မိုဟာမက်

ဝီကီပီးဒီးယား မှ
အာရဘီဘာသာဖြင့် မုဟမ္မဒ်

တမန်တော်မိုဟာမတ် (မုဟမ္မဒ်-Muhammad) သည် အစ္စလာမ်ဘာသာကို အလ္လာရှင်မြတ် (ဘုရားသခင်)ထံမှ ညွှန်ကြားမှုဖြင့် လူအပေါင်းတို့ကို တဆင့်ပြန်လည် သွန်သင်ဆုံးမသူဖြစ်သည်။ ဘာသာရေးခေါင်းဆောင်တို့၏ ထုံးစံအတိုင်း ကွယ်လွန်ချိန်ထိတိုင် မနေမနားပင် အလ္လာရှင်မြတ်၏ အဆုံးအမတို့ကို လူအများအား သွန်သင်ခြင်းအမှုအား အားထုတ်ခဲ့သည်။

မိုဟာမတ်အား မွေးဖွားသည့်အချိန်နေရာနှင့် ပတ်သတ်ပြီး တိကျသည့်အထောက်အထားမတွေ့ရပေ။ သို့သော် အေဒီ ၅၇၀ ဝန်းကျင်၊နေရာအားဖြင့် ယနေ့ ဆော်ဒီအာရေဗျနိုင်ငံမက္ကာမြို့(Macca)အနီးဖြစ်မည်ဟု ခန့်မှန်းကြသည်။ မမွေးဖွားလာခင်ကပင် ဖခင်ဖြစ်သူကွယ်လွန်သွားသည့်အတွက် မိခင်မုဆိုးမဖြစ်သူက ခက်ခဲစွာ စောင့်ရှောက်ခဲ့ရပြီး ၆ နှစ်သားအရောက်တွင် မိခင်ပါကွယ်လွန်သွားခဲ့ပြန်သည်။ ထိုနောက် ဦးလေးတော်စပ်သူက ကျွေးမွေးစောင့်ရှောက်မှုဖြင့် လူလားမြောက်လာသည်ဆိုသော်လည်း ကြမ်းတမ်းသည့် ဘဝကိုဖြတ်သန်းခဲ့ရသည်။ ကျမ်းစာအထောက်အထားများအရ စာပေသင်ကြားတတ်မြောက်ခြင်းမရှိဟု သိရသည်။ သို့သော် အသက် ၂၅ နှစ်အရွယ်တွင် မက္ကာမြို့နေ ငွေကြေးပြည့်စုံသည့် မုဆိုးမတစ်ဦး နှင့်အိမ်ထောင်ကျသဖြင့် ဘဝတိုးတက်လာခဲ့သည်။ ပင်ကိုကပင် ရိုးသားခြင်း၊ဖြောင့်မတ်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟုလည်းဆိုကြသည်။ လူအများ၏ ယုံကြည်ခြင်းကို ခံယူရရှိသဖြင့် အများသူငါက လာရောက်ပြီး ပစ္စည်းများအပ်နှံခြင်းကိုခံရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဂျူးနှင့်ခရစ်ယာန် ကုန်သည်များနှင့် ဆက်ဆံရသဖြင့် ၎င်းတို့ထံမှ တစ်ဆူတည်းသောဘုရားဝါဒကို နာကြားရသဖြင့် ဘုရားသခင်ကို ကိုးကွယ်ယုံကြည်စိတ်ကိန်းဝတ်လာပြီး ဌာနေလူများကိုးကွယ်သည့် အယူမှားကိုပယ်ပြီး ဘုရားသခင်နှင့်နီးစပ်မှုရရန် အားထုတ်တော့သည်။ တစ်ကိုယ်တည်း ဧကစာရီအကျင့် ကျင့်သုံးရာမှ အလ္လာရှင်မြတ်၏ ချစ်မြတ်နိုးမှုကို ခံရသဖြင့်တမန်တော် ဂါဘရီရယ်မှတဆင့် သူ့အားတမန်တော် အဖြစ်သတ်မှတ်ခြင်းခံရကာ ဘုရားသခင်ရှိရာ ကောင်းကင်ဘုံသို့လည်းခေါ်ဆောင်ကာ ဖူးမြော်ခွင့်ကိုရသည်ဟုဆိုသည်။

