စန္ဒမုနိဆင်းတုတော်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

စန္ဒမုနိဆင်းတုတော်သည် တတိယ ဓညဝတီခေတ်တွင် ဘုရင် သူရိယစက္ကမင်း မှ သွန်းလောင်း ကိုးကွယ်ခဲ့သော ဆင်းတုတော်တစ်ဆူ ဖြစ်သည်။

တည်နေရာ[ရင်းမြစ်ကို တည်းဖြတ်ရန်]

စန္ဒမုနိဆင်းတုတော်သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ အနောက်တောင်ဘက် ယခင်က ဗန္ဒုလကျောင်းဟုခေါ်ဆိုသော ယခုစန္ဒမုနိဘုရားကြီးကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည်။

အတိုင်းအတာများ[ရင်းမြစ်ကို တည်းဖြတ်ရန်]

  • ဉာဏ်တော် ၄ ပေ ၁၀ လက်မ
  • ဒူးစွန်းနှစ်ဘက်အကျယ် ၄ပေ ၈ လက်မ
  • ခါးလုံးပတ် ၄ ပေ ၁ လက်မ
  • လက်မောင်းတော်လုံးပတ် ၁ ပေ ၁၁ လက်မ
  • ပခုံးတော်အကျယ် ၂ ပေ ၁၀ လက်မ
  • ရင်အုပ်တော် ပတ်လည် ၅ ပေ ၁၀ လက်မ

စန္ဒမုနိဆင်းတုတော်သည် ပဉ္စလောဟာ ခေါ် သတ္တုငါးမျိုး ရောစပ်သွန်းထားခြင်းဖြစ်သည်။ အချိုးညီစွာရောစပ်သွန်းလုပ်ထား၍ ရောင်ခြည်တော်ကွန့်မြူးခြင်းဖြစ်သည်။

ပုံသဏ္ဍာန်တော်[ရင်းမြစ်ကို တည်းဖြတ်ရန်]

ဆင်းတုတော်သည် မျက်လွှာချထားပြီး မျက်လုံးတော်တွင် မျက်ရစ်များပေါ်အောင် သွန်းလုပ်ထားသည်။ မျက်နှာတော်သည် ဝန်းစက်ပြီး နဖူးပေါ်တွင် သီးခြားသင်းကျစ်ပြားမရှိဘဲ အနားရေးမျှသာ သွန်းထားသည်။ နားတော်နှစ်ဖက် ရှည်လျားကာ နားပေါက်ကျယ်နေမှုက ရခိုင့်ကိုယ်ပိုင်ဟန်လက်ရာ ဖြစ်သည်။ လည်တော် ဖြောင့်စင်းပြီး အရစ်သုံးခု ဖော်ထားသည်။ ပါးလွှာသော ကြာသင်္ကန်းကြောင့် ရင်အုပ်တော်၊ သားမြတ်တော် တို့ကိုမြင်နေရသည်။ လက်မောင်းတော်မှာ ဆင်နှာမောင်းသဏ္ဍာန် ပြည့်ဖြိုးသည်။ ရင်အုပ်တော်နှင့် လိုက်ဖက်သော ခါးတော်ရှိသည်။ ဆင်းတုတော်သည် ဘယ်ခြေတွင် ညာခြေ တင်ထားသည်။ ညာဘက်လက်ဝါးကို မြှောက်ကာ ညာခြေတွင် တင်ထားသည်။ ညာဘက်လက်ဝါးသည် အောက်သို့ စိုက်နေသော်လည်း ပလ္လင်နှင့် မထိဘဲ ရှိနေသည်။ လက်ချောင်းတော်များသည် လူသာမာန်ကဲ့သို့ အတိုအရှည်ရှိနေသည်။ ဘယ်ဘက်လက်ဖဝါးကို လှန်ကာ ညာဖက်ဖဝါးတွင်တင်ထားသည်။ လက်ညှိုးနှင့်လက်မ ကြားတွင် ငရဲမီးကို ကိုင်ထားသည်။

ဘုရားသမိုင်း[ရင်းမြစ်ကို တည်းဖြတ်ရန်]

