မာတိကာသို့ ခုန်သွားရန်

နိုင်ငံရေးပါတီ

ဝီကီပီးဒီးယား မှ

နိုင်ငံရေးပါတီတစ်ခု ဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် ထိုပါတီဝင်အမတ်လောင်းများကို အဆိုပြုတင်သွင်းပြီး နိုင်ငံတော်၏ အစိုးရရုံး၊ဌာနများတွင် နေရာရယူရန်ကြိုးပမ်း၍ အစိုးရ၏နိုင်ငံရေးလုပ်ငန်းစဉ်များကိုလွှမ်းမိုးရန် ကြိုးစားနေကြသူများဖြစ်သည်။ ပါတီများသည် ပြည်သူများ၏မဲဆန္ဒကိုရယူရန် စည်းရုံးလှုံ့ဆော်ဟောပြောမှုများပြုလုပ်ခြင်း၊ပညာရေးဆိုင်ရာအထောက်အကူများပေးခြင်း၊ သို့မဟုတ် ကန့်ကွက်ဆန္ဒပြခြင်းများတွင်ပါဝင်သည်။ ယင်းတို့သည် အကွဲကွဲအပြားပြားရှိသော ဦးတည်ချက်၊စိတ်ဝင်စားမှုများအကြားတွင် ယာယီညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီး၊ ရည်ရွယ်ရာပန်းတိုင်ကိုယ်စီတို့အတွက် ရှိပြီးသားသဘောတရားများ သို့မဟုတ် ကြေညာထားသောမူဝါဒလမ်းစဉ်များအတွက် အထောက်အပံ့ပြုသည့်လမ်းညွှန်များကို ထောက်ခံမှုပြုကြသည်။

ဆန္ဒမဲပေးစနစ်များ

[ပြင်ဆင်ရန်]

ပါတီနိုင်ငံရေးစနစ်၏ပုံစံကို သတ်မှတ်ရာတွင် မဲပေးရွေးကောက်သည့်စနစ်ပုံစံသည် အဓိကကျသော အချက်တစ်ခု ဖြစ်သည်။ ကျန်ပြိုင်ဖက်အားလုံးရသောမဲအရေအတွက်ထက်ဖြစ်စေ၊ စုစုပေါင်းမဲအရေအတွက်၏ ထက်ဝက်ထက်ဖြစ်စေ ပိုသောမဲအရေအတွက်မရသော်လည်းမဲအများဆုံးရသူအဖြစ်ဖြင့်ရွေးကောက်ပွဲ၌အနိုင်ရခြင်း မဲပေးထောက်ခံသည့်စနစ်ကို အသုံးပြုသော နိုင်ငံများတွင် နှစ်ပါတီစနစ်ဖြစ်တည်ပေါ်ပေါက်လာနိုင်ခြေပိုများသည်။ ဥရောပတစ်ခွင်ရှိ မဲအရေအတွက်နှင့် အချိုးကျအမတ်နေရာရသော ရွေးကောက်မှုစနစ်ကိုသုံးသည့်နိုင်ငံများတွင်(သို့မဟုတ်)ဩစတြေးလျ (သို့မဟုတ်)အိုင်ယာလန်တို့ကဲ့သို့ အများအပြားဦးစားပေးမဲထည့်သည့်စနစ်တို့တွင် အများပြည်သူ့ဆိုင်ရာရုံး၊ဌာနများတွင် သုံးပါတီ(သို့မဟုတ်)သုံးပါတီထက်ပို၍ရွေးချယ်ခံရလေ့ရှိသည်။

တစ်ဖက်သတ်ကျသောပုံစံ

[ပြင်ဆင်ရန်]

တစ်ဖက်သတ်ကျသောပုံစံမှာ ပါတီအရေအတွက် နှင့် ယင်းပါတီတစ်ခုစီ၏ လွှမ်းမိုး နိုင်မှုတို့ပေါ်တွင်မူတည်၍ အစိုးရတစ်ခုမှ တစ်ခုတွင် ကွဲပြားသည်။

တစ်ဖက်သတ်မကျခြင်း

[ပြင်ဆင်ရန်]

တစ်ဖက်သတ်ကျခြင်းမရှိသောစနစ် တွင် တရားဝင်နိုင်ငံရေးပါတီများ ပါဝင်ခြင်းမရှိ၊ ထို့ကြောင့် ဥပဒေအရ နိုင်ငံရေးပါတီများ အားကန့်သတ်ခြင်း ကို တစ်ခါတစ်ရံ ရောင်ပြန်ဟပ်သကဲ့သို့ရှိသည်။ ထိုသို့သော တစ်ဖက်သတ်ကျခြင်းမရှိသော ရွေးကောက် ပွဲတို့တွင် အမတ်လောင်းတစ်ဦးစီသည် သူ သို့မဟုတ် သူမ၏ကိုယ်ပိုင် အရည်အချင်းဖြင့် ဆက်ခံရမည့် ရုံး၊ ဌာန တို့အတွက် ရွေးချယ်ခံခွင့် ရှိသည်။ ထိုစနစ်၏ ဥပဒေပြုမှုများတွင် ယေဘုယျအားဖြင့် သမားရိုးကျပါတီများပေါင်းစည်းမှုသည် ဥပဒေ တွင်း၌ မပါဝင်ပေ။ ဂျော့ဝါရှင်တန် အုပ်ချုပ်ရေးနှင့် အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော် ၏ ရှေးဦး ပထမ အခန်းကဏ္ဍများသည် ထိုစနစ်ကိုကျင့်သုံးသည်။ ဝါရှင်တန်သည် သူ၏ နှုတ်ဆက်မိန့်ခွန်းတွင် နိုင်ငံရေး ပါတီများအားလည်း သတိပေးခြင်းပြုခဲ့သည်။

