ဂရိနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟယ်လင်နစ် သမ္မတ နိုင်ငံ
Hellenic Republic
Ελληνική Δημοκρατία
Ellīnikī́ Dīmokratía
Flag of Greece.svg Coat of arms of Greece.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "Freedom or Death"
နိုင်ငံတော်သီချင်း - Hymn to Liberty
ပထဝီ
Location Greece EU Europe.png
မြို့တော် အေသင်မြို့
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၅၀,၉၄၄ စတုရန်းမိုင် (၁၃၁,၉၉၀ စတုရန်း ကီလိုမီတာ) (အဆင့်: ၉၆)
  • ရေဖုံးလွှမ်းမှု - ၀.၈၆၆၉%
စံတော်ချိန်ဇုန် UTC +၂ (နွေရာသီ) +၃
လူနေမှု
ရုံးသုံးဘာသာများ ဂရိဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ပါလီမန် သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Karolos Papoulias
  • ဝန်ကြီးချုပ် - George Papandreou
ထူထောင်မှု
စီးပွားရေး
GDP(PPP) ၃၁၈.၀၈၂ ဘီလီယံ[၂] (အဆင့် - ၃၇)
GDP(PPP) US $၂၈,၄၃၄ [၂] (အဆင့် - ၂၉)
HDI ၀.၈၅၅ (အလွန်မြင့်)[၃] (အဆင့် - ၂၂)
ငွေ ယူရို (€)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .gr
Calling code +၃၀

ဥရောပတိုက်၌ ယဉ်ကျေးမှုပေါ်ထွန်းရာဇစ်မြစ်ဒေသ ဂရိနိုင်ငံသည် ရှေးအခါက ယဉ်ကျေးမှုအရာတွင် ထိပ်တန်းသို့ ရောက်ခဲ့သည်။ ကမ္ဘာ့အနောက်ပိုင်းဒေသ ယဉ်ကျေးမှု၏ အရင်းခံမှာ ဂရိယဉ်ကျေးမှုဖြစ်၏။ ဒီမိုကရေစီဝါဒသည် ဂရိတို့ထံမှ ဆင်းသက်သောဝါဒဖြစ်သည်။ ခေတ်သစ်သိပ္ပံပညာ အဝဝမှာလည်း အတွေးအခေါ် အမြော်အမြင်ရင့်သန်သော ဂရိပညာရှင်တို့၏ ကျေးဇူးကြောင့်ထွန်းကားလာခြင်းဖြစ်၏။

ဂရိနိုင်ငံ[ပြင်​ဆင်​ရန်​]

ဂရိနိုင်ငံသည် ဥရောပတိုက်တောင်ပိုင်း ဗော်ကလန် ကျွန်းဆွယ်ပေါ်၌ တည်ရှိ၍ လွတ်လပ်သောနိုင်ငံ ဖြစ်သည်။ ၅၁၂၄၆စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေမှာ ၁၉၅၁ခုနှစ်သန်းခေါင်စာရင်းအရ ၇၆ဝ၃၅၉၉ယောက်ခန့်ရှိသည်။

ဂရိကျွန်းဆွယ်သည် လူတို့ယဉ်ကျေးမှုစတင်ပေါက်ပွားရာဒေသဖြစ်သော အာရှမိုင်းနားကုန်းဘက်သို့ ရှေးရှူကာ မြေထဲပင်လယ်ထဲသို့ ထိုးဆင်းလျက်ရှိသည်။ ဥရောပတိုက်၏ ကျွန်း ဆွယ်မကြီး ၃ ခုအနက် အရှေ့ဖက်ဆုံး ကျွန်းဆွယ်တစ်ခု ဖြစ်သည်။ ဂရိကျွန်းဆွယ်နှင့်အာရှမိုင်းနားကုန်းမကြီးအကြားရှိ ပင်လယ်သည် ရာပေါင်းများစွာသော ကျွန်းငယ်များဖြင့် ပြည့် နှက်လျက် ရှိသည်။ ထိုကျွန်းငယ်များသည် ဂရိကျွန်းဆွယ်မှ ယဉ်ကျေးမှုထွန်းကားသောအာရှတိုင်းပြည်များသို့ သွားရောက်ရာ လှေကားထစ်များသဖွယ် တည်ရှိခဲ့သည်။

ထို့ကြောင့် ရှေးအခါက အာရှတိုက်၏ယဉ်ကျေးမှုတို့သည် ထိုကျွန်းငယ်ကလေးများမှတစ်ဆင့် တစ်ဆင့်ကူး၍ ကူး၍ ဂရိတိုင်းပြည်ဘက်သို့ ရောက်ရှိလာခဲ့ရပေသည်။ ဂရိကျွန်းဆွယ်၏ ကမ်းခြေသည် အကွေ့အကောက် အပြတ်အတောက်ပေါများလှသဖြင့် ဂရိနိုင်ငံ၏မည်သည့် အပိုင်းမဆို ပင်လယ်နှင့်နီးကပ်စွာရှိသည်။ ဂရိလူမျိုးတို့သည် ပင်လယ်ထဲ၌ စွန့်စား သွားလာတတ်သဖြင့် အခြားတိုင်းပြည်များသို့ သွားရောက်နိုင်ကြသည်။ တိုင်းတစ်ပါးသားများနှင့် အဆက်အသွယ် ရှိလာ၍ နိုးကြားထကြွသောလူမျိုးဖြစ်လာကြသည်။ သူတို့ တိုင်းပြည်သည် အာရှနှင့် အီဂျစ်ယဉ်ကျေးမှုမျိုးစေ့များ ဝေဆာ ပေါက်ရောက်ပွင့်ဖူးနိုင်သော လယ်ယာမြေကောင်းသဖွယ်ဖြစ်လာသည်။

တောင်ထူထပ်သော တိုင်းပြည်ဖြစ်သဖြင့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်သောမြေများကို တောင်ကြားများ၌သာ အနည်းငယ် ကွက်တိကွက်ကျား တွေ့ရသည်။ မြေပြန့်အရပ်များ၌ သစ်တော များနှင့် မြက်ခင်းပြင်များရှိသည်။ သစ်တောများမှ ထင်းအတွက် မီးသွေးရ၍ မြက်ခင်းပြင်များပေါ်၌ အသက်ဆက်နိုင်သော သိုးနှင့် ဆိတ်များကို မွေးမြူကြသည်။ ဂရိလူမျိုးတို့ အစာအာဟာရ မှာ အများအားဖြင့် ငါးဖြစ်သည်။ စိုက်ပျိုးနိုင်သမျှသော မြေကွက်များ၌ ဂျုံ၊ စပျစ်ပင်နှင့်သံလွင်ပင်များ စိုက်ပျိုးကြသည်။

ဂရိလူမျိုးတို့ရောက်လာပုံ[ပြင်​ဆင်​ရန်​]

ဂရိတို့ကား ရှေးပဝေသဏီက ဥရောပတိုက်အလယ်ပိုင်း ကက်စပီယန်ပင်လယ်အနီးမှ အရှေ့ဘက်နှင့် အနောက်ဘက်သို့ ပြောင်းရွှေ့သွားကြသော အာရိယန်လူမျိုးဟူ၍လည်းခေါ်သည့် အင်ဒိုယူရိုပီယန်လူမျိုးတို့၏ အဆက်အနွယ်များ ဖြစ်ကြ၏။ သူတို့သည် ဘီစီ ၁၅ဝဝ ပြည့်နှစ်ကျော်လောက်မှစတင်၍ တောင်ဘက်သို့ အစုလိုက်အအုပ်လိုက် ပြုံ၍ဆင်းလာကြ၏။ ထိုအချိန်က အီးဂျီးယန်းပင်လယ်ထဲရှိ ကျွန်းစုများ(အထူးသဖြင့် ဂရိကျွန်းဆွယ်)၌ နေထိုင်ကြသော လူမျိုးတို့မှာ အတော်အတန် ယဉ်ကျေးနေကြပြီဖြစ်သည်။


ပင်လယ်ထဲ၌ ဖီနီရှန်လူမျိုးတို့သည် ရွက်သင်္ဘောများ လွှင့်ကာ သွားလာရောင်းဝယ်နေကြ၏။ ဂရိတို့သည် ဥရောပတောင်ပိုင်းသို့ ရောက်လာစက သိုးဆိတ်များကို ထိန်းကျောင်းရန်သာ ကျွမ်းကျင်သော လူရိုင်းများဖြစ်ကြ၏။ နောက်မှ ဖီနီရှန်စသော လူမျိုးများနှင့် တွေ့ကြုံရောနှော ဆက်ဆံရသဖြင့် ယဉ်ကျေးလာကြ၏။ အိုးအိမ်အတည်တကျနှင့် နေထိုင်တတ်၍ လယ်ယာ စိုက်ပျိုး လုပ်ကိုင်လာကြ၏။ အုပ်စုများဖွဲ့၍ ရှင်ဘုရင်များ၊ ရပ်ရွာအကြီးအကဲများ၏ အမိန့်ကို နာခံလာကြ၏။ ဖီနီရှန်တို့ထံမှ စာရေးစာဖတ်အတတ်ကို သင်ကြားကြ၏။


ဟိုးမား အမည်ရှိ နာမည်ထင်ရှားသော ဂရိစာဆိုကြီးသည် 'အစ်လယက်'နှင့်'အော့ဒိဆီ'အမည်ရှိသော စွန့်စားခန်းကဗျာကြီးများကို အလွန်စိတ်အားတက်ကြွဖွယ်ရာ စကားလုံးများဖြင့် စပ်ဆိုခဲ့ပေသည်။ ဟိုးမား၏ ကဗျာထဲတွင် ဂရိတို့စစ်တိုက် ဝါသနာပါပုံ၊ ဖီနီရှန်လူမျိုးတို့ကိုအတုယူ၍ တောက်ပြောင်သော အဝတ်အထည်၊ လက်ဝတ်လက်စားများ ဝတ်ဆင်ထားလေ့ ရှိပုံများကို စပ်ဆိုထား၏။ 'အစ်လယက်'ကဗျာထဲဲ၌ ဂရိတို့သည် စည်းလုံးညီညွတ်၍ အာရှမိုင်းနားပြည်မပေါ်ရှိ ထရွိုင်မြို့သို့ သွားရောက် တိုက်ခိုက်ကြပုံကို ဖော်ပြထား၏။

သို့ရာတွင် ဂရိတို့သည် ဇာတိအားဖြင့် စည်းလုံးညီညွတ်သော လူမျိုးမဟုတ်ကြချေ။ တောင်တန်းများက လူ တစ်စုနှင့်တစ်စုကို ခွဲခြားထားခြင်းဖြင့် ဂရိနိုင်ငံမှာ နိုင်ငံငယ် များဖြင့် အစိပ်စိပ်အမြွာမြွာ ကွဲလျက်ရှိ၏။ ထိုနိုင်ငံငယ်များသည် မြို့သာသာမျှ ကျယ်ဝန်း၏။ အေသင်မှတစ်ပါး အခြားဂရိနိုင်ငံငယ်များမှာ လူဦးရေ ၂ဝ,ဝဝဝ ထက်မပိုချေ။ ထိုနိုင်ငံငယ်ကလေးများအနက် အနည်းငယ်သော နိုင်ငံများက နယ်ချဲ့ထွင်ခဲ့ကြသည်။ အေသင်နိုင်ငံငယ်သည် အက်တစ်ကာလွင်ပြင်တစ်ခုလုံးကို စိုးပိုင်ခဲ့၏။ စပါးတား နိုင်ငံကလည်း လာကိုးနီးယားနှင့် မဆီးနီးယားနယ်များကို သိမ်းယူခဲ့၏။

