ဘုရားပေါ်ဘုရား

ဝီကီပီးဒီးယား မှ
(ဘုရားပေါ်စေတီ မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘုရားပေါ်ဘုရား နန်းရာကုန်းမှ အနောက်ဘက်စူးစူး တစ်မိုင်ခန့်အကွာ၊ လောကမာရ်အောင်စေတီတော်မှ အနောက်ဘက်ကိုက် ၄၀၀ခန့် အကွာ ဘုရားပေါ်ချောင်းနံဘေးတွင် တည်ရှိသည်။ ဆင်းတုတော်ကြီးမှာ ရေထဲတွင် နှစ်ပေါင်းတစ်ထောင်ခန့် ကိန်းဝပ်တော်မူပြီး ပေါ်ပေါက်လာသည်ကို အကြောင်းပြု၍ ဘုရားပေါ်ဘုရား ဟု ခေါ်ကြသည်။ ဉာဏ်တော် ၁၂ပေ ၃လက်မရှိသည်။ မဟာမုနိရုပ်ရှင်တော်မြတ်နှင့် လက်ရာများစွာတူလေသည်။ ဘုရားပေါ်ဘုရားဆင်းတုတော်ကြီးရှိရာ ဂူတော်အပေါ်ထက်တွင် တည်ထားသောစေတီဖြစ်သောကြောင့် ဘုရားပေါ်စေတီဟု ခေါ်ဝေါ်ကြသည်။ အောက်ခြေမှာ စတုရန်းလေးထောင့်ပုံဖြစ်၍ ပေ ၂၀မြင့်သော နံရံရှိသည်။ ၎င်းမှ ပစ္စယံလေးဆင့်တင်ထားသည်။ ပစ္စယံလေးဆင့်ပြီးနောက် စက်ဝိုင်းပုံသို့ပြောင်းကာ ခေါင်းလောင်းမှောက်၊ ဖောင်း ရစ်၊ ငှက်ပေျာဖူး၊ ထီးတော် အဆင့်ဆင့် တင့်တယ်စွာရှိသည်။ ဖောင်းရစ် ၁၂ခု ရှိသည်။ စေတီတော်တစ်ခုလုံးဉာဏ်တော်မှာ (၁၂၀)ပေရှိသည်။ အောက်ခြေဖိနပ်တော်ထောင့်လေးထောင့်တွင် ခြင်္သေ့တစ်ကောင်စီရှိသည်။ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဝင်လမ်းဂူတို့ရှိသည်။ ၎င်းဂူလမ်းမှ ဂန္ဓကုဋီတိုက်နှင့် ဆက်သွယ်ထားသည်။ အနောက်ဘက်နံရံကို ကျောပြု၍ ကြီးမားသောကျောက်တုံးတစ်တုံးတည်းကို ထုလုပ်ထားသော ရုပ်ထုတော်မြတ်ကို ဖူးတွေ့နိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မဟာတိုင်းစန္ဒြားမင်းကြီးသည် ခရစ်နှစ် (၃၂၇) ခုနှစ်တွင် ဝေသာလီမြို့ကိုတည်ထောင်အုပ်စိုးလေသည်။ ဘုရင်၏မိဖုရားကြီးမှာ ကပ္ပိလဝတ်ပြည်မှ သက်ကျသာကီဝင်မင်းမျိုးနွယ်ဝင် သုပဘာဒေဝီဖြစ်သည်။ တစ်ခါသော် မိဖုရားကြီးသည် ကပ္ပိလဝပြည်ရှိ သကျသာကီဝင်မင်း စန္ဒြားမင်းကြီးအား လျှောက်ထားလေသည်။ မင်းကြီးလည်း ကပ္ပိလဝတ်ပြည်သို့ စေတမန်လွတ်ကာ သကျမုနိရုပ်ပွားတော်ကို ပင့်ဆောင်စေသည်။ ဆင်းတုတော်ကြီးကို ရွက်သင်္ဘောပေါ်တင်ပြီး