မာတိကာသို့ ခုန်သွားရန်

ပြည်နယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်များ

ဝီကီပီးဒီးယား မှ
(မြို့နယ်တရားရုံး မှ ပြန်ညွှန်းထားသည်)

ပြည်နယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်များ သည် ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီးများတွင် အဆင့်မြင့်ဆုံး တရားရုံးများဖြစ်သည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်ပြီးလျှင် ဒုတိယမြောက် အဆင့်မြင့်ဆုံး တရားရုံးများဖြစ်ကြသည်။ အခြေခံဥပဒေအရ ပြည်နယ်တရားလွှတ်​တော် (၇)ခု တိုင်းဒေသကြီးတရားလွှတ်တော် (၇)ခုရှိသည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် တိုင်းပြည်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။ ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီး တရားလွှတ်တော်များသည် ဒုတိယအမြင့်ဆုံး တရားရုံးများဖြစ်ကြသည်။ ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီး တရားလွှတ်တော်များ၏ လက်အောက်တွင် ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ မြို့နယ်တရားရုံးများ၊ အထူးတရားရုံးများ တည်ရှိသည်။

အခြေခံဥပဒေအရ ပြည်ထောင်စုနယ်မြေရှိ တရားရုံးများသည် ထိုနယ်မြေတည်ရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ တရားလွှတ်တော် လက်အောက်တွင် တည်ရှိသည်။ ထို့ကြောင့် အခြေခံဥပဒေပုဒ်မ ၃၀၇(က)အရ နေပြည်တော်အတွင်းရှိ တရားရုံးများသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် လက်အောက်တွင် တည်ရှိသည်။

တရားလွှတ်တော်များ လက်အောက်ရှိ အဆင့်ဆင့်သောတရားရုံးများမှာ

  1. ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး
    1. မြို့နယ်တရားရုံး
    2. အခြားတရားရုံး
  2. ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး
    1. မြို့နယ်တရားရုံး
    2. အခြားတရားရုံး
  3. ခရိုင်တရားရုံး
    1. မြို့နယ်တရားရုံး
    2. အခြားတရားရုံး
  4. အခြားတရားရုံး

ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီး တရားလွှတ်တော်များတွင် တရားသူးကြီးချုပ်များ အပါအဝင် တရားသူကြီး ၃ဦးမှ ၇ဦးအထိ ပါဝင်​လေ့ရှိကြသည်။

အခွင့်အာဏာ

[ပြင်ဆင်ရန်]

ပြည်နယ် (သို့မဟုတ်) တိုင်း​ဒေသကြီး တရားလွှတ်တော်များတွင် ဥပဒေနှင့်အညီ အောက်ပါတရားစီရင်ပိုင်ခွင့်အာဏာများရှိသည် –

(က) မူလမှုကိုစီရင်ခြင်း၊
(ခ) အယူခံမှုကိုစီရင်ခြင်း၊
(ဂ) ပြင်ဆင်မှုကိုစီရင်ခြင်း၊
(ဃ) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ်များကိုစီရင်ခြင်း။

တရားလွှတ်တော် တရားသူကြီးချုပ်များ

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် မတ်လ၃၁ရက်​နေ့အထိ တရားသူကြီးချုပ်များမှာ ​အောက်ပါအတိုင်းဖြစ်သည်။

အမှတ်စဉ် အမည် တရားလွှတ်တော်
ဦးတူးဂျာ ကချင်
ဦးထွန်းထွန်းဦး ကယား
​ဒေါ်ခင်​ဆွေထွန်း ကရင်
ဦးနေစိုး ချင်း
ဦးဇော်ထူး စစ်ကိုင်း
ဒေါ်ပိုက်ပိုက်အေး တနင်္သာရီ
ဒေါ်လွင်လွင်အေးကျော် ပဲခူး
ဦးမြင့်သိန်း မကွေး
ဒေါ်ခင်သင်းဝေ မန္တလေး
၁၀ ဦးညီညီစိုး မွန်
၁၁ ဒေါ် မြအေး ရခိုင်
၁၂ ဒေါ်စန္ဒာသွယ် ရန်ကုန်
၁၃ ဦးသန်းဦးလွင် ရှမ်း
၁၄ ဦးဝင်းမြင့် ဧရာဝတီ