အာရှမိုင်းနားပြည်၏ အနောက်ဘက်ကမ်းခြေတစ်လျှောက်၌ ဂရိမြို့ပြပြည်ရွာများကို တွေ့ရသည်။ အာဖရိကတိုက်၊ အီဂျစ် ပြည် စစ္စလီကျွန်းနှင့် အီတလီပြည်တောင်ပိုင်းသို့လည်း ဂရိ လူမျိုးတို့ သွားရောက်နေထိုင်ကြသည်။

အေသင်ကဲ့သို့သော ဂရိနိုင်ငံငယ်ကလေးများကို ပထမ တွင် ရှင်ဘုရင်များက အုပ်ချုပ်၏။ ဘီစီ ၈ဝဝ-၇ဝဝ ခုနှစ်၌ ဘုရင်များ ပျောက်ကွယ်သွား၍ လူနည်းစုအုပ်ချုပ်သော 'အော်လီဂါးကီး' အစိုးရစနစ် ပေါ်လာ၏။ ထိုအခါ၌ကား မြေပိုင်ရှင်သူဌေး သူကြွယ်များ လက်ထဲသို့ နိုင်ငံရေးအာဏာ ရောက်သွား၏။ ထို့နောက်မြေပိုင်ရှင်များသည် အချင်းချင်း အာဏာလုကြ၏။ ဆင်းရဲသားများကလည်း ဖိနှိပ်မှုကို မခံမရပ်နိုင် ဖြစ်လာကြ၍ မကြာမီ လူတစ်ဦးတည်းက အာဏာ ဖြင့် အုပ်စိုးသည့် 'တစ်ရင်နီ' အစိုးရစနစ် ဖြစ်ပေါ်လာလေ သည်။ ထိုစနစ်အရ အုပ်စိုးသောဘုရင်တို့သည် မင်းဆွေ မင်းမျိုးထဲမှ မဟုတ်စေကာမူ တိုင်းသူပြည်သားတို့အား မိမိ တို့၏ အခွင့်အရေးအတွက် မျက်စိ ဖွင့်ပေးသူများဖြစ်၍ ဒီမိုကရေစီဝါဒကို လမ်းခင်းရာရောက်ပေသည်။


ဘီစီ ၅ဝဝ ပြည့်နှစ်အစလောက်တွင် အေသင်မှာ ဒီမို ကရေစီနိုင်ငံ ဖြစ်လာလေသည်။ ဘီစီ ၆၂၁ ခုနှစ်၌ ဒရေးကိုး ဆိုသူသည် အစဉ်အလာ တရားဥပဒေများကို စုဆောင်း၍ ဂရိတရား ဥပဒေများကို အဦးဆုံး ရေးသားခဲ့လေသည်။ ထို တရား ဥပဒေများမှာ ပြင်းထန်လွန်းသဖြင့် ဆင်းရဲသားများမှာ ဒရေးကိုး၏တရားဥပဒေများကြောင့် မကျေမနပ်ဖြစ်လာကြ၏။ ထို့နောက် ဆိုလွန်အမည်ရှိသော ပညာရှိတစ်ဦးက ဆင်းရဲသား များအား သက်သာစေမည့် ဥပဒေများ ရေးဆွဲဲခဲ့၏။


သို့ရာတွင် ဘီစီ ၅၆၁ ခုနှစ်၌ ပိုင်ဆစ်ထရက်တပ် ဆိုသူသည် အုပ်ချုပ်ရေးအာဏာကို ရရှိသွား၍ နှစ်ပေါင်း ၃ဝ တိုင်တိုင် အေသင်နိုင်ငံကို အုပ်ချုပ်လေသည်။ သူ၏လက် ထက်၌ တိုင်းပြည်စည်ပင်ဝပြောသည်။ သူကွယ်လွန်သောအခါ သား ၂ ယောက်က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ရန် ကြံစည်ကြ၏။ သို့ရာတွင် တစ်ယောက်မှာ အသတ်ခံရ၍ တစ်ယောက်မှာ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရလေသည်။ ဘီစီ ၅ဝ၉ ခုနှစ်လောက်၌ကား ကလိုက်သီးနီး ဆိုသူ ရေးဆွဲ သော ဥပဒေသစ်များကြောင့် မြေပိုင်ရှင်ကြီးများ တန်ခိုးမှေးမှိန် ရပြီးလျှင် လူထုဆန္ဒအရ အုပ်ချုပ်ရေးစနစ် တည်မြဲလေတော့ သည်။

စပါးတားနိုင်ငံငယ်၏ အုပ်ချုပ်ပုံစနစ်ကား အေသင်နှင့် လုံးဝမတူချေ။ စပါးတား၌ ခေါင်းဆောင် ၂ ယောက် တစ်ပြိုင် တည်း အုပ်ချုပ်၏။စပါးတားနိုင်ငံသည် စစ်တပ်သဖွယ် ဖွဲ့စည်း ထားသော နိုင်ငံဖြစ်၏။ ပယ်လိုပွန်နီးဆပ်ကျွန်းဆွယ် တစ်ခုလုံး ကို စပါးတားတို့က သိမ်းပိုက်ထား၏။ စပါးတားနိုင်ငံနှင့် အေသင်နိုင်ငံတို့မှာ ဂရိကျွန်းဆွယ်ပေါ်၌ ဗိုလ်လုရန် အချင်း ချင်း စောင်နေသော နိုင်ငံများဖြစ်လေသည်။ သို့ရာတွင် သူတို့ အချင်းချင်း ပဋိပက္ခမဖြစ်မီ ပင်လယ်ရပ်ခြား တိုင်းတစ်ပါးမှ ပါးရှင်းလူမျိုးတို့နှင့် စစ်ဖြစ်ကြရ၏။ ပါးရှင်း စစ်ပွဲများ ပြီးစီး သောအခါ အေသင်နိုင်ငံမှာ တဖြည်းဖြည်း တန်ခိုးကြီးလာ လေသည်။ ပါးရှင်းရန်ကို စုပေါင်းတွန်းလှန်ရန် အာရှမိုင်းနား နှင့်အီးဂျီးယန်းကျွန်းများပေါ်ရှိ ဂရိလူမျိုးအားလုံးပါသော ဒီးလီယန်အဖွဲ့ကို ဖွဲ့စည်းရာ ထိုအဖွဲ့ကိုခေါင်းဆောင်သည့် နိုင်ငံမှာ အေသင်နိုင်ငံဖြစ်သည်။ နောက်မကြာမီ ဒီးလီ ယန်အဖွဲ့သည် အေသင်အင်ပိုင်ယာကြီး ဖြစ်လာသည်။

အေသင်မြို့တော်ကြီးမှလည်း များစွာ ကြွယ်ဝချမ်းသာ လာသည်။ လူဦးရေတိုးလာ၍ အတတ်ပညာများလည်း ထွန်း ကားလာသည်။ ပဲရီးကလီး (ဘီစီ ၄၆ဝ-၄၃ဝ) လက်ထက်၌ အေသင်မှာ အထွတ်အထိပ်သို့ ရောက်ခဲ့ရာ အေသင်မြို့သူ မြို့သားများမှာ ယဉ်ကျေးမှုတွင် အလွန်အဆင့်အတန်းမြင့်လာ ကြသည်။


သို့ရာတွင် အေသင်နိုင်ငံ၏သမိုင်းကို စွန်းထင်းစေသော အချက်တစ်ရပ်မှာ နိုင်ငံလူဦးရေ၏ ၅ပုံ ၂ပုံ လောက်က ငွေ ဝယ် ကျွန်ဖြစ်နေခြင်းပင် ဖြစ်သည်။ အေသင်နိုင်ငံသားများမှာ ကျေးကျွန်များကို မှီခိုအားထားနေရသည်။ ကျွန်များကို အလုပ် လုပ်ခိုင်းသဖြင့် ကြွယ်ဝချမ်းသာလာပြီးလျှင် အေးအေးသက်သာ နေနိုင်ကြသည်။ သူတို့သည် စစ်ပွဲများ၌ ဖမ်းဆီးရမိသော ရန်သူများကို ကျွန်အဖြစ် ရောင်းချကြသည်။ အခြားတိုင်းပြည်မှ လူငယ်များကို တိတ်တိတ်ခိုးယူ၍လည်း ကျွန်ကုန်ကူးကြသည်။ အေသင်နိုင်ငံများသည် ကျွန်များကို ခိုင်းစေနိုင်၍ သက် သက်သာသာ ရှိကြသော်လည်း သူတို့၏ နေထိုင်စားသောက် မှုမှာ များစွာ အဆင့်အတန်းမြင့်သည်ဟု မဆိုနိုင်ချေ။ အိမ်များ မှာ ပြတင်းပေါက်မရှိ။ လမ်းများလည်း ကျဉ်းမြောင်း ကွေ့ ကောက်၏။ မိုးတွင်း၌ လမ်းသွားမရနိုင်အောင် ရွှံ့ပွက်များဖြင့် ပြည့်နှက်နေ၏။ အမှိုက်သရိုက်များကို အိမ်ရှေ့လမ်းပေါ်၌သာ ပစ်ထားကြ၏။

ဂရိတို့သည် ထိုသို့ အနေအထိုင် မသန့်ရှင်းသော်လည်း ကျန်းမာရေးကို အလွန် လိုက်စားကြသည်။ အိုလင်းပပ် တောင်ခြေ၌ ၄ နှစ် တစ်ကြိမ်ကျ ကစားခုန်စားပွဲကြီးတစ်ခု ကျင်းပလေ့ ရှိကြ၏။ ထိုကျန်းမာရေးကစားပွဲကို အိုလံပစ် ပွဲဲတော် ဟုခေါ်၏။


