ဖလမ်းမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဖလမ်းမြို့
ဖလမ်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖလမ်းမြို့
ဖလမ်းမြို့ တည်နေရာ
ကိုဩဒိနိတ်: 22°54′49″N 93°40′40″E / 22.91361°N 93.67778°E / 22.91361; 93.67778
နိုင်ငံ  မြန်မာ
ပြည်နယ် ချင်းပြည်နယ်
ခရိုင် ဖလမ်းခရိုင်
မြို့နယ် ဖလမ်းမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၉,၀၉၂[၁]
 • ကိုးကွယ်မှု ခရစ်ယာန်ဘာသာ
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

ဖလမ်းမြို့သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ ချင်းပြည်နယ်၏ မြို့တော်ဖြစ်ကာ ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ မြို့ ဖြစ်သည်။ အင်္ဂလိပ်အစိုးရ လက်ထက်ကလည်း ဖလမ်းမြို့သည် ချင်းတောင်ဒေသကို အုပ်ချုပ်ရသော နိုင်ငံရေးအရာရှိ၏ ရုံးစိုက်မြို့ ဖြစ်ခဲ့သည်။ ဖလမ်းနယ်၏ မြောက်ဘက်တွင် တီးတိန်နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ် တို့ တည်ရှိလေသည်။ ဖလမ်းနယ်သည် တောင်ထူထပ်၍ ကုန်းပြန့် မြေပြန့်နည်းပါးသည်။ ထို့ကြောင့် လယ်ယာ မလုပ်နိုင်ကြပဲ၊ တောင်ယာများသာ လုပ်ကိုင်ကြသည်။ ထွက်ကုန်ဟူ၍ ပြောပလောက်အောင် မရှိသေးသော်လည်း ကော်ဖီပင်များကို ယခုအခါ အများအပြား စိုက်ပျိုးလျက်ရှိ၍ လိမ္မော်စပျစ် စသည့် အပင်များကိုလည်း တိုးချဲ့ စိုက်ပျိုးနေကြသည်။ နောင် ၃-၄ နှစ်ခန့်ကြာလျှင် ကော်ဖီစေ့များ အများအပြား ထုတ်လုပ် တင်ပို့နိုင်မည်ဟု ခန့်မှန်းရလေသည်။

ဖလမ်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉,၀၉၂ ယောက် ဖြစ်သည်။[၁] ဖလမ်းမြို့နယ်ရှိ ချင်းလူမျိုးများကို အများအားဖြင့် လိုင်ချင်းလူမျိုးများဟု ခေါ်ဆိုကြသည်။ ယောက်ျားများသည် ရှေးမြန်မာယောက်ျားများကဲ့သို့ ဆံပင်ရှည်ထား၍ သျှောင်ထုံးကြသည်။ စောင်ကို လုံချည်အဖြစ် ဝတ်ဆင်ကြသည်။ အမျိုးသမီးတို့သည်လည်း ဆံပင်ရှည်ထားကြသည်။ ထဘီကို ဒူးထက်လောက် ခပ်တိုတို ဝတ်ဆင်ကြ၍ လည်ပင်းပေါက် ချွန်းချွန်း ရှိသော အင်္ကျီကိုယ်ထည် ရှည်ရှည်ပွပွကို ဝတ်ဆင်ကြသည်။ သို့သော် များသောအားဖြင့် မိမိတို့ အိမ်တွင်းဖြစ် ပစ္စည်းများကိုသာ ဝတ်ဆင်လေ့ ရှိကြသည်။ ယခုအခါတွင်မူ အများအားဖြင့် မြန်မာယောက်ျား။ မိန်းမတို့ကဲ့သို့ပင် ဝတ်စားဆင်ယင်လာကြလေပြီ။