အမေရိကန် ပြည်ထောင်စုတွင် Nebraska (နီဘရပ်(စ်)ကာ)၏ အထက်လွှတ်တော် ဥပဒေ ပြုခြင်းသည် တစ်ဖက်သတ်ကျခြင်း မရှိပါ။ ကနေဒါ တွင် အနောက်မြောက်ဒေသ နှင့် Nunavut (နူရာဗာတ်) တို့တွင် ပိုင် နက်ဆိုင်ရာ ဥပဒေပြုခြင်းများသည် တစ်ဖက်သတ်ကျခြင်း မရှိပါ။ နယူးဇီလန် ရှိ Tokelau (တိုကီလျူ) တွင် တစ်ဖက်သတ်ကျခြင်းမရှိသော ပါလီမန်တစ်ခု ရှိသည်။ မြို့တော်များနှင့် ဒေသန္တရ အစိုးရများ[vague] သည်လည်း တစ်ဖက်သတ်ကျခြင်း မရှိပါ။ ထိုတစ်ဖက်သတ်ကျခြင်းမရှိသော ရွေးကောက်ပွဲများနှင့် အုပ်ချုပ်မှုပုံစံတို့ကို ပြည်နယ် ပြဋ္ဌာန်းချက်တို့ ပြင်ပတွင် ပိုမိုတွေ့ရသည်။[2] တရားဥပဒေအရ နိုင်ငံရေးပါတီများအား တားမြစ်ခြင်းများ မရှိလျှင် ပါတီ မပါဝင်သည့် တစ်ဖက်သတ်ကျခြင်း မရှိသောစနစ်များအတွင်းမှ အုပ်စုကွဲများသည် နိုင်ငံရေးပါတီများအဖြစ်သို့ ပြောင်းလဲ သွားကြလေ့ရှိသည်။

တစ်ပါတီ လွှမ်းမိုးမှု

[ပြင်ဆင်ရန်]

တစ်ပါတီစနစ်များ တွင် အာဏာထိရောက်စွာ သုံးစွဲခွင့်ကို နိုင်ငံရေးပါတီတစ်ခုတည်းကို ဥပဒေအရ ခွင့်ပြုထားသည်။ ပါတီငယ်များကို တစ်ခါတစ်ရံ ခွင့်ပြုထားသော်လည်း ယင်းတို့မှာ လွှမ်းမိုးထားသောပါတီ၏ ခေါင်းဆောငမှုကို လိုက်နာလက်ခံရန် ဥပဒေပြုထားသည်။ တစ်ခါတစ်ရံ ယင်းပါတီအတွင်းရှိ ရာထူးရာခံများမှာ စင်စစ်တွင် အစိုးရအတွင်းရှိ ရာထူးရာခံများထက်ပင် ပိုအရေးကြီးသော ရာထူးများဖြစ်သော်လည်း ထိုပါတီသည် အုပ်ချုပ်သူအစိုးရ အဖြစ် အမြဲတစ်ထပ် တည်းမကျနိုင်ပေ။ တရုတ်ပြည် အား ဥပမာပြနိုင်သည်။ အခြားအနေနှင့် ၁၉၃၄ နှင့် ၁၉၄၅ အတွင်းရှိ ဂျာမန်နာဇီ(ဂျာမန် ဆိုရှယ်လစ်) တို့ကဲ့ သို့သော ဖက်ဆစ် နိုင်ငံများလည်း ရှိသည်။ သို့ဖြစ်ရာ တစ်ပါတီစနစ်သည် အများအားဖြင့် အာဏာရှင်စနစ် ၊ ဖိနှိပ်ညှင်းပန်းမှု တို့နှင့်သာ ညီပေသည်။

