ဘရပ်ဆဲလ်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Wetstraat.jpg

ဘရပ်ဆဲလ်မြို့။ ။ ဘယ်လ်ဂျီယမ်နိုင်ငံမြို့တော်ဖြစ်သော ဘရပ်ဆဲလ်မြို့သည် ဥရောပတိုက်တွင် အလှပဆုံးသောမြို့ကြီးတမြို့ ဖြစ်သည်။ ဥရောပတိုက်၏ မြစ်ကြီးတမြစ်ဖြစ်သော စကဲ့မြစ်လက်တက်ဖြစ်သည့် ဆင်းမြစ်ပေါ်တွင်တည်ရှိသည်။ ဤသည်ပင်လျှင် များသောအားဖြင့် မြစ်ကြီးများပေါ်တွင်သာ တည်ရှိတတ်သော အခြားဥရောပမြို့ကြီးများနှင့် မတူသည့် ထူးခြားချက်တရပ်ဖြစ်သည်။ ဘရပ်ဆဲလ်မြို့သည် ဘယ်လ်ဂျီယမ်နိုင်ငံ၏ ယဉ်ကျေးမှုရေးရာအတွက်လည်းကောင်း၊ နိုင်ငံရေးရာအတွက်လည်းကောင်း အချက်အခြာကျသော မြို့ကြီးလည်းဖြစ်၏။ ခေတ်မီသော အဆောက်အအုံများ၊ သပ်ယပ်လှပသော ပန်းမာလ်ဥယျာဉ်များ၊ ကျယ်ဝန်းသော လမ်းမကြီးများဖြင့် သာယာတင့်တယ်သကဲ့သို့ ရှေးခေတ်အဆောက်အအုံကြီးများဖြင့် ထယ်ဝါခန့်ညားသော မြို့ကြီးလည်း ဖြစ်ပေသည်။ ဘရပ်ဆဲလ်မြို့ကို အောက်ပိုင်းနှင့် အထက်ပိုင်းဟူ၍ ခွဲခြားထားသည်။ အောက်ပိုင်းသည် ရှေးကမြို့ရိုးခံတပ်နှင့် မြို့တမြို့ဖြစ်ခဲ့သော်လည်း ယခုအခါ ခေတ်ကုန်သွယ်မှုနှင့် လုပ်ငန်းအမျိုးမျိုးတို့ဖြင့် စည်ကား သိုက်မြိုက်လှသော မြို့ပိုင်းဖြစ်သည်။ ယင်းအောက်ပိုင်းတွင် အများအားဖြင့် ဖလင်းမစ်ဘာသာစကားကို ပြောကြား၍ ရှေးဓလေ့ထုံးစံများကို ယခုတိုင်လိုက်နာကျင့်သုံးလျက်ပင် ရှိကြသေးသည်။ ဂရန်ဒီပလေ့အမည်ရှိ ထိုမြို့ပိုင်းမှ ရပ်ကွက်သည် ရှေးကထင်ရှားခဲ့သော ဈေးနေရာဖြစ်သည်။ ယင်းရပ်ကွက်ကို မျက်နှာမူလျက်ရှိသော အဆောက်အအုံများမှာ အကောင်းဆုံး ဂေါ့သပုံစံများတွင် ပါဝင်ကြ၍ အချို့သည် ၁၅ရာစု လက်ရာများဖြစ်ကြသည်။ ယင်းအဆောက်အုံများတွင် လက်ရာကောင်းလှသော ရုပ်လုံးရုပ်ထုများဖြင့် မွမ်းမံထား၍ ရွှေများချထားသည်။ အထင်ရှားဆုံးအဆောက်အအုံကြီးမှာ မြို့တော်ခန်းမကြီးဖြစ်၍ ယင်း၏ ပြဿဒ်အထွတ်တွင် စိန့်မိုက်ကယ်ရုပ်တု ရှိသည်။ စိန့်မိုက်ကယ်သည် ဘရပ်ဆဲလ်မြို့တော်ကြီးကို စောင့်ရှောက်နေသောသူတော်စင် ဖြစ်သည်ဟု ယူဆကြသည်။ မြို့အထက်ပိုင်းတွင် ပြင်သစ်ဘာသာစကားကို အများအားဖြင့် ပြောဆိုကြသည်။ ရှေးနှစ်ပေါင်း ၇၀၀ ခန့်က ဒျူဘွဲ့ရ ဗရာဗန်မြို့စားကြီးများသည် ယင်းတို့၏ ရဲတိုက်များကို ထိုအပိုင်းတွင် ဆောက်လုပ်ခဲ့သည်မှစ၍ အထက်ပိုင်းသည် မင်းစိုးရာဇာ အထက်တန်းစားများ နေထိုင်ရာ ဖြစ်ခဲ့သည်။ ဘယ်လ်ဂျီယမ်ဘုရင်မင်းမြတ်၏ နန်းတော်သည်လည်းကောင်း၊ ပါလီမန်အဆောက်အအုံကြီးသည်လည်းကောင်း လူကုံတန်များ၏ ခမ်းနားလှပသော နေအိမ်တိုက်တာများသည်လည်းကောင်း မြို့အထက်ပိုင်းတွင်ပင် တည်ရှိကြသည်။ မြို့အထက်ပိုင်းသည် လမ်းမကြီးများဖြင့် သာယာလှပ၍ အကောင်းဆုံးသော ဟိုတယ်ကြီးများလည်း တည်ရှိ၏။ ဘရပ်ဆဲလ်မြို့သည် မြောက်ပင်လယ်မှ မိုင် ၅၀ကွာဝေး၍ တူးမြောင်းများဖြင့် ဆက်သွယ်ထားသည်။ ဘယ်လ်ဂျီယမ်နိုင်ငံ၏ အလယ်တွင် တည်ရှိ၍ နိုင်ငံတွင်းရှိအခြားသော မြို့ကြီးများနှင့် ကွန်ခြာသဖွယ်ယှက်သန်းနေသော မီးရထားလမ်းများဖြင့် ဆက်သွယ်ထားသည်။ ဥရောပတိုက် အခြားမြို့ကြီးများနှင့် လေကြောင်းခရီး အဆက်အသွယ်များလည်းရှိသည်။ ဆင်ခြေဖုံးဒေသများအပါအဝင် ဘရပ်ဆဲလ်မြို့၏ လူဦးရေမှာ ၁,၀၈၉,၅၃၈ (၂၀၁၀ ခုနှစ်) ခန့် ဖြစ်သည်။ ဘရပ်ဆဲလ်မြို့သည် အလွန်တရာ နုနယ်လှသောဇာများအတွက် ကျော်ကြားသည်။ ဇာတ်နိပါတ်ခင်း ရုပ်စုံများ ဖော်ရက်ထားသော တင်းတိမ်ကန့်လန့်ကာများ၊ အဆင်အသွေးလှပသော ကော်ဇောများလည်း ဘရပ်ဆဲလ်မြို့မှ ထွက်သည်။ အခြားအရေးပါသော စက်မှုလုပ်ငန်းများမှာ ချည်ထည်၊ သိုးမွေးထည်နှင့် စက္ကူလုပ်ငန်းများ ဖြစ်သည်။ သတ္တုသွန်းအလုပ်ရုံများ၊ အရက်ချက်စက်ရုံများနှင့် သကြားစက်ကြီးများလည်း ရှိသည်။ ဘရပ်ဆဲလ်မြို့သည် ဝိဇ္ဇာပညာရပ်၊ သိပ္ပံပညာရပ်နှင့် အနုပညာထွန်းကားသော မြို့ကြီးဖြစ်၍ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်ဆိုင်ရာ တက္ကသိုလ်ကြီးများနှင့် အသင်းအဖွဲ့ကြီးများလည်း ရှိသည်။ အနုပညာ ပြခန်းဆောင်များတွင် ဖလန်းဒါးအနုပညာလက်ရာကောင်း လက်ရာမွန်များ အများအပြားရှိလေသည်။ ဘရပ်ဆဲလ်မြို့ကို ဘီစီ ၆ ရာစုခန့်က စ၍ တည်ခဲ့သည်။ မူလက ဆင်းမြစ်ထဲရှိ ကျွန်းကလေးတကျွန်းပေါ်မှ စိမ့်စမ်းထူပြောသော ရွာကလေးတရွာမျှသာ ဖြစ်ခဲ့သည်။ ဆယ်ရာစုနှစ်ထဲတွင် အရောင်းအဝယ်စည်ကားသော မြို့ကလေးတမြို့ ဖြစ်လာပြီးလျှင် ဥရောပအလယ်ခေတ်တွင် အရေးပါသော ကုန်သွယ်မှု အချက်အချာမြို့ကြီး တမြို့ဖြစ်လာသည်။ စပိန်ဩစတြီးယားပြင်သစ်ဟော်လန်တို့၏ စိုးမိုးမှုအောက်တွင် နှစ်ပေါင်း ၃၀၀ ခန့်နေခဲ့ရပြီးနောက် ဘယ်လ်ဂျီယမ်သည် လွတ်လပ်သော နိုင်ငံဖြစ်လာသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဘရပ်ဆဲလ်မြို့တွင်း၌ပင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ပထမကမ္ဘာစစ်အတွင်းက ဂျာမန်တပ်များသည် စစ်ပြေငြိမ်းသည့်တိုင်အောင် ဘရပ်ဆဲလ်မြို့ကို သိမ်းပိုက်ထားခဲ့သည်။ သို့သော် ဖျက်ဆီးခြင်းမပြုခဲ့ပေ။ ဒုတိယကမ္ဘာစစ်အတွင်းကလည်း ဂျာမန်တို့ သိမ်းပိုက်ထားခြင်းခံရသည်မှာ ၁၉၄၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဗြိတိသျှတပ်များက ပြန်၍သိမ်းပိုက်သည့်တိုင်အောင်ဖြစ်သည်။ သို့သော် တရားမျှတမှုနန်းတော်မည်သော အဆောက်အအုံကြီးကို အနည်းငယ်ဗုံးထိပျက်စီးသည်မှတပါး ထိုစစ်ကြီးအတွင်း၌လည်း ဘရပ်ဆဲလ်မြို့သည် အထိအခိုက် အပျက်အစီးမရှိခဲ့ချေ။ ကိုးကား = မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)