သစ်တောဦးစီးဌာန

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သစ်တောဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
Logo of Forest Department.png
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၈၅၆ (သစ်​တောဌာန)
  • ၁၉၇၂ (ဦးစီးဌာန)
ဌာနချုပ်ရုံးအမှတ် (၃၉)၊ နေပြည်တော်
ဝန်ကြီးများဦးအုန်းဝင်း
ဌာနအကြီးအမှူးများ​ဒေါက်တာ ညီညီ​ကျော်၊ ညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်forestdepartment.gov.mm

သစ်တောဦးစီးဌာန (အင်္ဂလိပ်: Forest Department)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးနှောင်းပိုင်း အလောင်းမင်းတရားကြီး လက်ထက် ၁၇၆၀ ခုနှစ်ဝန်းကျင်မှသည် ကျွန်းသစ်ကို "တော်သစ်" အဖြစ်သတ်မှတ်၍ ထိန်းသိမ်းကာကွယ်ခဲ့သည်။ ၁၈၄၁ ခုနှစ်နှင့် ၁၈၄၂ ခုနှစ်တို့တွင် မြန်မာ့ကျွန်းသစ်တောများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ပိုမိုပြည့်စုံသော စည်းကမ်းများကို ထုတ်ပြန်ခဲ့သည်။ ၁၈၅၂ ခုနှစ် တွင် ပဲခူးကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက်မကြာမီ ကျွန်းသစ်တောများသည် အစိုးရပိုင်ဖြစ်သည်ဟု ကြေငြာပြီး ဒေါက်တာမက္ကလင်းကို ဝန်ထောက်ခန့်အပ် အုပ်ချုပ်စေခဲ့ရာ ၎င်းမှ အစီရင်ခံ တင်ပြမှုကြောင့် ၁၈၈၅ ခုနှစ်တွင် အိန္ဒိယပြည်သစ်တောများ၏ ချာတာအမိန့်ကြေငြာစာ ထွက်ရှိလာခဲ့ရာ သစ်တောထိန်းသိမ်းစောင့်ရှောက်ရာတွင် အမြဲကျင့်သုံးရမည့် ပေါ်လစီ ပေါ်ထွက်လာခြင်း ဖြစ်သည်။

နိုင်ငံတော်၏ သစ်တောများကို စနစ်တကျ စီမံခန့်ခွဲ အုပ် ချုပ်ရန်အတွက် သစ်တောဌာနကို ၁၈၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က သစ်တောဌာန၏ တာဝန်ဝတ္တရားများမှာ သဘာဝသစ်တောကြီးများအား ပြုစုထိန်းသိမ်းခြင်းနှင့် အဖိုး တန် ကျွန်းနှင့် သစ်မာများကို စနစ်တကျထုတ်ယူသုံးစွဲရေးအတွက် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း များသာ ဖြစ်သည်။ ၁၈၅၆ ခုနှစ်တွင် ပဲခူးပြည့်နယ် သစ်တောဝန်ထောက်တာဝန်ကို ဒေါက်တာမက္ကလဲလင်းထံမှ ဂျာမန်သစ်တောပညာရှင် ဒေါက်တာဒီးထရစ်ဘရန်းဒစ်သို့ လွဲပြောင်းပြီးနောက် ၎င်းအား တနင်္သာရီနှင့် မုတ္တမ သစ်တောနယ်များကိုပါ အုပ်ချုပ်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်မှစ၍ မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်း သစ်တောများကို သိပ္ပံပညာအရ ရှေးဦးဆုံး စတင် အုပ်ချုပ်လုပ်ကိုင်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။

၁၈၅၈ ခုနှစ် ဒီဇင်ဘာလတွင် ပိုမိုပြည့်စုံသော သစ်တောစည်းမျဉ်းများကို ဗြိတိသျှအစိုးရမှ အတည်ပြု ထုတ်ပြန်ခဲ့ရာ ကျွန်းသစ်ပေါက်ရောက်သည့် သစ်တော အားလုံးနီးပါး သိပ္ပံနည်းကျ အုပ်ချုပ်လုပ်ကိုင်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ၁၈၆၀ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ သစ်တောထိမ်းသိမ်းရေးဆိုင်ရာမူဝါဒ ပေါ်ပေါက်လာခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် "၁၈၆၅ ခုနှစ် အစိုးရသစ်တောများ အက်ဥပဒေ" ကိုရေးဆွဲ ထုတ်ပြန်ခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် မြန်မာပြည်အတွက် သီးခြား သစ်တောဥပဒေကို ဥပဒေအမှတ် ၁၉ အဖြစ်ဖြင့် ထုတ်ပြန်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှ များ အထက်မြန်မာပြည်ကို သိမ်းပိုက်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အထက်မြန်မာပြည် သစ်တောဥပဒေ စည်မျဉ်းကို ထုတ်ပြန်ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးစတင်ခဲ့ပြီးနောက် သစ်တောဝန်ကြီးဌာနကို ထူထောင်ပြီး သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်ခဲ့သည်။ [၁]

၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးစနစ်သစ်အရ သစ်တောဌာနကို သစ်တောဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး သမားရိုးကျလုပ်ငန်းများဖြစ်သော သဘာဝတောများ ပြုစုထိန်းသိမ်းခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများကို စနစ်တကျထုတ်လုပ်ခြင်းများအပြင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကိုပါ တိုးချဲ့တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့သည့်အပြင် စီမံကိန်းလုပ်ငန်းအသစ်များကိုလည်း တိုးချဲ့တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ ပိုမိုတိုးတက်များပြားလာသည့် လုပ်ငန်းတာဝန်များကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

၁၉၉၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရက လက်ခံကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးမူဝါဒအရ သစ်အခြေခံသည့် ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်များပြားလာခြင်း၊ တိုးတက် များပြားလာသည့် လူဦးရေနှင့်အညီ သစ်တောထွက်ပစ္စည်းလိုအပ်ချက် များပြားလာခြင်း၊ ကမ္ဘာ့ဈေးကွက်တွင် သစ်ဝယ်ယူအား ကောင်းလာသည့်အတွက် သစ်ဈေးနှုန်းများ တစ်ရှိန်ထိုး တိုးတက်လာမှုကြောင့် နည်းမျိုးစုံဖြင့် သစ်ခိုးမှုများ တိုးတက်များပြားလာခြင်း၊ သဘာဝတောများ ပျက်စီးလာမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသများ ထိခိုက် ပျက်စီးလာခြင်း၊ သစ်တောကဏ္ဍ၏ အရေးပါမှုကို ပြည်သူလူထုသဘောပေါက်နားလည်မှု နည်းပါးသည့်အတွက် သစ်တောများကို စည်းကမ်းမဲ့စွာ ခုတ်ယူသုံးစွဲနေကြခြင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲခဲ့သော အုပ်ချုပ်ရေးစနစ်အရ ခရိုင်များ ဖွဲ့စည်းခဲ့သော်လည်း သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံတွင် ခရိုင်များ ဖွဲ့စည်းထားခြင်း မရှိသောကြောင့် ထိရောက်စွာ အုပ်ချုပ်နိုင်မှု မရှိခြင်း၊ သစ်တောသုတေသနဌာန လေ့လာတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း လက်တွေ့အသုံးချနိုင်ရန် ဖော်ဆောင်ပေးမှု အားနည်းခြင်း၊ သစ်တောပညာဌာနကို သစ်တောတက္ကသိုလ်အဖြစ် ၁၉၉၂ ခုနှစ်တွင် တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအောက်တွင် သွတ်သွင်းခဲ့သဖြင့် သစ်တောတက္ကသိုလ်၏ အုပ်ချုပ်မှုနှင့် ပညာသင်ကြားမှုအပိုင်းတွင် သစ်တောဦးစီးဌာနမှ ပံ့ပိုးပေးရန် လိုအပ်လာခြင်းတို့ကြောင့် စီမံခန့်ခွဲရေးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာန၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ပြည်နယ်နှင့် တိုင်းသစ်တောဦးစီးဌာနများအပြင် စစ်ဆေးရေးဌာန၊ တိုးချဲ့ပညာပေးရေးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနတို့ဖြင့် သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ခရိုင်အဆင့်ရုံးများကိုလည်း တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၉၆ ခုနှစ်တွင် တိရစ္ဆာန်ဥယျာဉ်များဌာနအား ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သစ်တောဦးစီးဌာနအား ဦးစီးရုံးချုပ်ရှိဌာနများ အပါအဝင် တိုင်းနှင့် ပြည်နယ်ရုံး ၁၄ ရုံး၊ ခရိုင်ရုံး ၄၇ ရုံး ပါဝင်သော ဖွဲ့စည်းပုံအသစ်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၂]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • စီမံခန့်ခွဲရေးဌာန
  • စီမံကိန်းနှင့် စာရင်းအင်းဌာန
  • သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန
  • သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန
  • ဘဏ္ဍာရေးဌာန
  • ပြည်နယ်နှင့် တိုင်းသစ်တောဦးစီးဌာန
  • စစ်ဆေးရေးဌာန
  • တိုးချဲ့ပညာပေးရေးဌာန
  • လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန
  • ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန
  • တိရိစ္ဆာန်ဥယျာဉ်များဌာန

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]