လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Lampi Island Marine National Park
Lampis Island River.JPG
လန်ပိကျွန်းရှိ မြစ်
Lampi Island Marine National Park၏ တည်နေရာပြ မြေပုံ
Lampi Island Marine National Park၏ တည်နေရာပြ မြေပုံ
မြန်မာနိုင်ငံအတွင်းရှိ တည်နေရာ
တည်နေရာ  မြန်မာ
အနီးဆုံး မြို့ တနင်္သာရီမြို့နယ်
ကိုဩဒိနိတ် 10°50′00″N 98°15′00″E / 10.83333°N 98.25000°E / 10.83333; 98.25000ကိုဩဒိနိတ်: 10°50′00″N 98°15′00″E / 10.83333°N 98.25000°E / 10.83333; 98.25000
ဧရိယာ 205 km²
ဖွဲ့စည်း ၁၉၉၆
အုပ်ချုပ်ရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန

လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းမြို့နယ်တွင် တည်ရှိသည်။ လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြိတ်ကျွန်းစုထဲတွင်ပါဝင်ပြီး ကျွန်းငယ်များစွာ ဝန်းရံလျက်ရှိသည်။ လန်ပိကျွန်းနှင့် ပင်မကုန်းမြေအကြားတွင် ပင်လယ်ရေသည် ပျမ်းမျှ ၁၂ မီတာ နက်ရှိုင်းသည်။ ထိုပြင် လန်ပိကျွန်းသည် ယေဘုယျအားဖြင့် တောင်ကုန်းထူထပ်ပြီး၊ ပင်လယ်ရေမျက်နှာပြင်ထက် ၄၅၅ မီတာမြင့်သည်။ ကမ်းရိုးတန်းအများစုများ ကျောက်ဆောင်ထူထပ်ပြီး၊ သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များ၊ ရေလက်ကြားများလည်းရှိသည်။ ထို့အပြင် တစ်နှစ်ပတ်လုံးစီးဆင်းသော မြစ် (၂) ဆင်းရှိပြီး၊ ရာသီလိုက်စီးဆင်းသော စမ်းချောင်းများစွာလည်းရှိသေးသည်။ လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် အာဆီယံ အမွေအနှစ်ဥယျာဉ် စာရင်းဝင်ဖြစ်ပြီး၊ Important Bird Area (IBA) သတ်မှတ်ထားသော ဥယျာဉ်တစ်ခုဖြစ်သည်။ လန်ပိကျွန်းအား ၁၉⁠၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ သည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ် ဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၁၀°၅၀'၊ အရှေ့လောင်ဂျီတွဒ် ၉၈°၁၂' ကော့သောင်းမြို့မှ ရေမိုင်(၆၀)၊ ဘုတ်ပြင်းမြို့မှ ရေမိုင်(၄၀)ကွာဝေးပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင်း တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၂၀၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

အမြဲစိမ်းသစ်တောအမျိုးအစား ဖြစ်ပြီး၊ လမုတော၊ ကမ်းခြေသစ်တော၊ ဒီရေတောများလည်း ယခုအချိန်ထိရှိနေပြီး ပင်လယ်မြက်ခင်းများသည် အထူးသဖြင့် ကျွန်း၏အရှေ့ဘက်တွင်ရှိနေသည်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ကောက်ယူခဲ့သော စစ်တမ်းအရ ဒီရေတော (၆၃) မျိုး၊ နို့တိုက်သတ္တဝါ (၁၉)မျိုး၊ ငှက်အမျိုးအစားပေါင်း (၂⁠၂၈)မျိုး၊ တွားသွားသတ္တဝါ (၁၀)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၁၀)မျိုး၊ ငါး(၄၂)မျိုး၊ ကဏန်း(၄၂)မျိုး၊ ခရုအမျိုးအစား (၅၀)၊ ယောက်သွား ကမာကောင် (၄၁)မျိုး၊ ပင်လယ်မျှော့(၃၅) မျိုး၊ ပင်လယ်ရေညှိ(၇၃)မျိုး၊ အခြားရေနေသတ္တဝါ (၃⁠၃၅) မျိုး နေထိုင် ကျက်စားသည်ကို တွေ့ရှိရသည်။ ထိုအထဲမှ ငှက်အမျိုးအစား ခုနစ်မျိုးမှာ နိုင်ငံတွင်း အသစ်တွေ့ရှိရခြင်းဖြစ်သည်။ လန်ပိကျွန်းသည် အမြဲစိမ်းတော ၂၂ ရာခိုင်နှုန်း၊ သဲသောင်သစ်တော တစ်ရာခိုင်နှုန်း၊ ဒီရေတော နှစ်ရာခိုင်နှုန်း နှင့် ရေပြင် ၇၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည်။[၁]

ခြိမ်းခြောက်နေသောအန္တရာယ်များ[ပြင်ဆင်ရန်]