ထိုသို့သော် ချီးမြှောက်မှုကို ရရှိပြီးနောက် မိုဟာမက်သည် မိမိနှင့် ဆက်ဆံရသူအနည်းအကျင်းကို စတင်ဟောပြောပို့ချရာမှ အစ္စလာမ်သာသနာစတင်လာခဲ့သည်။၆၁၃တွင် ၎င်း၏ ဟောပြောမှုတို့ကို ယုံကြည်သဖြင့် နောက်လိုက်အင်အားတိုးပွားလာပြီး မက္ကာစော်ဘွား၏ မျက်စိစူးမှုကိုပါ တစ်ပါတည်းခံရတော့သည်။ ထို့ကြောင့် ၆၂၂တွင် မိုဟာမက်အနေဖြင့် မက္ကာတွင်ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အလျှောက် မက္ကာမြို့၏ မြောက်ဘက်မိုင် ၂၀၀ရှိ မဒီနာမြို့(Medina) သို့ရှောင်တိမ်းပြီး ဘုရားသခင်၏ အဆုံးအမကို လူအပေါင်းအား ဆက်လက် ဟောပြောသည်။ ထိုသို့တိမ်းရှောင်ရသည်ကို ဟေဂိရ(Hegira) ဟုခေါ်ပြီး တမန်တော်ဘဝကျင့်စဉ်တွင် အတက်တစ်ကွေ့ဖြစ်သည်ဟုသတ်မှတ်သည်။ အမှန်လည်း အောင်မြင်မှုကြီးကြီးရသည်။ မဒီနာစော်ဘွား၏ ဆရာကဲ့သို့ပင် အာဏာရလာပြီး လူအများကို ဦးဆောင်နိုင်သည့်အတွက် မကာကို ၆၃၀ခုနှစ်တွင်အနိုင်ရကာ အောင်နိုင်သူဖြစ်လာခဲ့သည်။ ထိုအချိန်မှစပြီး နောင်တစ်နှစ်ခွဲကြာ သူမကွယ်လွန်မှီအထိကို အာရပ်အမျိုးနွယ်စုလေးများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အယူသစ်ကို ကူးပြောင်းယုံကြည်လာသည့် အတွက် ကွယ်လွန်ချိန် ၆၁၃ တွင်အာရေဘီးယားကျွန်းဆွယ်တောင်ဘက်ပိုင်းတစ်ခုလုံးကို ကောင်းစွာဩဇာလွမ်းမိုးထားခဲ့သည်။

မိုဟာမက်ကို တမန်တော်ဟုဆိုပြီးဘာသာရေးအရသာ အထွတ်အမြတ်ထားနိုင်သည်မဟုတ်ပေ။ နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။ အစုစုကွဲပြားနေသည့် အာရပ်မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဘက်မှ ဆက်စနစ်(Sassanids)တို့၏ ပါရှအင်ပါယာသစ်(Medo-Persian Empire) နှင့် အနောက်ဘက်မှ အရှေ့ရောမအင်ပါယာ(ခေါ်) ဘိုင်ဇန်တိုင်း အင်ပါယာ (Byzantine Empire) တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ ထို့နောက်တွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အရှေ့ဘက်တွင် အိန္ဒိယအနောက်မြောက်ပိုင်း၊နောက်တွင် အာဖရိကမြောက်ပိုင်းဒေသ အကုန် သာမက ဥရောပကုန်းမြေရှိစပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။ သို့သော် ၇၃၂ ခု၊ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။