ရခိုင်ပြည်ဝေသာလီမြို့သို့ ပင့်ဆောင်ခဲ့ရာ သိဉ္စည်းထောင့်ဝဲခနောင်းသို့ အရောက်သောအခါ လေမုန်တိုင်းကျရောက်ပြီး သင်္ဘောစုန်းစုန်းနစ်မြုပ်ကာ သကျမုနိရုပ်ပွားတော်လည်း ရေတွင်ကိန်းဝပ်ခဲ့လေသည်။ မည်သို့ပင် ငုပ်လျှိုး၍ရှာဖွေကြသော်လည်း မတွေ့ခဲ့ခေျ။ ဘုရားပင့်ဆောင်ရာမှ ပြန်ရောက်လာကြသော မှူးမတ်စေတမန်တို့လည်း ဝေသာလီမြို့တော်သို့ ပြန်ရောက်ပြီးနောက် အကြောင်းစုံကို ဘုရင်မင်းကြီးထံလျှောက်တင်ကြလေသည်။ ထိုသတင်းကို မိဖုရားကြီးကြားရသောအခါ စိတ်ဝေဒနာ ပြင်းစွာဖြစ်၍ အိပ်ရာထဲ၌ လဲတော့သည်။ ထိုအခါ မင်းကြီးလည်း သကျမုနိကိုယ်စား ကြီးစွာသောကျောက်တစ်လုံးကို သေချာစွာထုလုပ်၍ မိဖုရားကြီးအား ပူဇော်စေသည်။ မိဖုရားကြီးလည်း ပန်းဆီမီးတို့နှင့် ပူဇော်ပြီး ဤသို့ ဆုတောင်းခဲ့လေသည်။ တပည့်တော်မသည် ဤဘဝတွင် သကျမုနိရှင်တော်အား မဖူးမျှော်၊ မပူဇော်ရငြားလည်း၊ နောင်တစ်ဘဝဝယ် ဘုရားဒါယိကာမအဖြစ် ပြန်လည်၍ ဖူးမျှော်ရပါလို၏ဟု ဆုတောင်းခဲ့လေသည်။ ခရစ်သက္ကရာဇ် (၁၅၉၃)ခုနှစ်တွင် မြောက်ဦးရွှေနန်းကို မင်းရာဇာကြီးစိုးစံခဲ့လေသည်။ ထိုမင်း၏မိဖုရား ပဲခူးမင်းသမီးရှင်မနှောင်းတွင် သမီးတော်တစ်ပါးဖွားမြင်ခဲ့လေသည်။ သမီးတော်တစ်ပါး ဖွားမြင်ကြောင်း မင်းကြီးထံလျှောက်ထားရန်လာကြသော နန်းတွင်းသူတစ်စုနှင့် ပိုက်ဆွဲရာမှ သိဉ္စည်းဝတွင် ရုပ်ထုတော်တစ်ဆူ ဘုန်းကံကြောင့် ပေါ်တော်မူကြောင်းလျှောက်ထားရန်လာသော တံငါသူကြီးတို့ နန်းတော်တွင်း၌ ဆုံမိကြလေသည်။ စားတော်ဆက်တံငါသူကြီးလည်း ရေထဲမှ ရုပ်ထုတော် တွေ့ရှိကြောင်း လျှောက်တင်လေသည်။ ၎င်းနောက် မိဖုရားကြီးမှ သမီးတော်ဖွားတော်မူကြောင်း အပျိုတော်တို့ကလည်း လျှောက်ထားပြန်လေရာ မင်္ဂလာနှစ်ပါးတစ်ချိန် တည်းကြုံကြိုက်လေသည်ဖြစ်၍ မင်းကြီးလည်း အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်လေသည်။ လျှောက်ထားကြသူတို့အား ထိုက်လျောက်သည့်ဆုတို့ကို ပေးသနားတော်မူသည်။ ထို့နောက်မှ မင်းရာဇာကြီးသည် ဆန်းကြယ်သောပွဲကြီးသဘင်ကို