ထိုပွဲသို့ ဂရိကျွန်းဆွယ်အရပ်ရပ်မှ လူများလာရောက်၍ ပါဝင်ဆင်နွှဲကြ သည်။ သူတို့သည် ကျန်းမာရေး၌သာ စိတ်ပါဝင်စားကြသည် မဟုတ်။ ပညာရေးကိုလည်း အထူးဂရုစိုက်ကြ၏။ မြို့ထဲ၌ နိုင်ငံရေး ပညာနှင့် ယထာဘူတပညာရပ်များကို ဝိုင်းဖွဲဲ့၍ ဆွေးနွေးလေ့ရှိကြ၏။ အချို့ကလည်း မြို့ရွာကောင်စီ၌၎င်း၊ တရားရုံးတော်များ၌၎င်း လူကြီးအဖြစ်ဖြင့် ပါဝင်ဆောင်ရွက် ကြ၏။ ထိုဂျူရီလူကြီးနှင့်ကောင်စီလူကြီးတို့ကို ဆင်းရဲသားများ ထမ်းဆောင်သော အခွန်ငွေဖြင့် နေ့စဉ်အခကြေးငွေပေးကြရ၏။ အေသင်နိုင်ငံမှာ အင်ပိုင်ယာကြီးဖြစ်သွားသော်လည်း စပါးတားနိုင်ငံသားတို့က အေသင်နိုင်ငံသားတို့ကို မကျိုးနွံ ကြချေ။ ယင်းတို့မှာ ယခင်ကကဲ့သို့ အချင်းချင်း စောင်နေကြ ရာမှ ကြာသော်ထ၍ တိုက်ကြလေသည်။ ထိုအေသင်နှင့် စပါးတားတို့ တိုက်ကြသော စစ်ပွဲများကို 'ပယ်လိုပွန်နီရှင်း စစ်ပွဲ'ဟု ခေါ်၏။ ပဲရီးကလီးသည် သူ့လူများအား အေသင် မြို့ထဲ၌ နေထိုင်စေ၍ ခံစစ်ကိုသာဆင်၏၊ စပါးတားတို့သည် လည်း မြို့ကို ဝန်းရံထားလေသည်။ မြို့ထဲ၌ လူများပြွတ်သိပ် နေထိုင်ကြသဖြင့် မကြာမီ ပလိပ်ရောဂါဖြစ်ပွားပြီးလျှင် လူ အမြောက်အမြားသေဆုံးလေသည်။ ပဲရီးကလီးလည်း ပလိပ် ရောဂါနှင့် သေဆုံးလေသည်။ သို့ရာတွင် ကြွင်းကျန်သော လူများသည် ဆက်လက်၍ ဇွဲနှင့်ကြံ့ကြံ့ခံနေကြ၏။ သို့နှင့် ၁ဝ နှစ်ကြာသောအခါ မည်သူမျှမနိုင်ဘဲ စစ်ပွဲပြီးဆုံးသွားတော့၏။ သို့သော် ပဲရီးကလီးခေါင်းဆောင်မှုဖြင့် တည်မြဲခဲ့သော အေသင်တို့၏လွတ်လပ်ရေးမှာ သူ၏တူ အယ်လစီဗိုင်းအား ဒီး၏မိုက်မဲဲမှုကြောင့် ဆုံးရှုံးရလေသည်။ အယ်လစီဗိုင်းအားဒီးက တိုက်တွန်းသဖြင့် အေသင်နီးယန်းတို့သည် စစ္စလီကျွန်းကို တိုက်ခိုက်ရန် သူတို့ရေတပ်ကို စေလွှတ်လိုက်ရာ ရေတပ်မှာ မရှုမလှချေမှုန်းခြင်းခံရ၍ အေသင်စစ်သုံ့ပန်း အမြောက်အမြား ကျွန်အဖြစ်ဖြင့် ရောင်းချခြင်းခံကြရ၏။ သို့နှင့် အေသင်၏ ဩဇာခံ ဂရိနိုင်ငံငယ်များသည် အေသင်ကို တော်လှန်၍ စပါးတားနှင့်ပူးပေါင်းကြလေသည်။ စပါးတာတို့လည်း ဘီစီ ၄ဝ၅ ခုနှစ်၌ ကြွင်းကျန်သော အေသင်သင်္ဘောများကို တိုက် ခိုက် သိမ်းယူ၍ အေသင်မြို့ကို ဝန်းရံထားကြ၏။ အေသင် တို့ အစာငတ်မခံနိုင်သဖြင့် ဘီစီ ၄ဝ၄ နှစ်တွင် အညံ့ခံ၍ အေသင်အင်ပို်င်ယာကြီး ပျက်စီးသွားရလေသည်။

စပါးတားတို့လည်း ယင်းတို့၏စစ်တပ်များကို ဂရိမြို့များ၌ အနှံ့အပြားချထား၍ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်၏။ သို့ဖြစ်၍ လက်အောက်ခံမြို့ရွာများမှာ အမြဲမကျေမနပ်ဖြစ်လျက်ရှိရာ ဘီစီ ၃၇၁ ခုနှစ်တွင် အီပါမီနွန်းဒတ်ဆိုသူ ကြီးမှူးသော သီးဗန်း (သီးဗနိုင်ငံသား)တို့က စပါးတားကို တိုက်ခိုက်အောင်မြင်လေ သည်။ သို့ရာတွင် သီးဗနိုင်ငံသားတို့သည် ဘီစီ ၃၆၂ ခုနှစ် တွင် ခေါင်းဆောင်ဖြစ်သူ အီပါမီနွန်းဒတ် သေဆုံးသွားသဖြင့် စစ်ရေးနိမ့်လေသည်။ထိုအချိန်မှစ၍ ဂရိနိုင်ငံငယ် ကလေးများ၏ ခေတ်လည်း ကုန်ဆုံးလေတော့သည်။

ဂရိနိုင်ငံငယ်ကလေးအားလုံးကို ပထမအကြိမ် တိုက်ခိုက် အောင်မြင်၍ ဂရိတစ်ပြည်လုံးကို သိမ်းကျုံးအုပ်စိုးသူများမှာ ဂရိ မြောက်ဘက်ရှိ မက်ဆီဒိုးနီးယားပြည့်ရှင် ဖိလစ်ဘုရင်နှင့် သူ၏ သားတော် အယ်လက်ဇန္ဒာ-သ-ဂရိတ်တို့ ဖြစ်ကြသည်။ အယ်လက်ဇန္ဒာဘုရင်သည် တိုက်ခိုက်အောင်မြင်သော တိုင်းပြည် များ၌ ဂရိယဉ်ကျေးမှုများကို ပြန့်ပွားစေခဲ့သည်။


အယ်လက်ဇန္ဒာ-သ-ဂရိတ် ကွယ်လွန်ပြီးနောက် သူတည်ထောင်ခဲ့သော နိုင်ငံကြီးသည် အစိတ်စိတ် အမြွာမြွာကွဲသွားလေသည်။ အီရန်ပြည်၊ မက်ဆီဒိုးနီးယား ပြည်နယ်နှင့်အီဂျစ်ပြည်များကို အယ်လက်ဇန္ဒာ-သ-ဂရိတ်၏ စစ်သူကြီးများက တစ်သီးတခြား အုပ်စိုးကြ၏။ ထိုခေတ်ကို 'ဟယ်လင်နစ်ခေတ်'ဟုခေါ်၏။ 'ဟယ်လင်နစ်'မှာ ရှေးက ဂရိ တို့ကို ခေါ်သောအမည်ဖြစ်၏။ ထိုခေတ်၌ သိပ္ပံပညာနှင့် သုခုမပညာရပ်များ အတော်ပင် ထွန်းကားခဲ့၏။


သို့ရာတွင် ဂရိတို့ကား ကမ္ဘာ့အလယ်၌ ရှေးအခါကကဲ့သို့ ထယ်ဝါခံ့ညားစွာ မနေနိုင်ကြတော့ချေ။ ဘီစီ ၁၉၇ ခုနှစ်၌ ရောမလူမျိုးတို့က မက်ဆီဒိုးနီးယားနိုင်ငံကို တိုက်ခိုက်သော အခါ ဂရိတို့က ဝင်ရောက်ကူညီခဲ့ကြသည်။ ရောမတို့ အောင်ပွဲ ရသောအခါ ဂရိမြို့များသည် လွတ်လပ်ရေးရကြကုန်၏။ ထိုသို့ လွတ်လပ်ရေးရကြသော်လည်း ဂရိတို့သည် ရောမလူမျိုးတို့ကို များစွာဒုက္ခပေးသောကြောင့် ဘီစီ ၁၄၆ ခုနှစ်၌ ရောမလူမျိုး တို့က ဂရိမြို့ရွာများကို မီးရှို့ ဖျက်ဆီးပစ်လိုက်လေသည်။ အေသင်မြို့မှတစ်ပါး အခြားမြို့အားလုံးကိုလည်း သိမ်းယူလေ သည်။ အေသင်မြို့သည်ကား အနည်းငယ်လွတ်လပ်ခွင့်ရ၏။ ထိုမြို့ရှိ ကျောင်းများသို့ ရောမလူမျိုးအများပင် သွားရောက်၍ ပညာဆည်းပူးကြသည်။ ထိုရောမပညာသင်များတွင် ဆီဆရို လည်း ပါဝင်လေသည်။


ဤသို့လျှင် ဂရိတို့သည် အယ်လက်ဇန္ဒာ-သ-ဂရိတ် လက် ထက်မှစ၍ အေဒီ ၁၉ ရာစု အစလောက်အထိ နှစ်ပေါင်း ၂ဝဝဝ ကျော်ကျော်မျှ သူတစ်ပါးလက်အောက်ခံလူမျိုးများဖြစ်ခဲ့ ကြ၏။ သူတို့၏နောက်ဆုံးအရှင်သခင်ကား ၁၅ ရာစု လောက် က စတင်၍ အုပ်စိုးကြသောတူရကီတို့ ဖြစ်ကြ၏။ ၁၉ ရာစု အစလောက်၌ တူရကီနိုင်ငံမှာ တန်ခိုးမှေးမှိန်၍ လက်အောက်ခံ လူမျိုးများက မကြာခဏပုန်ကန်ထကြွလျက်ရှိ၏။ ၁၈၂၁ ခုနှစ် တွင် ဂရိလူမျိုးများသည် အမျိုးသားလွတ်လပ်ရေးအတွက် တူရကီတို့ကို လက်နက်စွဲကိုင်ကာ တော်လှန်ကြလေ၏။


ဂရိတို့ကို ဗြိတိသျှ၊ ပြင်သစ်နှင့်ရုရှတို့က ကူညီသည်။ ၂ဘက်စလုံးပင် တစ်ဘက်နှင့်တစ်ဘက်အပြစ်ကင်းမဲ့သော အရပ်သူ အရပ်သားတို့ကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ် ကြသည်။ ဂရိရေတပ်တို့က ဝိုင်းညှပ်တိုက်ခိုက်သဖြင့် တူရကီ ရေတပ်မှာပျက်စီးသွားသည်။ သို့နှင့် ၁၈၂၉ ခုနှစ်၌ စစ်ပြေ ငြိမ်း၍ ဂရိတို့ကို လွတ်လပ်ရေးပေးလိုက်ရလေသည်။

၁၈၃၂ ခုနှစ်တွင် ဂရိပြည်၌ အကြီးအကျယ် ဆူပူမှုများ ဖြစ်ပွားပြီးနောက် အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှတို့က ဘာဗေးရီးယား မင်းသား အော့တိုးကို ဂရိဘုရင်အဖြစ် တင်မြေ|ာက်ကြသည်။ အော့တိုးသည် ဂျာမန်တို့အကြံပေးချက်အရ ဂျာမန်စနစ်အတိုင်း အုပ်စိုးသဖြင့် ၁၈၆၂ ခုနှစ်တွင် ဂရိတို့ပုန်ကန်ထကြွပြီးလျှင် သူ့ကို နန်းမှချကြသည်။ နောက်တစ်နှစ်၌ ဒိန်းမတ်နိုင်ငံမှ ဂျော့မင်းသားနန်းတက်၍ ၁၉၁၃ ခုနှစ်တွင် အသတ်ခံရသည်။ ၁၈၆၄ ခုနှစ်၌ ဗြိတိန်က ဂရိနိုင်ငံအား အိုင်အိုးနီးယန်းကျွန်း များကို ပေးသည်။ ၁၉၁၆ ခုနှစ်၌ ဂရိနိုင်ငံရှိ မီးရထားလမ်း များကို အခြားဥရောပ မီးရထား လမ်းများနှင့် ဆက်သွယ်ခြင်း ပြီးစီးသွားသည်။

