မိကျောင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
Crocodile
Temporal range: Late Cretaceous - Recent
NileCrocodile.jpg
Nile Crocodile
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Sauropsida
မျိုးစဉ်: Crocodilia
မျိုးရင်း: Crocodylidae
Cuvier, 1807
Genera

See full taxonomy.

မိကျောင်း[ပြင်ဆင်ရန်]

မိကျောင်းသည် မျက်မှောက်ခေတ်အထိ သက်ရှိအကြီးဆုံး တွားသွားကောင်များထဲတွင် အပါအဝင်ဖြစ်သည်။ ရက်စက်ကြမ်း ကြုတ်၍ စက်ဆုပ်ရွံရှာဖွယ်ကောင်သော သတ္တဝါလည်းဖြစ်သည်။ ကမ္ဘာအရပ်ရပ် အပူပိုင်းဒေသများရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင် နှင့်ညွှန်ပျောင်းပေါသော ကမ်းရိုးတစ်လျှောက်တွင် နေထိုင်သည်။ အသားစားသတ္တဝါကြီးများ ဖြစ်သည်အားလျော်စွာ လူနှင့် တိရစ္ဆာန် များကို ရန်မူတတ်သည်။

မိကျောင်းသည် Crocodylidae မျိုးရင်းတွင်ပါသော မျိုးစိတ်များကို ရည်ညွှန်းပြီး တစ်ခါတစ်ရံတွင် Crocodylinae မျိုးရင်းသေးတွင် ပါဝင်သော မျိုးစိတ်များကိုရည်ညွှန်းလေ့ရှိသည်။ ထိုအသုံးအနှုန်းကို Crocodilia မျိုးစစ်တွင် ပါဝင်သော မိကျောင်း၊ နှာခေါင်းတိုမိကျောင်း နှင့် caimans (Alligatoridae မျိုးရင်း) နှင့် gharials (Gavialidae မျိုးရင်း) တို့ အပြင် သမိုင်းမတိုင်မီခေတ်က မိကျောင်းတို့၏ ဘိုးအေနှင့် အမျိုးအဆွေများပါဝင်သော Crocodylomorpha တို့ ကိုလည်း ရည်ညွှန်းခေါ်ဆိုနိုင်သည်။

အမျိုးအစား[ပြင်ဆင်ရန်]

မိကျောင်းတွင် မိကျောင်းခေါင်းရှည်နှင့် မိချောင်းခေါင်းတို ဟူ၍ နှစ်မျိုးရှိသည်။

မိကျောင်းခေါင်းရှည်သည် ပါဏဗေဒအလိုအားဖြင့် ကရော့ကိုဒီလီယာမျိုးစဉ်တွင် ကရော့ကိုဒီလီဒီမျိုးရင်း၌ ပါဝင်၍ ကရော့ကိုဒီလပ်နိလိုတီကပ်ဟုခေါ်သည်။ ရှည်သောဦးခေါင်းနှင့် ချွန်သောနှာတံရှိသောကြောင့် ယင်းကို မိကျောင်းခေါင်းရှည်ဟု မိကျောင်းခေါင်းတိုမှ ခွဲခြား၍ခေါ်ရသည်။

မိကျောင်းခေါင်းရှည်နှင့် မိကျောင်းခေါင်းတိုသည် အလွန်တူကြသဖြင့် မကြာ ခဏမှားတတ်ကြသည်။ သို့သော် အသေအချာကြည့်လျှင် ကွဲပြား ခြားနားချက်များရှိသည်ကို တွေ့ရသည်။ မိကျောင်းခေါင်းတို၏ ဦးခေါင်းသည် ကျယ်ပြန့်လျက် တို၍ဝိုင်းသော နှာတံရှိသောကြောင့် မိကျောင်းခေါင်းတိုဟု ခေါ်သည်။ မိကျောင်းခေါင်းရှည်၏ စတုတ္ထ အောက်သွားသည် အခြားသွားများထက် ရှည်ထွက်လျက်ရှိရာ ပါးစပ်ပိတ်လိုက်သည့်အခါ အထက်မေးရိုး အပြင်ဖက်သို့ ထွက်လာ ပြီးသော် မြောင်းကလေးအတိုင်း အံကျရှိနေလေသည်။ မိကျောင်း ခေါင်းတို၏ စတုတ္ထအောက်သွားသည်လည်း အခြားသွားများထက် ရှည်၏။ သို့သော် ပါးစပ်ပိတ်လိုက်သည့်အခါ အထက်မေးရိုးရှိ တွင်းကလေးထဲသို့ အံကျဝင်နေလေသည်။

