အစ်စတန်ဘူလ်မြို့
| အစ်စတန်ဘူလ် | |
| တူရကီနိုင်ငံအတွင်း နေရာပြပုံ | |
| Coordinates: | |
|---|---|
| နိုင်ငံ | တူရကီ |
| ဒေသ | မာမရာ |
| နယ်မြေ | အစ်စတန်ဘူလ် |
| တည်ထောင်ခြင်း | |
| - ဘိုင်ဇန်တီယမ် | ဘီစီ ၆၆၀ |
| - ကွန်စတန်တီနိုပယ်လ် | အေဒီ ၃၃၀ |
| - အစ်စတန်ဘူလ် | ၁၄၅၃(အော့တမန်) 1923 (ခေတ်သစ်တူရကီ) ၁၉၃၀ |
| နယ်မြေများ | ၃၉ |
| အုပ်ချုပ်ရေး | |
| - မြို့တော်ဝန် | Kadir Topba (AKP) |
| ဧရိယာ | |
| - မြို့တော် | ၅၃၄၃ km² (၂၀၆၂.၉ sq mi) |
| လူဦးရေ (2010-12-31)[၁] | |
| - မြို့ပြ | ၁၃,၁၂၀,၅၉၆ |
| - မြို့ပြ သိပ်သည်းမှု | ၂၄၅၆/km² (၆၃၆၁/sq mi) |
| - မက်ထရို လူဦးရေ | ၁၃,၂၅၅,၆၈၅ |
| အချိန်ဇုံ | EET (UTC+2) |
| - နွေရာသီ (DST) | EEST (UTC+3) |
| စာပို့သင်္ကေတ | 34000 to 34850 |
| ဒေသဆိုင်ရာ ဖုန်းကုတ်ဒ်နံပါတ် | (+90) 212 (ဥရောပဘက်ခြမ်း) (+90) 216 (အာရှဘက်ခြမ်း) |
| အင်တာနက်စာမျက်နှာ: Istanbul Metropolitan Municipality | |
အစ်စတန်ဘူလ်မြို့ကို သမိုင်းတွင် ဘိုင်ဇန်တီယန် နှင့် ကွန်စတန်တီနိုပယ်လ် ဟု သိရှိကြပြီး တူရကီနိုင်ငံတွင် အကြီးဆုံးမြို့ ဖြစ်သည်။ လူဦးရေ ၁၃.၁ သန်းရှိပြီး တူရကီလူဦးရေ၏ ၁၇.၈ ရာခိုင်နှုန်းမျှ ရှိသည်။ အစ်စတန်ဘူလ်သည် မက်ဂါမြို့တော် တစ်ခုဖြစ်ရုံသာမက တူရကီနိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေး နှင့် ငွေကြေးဆိုင်ရာ အချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်။ အစ်စတန်ဘူလ် နယ်ရှိ ခရိုင် ၃၉ ခုပါဝင်သည်။ ဘော့စ်ဖရပ် ရေလက်ကြားတွင် တည်ရှိပြီး ရွှေဦးချို သို့ ဂိုးလ်ဒင်းဟွန်းဟု သိရှိကြသည့် နိုင်ငံ၏ အနောက်မြောက်ဘက် ရှိ သဘာဝဆိပ်ကမ်းက ဝန်းရံထားသည်။ ဥရောပဘက်ခြမ်း သရေ့စ်မှ အာရှဘက်ခြမ်း အနာတိုလီယာ အထိ တည်ရှိသဖြင့် ကမ္ဘာပေါ်ရှိ မက်ထရိုပိုလစ်များတွင် အာရှနှင့် ဥရောပ နှစ်ခုစလုံးပါဝင်သည့် တစ်ခုတည်းသော မြို့ဖြစ်သည်။ အစ်စတန်ဘူလ်သည် ကမ္ဘာ့စီးပွားရေး အချက်အချာဖြစ်သည့် ကမ္ဘာ့ အလ်ဖာမြို့ (alpha world city) တစ်မြို့ အဖြစ်လည်း သတ်မှတ်ခြင်းခံရသည်။
