ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရုက္ခဗေဒ ဥယျာဉ်တွင်း ရှုခင်း တနေရာ

ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ် (မူလအမည် အမျိုးသား ရုက္ခဗေဒ ဥယျာဉ်) သည် ၁၇၇ ဟက်တာ ကျယ်ဝန်းပြီး မန္တလေးမြို့မှ ၄၄ မိုင် (၆၉ ကီလိုမီတာ) အကွာ ပင်လယ်ရေမျက်နှာပြင် အထက် ၃၆၀၅ ပေ (မီတာ ၁၀၀၀) အမြင့်ရှိ ပြင်ဦးလွင်မြို့ (မေမြို့) တွင် တည်ရှိသည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

ယင်းဥယျာဉ်အား ၁၉၁၅ ခုနှစ်တွင် ဗြိတိသျှ သစ်တောဦးစီးအရာရှိ အဲလက်စ်ရော်ဂျာ (Alex Roger) က မေမြို့ ရုက္ခဗေဒဥယျာဉ် အဖြစ် ဦးစွာ တည်ထောင်ခဲ့သည်။ မူလဥယျဉ်မှာ ဧက ၃၀ (၁၂၀၀၀၀ စတုရန်းမီတာ) ကျယ်ဝန်းပြီး အပျော်တန်း ဥယျာဉ်မှူး လေဒီ ရှားလက်ခပ်ဖ် (Charlotte Wheeler Cuffe) ၏ အကူအညီဖြင့် ဗြိတိန်နိုင်ငံ ကျူဂါးဒင်းဥယျာဉ် ခေါ် Kew တော်ဝင် ရုက္ခဗေဒ ဥယျာဉ်ကို အတုယူကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၁၇ ခုနှစ်တွင် ဗြိတိသျှ ကိုလိုနီ အစိုးရမှ တရားဝင် အသိအမှတ်ပြုခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရမှ ကာကွယ်ထိန်းသိမ်းသည့် ဥယျာဉ်အဖြစ် ကြေငြာခဲ့သည်။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် သစ်တောရေးရာဝန်ကြီးဌာနမှ “ ဘေးမဲ့သစ်တော” အဖြစ် ရေးဆွဲသတ်မှတ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယင်းဥယျာဉ်အား “ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်” အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ [၂]

အပင်နှင့် ပန်းမန်များ[ပြင်ဆင်ရန်]

ဥယျာဉ် ဝင်ပေါက်အနီးရှိ ပန်းခင်း
ကန်တော်ကြီးရှိ Takin တာကင် ခေါ် သားမင်း

ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်တွင် အပင်မျိုးစိတ် ဒေသခံမူလ (ပြည်တွင်း) မျိုးစိတ် ၅၁၄ မျိုးနှင့် ပြည်ပမျိုးစိတ် ၇၄ မျိုး၊ ဝါးမျိုးစိတ် ၇၅ မျိုး၊ croton မျိုးစိတ် ၇၅ မျိုး ရှိသည်။ မူလမျိုးစိတ် သစ်ခွ မျိုး ၃၀၀ အနက် မျိုးစိတ်ပေါင်း ၁၇၈ မျိုးမှာ ၁၉၄၂ ခုနှစ်ကတည်းက စုဆောင်းခဲ့သည့် မျိုးစိတ်များ ဖြစ်ကြသည်။ နှင်းဆီ မျိုးစိတ် ၂၅ မျိုးနှင့် နှင်းပန်း မျိုးစိတ် ၆ မျိုးလည်း ရှိသေးသည်။ တိုင်းရင်း ဆေးဖက်ဝင် အပင်များကိုလည်း ယင်းဥယျာဉ်အတွင်း၌ စိုက်ပျိုးထားသည်။ .

အမျိုးသား ရုက္ခဗေဒ ဥယျာဉ်အား သစ်တောရေးရာ ဝန်ကြီးဌာနမှ ကြီးကြပ်ဦးစီးလျက်ရှိသည်။ ဥယျဉ်၏ ဘေးမဲ့တော စည်းဝိုင်းမှာ ၄၂ ဧက ရှိသည်။ တာကင် ခေါ် သားမင်းရွှေသမင်ကြယ်လိပ်ဒေါင်းရစ်ငန်းအငန်းနက်မန်ဒါရင်ဘဲ အပါအဝင် မျိုးသုဉ်းလုနီး သားရိုင်းတိရိစ္ဆာန်အချို့ကိုလည်း ဥယျာဉ်အတွင်း၌ မွေးမြူထားသည်ကို တွေ့နိုင်ပါသည်။ ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်သည် ယူကေ (ဗြိတိန်) အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရုက္ခဗေဒ ဥယျာဉ် ထိန်းသိမ်းရေး အဖွဲ့အစည်းနှင့် ပူးပေါင်းကာ သဘာဝအလိုက် ပေါက်ရောက်သည့် ဒေသခံ သစ်ခွမျိုးစိတ်များကို ကာကွယ် ထိန်းသိမ်းလျက်ရှိသည်။[၂] ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်သည် ကမ္ဘာလှည့်ခရီးသည်များ အသွားများသည့် နေရာတခုလည်း ဖြစ်ပါသည်။ [၂][၁]