တရားလွှတ်တော်များ

[ပြင်ဆင်ရန်]
  1. ကချင်ပြည်နယ်တရားလွှတ်တော်
  2. ကယားပြည်နယ်တရားလွှတ်တော်
  3. ကရင်ပြည်နယ်တရားလွှတ်တော်
  4. ချင်းပြည်နယ်တရားလွှတ်တော်
  5. စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်
  6. တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်
  7. ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်
  8. မကွေးတိုင်းဒေသကြီးတရားလွှတ်တော်
  9. မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်
  10. မွန်ပြည်နယ်တရားလွှတ်တော်
  11. ရခိုင်ပြည်နယ်တရားလွှတ်တော်
  12. ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
  13. ရှမ်းပြည်နယ်တရားလွှတ်တော်
  14. ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တို့ဖြစ်ကြသည်။

ကချင်ပြည်နယ်တရားလွှတ်တော်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက် တွင် တည်ရှိသည်။ လွတ်လပ်ရေးမရမီက စက်ရှင်တရားရုံးအဖြစ် တည်ရှိခဲ့ပြီးပထမဦးဆုံး စက်ရှင် တရားသူကြီးအမည်မှာ ဦးလှကျော်ဖြစ်သည်။ ယင်းစက်ရှင်ရုံးအဆောက်အဦကို ပြည်နယ်တရားရုံး အဖြစ် ဆက်လက်အသုံးပြုခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှ ယခင် အဆောက်အဦဟောင်းကို အနည်းငယ်ပြုပြင်၍ ပြည်နယ်တရားလွှတ်တော်အဖြစ် ဆက်လက်အသုံးပြု လျက်ရှိသည်။

ကချင်ပြည်နယ် တရားလွှတ်တော်တွင် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီး (၂)ဦး ဖြင့် ဖွဲ့စည်းထားသည်။ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် တရားလွှတ်တော် ဦးဇော်ဝင်း၊ ဒေါ်ပြုံးပြုံးအေးတို့က ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ကြသည်။

ကချင်ပြည်နယ်တရားလွှတ်တော်သည် တရားမနှင့်ရာဇဝတ်မှုနှစ်မျိုးလုံး၏ မူလမှုများ ကို ကြားနာခွင့်ရှိပြီး လက်အောက်ခံတရားရုံးများက ချမှတ်သည့် စီရင်ချက် ဒီကရီနှင့် အမိန့်များအပေါ် အယူခံမှုနှင့် ပြင်ဆင်မှုစီရင်ပိုင်ခွင့် အာဏာများရှိသည်။

တရားလွှတ်တော်ရှိအမှုများကို တရားသူကြီးတစ်ဦး သို့မဟုတ် လိုအပ်ပါက တစ်ဦး ထက်ပိုသော တရားသူကြီးများဖြင့် စစ်ဆေးစီရင်နိုင်သည်။

ကယားပြည်နယ် တရားလွှတ်တော်

[ပြင်ဆင်ရန်]

ကယားပြည်နယ်တရားလွှတ်တော်သည် ကယားပြည်နယ်၏မြို့တော်၊ လွိုင်ကော်မြို့တွင် တည်ရှိသည်။ ကယားပြည်နယ်တရားရုံးအဆောက်အဦကို ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အဦ၌ပင် ကယားပြည်နယ်တရားလွှတ်တော်ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစ၍ ဖွင့်လှစ် ရုံးထိုင်လျက်ရှိသည်။

ကယားပြည်နယ်အတွင်းတွင် ကယားပြည်နယ်တရားလွှတ်တော်၊ ခရိုင်တရားရုံး ၂ ရုံး၊ မြို့နယ်တရားရုံး ၇ ရုံးတို့ဖြင့် ဖွဲ့စည်းထားသည်။ လွိုင်ကော်ခရိုင်တရားရုံး လက်အောက်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော မြို့နယ်တရားရုံးဖြင့်ဖွဲ့စည်းထားပြီး ဘောလခဲခရိုင်တရားရုံးလက်အောက်တွင် ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်တရားရုံးများ ဖြင့် ဖွဲ့စည်းထားရှိသည်။

ကယားပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတင်ဝင်းသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ထိလည်းကောင်း၊ တရားသူကြီးချုပ် ဦးကျော်လင်းမောင်သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ မှ ယနေ့ထိလည်းကောင်း၊ တရားလွှတ်တော် တရားသူကြီး ဒေါ်သန်းသန်းအေးသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ မှ ယနေ့ထိ လည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဦးတင်ဌေးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၈ ထိလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်စဝ်ဥမ္မာကြည်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၅ မှ ယနေ့ထိ လည်းကောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည်။