တစ်ပါတီလွှမ်းမိုးမှုစနစ် တွင် အတိုက်အခံပါတီများအားခွင့်ပြုထားပြီး အခိုင်အမာတည်ဆောက်ထားသော ဒီမိုကရက်တစ် အစဉ်အလာမျိုးပင် ရှိတတ်သည်။ သို့သော်လည်း အခြားပါတီများအနေနှင့် အာဏာရရှိနိုင်သည့် အခွင့်အလမ်း အစစ်အမှန် မရှိပါဟု သတ်မှတ်ထားသည်။ တစ်ခါတစ်ရံ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး အခြေအနေများ နှင့် လူထုထင်မြင်ချက် တို့သည် အခြားပါတီများ၏ ကျဆုံးခြင်းအတွက် အကြောင်းရင်းများ ဖြစ်သည်။ တစ်ခါတစ်ရံ ဒီမိုကရက်တစ် အစဉ်အလာ အခိုင်အမာမရှိသော နိုင်ငံများတွင် ထုံးစံအားဖြင့်လွှမ်းမိုးထားသည့်ပါတီအနေနှင့် သူကောင်းပြုနိုင်သည့် အာဏာ နှင့် တစ်ခါတစ်ရံ မဲလိမ်လည်ခြင်း တို့ကိုအသုံးပြုကာ အာဏာကို ဆက်လက်ယူထားရန် ဖြစ်နိုင်ခြေရှိသည်။ ထိုနောက်ပိုင်းကိစ္စတွင် လွှမ်းမိုး ခြင်းနှင့် တစ်ပါတီစနစ်တို့အကြား အနက်ဖွင့်မှုများသည်ပင် ဝေဝါးလာပေသည်။ ပါတီလွှမ်းမိုးအုပ်ချုပ်မှုစနစ် တို့တွင် ဥပမာအနေနှင့် စင်ကာပူ ရှိ ပြည်သူ့လုပ်ငန်းစဉ်ပါတီ နှင့် တောင်အာဖရိက ရှိ အာဖရိကအမျိုးသားကွန်ဂရက် တို့ကို တွေ့နိုင်သည်။

နိုင်ငံရေးပါတီနှစ်ခု

[ပြင်ဆင်ရန်]

နှစ်ပါတီစနစ် အသုံးပြုသော နိုင်ငံများဖြစ်သည့် ဂျမေကာ နှင့် ဂါနာ တို့တွင် နိုင်ငံရေးပါတီ နှစ်ခုတို့လွှမ်းမိုးမှု ဩဇာ အတော် ရှိသဖြင့် အခြားမည်သည့်ပါတီတစ်ခုမဆို၏ ခေါင်းစီးအောက်တွင် ရွေးကောက်ပွဲ အောင်မြင်မှုမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထိုစနစ်တွင် ညာတောင်ပံ ညွန့်ပေါင်းပါတီ နှင့် ဘယ်တောင်ပံ ညွန့်ပေါင်းပါတီတို့သည် နိုင်ငံရေးသဘောထား ကွဲလွဲမှုအရှိဆုံးဖြစ်သော်လည်း ပါတီနှစ်ခုရှိသည့် တိုင်းပြည်များတွင် နိုင်ငံရေးပါတီများသည် နိုင်ငံရေးသဘောထား ယူဆချက်များ မျိုးစုံကျယ်ပြန့် ပျံ့နှ့ံနေသော ပါတီများအားလုံးကို အုပ်မိနိုင်ပေသည်။

အမေရိကန်ပြည်ထောင်စုသည် နှစ်ပါတီစနစ်တစ်ခုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ အမေရိကန် နိုင်ငံရေး လောကအတွင်း သမ္မတစနစ်ကို စတင်အကောင်အထည်ဖော်စဉ် ကတည်းက ရှေးရိုးစွဲ (ရီပတ်ဗလစ်ကန်ပါတီ ကဲ့သို့သော) နှင့် ခေတ်သစ် (ဒီမိုကရက်တစ်ပါတီ ကဲ့သို့သော) ပါတီတို့သည် ချွင်းချက်များအကြားမှ ပိုနေမြဲကြားနေမြဲ ရှိနေခဲ့သည်။ တတိယပါတီတို့သည် ထောက်ခံအားပေးမှုအနည်းငယ်ရရှိတတ်သော်လည်း ပြိုင်ပွဲများတွင် အောင်နိုင်သည့် အဆင့်ထိ ရောက်မလာခဲ့ပါ။

ဗြိတိန် နိုင်ငံသည်လည်း နှစ်ပါတီစနစ်ကို အသုံးချသောနိုင်ငံတစ်ခု ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်မှာ အဘယ်ကြောင့်ဆိုသော် သမိုင်းစဉ် တစ်လျှောက်တွင် အချုပ်အခြာအာဏာသည် လွှမ်းမိုးသော ပါတီနှစ်ခု (လက်ရှိ လေဘာပါတီ နှင့် ကွန်ဆာဗေးတစ်ပါတီ) တို့လက်တွင် တစ်လှည့်စီ တည်လျက်ရှိသည်။ သို့သော် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်တွင်မူ ကွန်ဆာဗေးတစ်ပါတီက ဦးဆောင်သော ညွန့်ပေါင်းအစိုးရတွင် ခေတ်သစ် ဒီမိုကရက် တို့ပါ ပါဝင်သည်ကိုတွေ့ရသည်။ လွှတ်တော် အတွင်းတွင် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလိက ပါလီမန်အမတ်များ မှလည်း နေရာ အတော်များများယူထားသည်ကို တွေ့ရသည်။