လူမှုရေး၊ယဉ်ကျေးမှုနယ်ပယ်တွင်လည်း အာရပ်ယဉ်ကျေးမှုကို အားကောင်းမောင်းသန် ပြန့်ပွားရန်အတွက် လမ်းဖွင့်ပေးခဲ့သည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း အာဖရိက မြောက်ပိုင်းမှသည် အရှေ့ဘက် အိန္ဒိယ အနောက်မြောက်ဘက်တိုင် အာရပ်ယဉ်ကျေးမှုကို ရှင်သန်စေရန် ကိုရမ်ကျမ်းက ဆောင်ရွက်ပေးခဲ့သည်။ မည်သည့် လူမျိုးဖြစ်စေ အာရဗီ ဘာသာဖြင့်သာ ရွတ်ဖတ်ပူဇော်ရမြဲဖြစ်သဖြင့် အာရဗီဘာသာမှာ အားအလွန်ကောင်းလာသည်။

အချုပ်ဆိုရလျှင် သာမန်လူတန်းစား အညတရဘဝမှသည် ဘာသာရေး၊နိုင်ငံရေး၊လူမှုရေး၊ယဉ်ကျေးမှုတို့တွင် ခေါင်းဆောင်မှုပေးနိုင်သူအဖြစ် မိုဟာမက်ကို သတ်မှတ်ချီးမွမ်းနိုင်သည်။ [၁]

မို့ဟမ္မဒ် သခင်သည် အလ္လာဟ် အရှင်မြတ်၏ တမန်တော်ဖြစ်သည်။ ယခင်နှစ်ပေါင်း ၁၃ဝဝ ကျော်က၊ ကမ္ဘာသူကမ္ဘာသား အားလုံးတို့ကို ကရုဏာတရား ပွားများ၍ နှစ်ဘဝ၏သုခချမ်းသာ အဖြာဖြာကို ရစိမ့်သောငှာ အလ္လာဟ် အရှင်မြတ်သည် တမန်တော်အပေါင်းတို့၏ အချုပ်ဖြစ်သော ကမ္ဘာ့ ကရုဏာရှင် တမန်တော်မြတ် မို့ဟမ္မဒ်သခင်ကို နောက်ဆုံး တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်။ ကမ္ဘာ တည်ရှိသမျှ ကာလပတ်လုံး တွေ့ကြုံရမည့် ပြဿနာအရပ်ရပ် ကို တိကျပြတ်သားစွာ ဖြေရှင်းပေးနိုင်ရန် အလို့ငှာ ကျမ်းဂန် အပေါင်းတို၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်း (ကိုရန်ကျမ်း) မြတ်ကိုလည်း တမန်တော် မို့ဟမ္မဒ် ထံသို့ ထုတ်ပြန် ပို့ချတော်မူခဲ့လေသည်။

မို့ဟမ္မဒ်သခင်

မို့ဟမ္မဒ်သခင်သည် ခရစ် ၅၇၁ ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ရဗီအုလ်အောင်ဝါလ်လ ၉ ရက် တနင်္လာနေ့တွင် အာရေဗျ ပြည်၊ မက္ကာမြို့၌ ဖွားမြင်ခဲ့သည်။ ခမည်းတော်မှာ အဗ်ဒုလ္လာဟ် ဖြစ်၍၊ မယ်တော်မှာ အာမေ့နဟ်ဖြစ်သည်။ ဘိုးတော်မှာ အဗ် ဒုလ်မွတ်တွလစ်ဗ် ဖြစ်သည်။ မို့ဟမ္မဒ်သခင်သည် အရာရေဗျပြည်တွင် အမြင့်မြတ်ဆုံးသော ကို့ရိုက်ရှိ အမျိုးအနွယ်မှ ဆင်းသက်လာသည်။