၁၉၁၂-၁၃ ခုနှစ်များ၌ ဖြစ်ပွားသော ဗော်ကလန်စစ်ပွဲတွင် ဂရိနိုင်ငံအပါအဝင် ဘော်လကန်ပြည်များသည် တူရကီနိုင်ငံကို တိုက်ခိုက်အောင်မြင်ခဲ့သည်။ ယင်းတွင် ဂရိနိုင်ငံသည် စတုရန်း မိုင် ၁၇ဝဝဝ မျှ ကျယ်ဝန်းသော နယ်မြေများကို ရလိုက်သည်။ ပထမကမ္ဘာစစ်ကြီးအတွင်းက ဂရိနိုင်ငံသည် ကြားနေခဲ့သည်။ သို့ရာတွင် ဂရိဘုရင်မှာ ဂျာမန်ဘုရင်၏ ယောက်ဖတော်ဖြစ်၍ ဂျာမန်တို့ကို တိတ်တိတ်ပုန်း အားပေးသည်ဟု စွပ်စွဲခြင်း ခံရသည်။ ၁၉၁၇ ခုနှစ်၌ မဟာမိတ်အစိုးရတို့၏ ပယောဂ ကြောင့် ဂရိဘုရင်သည် ထီးနန်းကို စွန့်လွှတ်၍ တိုင်းပြည်မှ ထွက်ခွာသွားရသည်။ ထို့နောက် သူ၏ ဒုတိယသားတော် အယ်လက်ဇန္ဒာ နန်းတက်သည်။ ၁၉၂ဝ ခုနှစ်၌ အယ်လက်ဇန္ဒာ ကွယ်လွန်ခါမှ နန်းစွန့်ဘုရင်သည် တိုင်းပြည်လူထုဆန္ဒဖြင့် ထီးနန်းပြန်ရသည်။စစ်ကြီးအပြီးတွင် ဂရိနိုင်ငံသည် အာရှ မိုင်းနားနှင့် အခြားအရပ်ရှိနယ်ပယ်များကို ရလိုက်သည်။


သို့ရာတွင် ၁၉၂၁ ခုနှစ်၌ အာရှမိုင်းနားတွင် ဂရိနှင့်တူရကီ တို့ တိုက်ခိုက်ကြရာ ဂရိတို့ အရေးရှုံးနိမ့်၍ စစ်ကြီးအပြီး၌ ရရှိထားသော နယ်ပယ်များ ဆုံးရှုံးသွားသည်။ ဂရိနိုင်ငံထဲ၌ မငြိမ်မသက်ဖြစ်နေသဖြင့် ဂရိဘုရင်သည် ထီးနန်းကို တစ်ဖန် စွန့်လွှတ်ရပြန်သည်။ ထို့နောက် သားတော် ဒုတိယဂျော့ဘုရင် နန်းတက်သည်။ ဤဘုရင်လည်း ၁၉၂၃ ခုနှစ်တွင် နန်းမှ ဆင်းရပြန်သည်။ ၁၉၂၄ ခုနှစ်တွင် ဂရိသမ္မတနိုင်ငံဟူ၍ ဖြစ်လာသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စတွင် ဂရိနိုင်ငံသည် ကြားနေခဲ့ ၏။ ဂရိတို့သည် အီတလီစစ်တပ်များကို အောင်မြင်စွာ တွန်း လှန်နိုင်သော်လည်း ဂျာမန်တို့က တရကြမ်းတိုက်ခိုက်သောအခါ အရေးရှုံးနိမ့်သွားသည်။ သို့သော် ဂျာမန်တို့ကို ပြောက်ကျား စနစ်ဖြင့် ဆက်လက်တိုက်ခိုက်သည်။ ၁၉၄၄ ခုနှစ်၌ ဂျာမန်တို့ ဆုတ်ခွာသွား၍ ဗြိတိသျှစစ်တပ်များ ရောက်လာပြီးနောက် မကြာမီ ဘုရင့်ဂိုဏ်းသားများနှင့် လက်ဝဲဂိုဏ်းသားများ တိုက် ခိုက်ကြသည်။ ဗြိတိသျှတို့၏ အကူအညီဖြင့် ဘုရင့်ဂိုဏ်းသား များက အနိုင်ရ၍ ၁၉၄၆ ခုနှစ်တွင် ဒုတိယဂျော့ဘုရင်သည် ထီးနန်းကိုပြန်လည်စိုးစံခဲ့ပြန်သည်။ ၁၉၄၇ ခုနှစ်တွင် ဒုတိယ ဂျော့ဘုရင်ကွယ်လွန်၍ ညီတော် ပထမပေါဘုရင်နန်းတက်၏။ သမ္မတဂိုဏ်းသားများကား အရှုံးမပေးဘဲ ဆက်လက် ထကြွ သေး၏။ သို့သော် ယခုအခါ၌ သူပုန်တို့အရေးနိမ့်၍ တိုင်းပြည် ငြိမ်းချမ်းလျက်ရှိပြီး ဖြစ်၏။

ဂရိနိုင်ငံသည် စတုရန်းမိုင် ၅၁၂၄၆ မိုင်မျှသာ ကျယ်ဝန်း၍ မြန်မာနိုင်ငံထက် များစွာငယ်သည်။ တိုင်းပြည်၏ အဓိက လုပ်ငန်းမှာ မြန်မာနိုင်ငံကဲ့သို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်။ သို့သော်လည်း အများအားဖြင့် ရှေးရိုးစနစ်အတိုင်း လုပ်ကိုင်ကြသဖြင့် အသီးအနှံ ကောင်းစွာမဖြစ်ထွန်းဘဲ နိုင်ငံခြားမှ စားကုန်များကို မှာယူရသည်။ ဂရိနိုင်ငံမှ စပျစ် ခြောက်၊ သံလွင်ဆီ၊ ဝိုင်အရက်၊ အထည်အလိပ်၊ သားရေ ပစ္စည်း၊ စက္ကူနှင့်မင်ထွက်သည်။ ဆိပ်ကမ်းကြီးများ၌ သင်္ဘော များ ဆောက်လုပ်၏။ ဂရိတို့သည် အရောင်းအဝယ်ဖက်၌ ကျွမ်းကျင်သူများဖြစ်၍ မြေထဲပင်လယ်တစ်ဝိုက်၌ ကုန်သင်္ဘော များဖြင့် ဥပါဟို သွားလာကူးသန်းကြသည်။ ဂရိနိုင်ငံ၏ မြို့တော်မှာ အေသင်မြို့ဖြစ်၏။ ဂရိနိုင်ငံ၌ ဂရိတို့အပြင် အယ်လဗေးနီးယန်းနှင့် ဆလဗလူမျိုးများလည်း နေထိုင်ကြ၏။ ဂရိတို့မှာ အယူမှန်ခရစ်ယာန်ဂိုဏ်းဝင်များ ဖြစ်ကြသည်။

ဂရိနိုင်ငံသည် ရှေးပဝေသဏီက ထင်ရှားခဲ့သော တိုင်းပြည် တစ်ပြည်ဖြစ်သော်လည်း ရှေးဟောင်းအဆောက်အအုံအားလုံးကို ယခုမတွေ့နိုင်တော့ချေ။ သီးဗ၊ ကော့ရင့်နှင့်စပါးတားမြို့များမှာ လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ အတွင်းက ငလျင်ဒဏ်နှင့် အခြား ဒဏ်ကြောင့် အတော်အတန် ပျက်စီးယိုယွင်းနေပြီဖြစ်၏။

တူးဖော်ထားသော ရှေးဟောင်း အဆောက်အအုံများကို အိုလင်း ပီးယာမြို့၌ တွေ့မြင်နိုင်၏။ ဒီးလောကျွန်းပေါ်၌လည်း ဂရိနတ် အပေါ်လိုကျောက်ရုပ်၊ ဘုရားကျောင်းများနှင့် ဇာတ်ရုံတစ်ရုံကို တူးဖော်ထား၏။ ဂရိနိုင်ငံတွင် ရှေးဟောင်း အဆောက်အအုံများ အပြင် ဥရောပအလယ်ခေတ်က တည်ထားခဲ့သော ဗိုင်ဇင်းတိုင် ဘုရားရှိခိုးကျောင်းနှင့် ကရူးဆိတ်အယူဝါဒ စစ်ပွဲအတွင်းက ဆောက်လုပ်ထားသော ရဲတိုက်ပျက်ကြီးများကိုလည်း တွေ့ရ သည်။ [၄]

ဂရိနိုင်ငံတွင် ဒုတိယ ဂျော့ဘုရင်သည် ၁၉၄၇ ခုနှစ်၌ ကံကုန်၍ ညီတော်ပထမ ပေါဘုရင် နန်းတက်သည်။ ပေါဘုရင်သည် ၁၉၆၄ ခု၊ မတ်လ၌ ကွယ်လွန်ရာ သားတော် အိမ်ရှေ့ဥပရာဇာ ကွန်စတင်တိုင်းက အရိုက်အရာ ဆက်ခံသည်။ ထိုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော အောက်လွှတ်တော် ရွှေးကောက်ပွဲ၌ ဂျော့ပါပန်ဒရီယို ခေါင်းဆောင်သော စင်တာယူနီယန် ညွှန့်ပေါင်းအဖွဲ့က အမတ်နေရာ အများစု ရရှိခဲ့သည်။

သို့သော် အစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွှဲမှုများရှိ၍ ဝန်ကြီးချုပ် ပါပန်ဒရီယို ရာထူးမှ နုတ်ထွက်ခဲ့သည်။ လက်ဝဲ ဂိုဏ်းသားနှင့် လက်ယာဂိုဏ်းသားများ အာဏာလုကြသည်။ ၁၉၆၇ ခု ဧပြီလ ၂၁ ရက်နေ့တွင် ဗိုလ်မှူးကြီး ပါပါဒို ပေါင်လော့ ဦးဆောင်သော လက်ယာဂိုဏ်းသား ဂရိတပ်မတော် အရာရှိများက အာဏာသိမ်းပြီး ဘုရင့်ဂိုဏ်းသားနှင့် လက်ဝဲ ဂိုဏ်းသားများကို ဖမ်းဆီး ထောင်ချခဲ့သည်။ ကွန်စတင်တိုင်း ဘုရင်သည် ထိုနှစ် ဒီဇင်ဘာလတွင် အီတလီနိုင်ငံ ရောမမြို့သို့ တိမ်းရှောင်ခဲ့ရသည်။ ဗိုလ်မှူးကြီးပါပါဒိုပေါင်လော့သည် ဝန်ကြီး ချုပ်အဖြစ် ဆောင်ရွက်သည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် ပြည်သူ့ဆန္ဒ ခံယူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်း အတည်ပြုသည်။

ယင်းဥပဒေအရ ဘုရင်နှင့် ပါလီမန်တွင် အာဏာလျော့ပါး ၍ ဝန်ကြီးချုပ်၌ အာဏာပိုရှိလာသည်။ ၁၉၇၂ ခုနှစ်တွင် ပါပါဒိုပေါင်လော့သည် ဝန်ကြီးချုပ်အဖြစ်၎င်း၊ ရင်ခွင်ပိုက် ဘုရင်အဖြစ်၎င်း ဆောင်ရွက်သည်။

