ကွက်၊ ကျွန်းရွာအုပ်စု (၅၃) အုပ်စုနှင့် ကျွန်းရွာပေါင်း (၁၇၈) ရွာ ပါဝင်သည်။ ပေါက်တောမြို့ပေါ်၏အကျယ်အဝန်းသည် ၀.၆၈ စတုရန်း မိုင်ရှိသည်။

၁၉၉၉- ခုနှစ် စာရင်းအရ ရပ်ကွက် (၅) ရပ်ကွက်၌ မြို့ပေါ်လူဦးရေ ၁၄,၀၉၄- ဦးနေထိုင်ပြီး ကျွန်းရွာ (၁၇၈) ရွာ၌ လူဦးရေ ၁၂၃,၉၁၆-ဦး နေထိုင်သည်။ တစ်မြို့နယ်လုံး၏ လူဦးရေ စုစုပေါင်းသည် ၁၃၈,၀၁၀-ဦး ဖြစ်သည်။

မြေမျက်နှာသွင်ပြင်နှင့် ရေဆင်း[ပြင်ဆင်ရန်]

ပေါက်တောမြို့နယ်သည် ပင်လယ်နှင့် နီးကပ်စွာ တည်ရှိသော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ပင်လယ်ရေ မျက်နှာပြင်၏ (၁၁) ပေအမြင့်တွင် တည်ရှိသည်။ ဤမြို့နယ်၌ ဖရုံကာကျွန်း (၃) ကျွန်း၊ တောင်ရင်းကျွန်း၊ ပြားကျွန်း၊ ဝင်းကျွန်း၊ ပြည်စိုးကြီးကျွန်း (ပြည်သူကြီးကျွန်း)၊ သလွန်တောင်ကျွန်း၊ စိုင်းတုတ်ကျွန်း၊ နန်းတက်ကျွန်း၊ ငပြီကျွန်းဟူ၍ ကျွန်းကြီး (၁၁) ကျွန်းဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ ဖရုံကာကျွန်းသုံးကျွန်းနှင့် တောင်ရင်းကျွန်းမှအပ ကျန်သည့်ကျွန်းများမှာ မြေပြန့်လွင်ပြင် ကျွန်းများ ဖြစ်သည်။

ထိုကျွန်းများအကြားတွင် လှည့်ပတ်စီးဆင်းလျှက်ရှိသောမြစ်ချောင်းများအနက် ပေါက်ဆိန်ကျမြစ်သည် တောင်ဘက် ပင်လယ်ထဲသို့ စီးဝင်သည်။ မြို့နယ်၏ အလယ်ဗဟိုမှ စီးဆင်းနေသော ကျွဲကူးမြစ်မှာ မြောက်မှ တောင်အရပ်သို့ စီးဆင်းပြီး အနောက်တောင်ထောင့်အရပ်သို့ ကွေးညွတ်ကာ ဂစ္ဆပနဒီမြစ်၀နှင့် ပေါင်းဆုံလျှက် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ပေါက်တောမြို့ကို ခရစ် (၁၈၉၀) ပြည့်နှစ်တွင် မြို့တစ်ခုအဖြစ် သတ်မှတ်ပြဋ္ဌာန်းလျှက် မြို့နယ်အုပ်ချုပ်ရေးကို စတင်သည်။ မြို့နယ်တစ်ခုလုံး၏ အုပ်ချုပ်သောစနစ်သည် ဗြိတိသျှအင်္ဂလိပ်မင်းတို့ အုပ်ချုပ်သောနည်းစနစ်ဖြစ်သည်။

စီးပွားရေး[ပြင်ဆင်ရန်]