မဏိပူရမြစ်သည် ဖလမ်းနယ်ကို ဖြတ်သန်းသွားရာ ဖလမ်းမြို့သည် ထိုမြစ်၏ ယာဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပင်လယ်ရေပြင်မှ အမြင့်ပေ ၅၀၀၀ ကျော်တွင် တည်ရှိ၍ ရာသီဥတု အေးချမ်းသည်။ မိုးရေချိန်လက်မ ၅၀ မှ ၆၀ ထိ ရွာသွန်းသည်။ တောင်ကမ်းပါးယံ၊ တောင်စောင်းတွင် မြို့တည်ထား၍ မြို့အကျယ်အဝန်းမှာ အလျားတစ်မိုင်ခွဲခန့်၊ အနံ ၆ဖာလုံခန့် ရှိသည်။ လူနေအိမ်ခြေ ၅၀၀ ကျော်ခန့် ရှိ၍ လူဦးရေ ၂၅၀၀ ခန့် ဖြစ်သည်။ မြို့နေလူထုသည် များသောအားဖြင့် အစိုးရ အရာထမ်း၊ အမှုထမ်းများ၊ ကုန်သည်၊ ဈေးသည်များသာ ဖြစ်ကြလေသည်။ မြို့ရှိလူဦးရေ ၁၀၀ လျှင် ၉၆ယောက်မှာ ချင်းလူမျိုး၊ ၃ယောက်မှာ ဗမာလူမျိုး၊ အခြား တရုတ်ကုလား စသည့် လူဦးရေမှာ ၁% ခန့် ဖြစ်သည်။ ကိုးကွယ်ကြသည့် အယူဝါဒတို့မှာ ခရစ်ယာန်ဘာသာ ၇၅%၊ ဗုဒ္ဓဘာသာ ၂၀% အခြားအယူဝါဒီ ၅% ခန့် ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဖလမ်းမြို့သည် အထက်ချင်းတွင်းခရိုင် ကလေးမြို့နှင့် ၇၃ မိုင်၊ တီးတိန်မြို့နှင့် ၇၃ မိုင်၊ ဟားခါးမြို့နှင့် ၄၄ မိုင် ကွာဝေးသည်။ ယင်းမြို့များနှင့် ယခုအခါ နှစ်လုံးပေါက် ကားလမ်းများဖြင့် ဆက်သွယ်ထားရှိပြီးလျှင် မော်တော်ကားလမ်းများကို တိုးချဲ့ ပြင်ဆင်ခြင်း၊ အခြားမြို့များနှင့် ကားလမ်းသစ်များ ဖောက်လုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ဆဲ ဖြစ်သည်။ ထို့ပြင် ဖလမ်းမှ ဟားခါးကိုဖြတ်၍ ပခုက္ကူခရိုင်ရှိ ဂန့်ဂေါမြို့သို့ ရောက်နိုင်သည်။ ကလေးမြို့၊ ဂန့်ဂေါမြို့နှင့် ကျောက်ထုမြို့ တို့၌ ပြည်တွင်းလေယာဉ်ပျံကွင်းများ ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အင်္ဂလိပ်အစိုးရတို့ ချင်းတောင်ဒေသကို စတင်အုပ်ချုပ်စဉ်အခါက ဖလမ်းမြို့ကို ယခုလက်ရှိမြို့နေရာမှ အရှေ့ဘက် ၂ မိုင်ခန့် ကွာဝေးသော ဖလမ်းဟု ခေါ်သည့် တာရွှန်းရွာဟောင်း အနီးရှိ တောင်စွန်းတွင် စတည်ခဲ့သည်။ သို့သော် ကျန်းမာရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးတို့အတွက် ပို၍ သင့်တင့်လျောက်ပတ်ကာ အချက်အချာကျသော လက်ရှိနေရာသို့ ၁၈၈၉ခုနှစ်တွင် ပြောင်းရွှေ့တည်ဆောက်ခဲ့ရာ ဖလမ်းရွာဟောင်းကို အစွဲပြု၍ ဖလမ်းဟု ခေါ်တွင်ခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။ ဖလမ်းဟူသော အမည်အဓိပ္ပါယ်မှာ (ဖ=သားသမီး၊ လမ်း=အက) သားသမီးများ ကခုန်မြူးတူးသည့်နေရာ ဟူသတည်း။ သို့သော် အချို့ ချင်းလူမျိုးများသည် ဖလမ်းမြို့ကို ဖလမ်း ဟု မခေါ်ကြပဲ မြို့၏ အပိုင်းအခြား နေရာအလိုက် ရွာဘုံ၊ သို့မဟုတ် တောင်ယာ ဟု အဓိပ္ပါယ်ရသော တလိုင်လို ဟုလည်းကောင်း၊ ထင်းရှူးပင်တော် ဟု အဓိပ္ပါယ်ရသော ဖားထောက် ဟုလည်းကောင်း၊ ပိန်းပင်များ စိုက်ပျိုးရာ ဟု အဓိပ္ပါယ်ရသော ဗလိုင်း ဟု လည်းကောင်း၊ ကစ်ဗ် ဟုလည်ကောင်း ခေါ်ဝေါ်ကြကြောင်း သိရှိရလေသည်။ (ယခု ဖလမ်းမြို့နေရာသည် တောင်ယာများ ပိန်းပင်များ စိုက်ပျိုးသည့်နေရာဟု ဆိုသည်။)

