ဥရောပ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဥရောပ(Europe)

ကမ္ဘာ့မြေပုံ

ဧရိယာ ၁၀၁၈၀၀၀၀ km²
(၃၃၉၀၀၀၀ sq mi)
လူဦးရေ ၇၃၁၀၀၀၀၀၀ ()
လူဦးရေ
သိပ်သည်းမှု
၇၀/km²
(၁၈၁/sq mi)
နိုင်ငံများ ၅၀
ဆက်စပ်နယ်မြေများ
ဘာသာများ
အချိန်ဇုန် UTC (Iceland) to UTC+4 (Russia)

ဥရောပဆိုသည်မှာ ခေါ်ဝေါ်သတ်မှတ်ချက်အရ ကမ္ဘာပေါ်ရှိ တိုက်ကြီး ၇ တိုက်တွင် တစ်ခုဖြစ်သည်။ ယူရေးရှား ကုန်းမြေပြင်ကြီး၏ အနောက်ဘက်ဆုံး အပိုင်းပါဝင်သည်။ ဥရောပနှင့် အာရှကို စည်းခြားထားသော နေရာများမှာ ယူရယ်တောင်တန်း နှင့် ကော့ကေးဆပ်တောင်တန်း၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ် နှင့် ပင်လယ်နက်၊ ပင်လယ်နက်နှင့် အေဂျင်ပင်လယ်တို့ကို ဆက်သွယ်ထားသော ရေလမ်းတို့ဖြစ်ကြသည်။ ဥရောပတိုက်သည် မြောက်ဘက်တွင် အာတိတ် သမုဒ္ဒရာနှင့် အခြားရေပြင်များက ဝိုင်းရံထားပြီး အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာရှိသည်။ တောင်ဘက်တွင် မြေထဲပင်လယ်ရှိပြီး အရှေ့တောင်ဘက်တွင် ပင်လယ်နက်နှင့် ၄င်းနှင့်ဆက်သွယ်ထားသော ရေလမ်းကြောင်း ရှိသည်။

ဥရောပသည် ကမ္ဘာပေါ်ရှိတိုက်ကြီးများတွင် မြေမျက်နှာပြင်အားဖြင့် ဒုတိယမြောက် အသေးဆုံးဖြစ်ပြီး ၁၀,၁၈၀,၀၀၀ စတုရန်းကီလိုမီတာ (၃,၉၃၀,၀၀၀ စတုရန်းမိုင်) သို့မဟုတ် ကမ္ဘာ့မျက်နှာပြင်၏ ၂ရာခိုင်နှုန်း နှင့် ကမ္ဘာ့မြေမျက်နှာပြင်၏ ၆.၈ ရာခိုင်နှုန်းကို နေရာယူထားသည်။ ဥရောပတွင် နိုင်ငံပေါင်း ၅၀ ခန့်ရှိပြီး ရုရှားနိုင်ငံသည် လူဦးရေအားဖြင့်သော်လည်းကောင်း၊ အကျယ်အဝန်းအားဖြင့်သော် လည်းကောင်း အကြီးဆုံး ဖြစ်ပြီး အသေးဆုံးမှာ ဗာတီကန်စီးတီး ဖြစ်သည်။ ဥရောပသည် အာရှ နှင့် အာဖရိကပြီးလျှင် တတိယမြောက် လူဦးရေ အများဆုံး တိုက်ဖြစ်သည်။ လူဦးရေ စုစုပေါင်း ၇၃၁ သန်းရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်းမျှ ဖြစ်သည်။

ရှေးဟောင်း ဂရိနိုင်ငံသည် အနောက်တိုင်းယဉ်ကျေးမှုတို့ မြစ်ဖျားခံ မွေးဖွားရာ နေရာဖြစ်သည်။ ဥရောပသည် ၁၆ ရာစု နောက်ပိုင်းမှ စ၍ ကမ္ဘာ့အရေးအခင်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အထူးသဖြင့် ကိုလိုနီစနစ်ထွန်းကားပြီး နောက်ပိုင်းတွင် ဖြစ်သည်။ ၁၆ရာစုနှင့် ၂၀ရာစု ကြားတွင် ဥရောပနိုင်ငံတို့သည် အမေရိကတိုက်များ၊ အာဖရိကတိုက်၏ အစိတ်အပိုင်း အတော်များများနှင့် အိုရှန်နီးယားရှိ ကျွန်းနိုင်ငံများကို အကြိမ်ကြိမ် သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ ကမ္ဘာစစ်နှစ်ခုစလုံးသည် ဥရောပကို ဦးတည်ဖြစ်ပေါ်ခြင်း ဖြစ်ပြီး ၂၀ရာစု အလယ်ပိုင်းတွင် ကမ္ဘာ့အရေးအခင်းတို့တွင် ဥရောပ၏ အရှိန်အဝါ လွှမ်းမိုးမှု ကျဆင်းရန် အတွက် အစပျိုးခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ကမ္ဘာ့ဇာတ်ခုံတွင် ထင်ရှားတောက်ပလာခြင်းကြောင့်လည်း ဖြစ်သည်။ စစ်အေးတိုက်ပွဲ အတွင်းတွင် ဥရောပသည် အနောက်ဘက်တွက် နေတိုးအဖွဲ့ နှင့် အရှေ့ဘက်တွင် ဝါဆောနိုင်ငံများဟူ၍ သံတံတိုင်းခြား ကွဲပြားခဲ့သည်။ ဥရောပနိုင်ငံများ အချင်းချင်း ယှဉ်တွဲ လုပ်ကိုင်ရာမှ တစ်ဆင့် ဥရောပကောင်စီနှင့် ဥရောပသမဂ္ဂတို့ ပေါ်ပေါက်လာခဲ့ပြီး ထိုအဖွဲ့အစည်း နှစ်ခုစလုံးသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ကျဆုံးပြီးနောက် အရှေ့ဘက်သို့ တိုးချဲ့လာခဲ့ကြသည်။


အဓိပ္ပာယ်ဖွင့်ဆိုချက်[ပြင်​ဆင်​ရန်​]

အမည်မှည့်ခေါ်ခြင်း[ပြင်​ဆင်​ရန်​]

ဥရောပ ဟု ခေါ်တွင်ပုံမှာ ဂရိဒဏ္ဍာရီတစ်ခုမှ ပါဝင်ပြီးနောက်ပိုင်းမှ အမည်တွင်ခဲ့သည်ဟု ယုံကြည်ရသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ပထဝီဝင်[ပြင်​ဆင်​ရန်​]

ရာသီဥတု[ပြင်​ဆင်​ရန်​]

ဘူမိဗေဒ[ပြင်​ဆင်​ရန်​]

ဂေဟစနစ်[ပြင်​ဆင်​ရန်​]

နိုင်ငံရေးပထဝီ[ပြင်​ဆင်​ရန်​]

နိုင်ငံနှင့် ဒေသအမည် ဧရိယာ လူဦးရေ
(၁ ဇူလိုင် ၂၀၀၂ မှန်းချက်)
လူဦးရေသိပ်သည်းမှု
(per km²)
မြို့တော်
ဖင်လန်နိုင်ငံ၏ အလံတော် ဖင်လန် ၁,၅၅၂ ၂၆,၀၀၈ ၁၆.၈ မာရီးဟမ်မြို့
အယ်လ်ဘေးနီးယားနိုင်ငံ၏ အလံတော် အယ်လ်ဘေးနီးယား ၂၈,၇၄၈ ၃,၆၀၀,၅၂၃ ၁၂၅.၂ တီရာနာမြို့
အင်ဒိုရာနိုင်ငံ၏ အလံတော် အင်ဒိုရာနိုင်ငံ ၄၆၈ ၆၈,၄၀၃ ၁၄၆.၂ အင်ဒိုရာလာဗယ်လာမြို့
ဩစတြီးယားနိုင်ငံ၏ အလံတော် ဩစတြီးယား ၈၃,၈၅၈ ၈,၁၆၉,၉၂၉ ၉၇.၄ ဗီယင်နာမြို့
အာမေးနီးယားနိုင်ငံ၏ အလံတော် အာမေးနီးယား ၂၉,၈၀၀ ၃,၂၂၉,၉၀၀ ၁၀၁ ယေရေဗန်မြို့
အဇာဘိုင်ဂျန်နိုင်ငံ၏ အလံတော် အဇာဘိုင်ဂျန် ၈၆,၆၀၀ ၈,၆၂၁,၀၀၀ ၉၇ ဗာကူမြို့
ဘီလာရုဇ်နိုင်ငံ၏ အလံတော် ဘီလာရုဇ် ၂၀၇,၆၀၀ ၁၀,၃၃၅,၃၈၂ ၄၉.၈ မင့်မြို့
ဘယ်လ်ဂျီယမ်နိုင်ငံ၏ အလံတော် ဘယ်လ်ဂျီယမ် ၃၀,၅၁၀ ၁၀,၂၇၄,၅၉၅ ၃၃၆.၈ ဘရပ်ဆဲလ်မြို့
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၏ အလံတော် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား ၅၁,၁၂၉ ၄,၄၄၈,၅၀၀ ၇၇.၅ ဆာရာယေဗိုမြို့
ဘူဂေးရီးယားနိုင်ငံ၏ အလံတော် ဘူဂေးရီးယား ၁၁၀,၉၁၀ ၇,၆၂၁,၃၃၇ ၆၈.၇ စိုဖီအားမြို့
ခရိုအေးရှားနိုင်ငံ၏ အလံတော် ခရိုအေးရှား ၅၆,၅၄၂ ၄,၄၃၇,၄၆၀ ၇၇.၇ ဇဂရက်မြို့
ဆိုက်ပရပ်စ်နိုင်ငံ၏ အလံတော် ဆိုက်ပရပ်စ် ၉,၂၅၁ ၇၈၈,၄၅၇ ၈၅ နီကိုးရှားမြို့
ချက်သမ္မတနိုင်ငံ၏ အလံတော် ချက်သမ္မတနိုင်ငံ ၇၈,၈၆၆ ၁၀,၂၅၆,၇၆၀ ၁၃၀.၁ ပရဂ်မြို့
ဒိန်းမတ်နိုင်ငံ၏ အလံတော် ဒိန်းမတ် ၄၃,၀၉၄ ၅,၃၆၈,၈၅၄ ၁၂၄.၆ ကိုပင်ဟေဂင်မြို့
အက်စတိုးနီးယားနိုင်ငံ၏ အလံတော် အက်စတိုးနီးယား ၄၅,၂၂၆ ၁,၄၁၅,၆၈၁ ၃၁.၃ တာလင်မြို့
ဖရိုးကျွန်းစု၏ အလံတော် ဖရိုးကျွန်းစု ၁,၃၉၉ ၄၆,၀၁၁ ၃၂.၉ Tórshavn
ဖင်လန်နိုင်ငံ၏ အလံတော် ဖင်လန် ၃၃၆,၅၉၃ ၅,၁၅၇,၅၃၇ ၁၅.၃ ဟယ်လ်စင်ကီမြို့
ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ် ၅၄၇,၀၃၀ ၅၉,၇၆၅,၉၈၃ ၁၀၉.၃ ပဲရစ်
ဂျော်ဂျီယာနိုင်ငံ၏ အလံတော် ဂျော်ဂျီယာ ၆၉,၇၀၀ ၄,၆၆၁,၄၇၃ ၆၄ Tbilisi
ဂျာမနီနိုင်ငံ၏ အလံတော် ဂျာမနီ ၃၅၇,၀၂၁ ၈၃,၂၅၁,၈၅၁ ၂၃၃.၂ ဘာလင်မြို့
ဂျီဘရောလ်တာနိုင်ငံ၏ အလံတော် ဂျီဘရောလ်တာနိုင်ငံ ၅.၉ ၂၇,၇၁၄ ၄,၆၉၇.၃ ဂျီဘရောလ်တာ
ဂရိနိုင်ငံ၏ အလံတော် ဂရိ ၁၃၁,၉၄၀ ၁၀,၆၄၅,၃၄၃ ၈၀.၇ အေသင်မြို့
ဂန်းစီးနိုင်ငံ၏ အလံတော် ဂန်းစီးနိုင်ငံ ၇၈ ၆၄,၅၈၇ ၈၂၈.၀ စိန့်ပီတာ ဆိပ်ကမ်း
ဟန်ဂေရီနိုင်ငံ၏ အလံတော် ဟန်ဂေရီ ၉၃,၀၃၀ ၁၀,၀၇၅,၀၃၄ ၁၀၈.၃ ဘူဒါပက်မြို့
အိုက်စလန်နိုင်ငံ၏ အလံတော် အိုက်စလန် ၁၀၃,၀၀၀ ၃၀၇,၂၆၁ ၂.၇ ရေဂျာဗစ်မြို့
အိုင်ယာလန်သမ္မတနိုင်ငံ၏ အလံတော် အိုင်ယာလန် ၇၀,၂၈၀ ၄,၂၃၄,၉၂၅ ၆၀.၃ ဒပ်ဗလင်မြို့
မမ်းကျွန်း၏ အလံတော် မမ်းကျွန်း ၅၇၂ ၇၃,၈၇၃ ၁၂၉.၁ Douglas
အီတလီနိုင်ငံ၏ အလံတော် အီတလီ ၃၀၁,၂၃၀ ၅၈,၇၅၁,၇၁၁ ၁၉၁.၆ ရောမမြို့
ဂျာဇီ၏ အလံတော် ဂျာဇီ ၁၁၆ ၈၉,၇၇၅ ၇၇၃.၉ Saint Helier
ကာဇက်စတန်နိုင်ငံ၏ အလံတော် ကာဇက်စတန် ၂,၇၂၄,၉၀၀ ၁၅,၂၁၇,၇၁၁ ၅.၆ Astana
ကိုဆိုဗိုဒေသ၏ အလံတော် ကိုဆိုဗို ၁၀,၈၈၇ ၂,၁၂၆,၇၀၈ ၂၂၀ Pristina
လတ်ဗီယာနိုင်ငံ၏ အလံတော် လတ်ဗီယာ ၆၄,၅၈၉ ၂,၃၆၆,၅၁၅ ၃၆.၆ Riga
လစ်တန်စတိန်းနိုင်ငံ၏ အလံတော် လစ်တန်စတိန်း ၁၆၀ ၃၂,၈၄၂ ၂၀၅.၃ Vaduz
လစ်သူယေးနီးယားနိုင်ငံ၏ အလံတော် လစ်သူယေးနီးယား ၆၅,၂၀၀ ၃,၆၀၁,၁၃၈ ၅၅.၂ Vilnius
လူဇင်ဘတ်နိုင်ငံ၏ အလံတော် လူဇင်ဘတ် ၂,၅၈၆ ၄၄၈,၅၆၉ ၁၇၃.၅ လူဇင်ဘတ်မြို့
မက်စီဒိုးနီးယားနိုင်ငံ၏ အလံတော် မက်စီဒိုးနီးယား ၂၅,၃၃၃ ၂,၀၅၄,၈၀၀ ၈၁.၁ Skopje
မော်လတာနိုင်ငံ၏ အလံတော် မော်လတာ ၃၁၆ ၃၉၇,၄၉၉ ၁,၂၅၇.၉ Valletta
မော်လ်ဒိုဗာနိုင်ငံ၏ အလံတော် မော်လ်ဒိုဗာ ၃၃,၈၄၃ ၄,၄၃၄,၅၄၇ ၁၃၁.၀ Chişinău
မိုနာကိုနိုင်ငံ၏ အလံတော် မိုနာကိုနိုင်ငံ ၁.၉၅ ၃၁,၉၈၇ ၁၆,၄၀၃.၆ မိုနာကိုမြို့
မွန်တီနီဂရိုးနိုင်ငံ၏ အလံတော် မွန်တီနီဂရိုး ၁၃,၈၁၂ ၆၁၆,၂၅၈ ၄၄.၆ Podgorica
နယ်သာလန်နိုင်ငံ၏ အလံတော် နယ်သာလန် ၄၁,၅၂၆ ၁၆,၃၁၈,၁၉၉ ၃၉၃.၀ အမ်စတာဒမ်မြို့
နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ ၃၂၄,၂၂၀ ၄,၅၂၅,၁၁၆ ၁၄.၀ အော်စလိုမြို့
ပိုလန်နိုင်ငံ၏ အလံတော် ပိုလန် ၃၁၂,၆၈၅ ၃၈,၆၂၅,၄၇၈ ၁၂၃.၅ ဝါဆောမြို့
ပေါ်တူဂီနိုင်ငံ၏ အလံတော် ပေါ်တူဂီ ၉၁,၅၆၈ ၁၀,၄၀၉,၉၉၅ ၁၁၀.၁ လစ်စဘွန်းမြို့
ရိုမေးနီးယားနိုင်ငံ၏ အလံတော် ရိုမေးနီးယား ၂၃၈,၃၉၁ ၂၁,၆၉၈,၁၈၁ ၉၁.၀ ဗူးခရက်မြို့
ရုရှားနိုင်ငံ၏ အလံတော် ရုရှား ၁၇,၀၇၅,၄၀၀ ၁၄၂,၂၀၀,၀၀၀ ၂၆.၈ မော်စကိုမြို့
ဆန်မာရီနိုနိုင်ငံ၏ အလံတော် ဆန်မာရီနိုနိုင်ငံ ၆၁ ၂၇,၇၃၀ ၄၅၄.၆ ဆန်မာရီနိုမြို့
ဆားဘီးယားနိုင်ငံ၏ အလံတော် ဆားဘီးယား (ကိုစိုဗိုနိုင်ငံ ထည့်တွက်ထား) ၈၈,၃၆၁ ၉,၆၆၃,၇၄၂ ၁၀၉.၄ ဘဲလ်ဂရိတ်မြို့
ဆလိုဗက်ကီးယားနိုင်ငံ၏ အလံတော် ဆလိုဗက်ကီးယား ၄၈,၈၄၅ ၅,၄၂၂,၃၆၆ ၁၁၁.၀ [[ဘရာတစ်လာဗာ]
ဆလိုဗေးနီးယားနိုင်ငံ၏ အလံတော် ဆလိုဗေးနီးယား ၂၀,၂၇၃ ၁,၉၃၂,၉၁၇ ၉၅.၃ Ljubljana
စပိန်နိုင်ငံ၏ အလံတော် စပိန် ၅၀၄,၈၅၁ ၄၅,၀၆၁,၂၇၄ ၈၉.၃ မက်ဒရစ်မြို့
နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ Svalbard and Jan
Mayen Islands
(Norway)
၆၂,၀၄၉ ၂,၈၆၈ ၀.၀၄၆ Longyearbyen
ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင် ၄၄၉,၉၆၄ ၉,၀၉၀,၁၁၃ ၁၉.၇ စတော့ခ်ဟုမ်းမြို့
ဆွစ်ဇာလန်နိုင်ငံ၏ အလံတော် ဆွစ်ဇာလန် ၄၁,၂၉၀ ၇,၅၀၇,၀၀၀ ၁၇၆.၈ ဘန်းမြို့
တူရကီနိုင်ငံ၏ အလံတော် တူရကီ ၇၈၃,၅၆၂ ၇၀,၅၈၆,၂၅၆ ၉၃ အန်ကာရာ
ယူကရိန်းနိုင်ငံ၏ အလံတော် ယူကရိန်း ၆၀၃,၇၀၀ ၄၈,၃၉၆,၄၇၀ ၈၀.၂ ကိအဗ်မြို့
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ အလံတော် ယူနိုက်တက်ကင်းဒမ်း (ဘုရင်နိုင်ငံ ပြည်ထောင်စု) ၂၄၄,၈၂၀ ၆၁,၁၀၀,၈၃၅ ၂၄၄.၂ လန်ဒန်မြို့
ဗာတီကန်စီးတီး၏ အလံတော် ဗာတီကန် ၀.၄၄ ၉၀၀ ၂,၀၄၅.၅ ဗာတီကန်
စုစုပေါင်း ၁၀,၁၈၀,၀၀၀ ၇၃၁,၀၀၀,၀၀၀ ၇၀
ဥရောပ satellite ဓာတ်ပုံတစ်ပုံ
အဖြူတောင် (Mont Blanc)၊ ပြင်သစ်
ဗိုးဗိုးရိုကမ်းခြေ၊ ဂရိ
ပိုင်ဂျန်နဲကန် (Lake Päijänne)၊ စစ်မာမြို့ (Sysmä)၊ ဖင်လန်
ဆွာနတ်တရာမြို့၊ ဂျော်ဂျီယာနိုင်ငံ