စီရင်တော်မူပြီး ခိုင်ခန့်သောတမုတ် လွန်ကြိုးတို့ဖြင့် ထောင်သောင်းမကသော မှူးမတ်ပြည်သူတို့ဆွဲတင်ပင့်ဆောင်ကြသည်။ သို့သော်လည်း ရေထဲမှ ဆင်းတုတော်ကို၊ ကုန်းပေါ်သို့ရောက်အောင် လုံးဝပင့်ဆောင်၍မရနိုင်ချေ။ ထိုအခါ ဘုရင်ကြီးသည် ဤဘုရားဆင်းတုတော်ကို အဘယ့်ကြောင့် ရေထဲမှ ဆွဲတင်ပင့်ဆောင်၍မရခြင်းကို မှူးမတ်တို့အား မေးမြန်းလျှောက်ထားစေသည်။ မယူစားလက်ဝဲမြန် အမတ်ကြီးကောင်းကျော်ထင်က ဝေသာလီပြည်မဟာတိုင်း စန္ဒြားမင်းကြီး၏ မိဖုရားသုပဘာဒေဝီဖုရားကြီးနှင့် သကျမုနိရုပ်ထုတော်မြတ်ပျောက်ဆုံးခဲ့ပုံ၊ ဆုမြတ်ပန်ခဲ့ပုံများကို လျှောက်ထားလေသည်။ ယခုအရှင် မင်းကြီးတွင် ဖွားမြင်တော်မူသော သမီးတော်ကိုယ်တိုင် ပါဝင်ပင့်ဆောင်ပါမှ ပါရမီရှင်ဖြစ်၍ ဘုရားကြီးပေါ်တော်မူမည်ဖြစ်ပါကြောင်း လျှောက်ထားမူခဲ့ပြီး မြပုခက်တော်ဆင်ယင်လျက် ရွှေတမုတ်ကြီးမျှင်ကို သမီးတော်၏ ညာလက်ဝယ် ရစ်ပတ်၍၊ ကျန်တစ်စကို ဘုရားရုပ်ထုတော်ပလ္လင်တွင် ရစ်ပတ်စေပြီး ဧယင်ကျူးလျက် ပုခက်လွှဲကာ ရှေးနည်းအတိုင်း လွန်ကြိုးတို့ဖြင့် ပင့်ဆောင်သောအခါ ရုပ်တုတော်မြတ်သည် ရေထဲမှ တရွေ့ရွေ့ကြွကာ ပေါ်တော်မူလေသည်။ မင်းကြီးလည်း လွန်စွာပင်ဝမ်းမြောက်၍ ကမ်းနဖူးဝယ်မြေဖို့စေပြီး တံတိုင်း၊ မီးတား၊ သိမ်၊ ဇရပ်တို့ဖြင့် ဂူကြီးဆောက်လုပ်လှူဒါန်းတော်မူသည်။ ဘုရားဝေယျဝစ္စဆောင်ရွက်ရန် များစွာသော ဘုရားကျွန်၊ သင်္ဃျီ၊ လယ်ယာ၊ ဥယျဉ်၊ ပန်းတင် ဆွမ်းတင်၊ စာခြောက်ကျုံးလှန့်တို့ ပါမကျန် လှူတော်မူသည်။ ဆင်းတုတော်ကြီးမှာ ရေထဲတွင် နှစ်ပေါင်းတစ်ထောင်ခန့် ကိန်းဝပ်တော်မူပြီး ပေါ်ပေါက်လာသည်ကို အကြောင်းပြု၍ ဘုရားပေါ်ဘုရား ဟု ခေါ်ကြသည်။ မင်းရာဇာဘုရင်မင်းမြတ်က ခရစ်သက္ကရာဇ်(၁၆၀၃) ခုနှစ်တွင် တည်ထားခဲ့သည်။ မင်းရာဇာကြီးသည် သူ၏သမီးတော် ပန်းသီတာအား ဤဘုရား၏ကုသိုလ်ရှင်အဖြစ် တိုင်းပြည်ကိုကြေငြာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

ရခိုင်မဟာရာဇဝင်ကြီး [ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)]