ဟားခါးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဟားခါးမြို့
Halkha
Hakha
ချင်းပြည်နယ်ရှိ မြို့များ
Hakha, Myanmar.jpg
ဟားခါးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟားခါးမြို့
ဟားခါးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 22°59′N 94°1′E / 22.983°N 94.017°E / 22.983; 94.017
နိုင်ငံ မြန်မာ
ပြည်နယ်Flag of Chin State.svg ချင်းပြည်နယ်
ခရိုင်ဟားခါးခရိုင်
မြို့နယ်ဟားခါးမြို့နယ်
လူဦးရေ
 • စုစုပေါင်း၂၄,၉၂၆[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဟားခါးမြို့ သည် မြန်မာနိုင်ငံချင်းပြည်နယ်၊ မြောက်ပိုင်းတွင် တည်ပြီး ဟားခါးခရိုင်နှင့် ဟားခါးမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ထို့ပြင် ချင်းပြည်နယ်၏ ဦးစီးအဖွဲ့ရုံးစိုက်ရာ မြို့တော်လည်းဖြစ်သည်။ ထိုမြို့သည် ဖလမ်းမြို့နှင့်မတူပီမြို့တို့အကြား၌တည်ရှိရာ ဖလမ်းမှ ၄၃ မိုင် ဝေးကွာပြီးလျှင် မတူပီမြို့မှ ၁ဝ၈ မိုင်ဝေးကွာသည်။ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၆၀၀ဝ ကျော် (၁၈၃ဝ မီတာ) အမြင့်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး အရပ်၌ တည်ရှိသော မြို့တော် ဖြစ်သည်။

ဟားခါးမြို့ အဝင်လမ်းမကြီးသည် တောင်ကြော တစ်နေရာမှ အခြားတောင်တန်းကြီးဆီသို့ သွယ်တန်းလျက်ရှိသည်။ တောင်ကြောပေါ်တွင် ဟားခါးမြို့သည် ကင်းမြီးကောင် အမြီးတောင်နေသကဲ့သို့ အလားသဏ္ဌာန်တူလေသည်။ မြို့တွင်းရှိ နေအိမ်များမှာ တောင်ပတ်လမ်းများကို ကပ်လျက် တည်ဆောက်ထားကြသည်။ အချို့သော နေအိမ်များသည် တိုက်တာ ဖြစ်ကြ၍ အများစုမှာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ အိမ်များ ဖြစ်ကြသည်။ အရစ်လိုက် အရစ်လိုက် တည်ရှိနေသော တောင်ပတ်လမ်းများကို နေအိမ်များ ကပ်၍ တည်ဆောက်ထားသဖြင့် အဝေးမှ ကြည့်လျှင် အစီအရီ အထပ်ထပ် တွေ့ရသည်။ ချင်းတိုင်းရင်းသားတို့သည် သူတို့၏ အိမ်အနီးဝန်းကျင်နှင့် ရှေ့မျက်နှာစာတို့တွင် ဖြူနီဝါပြာ ပန်းအလှပင်များနှင့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားတတ်ကြသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဟားခါးမြို့သည် ခရစ်နှစ် ၁၄ဝဝခန့်က စတင် တည်ထောင်ခဲ့သော ရွာကလေးတစ်ရွာမှမြို့အဖြစ် တိုးတတ်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်အခါက ယခု ဖလမ်းမြို့နယ် ခွါရိုဟုခေါ်သော ရွာအနီး၌ ဇိုတလန်း အမည်တွင်သော ရွာကြီးတစ်ရွာရှိသည်။ ထိုရွာကြီးမှ ခင်လောက်နှင့် ဇာထန်ဆွေမျိုးစုတို့သည် အပေါင်းအပါ အခြွေအရံများနှင့် တောင်ဘက်သို့ဆင်းလာကြပြီးလျှင် ယခုဟားခါး-ဖလမ်း ကားလမ်း၏ အောက်ဘက် ဟားခါးမြို့မှ သုံးမိုင်ခန့်အကွာတွင် ရွာတစ်ရွာကိုတည်ထောင်ခဲ့ကြရာ ခိုင်လင်းဇောလ်ရွာ ဟုအမည်တွင်ခဲ့သည်။ ထိုရွာမှတစ်ဖန် ရွှေ့ပြောင်းကြပြန်ပြီးလျှင် မွာလ်ဇုန်ခေါ်ရွာကို တည်ထောင်ကြ ပြန်သည်။ ထိုရွာ၌လည်း ကြာရှည်စွာမနေကြဘဲ ယခုဟားခါးမြို့တည်ရာအရပ်သို့ ရွှေ့ကြပြန်သည်။ ထိုနေရာ၌ကား နှစ်ပေါင်းအတန်ကြာအောင် နေထိုင်ကြရာ လူဦးရေလည်း တိုးပွားလာလေသည်။ လူဦးရေတိုးပွားလာလေသော် အချို့လူစုတို့သည် ထိုအရပ်မှခွဲထွက်၍ အခြားရေကြည်ရာမြက်နုရာဒေသများ၌ ရွာတည်ကြပြန်သည်။ သို့သော်ဟားခါးရွာကို တည်ထောင်သူ ဆွေမျိုးစုတို့သည် ဩဇာအာဏာကြီးမားသူများဖြစ်ကြသဖြင့် ဟားခါးရွာမှခွဲထွက်၍ သီးခြားရွာတည်ကြသူများသည် ဟားခါးရွာတည်သူ ဆွေစဉ်မျိုးဆက်တို့အား အခွန်ပဏာ ပေးကြရသည်။ ဟားခါးရွာတည်ခဲ့သူများသည် သက်ညှာထောက်ထားခြင်းမရှိဘဲ အခွန်အကောက်များကို တောင်းခံခဲ့ကြသည်ဟုဆို၏။ ထို့ကြောင့် အတောင်းအခံ ရက်စက်ခြင်းဟု အဓိပ္ပါယ်ရသောအမည်ဖြင့် ထိုဆွေစဉ်မျိုးဆက်တို့ နေထိုင်ရာရွာကို ခေါ်ဝေါ်ခဲ့ကြသဖြင့် ဟားခါးဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