မိကျောင်းခေါင်းရှည်၏ နှာခေါင်းနှင့် မျက်လုံးများသည် မျက်နှာပေါ်တွင် မို့တက်လျက်ရှိသည်။ ယင်းတို့သည် တစ်ခါတစ်ရံရေပေါ်၌ နှာခေါင်းနှင့် မျက်လုံးများကိုသာ ဖော်၍ နေတတ်ရာ ရှည်လျားသော သစ်လုံးများ မျောနေဘိသကဲ့သို့ ထင်ရသည်။ သို့ဖြင့် ကိုယ်ခန္ဓာသည် ရေအောက်၌ရှိနေသော်လည်း အသက်ရှူနိုင် ပြီးလျှင် ပတ်ဝန်းကျင်ရှိ အစာဖြစ်သော သတ္တဝါများကို ကောင်းစွာမြင်နိုင်သည်။ မိကျောင်းခေါင်းရှည်သည် ရေအောက်၌ လုံးလုံးမနေနိုင်ပေ။ တစ်နာရီ၊ တစ်နာရီ ကျော်ကျော်မျှသာနေ၍ အသက်ရှူ ရန်အတွက် ရေမျက်နှာပြင်သို့ မကြာခဏ တက်လာရသည်။

မိကျောင်းခေါင်းရှည်သည် များသောအားဖြင့် ငါးလိပ်နှင့် ရေငှက်များကိုဖမ်း၍ အကောင်လိုက် မျိုချတတ်သည်။ ကမ်းနဖူးသို့ ရေသောက်ရန် ဆင်းလာသော တိရစ္ဆာန်များကိုလည်း ဖမ်းယူ စားသောက်တတ်သည်။ အချို့ကား လူသားစားဖြစ်ကြ၏။ ရေတွင် မဆိုထားဘိ ကုန်းပေါ်တွင်ပင် မိကျောင်းခေါင်းရှည်သည် တိရစ္ဆာန် များကို လျင်မြန်ဖျတ်လတ်စွာလိုက်၍ အမြီးဖြင့်ရိုက်ကာ ဖမ်းယူတတ်သည်။ မိကျောင်းခေါင်းရှည်သည် မိကျောင်းခေါင်းတိုထက် ပို၍ ရန်မူတတ်လေသည်။

အခြား တွားသွားကောင်များကဲ့သို့ မိကျောင်းခေါင်းရှည် အမသည် ကြက်ဥသာသာကြီးသော ဥပေါင်း ၃ဝ မှ ၆ဝ အထိ အုသည်။ အချို့က ဥများကို ချုံများကြား၌ သစ်ရွက်သစ်ကိုင်းများဖြင့် လုပ်သော အသိုက်များတွင် ထားတတ်၍၊ အချို့က ကမ်းစပ်သဲ သောင်များ၌ တွင်းတူး၍ မြုပ်နှံထားတတ်သည်။ အချို့သော မိကျောင်းမျိုးတွင် အမသည် ဥများကို ပေါက်လာသည်အထိ အနား တွင်နေ၍ စောင့်ရှောက်သည်။ ဥများသည် နေရောင်နှင့် အထက်မှဖုံးအုပ်လျက်ရှိသော ဆွေးမြည့်နေသည့် သစ်ရွက်သစ်ကိုင်း များ၏ အပူရှိန်ကြောင့် ၂ လမျှအကြာတွင် မိကျောင်းငယ်များ ပေါက်လာသည်။