ကမ္ဘာ့သမိုင်းတွင် အလွန်အရေးပါခဲ့သည့်တိုက်ဖြစ်သည့် ဥရောပတိုက်တွင် ယဉ်ကျေးမှုသည် ဆူးမားနှင့်ဘက်ဘီလုံးယဉ်ကျေးမှု၊ နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုတို့နောက် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သည်။ ဥရောပတိုက်သည် ကမ္ဘာပေါ်၌ကျော်ကြားသော စာပေ၊ ဂီတ၊ အနုပညာ လက်ရာများ ပေါ်ထွန်းရာတိုက်လည်းဖြစ်သည်။ ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင်ကြီးများ၊ တီထွင်သူများသည်လည်း များသောအားဖြင့် ဥရောပတိုက်သားများဖြစ်သည်။

ဥရောပတိုက်[ပြင်​ဆင်​ရန်​]

ဥရောပတိုက်သည် တိုက်ကြီးခြောက်တိုက်အနက် ဒုတိယအငယ်ဆုံးတိုက် ဖြစ်သည်။ ယင်းထက်ငယ်သောတိုက်သည် ဩစတြေးလျတိုက်တတိုက်သာရှိသည်။ သို့ရာတွင် ယင်းတိုက်သည် အခြားတိုက်များထက် ကမ္ဘာ့သမိုင်းတွင် အလွန်အရေးပါအရာရောက်ခဲ့သောတိုက် ဖြစ်လေသည်။ ဥရောပယဉ်ကျေးမှုသည် ခရစ်မပေါ်မီနှစ်ပေါင်း ၁,၅ဝဝ ခန့်ကစခဲ့သည်။ အာရှတိုက်မှ ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ် နှစ်မွှာအကြားရှိမြေ၌ ဆူးမားနှင့် ဘေဘီလုံယဉ်ကျေးမှု၊ အာဖရိကတိုက်မှ နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှုတို့နောက် မရှေးမနှောင်းပင် ဥရောပယဉ်ကျေးမှုသည် အစပျိုးခဲ့သည်။ ဂရိနှင့်ရောမ ယဉ်ကျေးမှုတို့သည် ဥရောပယဉ်ကျေးမှု၏အစ ဖြစ်ကြသည်။ ဂရိ နှင့် ရောမအင်ပိုင်ယာတို့သည် အမေရိကတိုက်ကို မတွေ့မီ နှစ်ပေါင်းများစွာကပင် ထွန်းကားခဲ့လေသည်။

လွန်ခဲ့သည့် အနှစ် ၂,ဝဝဝ ကျော်က ကမ္ဘာ့သမိုင်း အဆက်ဆက်တွင် ထွန်းကားခဲ့သောမြို့ကြီးများ၊ စစ်တလင်း ဖြစ်ခဲ့သော ဒေသများကို ဥရောပတိုက်တွင် တွေ့နိုင်သည်။ ဥရောပတိုက်ရှိဒေသများသည် တစ်နေရာနှင့်တစ်နေရာ မီးရထား၊ မီးသင်္ဘော၊ လေယာဉ်ပျံ၊ မော်တော်ကားစသော သယ်ယူပို့ဆောင်ရေး လမ်းများဖြင့် အချိန်အနည်းငယ်အတွင်း ခရီးပေါက်သော်လည်း တစ်နေရာနှင့်တစ်နေရာ သုံးနှုန်းပြောဆိုသောဘာသာစကား အမျိုးမျိုးကွဲပြားသည်ကို တွေ့နိုင်သည်။ ဘာသာစကားအမျိုးမျိုးကို ကြားရသကဲ့သို့ပင် ရှုမျှော်ခင်း အမျိုးမျိုး အပြောင်းအလဲကိုလည်း တွေ့နိုင်သည်။

ဥရောပတိုက်သည် ကမ္ဘာပေါ်၌ကျော်ကြားသော စာပေ၊ ဂီတ၊ အနုပညာလက်ရာများ ပေါ်ထွန်းရာ တိုက်ဖြစ်သည်။ ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင်ကြီးများ၊ တီထွင်သူများသည် များသောအားဖြင့် ဥရောပတိုက်သားများဖြစ်သည်။ အနုမြူဓာတ်ကို ရှာဖွေတွေ့ရှိသည့်တိုင်အောင် အစပျိုးခဲ့သူများသည်လည်း ဥရောပသိပ္ပံပညာရှင်များပင် ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း ဥရောပတိုက်သည် ကမ္ဘာ၏မြောက်ဘက်စွန်း၌ မြောက်လတ္တီကျု ၃၆ ဒီဂရီ မှ ၇၁ ဒီဂရီ အကြားနှင့် အနောက်လောင်ဂျီကျု ၁၀ ဒီဂရီ မှ အရှေ့လောင်ဂျီကျု ၅၇ ဒီဂရီ အကြား၌တည်ရှိသည်။ အာရှတိုက်၏ အနောက်ဘက် ကုန်းချင်းစပ်လျက် တည်နေသောကြောင့် အာရှတိုက်နှင့် ဥရောပတိုက်ကို သီးခြားတစ်တိုက်စီ မဟုတ်ဘဲ တစ်တိုက်တည်းဖြစ်သည်ဟု အချို့ကယူဆ၍ ယူရေးရှားတိုက်ဟုပင်ခေါ်ကြသည်။ အာရှတိုက်နှင့် ဥရောပတိုက်တို့၏ နယ်ခြားသည် မည်သည့်နေရာ၌ဖြစ်သည်ကို ပထဝီပညာရှင်များ အတိအကျ မဆုံးဖြတ်ရသေးသော်လည်း ကက်စပီယံပင်လယ်မှ အာတိတ်သမုဒ္ဒရာသို့ ဆက်ဆွဲသောမျဉ်းကို ဥရောပတိုက်၏ အရှေ့ဘက် နယ်နိမိတ်အဖြစ် အကြမ်းအားဖြင့် မှတ်သားကြလေသည်။ ကော့ကေးဆပ်တောင်၊ ပင်လယ်နက်၊ ဒါဒနယ်ရေလက်ကြား မာမရာပင်လယ်နှင့် ဗော့စပိုရပ်ရေလက်ကြား တို့သည်လည်း ဥရောပတိုက်နှင့် အာရှတိုက်ကိုခွဲခြားထားသော တောင်ဘက်နယ်နိမိတ်များဖြစ်ကြသည်။ အချို့က ဥရောပတိုက်ကို အာရှတိုက်မှ အနောက်ဘက်သို့ ထိုးထွက်နေသော ကျွန်းဆွယ်ကြီးဟု ဆိုကြသည်။

ဥရောပတိုက်၏ အကျယ်အဝန်းမှာ ၃,၈၅ဝ,ဝဝဝ စတုရန်းမိုင်ရှိ၍ အာရှတိုက်၏ လေးပုံတစ်ပုံ ဖြစ်ပြီးလျှင် မြန်မာနိုင်ငံ၏ ၁၅ဆ ကျယ်ဝန်းသည်။ တောင်မှမြောက်သို့ ၂,၄ဝဝ မိုင်၊ အရှေ့မှအနောက် သို့ ၃,၂၉၃ မိုင်ကျယ်သည်။ ဥရောပတိုက်ကို မြောက်ဘက်မှ အာတိတ်သမုဒ္ဒရာ၊ အနောက်ဘက်မှ အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်ဘက်မှ မြေထဲ ပင်လယ်တို့ ဝန်းရံလျက်ရှိသည်။ ပင်လယ်ကမ်းရိုးတန်းသည် မိုင် ၂ဝ,ဝဝဝ ခန့်ရှည်၍ အကျယ်အဝန်းနှင့်စာလျှင် ကမ်းရိုးတန်းအရှည်ဆုံးသောတိုက်ဟု ဆိုရပေမည်။ ကမ်းရိုးတန်းတစ်ခုလုံးသည်လည်း ပင်လယ်ကွေ့၊ ပင်လယ်အော်၊ မြစ်ဝကျယ်တို့ ဖြင့် အကွေ့အကောက်များ ပေါများသည်။ ပင်လယ်ကမ်းရိုး တန်းသည် အကွေ့အကောက် အလွန်များရကား ကျွန်းဆွယ်များ၊ အငူများ ဖြစ်နေသည်ကို တွေ့ရသည်။ ပင်လယ်နက်အတွင်းသို့ ထိုးထွက်နေသော ကရိုင်းမီးယားကျွန်းဆွယ်၊ မြေထဲပင်လယ်ထဲ သို့ ထိုးထွက်နေသော ဗော်လကန်ကျွန်းဆွယ်၊ အီတလီကျွန်းဆွယ်နှင့် အိုင်ဗီးရီးယန်းကျွန်းဆွယ်၊ ဗောလတစ်ပင်လယ်နှင့် မြောက်ပင်လယ်ထဲသို့ ထိုးထွက်နေသော စကန်ဒီနေဗီးယားကျွန်းဆွယ်တို့သည် ထင်ရှားသော ကျွန်းဆွယ်ကြီးများ ဖြစ်ကြသည်။ ယင်းသို့ ကုန်းတွင်းပင်လယ်များ၊ နက်ရှိုင်းသော ပင်လယ်အော်နှင့် ပင်လယ်ကွေ့များရှိသဖြင့် ဥရောပတိုက်တွင် မည်သည့်နေရာမှ ပင်လယ်နှင့် မိုင် ၁,ဝဝဝ ထက် ပိုမဝေးကြ ချေ။

ဥရောပတိုက်၏ ကမ်းရိုးလွန်ပင်လယ်၌ ကျွန်းကြီး၊ ကျွန်းကလေးပေါင်း များစွာလည်းရှိသည်။ ထင်ရှားသောကျွန်း ကြီးများမှာ နိုဗာဇင်းဗလား၊ ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်၊ အိုက်စလန်၊ ကော်ဆီကာ၊ ဆာဒင်နီးယား၊ စစ္စလီ၊ မော်လတာ၊ ကရိ၊ အိုင်အိုနီယန်နှင့် ဗဲလီးယားရစ်ကျွန်းတို့ ဖြစ်ကြသည်။