အခမ်းအနား[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ် ပန်းမန်ပွဲတော်

ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်၏ စိန်ရတု အခမ်းအနားကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၄ မှ ၂၀၀၇ ခုနှစ် ဇန္နဝါရီ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။ [၂] ပြီးခဲ့တဲ့နှစ်များအတွင်း ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်အား တိုးချဲ့ခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် လက်ရှိ အတိုင်းအတာအထိ ကျယ်ဝန်းလာသည်။ ၂၀၀၆ ခုနှစ်မှ စ၍ နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း ပန်းမန်ပွဲတော်ကို ကျင်းပလေ့ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ကျင်းပသည့် ၅ ရက်တာကြာမြင့်သည့် ပွဲတော်တွင် ပြည်တွင်း ပန်းမျိုးစိတ် ၁၆ မျိုး၊ ပြည်ပ မျိုးစိတ် ၇၀ မျိုးပါဝင်သည့် ပန်းပေါင်း ၇ သန်းကျော်ကို ခင်းကျင်းပြသခဲ့သည်။ ၂၀၀၁ ခုနှစ်မှစ၍ နှစ်စဉ် ပျမ်းမျှ သွားရောက် လည်ပတ်သူ ဦးရေ ၄ သိန်းခန့် ရှိခဲ့သည်။ [၁]

ပြတိုက်များ[ပြင်ဆင်ရန်]

အပန်းဖြေအနားယူ လေ့လာသူတို့ ဗဟုသုတ ရရှိစေရန်နှင့် ပိုမိုစိတ်ဝင်စားရန်အတွက် လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြတိုက်တို့ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် တိုးချဲ့ဖွင့်လှစ်ထားသည်။ လိပ်ပြာပြတိုက်တွင် လိပ်ပြာကောင်ရေ သုံးသောင်းကို ပုံးပေါင်း ၂၈၀ ဖြင့် ပြသထားသည်။ အင်ကြင်းပြတိုက်တွင် သဘာဝအင်ကြင်း၊ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းများအပြင် သီးခြား အမျိုး ၂၀၀ နီးပါးရှိ နိုင်ငံခြား နည်းပညာများဖြင့် အရောင်တင်ထားသည့် အင်ကြင်းကျောက် အရောင်မျိုးစုံကို ပြသထားသည်။ ၆ လက်မမှ ၁၅ ပေ အတွင်းရှိ အင်ကြင်းကျောက် အရောင်အသွေးမျိုးစုံကို သွားရောက်လေ့လာသူအပေါင်း ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ထို့အပြင် အထူးပြကွက်အနေဖြင့် ထန်းကျောက်အမျိုး ၅၀ ကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ထန်းပင်ပေါများသည့်အတွက် ထန်းပင်မှဖြစ်သည့် အင်ကြင်းကျောက်များကို ပြသထားခြင်း ဖြစ်သည်။ ယင်းကဲ့သို့မျိုး နိုင်ငံတကာမှာပင် ပြသဖူးခြင်းမရှိကြောင်း သိရသည်။ အဆိုပါ အင်ကြင်းကျောက် ပြတိုက်တွင် အင်ကြင်းကျောက် အရောင်တင်ပုံ အဆင့်ဆင့်ကို ပြသထားသည်။ အင်ကြင်းကျောက်မှ ထုတ်လုပ်သည့် ပုတီးလက်ကောက်နားကပ်နားဆွဲသော့ချိတ်ဆွဲပြားနှင့် ပန်းချီကားများကိုလည်း တွေ့နိုင်ပါသည်။

ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်တွင် သတ္တဝါ ၁၅ မျိုး၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ပြသထားသည်။ ဦးစားပေးအနေဖြင့် ၇ ပေရှိ ဆင်စွယ်အစုံလိုက်နှင့် အစိတ်အပိုင်းမျိုးစုံကို ပြသထားရာ လာရောက်လေ့လာသူများ သတ္တဝါ တစ်ကောင်ချင်းစီ၏ အစိတ်အပိုင်းများကို အသေးစိတ် လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ည်။