ရှည်လျားလှသော သမိုင်းကြောင်းတလျှောက်တွင် အစ်စတန်ဘူလ်သည် ရောမအင်ပါယာ (၃၃၀-၃၉၅)၊ အရှေ့ရောမ (ဘိုင်ဇန်တိုင်း) အင်ပိုင်ယာ (၃၉၅-၁၀၂၄ နှင့် ၁၂၆၁-၁၄၅၃)၊ လက်တင်အင်ပိုင်ယာ (၁၂၀၄-၁၂၆၁)၊ အော့တမန် အင်ပိုင်ယာ(၁၄၅၃-၁၉၂၂) တို့၏ မြို့တော် ဖြစ်ခဲ့သည်။ ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၂၉ရက် တူရကီသမ္မတနိုင်ငံ တည်ထောင်သော အခါတွင် တူရကီအမျိုးသားလှုပ်ရှားမှု၏ ဌာနချုပ်အဖြစ်တည်ရှိခဲ့သော အန်ကာရာမြို့ကို တူရကီနိုင်ငံ၏ မြို့တော်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။ အစ်စတန်ဘူလ်မြို့သည် ၂၀၁၀ခုနှစ် ဥရောပယဉ်ကျေးမှုမြို့တော်နှင့် ၂၀၁၂ ခု ဥရောပ၏ အားကစားမြို့တော်အဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသည်။ မြို့တော်အတွင်းရှိ သမိုင်းဝင် နေရာများကို ၁၉၈၅ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာများ စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့သည်။
မာတိကာ |
အမည်မှည့်ခေါ်ခြင်း [ပြင်ဆင်ရန်]
သမိုင်းကြောင်း [ပြင်ဆင်ရန်]
ပထဝီ [ပြင်ဆင်ရန်]
မြို့ပြရှုခင်းများ [ပြင်ဆင်ရန်]
အုပ်ချုပ်ရေး [ပြင်ဆင်ရန်]
လူဦးရေပျံ့နှံ့ပုံ [ပြင်ဆင်ရန်]
စီးပွားရေး [ပြင်ဆင်ရန်]
ပြည်သူ့ဝန်ဆောင်မှုများ [ပြင်ဆင်ရန်]
သယ်ယူပို့ဆောင်ရေး [ပြင်ဆင်ရန်]
ယဉ်ကျေးမှုနှင့် လက်ရှိနေထိုင်ပုံ [ပြင်ဆင်ရန်]
အစ္စတန်ဗူမြို့ [ပြင်ဆင်ရန်]
တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စ တန်ဗူမြို့သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးမြို့ကြီးတစ်မြို့ဖြစ် သည်။ ၁၃၅၃ ခုနှစ်အထိ အစ္စတန်ဗူမြို့ကို ကွန်စတန်တီ နိုပယ်မြို့ဟုခေါ်သည်။ သို့ရာတွင် ၁၉၃၂ ခုနှစ်ဇူလိုင်လတွင် တူရကီအစိုးရက အစ္စတန်ဗူဟူသော အမည်သစ်ဖြင့်သာခေါ်ဝေါ် သုံးစွဲရမည်။ ကွန်စတန်တီနိုပယ်ဟူသော အမည်ဟောင်းကိုသုံးစွဲ ပါက အရေးယူမည်ဟု တင်းတင်းကျပ်ကျပ်တားမြစ်လိုက်မှ အစ္စတန်ဗူဟူသောအမည်ဖြင့် အသုံးများလာကြသည်။
