မင်းတပ်မြို့
မင်းတပ်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မင်းတပ်မြို့အနီးရှိ ကားလမ်း | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 21°22′N 93°59′E / 21.367°N 93.983°E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | မင်းတပ် |
လတ္တီကျု | (၂၁)ဒီဂရီ၊ (၂၂)မိနစ် |
လောင်ဂျီကျု | (၉၃)ဒီဂရီ၊ (၅၉)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | မင်းတပ်မြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မင်းတပ်မြို့သည် ချင်းပြည်နယ် တောင်ပိုင်း ချင်းတောင်ခရိုင်၏ ရုံးစိုက်မြို့ဖြစ်သည်။ ၁၉၅၈ ခုနှစ်ကမှ ကန်ပက်လက်မြို့မှ မင်းတပ်မြို့သို့ ပြောင်းရွှေ့ကာ ခရိုင်ဝန်ရုံး စိုက်စေခဲ့သည်။ မြို့၏ အကျယ်အဝန်းမှာ ၂ စတုရန်းမိုင်ခန့်ရှိ၍ လူဦးရေ ၂,ဝဝဝ ကျော်ခန့် နေထိုင်သည်။ မင်းတပ်နယ်တွင် ရွာကြီး ၁၆ဝ ကျော်ရှိ၍ တိုက်နယ်ပေါင်း (၁၃)နယ်ရှိပြီးလျှင် လူဦးရေ ၃ဝ,ဝဝဝ ခန့်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]မင်းတပ်မြို့မှ ချင်းပြည်နယ်အတွင်းရှိ မိုင်ပေါင်း ၁၀ဝ ကျော် ကွာသော မတူပီမြို့သို့ ကားလမ်း တစ်ပိုင်းတစ်စ ဖောက်ထားသည်မှအပ၊ မင်းတပ်နယ်အတွင်း ရိုးရိုး ၆ ပေ လမ်းခေါ် လူသွားလမ်းအပြင် အခြားရေကြောင်းနှင့် လေကြောင်းခရီးလမ်း ဟူ၍မရှိချေ။ သို့သော် ပြည်မနှင့်အနီးဆုံးရွာဖြစ်သော ရေရှင်ရွာမှ (၁၀) မိုင်ဝေး၍၊ ကျောက်ထုလေယာဉ်ကွင်းသို့ မော်တော်ကားလမ်းပေါက်သည်။ ပခုက္ကူမြို့မှ (၈၂)မိုင် ကွာဝေး၍ ကားလမ်းဖြင့်ဆက်သွယ်ထားသည်။ ဤသို့ လမ်းပန်းအဆက်အသွယ် ခက်ခဲမှုကြောင့် ကူးသန်းရောင်းဝယ်မှုသည် မင်းတပ်မြို့မှလွဲ၍ အခြားနေရာများတွင် တိုးတက်နိုင်စွမ်း မရှိသေးချေ။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]ယခု မင်းတပ်မြို့ တည်ရာနေရာတွင် ရှေးမြန်မာမင်းများ လက်ထက်ဝယ် လူနေအိမ်ခြေ မရှိခဲ့ချေ။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင်မူ နယ်စွန်နယ်ဖျား ငြိမ်ဝပ်ပိပြား သာယာစိမ့်သောငှာ သက်ဆိုင်ရာ ဘုရင့်မြို့ဝန်များနှင့် ချင်းခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရာနှင့် အခွန်ဘဏ္ဍာတော်များ ဆက်သရာ စခန်းမျှသာဖြစ်ခဲ့သည်။ သီပေါမင်းပါတော်မူပြီးနောက် တိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ် ချင်းလူမျိုးများသည် နယ်ချဲ့ အင်္ဂလိပ်တို့အား ပြည်မသို့ဆင်း၍တစ်ဖုံ၊ ချင်းတောင်အတွင်း၌ တစ်မျိုး၊ နည်းအမျိုးမျိုးတို့ဖြင့် အင်္ဂလိပ်တပ်များ သုံးကြိမ်တိုင်တိုင် ဆုတ်ခွာရသည်အထိ တိုက်ပွဲများဆင်နွှဲခဲ့ကြ ၏။ သို့သော်လည်း နောက်ဆုံး ပြည်မကြီး တစ်ခုလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်သောအခါ အားမတန်၍ မာန်လျှော့ရသော ချင်းခေါင်းဆောင်များနှင့် အင်္ဂလိပ်တို့ စစ်ပြေငြိမ်းရာ ဒေသဖြစ်ခဲ့၏။ အင်္ဂလိပ်တို့ ချင်းတောင်ကို သိမ်းပိုက်ပြီးနောက် ယခု မင်းတပ် တည်ရာနေရာတွင် အိမ်ခြေအနည်းငယ်ဖြင့် ရွာကလေးတည်ဟန်ရှိသည်။ အင်္ဂလိပ်ခေတ်တွင် မင်းတပ်သည် ပခုက္ကူတောင်တန်းခရိုင်ဝန် အပိုင် ပခုက္ကူပြည်နယ်လက်အောက်တွင် ရှိခဲ့သည်။ မင်းတပ်တွင် ရဲကင်းတပ်သားထားရှိ၍ ရဲသားများသာ နေထိုင်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် အင်္ဂလိပ်တို့ ပြန်ဝင်လာပြီးနောက် ကန်ပက်လက်၌ ချက်ချင်း နယ်ပိုင်ရုံးမစိုက်သေးဘဲ မင်းတပ်မြို့၌ပင် နယ်ပိုင်ရုံးစိုက်ခဲ့သည်။ ဤသည်မှစ၍ မင်းတပ်မြို့သည် နယ်ပိုင်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့သည်။ တစ်ဖန် မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်၍ လွတ်လပ်ရေးရရှိပြီး နောက်လည်း ဆက်လက်၍ မင်းတပ်မြို့တွင် နယ်ပိုင်ရုံးစိုက်စေခဲ့သည်။ ထိုအခါမှစ၍ လူနေအိမ်ခြေနှင့်တကွ လူဦးရေပါ တိုးတက်လာခဲ့သည်။ ၁၉၅၈ ခုနှစ် ဩဂုတ်လအတွင်း တောင်ပိုင်းချင်းတောင် ခရိုင်ဝန်ရုံးကို မင်းတပ်မြို့သို့ ရွှေ့ပြောင်းစေခဲ့သောကြောင့် ယခုအခါ မင်းတပ်မြို့သည် ခရိုင်ဝန်ရုံး စိုက်ရာမြို့ ဖြစ်နေပေပြီ။
မင်းတပ်မြို့သည် ယခုအခါ တောင်ပိုင်း ချင်းတောင်ခရိုင်၏ မြို့တော်ဖြစ်လာသည့်အလျောက် ခရိုင်ဝန်၊ ခရိုင်ရဲဝန်၊ ခရိုင်ဆရာဝန်၊ ခရိုင်ပညာဝန်၊ ခရိုင်အင်ဂျင်နီယာ စသည့် ဌာန အကြီးအကဲများ၏ ရုံးများရှိ၏။ ယခင် အင်္ဂလိပ်များ အုပ်စိုးစဉ်က မင်းတပ်နယ်တွင် မူလတန်းကျောင်း သုံး လေးကျောင်းမျှသာ ရှိခဲ့ရာ၊ ယခု အချိန်အခါတွင် မူလတန်းကျောင်း ၄၂ ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်းနှင့် မင်းတပ်မြို့တွင် အထက်တန်း ကျောင်းတစ်ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့လေသည်။ ပြည်တော်သာစီမံကိန်းအရ စာသင်ကျောင်း အများအပြားနှင့် တံတားအများအပြားကိုလည်း ဆောက်လုပ်နိုင်ခဲ့သည့်အပြင်၊ မင်းတပ်မြို၌ အိုးအိမ်ပြန်လည် ထူထောင်ရေးအဖွဲ့မှ စံပြတိုက် အလုံး ၅ဝ ကိုလည်း ဆောက်လုပ်ထားရှိလေသည်။
မင်းတပ် အမည်တွင်ပုံ