မြေမျက်နှာပြင်ဥရောပတိုက်၏ မြေမျက်နှာပြင်ကို အကြမ်းအားဖြင့် လေးပိုင်းပိုင်းနိုင်သည်။

  • (၁) ရှေးကျသော မြေသား (မြောက်ပိုင်းတွင်ရှိသည်)။
  • (၂) ရုရှမြေမြင့်လွင်ပြင်
  • (၃) ဥရောပလွင်ပြင်ကြီး
  • (၄) တောင်ပိုင်းရှိ သက်နုတွန့်ခေါက်တောင်တို့ ဖြစ်ကြ သည်။

ရှေးကျသောမြေသား။ ။ဥရောပမြောက်ပိုင်းရှိ ဆွီဒင်၊ ဖင်လန်၊ စကော့တလန်ကုန်းမြင့်ဒေသနှင့် အိုက်စလန်ကျွန်း တို့သည် ရှေး ကျသောမြေသားများဖြစ်ကြသည်။ ယင်းဒေသတိုင်း၌ သက်ရင့် ကျောက်၊ သလင်းကျောက်များ ပါဝင်သည်။ ထိုဒေသလေးခု စလုံးသည် တစ်ချိန်ကတစ်ပြင်တည်းဖြစ်ဟန်တူသည်။ သမုဒ္ဒရာ လှိုင်းတိုက်စား၍ အချို့မြေတို့နိမ့်ကျသွားရာ ယခုအခါ ပင်လယ် ကြီးများဖြစ်နေ၍ တိုက်စားမရဘဲ ကျန်နေခဲ့သော ကုန်းမြင့် များသည် ယခုအခါ ကုန်းမြေအဖြစ် ပင်လယ်ပြင်တွင်ပေါ်နေခဲ့ဟန်တူသည်။

ရုရှမြေမြင့်လွင်ပြင်။ ။ဥရောပတိုက်အတွင်းရှိ ရုရှတစ်နိုင်ငံလုံး လိုလိုပင် မြေမြင့်လွင်ပြင်ကြီး ဖြစ်သည်။ အောက်ခံသက်ရင့် ကျောက်မာတို့အပေါ်၌ သဲကျောက်၊ ထုံးကျောက်စသော သက်နုမြေတို့ ဖုံးနေသည်။

ဥရောပလွင်ပြင်။ ။အဲ့လပတောင်၏ မြောက်ဘက်ဒေသ တစ်လျှောက် အင်္ဂလန်ပြည် အရှေ့တောင်ပိုင်းမှ ပြင်သစ်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်း၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဂျာမနီ၊ ဒိန်းမတ်နှင့် ပိုလန်နိုင်ငံတို့ကို ဖြတ်ကာ ရုရှနိုင်ငံ ရောက်သည်အထိ ပြန့်ကျယ်သွားသည်။ ယေဘုယျအားဖြင့် လွင်ပြင်ဟုခေါ်သော်လည်း တောင်ကုန်းပေါများ၍ တစ်ခါတစ်ရံ တောင်တန်းကိုပင် တွေ့ရသေးသည်။ သို့ရာတွင် ပေ ၂,ဝဝဝ ထက်ကျော်သော တောင်ဟူ၍ရှားသည်။ ဘယ်လ်ဂျီယမ်နှင့်နယ်သာလန် မြေနိမ့်လွင်ပြင်တို့ကဲ့သို့ နေရာမျိုးသည် အလွန်နိမ့်ရကား ပင်လယ်ရေမျက်နှာပြင်အောက်ပင် နိမ့်သေးသည်။

သက်နုတွန့်ခေါက်တောင်တန်းများ။ ။ဥရောပတိုက်တောင်ပိုင်း တစ်လျှောက်လုံးလိုလိုသည် သက်နု တွန့်ခေါက် တောင်တန်းဒေသ ဖြစ်သည်။ ဥရောပတိုက် အလယ်ဗဟိုခန့်တွင်ရှိသော အယ်လ်ပ်တောင်တန်းမှ ဖြာထွက်နေသော တောင်တန်းများအပြင် စပိန်နှင့် ပြင်သစ်နိုင်ငံကြားရှိ ပီးရနီးတောင်တန်းတို့ ပါဝင်သည်။ အယ်လ်ပ်တောင်မှ အရှေ့တောင်ဘက်သို့ တောင်နှာမောင်းသဖွယ် ဖြာထွက်သောတောင်များမှာ အီတလီနိုင်ငံ၏ ကျောရိုးသဖွယ်ဖြစ်သော အက်ပနိုင်းတောင်တန်း၊ ပြင်သစ်နိုင်ငံ နီးစ်မြို့အနီးအထိ ဖြာထွက်သော မယ်ရီတိုင်း အယ်လ်ပ်တောင်တန်း၊ အီတလီနိုင်ငံ ထရီးယက်မြို့အနီးအထိ ဖြာထွက်သော ဂျူလီယန် အယ်လ်ပ်တောင်တန်း တို့ဖြစ်ကြသည်။ ဥရောပတိုက်၏အမြင့်ဆုံး တောင်ထိပ်ဖြစ်သည့် မောင့်ဗလင့်သည် အနောက်ပိုင်းရှိ အယ်လ်ပ်တောင်တန်းတွင်ရှိသည်။

ဥရောပတိုက်ရှိ မြစ်များသည် အခြားတိုက်ရှိမြစ်များ လောက် မရှည်သော်လည်း အသုံးဝင်၍ ထင်ရှားသောမြစ်များ ဖြစ်သည်။ အရှည်ဆုံးမြစ်သည် ဗော်လဂါမြစ်ဖြစ်သည်။ ဧရာ ဝတီမြစ်၏ နှစ်ဆခန့်ရှည်သည်။ ဒုတိယ အရှည်ဆုံး မြစ်မှာဒန်းညု မြစ်ဖြစ်၍ ပင်လယ်နက်ထဲသို့စီးဝင်သည်။ အခြားထင်ရှားသော မြစ်များမှာ မြေထဲပင်လယ်ထဲသို့ စီးဝင်သော အီဗရို၊ ရုန်းနှင့် ပိုးမြစ်၊ ပင်လယ်နက်ထဲသို့ စီးဝင်သော နီပါး၊ ဒနီးစတာနှင့် ဒွန်မြစ်၊ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းသို့ စီးဝင်သော ဂွါဒီ လကွီဗာ၊ ဂွါဒီယာနာ၊ တေးဂတ်နှင့် လွိုင်ယာမြစ်၊ အင်္ဂလိပ် ရေလက်ကြား ထဲသို့ စီးဝင်သော စိန်းမြစ်၊ မြောက်ပင်လယ်ထဲသို့ စီးဝင်သော ရိုင်းနှင့်အဲ့လဗမြစ်၊ ဗောလတစ်ပင်လယ်ထဲသို့စီးဝင် သော အိုဒါ၊ ဗစ္စတျူလာနှင့် ဒျူနာမြစ်၊ အာတိတ်သမုဒ္ဒရာထဲ သို့စီးဝင်သော ဒွီနာမြစ်တို့ဖြစ်ကြသည်။ အတ္တလန္တိတ်သမုဒ္ဒရာ ပြင်သစ်ကမ်းခြေမှ ဖင်းလန်ကွေ့အတွင်း စီးဆင်းသော မြစ်များ သည် လွင်ပြင်ကိုဖြတ်၍ ရေစီးနှေးစွာ စီးဆင်းရကား တစ်ခု နှင့်တစ်ခု တူးမြောင်းများဖောက်ကာ ဆက်သွယ်ထားသည်။ သို့ဖြစ်ရကား ယင်းတူးမြောင်းများကြောင့် ပြင်သစ်နိုင်ငံ၌ အတ္တ လန္တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်၊ ဂျာမနီနိုင်ငံ၌ မြောက်ပင်လယ်နှင့်ဘော်လတစ်ပင်လယ်၊ မြောက်ပင်လယ်နှင့်ပင်လယ်နက်၊ ရုရှနိုင်ငံ၌ အာတိတ်သမုဒ္ဒရာနှင့် ဘော်လတစ်ပင်လယ်၊ ဘော်လတစ်ပင်လယ်နှင့် ပင်လယ်နက်တို့ ဆက်မိကြသည်။

ဥရောပတိုက်တွင် မြစ်သာများသည်မဟုတ်၊ ရေအိုင် များလည်း ပေါများသည်။ အယ်လ်ပ်တောင်တန်းဒေသရှိ ရေအိုင် များသည် ရှုမျှော်ခင်းအလှကြောင့် ထင်ရှားသည်။ ကက်စပီယံပင်လယ်သည် ဥရောပတိုက်၏ အကြီးဆုံး ရေအိုင် ဖြစ်သည်။


သို့ရာတွင် ရေအလွန်ငန်သည်။ ဥရောပတိုက်၏ အကြီးဆုံး ရေချိုအိုင်များမှာ ရုရှနိုင်ငံထဲရှိ အိုနေဂါရေအိုင်နှင့် လဒိုဂါ ရေအိုင်များ၊ စကန်ဒီနေ ဗီးယားကျွန်းဆွယ်ရှိ ရေအိုင်စုများ၊ အင်္ဂလန်ပြည် ရေအိုင်ဒေသရှိ ရေအိုင်စုများဖြစ်ကြသည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

ဥရောပတိုက်သည် သမပိုင်းဇုန်အတွင်း လုံးဝကျရောက် နေသောတိုက် ဖြစ်သည်။ ယင်းသည် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း၊ ကနေဒါနိုင်ငံတို့နှင့် လတ္တီကျုတပြေးတည်း တည် ရှိနေသော်လည်း ရာသီဥတုသည် ထိုနိုင်ငံများ၏ ရာသီဥတု ထက်ညီမျှသည်။ အဘယ်ကြောင့်ဆိုသော် ရုရှနိုင်ငံမှတစ်ပါး ဥရောပတိုက်၏ မည်သည့်ဒေသမျှ ပင်လယ်နှင့်ဝေးသည့်ဒေသ ဟူ၍ မရှိချေ။ မြောက်အတ္တလန္တိတ် ရေပူကြောင်းခေါ် နွေးသော ရေစီးကြောင်းသည် ဥရောပအနောက်မြောက် ကမ်းခြေကိုကပ်၍ စီးသဖြင့် ယင်းဒေသသည် အအေးသက်သာသည်။ သို့ရာတွင် ဥရောပတိုက်ကို အနောက်မှအရှေ့သို့သွားလေလေ အေးလေလေ ဖြစ်သည်။ အာတိတ်စက်ဝိုင်းအတွင်း အအေးပိုင်းဇုန်၌ ကျရောက် နေသော ဥရောပမြောက်ပိုင်းဒေသကလေးသည်ပင် နွေးသော ရေစီးကြောင်းကိုဖြတ်တိုက်သည့် အနောက်လေကြောင်းကျသဖြင့် အခြားအအေးပိုင်းဇုန် ကျသော ဒေသများလောက် မအေးချေ။ ဥရောပတိုက် တောင်ဘက်ပိုင်း ဖြစ်သော မြေထဲပင်လယ် ပတ်ဝန်းကျင် ဒေသတစ်ဝိုက်သည် ဆောင်းရာသီ၌ ပူနွေးစိုစွတ်၍ နွေရာသီ၌ ပူပြင်းခြောက်သွေ့သည်။ ဥရောပတိုက် ကျန်အပိုင်း များသည် နွေရာသီ၌ မြောက်ဘက်သို့သွားလေလေ အေးလေ လေ ဖြစ်သည်။ ဥရောပအနောက်ပိုင်းနှင့် မြောက်ပိုင်းသည် တစ်နှစ်ပတ်လုံး မိုးရွာသောဒေသများဖြစ်သည်။ ယင်းဒေသများ တွင် မိုးရေချိန် တစ်နှစ်လျှင် လက်မ ၆ဝ ထက် မနည်းချေ။ တောင်ပိုင်း မြေထဲပင်လယ်တစ်ဝိုက်၌မူ ဆောင်းတွင်းတွင် မိုးရ သည်။ မိုးမရသောဒေသဟူ၍ မရှိသလောက်ဖြစ်ရကား ဥရောပ တိုက်တွင် သဲကန္တာရဒေသဟူ၍ လုံးဝမရှိချေ။

သဘာဝပေါက်ရောက်သောအပင်များဥရောပတိုက်ကို သဘာဝပေါက်ရောက်သော အပင် လိုက်၍ အပိုင်းကြီးငါးပိုင်း ပိုင်းနိုင်သည်။

(၁) မြောက်ဘက်ဆုံးရှိ တန်းဒြဒေသ နော်ဝေး၊ ဆွီဒင် နှင့်ရုရှနိုင်ငံတို့၏ မြောက်ပိုင်းတို့ ပါဝင်သည်။ ဆီးနှင်းများကျ ရောက်၍ ရေခဲဖုံးနေသဖြင့် သစ်ပင်များမပေါက်ရောက်နိုင်ဘဲ ရေညှိ ရေမှော် အနည်းငယ်သာ ပေါက်ရောက်သောဒေသ ဖြစ် သည်။

(၂) ရွက်ချွန်သစ်တောဒေသ အေးသောသမပိုင်းဒေသဖြစ်သည့် နော်ဝေး၊ ဆွီဒင်၊ ရုရှနိုင်ငံအလယ်ပိုင်းတို့၌ ပါဝင်သည်။ ယင်း ဒေသတွင် ထင်းရှူးမျိုးများပါဝင်သည့် ရွက်ချွန်သစ်တောများ ပေါက်ရောက်သည်။

(၃) ရွက်ကြွေသစ်တောဒေသ နွေးသောသမပိုင်းဒေသဖြစ်သည့် ဗြိတိသျှကျွန်းစု၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဒိန်းမတ်၊ ပိုလန်၊ ဂျာမနီနိုင်ငံအနောက်ပိုင်းတို့ ပါဝင်သည်။ တစ်နှစ်တစ်ကြိမ် အရွက်ကြွေသော သစ်ပင်များနှင့် သစ်မာများ ပေါက်သည်။ ယခုအခါ လူနေအိမ်ခြေ များလာသည့်အလျောက် သစ်တောများ ခုတ်ထွင်ရှင်းလင်း၍ အတော်ပင် ပါးနေလေသည်။

(၄) သမပိုင်းမြက်ခင်းဒေသ ရုရှနိုင်ငံတောင်ပိုင်းနှင့် ဟန်ဂေရီ လွင်ပြင်တို့ပါဝင်သည်။ စတက်မြက်ခင်းပြင် ဟုလည်း ခေါ်သည်။

တွေ့ရှိရသောသားကောင်များနှင့်ဓာတ်သတ္တုများ[ပြင်​ဆင်​ရန်​]