ကရင်ပြည်နယ် တရားလွှတ်တော်

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်တရားလွှတ်တော်ကို ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၅၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၃၄ တို့အရ ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တရားလွှတ်တော်သည် ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် တည်ရှိသည်။ ကရင်ပြည်နယ်တရားလွှတ်တော် အဆောက်အဦကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ကရင်ပြည်နယ်တရားလွှတ်တော်၊ ဘားအံခရိုင်တရားရုံး နှင့် ဘားအံမြို့နယ်တရားရုံး အဆောက်အဦသစ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အဆောက်အဦ၏ အနောက်ဘက်ခြမ်း မြောက်ဘက်ရှိ မြေကွက်လပ်တွင် တည်ဆောက် ထားသည်။

ချင်းပြည်နယ်တွင် ၁၉၇၄ ခုနှစ်အထိ တရားရုံးအဖြစ်သီးသန့် ဖွင့်လှစ်ထား နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ တရားစီရင်ရေးကိစ္စများကို နယ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးရုံးများက ပူးတွဲဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် အနေအထားအရ မြောက်ပိုင်းကို ကလေးမြို့တွင် ရုံးစိုက် ခဲ့သည်။ တောင်ပိုင်းတွင် မင်းတပ်မြို့၌ ခရိုင်တရားမတရားသူကြီးရုံးကို ၁၉၆၁ ခုနှစ် ကုန်ပိုင်း၌ ဖွင့်လှစ်ပြီး တရားရေးဝန်ထမ်းအဆင့်-၂နှင့် အဆင့်တူညီသော ခရိုင်ဝန် ဦးအောင်တိုးက တရားစီရင်ရေးကိုပါ ပူးတွဲ ဆောင်ရွက်ခဲ့သည်။ ဦးအောင်တိုး ပြောင်းပြီး နောက် ဦးမြက ဝင်ရောက်ထမ်းဆောင်ခဲ့သည်။ မြောက်ပိုင်း ဖလမ်းခရိုင်တွင်မူ သီးခြား ဖွင့်လှစ်ထားခြင်းမရှိခဲ့ပါ။

၁၉၇၄ ခုနှစ် ပထမအကြိမ် ပြည်သူ့ကောင်စီ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ဖွဲ့စည်းသောအခါ ခရိုင်များကို ဖျက်သိမ်းပြီး ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ တရားရုံး များကို သီးခြားဖွဲ့စည်း၍ ဖွင့်လှစ်ခဲ့သည်။ ပြည်နယ်အဆင့် ချင်းပြည်နယ်တရားရုံးတွင် ပြည်နယ် အဆင့်တရားသူကြီး (၃)ဦးဖြင့်ဖွဲ့စည်းခဲ့သည်။ ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုအခြေအနေအရ ချင်းပြည် နယ်တရားရုံးမင်းတပ်ရုံးခွဲကို မင်းတပ်မြို့၌ ဖွင့်လှစ်ထားပြီး အမှုများကို ချင်းပြည်နယ် တရားရုံး တရားသူကြီးတစ်ဦးဦးက အလှည့်ကျသွားရောက်၍ နယ်မြေခံ ပြည်နယ်ပြည်သူ့ ကောင်စီ ကိုယ်စားလှယ် (ပြည်နယ်အဆင့်)များက အချိန်ပိုင်း ပြည်နယ်တရားသူကြီး အဖွဲ့ဝင်များအဖြစ် ပူးပေါင်း၍ ရုံးထိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ချင်းပြည်နယ်တရားရုံး မင်းတပ်ရုံးခွဲ"ကိုဖျက်သိမ်းပြီး ဟားခါးမြို့ပြည်နယ်တရားရုံးတွင်သာ စုစည်းဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်(စနစ်ဟောင်း)အချိန်ကာလတွင် ဗြိတိသျှတို့၏ စနစ်အတိုင်း စစ်ကိုင်းတိုင်းကို စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင် အထက်ချင်းတွင်းခရိုင်၊ အောက်ချင်းတွင်းခရိုင်နှင့် နာဂတောင်တန်းခရိုင်ဟူ၍ ခွဲခြားသတ်မှတ်ပြီး ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီး၊ ရာဘက်ခရိုင်တရားမနှင့် ရာဘက်စက်ရှင်တရားသူကြီး၊ နယ်ပိုင်တရားမနှင့် ရာဘက်ရာဇဝတ်တရားသူကြီး၊ မြို့နယ်တရားမနှင့် ရာဘက်ရာဇဝတ်တရားသူကြီးများ ခန့်အပ်၍ တရားမမှုများနှင့် ရာဇဝတ်မှုများကို စစ်ဆေးကြားနာခဲ့သည်။ နာဂတောင်တန်းခရိုင်အတွက် ခရိုင်ဝန်အား စက်ရှင်တရားသူကြီးအာဏာပေးအပ်ပြီး လူသတ်မှုကဲ့သို့သော ရာဇဝတ်မှုကြီးများကို ကြားနာစစ်ဆေးစေခဲ့သည်။