[ပြင်ဆင်ရန်]မင်းတပ်ဟူသော အမည်၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ ဝိဝါဒကွဲလျက်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မင်းတုန်းမင်းနှင့် သီပေါမင်းများလက်ထက်တွင် သက်ဆိုင်ရာ မြို့ဝန်များနှင့် ချင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာနှင့် အခွန်ဘဏ္ဍာတော်များဆက်ရာ စခန်းအဖြစ် တည်ရှိခဲ့စဉ်က မြို့ဝန်များ ခေတ္တတည်းခိုရန် ဆောက်လုပ်ထားသော မင်းတဲကို အစွဲပြု၍ မင်းတဲစခန်းဟု ခေါ်ဝေါ်သည်။ ထို့ပြင် ဤစခန်းသို့ ဘုရင့်ကိုယ်စားလှယ်တော်ကြီးများ တက်လာသည်ကို အစွဲပြု၍ မင်းတက်စခန်းဟုလည်း ခေါ်သည်။ မြန်မာသံ 'တက်' ကို ယောသံ'တပ်' ဟု အသံထွက်သောကြောင့် ယောသံသို့ လိုက်၍ 'မင်းတက်' မှ 'မင်းတပ်' ဖြစ်လာသည်ဟု ဆိုကြသည်။ [၁]
ကိုးကွယ်ယုံကြည်မှု
[ပြင်ဆင်ရန်]မြို့တွင် နေထိုင်သူတို့မှာ ချင်းလူမျိုးနှင့် မြန်မာလူမျိုးသာများ၍ အများအားဖြင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသည်။ သို့သော် မြို့နေလူဦးရေ ၄ ပုံ ၁ ပုံ ခန့်သည် ခရစ်ယာန် အယူဝါဒီများ ဖြစ်သည်။ မင်းတပ်မြို့တွင် မဟာဗောဓိကျောင်းတော်ကြီးနှင့် သကျမာရွှအောင် စေတီတော်တို့ရှိသည်။ ပြည်မမှာကဲ့သို့ပင် အခါကြီး ရက်ကြီးများတွင် ဗုဒ္ဓအယူဝါဒီတို့၏ ထုံးစံအတိုင်း ပွဲလမ်းသဘင်များ ခင်းကျင်းပူဇော်ကြသည်။ ချင်းပြည်နယ်ရှိ ချင်းလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း တောင်ယာများ ရိတ်သိမ်း၍ ပြီးသောအခါ၊ မင်းတပ်နယ်ရှိ ချင်းလူမျိုးများသည်လည်း ပွဲလမ်းသဘင်များကျင်းပ၍ ပျော်မြူးကြသည်။ ပွဲလမ်း သဘင်ကျင်းပသောအခါ မောင်းများနှင့် ဝါးပြွေများကို တီးမှုတ်၍ ဝိုင်းဖွဲ့ကာ တပျော်တပါး ကပွဲများဆင်ယင်ကျင်းပကြသည်။ ထို့ပြင် မင်းတပ်မြို့တွင် ဗရင်ဂျီဘုရားရှိခိုးကျောင်းလည်းရှိသည်။
မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတု
[ပြင်ဆင်ရန်]မင်းတပ်မြို့သည် ပခုက္ကူခရိုင် ဆောမြို့နယ်အတွင်းရှိ ကျောက်ထု လေယာဉ်ကွင်း၏ အနောက်မြောက်ဘက် ၁၈ မိုင် ၄ ဖာလုံကွာဝေး၍ အမြင့်ပေ ၄,၆ဝဝ ကျော်ခန့်ရှိ ကုန်းမြင့်လွင်ပြင်ပေါ်တွင် တည်ရှိသည်။ မင်းတပ်မြို့သည် ရှမ်းကုန်းပြင်မြင့်ကဲ့သို့ ကုန်းမြေမြင့်တွင် တည်ရှိသဖြင့် ရာသီဥတုလည်း အလွန်ကောင်းမွန် သာယာလှပေသည်။ မင်းတပ်မြို့၏ တောင်ဘက်မိုင် ၃ဝ ခန့်အကွာတွင် ပေ ၁ဝ,ဝဝဝ ကျော် မြင့်မားသော ခေါနူးစုမ်(သုမ်)ခေါ် ဝိတိုရိယခေါ် နတ်မတောင်ကြီးသည် မားမားမတ်မတ် တည်ရှိသည်။ ထို့ပြင် မင်းတပ်မြို့နှင့် မလှမ်းမကမ်းဒေသများတွင်လည်း တောင်နှာမောင်း၊ တောင်တန်း၊ တောင်ထွတ်များ အစီအရီတည်ရှိနေသောကြောင့် တစ်မျိုးပင်သာယာ၏။ ဆောင်းရာသီများ၌ တောင်စွယ်တောင်တန်းများမှ မြူခိုးများ လေပင့်ရာသို့ တလိမ့်လိမ့်လိုက်ပါနေသည်ကိုလည်းကောင်း၊ ရာသီအလိုက် ပန်းဝတ်ရည်များကို သောက်သုံးနေကြသော ကျေးငှက်သာရကာတို့ဖြင့် သောသောညံလျက် ပင်လုံးညွှတ်အောင် ဖူးပွင့်နေကြသော ချယ်ရီပင်များ သည်လည်းကောင်း၊ မြင်သူတို့အဖို့ ရှုမငြီးနိုင်စရာဖြစ်လေသည်။