ဥရောပတိုက်သည် အာရှ၊ အာဖရိကစသောတိုက်များ နှင့်နှိုင်းစာလျှင် သားရဲတိရစ္ဆာန်ရိုင်းများ အလွန်နည်းပါးသော တိုက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သစ်တောများကို ခုတ် ထွင်၍ လူနေအိမ်ခြေများဆောက်ကာ မြို့များ တည်ထောင်ထား သောကြောင့်ဖြစ်သည်။ တိရစ္ဆာန်များကို အယ်လ်ပ်တောင်သစ်တော များ၌လည်းကောင်း၊ ပီးရနီးနှင့်ကာပေသီယန် တောင်တန်းများ၌ လည်းကောင်း၊ ဘလက်ဖောရက် သစ်တောများ၌လည်းကောင်း တွေ့ရှိရသည်။ တွေ့ရှိရသောတိရစ္ဆာန်များမှာ တောဆိတ်၊သမင်၊ ဒရယ်၊ ဆတ်၊ ရိန်းဒီးယားသမင်၊ ဝက်ဝံ၊ ဝံပုလွေ၊ မြေခွေး၊ ဖျံ၊ တောကြောင်တို့ဖြစ်ကြသည်။

ဥရောပတိုက်သည် သတ္တုအများအပြား ထွက်သော ဒေသဖြစ်သည်။ ကျောက်မီးသွေးကို နေရာအတော်များများ၌ တွေ့ရှိရသည်။ အထူးသဖြင့် ဗြိတိန်၊ စပိန်၊ ချက်ကိုစလိုဗားကီး ယား၊ ဂျာမနီ၊ ရုရှနိုင်ငံတောင်ပိုင်းတို့တွင် အများအပြား တွေ့ရှိ ရသည်။ သံကို ဆွီဒင်၊ ဂရိတ်ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြီးယားနှင့် ရုရှနိုင်ငံတို့တွင်လည်းကောင်း၊ သွပ်ကို ဂရိတ်ဗြိ တိန်၊ အီတလီနှင့် ဂျာမနီနိုင်ငံတို့တွင်လည်းကောင်း သံဖြူကို ဂရိတ်ဗြိတိန်နိုင်ငံ၊ ချက်- ဂျာမန် နယ်နိမိတ် ဒေသတစ်လျှောက်၌ လည်းကောင်း၊ ခဲကို ဂရိတ်ဗြိတိန်၊ စပိန်၊ ချက်ကိုစလို ဗားကီး ယား၊ ဂျာမနီနိုင်ငံ တို့၌လည်းကောင်း၊ ကြေးနီကို ဂရိတ်ဗြိတိန်၊ ဆွီဒင်၊ ရုရှနှင့် ဂျာမနီနိုင်ငံတို့၌ လည်းကောင်း၊ ပလက်တီနမ်၊ ရွှေနှင့်ငွေကို ယူရယ်တောင်တန်းဒေသနှင့် ကာပေသီယန်တောင် တန်းတို့၌လည်းကောင်း၊ ပြဒါးကို စပိန်နိုင်ငံနှင့် ကယင်သီးယား ပြည်နယ်တို့၌ လည်းကောင်း၊ ရေနံကို ရူမေးနီးယား၊ ပိုလန်၊ ရုရှနိုင်ငံတို့၌ အမြောက်အမြား၊ ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံ များနှင့် ဟန်နိုဗာ၊ အယ်လဆက်နယ်များ၌ အသင့်အတင့်တွေ့ ရှိရသည်။ အလွန်ရှားပါးသော ရေဒီယိုသတ္တိကြွ ဒြပ်စင်များကို လည်း ဥရောပတိုက်မှ အသင့်အတင့် ရရှိလေသည်။

လူမျိုးနှင့်ကိုးကွယ်သည့်အယူဝါဒ[ပြင်​ဆင်​ရန်​]

ဥရောပတိုက်သည် အကျယ်အဝန်းအားဖြင့် ဒုတိယ အငယ်ဆုံးတိုက် ဖြစ်သော်လည်း လူဦးရေအားဖြင့်မူ ဒုတိယ အများဆုံးတိုက်ဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ် ခန့်မှန်းခြေအရ ဥရောပတိုက်၏ လူဦးရေသည် ၄၆၆,ဝဝဝ,ဝဝဝ ဖြစ်သည်။ အာရှတိုက်တစ်တိုက်သာလျှင် ဥရောပတိုက်ထက် လူဦးရေများ လေသည်။ လူဦးရေ များသလောက်လည်း လူမျိုးပေါင်းလည်း များသည်။ ပါဝင်သည့်နိုင်ငံဦးရေထက် လူမျိုးဦးရေက များသေး သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံတွင် လူမျိုး တစ်မျိုးမကရှိသောကြောင့်ဖြစ်သည်။ ယူဂိုစလားဗီးယားတစ်နိုင်ငံထဲ၌ပင် ဆဗ်၊ ကရိုးအက်၊ ဆလိုဗင်း လူမျိုးဟူ၍ တိုင်းရင်းသား လူမျိုးသုံးမျိုးရှိသည်။ သို့ရာတွင် ဥရောပတိုက်ရှိ လူမျိုး များကို အဓိကအားဖြင့် ခြောက်စုခွဲနိုင်သည်။ (၁) ဂရိလူမျိုးစု၊ (၂) ပြင်သစ်၊ အီတာလျံ၊ စပင်းနစ်၊ ပေါ်တူဂီ၊ ရူမေးနီးယန်း၊ ဝေါလွန်းလူမျိုးများပါဝင်သည့် လက်တင်လူမျိုးစု၊ (၃)အိုင်းရစ်၊ ဝဲ့လရှ၊ ဗြိတိန်နှင့် စကော့တလန်မြေမြင့်သားတို့ ပါဝင်သော ကဲ့လူမျိုးစု၊ (၄) အင်္ဂလိပ်၊ ဂျာမန်၊ ဒပ်ချ်၊ဖလင်းမင်း၊ ဒိန်း၊ နော်ဝေးလူမျိုး၊ ဆွိလူမျိုးများ ပါဝင်သည့် ကျူတောနစ်လူမျိုးစု၊ (၅) ရုရှ၊ ပိုး၊ ချက် ဆလိုဗက်၊ ဆလိုဗင်း၊ ကရိုးအက်နှင့် ဆဗ်လူမျိုးတို့ပါဝင်သော ဆလာဗစ်လူမျိုးစု၊ (၆)လက်၊လစ်သူယေး နီးယန်းလူမျိုးတို့ပါဝင်သော ဗောလတစ်လူမျိုးစုတို့ဖြစ်ကြသည်။

ဥရောပတိုက်၌ နေထိုင်သူများအနက် ၉၆ ရာခိုင်နှုန်း သည် ခရစ်ယာန်အယူဝါဒီများဖြစ်ကြသည်။ ယင်းတို့အနက် ၄၄ ရာခိုင်နှုန်းသည် ရောမကက်သလစ်၊ ၂၇ ရာခိုင်နှုန်းသည် ပရို တက်စတန့်၊ ၂၅ ရာခိုင်နှုန်းသည် အောသိုဒေါ့ ဂိုဏ်းဝင်များ ဖြစ်ကြသည်။ အိုင်ယာလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ အနောက်ပိုင်းနှင့်တောင်ပိုင်း၊ အီတလီ၊ ဩစတြီးယား၊ ဟန်ဂေရီ၊ ပိုလန်နိုင်ငံများ၌ ရောမကက်သလစ် ဂိုဏ်းဝင်များ၍ ဖင်း၊ အက်စတိုးနီးယန်း၊ လက်လူမျိုးများနှင့် ချက်ကိုဆလိုဗား ကီးယား၊ ဟန်ဂေရီ အချို့ဒေသတွင် နေထိုင်သူများသည် ပရို တက်စတင့် ဂိုဏ်းဝင်များ ဖြစ်ကြသည်။ အောသိုဒေါ့ဂိုဏ်းဝင် အများမှာမူ အရှေ့ပိုင်းဆလဗ်၊ ဂရိ၊ ရုမေးနီးယန်းနှင့် အခြား ဗော်လကန် လူမျိုးများ ဖြစ်ကြသည်။

ဥရောပတိုက်သားတို့ ပြောဆိုသုံးစွဲသော စကားသည် ဘာသာပေါင်း ၆ဝ ခန့် ကွဲပြားလျက်ရှိသည်။ ယင်းတို့အနက် ဥရောပမြောက်ပိုင်းတို့၌ ပြောဆိုကြသော တျူတောနစ် ဘာသာ စကား၊ ဥရောပအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း၌ ပြောဆိုကြ သော ဆလာဗိုနစ် ဘာသာစကား၊ ဥရောပတောင်ပိုင်းနှင့် အနောက်ပိုင်းတို့၌ ပြောဆိုကြသော ရိုမန်နစ်ဘာသာစကားတို့ သာ အဓိကဘာသာစကားများ ဖြစ်ကြသည်။ အင်္ဂလိပ်ဘာသာ စကားကို တစ်ခါတစ်ရံ တျူတောနစ်ဘာသာစကားအစစ်ဟု ဆို ကြ၍ တစ်ခါတစ်ရံ တျူတောနစ်နှင့် ရိုမန်နစ်ဘာသာစကား နှစ်ခု ပေါင်းစပ်ထားသော ဘာသာစကားဟု ဆိုကြသည်။ ဘာ သာစကားတူသော်လည်း အသံကွဲလည်းရှိသေးသည်။ ပြင်သစ် နိုင်ငံတောင်ပိုင်း၌ပြောသော ပြင်သစ်စကားနှင့် မြောက်ပိုင်း၌ ပြောသော ပြင်သစ်စကားသည် ဘာသာခြင်း တူသော်လည်း အသံချင်းကွဲလေသည်။ ဥရောပ တိုက်ဒေသများများ၌ အင်္ဂလိပ်၊ ပြင်သစ်နှင့်ဂျာမန်ဘာသာစကားကို အသုံးများကြသည်။ အချို့ လူတို့သည် ယင်းဘာသာစကား သုံးမျိုးစလုံးကို ပြောနိုင်ကြ သည်။

အလုပ်အကိုင်[ပြင်​ဆင်​ရန်​]

ဥရောပတိုက်သည် စက်မှုလက်မှုထွန်းကားသော တိုက် ဖြစ်သဖြင့် ဥရောပတိုက်သားတို့သည်စက်မှုလက်မှုကို အဓိက ထား၍လုပ်ကိုင်ကြသည်ဟု ယူဆဖွယ်ဖြစ်သော်လည်း အမှန်အား ဖြင့်မူ လယ်ယာနှင့် မွေးမြူရေးလုပ်ကိုင်သူဦးရေက စက်မှုလက် မှုလုပ်ကိုင်သူဦးရေထက် များသည်ကိုတွေ့ရသည်။ ဥရောပတိုက် သည် အခြားတိုက်များထက် ဂျုံ၊ အာလူး၊ သကြား၊ အုတ်ဂျုံတို့ ပို၍ထွက်သည်။ ဥရောပတိုက်သားများ၏ အဓိက အစားအစာ မှာ ဂျုံနှင့် အာလူးဖြစ်သည်။ ယင်းတို့အပြင် ဘာလီ၊ ပြောင်း၊ မြင်းစားဂျုံ၊ သံလွင်သီး၊ စပျစ်သီးနှင့် အခြား အရည်ရွှမ်းသော အသီးအနှံများလည်း အမြောက်အမြားထွက်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်သည်။ မွေးမြူရေး လုပ်ငန်းများကိုလည်း တောင်စောင်းများ၊ မြက်ခင်းများနှင့် စပိန်ကုန်းပြင်မြင့်များ၌ အများအပြားလုပ်ကိုင်ကြသည်။ ဥရောပ အနောက်မြောက်ပိုင်းမှ လယ်ယာ လုပ်ကိုင်သူများသည် မွေးမြူရေး လုပ်ငန်းကိုပါ ပူးတွဲ လုပ်ကိုင်ကြသည်။

ဥရောပတိုက်ရှိ စက်မှုလက်မှုထွန်းကားသောနိုင်ငံများ မှာ ဗြိတိသျှကျွန်းစု၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှ၊ ဆွီဒင်၊ ဘယ်ဂျီ ယမ်၊ နယ်သာလန်၊ အီတလီမြောက်ပိုင်းနှင့် ချက်ကိုဆလို ဗားကီးယားနိုင်ငံတို့ဖြစ်ကြသည်။ အထူးသဖြင့် ကျောက်မီးသွေး နှင့် ရေအားလျှပ်စစ်ရရှိသော ဒေသများတွင် စက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလေသည်။ ဒုတိယကမ္ဘာစစ်အထိ စက်မှု လုပ်ငန်းများသည် ဥရောပတိုက် အနောက်ဘက်ပိုင်း၌သာ ထွန်း ကား၍ အရှေ့ပိုင်းနှင့် တောင်ပိုင်းသည် လယ်ယာလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်ကြသည်။ ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် ဥရောပတိုက် အရှေ့ပိုင်းဒေသများသည် ရုရှဩဇာခံဖြစ်လာသော အခါ ငါးနှစ်စီမံကိန်းများရေးဆွဲ၍ စက်မှုလုပ်ငန်းများကို အစိုးရ က အုပ်ချုပ်လုပ်ကိုင်သည်မှစ၍ စက်မှုထွန်းကားသော နိုင်ငံများ အဖြစ် ရောက်ရှိလာသည်။ ၁၉၆ဝ ပြည့်နှစ်သို့ ရောက်သောအခါ ဥရောပတိုက်ရှိ နိုင်ငံတိုင်း၏ စက်မှုလုပ်ငန်း ကုန်ထုတ်လုပ် အားသည် စစ်မဖြစ်မီကစံချိန်ထက် ပိုလာသည်ကို တွေ့ရသည်။

၁၉၅၂ ခုနှစ်မှစ၍ ဥရောပရှိ ပြင်သစ်၊ အနောက်ဂျာမနီ၊ ဘယ် လဂျီယန်၊ အီတလီ၊ နယ်သာလန်နှင့် လပ်ဇင်ဗူးနိုင်ငံ ခြောက် နိုင်ငံတို့သည် ပူးပေါင်း၍ ဥရောပတိုက် ကျောက်မီးသွေးနှင့် သံမဏိလုပ်ငန်းစုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့က ထိုဒေသ များမှထွက်သော သံမဏိနှင့် ကျောက်မီး သွေးထုတ်လုပ်ရေး၊ ရောင်းချရေးတို့ကို စီမံဆောင်ရွက်သည်။ ထိုအဖွဲ့၏ လုပ်ငန်း ရည်မှန်းချက်ပန်းတိုင်ကား တစ်နှစ်လျှင် သံမဏိတန်ချိန် ၄၂ ဝဝဝဝဝဝ နှင့် ကျောက်မီးသွေးတန်ချိန် ၂၅ဝဝဝဝဝဝ ထုတ်ရန်ဖြစ်သည်။ ယင်းသို့ထွက်ပါက ဆိုဗီယက်ရုရှနိုင်ငံမှထွက် သော သံမဏိတန်ချိန်ထက် တစ်နှစ်လျှင် ၁၇ဝဝဝဝဝဝတန် ပိုမည်ဖြစ်သည့်အပြင် ရူးဝါးဒေသကိုလည်း ကမ္ဘာပေါ်တွင် သံမဏိနှင့် ကျောက်မီးသွေး အထွက်ဆုံးဒေသ ဖြစ်လာစေမည်။