ထိုလူမျိုးတို့၏ဘာသာစကားဖြင့် ဟား(လ်)သည် တောင်းခံသည့်အဓိပ္ပါယ်ရ၍ ခါးသည် မြန်မာစကားအဓိပ္ပါယ် ကဲ့သို့ပင် ချိုသာခြင်းကင်း၍ ရက်စက်ခြင်းအဓိပ္ပါယ်ရှိပေသည်။ ထိုကြောင့် ဟား(လ်)ခါးဟု ခေါ်တွင်ရာမှ နောင်အခါ ဟားခါးဟူ၍ ပြောင်းလာသည်ဟုဆိုကြလေသည်။ ဟားခါးရွာတည်သောဆွေမျိုးစုတို့၏ ဩဇာ အာဏာအရှိန်အဝါသည် ချင်းတောင်ဒေသ၌အတော်ပင် ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည်။ ခရစ် ၁၈၈၉-၉ဝ ပြည့်နှစ်၊ ဗြိတိသျှတို့က ချင်းတောင်တန်း ဒေသကိုသိမ်းပိုက်သည်အထိ ထိုဆွေမျိုးစုတို့၏ဩဇာသည် အရှေ့ဘက်သို့ယောနယ်၊ အနောက်ဘက်တွင် တောင်တန်းပြာဟုခေါ်သော ယခုအိန္ဒိယနိုင်ငံ လူရှေ(လူရိုင်း)တောင်တန်းဒေသ၊ တောင်ဘက် တွင်ရခိုင်တောင်တန်းဒေသအထိ အရှိန်အဝါရှိနေခဲ့သေးသည်။

ဗိုလ်ချုပ်ဆိုင်မွန်ခေါင်းဆောင်သော ဗြိတိသျှဝန်ထမ်းတပ်သည် ယောနယ်၊ ကံရွာမှဟားခါးသို့ ချီတက်လာပြီးလျှင် ၁၈၉ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၉ရက်နေ့တွင် မြို့ကို သိမ်းပိုက်လိုက်သည်။ ယင်းသို့ချီတက်လာရင်း (၇၇) ရက်အတွင်း၌ ထိုဝန်ထမ်းတပ်သည် ၆၄ မိုင်ရှည်လျားသော မြည်းဝန်တင်လမ်းကို ဖောက်လုပ်ခဲ့ကြလေသည်။ ဟားခါးမြို့ကို သိမ်းပိုက်ပြီးနောက်တွင် ဂေါ်ရခါးတပ်ရင်း တစ်ရင်းမှတပ်ဖွဲ့တစ်ဖွဲ့ကို မြို့စောင့်ထား၍ ဝန်ထမ်းတပ်သည် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံနှင့်အခြား အစိုးရအဆောက်အအုံများကိုဆောက်လုပ်၍ ထိုဒေသတစ်ဝိုက်၌ အုပ်ချုပ်ရေးယန္တယားကို တဖြည်းဖြည်း တပ်ဆင်ခဲ့ကြလေသည်။