ထို့အပြင် မိကျောင်းနှင့် ကမ္ဘာဦးလိပ် အမျိုးအစား ၂ မျိုး သို့မဟုတ် ၃ မျိုးကို ပြသထားသလို ဆင်၊ မိကျောင်း၊ လိပ်၊ ရေမြင်း၊ ကြံ့၊ ဝက်၊ နွား၊ အသားစား သတ္တဝါ စသည့် သတ္တဝါများ၏ ဦးခေါင်း၊ သွား၊ ချို စသည့် အစိတ်အပိုင်းများကိုလည်း ကြည့်ရှုလေ့လာနိုင်သည်။ လိပ်၊ ကဏန်း၊ ရေအောက် သတ္တဝါအချို့တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း အကောင်လိုက် ပြထားသည်ဟု သိရသည်။ သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများအပြင် သစ်ပင်ကဖြစ်သည့် ရုပ်ကြွင်းများ၊ အမြစ်များ၊ အခေါက်များ၊ ကျောက်ပိုးများကိုပါ ပြသထားသည်။

ယင်းပြတိုက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုသာ ပြသထားသည်။ [၃] (၁၉၁၄)ခုနှစ်တွင် မေမြို့ (ပြင်ဦးလွင်)၏ အရှေ့တောင်ဘက်တွင် သဘာ၀အလျောက် ဒေသခံ သစ်မျိုးများ စုံလင်စွာ ပေါက်ရောက်သော ယခုနေရာ၌ ဥယျာဉ် တည်ထောင်ရန် မြေနေရာ ရွေးချယ်ခဲ့ပါသည်။ (၁၉၁၅)ခုနှစ်တွင် မြန်မာ့သစ်တောထွက် ပစ္စည်းများ “Forest products of Burma”စာအုပ်ပြုစုသူ Mr.Charls alex rodger သည် မြေတိုင်းခြင်း ၊ မြေပုံထုတ်ခြင်း၊ နယ်နမိတ် သတ်မှတ်ခြင်းနှင့် မျိုးရင်းတူအပင်များ စိုက်ရန် Family plot များ စတင်ခွဲခြား သတ်မှတ်ခြင်း တို့အား ဆောင်ရွက်ခဲ့ပြီး (၁၉၁၇)ခုနှစ်တွင် ရုက္ခဗေဒပညာရှင် Mr.Lady Charlotte wheeler cuffe သည် အပင်များ၏ သွင်ပြင် လက္ခဏာကို ရှုချင့်စဖွယ်ဖြစ်အောင် ကန် ၊မြက်ခင်း၊ ဥယျာဉ် တို့အား ဖော်ဆောင်ခဲ့ပါသည်။

ဥယျာဉ်အားစတင်တည်ထောင်စဉ်က ဧက(၃၀)သာရှိပြီး တည်ထောင်ကုန်ကျစရိတ်အား (၁၉၂၀) ခုနှစ်တွင် သစ်တော ဌာနရန်ပုံငွေမှ ပြန်လည် ကျခံစေခဲ့ ပါသည်။ ဥယျာဉ်ပထမဆုံး ကြီးကြပ်ရေးမှူးမှာ Mr.r.e.copper ဖြစ်ပြီး ၎င်းအနေဖြင့် ဥယျာဉ်အပြင် ရန်ကုန်နှင့် မန္တလေးရှိ အစိုးရအိမ်တော်များနှင့် ဥယျာဉ်များကိုပါ ထိန်းသိမ်းရသူဖြစ်ပါသည်။ ယင်းနောက်တွင် ဥတ္တရတိုင်း သစ်တောမင်းကြီးမှ ဆောင်ရွက်ခဲ့ပါသည်။ (၁၉၂၄)ခုနှစ် သစ်တောဥပဒေနှင့်အညီ “မေမြို့ရုက္ခဗေဒ ဥယျာဉ်ကြိုးဝိုင်း” အဖြစ် ကြေငြာခဲ့စဉ် ထိုအချိန်၌ ဥယျာဉ်အကျယ်အဝန်း (၂၄၀)ဧက ရှိနေပြီဖြစ်ပါသည်။ (၁၉၈၄)ခုနှစ်တွင် ဥယျာဉ်အား Mr.e.H.Dickmann က တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပြီး (၁၉၄၉)တွင် သစ်တောဝန်ထောက်ဦးစုမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ (၁၉၅၀)ခုနှစ်တွင် ပြည်တွင်း ၊ပြည်ပမှ သစ်မျိုးများကို ဥယျာဉ်တွင်း ဖြည့်စွက်စိုက်ပျိုးခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်င်ငံ၌ “ကမ္ဘာ့သစ်ပင်ပွဲတော်များနေ့” ကို စတင် ကျင်းပလာခဲ့ရာ ၁၉၅၈ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ကမ္ဘာ့သစ်ပင်ပွဲတော်များနေ့ အခမ်းအနားကို ဥယျာဉ်အတွင်း ကျင်းပခဲ့ပါသည်။ ၁၉၅၈ ခုနှစ်မှ စ၍ သစ်ပင်တောအုပ်ငယ်များ၊ သစ်မျိုးစုံစိုက်ကွက်များ ၊ ဥယျာဉ်အမျိုးမျိုးနှင့် မြေယာရှုခင်း တို့ကို တိုးချဲ့တည်ထောင်ခဲ့ပါသည်။ ယခုအခါ ဥယျာဉ်အကျယ်အဝန်း (၄၃၆.၉၆)ဧက ရှိပါသည်။