ပေါက်ချိန်တန်လာသောအခါ ဥများအတွင်းမှ ချောင်းဆိုးသံကဲ့သို့ မြည်သံကြားရ၏။ ထိုအခါ မိကျောင်းမသည် ဥများကို ဖုံးအုပ်ထားသည့် သဲများနှင့် သစ်ဆွေးများကို ဖယ်ရှားပေးလိုက်ရာတွင် မိကျောင်းငယ်ကလေးများသည် နှာတံထိပ်ရှိ အချွန်ကလေးဖြင့် ဥကိုဖောက်၍ထွက်လာကြသည်။ ထိုအချွန်သည် မကြာမီကျိုးသွား၏။ ဥမှပေါက်စ မိကျောင်းကလေးများသည် ၈ လက်မခန့်သာရှိ၍ မိခင်မိကျောင်းမက ချက်ခြင်းပင် ရေထဲသို့ ခေါ်ဆောင်သွားလေသည်။

ပထမတွင် တစ်လလျှင် တစ်လက်မခန့် ကြီးထွားလာ၍ ၅ နှစ် သားအရွယ်သို့ ရောက်သောအခါ ၆ ပေခန့် ရှည်လာသည်။ ထိုနောက် တဖြည်းဖြည်း ကြီးပြင်းလာရာ အချို့မှာ ပေ ၂ဝ မှ ၃ဝ အထိပင် ရှည်တတ်လေသည်။ မိကျောင်းခေါင်းရှည်များသည် နှစ်ပေါင်းတစ်ရာကျော်မျှ အသက်ရှည်ကြလေသည်။

မိကျောင်းခေါင်းရှည်၏ ကျောနှင့်လည်ပင်းတွင် အလွန်မာ၍ ကြမ်းတမ်းသော အရေထူကြီးဖြင့် ဖုံးအုပ်လျက်ရှိသည်။ သို့သော် ဝမ်းပိုက်နှင့် နံဘေးတွင်ရှိသော အရေသည် ထိုမျှလောက် မမာချေ။ ဝမ်းပိုက်နှင့် နံဘေးမှအရေများကို ပထမတန်းစားသားရေများ ပြုလုပ်၍ သားရေအိတ်နှင့်ရှူးဖိနပ်များ ချုပ်လုပ်ရာ၌ အသုံးပြုကြ သည်။ မိကျောင်းသားရေသည် အလွန်လှပ၍ ကြာရှည်လည်းခံ သည်။ ထိုကြောင့် မိကျောင်းများကို သားရေရှိရေးအတွက် အမြောက်အမြား ဖမ်းဆီးသတ်ဖြတ်ကြသည်။


မိကျောင်းခေါင်းရှည်သည် ကမ္ဘာအရှေ့လုံးခြမ်း သတ္တဝါဖြစ် ၍ အာဖရိကတိုက်၊ အာရှတိုက်၊ မလ္လယု ကျွန်းစုနှင့် ဩစတြေး လီးယားမြောက်ပိုင်းတို့တွင် အများအပြားကျက်စားကြသည်။ အချို့ ကို အမေရိကတိုက် အလယ်ပိုင်းတွင်တွေ့ရသည်။ ရေငန်မိကျောင်း များကို အိန္ဒိယတောင်ပိုင်း၊ မြန်မာနိုင်ငံ၊ မလ္လာယုကျွန်းစု မြစ်ဝများ တွင် တွေ့ရသည်။ အကြီးဆုံးမျိုး ဖြစ်သည့် အိန္ဒိယမိကျောင်းသည် ပေ ၃ဝ ထိ ရှည်သည်။ သို့သော်လည်း ကြောက်တတ်သဖြင့် ငါး များကိုသာစားသည်။ နိုင်းမြစ်တွင် တွေ့ရသော အာဖရိကမိကျောင်း ကား လူသားစားမိကျောင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ကောင်းပေ သည်။ ရှေးအီဂျစ်လူမျိုးတို့သည် နိုင်းမြစ်အတွင်းရှိ မိကျောင်းများကိုကိုးကွယ်ခဲ့ကြ၏။ သို့သော် ယခုအခါ ထိုအလေ့အထ မရှိတော့ပေ။