ကွန်စတန်တီနိုပယ်မြို့အမည်ဖြင့် ရှေးခေတ်သမိုင်းတွင် အလွန်ထင်ရှားကြွယ်ဝသော မြို့ကြီးဖြစ်ရုံမက အော်တိုမန် အင်ပိုင်ယာကြီး၏ မြို့တော်အဖြစ် နှစ်ပေါင်း ၁ဝဝဝ ကျော် တည်တံ့ခဲ့သည်။ ထိုမြို့ကိုတည်ထောင်၍ မင်းနေပြည်အဖြစ် ပြုလုပ်သူမှာ ကွန်စတန်တင်းဘုရင်ဖြစ်သဖြင့် ထိုဘုရင်ကြီးအား အစွဲပြု၍ ကွန်စတန်တီနိုပယ်မြို့ဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ကွန်စတန်တင်းဘုရင် ထီးနန်းမစိုက်မီ အနှစ် ၁ဝဝ ကျော်ကပင် ဘီစီ ၆၆၇ ခုနှစ် တွင် မီဂရာမှဂရိတို့သည် ထိုနေရာ၌ ဗိုင်ဇင်းရှမ်းမြို့ဟူသော အမည်နှင့် မြို့တည်ထောင်ခဲ့သည်။ ကွန်စတန်တင်းဘုရင် လက်ထက်တွင် အာရှမိုင်းနားရှိ လက်အောက်ခံနယ်များသည် ရံဖန်ရံခါထကြွကြသဖြင့် နိုင်ငံတော်အရှေ့ပိုင်းနယ်များနှင့် နီးကပ်စိမ့်သောငှာ နေပြည်တော်ကို ရောမမြို့မှအရှေ့ဘက် ဗိုင်ဇင်း ရှမ်းမြို့သို့ အေဒီ ၃၃ဝ ပြည့်နှစ်တွင် ပြောင်းရွှေ့တည်ထောင် ခြင်းဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် တူရကီနိုင်ငံသည် သမ္မတ နိုင်ငံဖြစ်လာသောအခါ မြို့တော်ကို အန်ကာရာမြို့သို့ ပြောင်း ရွှေ့ရုံးစိုက်သည့်အချိန်အထိ မြို့တော်အဖြစ် တည်ရှိခဲ့သည်။
အစ္စတန်ဗူမြို့သည် ကမ္ဘာပေါ်တွင် တည်နေရာ အကောင်းဆုံးမြို့ဟု ဆိုဖွယ်ရာရှိသည်။ ဥရောပတိုက်နှင့် အာရှ တိုက်ကို ပိုင်းခြားလျက်တည်နေသော ဗော့စပရပ်ရေလက်ကြား ၏ တစ်ဖက်တစ်ချက်ပေါ်တွင် ခွလျက်တည်သည်။ ထို့ကြောင့် အစ္စတန်ဗူမြို့သည် ဥရောပတိုက်ထဲတွင်တစ်ပိုင်း၊ အာရှတိုက် ထဲတွင်တစ်ပိုင်း တည်နေသောမြို့ဖြစ်သည်။ ထို့ကြောင့် အစ္စ တန်ဗူမြို့ကိုဖြတ်၍ ဖောက်လုပ်ထားသော မီးရထားလမ်းသည် ဥရောပနှင့်အာရှကို ဆက်သွယ်ရာကျလေသည်။ အစ္စတန်ဗူမြို့ သည် ဥရောပနှင့် အာရှတိုက် ကုန်ရောင်းကုန်ဝယ် လမ်းဆုံမြို့ ဖြစ်ရုံမက ကာကွယ်ရေးအတွက်လည်း အနေကောင်းသောမြို့ ကြီးဖြစ်သည်။ အစ္စတန်ဗူမြို့ကို ဖြတ်၍သွားသော ကုန်းလမ်း ရေလမ်းများသည် သမိုင်းတစ်လျောက်၌ ထင်ရှားသော လမ်းမ ကြီးများဖြစ်သည်။ ကမ္ဘာ့လူမျိုးအသီးအသီးအတွက် ဤမြို့သည် မည်မျှအရေးပါ အရာရောက်သနည်းဟူမူ ထိုမြို့ကို အမည် အမျိုးမျိုးဖြင့် ခေါ်ဆိုကြခြင်းကိုထောက်၍ သိနိုင်သည်။ ပါးရှင်း နှင့် အာရပ်လူမျိုးတို့က ဒဲရီဆီဒက်မြို့ဟုခေါ်၍ အီတာလျံနှင့် လယ်ဗန်တင်းလူမျိုးများက ကော့စပိုလီမြို့ဟု ခေါ်ပြီးလျှင် ဗူလဂါလူမျိုးများက ဇာရီဂရက်ခေါ်၍ ဂရိလူမျိုးတို့က ကွန်စ တန်တီနိုပိုလစ်မြို့ဟု ခေါ်သည်။