ခမည်းတော်သည် မို့ဟမ္မဒ်သခင် မဖွားမြင်မီကပင် ကွယ်လွန်ခဲ့၍၊ တမန်တော်မြတ် ၆ နှစ်အရွယ်တွင် မယ်တော်လည်း ကွယ်လွန်ခဲ့ပြန်သဖြင့် ပထမ ဘိုးတော်၊ ထိုနောက် ဘကြီးတော် အဗူတွာလစ်ဗ်တို့၏ ထိန်းသိမ်း စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့ရလေသည်။

မို့ဟမ္မဒ်သည် ငယ်ရွယ်စဉ်ကပင် ကူးသန်း ရောင်းဝယ်လေ့ ရှိခဲ့သည်။ ကူးသန်းရောင်းဝယ်ရာတွင် မို့ဟမ္မဒ်သခင်၏ဆက်ဆံမှု ပြေပြစ်ကောင်းမွန်ပုံ၊ သန့်ရှင်းပုံ၊ မှန်ကန်၍ သစ္စာသမာဓိရှိပုံ၊ တရားမျှတ မြင့်မြတ်ပုံတို့သည် အဘက်ဘက်တွင် ကျော်ကြား ပျံ့နှံ့ခဲ့၏။ ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ မို့ဟမ္မဒ်သခင်နှင့် ဆက်ဆံခဲ့ဘူးသူတိုင်းသည် မို့ဟမ္မဒ်သခင်အား မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

မို့ဟမ္မဒ်သခင်သည် ၂၅ နှစ် အရွယ်တွင် ခဒီဂျဟ် သခင်မနှင့် ထိမ်းမြားခဲ့သည်။ ခဒီဂျဟ်သခင်မသည် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်၍ မို့ဟမ္မဒ်သခင်၏ ဦးရီး၏ သမီးလည်းဖြစ်၏။ ထို့ပြင် ခဒီဂျဟ်သခင်မသည် မုဆိုးမဖြစ်၍ မို့ဟမ္မဒ်သခင်နှင့် ထိမ်းမြားသည့်အချိန်တွင် အသက် ၄ဝ ရှိနေလေပြီ။ ခဒီဂျဟ်သခင်မသည် မို့ဟမ္မဒ်သခင်အား အသက်ထက်ဆုံး ဇနီးကောင်းပီပီ အေးအတူ ပူအမျှ ကူညီအားပေးခဲ့လေသည်။

မို့ဟမ္မဒ်သခင်သည် တမန်တော်ဂုဏ်ထူးဖြင့် ခြီးမြှင့်တော်မူခြင်း မခံရမီကပင် မဲမှောင်နေသာ ညဉ့်တွင် ထွက်ပေါ်လျက်ရှိသော ကြယ်ပမာ၊ မသူတော်တို့အလယ်တွင် သူမတူသော သူတော်စင် ဖြစ်ခဲ့၏။ ကလေးဘဝတွင် လည်းကောင်း၊ ပျိုရွယ်သည့် ဘဝတွင် လည်းကောင်း ယှဉ်တွဲ ကိုးကွယ်မှုနှင့် အမိုက်ခေတ်၏ ဓလေ့ထုံးစံများကို လုံးဝ ရှောင်ကြဉ်ခဲ့သည်။ မို့ဟမ္မဒ်သခင်သည် တမန်တော် ဂုဏ်ထူးဖြင့် ခြီးမြှင့်တော်မူခြင်းခံရဖို့ အချိန်နီးကပ်လာ သည်နှင့်အမျှ တစ်ကိုယ်တည်းထီး နေလာခဲ့၏။ အစစ အရာရာတွေးတော ဆင်ခြင်သုံးသပ်ခဲ့၍ မက္ကမြို့အနီးရှိ 'ဟိရာ' လိုဏ်ဂူတွင် သွားရောက်၍ တရားအားထုတ်ခဲ့၏။ မှန်ကန်သော အိပ်မက်များကို စတင်မြင်မက်လာခဲ့လေသည်။