ယင်းသို့ တည်ထောင်ဆောက်လုပ်ခဲ့သဖြင့် ဗြိတိသျှခေတ်က ဟားခါးမြို့တွင်နယ်ပိုင်ဝန်ထောက်ရုံး၊ စစ်တန်းလျား၊ စစ်ဆေးရုံ၊ ငွေတိုက်ခွဲနှင့် စာတိုက် စသည်တို့သာရှိသည်။ ယခုအခါတွင်မူ ဆိုခဲ့သော အစိုးရအဆောက်အအုံများအပြင် ဟားခါးမြို့သည် ချင်းပြည်နယ်၏မြို့တော်ဖြစ်လာသည် နှင့်အညီ အစိုးရဌာနပေါင်းစုံမှ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစရှိသော တိုင်းအဆင့်နှင့် မြို့နယ်အဆင့်ဦးစီးဌာနရုံးများ၊ ကော်ပိုရေးရှင်းများကိုလည်းကောင်း၊ တိုင်းဦးစီးအဖွဲ့ရုံးများ ကိုလည်းကောင်း ဖွင့်လှစ်ထားပြီးဖြစ်သည့်အပြင် အစိုးရတန်းမြင့်ကျောင်းတစ်ကျောင်းလည်းရှိသည်။

လမ်းပန်းနှင့် ဆက်သွယ်ရေး[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ လေကြောင်းဖြင့် လည်းကောင်း၊ ကားလမ်းဖြင့် လည်းကောင်း၊ ရထားလမ်းဖြင့်လည်းကောင်း လာရောက်နိုင်ပြီး ကလေးမြို့မှ ကားလမ်းဖြင့် ဖလမ်းမြို့၊ ထိုမှတဆင့် ဟားခါးမြို့သို့ သွားရောက်နိုင်သည်။ ထို့အတူ မကွေးတိုင်း ဂန့်ဂေါမြို့သို့လည်း လေကြောင်းလမ်း၊ ကားလမ်း၊ ရထားလမ်း တို့ဖြင့် လာရောက်နိုင်ပြီး ဂန့်ဂေါမြို့မှတဆင့် ဟားခါးမြို့သို့ ကားလမ်းဖြင့် သွားရောက်နိုင်သည်။ ချင်းပြည်နယ်၏ အချက်အချာကျသော နေရာတွင် တည်ရှိပြီး ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်း၊ တီးတိန်၊ တွန်းဇံ မြို့များသို့ လည်းကောင်း၊ တောင်ပိုင်းရှိ မတူပီ၊ ပလက်ဝ မြို့များသို့ လည်းကောင်း၊ အနောက်ပိုင်းရှိ ထန်တလန်၊ ရိခေါ်ဒါရ် မြို့များသို့ လည်းကောင်း ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။

ချင်းပြည်နယ်အတွင်း ၁၉၈၈ ခုနှစ် မတိုင်မီက စာတိုက်လုပ်ငန်း ၂၈ ခု၊ ကြေးနန်း ၁၁ခု၊ တယ်လီဖုန်းအိတ်ချိန်း တပ်ဆင်သူဦးရေ ၂၄၂ ခုသာ ရှိခဲ့ပြီး နောက်ပိုင်းတွင် စာတိုက်လုပ်ငန်းအနေဖြင့် ၅၁ ခုထိ၊ ကြေးနန်း ၂၄ ခု၊ တယ်လီဖုန်း အိတ်ချိန်း တပ်ဆင်သူဦးရေ ၄၄၃၆ ဦးအထိ ရှိလာပြီ ဖြစ်သည်။ ထို့အပြင် မိုက္ကရိုဝေ့ဗ် ဆက်ကြောင်း စခန်း ၆ ခု၊ GSM စခန်းတစ်ခု၊ CDMA စခန်း သုံးခုတို့ကို တည်ဆောက်ထားနိုင်ပြီး၊ GSM ဖုန်း ၁၀၆၃ လုံးနှင့် CDMA ဖုန်း ၃၄၆ လုံး တပ်ဆင်အသုံးပြုနေကြပြီး ဖြစ်သည်။[၂] ထို့ပြင် လူဦးရေအချို့သည် အင်တာနက်ကို အသုံးပြုကြ၍ မြို့ပေါ်တွင် အင်တာနက်ဆိုင် (၁၀)ဆိုင်မျှ ရှိသည်။