အစ္စတန်ဗူမြို့ကိုတည်စက ရောမမြို့ကဲ့သို့ တောင်ကုန်း ခုနစ်ကုန်းပေါ်တွင် တည်ထားသည်။ အစ္စတန်ဗူမြို့ကား မြို့သုံးမြို့နှင့် ဆင်ခြေဖုံးများပေါင်းထားသော မြို့ကြီးဖြစ်သည်။ တောင်ဘက်တွင် မွတ်စလင်တို့နေထိုင်ရာ စတမ်ဗောမြို့၊ မြောက်ဘက်တွင် နိုင်ငံခြားသားများနေထိုင်ရာ ပီရာမြို့၊ အရှေ့ ဘက်တွင် စီးပွားရေးရပ်ကွက်ဖြစ်သော ဂလာတာမြို့တို့ဖြစ် သည်။ စတမ်ဗောမြို့သည် အဟောင်းဆုံးမြို့နေရာဖြစ်၍ ဂလာ တာမြို့ပိုင်နှင့် ဂိုးလဒင်းဟွန်းခေါ် ပင်လယ်လက်ကြားဖြင့်ခြား လျက်ရှိရာ သင်္ဘောဆိပ်ကောင်းနေရာလည်းဖြစ်သည်။ ဂလာတာ မြို့ပိုင်းနှင့် တံတားနှစ်ခုဖြင့် ဆက်သွယ်လျက်ရှိသည့် အခြားမြို့ ပိုင်းနှင့်မူ စတမ်ဗောမြို့သည် အလွန်မြင့်သောကျောက်တန်တိုင်း ဖြင့် ခြားလျက်ရှိသည်။ အာရှတိုက်ဘက်ပိုင်း၌မူ ဆင်ခြေဖုံး ရပ်ကွက်ကြီးများရှိသည်။ အများခေါ် စကူတရီ၊ အစိုးရခေါ် ဥစကူဒါရပ်ကွက်သည် အထင်ရှားဆုံး ဆင်ခြေဖုံးရပ်ကွက်ဖြစ် သည်။ စကူတရီရပ်ကွက်၏ တောင်ဘက်တွင် ဟေဒါပါစာ သင်္ဘောဆိပ်မြို့ကြီး တည်ရှိသည်။
အစ္စတန်ဗူမြို့သည်ရှေးဟောင်းဗိသုကာပညာလက်ရာများ ဖြင့် တင့်တယ်လျက်ရှီသည်။ အထူးသဖြင့် ရှေးမြို့ဟောင်းနေရာ ဖြစ်သော စတမ်ဗောတွင် ဗိုင်ဇင်းတိုင်ခေတ် ဗိသုကာလက်ရာ များ အတော်များများတွေ့ရသည်။ အစ္စတန်ဗူမြို့ကို ပင်လယ်မှ နေ၍ကြည့်မူ ခမ်းနားတင့်တယ်သည် ကျောက်ဖြူသားတို့ဖြင့် ပြုလုပ်ထားသော ပလီဝတ်ကျောင်းများနှင့် ရွှေချထားသော မျှော်စင်ကြီးများကို အဝေးမှပင် မြင်နိုင်လေသည်။ ထိုမြို့ရှိ စိန်ဆိုဖိုင်းယာ ဘုရားရှိခိုးကျောင်းကြီးသည် ဗိုင်ဇင်းတိုင်ခေတ် အနုပညာ၏ ပြတိုက်သဖွယ် တည်ရှိနေသည်။
အစ္စတန်ဗူမြို့သည် ယခုအခါ တူရကီနိုင်ငံ၏ မြို့တော် မဟုတ်သော်လည်း ပညာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာမြို့ကြီးဖြစ်သည်။ [၂]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Statistics of the 2010 Turkey census
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)