အင်္ဂလိပ်အစိုးရ လက်ထက်ကပင် ပြည်မနှင့် လမ်းပန်း အဆက်အသွယ် ခက်ခဲသော်လည်း ခရိုင်ဝန်ရုံး၊ နယ်ပိုင်အိမ်၊ စစ်ဗိုလ်ကြီးသုံးဦးအိမ်၊ စစ်ဆေးရုံ စသည့် အဆောက်အအုံတို့ကို ခမ်းခမ်းနားနားဆောက်လုပ်ထားခဲ့သည်။ ထို့ကြောင့် ဖလမ်းကို ရွှေနှင့်ဆောက်လုပ်သည်ဟု ပြောစမှတ်ပြုကြလေသည်။ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် အဆောက်အအုံသစ်များ တိုးပွားလာခဲ့သည်။ ပြည်တော်သာစီမံကိန်းအရ အိမ်ယာဆောက်လုပ်ရေးဌာနမှ စံပြ တိုက်အိမ်ပေါင်း အလုံ ၅၀ ကို ၁၉၅၇ ခုနှစ်အတွင်း ပြီးစီးအောင်ဆောက်လုပ်ပေးခဲ့သည်။ ကျောင်း အဆောက်အအုံသစ်များကိုလည်း ဆောက်လုပ်ခဲ့၍ ဖလမ်းမြို့ရှိ အလယ်တန်းကျောင်းကို အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ခဲ့သည်။ မူလတန်းကျောင်း အချို့ကိုလည်း အလယ်တန်းကျောင်းများ အဖြစ် တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။

ထင်ရှားသည့်နေရာများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း၌ပင် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် ဖလမ်းမြို့ အဝင်ဝတွင် လွတ်လပ်ရေးစေတီ၊ မြို့လယ်တွင် ရုပ်ပွားတော်ကြးတစ်ဆူတို့ကို တည်ထားကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာ သာသနာပြု ဘုန်းတော်ကြီးကျောင်းလည်း တစ်ကျောင်း ရှသည်။ ခရစ်ယာန် ဘုရားရှခိုးကျောင်းသစ်ကြီး တစ်ကျောင်းကိုလည်း မြို့လယ်တွင် တည်ဆောက်ထားသည်။

မြို့တွင်း ဗုဒ္ဓဘာသာဝင်တို့၏ ပွဲတော်များကို ပြည်မမှာကဲ့သို့ ကျင်းပ၍ ခရစ်ယာန်တို့ကလည်း နာတာလူးပွဲတော်ကို အလားတူပင် ကျင်းပကြသည်။ မြို့ရောနယ်ပါ ကျင်းပသည့် ပွဲတော်မှာ အောက်တိုဘာလအတွင်း ကျင်းပလေ့ ရှိသည့် ကောက်ရိတ်သိမ်းပွဲတော် ဖြစ်သည်။ ထိုပွဲတော် ကျင်းပသည့်အခါ နွားနောက်များကို သတ်၍ ခေါင်ရည်အိုးကြီး၊ အိုးငယ်များ ထားရှိပြီးလျှင် စားသောက်ကြကာ သီချင်းများ သီဆိုကခုန် မြူးတူးကြသည်။ အသုံးပြုကြသည့် အတီးအမှုတ် တူရိယာတို့မှာ ဝါးကျည်ဆောက်၊ ကျွဲချို၊ မောင်း စသည်တို့ ဖြစ်သည်။ အကများမှာ လက်တွဲ ဝိုင်းဖွဲ၍ ကခြင်း၊ စစ်က ကခြင်း စသည်တို့ ဖြစ်သည်။ မည်သို့ပင် သောက်စား မူးယစ်ကာ ကခုန်မြူးတူးကြစေကာမူ ခိုက်ရန်ဓေါသ ဖြစ်ပွားခုင်း စသည့် မလိုလားအိပ်သော စသည့် မလိုလားအိပ်သော ကိစ္စများ မဖြစ်ပွား ဟု ဆိုကြလေသည်။

ဖလမ်းမြို့သည် တောင်ကမ်းပါးယံတွင် တည်ထား၍ ရှုခင်းသာယာလှသည်။ ဆယ့်နှစ်ရာသီ အလေ့ကျပေါက်ရောက်သော ပန်းပင်မျိုးစုံ၊ ဆောင်းဦးပေါက်တွင် ပင်လုံးကျွတ် ဖူးပွင့်တတ်သော ချယ်ရီပန်းပင်၊ အနံ့သင်းသည့် ယူကလစ်ပင်တို့ဖြင့် ရှုမငြီးစရာ တင့်ဆန်းသာယာလှပေသည်။ ထို့ပြင် မြို့၏ အောက်ခြေ တောင်ခြေရင်းရှိချောင်းကြီး လျှိုကြီးများမှ မြူတိမ်တို့သည် ဖြည်းညှင်းစွာ တစ်လိပ်လိပ် ထွက်လာကာ မြူးတူးပြေးလွှားနေကြသကဲ့သို့ ရှိနေသည့်အခါများတွင် ကြည့်မဝ ရှုမဆုံး ဖြစ်နေတတ်၍ တောင်ခိုးတောင်ငွေ့များဖြင့် မှိုင်းမှုန် ပြာဝေနေသည့် အချိန်များသည်လည်း တစ်မျိုးတစ်ဖုံ လွမ်းဆွတ်ကြည်နူးဖွယ်ကောင်းလှပေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၁. 
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၂၂၀)