တစ်နေ့သော် မို့ဟမ္မဒ်သခင်သည် ဟိရာလိုဏ်ဂူတွင် Meditation တရားရှုမှတ်ခြင်း တရားအားထုတ်နေစဉ် ကောင်းကင်တမန် ဂျစ်ဗ်ရီလ် ကြွရောက်လာပြီးလျှင် ဦးစွာပထမ ကုရ်အာန်ကျမ်းလာ အောက်ပါ မုက္ခပါဌ်တော်ကို ထုတ်ပြန်ပို့ချတော်မူလေသည်။ အသင်သည် မိမိအား မွေးမြူဖန်ဆင်းတော်မူသော အသျှင်၏ နာမံတော်ဖြင့်အစပြု၍ (ကုရ်အာန်) ရွတ်ဖတ် သရဇ္ဈာယ်ပါလေ၊ ထိုအသျှင်သည် (ကမ္ဘာ့အဝှန်းကို) ဖန်ဆင်းတော်မူ၏။ ထိုအသျှင်သည် လူသားကို သွေးခဲ တစ်ခုဖြင့် ဖန်ဆင်းတော်မူ၏။ အသင်သည်(ကုရ်အာန်) ရွတ်ဖက်သရဇ္ဈာယ်ပါလေ၊ အသင့်အား မွေးမြူတော်မူသော အသျှင်သည် အလွန်တရာ နူးညံ့သိမ်မွေ့ရက်ရောတော်မူသော အသျှင် ဖြစ်တော်မူ၏။ ထိုအသျှင်သည် (လူသားကို)'(ကလမ်)' မင်းတံဖြင့် (အသိပညာကို) သင်ကြားပေးတော်မူ၏။ ထိုအသျှင် သည် လူသားအား ထို (လူသား) မသိသော အရာများကို သင်ကြားပေးတော်မူ၏။ကုရ်အာန်(၉၆၊ ၁ - ၅) ထိုနေ့မှာ ခရစ် ၆၁ဝ ပြည့်နှစ်၊ ရမ္မဇာန်လ ၁၇ ရက်နေ့ ဖြစ်သည်။ ထိုအချိန်တွင် တမန်တော်မြတ်၏ သက်တော်မှာ ၄ဝ ရှိလေပြီ။

တမန်တော်မြတ်သည် ဦးစွာ၌ အစ္စလာမ်သာသနာကို မိမိ မိတ်ဆွေရင်းချာတို့ကိုသာ လျှို့ဝှက်စွာ ဟောကြားခဲ့ရသည်။ မိမိနှင့်တကွ အနည်းငယ်မျှသော နောက်လိုက် ငယ်သားတစ်စုတို့သည် ဆွလာတ် ဝတ်ပြုမှုကိုပင် လျှို့ဝှက်စွာ ဆောက်တည်ခဲ့ကြရလေသည်။

တမန်တော်မြတ်၏ဟောကြားချက်အရ အစ္စလာမ် သာသနာကို အမျိုးသမီးများအနက် ခဒီဂျဟ်သခင်မ၊ အမျိုးသားတို့အနက်သာဝကြီး အဗူဗတ်က်ရ်သခင်၊ သူငယ်များ အနက် သာဝကကြီး အလီသခင်နှင့် ကျွန်များအနက် သာဝက ကြီး ဇိုက်ဒ် သခင်စသည်တို့သည် ဦးစွာပထမ သက်ဝင် ယုံကြည်လာခဲ့ကြလေသည်။

အစ္စလာမ် သာသနာထွန်းကားစအချိန်တွင် မွတ်စလင် ဦးရေမှာ အနည်းငယ်မျှသာ ရှိခဲ့၏။ ထိုနောက်တွင် တဖြည်း ဖြည်းများလာခဲ့ပေသည်။ အစ္စလာမ်သာသနာကို သက်ဝင်ယုံ ကြည်ရာတွင် လူတန်းစား အသီးအသီး ပါဝင်ခဲ့၍ ဆင်းရဲသား များသည် အများဆုံး ပါဝင်ခဲ့ပေသည်။