မိကျောင်း၏ လျှာသည် အခြားတိရစ္ဆာန်များ၏ လျှာများကဲ့သို့ အပြင်သို့ မထုတ်နိုင်၊ လှုပ်ရှားမှုလည်း မပြုနိုင်ဘဲ ပါးစပ်အောက်ခြေတွင် အသေကပ်လျက်ရှိသည်။ မိကျောင်းတွင် ကတိုးရည်စိမ့်ထွက်သော ဂလင်းနှစ်စုံရှိရာ ထိုကတိုး ဂလင်းများကို ရေမွှေး ပြုလုပ်ရာ၌ အသုံးပြုကြသည်။ မိကျောင်းဆီကိုလည်း လူတို့အသုံးပြုကြသည်။

မိကျောင်းခေါင်းတိုကို အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ပိုင်းပြည်နယ်များရှိ မြစ်များနှင့် တရုတ်နိုင်ငံ ယန်ဆီမြစ်၌ သာတွေ့ရ၍ အခြားဒေသ၌ မတွေ့ရပေ။ တရုတ် မိကျောင်းခေါင်းတိုနှင့် အမေရိကန်မိကျောင်းခေါင်းတိုသည် အသွင်အပြင်နှင့် တကွ အလေ့အထပါ များစွာတူသည်။ မိကျောင်းခေါင်းတိုသည် ကိုယ်အလျား ၁၂ ပေ မှ ၁၅ ပေ အထိ ရှည်တတ်သည်။

မိကျောင်းခေါင်းတိုသည် ကရော့ကိုဒီလီယာမျိုးစဉ်တွင် အယ်လီဂေတိုရီဒီမျိုးရင်း၌ ပါဝင်၍ ပါဏဗေဒ အမည်အားဖြင့် အယ်လီဂေတို မစ်စစ်စပီယန်ဆစ် ဟုခေါ်သည်။ မိကျောင်းခေါင်းတို၌ တိုလွန်းသောခြေထောက်များနှင့် ကြီး မားသော ကိုယ်ထည်ရှိသောကြောင့် ကုန်းပေါ်တွင် အသွားအလာ နှေးကွေးသည့်ပြင် ကိုရိုးကားရား နိုင်လှပေသည်။ မိကျောင်း ခေါင်းတိုသည် အများအားဖြင့် ငါး၊ ကဏန်း၊ ပုစွန်ဆိတ်နှင့် တွားသွားကောင်ကလေးများကို ရှာဖွေစားသောက်သည်။ သို့သော် ခွေးများနှင့် အခြား ခြေလေးချောင်း သတ္တဝါများကိုလည်း စားတတ်သည်။

မိကျောင်းခေါင်းတို အမသည် မြက်များ၊ သစ်ရွက် သစ်ကိုင်းများဖြင့် အမြင့် ၃ ပေ၊ ပြက် ၇ ပေ ခန့်ရှိသော အသိုက်ကို ကမ်းနဖူးတွင်ပြုလုပ်၍ အသိုက်အလယ်တွင် ကြက်ဥသာသာရှိသော ဥများကို ဥပေါင်း ၄ဝ မှ ၅ဝ အထိ အုတတ်သည်။ ရက်သတ္တပတ် ၉ ပတ်ခန့် အကြာတွင် သားငယ်များပေါက်လာ၍ ပေါက်စတွင် ၈ လက်မခန့်သာရှိသည်။ သားငယ်များသည် ရေထဲ၌ မိခင်နောက်သို့ တစ်ကောက်ကောက်လိုက်နေပြီးသော် အတော်အတန် ကြီးပြင်းလာမှ ခွဲထွက်သွားကြ သည်။ မိကျောင်း ခေါင်းတိုသည် အသက် ၅ဝ မှ ၆ဝ အထိ ရှည်သည်။