၂၀၀၀ ခုနှစ် ၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်အရ အဆင့်မြင့် တည်ဆောက်ရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့၍ ၂၀၀၁ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်ဟု အမည်ပြောင်းလဲခဲ့ပြီး အသွင်သဏ္ဍန်နှင့် အနှစ်သာရအပိုင်းများ တိုးတက်ရေးအတွက် ခေတ်မှီဒီဇိုင်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့တွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း အရောင်အသွေးစုံ လိပ်ပြာပေါင်း ၃၀,၀၀၀ ကျော်ကို မှန်ပုံး ၂၈၀ ဖြင့် ပြသထားသော လိပ်ပြာပြတိုက် ၊ သစ်အမျိုးပေါင်း ၂၀၀၀ ကျော်သည့် အင်ကြင်းပြတိုက် ၊သတ္တ၉ါ ၁၅မျိုး၏ ကိုယ်ပွားအစိတ်အပိုင်းများဖြစ်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက် တို့အား ဖွင့်လှစ်ပြသထားခဲ့ပါသည်။ အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် အင်္ဂလန်နိုင်ငံအခြေစိုက် Botanic gardens conservation international (BGC)မှ အသိအမှတ်ပြုသော ဥယျာဉ်တစ်ခုဖြစ်ပြီး ဥယျာဉ်အတွင်း ပြည်တွင်းသစ်မာ (၅၁၄) မျိုး၊ ပြည်ပသစ်မျိုး (၇၅)မျိုး ၊ဝါး(၇၅)မျိုး ၊ ရွက်လှပင် (၇၅)မျိုး ၊ဘယဆေးပင် (၄၁၀)မျိုးနှင့် သစ်ခွမျိုးစိတ် (၂၇၀) မျိုးတို့အား ပြုစုပျိုးထောင်ပြသလျက် ရှိပါသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ ရည်ရွယ်ချက်များမှာ[ပြင်ဆင်ရန်]

  • ပြည်တွင်းပြည်ပဧည့်သည်များ အပန်းဖြေရန် (Recreation)
  • သစ်တောသစ်ပင်နှင့် သဘာ၀ဝန်းကျင်၏ တန်ဖိုးနှင့် အရေးကြီးပုံကို ပြည်သူလူထုအများစုက သဘောပေါက် တန်ဖိုးထားတတ်စေရန် (Education)
  • ရုက္ခဗေဒပညာရှင်များ ၊ပန်းဝါသနာရှင်များ၊သုတေသနပြုသူများအတွက် အသုံးပြုအားထားရာ နေရာတစ်ခု ဖြစ်စေရန် (Natural Laboratory)
  • မျိုးသုဉ်းရန် အန္တရယ်ရှိသည့် အပင်နှင့် သစ်မျိုးပန်းမျိုးများ မျိုးမပျောက်စေရန် ပြုစုထိန်းသိမ်းရန် (Conservation of Rare & Endangered Species )
  • ပြည်တွင်း ပြည်ပ သဘာ၀ အခြေခံ ခရီးသွားဧည့်သည်များ အတွက် ဆွဲဆောင်မှုရှိသော အပန်းလည်းပြေ ဗဟုသုတလည်း ဖြနေ့်၀ပေးသော အထင်ကရ နေရာ ဖြစ်စေရန် (Promotion of Ecotourism)
  • နိုင်ငံဂုဏ်ဆောင် နိုင်ငံတကာ ကျော်ကြားသော ဂုဏ်ယူဖွယ်နေရာတစ်ခုအဖြစ် ပြသရန် (National Symbol) တို့ဖြစ်ပါသည်။


ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ "Huge flower festival underway in Myanmar northern city"၊ China Daily Updated: 2008-12-12 11:32။ 2008-12-14 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Myanmar is celebrating National Kandawgyi Botanical Gardens Diamond Jubilee။ Ministry of Forestry။ 2007-01-08 တွင် ပြန်စစ်ပြီး။
  3. ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