၁၉၇၃ ခုနှစ်တွင် ပါပါဒိုပေါင်လော့သည် ဒီမိုကရေစီ ဘုရင်စနစ်ကို ပယ်ဖျက်၍ ဂရိနိုင်ငံအား သမ္မတနိုင်ငံအဖြစ် ကြေငြာပြီး သူကိုယ်တိုင် သမ္မတအဖြစ် ဆောင်ရွက်သည်။ သို့သော် ထိုနှစ် နိုဝင်ဘာလအတွင်း၌ သွေးထွက်သံယိုမှု မရှိသော အာဏာသိမ်းမှု ဖြစ်ပြန်သည်။ သမ္မတအဖြစ် အမည်ခံ ဆောင်ရွက်ရသူမှာ ဗိုလ်ချုပ်ကြီး ဂျီဆီကီဖြစ်၍ တပ်မတော် အရာရှိ တစ်စုက စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ ယင်း စစ်အုပ်ချုပ်ရေး အဖွဲ့သည်ပင် ၁၉၇၄ ခု ဇူလိုင်လ ၂၃ ရက်နေ့ တွင် နုတ်ထွက်လိုက်သည်။

၁၉၅၅ ခုနှင့် ၁၉၆၃ ခုနှစ်များအတွင်း ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့သော ပဲရစ်မြို့၌ တိမ်းရှောင်နေသူ ကွန်စတင်တီနို့ စကရာမန်လစ်ကို ၁၉၆၇ ခုနှစ်တွင် ပြန်ခေါ်၍ အရပ်သား အစိုးရအဖွဲ့ကို ပြန်လည် ဦးစီးစေသည်။ ကရာမန်လစ် အစိုးရ သည် ပါလီမန် ဒီမိုကရေစီစနစ်ကို ပြန်လည် ကျင့်သုံးသည်။

ကွန်စတင်တိုင်း ဘုရင်သည် ဂရိနိုင်ငံသို့ ဘုရင်အဖြစ် ပြန်လာနိုင်ရန် ကြိုးစားသော်လည်း ပြည်သူအများစုက လက်မခံတော့ပေ။ သမ္မတ အုပ်ချုပ်ရေး စနစ်ကိုသာ ကျင့်သုံး လျက်ရှိရာ ယခုလက်ရှိ သမ္မတမှာ ကွန်စတိုင်းဆက်ဆော့ ဖြစ်လေသည်။

၁၉၇၆ ခုနှစ် ခန့်မှန်ခြေအရ လူဦးရေမှာ ၉၁၇ဝ၁ဝဝ ရှိသည်။ မြို့တော်မှာ အက်သင်မြို့ ဖြစ်သည်။ [၅]

ဂရိနိုင်ငံတွင် နိုင်ငံရေးပါတီ ၂ဝ ခန့်ရှိသည့်အနက် ဝန်ကြီး ချုပ် ဂျော့ရောလစ် ဦးဆောင်သည့် နယူးဒီမိုကရေစီပါတီ၊ အင်ဒရီးယာစ ပါပန်ဒရီယို ဦးဆောင်သည့် ပင်ဟဲလင်းနစ် ဆိုရှယ်လစ် အက်ရှင်ပါတီ၊ အလယ်အလတ်ဝါဒီ ဂျော့ မာဗ ရော့စ ဦးဆောင်သည့် စင်တာယူနီယံနှင့် ချာရီလောစ်ဖလို ရာကစ် ဦးဆောင်သည့် ဆိုဗီယက်လိုလားသော ဂရိကွန်မြူနစ် ပါတီတို့သည် အင်အားအကြီးဆုံးဖြစ်ကြသည်။

၁၉၆၇ ခုနှစ်တွင် လက်ရှိသမ္မတဖြစ်နေသော ဝန်ကြီးချုပ် ဟောင်း ကွန်စတင်တိုင်း ကရာမန်လစ်သည် နယူးဒီမိုကရေစီ ပါတီကို တည်ထောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဂရိနိုင်ငံရွေးကောက်ပွဲတွင် နယူးဒီမိုကရေစီပါတီသည် ဆန္ဒမဲ အားလုံး၏ ၅၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမတ်နေရာ ၃ဝဝ အနက် ၂၂ဝ ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့သည်။ ဝန်ကြီးချုပ် ကရာမန်လစ် ဦးဆောင်သောအစိုးရအဖွဲ့က တင်သွင်းသည့် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော အခြေခံဥပဒေအရ သမ္မတလက်တွင် အာဏာ အမြောက်အမြား ရရှိခဲ့သည်။ စစ်အုပ်ချုပ်ရေးကြေငြာနိုင်ခွင့်၊ ပါလီမန်ကိုဖျက် သိမ်းနိုင်ခွင့်နှင့် ဥပဒေပယ်ဖျက် နိုင်ခွင့်တို့ကို သမ္မတလက် တွင် အပ်နှင်းထားသည်။

၁၉၇၄ ခုနှစ် ရွေးကောက်ပွဲတွင် အင်ဒရီးယားစ ပါပန်ဒရီ ယိုသည် ပင်ဟဲလင်းနစ်ဆိုရှယ်လစ်ပါတီကို ဖွဲ့စည်းထူထောင် ကာ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရာ ဆန္ဒမဲ ၁၄ ရာခိုင်နှုန်းရ ရှိခဲ့ပြီး တတိယနေရာလိုက်ခဲ့သည်။ ၁၉၇၇ ခုနှစ် ရွေးကောက် ပွဲတွင်မူ ကရာမန်လစ်၏ နယူးဒီမိုကရေစီပါတီက ၁၇၃ နေရာ၊ ပင်ဟဲ လင်းနစ်ပါတီက ၉၃ နေရာရရှိကာ ဒုတိယလိုက်လာ သည်။ ၁၉၈၁ ခုနှစ် မေလတွင် ဝန်ကြီးချုပ် ကရာမန်လစ် သည် နယူးဒီမိုကရေစီပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပြီး ဂရိသမ္မတအဖြစ် ကူးပြောင်းခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီး ဂျော့ရောလစ်သည် ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ဖြစ်လာသည်။

၁၉၈၁ ခုနှစ် အောက်တိုဘာလတွင်ကျင်းပသော ဂရိနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင်မူကား ပင်ဟဲလင်း နစ်ပါတီသည် အမတ်နေရာ ၃ဝဝ အနက် ၁၇၄ နေရာ အနိုင်ရရှိသဖြင့် အာဏာရ နယူးဒီမိုကရေစီပါတီဝန် ကြီးချုပ် ဂျော့ရောလစ်သည် ရာထူးမှ နုတ်ထွက်လိုက်သည်။ အောက်တိုဘာလ ၂ဝ ရက်နေ့ တွင် အင်ဒရီးယားစပါပန်ဒရီယိုသည် အမျိုးသမီးဝန်ကြီးတစ်ဦး၊ ဒုတိယဝန်ကြီးနှစ်ဦး အပါအဝင် ဝန်ကြီး ၂ဝ နှင့်အတူ ဒုတိယ ဝန်ကြီး ၁၈ ဦးပါဝင်သော ကက်ဘိနက်အဖွဲ့နှင့်အတူ ဂရိ သမ္မတနှင့် ဂိုဏ်းချုပ်တို့ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို သည်။ ပါပန်ဒရီယို၏ အစိုးရအဖွဲ့သည် ဂရိနိုင်ငံ၏ ပထမဆုံး သော ဆိုရှယ်လစ်အစိုးရဖြစ်သည်။


အကျယ်အဝန်း။ ။၅ဝ၅၄၇ စတုရန်းမိုင်။


လူဦးရေ။ ။၉၅ဝ၆ဝဝဝ။ မြို့တော်။ ။အေသင်မြို့။


ဂရိနိုင်ငံသည် မြောက်အတ္တလန္တိတ် စစ်မဟာမိတ်အဖွဲ့ (နေတိုး)နှင့် ဥရောပဘုံဈေးအဖွဲ့ (အီးအီးစီ)တို့၏ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ဥရောပတိုက် တောင်ပိုင်းတွင် စစ်ရေးအရအချက် အချာကျသောနေရာတွင် တည်ရှိသည်။ ဂရိနိုင်ငံတွင် အမေရိ ကန်တပ်သား ၄ဝဝဝ ခန့်ချထားပြီး အွန်းနက်ဂျွန်နှင့် နိုက်ဟာ ကျူလီအမျိုးအစား နျူးကလီးယား ဒုံးပျံများနှင့် အမေရိကန် စစ်စခန်း လေးခုရှိသည်။ ထိုစစ်စခန်းများမှနေ၍ နေတိုးအဖွဲ့ သည် ပင်လယ်နက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဆူးအက်တူး မြောင်းသို့ သွားရာလမ်းများကို ထိန်းချုပ်ထားနိုင်သည်။ ဂရိ နိုင်ငံ ခရိကျွန်းအနောက်မြောက်ပိုင်းရှိ ဆူးဒါး ပင်လယ်အော် သည် အမေရိကန်အမှတ် ၆ ရေတပ် သင်္ဘောများအတွက် အခြေစိုက်ရန် အသင့်တော်ဆုံးနေရာဖြစ်သည်။ ထို့ပြင် နေတိုး အဖွဲ့သည် ခရိကျွန်း ဟာရက်လီယွန်ဒေသရှိ အီလက်ထရွန်းနစ် ထောက်လှမ်းရေးစခန်းအပါအဝင် ရေဒါစခန်းငါးခုမှနေ၍ မြေ ထဲပင်လယ်တွင် ဆိုဗီယက်တို့၏ လှုပ်ရှားမှုများကို စောင့်ကြည့် နိုင်ပြီး ရန်သူလေယာဉ်များနှင့် စစ်တပ်များ၏ လှုပ်ရှားမှုကို ထောက်လှမ်းနိုင်သည်။

ဝန်ကြီးချုပ်ပါပန်ဒရီယိုသည် ရွေးကောက်ပွဲကာလတွင် ဂရိ နိုင်ငံရှိ အမေရိကန် နျူးကလီးယား လက်နက်များနှင့် စစ်စခန်း များကို ဖယ်ရှားပစ်မည်။ မြောက်အတ္တလန္တိတ် စစ်မဟာမိတ် အဖွဲ့(နေတိုး)နှင့် ဥရောပဘုံ ဈေးအဖွဲ့ (အီးအီးစီ)တို့မှ နုတ် ထွက်မည်ဟု ရွေးကောက်ပွဲကတိများ ပြုခဲ့သောကြောင့် အမေရိ ကန်ပြည်ထောင်စုနှင့် အနောက်ဥရောပမဟာမိတ်နိုင်ငံများက စိုးရိမ်ပူပန်ခဲ့ကြသည်။