ဓညဝတီခေတ်မှ သူရိယစက္ကမင်းကြီးသည် စန္ဒသူရိယမင်းကြီး မဟာမုနိဘုရား သွန်းပြီးနောက် ပိုလျှံသော ရတနာများကို ယူဆောင်ကာ ဆင်းတုငါးဆူ သွန်းခဲ့သည်။ စန္ဒမုနိ၊ သကျမုနိ၊ ဒေဝမုနိ၊ ရာဇမုနိ၊ စူဠမုနိ ဟူ၍ ဖြစ်ကြသည်။ မဟာမုနိသွန်းပြီး ကျန်သောရတနာတို့ဖြင့် သွန်းလုပ်၍ မဟာကျန်ဆင်းတုတော်များဟု ခေါ်ဆိုကြလေသည်။ သူရိယစက္ကမင်းကြီးသည် ဆင်းတုငါးဆူကို မဟာမုနိဘုရားအနီး သင့်တော်သောနေရာများတွင် တည်ထားကိုးကွယ်ခဲ့ရာ စန္ဒမုနိဆင်းတုတော်လည်း တောင်ဦးရွာအနီးမှ ဒီပါပဗ္ဗတတောင်ကုန်းထက်တွင် တည်ရှိခဲ့လေသည်။ ဓညဝတီခေတ်မှ ဝေသာလီခေတ်၊ ဝေသာလီခေတ်မှ လေးမြို့ခေတ်၊ လေးမြို့ခေတ်မှ မြောက်ဦးခေတ် ရောက်သောအခါ မင်းစောမွန်သည် စန္ဒမုနိဆင်းတုတော်ကို မြောက်ဦးသို့ ပင့်ဆောင်ကာ ဘားဘူတောင်၌ စေတီဆောက်ကာ တည်ထားကိုးကွယ်ခဲ့လေသည်။ အင်္ဂလိပ်လက်အောက် ကျရောက်သောအခါ အမြောက်သွန်းရန်၊ ဒင်္ဂါးသွန်းရန် ကြေးဆင်းတုများ၊ ခေါင်းလောင်းများကို ထုခွဲကြလေသည်။ ထို့ကြောင့် ဆောင်ရပ်ရွာမှ လူကြီးတစုသည် ညအခါ စန္ဒမုနိဘုရားအား စေတီထဲမှ ထုတ်စေကာ တောင်ပေါ်မှ အောက်သို့ တွန်းချကာ ကျောင်းကမ်းပါးနွံထဲ၌ ဝှက်ထားကြလေသည်။ ၁၀ နှစ်ကြာသောအခါ နွံထဲမှထုတ်ကာ ဗန္ဓုလကျောင်း တောင်ဘက် ဘုရားများသိမ်သို့ သယ်ဆောင်ကာ ဆင်းတုတော်ကို အင်္ဂတေဖြင့်မံ၍ အခြားဘုရားများနှင့် ရောထားခဲ့လေသည်။ နှစ်ပေါင်း ၁၀၀ ခန့်ကြာသော် ဗန္ဓုလကျောင်းမှ ဆရာတော် စက္ကပါလသည် ဘုရားများသိမ်တွင် တံမြက်လှည်းနေခဲ့သည်။ ထိုစဉ် ပလ္လင်ပေါ်တွင် မျက်လုံးတစ်ဖက်ကွာကျ နေသည်ကို မြင်ကာ ကြည့်ရှုရာမှ ဆင်းတုတော်မှာ ကြေးဆင်းတုဖြစ်နေသည်ကို မြင်ခဲ့ရသည်။ ထို့ကြောင့် ကျောင်းထိုင်ဆရာတော်အား လျှောက်ထားခဲ့ရာ ဆရာတော်ကြီးမှ ဒကာ ဒကာမများ ခေါ်ယူကာ ယခုဘုရားအား အင်္ဂတေများ ခွာချမည်ဖြစ်ကြောင်း၊ အကယ်၍ အထဲမှဆင်းတု ပျက်စီးနေလျင် ပြုပြင်နိုင်မည်လားဟု မေးရာ ဒကာဒကာမများက ပြုပြင်မည် ဝန်ခံကြ၍ အင်္ဂတေများ ခွာချကာ ပျက်နေသော အစိတ်အပိုင်းများပြင်ကာ ရောင်တော်ဖွင့်လိုက်လေသည်။ ထိုအခါ ဝင်းလက် တောက်ပ၍ ရောင်ခြည်ကွန့်မြူးသော ဆင်းတုတော်တဆူဖြစ်လာလေသည်။[၁]

ကိုးကား[ရင်းမြစ်ကို တည်းဖြတ်ရန်]

  1. မြောက်ဦးမြို့ထင်ရှားသောဘုရားများသမိုင်း