စီးပွားရေး
[ပြင်ဆင်ရန်]ချင်းလူထုမှာလည်း များသောအားဖြင့် မိရိုးဖလာအတိုင်း တောင်ယာစပါးများနှင့် သစ်သီးသစ်ဥများ စိုက်ပျိုး စားသောက်နေထိုင်ကြသည်။ ထိုကြောင့် မင်းတပ်နယ်မှ ထွက်ကုန်ဟူ၍ ပြောပလောက်အောင် မရှိချေ။ သို့သော် တစ်စိတ်တစ်ဒေသအားဖြင့် တိုးတက်နေသည့်နေရာ အနည်းငယ်တို့တွင် ကော်ဖီပင်နှင့် လိမ္မော်ပင် အများအပြား စိုက်ပျိုးလျက်ရှိနေကြပြီး ပခုက္ကူမြို့သို့အဓိကတင်ပို့ရောင်းချသည်။ နောင်နှစ်အနည်းငယ်အတွင်း ထွက်ကုန်အဖြစ် ပြည်မသို့ ပို့နိုင်ဖွယ်ရာရှိသည်။
၂၀၂၁ စစ်ဘေးဒုက္ခ
[ပြင်ဆင်ရန်]၂၀၂၁ ခု၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အုပ်ချုပ်မှုယူရန် တိုးမြှင့်လိုက်သော တပ်များနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသော မြို့ခံလူထုတို့ တင်းမာမှုရှိလာသည်။ ကနဦးတွင် နယ်ခံလူထုပိုင် လက်လုပ်သေနတ်များဖြင့် စတင်တော်လှန်သည်။ ဧပြီလတွင် ပြည်သူ့ကာကွယ်ရေးတပ်အမည်အောက်ရှိ တပ်ဖွဲ့မှ ပြောက်ကျားတိုက်ပွဲများ ဆင်နွှဲသည်။ [၂] မင်းတပ်မြို့ကိုပင် ပြန်လည်ထိန်းချုပ်နိုင်လုအထိ ဖြစ်ခဲ့သည်။ [၃] တပ်မတော်ဘက်မှ အင်အားဖြည့်ကာ တိုက်စစ်ဖော်သည်နောက် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာသည်။ ဇွန် လ ၂၃ ရက်တွင် ကိုဗစ်ရောဂါ အားကောင်းလာခြင်းကြောင့်၎င်း၊ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်တောက်ခြင်းကြောင့်၎င်း နှစ်ဘက် အပစ်ရပ်ရန် သဘောတူကြသည်။
ဇူလိုင်လနှောင်းပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ရောက်သည်။ မြို့နေလူထု၏ ၇ ပုံ ၁ ပုံခန့် ပြန်လည်နေထိုင်လာသည်။ ရိက္ခာရောက်ကာ လူများပြန်ဝင်လာသည်နောက် တပ်မတော်ဘက်မှ မြို့ကို လုံခြုံရေးတင်းကြပ်ကာ အုပ်ချုပ်မှုယူပြီး အနီးတဝိုက်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများ စသည်။ သို့ဖြင့် တိုက်ပွဲများ ရှိလာသည်။ [၄][၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- ↑ "မင်းတပ်မှာ သိသိသာသာ အထိနာတဲ့ စစ်ကောင်စီတပ်မတော်"။ ၂၀၂၁ ဧပြီ ၂၈။
- ↑ "မင်းတပ်မြို့မှာ စစ်ကား ၆ စီးကို အရပ်သား ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်၊ မြို့တွင်းမှာတိုက်ပွဲဆက်လက်ဖြစ်ပွား"။ ၂၀၂၁ မေ ၁၅။
- ↑ "မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ"။ ၂၀၂၁ ဇူလိုင် ၂၂။
- ↑ "တပ်ရင်းမှူးကျသွားသည့် မင်းတပ်တွင် စစ်ရေးတင်းမာနေ"။ ၂၀၂၁ ဇူလိုင် ၃၁။