သို့သော် ရွေးကောက်ပွဲ နောက်ပိုင်းကာလများတွင် ပါပန် ဒရီယိုက နေတိုးအဖွဲ့၌ ဂရိနိုင်ငံဆက်လက်ပါဝင်ပြီး ဂရိနိုင်ငံ တွင် အမေရိကန်စစ်စခန်းများ ဆက်လက်ထားရှိလိုလျှင် ဂရိ စစ်တပ်အတွက် အမေရိကန်လက်နက်များ ထောက်ပံ့ရန် အာမ ခံချက်ပေးရမည်။ ဂရိနိုင်ငံသည် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှား မှုများတွင် ပါဝင်ခြင်းမပြုပဲ အဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်၍နေမည် ဟု တောင်းဆိုခဲ့သည်။ ထို့ပြင် ဂရိနိုင်ငံသည် နိုင်ငံငယ်တစ်ခုမျှ သာဖြစ်သဖြင့် အီးအီးစီကိစ္စများတွင် ဩဇာလွှမ်းမိုးနိုင်မည်သာ မက အီးအီးစီအဖွဲ့ဝင်ဖြစ်ခြင်းကြောင့် ဂရိနိုင်ငံ၏လွတ်လပ်မှုကို ပင် ထိပါးစေပြီး နိုင်ငံ၏လယ်ယာနှင့် စက်မှုလုပ်ငန်းများကိုပါ ထိခိုက်မည်ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် အီးအီးစီမှ ဂရိနိုင်ငံနုတ်ထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးနိုင် သည့် အာဏာမှာ ဂရိသမ္မတလက်တွင်သာရှိရာ ဂရိသမ္မတ ကွန်စတင်တိုင်း ကရာမန်လစ်သည် ဂရိနိုင်ငံ အီးအီးစီ အဖွဲ့ ဝင်ဖြစ်ရေးကို တက်ကြွစွာ ကြိုးပမ်းခဲ့သူဖြစ်သောကြောင့် ဂရိ နိုင်ငံ အီးအီးစီမှထွက်ရေးမှာလည်း မသေချာချေ။

ဂရိနိုင်ငံသည် တူရကီနိုင်ငံနှင့် ရှေးအစဉ်အလာအဆက်ဆက် ရန်ဖက်ဖြစ်ခဲ့ကြသည်။ ယခုအခါတွင်လည်း ယင်းနှစ်နိုင်ငံတို့ သည် စိုက်ပရပ်ပြဿနာ၊ အေဂျင်ပင်လယ်ကမ်းဦးရေတိမ်ပိုင်း ပိုင်ဆိုင်လိုမှုပြဿနာများကို အကြောင်းပြု၍ နှစ်နိုင်ငံဆက်ဆံ ရေး မပြေမလည်ဖြစ်လျက်ရှိသည်။[၆]


ဝန်ကြီးချုပ် ဒေါက်တာအင်ဒရီးယားစ် ပါပန်ဒရီ ယို ဦးဆောင်သော အစိုးရအဖွဲ့သည် ၁၉၈၁ ခုနှစ် ရွေးကောက် ပွဲအပြီးတွင် ဖွဲ့စည်းပေါ်ပေါက်ခဲ့၍ ၁၉၈၂ ခုနှစ် ဇူလိုင်လတွင် အကြီးအကျယ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အနည်းငယ်ပြင်ဆင် ဖွဲ့စည်းခဲ့ရပြန်သည်။ ၁၉၈၄ ခုနှစ်တွင် လည်း နောက်ထပ် ပြင်ဆင်ဖွဲ့စည်းခဲ့ရသေးသည်။ ၁၉၈၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသည်။

ဂရိနိုင်ငံတွင် နိုင်ငံရေး ပါတီကြီး၊ ပါတီငယ်များ အမျိုးမျိုး ကွဲပြားနေသော်လည်း အဓိကအားဖြင့် လက်ဝဲအုပ်စုနှင့် လက်ယာအုပ်စုတို့ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ဒေါက်တာ ပါပန် ဒရီယိုဦးဆောင်သော အာဏာရ ပါတီဖြစ်သည့်ပင် ဟယ်လင်းနစ် ဆိုရှယ်လစ်လုပ်ရှားမှု(ပါဆော့ခ်)ပါတီသည် လက်ဝဲအုပ်စု ဖြစ်သည်။ လက်ယာအုပ်စုကို ကွန်ဆာဗေးတစ် အုပ်စုဟုလည်းခေါ်၍ တရားဝင်အမည်သည် နယူးဒီမိုကရေစီ ပါတီ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှစ၍ အတိုက်အခံ နယူးဒီမိုကရေစီပါတီခေါင်းဆောင် ဖြစ်ခဲ့သော အီဗန်ဂျလော့စ် အဗာရော့တော့စစ်ဇာ (၇၄)နှစ်သည် စွမ်း ဆောင်ရည်ညံ့ဖျင်းသည်ဟု ဝေဖန်ခံရ သဖြင့် ၁၉၈၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် နုတ်ထွက်သွားခဲ့ရာ ယင်းပါတီ၏ ပါလီမန်အမတ်များသည် ခေါင်းဆောင်သစ်အဖြစ် ကွန်စတန် တီနို မစ်ဆော့တာကစ်ကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ဆိုဗီယက်ယိမ်းသော ဂရိကွန်မြူနစ်ပါတီ(ကေကေအီး)သည် ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလက ပါဆော့ခ်ပါတီနှင့် မဟာမိတ် ပြုလုပ်လိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း ပါဆော့ခ်ပါတီက လက်မခံခဲ့ချေ။

ဒေါက်တာအင်ဒရီးယားစ် ပါပန်ဒရီယိုသည် ဂရိနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံအဖြစ် အသွင်းပြောင်းလဲပစ် မည်ဟူသော ကြွေးကြော်သံဖြင့် အာဏာရလာခဲ့သူဖြစ်သည်။ ကွန်စတန် တီနိုမစ်ဆော့တာကစ်သည် ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ဗဟိုသမဂ္ဂပါတီခေါင်းဆောင်ဂျော့ပါပန်ဒရီယို (ဒေါက်တာ ပါပန်ဒရီယို၏ဖခင်) ဦးဆောင်သော အစိုးရအဖွဲ့တွင် ပါဝင် ဖူးသည်။ ၁၉၆၅ ခုနှစ်တွင် ကွန်စတန်တင်ဘုရင်နှင့် ပါတီ ဆက်ဆံရေး မပြေပြစ်၍ မစ္စတာပါပန်ဒရီယို၏ အစိုးရအဖွဲ့ နုတ်ထွက်သွားစေရန် ဂိုဏ်းခွဲထွက်သော အုပ်စုတွင် မစ်ဆော့ တာကစ် အဓိကပါဝင်လှုပ်ရှားခဲ့သည်။ ယင်းအစိုးရအဖွဲ့၏ နေရာတွင် အစားထိုးဖွဲ့စည်းထားသော အစိုးရအဖွဲ့သစ်၌ မစ်ဆောတာကစ်သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာလအထိ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးရာထူးကို ရခဲ့သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိလည်း ဝန်ကြီးအဖြစ်ဆောင်ရွက်ဖူး သည်။ နယူးဒီမိုကရေစီပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသော အခါ မစ်ဆော့တာကစ်ကို ဒေါက်တာ ပါပန်ဒရီယိုက သစ္စာ ဖောက်ဟု ခေါ်ဝေါ်ကာ ဝေဖန်တိုက်ခိုက်ခဲ့သည်။ မစ်ဆော့ တာကစ်ကလည်း ဒေါက်တာပါပန်ဒရီယို၏ ဆိုရှယ်လစ်အစိုး ရလက်ထက်တွင် မညီမျှမှုများထူပြောကာ၊ လူနည်းစုက စည်းစိမ်ခံလျက် လူများစုက ဆင်းရဲကျပ်တည်း နေကြောင်း၊ ထို့ကြောင့် နယူးဒီမိုကရေစီပါတီ အာဏာရလျှင် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး၊ လွတ်လပ်စွာကုန်သွယ်ရေးတို့ကို အားပေးမည်ဖြစ်ကြောင်းဖြင့် မဲဆွယ်တရားဟောခဲ့သည်။

ယင်းလက်ယာ အုပ်စု ကွန်ဆာဗေးတစ်တို့သည် ဆာလို နီးကားရင်ပြင်တွင် လူထုတရားပွဲကျင်းပရာ လူတစ်သန်းခန့် တက် ရောက်သဖြင့် ဂရိနိုင်ငံသမိုင်းတွင် မကြုံစဖူးထူးကဲသည် ဟု ဆိုသည်။

တိုးတက် သစ်လွင်သော ဂရိနိုင်ငံ (နိယာအယ်လ် လားဒါး) တည်ထောင်ရေးကို ကြွေးကြော်ထားသည့် မစ်ဆော့ တာကစ်၏မူဝါဒကို လက်ယာအစွန်းရောက် ဝါဒီများ၏ ဂရိ အမျိုးသားနိုင်ငံရေးသမဂ္ဂ(အီးပီအီးအင်န်)က ဆန့်ကျင်သည်။

၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ကာလအတွင်း ဝန်ကြီး ချုပ်အဖြစ်လည်းကောင်း၊ နောက်ပိုင်းတွင် သမ္မတအဖြစ်လည်း ကောင်း ဆောင်ရွက်ခဲ့၍ ဂရိိနိုင်ငံ၏ အာဏာရှင်ဟု ထင်ရှား ခဲ့သူ ဂျော့ ပါပါဒိုပေါလို့စ်က အီးပီအီးအင်န်ကို ဦးဆောင် သည်။ သို့သော် ပါပါဒိုပေါလို့စ်သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် ၁၉၇၅ ခုနှစ်တွင် သေဒဏ်ချမှတ်ခံရပြီးမှ တစ်သက်တစ်ကျွန်း အပြစ်ဒဏ်သို့ လျှော့ပေါ့ခံရ၍ ယင်းအပြစ်ဒဏ်ကို ကျခံနေရသူ ဖြစ်သည်။

ဝန်ကြီးချုပ် ဒေါက်တာပါပန်ဒရီယို၏ ဆိုရှယ်လစ်ပါတီ သည် ကွန်ဆာဗေးတစ်ဝါဒီ သမ္မတကြီး ကွန်စတန်တိုင်းက ရာမန်လစ်ကို မထောက်ခံတော့ကြောင်း ၁၉၈၅ ခုနှစ် မတ်လ တွင် ကြော်ငြာခဲ့သည်။ ၁၉၄၇-၄၉ ခုနှစ် ပြည်တွင်းစစ်ဖြစ်ပွား ခဲ့ပြီး ဂရိဘုရင့်နိုင်ငံ ပြန်လည်ထူထောင်ရေးကာလအတွင်း ကရာမန် လစ်သည် ကွန်ဆာဗေးတစ် အစိုးရအဖွဲ့များကို ဦးဆောင်ခဲ့သူဖြစ်သည်။ တဖန် ၁၉၆၇ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ စစ်အာဏာရှင်အစိုးရများအုပ်စိုးခဲ့ပြီးနောက် ပထမဆုံး အကြိမ် ပြန်လည်ကျင်းပသော ပါလီမန် ရွေးကောက်ပွဲတွင် ကရာမန်လစ်၏ နယူးဒီမိုကရေးစီ ပါတီသည် နေရာအများစု အနိုင်ရရှိခဲ့သဖြင့် ကရာမန် လစ်သည် ဟယ်လင်းနစ်သမ္မတ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ တွင် ပြည်သူ့ ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ရန် စည်းရုံး ဦးဆောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဂရိဒီမိုကရေစီကို ထိန်း ကျောင်းပေးခဲ့သူအဖြစ် ပြည်သူလူထု၏ လေးစားကြည်ညိုမှုကို ခံရသူဖြစ်သည်။