ပါတီစုံစနစ် ဆိုသည်မှာ အစိုးရ ရုံး၊ဌာနများတွင် နှစ်ပါတီနှင့် အထက်မှ ကိုယ်စားပြု၊ ရွေးချယ်ခံ ကြခြင်းကို ခေါ်သည်။ ဩစတြေးလျ၊ ကနေဒါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ ဗြိတိန်နှင့် နော်ဝေ တို့သည် ခိုင်မာသော နှစ်ပါတီ နှင့် အခြား ပါတီငယ်တို့ပါ ပါဝင်ကိုယ်စားပြုသည့် စနစ်ကိုသုံးနေကြသော ဥပမာနိုင်ငံများဖြစ်ကြသည်။ ပါတီငယ် သို့မဟုတ် "တတိယ" ပါတီများသည် အခြားပါတီအကြီးများအနက်မှ တစ်ခုနှင့် ပေါင်း၍သော်လည်းကောင်း သို့မဟုတ် အခြား လွှမ်းမိုးပါတီများမှ လွတ်လပ်စွာ ခွဲထွက်၍သော်လည်းကောင်း ညွန့်ပေါင်းအစိုးရ တွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင် ဆောင်ရွက်သည်။

အများအားဖြင့် ပါတီသုံးခုထက်ပိုမိုပါဝင်သော ကိစ္စရပ်များတွင် ပါတီတစ်ခုတည်းမှ အာဏာကိုရရှိခြင်းမရှိဘဲ ပါတီတစ်ခုနှင့် တစ်ခုအတူတကွ ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရများ ကိုဖွဲ့စည်းသည်။ ယင်းမှာ ၁၉၈၀ ခုနှစ်များကတည်းက အိုင်ယာလန်သမ္မတ နိုင်ငံ၏ နိုင်ငံရေးလောကတွင် ပေါ်ပေါက်ခဲ့သော နည်းလမ်းဖြစ်ပြီး ဂျာမနီနိုင်ငံတွင် အမျိုးသားနှင့် နိုင်ငံတော်အဆင့်၊ အများ နှင့်ဆို်င်သော အဆင့်တွင် မဲဆန္ဒနယ်အများစုတွင်လည်း တွေ့နိုင်သည်။ ထို့အပြင် အိုင်ယာလန်သမ္မတ နိုင်ငံ ပေါ်ပေါက် လာစဉ်ကတည်းက ညွန့်ပေါင်းအဖွဲ့ (လွတ်လပ်ရေးပါတီ နှင့် အခြားတစ်ခုဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်မဟာမိတ်များ) မှ ဦးဆောင်ခြင်းမရှိသော အစိုးရဟူ၍ မရှိခဲ့ပေ။ တစ်ပါတီ သို့မဟုတ် နှစ်ပါတီ လွှမ်းမိုးသောစနစ်များထက် ညွန့်ပေါင်းအစိုးရအဖွဲ့ နှင့် နိုင်ငံရေး အပြောင်းအလဲမှာ ပိုမို၍လွယ်ကူလေသည်။ [dubious – discuss]

ပါတီ ရန်ပုံငွေ

[ပြင်ဆင်ရန်]

နိုင်ငံရေးပါတီတို့မှာ ပါတီဝင်များ၊ နိုင်ငံရေးအတွေးအခေါ် တူညီသောသူများနှင့် အဖွဲ့အစည်းများ၊ သို့မဟုတ် ၎င်း တို့၏လှုပ်ရှားမှုများ သို့မဟုတ် အစိုးရနှင့်ဆိုင်သော အများပိုင် ရန်ပုံငွေတို့မှ အကျိုးအမြတ်ရရန် စောင့်ဆိုင်းနေသူများ၏ အလှူငွေဖြင့် ငွေကြေးထောက်ပံ့ထားခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီများ နှင့် ဂိုဏ်းကွဲများ၊ အထူးသဖြင့် အစိုးရတွင်းရှိ ၎င်းတို့သည် အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းစုများ နှင့် ကုန်သည်များစုပေါင်းအသင်း တို့ကဲ့သို့သော အထူးအကျိုးအမြတ်ရနိုင်သည့် အဖွဲ့အသင်းများ ၏ မိမိလိုရာ ထောက်ခံပေးရန် ဆွယ်ခြင်းကို အားတက်သရော ပြုခြင်း ခံရသည်။ ပါတီ သို့မဟုတ် ပါတီဝင်များကို မက်လုံးအဖြစ် ငွေနှင့် လက်ဆောင်များပေးကြသည်။