ဥရောပတိုက်တွင် နိုင်ငံကြီးပေါင်း ၂၇ နိုင်ငံနှင့် နိုင်ငံ ငယ်ကလေးပေါင်း ရှစ်နိုင်ငံပါဝင်သည်။ ဗက်တီကန်နန်းမြို့ ကဲ့သို့ တစ်စတုရန်းမိုင်၏ ခြောက်ပုံတစ်ပုံကျယ်သော နိုင်ငံ ကလေးမှ ၁၈ဝ၄၅၇၉ စတုရန်းမိုင်ကျယ်သော ဆိုဗီယက်ရုရှ နိုင်ငံကြီးအထိပါဝင်သည်။ ယင်းသည့်နိုင်ငံများမှာ ချက်ကိုဆလို ဗားကီးယား၊ ဂရိ၊ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ ဂျာမနီ)၊ ဂျာမန်ပြည်ထောင်စုသမ္မတနိုင်ငံ (အနောက်ဂျာမနီ)၊ စပိန်၊ စိုက်ပရပ်၊ ဆိုဗီယက်ရုရှ၊ ဆန်မာရီနို၊ ဆွီဒင်၊ ဆွစ်ဇာ လန်၊ တူရကီ၊ ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူဂယ်၊ ပိုလန်၊ ပြင်သစ်၊ ဖင်းလန်၊ ဘူလဂေးရီးယား၊ ဘယ်လဂျီယမ်၊ ဗက်တီကန်နန်းမြို့၊ မော်လတာ၊ မိုနာကို၊ ယူဂိုစလားဗီးယား၊ ယူနိုက်တက်ကင်းဒမ်း၊ ရူမေးနီးယား၊ လိချတင်စတိုင်း၊ လပ်ဇင် ဗူး၊ ဟန်ဂေရီ၊ အီတလီ၊ အယ်လဗေးနီးယား၊ ဩစတြီးယား၊ အင်ဒိုရာ၊ အိုက်စလန်၊ အိုင်ယာလန် တို့ဖြစ်၏။ ဥရောပတိုက် နိုင်ငံများ၏ နယ်နိမိတ်များသည် စစ်တစ်ခါဖြစ်လျှင် တစ်ခါ အပြောင်းအလဲ ဖြစ်လေ့ရှိသည်။ ဥရောပတိုက်ကို နိုင်ငံရေး၊ ဝါဒရေးများအရ အကြမ်းအားဖြင့် အပိုင်းကြီးနှစ်ပိုင်းခွဲနိုင်သည်။ ကွန်မြူနစ်အုပ်စုပိုင်းနှင့် ကွန်မြူနစ်မဟုတ်သော အုပ်စုပိုင်းတို့ ဖြစ်သည်။ ကွန်မြူနစ်အုပ်စုကို အရှေ့အုပ်စုဟုခေါ်၍ ကွန်မြူနစ် မဟုတ်သောအုပ်စုကို အနောက်အုပ်စုဟုခေါ်သည်။ အရှေ့အုပ်စု ဝင် နိုင်ငံများသည် ဗောလတစ်ပင်လယ်မှ ပင်လယ်နက်အကြား ရှိ နိုင်ငံများဖြစ်၍ များသောအားဖြင့် ရုရှဩဇာခံများဖြစ်ကြ သည်။ ယင်းတို့ကို ဝါဆောစာချုပ် အဖွဲ့ဝင်နိုင်ငံများဟုခေါ်၍ စစ်ရေးစစ်ရာ ပူးပေါင်းဆောင်ရွက်ရန်အတွက် မဟာမိတ်စာချုပ် ချုပ်ဆိုထားလေသည်။ ၁၉၄၉ ခုနှစ်မှစ၍ အညမည စီးပွားရေး ကူညီမှုကောင်စီဖွဲ့ကာ စီးပွားရေးစုစည်းဆောင်ရွက်ကြသည်။ အနောက်အုပ်စု ကလည်း ၁၉၄၅ ခုနှစ်မှစ၍ နည်းအမျိုးမျိုးဖြင့် စုစည်းကြသည်။ စစ်မှုစစ်ရာအတွက် နေတိုးဟု အတိုကောက် ခေါ်သော မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ ဖွဲ့၍လည်းကောင်း၊ စီးပွားရေးအတွက် စီးပွားရေးစုပေါင်းလုပ်ကိုင်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့၊ ဗဲနီလပ်ယူနီယံ၊ ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့၊ ဥရောပဘုံဈေး စသည်တို့ဖွဲ့ကြသည်။ အုပ်ချုပ်ရေးအတွက် ဥရောပပါလီမန် တည်ထောင်ရန် ဆောင်ရွက်နေခြင်းပင် ခရီး အသင့်အတင့် ရောက်လျက်ရှိသည်။

ဥရောပတိုက်တွင် ကွန်မြူနစ်အုပ်စုနှင့် ကွန်မြူနစ် ဆန့်ကျင်ရေးအုပ်စုသာ ရှိသည်မဟုတ်၊ ကြားနေနိုင်ငံများလည်း ရှိသည်။ ဆွစ်ဇာလန်၊ ဆွီဒင်၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ဖင်လန် နိုင်ငံစသည်တို့ဖြစ်သည်။

သမိုင်း[ပြင်​ဆင်​ရန်​]

ခရစ်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝ ကျော်ကပင် ဥရောပတိုက်တွင် ယဉ်ကျေးမှုထွန်းကားခဲ့သည်။ ဂရိကျွန်းဆွယ်တောင်ဘက် မြေထဲပင်လယ်ရှိကရိကျွန်းစုမှ ဥရောပယဉ်ကျေးမှု စတင်ခဲ့လေသည်။ ကရိကျွန်းသူ ကျွန်းသားများသည် အနီးရှိ ဂရိကျွန်းဆွယ်သို့ ရွက်သင်္ဘောများလွှင့်ကာ သွားလာရောင်းဝယ်ရာမှ ခရစ်မပေါ်မီ အနှစ် ၁ဝဝဝ လောက်တွင် ဂရိကျွန်းဆွယ်သို့ ယဉ်ကျေးမှုရောက်လာသည်။ ထိုအချိန်တွင် ဂရိကျွန်းဆွယ်သို့ အာရှတိုက်မှဘက်ဘီလုံယဉ်ကျေးမှု၊ အာဖရိကတိုက်မှအီဂျစ်ယဉ်ကျေးမှုတို့ ရောက်ရှိလာပြန်ရာ ဂရိယဉ်ကျေးမှုသည် တစ်ဟုန်တည်းတိုးတက်လာသည်။ ဘီစီ ၅ဝဝ ခန့်ရောက်သောအခါ ဂရိနိုင်ငံတွင် လူထုမဲဆန္ဒပေးပွဲများကျင်းပကာ နိုင်ငံငယ် လေးများ ထူထောင်ကြသည်။ အေသင်နိုင်ငံ၊ စပါးတားနိုင်ငံ စသည်ဖြင့် ပေါ်ပေါက်လာရာ အေသင်နိုင်ငံသည် ယဉ်ကျေးမှု ဗဟိုအချက်အချာဒေသ ဖြစ်လာသည်။

ဂရိကျွန်းဆွယ်၏အနောက်ဘက်ရှိ အီတလီကျွန်းဆွယ်၌လည်း ဘီစီ ၁ဝဝဝခန့်ကပင် ယဉ်ကျေးမှုများ ထွန်းကားလျက်ရှိသည်။ အီတလီကျွန်းဆွယ်၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဒေသသည် ရောမမြို့ဖြစ်သည်။ ဂရိယဉ်ကျေးမှုနှင့် ရောမယဉ်ကျေးမှုသည် ခေတ်ပြိုင်လည်းဖြစ်၊ ဒေသချင်းလည်း နီးစပ်ရကား ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံလျှက်ရှိသဖြင့် အချို့က ဂရိကို ရိုမန်ယဉ်ကျေးမှုဟုပင် ပေါင်း၍ခေါ်ကြသည်။ ရောမလူမျိုးတို့သည် အဆင့်အတန်းမြင့်လှသော ယဉ်ကျေးမှုကို ဂရိတို့ထံမှ သင်ယူကြသည်။ ထို့ကြောင့် ရောမတို့၏ အနုပညာလက်ရာများတွင် ဂရိတို့၏အနုပညာလက်ရာ အငွေ့အသက် မကင်းချေ။ ရောမတို့သည် အုပ်ချုပ်ရေး၌လည်းကောင်း၊ စစ်မက်ရေး၌လည်းကောင်း အင်အားတောင့်လာသောအခါ ရောမနိုင်ငံတော်ကို ချဲ့ထွင်၍ အင်ပိုင်ယာတည်ထောင်ကြသည်။ ရောမအင်ပိုင်ယာသည် မြေထဲပင်လယ်တစ်လျှောက် အရှေ့စွန်းမှ အနောက်စွန်းတိုင် ရောက်ရုံမက မြောက်ဘက်အင်္ဂလန်ပြည်သို့ပင်တိုင်သည်။ ရောမတို့သည် လမ်းများဖောက်လုပ်ခြင်း၊ အုပ်ချုပ်ရေးဥပဒေများ ပြဌာန်းခြင်းတို့ ပြုကြသည်။ ရောမတို့သည် ဂရိတို့ကို အနုပညာနှင့်စာပေအရာတွင် မမီချေ။ သို့ရာ တွင် ဂရိတို့ထက် လက်တွေ့လုပ်ငန်းများ၌ သာသည်ဟု ဆိုရ ပေမည်။ စည်းရုံးရေး၊ အုပ်ချုပ်ရေးတို့၌ ရောမတို့သည် အထူး ကျွမ်းကျင်သူများဖြစ်ကြသည်။ ဂရိတို့သည် အနုပညာနှင့် ဒဿနိကဗေဒတို့ကို နှစ်သက်ကြသကဲ့သို့ ရောမတို့သည် ဥပဒေပညာကို နှစ်သက်ကြသည်။ ဂျပ်စတင်းနီးယန်းမင်း လက်ထက်တွင် ရောမနိုင်ငံ၌ ပြဌာန်းခဲ့သမျှသော ဥပဒေများကိုလည်းကောင်း၊ ထုတ်ပြန်ခဲ့သမျှသော ဥပဒေများကိုလည်းကောင်း တစုတပေါင်းတည်း ပြုလေသည်။ ထိုဥပဒေစုကို ယခုအခါတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံအများအပြားက သုံးစွဲလိုက်နာနေကြလေသည်။

လေးရာစုနှစ်ခန့် ရောက်သောအခါ ရောမအင်ပိုင်ယာကြီးသည် အနောက်ရောမ၊ အရှေ့ရောမဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ ယင်းသို့ယိမ်းယိုင်စဉ် ဖရန့်၊ ဗာဂန်ဒီယန်၊ ဗင်းဒေါ၊ ဂေါလ၊ ဗီစီဂေါ့သ၊ လောင်းဗတ၊ ဆက်ဆွန်၊ အန်းဂဲစသော ဥရောပ အရိုင်းလူမျိုးများသည် ကျီးပြိုသကဲ့သို့ပြို၍ ရောမဖက်ဆီသို့ ဆင်းလာကြရာ ရောမတို့ မခုခံနိုင်တော့သဖြင့် အရိုင်းလူမျိုးများလက်သို့ လုံးဝကျရောက်သွားသည်။ အချို့လည်း ရောမယဉ်ကျေးမှု ဟူသမျှကိုဖျက်၍ တစ်ထီးတစ်နန်း ထူထောင်ကြသည်။ ရောမခေတ်သည် ခရစ်နှစ် ၄၇၂ ခုတွင် ကုန်ဆုံးသည်ဟု အချို့ကဆိုကြသည်။ သို့ရာတွင် နောက်ထပ် ပေါ်ထွန်းလာသော ဥရောပအလယ်ပိုင်းနိုင်ငံများ၏ ယဉ်ကျေးမှုကို လွှမ်းမိုးနိုင်လောက်အောင် ထင်ရှားခြင်းမရှိစေကာမူ လုံးဝမှေးမှိန်သွားခြင်းကားမရှိချေ။

ရောမခေတ်မှေးမှိန်သည့် ငါးရာစုနှစ်မှ ၁၅ ရာစုနှစ်အတွင်း အနှစ်တစ်ထောင်ကာလကို ဥရောပအလယ်ခေတ်ဟု ခေါ်သည်။ အရိုင်းလူမျိုးတို့ ဝင်ရောက်တိုက်ခိုက်ရာဖြစ်သောဒေသများတွင် ထီးပြိုင်နန်းပြိုင်များပေါ်လာကြသည်။ လောင်းဗတ်တို့သည် ယခုခေတ် အီတလီနိုင်ငံတည်ရာဒေသ၌ မင်းမူကြသည်။ ဖရန့်တို့သည် ယခုခေတ် ပြင်သစ်နှင့်ဂျာမနီနိုင်ငံတည်ရာဒေသ၌ မင်းမူကြသည်။ ဆက်ဆွန်နှင့် အန်းဂဲတို့သည် ယခုခေတ်ဗြိတိန် နိုင်ငံတည်ရာဒေသ၌ မင်းမူကြသည်။ သို့ရာတွင် ရောမတို့၏ ဓလေ့ထုံးစံကို ဖျက်ဆီးခြင်းမပြုဘဲ လက်ခံကြသူက လက်ခံကြ သည်။ ရောမတို့၏ လက်တင်ဘာသာနှင့် စာစကားကိုသုံးစွဲလာ ကြသည်။ ကာလကြာသော် ရောမလူမျိုးနှင့် အရိုင်းလူမျိုးတို့ သွေးနှောရောယှက်လာကြသည်။ ရောမယဉ်ကျေးမှု နေရာတွင် အုပ်ချုပ်ရေး၊ နေထိုင်စားသောက်ရေး၊ ပျော်ရွှင်ရေးစသော ဥရောပ ယဉ်ကျေးမှုအသစ် ထွန်းကားလာသည်။

ရောမနိုင်ငံ မပျက်သုဉ်းမီက ထွန်းကားစပြုလာသော ခရစ်ယာန်သာသနာသည် ရောမနိုင်ငံကြီး ပျက်သုဉ်းပြီးသော အခါ ဥရောပတိုက်တွင် ပိုမိုထွန်းကားလာသည်၊ ၆ ရာစုနှစ်ခန့် တွင် ဖရန့်လူမျိုး၊ ဗီစီဂေါ့သလူမျိုးနှင့် ဗြိတိန်ကျွန်းသားများ ခရစ်ယာန်သာသနာဝင်များ ဖြစ်လာကြသည်။ နောင်အခါတွင် ဥရောပရှိ လူမျိုးအားလုံးပင် ခရစ်ယာန်သာသနာဝင်များ ဖြစ် လာကြသည်။ ခရစ်ယာန်ဘုန်းတော်ကြီးများသည် မိမိတို့၏ ကျောင်းများ၌ ပညာသင်ပေးကြသည်။ ရှေးဟောင်းစာပေများကို ရေးမှတ်ထိန်းသိမ်းကြသည်။ ကျမ်းသစ်များကို ရေးသားပြုစုကြသည်။ မိဘမဲ့ကလေးများ၊ မစွမ်းမသန်သူများကို ကျွေးမွေး ထိန်းသိမ်းကြသည်။ လူနာများကိုလက်ခံ၍ ဆေးကုသပေးကြသည်။ ငါးရာစုနှစ်မှ တဆယ်ရာစုနှစ်အတွင်းဖြစ်သော အမှောင် ခေတ်တွင် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းများသည် နေရောင် လရောင်ကဲ့သို့ အမှောင်ခွင်း၍ အလင်းဆောင်ကြသည်။