မိုင်းခွဲ၍ ငါးဖမ်းခြင်းများကြောင့် သန္တာကျောက်တန်းများ ပျက်စီးခြင်းများ၊ သစ်ခိုးထုတ်ခြင်းများ၊ ရေထုညစ်ငြမ်းခြင်းများနှင့် ကြုံတွေ့နေရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သဘာဝနှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၏ ထိန်းသိမ်းအုပ်ချုပ်မှုအောက်တွင် ရှိသည်။ ယခုအခါ လန်ပိကျွန်း၌ အဖိုးတန်သစ်ပင်များနှင့် ရှားပါးရေနေသတ္တဝါများ ဆုံးရှုံးမှုများရှိနေပြီး မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကာ ထိန်းသိမ်းရန်လိုအပ်နေကြောင်း သုတေသနနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာစောမွန်သိမ့်(ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း၏ ဥက္ကဋ္ဌ(၂၀၁၃- )) က ပြောသည်။[၁] အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ က လန်ပိကျွန်း ၌ ကမ္ဘာမှာရှားပါးပြီး မျိုးတုံးပျောက်ကွယ်သွားနိုင်မည့် သစ်အမျိုးပေါင်း ၁၇ မျိုးရှိနေသည်ဟု ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

Istituto Oikos နှင့် BANCA (ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း) တို့သည် လန်ပိကျွန်း၏တောင်ဘက်ကမ်းရိုးတန်း နီးကပ်လျက်ရှိသော ဗိုလ်ချိုကျွန်းပေါ်တွင်ရှိသော မကြုံဂလက်ဆလုံရွာတွင် လေ့လာရေးစခန်းတည်ဆောက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

သုတေသနလုပ်ငန်းများ[ပြင်ဆင်ရန်]

FAO(၁၉၈၃)၊ WCS(၁၉၉၅-၉၆)၊ EcoSwiss(၂၀၀၆-၀၇) စသည့်အဖွဲ့များနှင့် ချိတ်ဆက်၍ လန်ပိကျွန်းအား ကွင်းဆင်းတိုင်းတာခြင်းများပြုလုပ်ခဲ့သည်။ မြိတ်ကျွန်းစု၏ အဏ္ဏဝါဇီဝဗေဒ စစ်တမ်းကို မော်လမြိုင်တက္ကသိုလ်၊ ရုက္ခဗေဒနှင့် သတ္တဗေဒဌာနများက ပြုလုပ်ခဲ့ကြသည်။ ရေကြောင်းသိပ္ပံဌာန၊ မော်လမြိုင်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်တို့မှာ အဏ္ဏဝါဇီဝဗေဒဆိုင်ရာ လေ့လာခြင်းများကို ပြုလုပ်နေကြသည်။

ခရီးသွားလာရေးလုပ်ငန်း[ပြင်ဆင်ရန်]

မျက်မှောက်အခြေအနေတွင် လန်ပိကျွန်းနှင့် အမျိုးဥယျာဉ်နယ်နမိတ်အတွင်းရှိ ကျွန်းများသည် ခရီးသွားများအတွက် လှည့်ပတ်ရန် မသင့်တော်သေးပေ။ ကျွန်းများပေါ်တွင် ညအိပ်ခွင့်မပြုသေးချေ။ ရွက်လှေများနှင့် လှည့်ပတ်နိုင်ပြီး ရေငုပ်ခြင်းများကို လည်း နေရာအကန့်အသတ်နှင့် ဆောင်ရွက်နိုင်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်ရှိသော မြန်မာနှင့်ထိုင်းကုမ္ပဏီများထံမှ ခရီးသွားများအတွက် လှေများ ငှားရန်းနိုင်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

  • ရန်ကုန်-ကော့သောင်း လေယာဉ်ဖြင့် (၂)နာရီ
  • ကော့သောင်း-လန်ပိ စက်လှေဖြင့် (၅)နာရီ

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ[ပြင်ဆင်ရန်]

  • ဒီရေတော ဂေဟစနစ်၊ ရေပျော်ငှက်များကို လေ့လာနိုင်ခြင်း၊
  • အမြဲစိမ်းတော ဂေဟစနစ်များလေ့လာနိုင်ခြင်း၊
  • သန္တာကျောက်တန်းများအား လေ့လာသုတေသနပြုနိုင်ခြင်း၊
  • ဆလုံမျိုးနွယ်များ၏ ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း၊
  • ငါးမျိုးစိတ်နှင့် ခရုကမာမျိုးစိတ်များ လေ့လာနိုင်ခြင်း၊
  • အပျော်တမ်း ပင်လယ်ရေငုပ် ဆောင်ရွက်နိုင်ခြင်း၊
  • ပင်လယ်ကမ်းခြေတွင် အနားယူအပန်းဖြေနိုင်ခြင်း။

ကိုးကား[ပြင်ဆင်ရန်]

  1. Report: Myanmar Protected Area (2011)
  2. လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်
  3. ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
  4. BirdLife International