မဲဆွယ်စည်းရုံးရေးဆင်းခြင်း၏ ကုန်ကျစရိတ်များပြားမြင့်တက်လာသဖြင့် ပါတီရန်ပုံငွေလိုအပ်မှုများလည်း ပိုမိုတိုးလာ ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် နိုင်ငံရေးသမားအချို့က ပါတီတို့ကို နိုင်ငံတော် မှ ရန်ပုံငွေပေးသင့်ကြောင်း ထောက်ခံပြောဆို လာကြသည်။ ထိုအရာသည် စိတ်ဝင်စားဖွယ်ကောင်းသော အငြင်းပွားဖွယ်ရာ ဖြစ်လာစေသည့် အဆိုပြုချက်တစ်ရပ် ဖြစ်သည်။ လှူဒါန်းငွေများ စေ့စေ့စပ်စပ် စစ်ဆေးခြင်း ပိုမိုများပြားလာသည်နှင့်အမျှ အနောက်နိုင်ငံ ဒီမိုကရေစီစနစ် ပါတီအသင်းဝင်များတွင် ရန်ပုံငွေထည့်ဝင်ရခြင်းမှာ ရေရှည်တွင် ဝန်ထုပ်တစ်ခုနှယ် ဖြစ်လာသည်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျတို့တွင် ၂၀၀၆ ခုနှစ်အတွင်း လူဦးရေသိသိသာသာ တိုးပွားလာသော်လည်း အထင်ကရပါတီကြီးနှစ်ခုတို့၏ အသင်းဝင်မှာ ၂၀၀၆ ခုနှစ်တွင် ၁၉၅၀ ခုနှစ် အသင်းဝင် ၁/၈ ထက် လျော့နည်း နေ သည်ကို တွေ့ရသည်။

ရွေးကောက်ပွဲအတွင်း ပါတီများနှင့် အမတ်လောင်းများအတွက် လူထုထံမှရန်ပုံငွေရှာခြင်းသည် အစဉ်ဒွန်တွဲနေသကဲ့သို့ ဖြစ်ပြီး တိုးမြဲတိုးလျက်ရှိသည်။ ရန်ပုံငွေ ရှာရာတွင် နည်းလမ်းနှစ်သွယ်ရှိပြီး တိုက်ရိုက်အားဖြင့် ပါတီသို့ငွေကြေးလွှဲအပ် ရယူခြင်းဖြစ်ပြီး သွယ်ဝိုက်ခြင်းနည်းဖြင့် နိုင်ငံပိုင် မီဒီယာများတွင် လွှင့်ထုတ်ခြင်း၊ စာပို့ဝန်ဆောင်မှုတို့သုံးခြင်း တို့ဖြင့်လည်း အထောက်အပံ့များ ရနိုင်သည်။ အေစီအီး ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာကွန်ရက်မှရရှိသော နှိုင်းယှဉ်မှု အချက်အလက်များအရ နိုင်ငံပေါင်း ၁၈၀ ကျော်တွင် ၂၅% သော နိုင်ငံတို့တွင် တိုက်ရိုက်၊သွယ်ဝိုက်၍ အများပိုင် ရန်ပုံငွေရယူခြင်းမရှိ၊ ၅၈%မှာ တိုက်ရိုက်ရန်ပုံငွေကောက်ခံပြီး ၆၀%သော နိုင်ငံတို့တွင် သွယ်ဝိုက် သောနည်းသုံး၍ ရန်ပုံငွေကို ရရှိသည်ဟု တွေ့ရသည်။[6] အချို့သောနိုင်ငံများတွင် နိုင်ငံရေးပါတီများသို့ တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ အထောက်အပံ့ပေးကြသည်။ ပါတီအားလုံးသို့ပေးအပ်သော ရန်ပုံငွေမှာ ညီမျှစွာပေးခြင်း သို့မဟုတ် ပြီးခဲ့သော စည်းရုံးရေးဆင်းခြင်း၏ ရလဒ်ပေါ်မူတည်ပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါဝင်သော အမတ်လောင်း အရေအတွက်ပေါ်မူတည်၍ပေးခြင်းတို့ ရှိကြသည်။ ပါတီတို့မှာ ပုဂ္ဂလိက နှင့် အများပိုင်ရန်ပုံငွေများ ရောထား သည်ကို မကြာခဏ မှီခိုနေရပြီး ယင်းတို့၏ အသုံးစရိတ်တို့ကို ရွေးကောက်ပွဲခန့်ခွဲရေးအဖွဲ့ သို့တင်ပြရန်လိုအပ်သည်။

နို်င်ငံခြားမှအကူအညီ တို့ဖြင့်လည်း ရန်ပုံငွေကို ရယူနိုင်သည်။ ဒီမိုကရေစီစနစ် တိုးတက်ကောင်းမွန်ရန်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို မြှင့်တင်ပေးရန်အလို့ငှါ ဖွံ့ဖြိုးဆဲနိုင်ငံတို့မှ နိုင်ငံရေးပါတီများကို အပြည်ပြည်ဆိုင်ရာ အလှူရှင်တို့မှ ရန်ပုံငွေများပေးအပ်သည်။ အထောက်အပံ့တို့မှာ ငွေကြေးသက်သက် သို့မဟုတ် ပါတီမူဝါဒများ၊ ပါတီ အခြေခံဥပဒေများနှင့် စည်းရုံးရေးအရည်အသွေးများအပါအဝင် စွမ်းအားဖွ့ံဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကိုပါ မကြာခဏ အထောက်အပံ့ပေးလာသည်ကို တွေ့ရသည်။ မူဝါဒသဘောတရားချင်း ယှက်နွယ်နေသော ပါတီများကို ချိတ်ဆက်မှု တိုးတက်လာအောင် ပြုပေးခြင်းသည် ပါတီတစ်ခုအတွက် အပြည်ပြည်ဆိုင်ရာမှာ ပြုလုပ်ပေးလေ့ရှိသော ထောက်ပံ့မှုတစ်ခုပင်ဖြစ်သည်။