ရှစ်ရာစုနှစ်မှ ကိုးရာစုနှစ်အတွင်း၌ ဥရောပတိုက်တွင် ဖရန့်လူမျိုးတို့၏ဒေသသည် တန်ခိုးအကြီးဆုံးသော နိုင်ငံဖြစ်သည်။ ဖရန့်နိုင်ငံလက်အောက်သို့ ဗီစီဂေါ့သလူမျိုးများ ဗာဂန်ဒီယန်လူမျိုးများ ကျရောက်လာသည်။ ဖရန့်မင်းများအနက် ရှားလမိန်းဘုရင် (၇၆၈ -၈ဝ၄) သည် အထင်ရှားဆုံးဖြစ်သည်။ ရှားလမိန်းဘုရင် လက်ထက်တွင် လောင်းဗတ်လူမျိုးတို့သည် ပုပ်ရဟန်းမင်း၏ ရောမမြို့နှင့် အီတလီအလယ်ပိုင်းဒေသတို့သို့ ဝင်ရောက်နှောင့်ယှက်လေ့ရှိရာ ထိုလောင်းဗတ်တို့ရန်ကို ရှားလမိန်းသည် နှိမ်နင်းနိုင်လေသည်။ ထို့ပြင် အာရေဗျနိုင်ငံကို ဗဟိုပြု၍ စပိန်နိုင်ငံအထိ နယ်ချဲ့တိုက်ခိုက်လာသော မွတ်စလင်အာရပ်တို့ကိုလည်း တွန်းလှန်နိုင်လေသည်။ ( ရှားလမိန်းဘုရင်။)

ရှားလမိန်းဘုရင် လက်ထက်၌ပင် မြေငှား၍ နိုင်ငံကို အုပ်ချုပ်သော မြေငှားအစိုးရစံနစ်(ဝါ)ကံကျွေးချစံနစ်ပေါ်ပေါက် လာသည်။ ( ကံကျွေးချစံနစ်။) ကိုးရာစုနှစ်အတွင်း၌ ရှားလမိန်းဘုရင် ကွယ်လွန်သော အခါ နောက်ဆက်ခံသော မင်းများသည် အင်အားမရှိကြချေ။ သားတော်ကြီးသုံးပါးသည် ရှားလမိန်း၏ နိုင်ငံတော်ကို သုံးပိုင်း ခွဲ၍ ယူကြသည်။ နောင်အခါတွင် ထိုသုံးပိုင်းမှ ပြင်သစ်နိုင်ငံ ဟူ၍လည်းကောင်း ဂျာမနီနှင့်အီတလီတို့ ပူးပေါင်း၍ ရောမ သာသနာစောင့်နိုင်ငံ ဟူ၍လည်းကောင်း ဖြစ်ပေါ်လာသည်။ ( ရောမသာသနာစောင့်နိုင်ငံ၊၊)

ရောမနိုင်ငံပျက်သုဉ်း၍ ဗြိတိသျှကျွန်းမှ ရောမလူမျိုးတို့ ဆုတ်ခွာကြသောအခါ ဥရောပမှဆက်ဆွန်နှင့် အန်းဂဲလူမျိုးတို့ သည် ဗြိတိသျှကျွန်းသို့ လာရောက်တိုက်ခိုက်ကာ တစ်ထီး တစ်နန်းထူထောင်၍ မင်းမူကြသည်။ ကိုးရာစုနှစ်လောက်တွင် အဲလဖရက်မင်းလက်ထက်၌ ဗြိတိန်ကျွန်းသားများနှင့်ဆက်ဆွန်၊ အန်းဂဲလူမျိုးတို့သည် သွေးနှောစည်းလုံးမိ၍ အင်္ဂလန်ပြည်ဟူ၍ ဖြစ်ပေါ်လာလေသည်။ ထိုမင်းလက်ထက်တွင် ဒိန်းလူမျိုးတို့ သည် ဥရောပဘက်မှ ဗြိတိန်ကျွန်းသို့ ရောက်လာနေထိုင်ကြရာ ဒိန်းနှင့်အင်္ဂလန်ပြည်သားတို့ သွေးနှောသွားကြလေသည်။တစ်ဖန် ၁၁ ရာစုနှစ်လောက်တွင် ဥရောပတိုက်ဘက်မှ နော်မန်လူမျိုး များသည် အင်္ဂလန်ပြည်သို့ ရောက်လာကြပြန်သည်။ နော်မန် တို့၏ခေါင်းဆောင် ဝီလျံဘုရင်သည် အင်္ဂလိပ်ဘုရင်ကို တိုက်ခိုက်ရာအောင်မြင်သဖြင့် အင်္ဂလန်ကိုလွှမ်းမိုးအုပ်ချုပ်ပြန်သည်။ ကာလကြာသော် နော်မန်လူမျိုးတို့သည် အင်္ဂလန်ပြည်သားများ နှင့် သွေးနှောသွားကြပြန်လေသည်။ ယင်းသို့ဖြင့် အင်္ဂလန်ပြည်သည် စည်းလုံးလာ၍ အင်အားတောင့်တင်းသော နိုင်ငံတနိုင်ငံ ဖြစ်လာလေသည်။

ဥရောပအလယ်ခေတ်သည် အစ္စလာမ်သာသနာနှင့် ယဉ်ကျေးမှုထွန်းကားသောခေတ် ဖြစ်သည်။ ခရစ်နှစ် ၆ဝဝ ခန့် တွင် အာရေဗျနိုင်ငံ၌ တမန်တော်မို့ဟမ္မဒ် ပေါ်ပေါက်လာသော အခါ အစ္စလာမ်သာသနာ ထွန်းကားလာသည်။ အစ္စလာမ် သာသနာသည် အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်း တို့မှ တစ်ဆင့် ဥရောပတိုက် စပိန်နိုင်ငံအထိပြန့်ခဲ့သည်။ အစ္စလာမ် သာသနာ ပြန့်ပွားသလောက် ယဉ်ကျေးမှုလည်း ပါခဲ့သည်။ မွတ်စလင်အင်ပိုင်ယာသည် ရောမအင်ပိုင်ယာထက် ကျယ်ဝန်း သည်။ မွတ်စလင်ယဉ်ကျေးမှုကား ခရစ်နှစ် ၇ဝဝနှင့်၈ဝဝကြား၌ အထွန်းကားဆုံး ဖြစ်သည်။

၁၁ ရာစုနှစ်ခန့်တွင် အစ္စလာမ်သာသနာဝင် ဆယ်လ ဂျွတ်တရက် တို့သည် ခရစ်ယာန်ဘာသာဝင် နိုင်ငံဖြစ်သော အရှေ့ရောမနိုင်ငံကိုတိုက်ခိုက်၍ အရှေ့ရောမနိုင်ငံပိုင်သော အာရှ မိုင်းနားကျွန်းဆွယ်ကို သိမ်းပိုက်လေသည်။ ခရစ်တော်၏ သင်္ချိုင်းတော်ရာရှိသော ဂျေရုဆလင်မြို့ကို ပြန်လည်ရရှိရန် လည်းကောင်း ဥရောပနိုင်ငံများသည် တရက်တို့အား စတင် တိုက်ခိုက်ကြသည်။ ထိုစစ်ပွဲများကို ကရူးဆိတ်စစ်ပွဲများဟုခေါ် သည်။ ( ကရူးဆိတ်စစ်ပွဲများ။) ၁၂ ရာစုနှစ်အတွင်း မွတ်စလင်စစ်တပ်များနှင့် ခရစ်ယာန်စစ်တပ်များသည် သွေးချောင်းစီးမျှ တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် ဥရောပဘုရင်များသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကြသောကြောင့် စစ်ရှုံးကြလေသည်။ ဥရောပတိုက်သားတို့သည် စစ်ရှုံးကြ သော်လည်း အရှေ့နိုင်ငံသို့ ပေါက်ရောက်ဘူးကြပြီဖြစ်၍ အမြင်ကျယ် လာကြသည်။ သာသနာ့ဝန်ထမ်း သူရဲကောင်းများ တီထွင်ခဲ့သော စစ်လမ်းများသည် ကုန်စည်သွင်းရာ လမ်းမကြီးများ ဖြစ်လာကြသည်။ ထိုလမ်းများ တလျှောက်တွင် အရောင်းအဝယ် စည်ကားသဖြင့် မြို့ကြီးများ ထွန်းကားလာသည်။ အထူးသဖြင့် အီတလီနိုင်ငံမြောက်ပို်င်းတွင် မြို့ကြီးအများပေါ်ထွန်းလာသည်။ မြို့ကြီးများ ထွန်းကားလာသည်နှင့်အမျှ တက္ကသိုလ်များလည်း တည်ထောင်နိုင်လာသည်။ အီတလီတောင်ပိုင်းရှိ ဆလာနိုဆေး တက္ကသိုလ်၊ မြောက်ပိုင်းရှိ ဗလုံးညားတက္ကသိုလ်၊ ပြင်သစ်နိုင်ငံရှိ ပါရစ်တက္ကသိုလ်၊ အင်္ဂလန်ပြည်ရှိ အောက်စဖို့တက္ကသိုလ် တို့ ဖြစ်ကြသည်။

ဂျာမနီနှင့် အီတလီတို့ ပေါင်းစပ်ထားသည့် ရောမ သာသနာစောင့် နိုင်ငံတော်သည် ဧကရာဇ်များနှင့် ပုပ်ရဟန်း များ အာဏာလုနေကြသောကြောင့် တဖြည်းဖြည်း အားနည်း လာသည်။ စစ်ပွဲကလေးများလည်း အမြဲလိုလို ဖြစ်ပွားနေလေ သည်။ ရောင်းဝယ်ရေးကြောင့် ကြီးပွားလာသော မြို့ကြီးများ သည် အချင်းချင်း ညှိနှိုင်းတိုင်ပင်လျက် သမဂ္ဂဖွဲ့စည်းထားကြ သည်။ ထိုမြို့များသည် သာသနာပိုင်နှင့် ဧကရာဇ် အာဏာလုပွဲ များတွင် မစွက်ဖက်ပဲ ရောင်းဝယ်ရေးကိုသာ ဂရုစိုက်နေကြ၏။ ဂျာမနီတောင်ပိုင်း၌ရှိသော မြို့ရွာဒေသများသည် နိုင်ငံရေးရာ ရှုပ်ထွေးလွန်းသောကြောင့် လွတ်လပ်အေးချမ်းစွာနေနိုင်ရန် သမဂ္ဂဖွဲ့စည်းပြီးလျှင် လွတ်လပ်သောနိုင်ငံတစ်ခု တည်ထောင်ကြ သည်။ ယင်းနိုင်ငံကို ဆွဇ်ဇာလန်နိုင်ငံဟု ခေါ်သည်။ ( ဆွဇ်ဇာလန်နိုင်ငံ။)

ဥရောပအလယ်ခေတ်သည် ၁၄ ရာစုနှစ် ကုန်ခါနီး လောက်တွင် တစ်မျိုးတစ်ဖုံ ပြောင်းလဲလာသည်။ ၁၄ ရာစုနှစ် ကုန်ခါနီးလောက်တွင် ဥရောပတိုက်သားတို့သည် ရှေးဟောင်း ဂရိစာပေနှင့်ရောမစာပေတို့ကို လေ့လာပြီးနောက် ဝေဖန်တတ်လာကြသည်။ အတွေးသစ်ကို တွေးလာကြ၍ ဉာဏ်သစ်ကို ထုတ်လာကြသည်။ ထိုသို့ အတွေးသစ်ကိုတွေး၍ ဉာဏ်သစ်ကို ထုတ်ကြသောအခါ ခေတ်ဟောင်းသမားများနှင့် အတိုက်အခံဖြစ် ကြရလေသည်။ နောက်ဆုံးတွင် ခေတ်သစ်သမားတို့အနိုင်ရကြ၍ ဥရောပတွင် ခေတ်သစ် ထွန်းကားလာရသည်။ ယင်းသို့ ထွန်း ကားလာသောခေတ်ကို ဥရောပတိုက်သမိုင်းတွင် ဉာဏ်သစ် အရေးပုံဟုခေါ်လေသည်။ ( ဉာဏ်သစ်အရေးပုံ။)

အလယ်ခေတ် ယဉ်ကျေးမှု အဆောက်အအုံပေါ်တွင် အခြေပြုကာ နှောင်းခေတ် ယဉ်ကျေးမှုတို့ တစ်ဆင့်ထက်တစ်ဆင့် အသစ်အသစ် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့သောခေတ်ဖြစ်သည်။ အတွေးအခေါ်ဖက်၌လည်းကောင်း၊ အနုပညာဖက်၌လည်းကောင်း၊ စာပေဖက်၌လည်းကောင်း၊ သိပ္ပံပညာဖက်၌လည်းကောင်း အကြံသစ်များ အသစ် တီထွင်လိုသောစိတ်ဓာတ်များ ပေါ်လာကြသည်။

ဥရောပအလယ်ခေတ်က နူးညံ့သောသားရေပေါ်၌ စာရေး၍ စာအုပ်အဖြစ် ချုပ်လုပ်လာကြသည်။ ထိုစာအုပ်မျိုး တစ်အုပ်ရဖို့အတွက် အချိန်အတော်ကြာစောင့်ရရုံမက ငွေကြေး လည်း အကုန်အကျများသည်။ ဉာဏ်သစ်အရေးပုံ စတင်ပေါ် ချိန်တွင် ဂျာမနီနိုင်ငံသားဂူတင်းဗတ်သည် သစ်သားစာလုံးများ ကိုပြု၍ ပုံနှိပ်စက်ကို တီထွင်လေသည်။ နယ်သစ်များကိုလည်း စူးစမ်းရှာဖွေကြသည်။ ထိုခေတ်တွင်ပင် အာဖရိကကမ်းရိုးတန်း တစ်လျှောက်ကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံကိုလည်းကောင်း၊ အမေရိကတိုက်ကိုလည်းကောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ယင်းသို့ အသစ်အဆန်းများကို ရှာဖွေကြံဆတွေ့ရှိရုံသာမက သာသနာ ပြုပြင်ရေးကိုလည်း ဆောင်ရွက်ခဲ့ကြသည်။ သာသနာပြုပြင်ရေး ခေါင်းဆောင်မှာ ဂျာမန်လူမျိုး မာတင်လူသာ ဖြစ်သည်။ ( လူသာ၊မာတင်း။)