ယခင် စစ်ကိုင်းတိုင်းတရားရုံးသည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်တွင်တည်ရှိသည်။ စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၄ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးအား မုံရွာမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်သည် တနင်္သာရီတိုင်းဒေသကြီး၏မြို့တော် ထားဝယ်မြို့တွင် တည်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦကို ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးခင်ဇော်က ဖွင့်လှစ်ပေးခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ထားဝယ်မြို့နယ်တရားရုံး အဆောက်အဦသစ်ကို ထားဝယ်ခရိုင်တရားရုံးနှင့် မြေကွက်ချင်းထိစပ်နေသော (၃) ဧက အကျယ်အဝန်းရှိ မြေကွက်ပေါ်တွင်တည်ဆောက်ထားသည်။

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အဦကို ၁၉၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။ ယခင်က ပဲခူးတိုင်းတရားရုံးအဖြစ် အသုံးပြုခဲ့ပြီး၊ ၂၀၁၁ခုနှစ်၊ မတ်လမှစ၍ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ဆက်လက်အသုံးပြုခဲ့သည်။

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်သည် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့၌ မြို့မြေကွက်စာရင်းတွင် စက်ရှင်ရုံးမြေနေရာအဖြစ် သတ်မှတ်ရရှိခဲ့ပြီး တိုင်းမင်းကြီးရုံးအဖြစ် ဖွင့်လှစ်အသုံးပြုခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ မကွေးတိုင်းတရားရုံးအဖြစ်ဖွဲ့စည်း၍ တိုင်းတရားသူကြီးအဖွဲ့မှ ရုံးထိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ မကွေးတိုင်းတရားရုံး၊ မကွေးတိုင်းဒေသကြီးတရားရုံးအဖြစ် အသုံးပြုခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ယနေ့အထိ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ဖွင့်လှစ်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ ရုံးထိုင်ဆောင်ရွက်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် တည်ရှိသည်။ အဆိုပါအဆောက်အဦကို ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆောက်လုပ်ခဲ့သည်။ လက်ရှိဖွင့်လှစ်အသုံးပြုလျက်ရှိသော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အဦမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်ကာလမှ ၁၉၆၂ခုနှစ် တော်လှန်ရေးအစိုးရမတိုင်မီကာလအထိ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၊ မန္တလေးတိုင်းတရားရုံးအဖြစ် ဖွင့်လှစ်ခဲ့သော အဆောက်အအုံ ဖြစ်သည်။

မွန်ပြည်နယ် တရားလွှတ်တော်

[ပြင်ဆင်ရန်]