တမန်တော်မြတ်သည် ၃ နှစ်တိုင်တိုင် အစ္စလာမ် တရားကို အထူး လျှို့ဝှက်စွာဖြင့် ဟောကြားရန် အမိန့်ကျ ရောက်လာသည့်အခါ ကို့ရိုက်ရှ်မျိုးနွယ်ဝင်တို့အား ဖိတ်ကြား၍ 'စွဖာ' တောင်ထိပ်မှ ဦးစွာပထမ အစ္စလာမ်တရားကို ပွင့်လင်းစွာ ဟောကြားခဲ့သည်။ ထိုနေ့မှစ၍ အရဗ်မိစ္ဆာဝါဒီ တို့လည်း တမန်တော်မြတ်နှင့် တစ်ကွ မွတ်စလင်မ်တို့အား ဆန့်ကျင်လာခဲ့ကြပေသည်။

အစ္စလာမ် သာသနာ ထွန်းကားခါစ အချိန်တွင် မွတ်စလင်မ် ဖြစ်ရသည်မှာ မလွယ်ကူလှပေ။ အမျိုးမျိုး အဖုံဖုံနှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ကြရလေသည်။ မွတ်စလင်မ် တို့သည် မက္ကာမြို့တွင် နေထိုင်၍ အစ္စလာမ်၏ ကျင့်စဉ် ကျင့်ရပ်များကို လွတ်လပ်စွာမကျင့် သုံးနိုင်ခဲ့ကြပေ။ ကို့ရိုက်ရှ်မျိုးနွယ်ဝင်များ၏ နှိပ်စက်ညှဉ်းပန်းမှုများသည် တစ်နေ့တစ်ခြား များပြားလာခဲ့၏။ နောက်ဆုံးတွင် တမန် တော်မြတ်၏ ညွှန်ကြားချက်အရ တမန်တော်ဖြစ်ပြီး ပဉ္စမနှစ်တွင် အချို့ မွတ်စလင်မ်များသည် မိမိတို့ အမိ တိုင်းပြည်ကိုပင် စွန့်၍ အီသီအိုးပီးယားနိုင်ငံသို့ ရွှေ့ပြောင်း သွားခဲ့ကြရလေသည်။

ရန်သူများသည် မည်မျှ အနှောက်အယှက် ပေးခဲ့ကြ သော်လည်း အစ္စလာမ် သာသနာသည် တစ်နေ့တစ်ခြား ကျယ်ပြန့်တိုးပွားလာခဲ့၏။ ဤသည့် အခြင်းအရာကို တွေ့မြင်ရသောအခါ ကိုရိုက်ရှ် မျိုးနွယ်ဝင်များသည် တမန်တော်မြတ်နှင့်တကွ တမန်တော်မြတ်၏ ဆွေမျိုး သားချင်းများကို တစ်နေရာတစ်ဌာနတွင် ဝိုင်းဝန်း၍ လုံးဝချေမှုန်းရန် ကြံစည်ခဲ့သည်။ ထိုအကြံအစည်ကို ထမြောက်အောင်မြင်စေရန် အတွက် မည်သူ တစ်ဦး တစ်ယောက်မျှ (တမန်တော်မြတ်၏ ဆွေမျိုးဖြစ်သော) ဟာရှင်မ်မျိုးနွယ်နှင့် သားသမီးချင်း ဆက်ဆံခြင်း မပြုရ၊ အရောင်းအဝယ်လည်း မပြုရ၊ မတွေ့ဆုံ မဆက်ဆံရ။ မည်သူ တစ်ဦးတစ်ယောက်မျှ ဟာရှင်မ်၏ မျိုးနွယ်မျာကိုစားဖွယ် သောက်ဖွယ် ပစ္စည်း တစ်စုံတစ်ရာ မပေးရ၊ (တမန်တော်မြတ်) မို့ဟမ္မဒ် သခင်းအား သတ်ဖြတ်ရန် မိမိတို့ လက်သို့ မအပ် သမျှ ကာလပတ်လုံး အတည်ဖြစ်စေရမည်ဟု စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြသည်။ ဤစာချုပ်ကို ကအ်ဗဟ် ကျောင်းတော် တွင် ချိတ်ဆွဲထားခဲ့ကြလေသည်။