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

ဟားခါးမြို့ရှိ ချင်းလူမျိုးအများစုသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ထို့ကြောင့် တနင်္ဂနွေနေ့၌ မည်သည့် အလုပ်မျှ မလုပ်ပဲ ဝတ်ကောင်းစားလှ ဝတ်၍ ဘုရားကျောင်း တက်လေ့ရှိသည်။ ခရစ်ယာန် ဘုရားကျောင်းများ အများအပြားရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ပြီး လက်ဖက်ပင်များ အဓိက စိုက်ပျိုးသည်။ ဟားခါးမြို့၏ အနီးပတ်ဝန်းကျင်တွင် လှေကားထစ် စိုက်ခင်းများဖြင့် စပါးစိုက်ပျိုးကြသည်။ အားလူး၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များ အဓိက ထွက်ရှိသည်။ ဒေသဝမ်းစာ ဖူလုံရေးအတွက် ကလေးမြို့မှ ဆန်များ တင်ယူနေရဆဲဖြစ်သည်။ ၂၀၀၉-၂၀၁၀ ခုနှစ်မှစ၍ လှေကားထစ် စိုက်ခင်းများတွင် အထက်နှုန်းကောင်း စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးပြီး တစ်ဧက တင်း ၄၀ ထွက်ရှိရန် ကြိုးပမ်းလျှက် ရှိသည်။ ချင်းပြည်နယ်အတွင်း လက်ဖက်နှင့် ရော်ဘာတို့ကိုလည်း စိုက်ပျိုးနေပြီ ဖြစ်သည်။ ထို့အပြင် နှစ်ရှည်စားသုံး သီးနှံပင်များ အဖြစ် ပန်းသီး၊ သစ်တော်၊ လိမ္မော်၊ ထောပတ်၊ စပျစ်၊ သစ်အယ်နှင့် ကော်ဖီတို့ကိုလည်း စိုက်ပျိုးလျက် ရှိသည်။[၂]

အနောက်ဘက် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေး ဖွံဖြိုးလာပါက စီးပွားရေးပိုမိုဖွံ့ဖြိုး လာဖွယ်ရှိသည်။ ဟားခါးမြို့တွင် ထင်းရှူးဆီထုတ် စက်ရုံတည်ရှိသည်။ ပုဂ္ဂလိက အသေးစား စက်မှုလုပ်ငန်း အနည်းငယ် ရှိသည်။ ဟားခါးမြို့သည် ပြည်နယ်မြို့တော်ဖြစ်ပြီး အစိုးရဌာနများ တည်ရှိသဖြင့် ဝန်ထမ်းဦးရေ များသည်။ ဒေသထွက်ကုန် အနည်းငယ်သာ ရှိပြီး လူသုံးကုန်များကို ပြည်မဒေသမှ မှာယူရသဖြင့် ပစ္စည်းတန်ဘိုးများ မြင့်၏။ စားသောက်စရိတ် ဈေးကြီး၏။ ထို့ကြောင့် ချင်းတိုင်းရင်းသား အများစုသည် နိုင်ငံရပ်ခြားသို့ ပြောင်းရွေ့အလုပ် လုပ်ကိုင်ကြသည်။ ဟားခါးရှိ မိသားစု တစ်စုတွင် အနည်းဆုံး တစ်ဦး၊ နှစ်ဦးမျှ နိုင်ငံခြားတွင် ရှိကြသည်။

ပညာရေးနှင့် ကျန်းမာရေး[ပြင်ဆင်ရန်]

ပညာရေး[ပြင်ဆင်ရန်]

ဟားခါးမြို့အတွင်း ပညာရေး တိုးတက်မှု အနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်း၊ အလယ်တန်းကျောင်း ရှစ်ကျောင်းနှင့် မူလတန်းကျောင်း ၇၇ ကျောင်းတို့ ရှိသည်။ ထို့အပြင် အထက်တန်းကျောင်းခွဲ တစ်ကျောင်းနှင့် အလယ်တန်းကျောင်းခွဲ သုံးကျောင်း ရှိသည်။ ဟားခါးမြို့ အဝင်တွင် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းကိုလည်း ဖွင့်လှစ်ထားသည်ကို လည်း တွေ့ရသည်။[၂] ထို့ပြင် ချင်းခရစ်ယာန်ကောလိပ် လည်းတည်ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဟားခါးမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်ကြီးကို ၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့သည်။ ၎င်းဆေးရုံကြီးမှာ ခုတင်-၂၀၀ ဆံ့ ဆေးရုံကြီး ဖြစ်သည်။ ချင်းပြည်နယ်၏ အဓိက အားထားရသော ဆေးရုံကြီး ဖြစ်သည်။[၂]