မွန်ပြည်နယ်တရားလွှတ်တော်အဆောက်အဦကို မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်တွင် ဖွင့်လှစ်ထားသည်။ မွန်ပြည်နယ်တရားလွှတ်တော်အဖြစ် အသုံးပြုနေသည့် အဆောက်အဦကို ၁၈၇၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကြောင်း ဆောက်လုပ်ရေးကော်ပိုရေးရှင်း၏ မှတ်တမ်းများအရ သိရှိရသည်။ နယ်ချဲ့လက်အောက်ရောက် အောက်မြန်မာနိုင်ငံတွင် ၁၈၆၄ ခုနှစ်၌ မှတ်တမ်းရုံး Recorder’s Court အဖြစ် မော်လမြိုင်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် မှတ်တမ်းရုံးသည် မော်လမြိုင်မြို့ တရားသူကြီးရုံးဖြစ်လာသည်။ ၁၉၂၂ ခုနှစ် မတိုင်မီအချိန်မှစပြီး မော်လမြိုင်မြို့ တရားသူကြီးရုံးအဖြစ်မှ အောက်မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တရားရုံးချုပ် လက်အောက်ခံ အယူခံမှုများကို ကြားနာစီရင်ပိုင်ခွင့်ရှိသော တနင်္သာရီတိုင်း၏ တိုင်းနှင့် စက်ရှင်တရားသူကြီးရုံး ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ၁၉၇၂ ခုနှစ်မတိုင်မီအထိ ကျိုက္ခမီ၊ သံလွင်ခရိုင် ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံးအဖြစ်လည်းကောင်း၊ မော်လမြိုင်၊ ကော်သူးလေခရိုင်- ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံးအဖြစ်လည်းကောင်း တည်ရှိခဲ့ပြီး အထူးတရားသူကြီး အဖြစ် စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် ရာဇဝတ်မှုများနှင့် ငွေကျပ် ၅၀၀၀/-အထက် တန်ဘိုးရှိသည့် တရားမမှုများကို ကြားနာစစ်ဆေးရသော ရုံးဖြစ်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ၁၉၇၃ ခုနှစ် ကုန်အထိ တိုင်းပြည်သူ့တရားရုံး ဖြစ်ခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းပြီးသည့် ၁၉၇၄ ခုနှစ်၊ မတ်လ (၂)ရက်နေ့မှစ၍ မြို့နယ်ပေါင်း (၁၀)မြို့နယ်ကို စုစည်းထားသည့် မွန်ပြည်နယ် တရားရုံးအဖြစ် ပေါ်ပေါက်ခဲ့သည်။

ရခိုင်ပြည်နယ်တရားလွှတ်တော်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တည်ရှိသည်။ ဖွဲ့စည်းပုံအခြေခံအရ ဖွဲ့စည်းထားသည့် တရားရုံးများတွင် ဒုတိယအမြင့်ဆုံးတရားရုံးဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် အမြင့်ဆုံးတရားရုံး ဖြစ်သည်။

ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမတိုင်မီ အချိန်ထိ စစ်တွေမြို့တွင် ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီး (District and Sessions Judge)ကလည်းကောင်း၊ ခရိုင်မြို့များဖြစ်ကြသည့် ကျောက်ဖြူနှင့် သံတွဲမြို့များ၌ ရာဇဝတ် ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီး (Additional District and Sessions Judge)များက လည်းကောင်း၊ မြို့နယ်များတွင် မြို့နယ်တရားမတရားသူကြီး (Township Judge)၊ မြို့နယ် ရာဇဝတ်တရားသူကြီး (Township Magistrate)များက တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တရားရုံးကို စစ်တွေမြို့တွင် လည်းကောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)ခုတွင် မြို့နယ်တရားရုံးများကိုလည်းကောင်း တည်ထောင်ခဲ့သည်။ ရခိုင်ပြည်နယ်တရားရုံးတွင် ပြည်နယ်ပြည်သူ့တရားသူကြီးအဖွဲ့ကို လည်းကောင်း၊ မြို့နယ်တရားရုံးများတွင် မြို့နယ်ပြည်သူ့တရားသူကြီးအဖွဲ့ကိုလည်းကောင်း ဖွဲ့စည်း၍ တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် ပြည်နယ်အဆင့် ရခိုင်ပြည်နယ်တရားရုံးကိုလည်းကောင်း၊ ခရိုင်အဆင့်တွင် ခရိုင်တရားရုံး(၄)ရုံးကို လည်း ကောင်း၊ မြို့နယ်အဆင့်တွင် မြို့နယ်တရားရုံး(၁၇)ရုံးကိုလည်းကောင်း ဖွဲ့စည်းခဲ့သည်။ ပြည်နယ်တရားရုံးတွင် ပြည်နယ်တရားသူကြီး၊ တွဲဖက်ပြည်နယ်တရားသူကြီး၊ ခရိုင်တရားရုံး များတွင် ခရိုင်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီး၊ မြို့နယ်တရားရုံးများတွင် မြို့နယ် တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီး၊ ဒုတိယမြို့နယ်တရားသူကြီးအဖြစ် ရာထူးအဆင့် အလိုက် ခန့်အပ်တာဝန်ပေးပြီး တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် တည်ရှိသည်။ ဤအဆောက်အအုံကို ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးပြီး စုစုပေါင်းကုန်ကျငွေရူပီး နှစ်ဆယ့်လေးသိန်းခွဲ ဖြစ်သည်။ ရန်ကုန်မြို့တော်ရှိ အမွေအနှစ်အဆောက်အအုံဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား (Blue Plaque) တပ်ဆင်ခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ က်နေ့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ပင်မအဆောက်အအုံမှာ စတုဂံပုံသဏ္ဌာန်ဖြစ်ပြီး အဆောင်ကြီး (၄)ဆောင်ဖြင့် ဖွဲ့စည်းထားကာ အလယ်ဗဟိုတွင် မြက်ခင်းပါရှိသည့် ပန်းခြံတစ်ခုရှိသည်။ အဆောက်အအုံအမြင့်မှာ ၇၀ ပေရှိပြီး သုံးထပ်အဆောက်အအုံ ဖြစ်သည်။ မဟာဗန္ဓုလပန်းခြံလမ်းဘက်ရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အအုံ အတွင်းသို့ဝင်သည် ပင်မဝင်ပေါက် (Main Entrance) ၏ အပေါ်တည့်တည့်တွင် ၁၃၃ ပေ၊ ၆ လက်မ အမြင့်ရှိသော နာရီစင်ကို ဆောက်လုပ် ထားရှိသည်။