မိကျောင်းခေါင်းတို၏ သားရေကိုလည်း လှပ၍ကြာရှည်ခံသောကြောင့် အဖိုးတန်ဖိနပ်များ၊ လက်အိတ်နှင့် အခြားပစ္စည်းများ ချုပ်လုပ်ရာ၌ အသုံးပြုကြသည်။ သားရေအတွက် ယင်းတို့အား ဖမ်းဆီး သတ်ဖြတ်ကြသောကြောင့် တဖြည်းဖြည်း နည်းပါးလာလေသည်။ ယခုအခါ မြောက်အမေရိကတိုက် ဖလော်ရီဒါပြည်နယ်၌ မိကျောင်းခေါင်းတိုများကို ခြံခတ်၍ မွေးမြူထားကြသည်။[၁]


မိကျောင်းတို့သည် အာဖရိကအာရှ၊ အမေရိကနှင့် ဩစတြေးလျ တို့ရှိ မုတ်သုံဒေသများတွင် နေထိုင်သော ကြီးမားသည့် ရေနေ တွားသွားသတ္တဝါများ ဖြစ်ကြသည်။ မိကျောင်းတို့သည် ရေချိုစားကျက်များဖြစ်သော မြစ်များ၊ ကန်များ၊ ရွှံ့ညွှန်များ နှင့် ရေငံအိုင်များတွင် အစုအဝေးဖြင့် နေထိုင်လေ့ရှိကြသည်။ သူတို့သည် ကျောရိုးရှိသတ္တဝါများဖြစ်သော ငါးများ၊ တွားသွားသတ္တဝါများ၊နို့တိုက်သတ္တဝါများ ကို စားသုံးလေ့ရှိကြပြီး ကျောရိုးမဲ့သတ္တဝါများဖြစ်သော ပုစွန်၊ ဂဏန်း၊ ဘဝဲတို့နှင့် အလားတူသည့် အချို့မျိုးစိတ်များကိုလည်း ရွေးချယ် စားသုံးလေ့ရှိသည်။ သူတို့သည် ရှေးဟောင်းသတ္တဝါများဖြစ်ပြီး ဒိုင်နိုဆောများရှိသည့် အချိန်ကတည်းက ယခုတိုင် အနည်းငယ်မျှသာ အပြောင်းအလဲရှိသည်။ မိကျောင်းများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ကတည်းက ရှိခဲ့သည် ဟု ယူဆရပြီး ဒိုင်နိုဆောများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၅ သန်းက မျိုးတုံးပျောက်ကွယ်သွားခဲ့သည့်အတွက် သူတို့သည် အကြီးအကျယ် မျိုးတုံးပျောက်ကွယ်မှု အဖြစ်အပျက်တွင် အသက်ရှင်ကျန်ရစ်ခဲ့သော သတ္တဝါများဖြစ်သည်။

ဖော်ပြချက်[ပြင်ဆင်ရန်]

မိကျောင်းသည် သမိုင်းမတိုင်မီခေတ်က ပုံပန်းသဏ္ဌာန်ရှိသော်လည်း ဇီဝဗေဒနည်းအရ ရှုပ်ထွေးသော တွားသွားသတ္တဝါများတွင် ပါဝင်သည်။ အခြားတွားသွားသတ္တဝါများနှင့် မတူဘဲ ရေထဲတွင် ရွေ့လျားရာတွင် အသုံးပြုသည့် ကြွက်သားများသည် အသက်ရှုခြင်း၊ cerebral cortex နှင့် အခန်း ၄ ခန်းပါသော နှလုံးတို့နှင့် ဆက်စပ်နေသည်။ ဥပမာအားဖြင့် သူတို့၏ M. diaphragmaticus သည် diaphragm နှင့်တူသော လုပ်ငန်းကို လုပ်ကိုင်သည်။ သို့သော်လည်း သူတို့၏ ပုံပန်းသဏ္ဌာန်သည် ရေနေနှင့် အမဲလိုက်သတ္တဝါတို့၏ နေထိုင်ပုံလက္ခဏာများ ဖြစ်နေကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)