ပေါက်တောမြို့နယ်၏ အဓိကစီးပွားရေးမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုပင်ဖြစ်သည်။ (၁၉၉၈-၉၉) ခုနှစ် စာရင်းအရ မိုးစပါးစိုက်ပျိုးမြေဧက (၇၄၂၈၀) ရှိသည်။ ယင်းအပြင်အချို့မြေနေရာများ၌ ရာသီအလိုက် ပဲတောင့်၊ မိုးနှမ်း၊ နေကြာ၊ ငရုတ်၊ ပဲအမျိုးမျိုးတို့ကိုလည်း စိုက်ပျိုးသည်။ ဒုတိယအနေဖြင့် ပေါက်တောမြို့နယ်သည် ပင်လယ်နှင့်နီးကပ်စွာတည်ရှိသဖြင့် ငါးပုဇွန်မွေးမြူရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။ (၂၀၀၀) ပြည့်နှစ် စာရင်းအရ ပေါက်တောမြို့နယ်၌ ပုဇွန်မွေးမြူရေးဧက (၁၇၁၁၂) ဧကရှိသည်။ ထို့အပြင် ဖရုံကာကျွန်း သုံးကျွန်း၌ ငါးဖမ်းစခန်းများဖွင့်လှစ်ပြီး ငါးများကို နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချသည်။ တတိယအနေဖြင့် နေလှမ်းဆား ထုတ်လုပ်ခြင်းဖြစ်သည်။ (၁၉၉၇-၉၈) ခုနှစ်စာရင်းအရ မြို့နယ်တစ်ခုလုံး၌ နေလှမ်းဆားဧက (၇၃၈) ဧကရှိပြီး ဆားပိဿာချိန် သိန်းခြောက်ဆယ်ကျော် ထွက်ရှိကြောင်း သိရသည်။

ဘာသာရေး[ပြင်ဆင်ရန်]

ပေါက်တောမြို့နယ်အတွင်း နေထိုင်လျှက်ရှိသော လူမျိုးအများစုမှာ ရခိုင်လူမျိုးများဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ဤမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ဆင်းထု (ဉာဏ်တော်အကြီး) (၁၆) ဆူ၊ စေတီပုထိုး (၂၁) ဆူနှင့် (၁၉၉၉) ခုနှစ်စာရင်းအရ ဘုန်းတော်ကြီးကျောင်း (၁၇၃) ကျောင်း၊ သီလရှင်ကျောင်း (၃) ကျောင်း၊ ရဟန်းသံဃာပေါင်း (၇၈၂) ပါး၊ သီလရှင် (၄၅) ပါး ရှိကြောင်းသိရသည်။ အခြား ဘာသာဝင်များအဖြစ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတစ်ကျောင်းနှင့် မူဆလင်ဗလီ (၂၈) ခုရှိသည်။ ထင်ရှားသော ဘုရားပုထိုးစေတီများမှာ မြေငူကျွန်း၌ ဆံတော်သျှင်စေတီ၊ ပေါက်တောမြို့၌ လိုင်ရိုးတော်ဓာတ်၊ တိလောက မာရဇိန်ခေါ် တောင်းဖူးဘုရားကြီး၊ တောင်ညိုဂူတွင်းဘုရားများနှင့် အလယ်ဖရုံကာကျွန်း အူမတော်ဓာတ်၊ သျှင်ထီးမစေတီ၊ မာလာတော်ဓာတ်တို့ ဖြစ်သည်။ အခြားသောကျွန်းများ၌လည်း ထင်ရှားသော တန်ခိုးကြီးဘုရားများ၊ ဓာတ်တော်များရှိပါသေးသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ပေါက်တောမြို့သည် အင်္ဂလိပ်ခေတ်ဦးပိုင်းတွင် တည်ထောင်ခဲ့သော မြို့တစ်မြို့ဖြစ်သဖြင့် ကျန်းမာရေးနှင့် သက်ဆိုင်သော ဆေးခန်းကို ခေတ်ဦးပိုင်းတွင် မတွေ့ရပေ။ ယခင်ကအတိုင်း မြို့နယ်မှပြည်သူများမှာ ရခိုင်ဗိန္ဓောဆေးဆရာကြီးများထံ၌ ဆေးကုသမှုကို ခံယူကြသည်။ နောက်ပိုင်းတွင် ပေါက်တောမြို့ပေါ်၌ ဆေးခန်းငယ်တစ်ခုရှိလာသည်။ ထိုဆေးခန်းမှာ ယခု လ-၀-က ရုံးအနီးဖြစ်သည်။ အဆောက်အဦးမှာ ဝါးတန်းလျား အုတ်မိုးဖြစ်သည်။ ကုသရေးနှင့်ပတ်သက်၍ ကွန်ပေါင်တာ (ဆေးစပ်) တစ်ဦးနှင့် အလုပ်သမားတစ်ဦးသာ ရှိသည်။