တစ်ခါတစ်ရံတွင် နိုင်ငံရေးပါတီ၏ နိုင်ငံရေးဆိုင်ရာဦးတည် ရည်မှန်းချက်တို့ကို ထောက်ပံ့ပေးခြင်းဖြင့် တိုက်ရိုက်ကူညီမှုမျိုး လည်းပေးသည်ကို အမေရိကန် အစိုးရမှ ရိုစ့်တော်လှန်ရေး အတွင်း နောက်ကွယ်တွင် ဂျော်ဂျီရန်ပါတီအားကူညီခဲ့သည်မျိုးကို တွေ့ရသည်။ လက်ခံသူတို့ဘက်မှ ချမှတ်ထားသော ရည်ရွယ်ချက်အမျိုးမျိုးအတွက် တိုင်းပြည်များတွင် နိုင်ငံရေးပါတီအားလုံးမှ ဆက်သွယ်ရယူနိုင်သည့် အထောက် အပံ့ များကို အလှူရှင်အများအပြားမှ ပြုနေချိန်တွင် အခြားအလှူရှင်များမှာ ပို၍ဘက်မလိုက်သော အခြေခံဖြင့်လုပ်ကိုင် ကြသည်။ နိုင်ငံခြားဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတို့ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်အကြံပေး နေကြသူ များမှဆိုထားသည်မှာ အုပ်ချုပ်မှုရေးရာ ကောင်းမွန်တိုးတက်လာစေရန် အလှူရှင်များ၏ တောင်းဆိုချက်များနှင့် ပတ်သက်ရန် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံရေးပါတီများကို အထောက်အပံ့ တိုးပေးရမည်ဟု ဖြစ်သည်။

ပါတီများ၏ အရောင်များနှင့် သင်္ကေတများ

[ပြင်ဆင်ရန်]

ယေဘုယျပြောရလျင် ကမ္ဘာအနှံ့အပြားရှိ နိုင်ငံရေးပါတီတို့သည် သူတို့မည်သူမည်ဝါဟူသည်ကို ခွဲခြားနိုင်စေရန် အရောင်များနှင့် ပြလေ့ရှိကြသည်။ အထူးသဖြင့် ရွေးကောက်ပွဲများ ပြုလုပ်နေစဉ်များတွင် မဲပေးသူတို့မှ မှတ်မိသိရှိစေရန် ဖြစ်သည်။ ကွန်ဆာဗေးတစ်ပါတီ သည် အများအားဖြင့် အပြာ သို့မဟုတ် အနက် ကိုသုံးလေ့ရှိသည်။ ပန်းရောင် သည် တစ်ခါတစ်ရံ အစွန်းရောက်မဟုတ်သော ဆိုရှယ်လစ် တို့ကိုရည်ညွှန်းသည်။ အဝါ ကို လစ်ဘရယ် ပါတီဝင် သို့မဟုတ် ရှေးရိုးစွဲ လစ်ဘရယ်ပါတီဝင် တို့ အတွက်သုံးသည်။ အနီ သည် အများအားဖြင့် လက်ဝဲသမား၊ ကွန်မြူနစ် သို့မဟုတ် ဆိုရှယ်လစ် ပါတီဝင်များကို ကိုယ်စားပြုသော်လည်း ဥရုဂွေး ရှိ "ကော်လိုရာဒိုပါတီ" (အနီ ရောင်ပါတီ) သည် နိုင်ငံရေးအရ ကွန်ဆာဗေးတစ်ပါတီ ဖြစ်သည်။ ထိုကိစ္စမျိုးတွင် အနီရောင်သုံးစွဲမှုမှာ ပါတီ တည်ထောင်မှုမှ လာခြင်းဖြစ်သည်။ ထိုနည်းတူ အမေရိကားရှိ ရီပတ်ဘလစ်ကန်ပါတီသည် အနီရောင်ဖြင့် ဖော်ပြ ထားသည်။ အစိမ်းရောင် သည် အစိမ်းရောင်ပါတီများ၊ အစ္စလမ် ပါတီများနှင့် အိုင်းရစ်ရီပတ်ဗလစ်ကန် ပါတီတို့၏ အရောင် ဖြစ်သည်။