ကရာမန်လစ်ဦးဆောင်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သမ္မတအား လုပ်ပိုင်ခွင့်အာဏာ ပိုမိုအပ်နှင်းထား သည်ဟု အာဏာရဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီနှင့် တစ်ဦးပုဂ္ဂလတို့က ယူဆလာကြကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များ ပြဋ္ဌာန်းရန် ပါလီမန်တွင် လှုပ်ရှားခဲ့ကြသည်။ ထိုသို့ လှုပ်ရှားလာခြင်းကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် သမ္မတကရာမန်လစ်သည် ၁၉၈၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့ တွင် ရာထူးမှ နုတ်ထွက်သည်။ သမ္မတအဖြစ် တရားလွှတ် တော် တရားသူကြီး ခရစ္စတော့စ် ဆာဇက်တကစ်ကို ဂရိ ပါလီမန်က မတ်လ ၂၉ ရက်နေ့တွင် ဆန္ဒပြုရွေးချယ်ခဲ့သည်။

ထိုသို့ ရွေးချယ်တင်မြေ|ာက်ခြင်းကို အသိ အမှတ်ပြုရန် ကွန်ဆာဗေးတစ်အုပ်စုက ငြင်းဆိုခဲ့ကြသည်။ ဆာဇက်တကစ် သည် နိုင်ငံရေးသမားမဟုတ်ဘဲ တရားဥပဒေရေးရာ ကျွမ်းကျင် သူဖြစ်သည်။ ၁၉၆၃ ခုနှစ်က လုပ်ကြံမှုတစ်မှုကို ရဲရင့်တည် ကြည်စွာ စုံစမ်းစစ်ဆေးခဲ့၍ ထင်ရှားခဲ့သူဖြစ်သည်။ မှုခင်း စီရင်ရာတွင် တရားသောဘက်မှ ရပ်တည်သူဖြစ်၍ ရာထူးလက် လွှတ်ခဲ့ရပြီးမှ ၁၉၇၄ ခုနှစ်တွင် တရားသူကြီးအဖြစ် ပြန်လည် ခန့်အပ်ခံခဲ့ရသူ ဖြစ်ရာ ဂရိပြည်သူတို့၏ ယုံကြည်ကိုးစားမှု ခံရသူဖြစ်သည်။

ဇွန်လ ၂ ရက်နေ့ ရွေးကောက်ပွဲသို့ ပြည်သူ ၆ ဒသမ ၄ သန်းက လာရောက်မဲပေးကြသည့်အနက် ဒေါက်တာပါပန်ဒရီယို ၏ ပါဆော့ခ်ပါတီသည် ထောက်ခံမဲ ၄၅ ဒသမ ၈ ရာခိုင်နှုန်း၊ နယူးဒီမိုကရေစီပါတီက ၄ဝ ဒသမ ၈ ရာခိုင်နှုန်း၊ ကွန်မြူနစ် ပါတီက ၉ ဒသမ ၉ ရာခိုင်နှုန်း၊ အသီးသီးရရှိသည်။ ၁၉၈၁ ခုနှစ် ရွေးကောက်ပွဲတွင်မူ ပါဆော့ခ်ပါတီက ၄၇ ဒသမ ၆၃ ရာခိုင်နှုန်း၊ နယူဒီမိုကရေစီ ပါတီက ၃၆ ဒသမ ၆၈ ရာခိုင် နှုန်းနှင့် ကွန်မြူနစ်ပါတီက ၁၁ ဒသမ ၂၂ ရာခိုင်နှုန်း ရရှိခဲ့ ကြသည်။ ပါလီမန်တွင် နေရာပေါင်း ၃ဝဝ ရှိသည့်အနက် လက်ရှိ ၁၇၂ နေရာ စိုးမိုးထားသော ပါဆော့ခ်ပါတီက ၁၆၁ နေရာ ရရှိသည်၊ နယူးဒီမိုကရေစီပါတီက ၁၁၅ နေရာရရှိထား ရာမှ ၁၂၅ နေရာသို့ တိုးတက်ရရှိသည်။ ကွန်မြူနစ်ပါတီက မူလအတိုင်းပင် ၁၃ နေရာရရှိသည်။ ယခုနှစ် ရွေးကောက်ပွဲ၌ ဥရောပ ကွန်မြူနစ်ဝါဒီ ကေကေအီးပါတီက ပထမဆုံးအကြိမ် အဖြစ် နေရာတစ်နေရာ စတင်ရရှိသည်။ နေရာအများကို လွှမ်းမိုးနိုင်သော ပါဆော့ခ်ပါတီ၏ ခေါင်းဆောင် ဒေါက်တာ ပါပန်ဒရီယိုသည် ဇွန်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို သည်။

စိုက်ပရပ်နိုင်ငံကို တူရကီနိုင်ငံက ဝင်ရောက်ကျူးကျော် စွက်ဖက်ခဲ့ခြင်းကို အမေရိကန်ပြည်ထောင်စုက တားဆီးရန် ပျက်ကွက်သည်ဟု ပြစ်တင်ဝေဖန်ကာ ဂရိနိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် မြောက်အတ္တစ်လန္တိတ် စာချုပ်အဖွဲ့(နေတိုး)မှ နုတ်ထွက်ခဲ့သည်။ တဖန် ၁၉၈ဝ ပြည့်နှစ် အောက်တိုဘာလ ၂ဝ ရက်နေ့တွင် နေတိုး သို့ ပြန်လည်ဝင်ရောက်သည်။

ဥရောပဘုံဈေးအဖွဲ့သို့ ၁၉၈၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် ဝင်ရောက်ခဲ့ ပြန်သည်။ ဒေါက်တာပါပန်ဒရီယို၏ အစိုးရ အာဏာရရှိသောအခါ ယင်းအဖွဲ့အစည်းများသို့ ဝင်ရောက်ထား ခြင်းကို မလိုလားကြောင်း ကြွေးကြော်ခဲ့သည်။ သို့ရာတွင် ဘုံဈေးအဖွဲ့၏ ထောက်ပံ့ငွေဖြင့် ဂရိလယ်သမားများ အတော် အတန် ချောင်လည်နေသောကြောင့် မူလသဘောထားကို လက်တွေ့ အကောင်အထည်ဖော်နိုင် ခြင်း မရှိသေးချေ။

ဂရိနိုင်ငံ၏ ငွေဖောင်းပွမှု နှုန်းသည် ၁၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်၍ ဘုံဈေးအဖွဲ့ဝင် ၁ဝ နိုင်ငံထဲတွင် အမြင့်ဆုံး ဖြစ်သည်။ အလုပ်လက်မဲ့ဦးရေ ရာခိုင်နှုန်းသည် ရှစ်ရာခိုင်နှုန်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်က အလုပ် လက်မဲ့ ရှစ်သောင်းရှိခဲ့ရာမှ ၁၉၈၅ ခုနှစ်တွင် ငါးသိန်းခန့်ရှိနေပြီဖြစ်သည်။ ဒေါက်တာ ပါပန်ဒရီယို၏ အစိုး ရတာဝန်ယူစတွင် ပြည်ပ ကြွေးမြီသည် ဒေါ်လာသန်း ၇၉ဝဝ သာရှိသော်လည်း ၁၉၈၅ ခုနှစ်တွင် ကြွေးမြီ ဒေါ်လာသန်း ၁၂၅ဝဝ ရှိလာသည်။ နှစ်စဉ်ဒေါ်လာ သန်းပေါင်း ၁၅ဝဝ ခန့် ချေးယူနေရသောကြောင့် ၁၉၈၆ ခုနှစ် တွင် ဒေါ်လာသန်းပေါင်း ၁၄ဝဝဝ ကျော်လာမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဂရိအစိုးရသည် စစ်အခြေစိုက် စခန်းငှားရမ်းခငွေ ဒေါ်လာသန်း ၅ဝဝ ကို အမေရိကန် ပြည်ထောင်စုထံမှ နှစ်စဉ်ရရှိနေသည်။ ထိုစစ်အခြေခံစခန်းများ ကိုအမှီပြု၍ ဂရိအမျိုးသား ၁၆၇ဝ အလုပ်ရကြသည်။ ထိုစခန်း များငှားရမ်းခငွေကို ပို၍ပေးရန် တောင်းဆိုလျက်ရှိသည်။ စခန်း ငှားရမ်းသည့်စာချုပ်သည် ၁၉၈၈ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ် သည်။ အမေရိကန်က တူရကီနိုင်ငံအား စစ်ရေးအကူဒေါ်လာ ၇၁၅ သန်း ပေးနေခြင်းကို ဂရိနိုင်ငံက မကျေမနပ် ဖြစ်လျက်ရှိ သည်။[၇]

ဂရိနိုင်ငံတွင် နိုင်ငံရေးပါတီကြီး၊ ပါတီငယ်များ အမျိုး မျိုးကွဲပြားနေသော်လည်း အဓိကအားဖြင့် လက်ဝဲအုပ်စုနှင့် လယ် ယာအုပ်စုတို့အား ပြိုင်နေခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဒေါက်တာ အင်ဒရီးယားစ် ပါပန်ဒရီယိုဦးဆောင်သော ပင်ဟယ်လင်းနစ်ဆို ရှယ်လစ်လှုပ်ရှားမှုပါတီ (ပါဆော့ခ်) သည်လက်ဝဲယိမ်းသည်။ လက်ယာအုပ်စုကို ကွန်ဆာဗေးတစ် အုပ်စုဟုလည်းခေါ်၍ တရားဝင်အမည်သည် ဒီမိုကရေစီသစ် ပါတီဖြစ်သည်။ ယင်း ပါတီကို ၁၉၈၄ ခုနှစ်မှစ၍ ကွန်စတန်တီနို မစ်ဆော့တာကစ်က ဦးဆောင်လျက်ရှိသည်။ ဆိုဗီယက်ယိမ်းသော ဂရိကွန်မြူနစ်ပါတီ (ကေကေအီး) သည် ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလက ပါးဆော့ခ် ပါတီ နှင့် မဟာမိတ်ပြုလုပ်လိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း ပါဆော့ခ်ပါတီ ကလက်မခံခဲချေ။

အထွေထွေရွေးကောက်ပွဲ တစ်ရပ်ကို ၁၉၈၉ ခုနှစ်ဇွန်လ ၁၈ ရက်နေ့တွင်ကျင်းပသည်။ရွေးကောက် ပွဲမကျင်းပမီက ပါလီ မန်၌နေရာ ၃ဝဝ ရှိသည့်အနက် ပါဆော့ခ်က ၁၅၄ နေရာဖြင့် အင်အားအများစုကို လွှမ်းမိုးထားနိုင်သည်။ ဒီမိုကရေစီသစ်ပါတီ က ၁၁၁ နေရာ၊ ကွန်မြူနစ်ပါတီက ကိုးနေရာ၊ ဒီမိုကရေစီပြန် လည် ဆန်းသစ်ရေးပါတီကရှစ်နေရာ၊ လက်ဝဲပါတီငယ်တစ်ခုက တစ်နေရာ၊ တစ်သီးပုဂ္ဂလက ၁၇ နေရာ အသီးသီးရရှိထား သည်။ ရွေးကောက်ပွဲကျင်းပသောအခါ ဒီမိုကရေစီသစ်ပါတီက ၁၄၅ နေရာထိတိုးတက်ရရှိ လာသော်လည်း နေရာအများစုကို မလွှမ်းမိုးနိုင်ခဲ့ချေ။ ပါဆော့ခ်ပါတီက ၁၂၅ နေရာ၊ ကွန်မြူနစ် မဟာမိတ် အဖွဲ့က ၂၈ နေရာ၊ ပါတီငယ်များ၏ နှစ်နေရာအသီး သီးရရှိသည်။