ဤအဆောက်အအုံကို လွတ်လပ်ရေးမရခင်ကိုလိုနီခေတ်တွင် တရားလွှတ်တော် (High Court) အဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီးနောက်တွင် တရားလွှတ်တော်ချုပ် (Supreme Court) နှင့် တရားလွှတ်တော် (High Court) အဖြစ်လည်းကောင်း၊ တော်လှန်ရေးကောင်စီခေတ်တွင် တရားရုံးချုပ် (Chief Court)အဖြစ်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဗဟိုတရားရုံး( Central Court) အဖြစ်လည်းကောင်း၊ မျက်မှောက်ခေတ်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် (Yangon Region High Court) အဖြစ်လည်းကောင်း ခေတ်အဆက်ဆက် အသုံးပြုလျက်ရှိသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် တည်ရှိသည်။ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသည် နှစ်ထပ်တိုက်၊ ပျဉ်ခင်း၊ သွပ်မိုးအဆောက်အဦ ( အလျား ၁၀၀ ပေ _ အနံ ၄၈ ပေ ) ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။ ရှမ်းပြည်နယ်တရားရုံး (တောင်ပိုင်း)အဖြစ် အသုံးပြုခဲ့ရာမှ ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းပြီးနောက်မှ ရှမ်းပြည်နယ်တရားလွှတ်တော်အဖြစ် အသုံးပြုနိုင်ရန် အတွက် အမှတ်(၉၅၆) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲမှ အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်သည် ပုသိမ်မြို့တွင် တည်ရှိပြီး မြေအမျိုးအစားမှာ မြူနီစီပါယ်မြေဖြစ်၍ ဧရာဝတီတိုင်းမင်းကြီးရုံး နှင့် စက်ရှင်မင်းကြီးရုံး အမည်ပေါက်ပြီး မြေဧရိယာအကျယ်အဝန်းမှာ (၃.၅၄၀) ဧက ရှိသည်။ ဧရာဝတီတိုင်း‌ဒေသကြီးတရားလွှတ်တော် အဆောက်အအုံမှာ (၂) ထပ် အဆောက်အအုံ ဖြစ်ပြီး အလျား ၂၀၀ ပေ၊ အနံ ၉၅ ပေ၊ အမြင့် ၄၀ ပေ ရှိသည်။ ဤအဆောက်အအုံမှာ ယခင် အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့သည်။

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဧရာဝတီတိုင်းပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ နှင့် ဧရာဝတီတိုင်းပြည်သူ့ကောင်စီတရားသူကြီးအဖွဲ့ ဥက္ကဋ္ဌတို့ ရုံးထိုင်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အဆောက်အအုံအပေါ်ထပ်၌ ဧရာဝတီတိုင်းတရားရုံးအဖြစ် လည်းကောင်း၊ အဆောက်အအုံအောက်ထပ်တွင် ပုသိမ်ခရိုင်တရားရုံးအဖြစ်လည်းကောင်း ရုံးဖွင့်လှစ် အသုံးပြုခဲ့သည်။ ၂၀၁၁ ခုနှစ်၊ မတ်လ မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် အသုံးပြုလျက်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စုတရားလွှတ်တော်ချုပ်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]