လိမ္မော်ရောင် သည်တစ်ခါတစ်ရံ အမျိုးသားရေးအရောင်ဖြစ်သည်ကို နယ်သာလန်၊ အစ္စ ရေး တွင် လိမ္မော်ရောင်စခန်း သို့မဟုတ် အို်င်ယာလန်မြောက်ပိုင်း ရှိ ပြည်ထောင်စုဖွဲ့ရေးထောက်ခံအားပေးသူ အာလ် စတားများ တွင် တွေ့ရသည်။ ယူကရိန်း ကဲ့သို့သော နိုင်ငံမျိုးတွင် ယင်းသည် ပြည်လည်တည်ထောင်ရေး အရောင် ဖြစ်သည်။ ရှေးယခင်က ခရမ်းရောင် ကို တော်ဝင် အရောင် (အဖြူရောင်ကဲ့သို့ပင်) အဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့ ခေတ်တွင်မူ ယင်းကို အမျိုးသမီးများပါတီတို့တွင် သုံးလေ့ရှိသည်။ အဖြူရောင်သည်လည်း အမျိုးသားရေးနှင့် သက် ဆိုင်သည်။ "ခရမ်းရောင်ပါတီ" ဟူသည် အမျိုးအမည်ခွဲခြားသတ်မှတ်ထားမှုမရှိသော ပါတီတို့ကို သတ်မှတ် အဆိုပြုရာ တွင် သုံးသည်။ အမေရိကန်ပြည်ထောင်စုတွင် ကြားနေပါတီအဖြစ်သတ်မှတ်သည်၊ (အဘယ်ကြောင့်ဆိုသော် ခရမ်း ရောင်သည် အဓိကပါတီများ၏ အရောင်များဖြစ်သော အနီ နှင့် အပြာတို့ ရောစပ်ရာမှ ပေါ်ပေါက်လာခြင်း ကြောင့်ဖြစ် သည်။) ထို့အပြင် ယင်းသည် "ငြိမ်းချမ်းရေး နှင့် ချစ်ခြင်းပါတီ"ကိုပြသော ပြယုဂ်အဖြစ်လည်း စံပြုသည်။ ယင်းမှာ အစိမ်းရောင်ပါတီ နှင့် သဘောတရားခြင်း တူသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အနက် ရောင်သည်ယေဘုယျအားဖြင့် ဖက်ဆစ် ပါတီတို့ဖြင့်ဆက်နွယ်ပြီး ဘာနီတိုမူဆိုလီနီ ၏ အနက်ရောင်ရှပ် ဆီသို့ ပြန်သွားကာ မင်းမဲ့ဝါဒ တို့နှင့်လည်း ဆက်နွယ်သည်။ ထို့အတူ အညို ရောင်သည် နာဇီစနစ် နှင့်ဆက်နွယ် သည်ကို နာဇီပါတီ ၏ ယူနီဖောင်း အညိုဝတ် မုန်တိုင်းတပ်သားများ ကို ကြည့်၍သိနိုင်သည်။

အမေရိကန်ရှိ နိုင်ငံရေး အရောင်များ သုံးစွဲမှုမှာ အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ချက်များနှင့် ကွဲပြားလျက်ရှိသည်။ ၂၀၀၀ ခုနှစ်ကတည်းက အနီရောင်သည် လက်ယာသမားများ ဖြစ်သည့် ရီပက်ဗလစ်ကန်ပါတီ ၏အရောင်ဖြစ်လာပြီး အပြာရောင်သည် လက်ဝဲသမားတို့၏ ဒီမိုကရက်တစ်ပါတီ အတွက်ဖြစ်နေသည်။ သို့သော် အခြားတိုင်းပြည်များ၏ နိုင်ငံရေးဆိုင်ရာအရောင်သတ်မှတ်ချက်များ နှင့်မတူညီသည်မှာ ပါတီများမှ ထိုအရောင်များကို ရွေးချယ်ခြင်းမဟုတ်ပဲ ယင်းမှာ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်များသတင်းထုတ်ပြန်ချက် နှင့် တရားဝင်ပြန်တမ်းများမှ အသုံးများသော အရောင်အဖြစ် ရောက်သွားခြင်းဖြစ်သည်။ ၂၀၀၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင်က မီဒီယာတို့မှ သမ္မတရွေးကောက်ပွဲ ကာလတစ်ခုစီတွင် မည်သည့်ပါတီမှ မည်သည့်အရောင်ကို် တစ်လှည့်စီကိုယ်စားပြုသည်ကို ဖော်ပြကြသည်။ ထိုနှစ်တွင် အရောင်နှင့်ပတ်သက်၍ အထူးသတိထားရမည်ဖြစ်သည်၊ ယင်းမှာ နောက်တစ်ခေါက်ရွေးကောက်ပွဲတွင် ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေပြီး လည်ပတ်မှုများ ရပ်တန့်စေနိုင်သည်။