အသက် ၇ဝ အရွယ်ရှိ် ဝန်ကြီးချုပ်ပါပန်ဒရီယိုသည် အိုလင်းပစ် လေကြောင်းဌာနမှ အသက် ၃၄ နှစ်အရွယ်လေယာဉ် မယ်လီယာနီနှင့် လိင်မှုကိစ္စ ရှုပ်ထွေးမှုကလည်း ပေါ်ထွက်လာ သည့်ပြဿနာကြောင့် လည်းကောင်း၊ ဂရိဘဏ်မှ ဒေါ်လာသန်း ၂ဝဝ ကျော်အလွဲသုံးစားပြုမှုတွင် ပါဆော့ခ်ပါတီ ထိပ်တန်းခေါင်း ဆောင်များ ပါဝင်ပတ်သက်ခြင်းကြောင့် လည်းကောင်း ပါဆော့ခ် ပါတီသည် သိက္ခာကျဆင်း လာပြီးနောက် ရွေးကောက်ပွဲတွင် အရေးနိမ့်ရခြင်းဖြစ်သည်။

ဒီမိုကရေစီသစ်ပါတီနှင့် လက်ဝဲမဟာမိတ်အဖွဲ့တို့သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ယာယီညွန့်ပေါင်းအစိုရ ဖွဲ့စည်းရေးအတွက် သဘောတူညီမှုရရှိသည်။ ဆိုရှယ်လစ်အစိုးရ ကိုကိုင်လှုပ်ခဲ့သော ငွေကြေးအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေး၍ တရားဥပဒေအရ အရေးယူမည်ဟူသောအချက်ကို အခြေခံလျက် နှစ်ပါတီပူးပေါင်း ဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြခြင်းဖြစ် သည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ဝန်ကြီးချုပ် ဇန်းနက်တကစ်ဦး ဆောင်သော အဖွဲ့ဝင် ၂၂ ဦးပါ အစိုးရအဖွဲ့သည် ပါလီမန်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ အသက် ၆၂ နှစ်ရှိဇန်းနက်တကစ် သည် ရေတပ်အရာရှိဟောင်းနှင့် ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးဟောင်းဖြစ်သည်။ ယင်းညွန့်ပေါင်းအစိုးရတွင် ပါဝင်သော ဒီမိုကရေစီသစ်ပါတီနှင့် လက်ဝဲဝါဒီမဟာမိတ် အဖွဲ့တို့သည် ဂရိပြည်တွင်းစစ်ကာလ (၁၉၄၆-၄၉) က စစ်ခင်းခဲ့ကြဖူးသော ပြိုင်ဘက်ဟောင်းများ ဖြစ်ကြသည်။

ဒေါ်လာသန်း ၂ဝဝ ကျော်အလွဲသုံးစား လုပ်ထားသော ဂရိဘဏ်အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သည်ဟု သက‡ာမ ကင်းခံရသည့် ဝန်ကြီးချုပ်ဟောင်းပါပန်ဒရီယိုကို စုံစမ်းစစ်ဆေး အရေးယူရန် ဂရိပါလီမန်က ၁၉၈၉ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့ တွင် ထောက်ခံမဲ ၁၇၁ မဲ၊ ကန့်ကွက်မဲ ၁၂၂ မဲဖြင့် ဆုံးဖြတ်ခဲ့ သည်။ ပျက်ကွက်မဲနှင့် ဗလာမခုနစ်မဲရှိသည်။ ယင်းအရှုပ်တော်ပုံ နှင့် စပ်လျဉ်း၍ပါပန်ဒရီယို၏ ထိပ်တန်းဝန်ကြီး ဟောင်းလေးဦး ကိုလည်း အဖွဲ့ဝင် ၁၂ ဦးပါ ကော်မတီက စုံစမ်းစစ်ဆေးရန်ကို လည်းယင်းဝန်ကြီးဟောင်း တစ်ဦးချင်းအလိုက် အမည်တင်သွင်း ၍ မဲခွဲဆုံးဖြတ်ခဲ့သည်။

တယ်လီဖုန်း ကြားဖြတ်နားထောင်သည့် ပြစ်မှုနျင့်စပ် လျဉ်း၍ ဝန်ကြီးချုပ်ဟောင်းပါပန်ဒရီယိုကို စစ်ဆေးရန်လည်း ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေက ပါလီမန်၌ထောက်ခံမဲ ၁၇ဝ၊ ကန့်ကွက်မဲ ၁၁၉ မဲဖြင့်ဆုံးဖြတ်ခဲ့ပြန်သည်။ ပျက်ကွက်မဲ နှင့်ဗလာမဲ ၁၁ မဲရှိသည်။ ပါပန်ဒရီယို၏ ဆိုရှယ်လစ်ဝါဒီ အစိုးရ ၁၉၈၁ ခုနှစ်တွင် အာဏာရလာချိန်မှစ၍ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲ၌အရေးနိမ့်သွားချိန်အထိ မိတ်ဆွေများ၏ တယ်လီ ဖုန်းများကိုရော ပြိုင်ဖက်များ၏ တယ်လီဖုန်းများကိုပါ ကြားဖြတ် နားထောင်စေခဲ့သည်ဟု စွပ်စွဲ ထားသည်။ တယ်လီဖုန်းကြားဖြတ် နားထောင်ခြင်းကို ခံခဲ့ကြရသူ ၂ဝဝ ကျော်ရှိသည့်အနက်အချို့၏ အမည် စာရင်းကို ပါလီမန်၌ တင်သွင်းခဲ့သည်။ ယင်းအမည် စာရင်းတွင် ကွန်မြူနစ်မဟာမိတ်အဖွဲ့ ခေါင်းဆောင် ဟယ်ရီလာ အို့စ် ဖလိုရာကစ်၊ သမ္မတဟောင်းကွန်စတန်တင် ကာရာမန်လစ်၊ ဆိုရှယ်လစ် အလုပ်သမားဝန်ကြီး ဂျော့ယင်နီမာတက်စ်နှင့် သတင်းစာဆရာအများအပြား ပါဝင်သည်။

နိုင်ငံသားတစ်ဦးချင်း၏ နိုင်ငံရေးယုံကြည်ချက်များကို ထောက်လှမ်းရေးအဖွဲ့က နှစ်ပေါင်းလေးဆယ် ကာလအတွင်း စုစည်းစီစဉ်ထားသည့် လျို့ဝှက်စာတွဲဖိုင် ၁၆ သန်းကို လူသိရှင် ကြားမီးရှို့ဖျက်ဆီးသောအခမ်း အနားတစ်ရပ်ကို ၁၉၈၉ ခုနှစ် ဩံဂုတ် ၃၁ ရက်နေ့တွင် အေသင်မြို့၌ ကျင်းပသည်။ ကွန်ဆာ ဗေး တစ်နှင့် ကွန်မြူနစ်နှစ်ပါတီ ညွန့်ပေါင်းအဖွဲ့၏ အမိန့်အရ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဂရိနိုင်ငံရေး ပါတီများအကြား ခါးသီး ဖွယ်ရာခွဲခြားမှုများကို အဆုံးတတ်စေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ယင်အခမ်းအနားကို ချီးကျူးကြသည်။

ပြည်တွင်းစစ်ကာလ(၁၉၄၆-၁၉၄၉) အဆုံးသတ်၍ ငြိမ်းချမ်းမှု ရရှိသည့်နှစ် ၄ဝမြောက်နှစ်ပတ်လည်အထိမ်း အမှတ်အဖြစ် ယင်းခမ်းအနားကိုကျင်းပရန်ဆုံးဖြတ်ခဲ့သည်ဟု လည်းဆိုသည်။ လူသုံးသိန်းကျော်သေဆုံးခဲ့ရ သော ယင်းစစ်ပွဲ၌လက်ယာဝါဒီက အနိုင်ရခဲ့ပြီးဂရိကွန်မြူနစ်ပါတီ (ကေကေအီး) သည် ၁၉၄၇ ခုနှစ်မှစ၍လက်ယာစွန်းစစ်အာဏာရှင် အစိုးရပြုတ်ကျသည့် ၁၉၇၄ ခုနှစ်ထိ ပိတ်ပင်ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင်မှ တရားဝင်ရပ်တည် ခွင့်ရလာသော ကေကေအီးပါတီနှင့် ကွန်ဆာဗေးတစ်ပါတီ အတိုက်အခံ ဒီမိုကရေစီသစ် ပါတီတို့ အပါအဝင်နိုင်ငံရေး ပါတီ များ၏လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဆိုရှယ်လစ်ဝါဒီအစိုးရက စာတွဲဖိုင်အသစ်များ ထပ်မံပြုစုစေခဲ့သည်ဟုဆိုသည်။ ယင်းစာတွဲ ဖိုင်များသည် သမိုင်းတန်ဖိုးကြီးမားလှ၍ မဖျက်ဆီးသင့်ဟု ဆိုရှယ်လစ်ဝါဒီတို့က ကန့်ကွက်ခဲ့သည်။ သမိုင်းတန်ဖိုးအရ ထိန်းသိမ်းထားရန် စာတွဲဖိုင် ၂ဝဝဝ ကို သိမ်းဆည်းထားဆဲ ဖြစ်သည်ဟု အစိုးရအာဏာပိုင်တို့က ကြေညာခဲ့သည်။

၁၉၈၉ ခုနှစ်နိုဝင်ဘာလ ၅ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရာ ဒီမိုကရေစီသစ်ပါတီ က ၁၄၈ နေရာထိ တိုးတက်ရရှိသော်လည်း နေရာ ၃ဝဝ ရှိပါလီမန်၌ အများစုရရှိ ရန် သုံးနေရာလိုအပ်သည်။ ပါဆော့ခ်ပါတီက ၁၂၈နေရာထိတိုး ၍ ရရှိသည်။ လက်ဝဲညွန့်ပေါင်းက ၂၁ နေရာ၊ တစ်သီး ပုဂ္ဂလ က သုံးနေရာအသီးသီးရရှိသည်။ ထို့ကြောင့် အဓိကပါတီကြီး သုံးခုသည်ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် သဘောတူညီမှုရရှိသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းဇီနိုဖွန် ဇိုလိုတက်စ်က ဝန်ကြီးချုပ်အဖြစ် ၁၉၉ဝ ပြည့်နှစ် ဧပြီလတွင် ရွေးကောက်ပွဲများကျင်းပချိန်အထိ တာဝန်ယူမည်ဖြစ်သည်။ အသက် ၈၅ နှစ်ရှပြီးဖြစ်သော ဇိုလို တက်စ်သည် ၁၉၆၇ ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိ အုပ်စိုးခဲ့သော စစ်အစိုးရပြုတ်ကျကာစ၌ ဖွဲ့စည်းသည့် ၁၉၇၄ ခုနှစ် အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် ခေတ္တတာဝန်ယူခဲ့ဖူး သည်။ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ၁၉၅၅ ခုနှစ်မှ ၁၉၆၇ ခုနှစ်ထိ တစ်ကြိမ်၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိ တစ်ကြိမ်ဆောင်ရွက် ခဲ့ဖူးသည်။[၈]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Total Population. Eurostat (1 January 2010). Retrieved on 8 January 2010
  2. ၂.၀ ၂.၁ Greece. International Monetary Fund. Retrieved on 26 April 2011
  3. Human Development Report 2010. United Nations (2010). Retrieved on 5 November 2010
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  5. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၇၈)
  6. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၈၂)
  7. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၈၆)
  8. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၉၀)