ဥရောပရှိ အခြားနိုင်ငံများ၌လည်း မာတင်လူသာဆောင်ရွက်ပုံကို အားကျကြသဖြင့် ပရိုတက်စတန့်ဂိုဏ်း တည်ထောင်ကြသည်။ လူတို့ စိတ်ဓာတ်ပြောင်းလာသည်နှင့်အမျှ တိုင်းပြည်အုပ်ချုပ်ရေးလည်းပြောင်းလာလေသည်။ ဥရောပအလယ်ခေတ်က ကံကျွေးချ စံနစ်နှင့် ထိုစံနစ်အရ အုပ်ချုပ်သောအစိုးရစံနစ်သည် ကွယ်ပျောက်၍ ဘုရင့်အုပ်ချုပ်ရေးစံနစ်သည် ပို၍တန်ခိုးကြီးလာသည်။

ခရစ်နှစ် ၁၅ဝဝ ကျော်မှစ၍ စပိန်နိုင်ငံတွင် ဖိလစ် ဘုရင်သည် တန်ခိုးကြီးလာသည်။ ဖိလစ်ဘုရင်သည် ရောမ ကက်သလစ်ဂိုဏ်းဝင်ဖြစ်သဖြင့် ပရိုတက်စတန့် ဂိုဏ်းဝင်များ ဖြစ်ကြသော ပြင်သစ်၊ အင်္ဂလန်တို့နှင့် မသင့်မတင့် ဖြစ်လေ သည်။ စပိန်နိုင်ငံသည် စီးပွားရေး၊ ကုန်သွယ်ရေးတို့၌ ထို နှစ်နိုင်ငံနှင့် ပြိုင်ဘက်ဖြစ်၍ စစ်ဖြစ်ကြရသည်။ ထိုအချိန်၌ အင်္ဂလန်ပြည်တွင် ပထမ အယ်လစ်ဇဘက်ဘုရင်မ အုပ်စိုး၍ စပိန်နိုင်ငံတွင် ဖိလစ်ဘုရင် အုပ်စိုးလျက်ရှိသည်။ ထိုအခါက စပိန်ရေတပ်သည် အလွန်အင်အားကြီးမားလေသည်။ သို့ရာတွင် အင်္ဂလိပ်ရေတပ်၏ကျွမ်းကျင်မှုကြောင့် စပိန်ရေတပ်ကြီး ပျက်စီး ရလေသည်။ ထိုအခါမှစ၍ အင်္ဂလိပ်ရေတပ်သည် အင်အားကြီး မားလာလေသည်။

ဥရောပ အနောက်မြောက်ဘက်ရှိ မြေနိမ့်ဒေသများ ဖြစ်သော နယ်သာလန်နိုင်ငံများဟုခေါ်သည့် ဘယ်ဂျီယံနှင့် ဟော်လန်နိုင်ငံများကို ၁၆ ရာစုနှစ်လောက်က စပိန်ဘုရင်များ ပိုင်သည်။ သာသနာ့အရေးပုံကြီး ပေါ်ပေါက်လာသောအခါ နယ်သာလန်နိုင်ငံသည် ပရိုတက်စတန့်ဂိိုဏ်းသစ်သို့ ကူးပြောင်း ကိုးကွယ်ကြသည်။ ထိုအခါ ရောမကက်သလစ်ဂိုဏ်းဝင် စပိန် ဘုရင်သည် နယ်သာလန်နိုင်ငံကို ရက်စက်စွာ နှိပ်ကွပ်သဖြင့် ထိုနိုင်ငံများကလည်း ပြန်လည်ခုခံတော်လှန်ကြသည်။နောက်ဆုံး ၌ စပိန်အစိုးရအရေးရှုံးနိမ့်ကာ နယ်သာလန်နိုင်ငံကို လွတ်လပ် ရေးပေးရသည်။ သို့ရာတွင် နယ်သာလန်နိုင်ငံသည် အင်္ဂလန် နိုင်ငံနှင့်စစ်ဖြစ်ရာ နယ်သာလန်တို့ အရေးရှုံးနိမ့်သဖြင့် ဥရောပ တိုက်တွင် အင်္ဂလန်နှင့်ပြင်သစ်တို့သာ တန်ခိုးတက်လျက် ရှိသည်။

အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့သည် အင်အားကောင်း လာသောအခါ မသင့်မတင့်ဖြစ်ကြသည်။ ပြင်သစ်ကမ်းခြေရှိ ဖလန်းဒါးနယ်တွင် အင်္ဂလန်ပြည်ထွက် သိုးမွေးအရောင်းအဝယ် ကောင်းသဖြင့် ထိုနယ်ကို အင်္ဂလိပ်တို့က လိုချင်ကြသည်။ ဖလန်းဒါးနယ်သည် ရှေးအခါက နော်မန်ဒီနယ်စား ဘုရင်များ စိုးပိုင်ခဲ့ဘူးသောနယ်ဖြစ်လေရာ နော်မန်ဒီနယ်စား ဘုရင်အဆက် အနွယ်ဖြစ်သော အင်္ဂလိပ်ဘုရင် တတိယအက်ဒွပ်သည် ဖလန်း ဒါးနယ်ကိုရထိုက်သည်ဟု တောင်းဆို၍ ၁၃၄၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံကို တိုက်လေသည်။ ယင်းစစ်ပွဲသည် နှစ်ပေါင်း ၁ဝဝ ကျော်ကြာသောကြောင့် နှစ်တစ်ရာစစ်ပွဲဟု ခေါ်သည်။ (နှစ်တစ်ရာစစ်ပွဲ·လည်းရှု။) နှစ်တစ်ရာစစ်ပွဲသည် ၁၄၅၃ ခုနှစ် တွင်ပြေငြိမ်းသည်။ နှစ်တစ်ရာစစ်ပွဲ ပြီးသည့်နောက် အင်္ဂလန် ပြည်တွင် လန်ကက်စတာမင်းမျိုးနှင့် ယော့မင်းမျိုးတို့ ထီးနန်း လုကြရာ စစ်ဖြစ်ပြန်သည်။ ထိုစစ်ပွဲသည် နှစ်ပေါင်းသုံးဆယ် ကြာပြီးမှ ၁၄၈၅ ခုနှစ်တွင် လန်ကက်စတာမင်းမျိုးတို့ ထီးနန်း ရကြသည်။ ပထမဘုရင်သည် သတ္တမဟင်နရီဖြစ်သည်။ ယင်း စစ်ပွဲကို နှင်းဆီစစ်ပွဲဟုခေါ်သည်။ ဥရောပတိုက်တွင် ယင်းသို့ လျှင် သာသနာရေး၊ နယ်နိမိတ်အရေး၊ ထီးနန်းအရေးတို့ဖြင့် အကြိမ်ကြိမ် စစ်ဖြစ်ခဲ့ပြီးနောက် ၁၆၁၈ ခုနှစ်မှ ၁၆၄၈ ခုနှစ် အတွင်းဖြစ်ပွားသော အယူဝါဒရေးဆိုင်ရာစစ်ပွဲဖြစ်သည့် နှစ် သုံးဆယ်စစ်ပွဲကို အဆုံးသတ်သော ဝက်စဖေးလီးယားစစ်ငြိမ်းစာ ချုပ်ချုပ်ပြီးသည်မှစ၍ ဥရောပနိုင်ငံများသည် စစ်ကို ကာကွယ် ရန်ကြိုးစားကြသည်။ ( နှစ်သုံးဆယ်စစ်ပွဲ။)

အဘယ့်ကြောင့်ဆိုသော် ယင်းစစ်ပွဲကြောင့် ဂျာမနီပြည်သည် လူဦးရေတစ်ဝက်ကျော်မျှ ကုန်ခန်းရပြီးလျှင် ပြည်သူ့အိုးအိမ်ပစ္စည်း သုံးပုံနှစ်ပုံပျက်စီးခဲ့ရသည်။ စစ်ကြောင့် ပျက်စီးခဲ့ရသည့် ဂျာမနီပြည်ကို ပြန်လည်ထူထောင်ရန် အနှစ်၂ဝဝ မျှကြာသည်။ ဥရောပနိုင်ငံများသည် စစ်ကိုကာကွယ်ရန် အာဏာမဲတင်းသော စံနစ်ကိုကျင့်သုံးကြသည်။ ယင်းစနစ်သည် အနှစ် ၃ဝဝ အတွင်း ဥရောပ၌ စစ်ကိုလုံးဝမပျောက်သွားစေနိုင်သော်လည်း စစ် ကိုဝေးအောင်ကား ပြုနိုင်ခဲ့သည်။

၁၈ ရာစုနှစ်ကုန်ခါနီးတွင် ပြင်သစ်လူထုသည် လူ့ အခွင့်အရေးကို တောင်းဆိုလာကြသည်။ အခွန်တော်များကြီး လေးစွာထမ်းဆောင်ရခြင်းမှ လွတ်ကင်းရန်၊ လွတ်လပ်စွာရောင်း ဝယ်ဖောက်ကားနိုင်ရန်၊ ဥပဒေအောက်တွင် လူတန်းစားမခွဲပဲ သာတူညီမျှ အကျိုးခံစားခွင့်ရှိရန်၊ လွတ်လပ်စွာပြောဆိုခြင်း၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခြင်း ပြုနိုင်ရန် တောင်းဆိုကြ သည်။ ၁၈၈၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ ယင်းအခွင့်အရေး အတွက် ပြည်တွင်းစစ် နှစ်ကြိမ်ဖြစ်ပြီးနောက် အခွင့်အရေး ဥပဒေကြမ်း အတည်ဖြစ်ကာ အထက်ပါ လူ့အခွင့်အရေးများကို ရရှိခဲ့သည်။ ( အခွင့်အရေးဥပဒေကြမ်း။)

ဗြိတိန်နိုင်ငံ၌ ဘုရင်မင်းမြတ်၏ တန်ခိုးအာဏာကျဆင်း၍ တိုင်းသူပြည်သားများ၏ ဆန္ဒအရအုပ်ချုပ်သော အစိုးရစံနစ် ကျင့်သုံးခွင့်ရလာသော သတင်းသည် ဥရောပရှိအခြားနိုင်ငံ များသို့ ဂယက်ရိုက်လာလေသည်။ ဂယက်အရိုက်ဆုံးနိုင်ငံသည် ပြင်သစ်နိုင်ငံဖြစ်သည်။ လူမှုရေးမမျှတမှု၊ အုပ်ချုပ်ရေးမမျှတမှု၊ လူမှုရေးအယူအဆသစ် လှုပ်ရှားလာမှုတို့ကို ဂရုမစိုက်ပဲ အာ ဏာကိုသုံးကာ အုပ်ချုပ်ခဲ့ကြသဖြင့် ၁၇၈၉ ခုနှစ်တွင် ပြင်သစ် လူထုအုံကြွတော်လှန်ကြသည်။ ယင်းတော်လှန်မှုကြီးကို ပြင်သစ် တော်လှန်ရေးဟုခေါ်သည်။ ထိုအခါမှစ၍ ၁ဝ နှစ်မျှကာလ အတွင်း ပြင်သစ်တစ်နိုင်ငံလုံးသည် တော်လှန်ရေးစစ်မြေပြင်ဖြစ် ခဲ့ရလေသည်။ တော်လှန်ရေးပြီးဆုံး၍ ပထမ သမ္မတနိုင်ငံကို ထူထောင်ခဲ့သော်လည်း ကောင်းမွန်စွာ အုပ်ချုပ်နိုင်သော အစိုးရ မဖွဲ့နိုင်သဖြင့် နပိုလီယန်ဗိုနပတ်ခေါင်းဆောင်သော စစ်တပ်က အာဏာသိမ်းလေသည်။ ( ပြင်သစ်တော်လှန်ရေး။ ) ( နပိုလီယန် ဘုရင်များ။)

သို့ရာတွင် ၁၈၁၄ ခုနှစ်၌ နပိုလီယန် ထီးနန်းစွန့်လွှတ် လိုက်ရသည်။ နပိုလီယန် တန်ခိုးနိမ့်သွားသည် နှင့်တစ်ပြိုင်နက် ပြင်သစ်နိုင်ငံတော်ကြီးသည် အစိတ်စိတ် ကွဲပြိုသွားရ၏။ ၁၈၁၅ ခုနှစ်တွင် ဥရောပတိုက်တလွှားမှ ဧကရာဇ် များနှင့် မှူးကြီးမတ်ကြီးများသည် ဗီယင်းနာမြို့တွင် စုဝေးကြပြီးလျှင် ဥရောပတိုက်ကို အမျိုးမျိုးအဖုံဖုံ ပြုပြင်ဖန်တီးကြသည်။ ဗီယင်းနာအစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ ပြင်သစ်နိုင်ငံ တွင် ၁၈ ဆက်မြောက် လူဝီဘုရင် နန်းတက်ရ၏။ ဟော်လန်နှင့် ဘယ်ဂျီယံ နိုင်ငံနှစ်ခုကို ပူးပေါင်းပြီးလျှင် နယ်သာလန်နိုင်ငံဟု ထူထောင်လိုက်သည်။ ဩစတြီးယား၊ ပရပ်ရှားနှင့် ရုရှတို့က ပိုလန်နိုင်ငံကိုခွဲဝေယူကြသည်။ ဗင်းနစ် နိုင်ငံနှင့် အီတလီမြောက်ပိုင်းကို ဩစတြီးယားက ယူလိုက် သည်။ အီတလီနှင့် ပြင်သစ်နယ်အချို့ကို ပူးပေါင်းပြီးလျှင် ဆာဒင်းနီးယားနိုင်ငံဟု ထူထောင်သည်။ ဥရောပအလယ်ပိုင်း တွင်လည်း ဩစတြီးယားနှင့် ပရပ်ရှားခေါင်းဆောင်သော ဂျာ မန်နိုင်ငံငယ်များ ညွန့်ပေါင်းအဖွဲ့ကြီး ထူထောင်ကြသည်။ ထို ညွန့်ပေါင်းအဖွဲ့တွင် ဩစတြီးယား၊ ပရပ်ရှား၊ ဗာဗေးရီးယား၊ ဆက်ဆွန်နီ၊ ဗတ်တင်ဖတ်စသော နိုင်ငံကြီးငယ်ပေါင်း ၃၉နိုင်ငံ ပါဝင်သည့် ထိုအဖွဲ့ဝင်နိုင်ငံအသီးသီးမှ စေလွှတ်သော ကိုယ်စား လှယ်များ ဒိုင်းယက်လွှတ်တော်တစ်ခု ဖွဲ့စည်း၍ ညွန့်ပေါင်းအဖွဲ့ ဆိုင်ရာ အရေးတို့ကိုဆွေးနွေးကြသည်။ ၁၈၃၄ ခုနှစ်တွင် ဂျာမန်နိုင်ငံညွန့်ပေါင်း အဖွဲ့အတွင်းရှိနိုင်ငံများသည် ရောင်းဝယ် ရေးနှင့်စပ်လျဉ်း၍ အကောက်တော် သမဂ္ဂတစ်ခုကို ဖွဲ့စည်းကြ ၏။ သမဂ္ဂဝင်နိုင်ငံများသည် အချင်းချင်းတင်ပို့ရောင်းချသော ကုန်စည်များပေါ်တွင် အကောက်မယူကြရချေ။ ဤသို့ဖြင့် ဂျာ မန်တို့သည် ဂျာမန်နိုင်ငံဟူသမျှ သွေးစည်းပူးပေါင်းကာ နိုင်ငံ ကြီးတစ်နိုင်ငံအဖြစ် ထွန်းကားလာစေလိုသောဆန္ဒ ပိုမိုကြီးမား လာလေသည်။ ၁၈၇၁ ခုနှစ်တွင် ဂျာမန်နိုင်ငံများ အဖွဲ့သည် ဂျာမနီနိုင်ငံကြီးအဖြစ် ရောက်ရှိလာသည်။