ဆိုရှယ်လစ်ပါတီ၏ သင်္ကေတ မှာအများအားဖြင့် နှင်းဆီ နီကို လက်သီးဆုပ်တွင် ကိုင်ထားသည့်ပုံဖြစ်သည်။ ကွန်မြူနစ် ပါတီ မှာ တူ အလုပ်သမားတို့အား ကိုယ်စားပြုရန်၊ တံစဉ် မှာ လယ်သမားတို့ကို ကိုယ်စားပြုရန် သို့မဟုတ် လူတန်းစားနှစ်ရပ်လုံးကို တစ်ချိန်တည်းတွင် ကိုယ်စားပြုရန် တူနှင့်တံစဉ် ကို ပါထည့်သွင်းအသုံးပြုသည်။ နာဇီဝါဒီ ၏ သင်္ကေတမှာ စကြာ သို့မဟုတ် "hakenkreuz" "(ဟေကန်ခရု(ဇ်)) " ဖြစ်ပြီး လွန်လေပြီးသော ရှေးခေတ်မှ ဖြစ်သော်လည်း ယင်းကိုတစ်လောကလုံးမှ အမုန်းတရားဝါဒီအုပ်စုများအတွက် ရည်ရွယ်သုံးစွဲကြသည်။ မဲဆန္ဒရှင်တို့မှာ ပညာတတ်များမဟုတ်ကြသည့်အခါမျိုးတွင် သင်္ကေတ များသည် လွန်စွာအရေးကြီးလှသည်။ ၂၀၀၅တွင် ကျင်းပသော ကင်ညာအခြေခံဥပဒေ ပြည်လုံးကျွတ်မဲဆန္ဒခံယူပွဲတွင် အခြေခံဥပဒေကို ထောက်ခံသည့် သူများအတွက် သင်္ကေတအဖြစ် ငှက်ပျောသီး ကိုသုံးခဲ့ကြပြီး "ငြင်းဆိုခြင်း" အတွက် လိမ္မော်သီး ကို သုံးခဲ့သည်။

နိုင်ငံရေးပါတီများ၏ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ

[ပြင်ဆင်ရန်]

၁၉ နှင့် ၂၀ ရာစုအတွင်းတွင် အမျိုးသားနိုင်ငံရေးပါတီများသည် တူညီသောနိုင်ငံရေး အမြင်များအရ အပြည်ပြည်ဆိုင် ရာ အဖွဲ့အစည်းများအဖြစ်သို့ ဖွဲ့စည်းခဲ့ကြသည်။ မှတ်သားဖွယ် ဥပမာများမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားများအစည်းအရုံး (ပထမဆုံးအပြည်ပြည်ဆိုင်ရာအဖွဲ့အဖြစ်ခေါ်ဆို) ၊ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များ (ဒုတိယမြောက် အပြည်ပြည်ဆိုင်ရာအဖွဲ့အဖြစ်ခေါ်ဆို) ၊ အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်များ (တတိယမြောက် အပြည်ပြည်ဆိုင်ရာအဖွဲ့အဖြစ်ခေါ်ဆို) နှင့် စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ အဖြစ် အလုပ်သမားလူတန်းစားပါတီ သို့မဟုတ် အပြည်ပြည်ဆိုင်ရာလစ်ဘရယ် (အဝါ)၊ Hizb ut-Tahrir (ဟဇ် အက်-တဟီရာ)၊ အပြည်ပြည်ဆိုင်ရာခရစ်ယာန်ဒီမိုကရက်တစ် နှင့် အပြည်ပြည်ဆိုင်ရာဒီမိုကရက်သမဂ္ဂ (အပြာ) တို့ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအစိမ်းရောင်ပါတီများ မှ မကြာသေးမီကပင် ကမ္ဘာစိမ်းစိမ်း ကို ဖွဲ့စည်းတည်ထောင်လိုက်သည်။

အပြည် ပြည်ဆိုင်ရာဆိုရှယ်လစ်များ၊ အပြည်ပြည်ဆိုင်ရာလစ်ဘရယ်များနှင့် အပြည်ပြည်ဆိုင်ရာဒီမိုကရက်သမဂ္ဂ တို့အား လုံးမှာ လန်ဒန် တွင် အခြေပြုကြသည်။ ၁၉၄၅ အီတလီတွင် အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့ပြီး ၁၉၇၄ မှစ၍ ဌာနချုပ်ကို ဖလောရင့်စ် တွင်ထားရှိပြီး နိုင်ငံ ၆ နိုင်ငံတွင် ဌာနခွဲများချထားကာ ကမ္ဘာအနှံ့ ပါတီ ကိုချဲ့ထွင်ခဲ့သည်။ အချို့သော နိုင်ငံများ (ဥပမာ- ဟောင်ကောင်) တို့တွင် ဒေသတွင်း နှင့် နိုင်ငံရပ်ခြားရှိ နိုင်ငံရေး အဖွဲ့အစည်းများ ချိတ်ဆက်မှုကို တရားမဝင်ကြောင်းကြေညာခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပါတီများကိုလည်း တရားမဝင်ကြောင်းထိရောက်စွာ ကြေညာမှုပြုသည်။