တမန်တော်မြတ်နှင့်တစ်ကွ ဟာရှင်မ်၏မျိုးနွယ်အားလုံး တို့သည် ၃ နှစ်တိုင်တိုင် ယင်းသည့်ဝိုင်းပယ်မှုကြောင့် ဒုက္ခ အမျိုးမျိုးခံစားခဲ့ကြရသည်။ ထိုအချိန်တွင် အလ္လာဟ် အရှင် မြတ်သည် ဘေးကင်းသောဌာနဖြစ်သည့် မဒီနာမြို့သို့ မွတ်စလင်မ်တို့အား ရွှေ့ပြောင်းနေထိုင်ရန် အမိန့်တော် ပေးတော်မူခဲ့ရာ၊ မွတ်စလင် အများပင် မက္ကာမြို့တော်မှ မဒီနာမြို့သို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။ သို့သော် တမန်တော်မြတ်မှာ အလ္လာဟ် အရှင်မြတ်ထံမှ ရွှေ့ပြောင်းခွင့် အမိန့်တော် မရသေးချေ။

နဗဝီ နှစ် ၁၃ နှစ် အစတွင် တမန်တော်မြတ် သည် ကို့ရိုက်ရှိ မျိုးနွယ်အုပ်စုနှင့်တစ်ကွ အခြားမျိုးနွယ်အုပ်စု များက မိမိအား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားသည့်ညဉ့်၌ ဟစ်ဂျ်ရတ် ပြုရန် အမိန့်တော်ရရှိပြီးဖြစ်သည့် အတိုင်း သာဝကကြီးအဗူဗတ်က်ရ်နှင့် အတူ အခက်အခဲပေါင်း မြောက် မြားစွာတို့ကို ကျော်လွန်ကာ မဒီနာမြို့သို့ ရွှေ့ပြောင်းသွားတော်မူ လေသည်။ မဒီနာမြို့နှင့် ၃ မိုင်အကွာရှိ ကို့ဗာ အရပ်သို့ နဗဝီနှစ် ၁၃ ခု၊ ရဗီအုလ် အောင်ဝါလ်လ ၈ ရက်၊ ခရစ် ၆၂၂ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ရောက်ရှိကာ၊ ထိုအရပ် တွင် ၁၄ ရက် ရပ်နားပြီးလျှင် မဒီနာမြို့သို့ ကြွသွားတော်မူလေ သည်။

တမန်တော်မြတ်ကို မဒီနာမြို့နှင့် ပတ်ဝန်းကျင်ရှိ မွတ်စလင်မ်တို့သည် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ တမန်တော်မြတ်သည် မဒီနာမြို့တွင် အတည်တကျ နေထိုင်ပြီး နောက် ဦးစွာပထမ ပလီဝတ်ကျောင်းကို တည်ဆောက်ခဲ့၏။ ထိုပလီဝတ်ကျောင်းမှာ အပြင်အဆင်မပါ၊ နံရံမှာ အုတ်စိမ်းများ ဖြင့် ပြုလုပ်ထား၍ အမိုးမှာ စွန်ပလွံရွက်၊ တိုင်များမှာ စွန်ပလွံတိုင်ဖြစ်သည်။