၁၉ဝဝ ပြည့်နှစ်ခန့် ရောက်သောအခါ ရုရှနိုင်ငံမှအပ ဥရောပနိုင်ငံ အားလုံးလိုလိုပင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့် အုပ်ချုပ်နေကြပြီးဖြစ်သည်။ ရုရှနိုင်ငံတွင် ၁၉ဝ၅ ခုနှစ် တော်လှန်ရေးကြီး ဖြစ်ပွားပြီးသည့်နောက်မှ အုပ်ချုပ်မှုအခြေခံ ဥပဒေ ပေါ်ပေါက်လာသည်။ ၁၈၁၅ ခုနှစ်မှ ၁၉၁၄ ခုနှစ်အတွင်း ဥရောပတိုက်တွင် အကြီးအကျယ်စစ်ဟူ၍ မပေါ်ပေါက်ခဲ့ ချေ။ ၁၉၁၄ ခုနှစ်တွင်မှ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွား၍ ၁၉၁၈ ခုနှစ်အထိ လေးနှစ် တိုင်ကြာခဲ့သည်။ ( ကမ္ဘာစစ်၊ပထမ။)

ပထမကမ္ဘာစစ် ပြီးသည့်နောက်တွင် ဥရောပနိုင်ငံများ၏ နယ်နမိတ်များကို ပြန် လည်သတ်မှတ်ပြုပြင်ခဲ့၏။ အယ်လဆက်-လိုရိန်းနယ်ကို ပြင်သစ်သို့ပြန်လည်ပေးအပ်ခဲ့၏။ ယခင်က ဂျာမနီ၊ ဩစတြီးယားနှင့် ရုရှတို့ပိုင်ဆိုင်သော နယ်မြေအချို့ကို ဖဲ့ပေးကာ ပိုလန်နိုင်ငံအသစ်ကို ဖွဲ့စည်းပေး လိုက်သည်။ ယခင်က ဩစတြီးယား နိုင်ငံတော်၏ နယ်မြေကိုလည်း ပြန်လည်ပိုင်းခြားသတ်မှတ်ကာ ဩစတြီးယားနိုင်ငံ၊ဟန်ဂေရီနိုင်င၊ံချက်ကိုဆလိုဗားကီးယားနိုင်ငံနှင့် ယူဂိုစလားဗီးယားနိုင်ငံများအဖြစ် ထူထောင်လိုက် ကြသည်။ အီတလီနှင့် ရူမေးနီးယား တို့ကလည်း နယ်မြေအချို့ ရလိုက်လေသည်။ ၁၉၁၈ ခုနှစ်မှ ၁၉၃၉ ခုနှစ်အတွင်းကာလ၌ မူ စစ်ဟူ၍မဖြစ်ပွားသော်လည်း ဥရောပနိုင်ငံများသည် အရေး ကြုံလျှင်သက်လုံကောင်းစေရန် မိမိတို့စစ်တပ်များကို လက်နက် အပြည့်အစုံတပ်ဆင် အင်အားဖြည့်ထားကြသည်။ ၁၉၃ဝ ပြည့် နှစ်တွင် စီးပွားရေးကြပ်တည်းမှုကြီး ဖြစ်ပွားလာသောအခါ လူတို့အလုပ်လက်မဲ့ဖြစ်၊ အစားဆင်းရဲ အနေဆင်းရဲ ဖြစ်လာ လေသည်။ စားဝတ်နေရေးမြင့်စေရမည်ဟူသော ခံဝန်ချက်နှင့် ဝါဒဖြန့်ကြသော ဖက်ဆစ်ပါတီနှင့် ကွန်မြူနစ်ပါတီတို့သည် ဥရောပတစ်လွှား တန်ခိုးဩဇာရှိလာကြသည်။ အီတလီ၊ ဂျာမနီ၊ စပိန် စသောနိုင်ငံတို့၌ ဖက်ဆစ်ဝါဒလွှမ်းမိုး၍ ရုရှနှင့် အနီး ဝန်းကျင်နိုင်ငံတို့၌ ကွန်မြူနစ်ဝါဒ လွှမ်းမိုးလေသည်။ ယင်းဝါဒ သမားများနှင့် ဒီမိုကရေစီဝါဒသမားများ အင်အားပြိုင်ရာမှ ဒုတိယကမ္ဘာစစ်ကြီး ပေါ်ပေါက်ခဲ့ရပြန်သည်။ ဂျာမနီတွင် နာဇီ ခေါင်းဆောင် ဟစ်တလာ တန်ခိုးကြီးလာသည်နှင့်အမျှ ရှေးက ဂျာမန်နယ်ပယ်ဟောင်းများ ဖြစ်ခဲ့ဖူးသည့် ဩစတြီးယားနိုင်ငံကို လည်းကောင်း၊ ချက်ကိုဆလိုဗားကီးယား နယ်ပယ်အချို့ကို လည်းကောင်း လက်နက်အားကိုးပြု၍ ဂျာမနီနိုင်ငံတွင်းသို့သိမ်း ယူလေသည်။ တစ်ဖန် အီတလီတွင် ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီ တန်ခိုးကြီးလာသည်နှင့်အမျှ အာဖရိကတိုက်သို့တိုင် ကိုလိုနီနယ်ချဲ့လေသည်။ ၁၉၃၉ ခုနှစ်တွင် ဂျာမနီအာဏာရှင် ဟစ်တလာသည် ပိုလန်နိုင်ငံကို စတင်တိုက်ခိုက်သည်။ ပိုလန် ကို ဂျာမန်တို့တိုက်ခိုက်သည့်အရေး၌ မိမိတို့ကို လက်ငင်းမထိ ခိုက်သော်လည်း နောင်တစ်နေ့နေ့တွင် မိမိတို့ကိုလည်း ထိပါး လာမည်ဟုမြင်ကြသော အင်္ဂလိပ်နှင့် ပြင်သစ်တို့သည် ပိုလန် ဖက်မှဝင်၍ စစ်ကြေညာကာ ဟစ်တလာအား တိုက်လေသည်။ ဤသို့ဖြင့် ဥရောပတွင် ဒုတိယကမ္ဘာစစ်မီးပွား စတောက်ခဲ့လေ သည်။ ( ကမ္ဘာစစ်၊ ဒုတိယ။)

ဒုတိယကမ္ဘာစစ်အပြီးတွင် ဥရောပတိုက်၌ ဖက်ဆစ်အာဏာရှင် စံနစ် ပျက်ပြုန်းခဲ့ရသည်။ စစ်ရှုံးဂျာမနီနိုင်ငံသည် နှစ်ပိုင်းကွဲ သွားခဲ့ရလေသည်။ ဥရောပတိုက်တွင် အနောက်မဟာမိတ် နိုင်ငံများကတစ်ဖက်၊ ဆိုဗီယက်နိုင်ငံကတစ်ဖက် အကျိုးစီးပွား ချင်းမတူနိုင်အောင် ဖြစ်လာရလေသည်။ ဥရောပ အရှေ့နှင့် အလယ်ပိုင်းနိုင်ငံများသည် ဆိုဗီယက်တို့နှင့် ပိုမိုနီးစပ်လာကြ သည်။ ဗော်လကန်တိုင်းပြည်များဖြစ်သော ရူမေးနီးယား၊ ဘူလ ဂေးရီးယား၊ အယ်လဗေးနီးယားနှင့် ယူဂိုစလားဗီးယား နိုင်ငံ များသည်လည်းကောင်း၊ ဥရောပအလယ်ပိုင်းနိုင်ငံများဖြစ်သည့် ပိုလန်၊ ဟန်ဂေရီနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံ များသည် လည်းကောင်း ကွန်မြူနစ်နိုင်ငံများ ဖြစ်လာကြသည်။

ဥရောပအနောက်ပိုင်း၌မူ ခေါင်းဆောင်မှုသည် ဗြိတိသျှ နှင့် ပြင်သစ်နိုင်ငံတို့၏ လက်ထဲတွင်ပင်ရှိနေခဲ့သည်။ သို့သော် စစ်ပြီးခေတ်စီးပွားရေး ပြန်လည်ထူထောင်ရန်အရေးမှာ ပိုမိုကြီး မားနေရာ ယခင်ကကဲ့သို့ အဖက်ဖက်၌ တွင်ကျယ်လွှမ်းမိုးနိုင် ခြင်းကား မရှိတော့ပေ။ ဘယ်ဂျီယံ၊ နယ်သာလန်နှင့် လပ်ဇင် ဗူး သုံးနိုင်ငံသည် အချင်းချင်း စီးပွားရေးမဟာမိတ်ဖွဲ့ကာ ဗြိတိ သျှ၊ ပြင်သစ်တို့နှင့် စီးပွားရေးစာချုပ်များ ချုပ်ဆိုကြသည်။

အီတလီနိုင်ငံတွင် ဘုရင်စံနစ်အုပ်ချုပ်ရေးကို ဖြိုဖျက်၍ သမ္မတနိုင်ငံ ထူထောင်လိုက်ပြီးလျှင် အမေရိကန်အပါအဝင် အနောက်မဟာမိတ်နိုင်ငံတို့နှင့် တစ်သဘောတည်း ဆက်ဆံနေခဲ့ သည်။ နော်ဝေး၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတို့ကား မိမိတို့ ဘာသာ လွတ်လွတ်ကင်းကင်းနေကြလေသည်။ ဖင်လန်နိုင်ငံက မူ ဆိုဗီယက်နီုင်ငံနှင့် အနေနီးသဖြင့် ဆိုဗီယက်နိုင်ငံကို အများ ဆုံးလိုက်လျောနေရသည်။ ပေါ်တူဂီနိုင်ငံသည်လည်း အနောက် နိုင်ငံများအပေါ် အမှီသဟဲပြုနေခဲ့၏။ စပိန်နိုင်ငံကမူ ဖက်ဆစ် အုပ်ချုပ်ရေးစံနစ်ကိုပင် ဆက်လက်ကျင့်သုံးနေခဲ့လေရာ အခြား နိုင်ငံများနှင့် အဆက်ပြတ်နေလေသည်။ အချုပ်အားဖြင့်ကား ဥရောပတိုက်တွင် အနောက်မဟာမိတ်နိုင်ငံ အင်အားစုများက တစ်ဖက်၊ ကွန်မြူနစ်နိုင်ငံအင်အားစုများကတစ်ဖက် ကွဲပြားလာ ခဲ့လေသည်။

ဤသို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် ကွဲပြား အပြန်အလှန် ဆန့်ကျင်မှုပြုလာကြရာမှအစ ဝါဒရေးရာတိုက်ပွဲများ ဆင်နွှဲလာ ကြသည်။ ယင်းသည့် ဝါဒရေးရာတိုက်ပွဲများသည် စစ်အေး တိုက်ပွဲကြီးအသွင်ဆောင်နေရာ စစ်ပြီးကာလ ပြောင်းလဲလာ သောအခြေအနေတွင် အရင်းရှင်စံနစ်၏ရှင်သန်မှုကို ဆက်လက် ကြိုးပမ်းလိုသော နိုင်ငံများကတစ်ဖက်၊ အရင်းရှင်စံနစ်ကိုဖြို ဖျက်ရန်အားထုတ်လိုသော နိုင်ငံများကတစ်ဖက် အုပ်စုဖွဲ့၍ ဝါဒ ရေးရာတိုက်ပွဲများ ဆင်နွှဲနေခြင်းပင်ဖြစ်သည်။

အုပ်စုနိုင်ငံကြီးတို့သည် ထိုသို့တစ်ဖက်မှ စစ်အေးတိုက် ပွဲများကို ဆင်နွှဲနေရင်းကပင် တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန်စိုးရွံ့မှုနှင့် သံသယဝင်လာကြပြီးလျှင် တင်ကြိုကာ အကြောင်းပြချက်များဖြင့် စစ်ရေးစာချူပ်များချုပ်ဆို၍ ထို စာချုပ်များအရ စစ်ရေးပြင်ဆင်မှုများကိုလည်း တဆက်တည်း ပင် ပြုလုပ်လာခဲ့ကြလေသည်။

ဥရောပတိုက်တွင် နာတိုးစစ်ရေးစာချုပ်နှင့် ဝါဆောစာ ချုပ်များကို ချုပ်ဆိုခဲ့သည်။ နာတိုးစစ်ရေးစာချုပ်မှာ မြောက် အတ္တလန္တိတ်လုံခြုံရေးစာချုပ်ကို ခေါ်ဆိုခြင်းဖြစ်၍ ထိုစာချုပ် အဖွဲ့ကို ဥရောပတိုက်ရှိနိုင်ငံများအား ဆိုဗီယက်နိုင်ငံက အတိ အလင်းကျူးကျော်မှုပြုလာလျှင် ကာကွယ်မှုပြုရန်အတွက် ၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အနောက်နိုင်ငံများက ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ အိုက်စ လန်၊ နော်ဝေး၊ ဗြိတိန်၊ နယ်သာလန်၊ ဒင်းမတ်၊ ဘယ်ဂျီယံ၊ လပ်ဇင်ဗူး၊ ပေါ်တူဂီ၊ ပြင်သစ်၊ အီတလီ၊ ဂရိ၊ တူရကီနှင့် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံတို့ ပါဝင်သည်။ ဆိုဗီယက်နိုင်ငံ နှင့် ဥရောပအရှေ့ပိုင်းနိုင်ငံများကလည်း အကယ်၍အနောက်အုပ် စုမှ ကျူးကျော်မှုများပြုလုပ်လာပါက လိုအပ်သော ကာကွယ်မှု များပြုလုပ်ရန် ၁၉၉၅ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဝါဆော စာချုပ်ကို ချုပ်ဆိုခဲ့၏။

အဖွဲ့ဝင်နိုင်ငံများမှာ အယ်လဗေးနီး ယား၊ ဘူလဂေးရီးယား၊ ချက်ကိုဆလိုဗားကီးယား၊ ဂျာမန်ဒီမိုက ရက်တစ်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ ပိုလန်၊ ရူမေးနီးယားနှင့် ဆိုဗီ ယက်နိုင်ငံတို့ ဖြစ်လေသည်။

၁၉၄၅ ခုနှစ်၏ နောက်ပိုင်း၌ စစ်ရှုံးအရင်းရှင်နိုင်ငံ တို့၏ ပိုင်နက်နယ်ပယ်များ ပျောက်ကွယ်သွားခဲ့ရသကဲ့သို့ စစ် နိုင်သူ အရင်းရှင်နိုင်ငံများသည်လည်း မိမိတို့၏အင်ပိုင်ယာကြီး များကို ကြာရှည်တည်မြဲအောင် ဆက်လက်ထိန်းမထားနိုင်ကြ တော့ချေ။ မကြာမီအတွင်း၌ပင် ဖရိုဖရဲ ပြိုကွဲကုန်ကြရလေ သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)