နောက်ပိုင်းတွင် ဆေးခန်းသည် အုတ်အဆောက်အဦးသို့ ပြောင်းလဲလာသည်။ ဆေးခန်း၌ ဆရာဝန်တစ်ဦး၊ ကွန်ပေါင်တာတစ်ဦး၊ အလုပ်သမား တစ်ဦးရှိလာသည်။ (၁၉၄၁) ခုနှစ်အရောက်တွင် စစ်တွေမြို့ မြန်မာနိုင်ငံ အောက်လွှတ်တော်အမတ် ဝတ်လုံတော်ရ သူဌေးမင်းဦးရွှေသာမိသားစုတို့က မူလဆေးခန်း၏အောက်ဘက်တွင် အဆောင်သစ်တစ်ခုကို တိုးချဲ့ဆောက်လုပ်လှူဒါန်းသည်။ (၁၉၈၅) ခုနှစ်တွင် ဆေးရုံသစ်ကို ယခု မ-ယ-ကရုံး၏ အရှိမြောက်ဘက် နေရာသစ်သို့ပြောင်း၍ မြို့နယ်မှအလှူငွေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကြသည်။

ယခုအခါ ပေါက်တောမြို့ပေါ်၌ ကုတင် (၁၆) လုံးဆန့် ဆေးရုံတစ်ရုံ၊ မြို့နယ်၌ ကျန်းမာရေးဌာန (၅) ခု၊ တိုက်နယ်ဆေးရုံ (ကျောက်တောင်)၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန (၁) ခု တည်ရှိသည်၊ ထို့အပြင် ရဟန်းသံဃာတော်များအတွက် သီးသန့်ဆေးကုနိုင်စေရန် သံဃဆေးကုသဆောင် တစ်ဆောင်ကို ပေါက်တောမြို့မ ဆရာတော်ကြီး ဦးနာရဒကဦးဆောင်၍ ဆောက်လုပ်လှူဒါန်းသည်။ ယင်း၏အနီး၌ ကလေးသူငယ်များအတွက် ဆေးကုသဆောင် တစ်ဆောင်ကိုလည်း တိုးချဲ့ဆောက်လုပ်ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ပေါက်တောမြို့ပေါ်တွင် အင်္ဂလိပ်ခေတ်အတွင်းက စာသင်ကျောင်းတကျောင်းရှိခဲ့ကြောင်းကို စစ်တွေမြို့ ဂဇက်တီယာအရ သိရသည်။ ထိုစာသင်ကျောင်းမှာ မြို့ပေါ်၌တည်ရှိပြီး အလယ်တန်းပညာအဆင့်ထိ သင်ကြားနိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် သဝင်ချောင်းရွာ၌လည်း အလယ်တန်းကျောင်းတစ်ကျောင်း တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။ အခြားနယ်ကျွန်းအရပ်များ၌ အစိုးရစာသင်ကျောင်းမရှိသဖြင့် ဘုန်းတော်ကြီးကျောင်း ပညာရေးကို အားထားခဲ့ရသည်။ ပေါက်တောမြို့၏ ပထမဦးဆုံး အလယ်တန်းကျောင်းတည်ရှိသော နေရာသည် ယခုပေါက်တောမြို့ အ-ထ-က ကျောင်းတည်ရှိနေရာဖြစ်သည်။ ထိုစဉ်ကကျောင်းမှာ အုန်းမိုး၊ ဝါးခင်း၊ ဝါးထရံကာ အဆောက်အဦးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် (၁၉၅၃) ခုနှစ်တွင် မူလကျောင်းဆောင်ကိုဖြိုဖျက်ပြီး အုတ်ဖြင့် နှစ်ထပ်ကျောင်းဆောင်ကို ဆောက်လုပ်ခဲ့သည်။ ကျောင်းသစ် ဆောက်လုပ်စဉ်ကာလတွင် (ယခုပေါက်တောမြို့ ဧစေတီအရပ်) သို့ ခေတ္တရွေ့ပြောင်း၍ ဓမ္မာရုံ၌ ပညာသင်ကြားခဲ့ရသည်။ (၁၉၇၅) ခုနှစ်တွင် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းသို့ တိုးမြှင့်ခဲ့သည်။ ယခုအခါပေါက်တောမြို့နယ်၌ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ မူလတန်းကျောင်း (၁၃၇) ကျောင်းရှိသည်။

မြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ပေါက်တောမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများသည် ယခင်ကထက် တိုးတက်မှုရှိလာသည်။ ယခင်က လူသွားလမ်းများသည် ကျောက်ကြမ်းလမ်းများ ဖြစ်သည်။ မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများကို (၁၉၉၀-၉၁) ခုနှစ်တွင် အစိုးရအထောက်အပံ့ကျပ်ငွေ (၁၀) သိန်း၊ (၁၉၉၁-၉၂) ခုနှစ်တွင် (၂၃) သိန်း ခွင့်ပြုပေးရာ အဆိုပါငွေများဖြင့် ဦးဥတ္တမလမ်း ကွန်ကရစ်ခင်းလုပ်ငန်း၊ မင်းစောမွန်လမ်းအား ကွန်ကရစ်ခင်းလုပ်ငန်း၊ ဦးမြဝါလမ်းအား ရေနုတ်မြောင်းလုပ်ငန်းတို့ကို ပြုလုပ်သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုငွေများဖြင့် ကတ္တရာလမ်းခင်းရာ ဦးဥတ္တမလမ်း၌ ပေ (၂၈၀၀) ပေ။ မင်းစောမွန်လမ်း၌ (၉၁၀) ပေ၊ ဗိုလ်ချင်းပျံလမ်း၌ (၇၉၀) ပေ အသီးသီးကို ကတ္တရာခင်းနိုင်ခဲ့သည်။

ပေါက်တောမြို့သည် ယခင်က သောက်သုံးရေနှင့် ပတ်သက်၍ အခက်အခဲများစွာရှိသည်။ (၁၉၉၀) ပြည်နှစ်မှစ၍ လူထုလုပ်အား (၆.၅) သိန်း၊ အစိုးရမှထည့်ဝင်ငွေ (၁၅.၅) သိန်း ငွေကြေးဖြင့် တဖက်ပိတ်ဆည်ကြီးကို တည်ဆောက်ခဲ့သည်။ (၁၉၉၅-၉၆) ခုနှစ်အရောက်တွင် အစိုးရမှ ခွင့်ပြုငွေသိန်း (၂၀) ဖြင့် ခြောက်လက်မအရွယ် ပီဗွီစီပိုက်လုံး (၄၀၀) ကိုဝယ်ယူ၍ ဆည်မှမြို့ထဲသို့ ရေပေးဝေရန် သွယ်တန်းခဲ့သည်။ နောက်ထပ်လိုအပ်သော (၃) လက်မခွဲအရွယ် ပိုက်လုံးများကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဝယ်ယူကာ နေအိမ်ခြံဝင်းထဲအရောက် သွယ်တန်းခဲ့သည်။ ထို့အပြင် ရေဂါလံ (၂၀၀) ဝင်သော အုတ်ရေကန်ငယ် (၆) လုံးကိုလည်း မြို့နေရာအနှံ့ တည်ဆောက်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၆)၊ စာမျက်နှာ (၄၁၂)
  • ကျော်ဇောလှ၊ ရသေ့တောင်။ ။ပြုပြင်ပြောင်းလဲတိုးတက်မှုရှိသော ပေါက်တောမြို့နယ်၊ ပေါက်တောရွှေမြေ မဂ္ဂဇင်း (၁)
  • မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပေါက်တောမြို့နယ် အခြေခံအချက်အလက်များ (၁၉၉၉-ခုနှစ်)