လူဦးရေ[ပြင်ဆင်ရန်]

ဟားခါးမြို့တွင် မြို့ပေါ်ရပ်ကွက်ကြီး (၆)ရပ်ကွက်ရှိပြီး အိမ်ထောင်စုပေါင်း တစ်သောင်းကျော်၊ လူဦးရေ ၂၄,၉၂၆ ဦး ရှိသည်။[၁]

ထင်ရှားသည့်နေ့ရာများ[ပြင်ဆင်ရန်]

မြို့နယ်အတွင်းထင်ရှားသော တောင်ရိုးတောင်တန်းများမှာ ရွန်းတောင်ထိပ်(ပေ ၇၄၉ဝ)နှင့် ဟိုင်ထလန်း တောင်ထိပ် တို့ဖြစ်ကြသည်။ ရွန်းတောင်ခြေတွင် ဟားခါးမြို့တည်ရှိ၍ ထိုတောင်ထိပ် ပေါ်မှကြည့်လျှင် တောင်ခြေမှ ဟားခါးမြို့၏ရှုခင်းကိုသာမက အနီးအနားရှိ ကျေးရွာများ၏သဘာဝအလှကိုလည်း တွေ့မြင်ရသည့်ပြင် ဖလမ်းမြို့၏ရီဝေမှိုင်းမှုန်၍ ရှုမငြီးဖွယ်ရာ မြို့ခင်းမြို့ကွက်ကို လည်း တစ်စိတ်တစ်ဒေသ လှမ်းမျှော်၍ တွေ့မြင်နိုင်ပေသည်။ ဟိုင်ထလန်းခေါ်ဒေသသည် ဟားခါးမြို့၏ အောက်ဘက်တွင် တည်ရှိ၍ သစ်သီးဝလံပင်များ ပေါများသည်။ ထိုသစ်သီးဝလံများ သီးချိန်တွင် မြို့သူမြို့သား လူငယ်လူရွယ်များသည် တပျော်တပါးသစ်သီးခူးထွက်ကြသော အစဉ်အလာရှိပေသည်။

ပွဲတော်များ[ပြင်ဆင်ရန်]

ဟားခါးမြို့နယ်အတွင်း ရှေးထုံးစဉ်လာ ကျင်းပမြဲဖြစ်သော ပွဲတော်များမှာ ထော်ပွဲတော်နှင့်လှုံ့လှာ ပွဲတော်တို့ဖြစ်ကြသည်။ လှုံ့လှာပွဲတော်သည် မိုးမကျမီ မေလလောက်၌ ကျင်းပသည်။ ထော်ပွဲတော်သည် ကောက်ပဲသီးနှံများ ဖူလုံစွာရရှိသည်ကို အကြောင်းပြု၍ ဝမ်းမြောက်ဝမ်းသာအထိမ်းအမှတ်ဖြင့် ကျင်းပသော ပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကိုသီးနှံများရိတ်သိမ်းပြီးစအချိန် နိုဝင်ဘာ၊ ဒီဇင်္ဘာလများ တွင်ကျင်းပလေ့ရှိသည်။ ထိုပွဲတော်ကိုသုံးရက်တိုင်တိုင်ကျင်းပ၍ ကွယ်လွန်ပြီးသော မိဘဆွေမျိုးများကိုလည်း ပွဲတော်ရက်အတွင်း၌ ပူဇော်ပသကြသည်။ အထက်ပါပွဲတော်များအပြင် လူကုံထံများကအခါမရွေး ကျင်းပလေ့ရှိသော ဘွေပွဲနှင့်ခေါင်ကျွဲပွဲ တို့လည်းရှိသေးသည်။ ထိုပွဲများမှာကျင်းပသူများ၏ အင်အားအလိုက် တိရစ္ဆာန်များကိုသတ်ဖြတ်၍ မိမိတို့၏ရွာသူရွာသားများအပြင် အခြားရွာသူရွာသားများကိုပါ ဖိတ်ခေါ်ကျွေးမွေးဧည့်ခံကာ ဂုဏ်ယူသောပွဲများဖြစ်ကြလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၁။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ-၂၁ရက်နေ့ ထုတ်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)