ထိုနောက် တမန်တော်မြတ်သည် မက္ကာမြို့တော်မှ ရွှေ့ပြောင်းလာကြသော မို့ဟာဂျေ့ရီန် မွတ်စလင်မ်များနှင့် မဒီနာမြို့ခံ အန်ဆွာရ် များ၏ စပ်ကြားတွင် မို့ဝါခါတ် ညီနောင် ဖွဲ့ပေးခဲ့လေသည်။

ကိုရိုက်ရှ် မျိုးနွယ်ဝင်များသည် တမန်တော်မြတ်နှင့် တစ်ကွ မွတ်စလင်မ်တို့ကို စိတ်ရှိသမျှ ဆန့်ကျင်ခဲ့ကြရသော် လည်း တင်းတိမ်ရောင့်ရဲခြင်း မရှိကြသေးပေ။ မဒီနာမြို့ကို တိုက်ခိုက်၍ အစ္စလာမ်ကို လုံးဝပပျောက်သွားသည်အထိ တိုက်ဖျက်ရန် ကြိုးစားခဲ့ကြပြန်သည်။

မွတ်စလင်မ်တို့နှင့် မက္ကာမြို့သား ကာဖိရ် (မိစ္ဆာဒိဋ္ဌိ) များ စပ်ကြားတွင် စစ်ပွဲများ ဖြစ်ပွားခဲ့၏။ ဟစ်ဂျ်ရီသက္ကရာဇ် ၂ ခုနှစ်တွင် ဗဒ်ရ်စစ်ပွဲ ဖြစ်ပွားသည်။ ဟစ်ဂျ်ရီ သက္ကရာဇ် ၃ ခုနှစ်တွင် အိုဟွဒ်စစ်ပွဲ၊ ဟစ်ဂျ်ရီသက္ကရာဇ် ၅ ခုနှစ်တွင် ခန္ဒာက်စစ်ပွဲဖြစ်ပွားခဲ့၏။ ယင်းစစ်ပွဲများ ဖြစ်ပွားရာ ဌာန များကို ထောက်ရှုခြင်းဖြင့် ကာဖိရ်များက မွတ်စလင်မ်တို့ နေထိုင်ရာဒေသသို့ လာရောက်ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်မှာ ထင်ရှားသည်။

တမန်တော်မြတ်သည် ဟစ်ဂျ်ရီ သက္ကရာဇ် ၈ ခုနှစ်တွင် မက္ကာမြို့တော်ကို ပြန်လည်အောင်နိုင်ခဲ့ပေသည် တမန်တော်မြတ်သည် မိမိနှင့်တစ်ကွ မိမိ၏ နောက်လိုက်တို့အား အမျိုးမျိုးအဖုံဖုံ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြသော မက္ကာမြို့သားတို့အား ပြန်လည်အေင်နိုင်သည့်အခါ ရန်သူအားလုံးကို လက်စားချေခြင်း မပြုဘဲ၊ သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ခဲ့လေသည်။

ဟစ်ချ်ရီ သက္ကရာဇ် ၁ဝ ခုနှစ်၊ ဇုလ်ဟစ်ဂျ်ဂျယ်လ ၁ဝ ရက်၊ ခရစ် ၆၃၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် တမန်တော် မို့ဟမ္မဒ် သခင်သည် ရောက်ရှိနေလေသည်။ ထိုမြို့တွင် ရောက်ရှိနေသော ၁၄ဝ ဝဝဝ ခန့် လူထုကြီးအား တမန်တော်မြတ်သည် ကုလားအုဋ်ကို စီး၍ အလွန်လေးနက် မှတ်သားဖွယ်ကောင်းသော မိန့်ခွန်းများကို မြွက်ကြား တော်မူခဲ့လေသည်။

တမန်တော်မြတ်၏ နောက်ဆုံးမိန့်ခွန်း

အို၊ လူအပေါင်းတို့[၁][၂]


ကျွန်ုပ်အားနားစွင့်ပါလေ။ အဘယ်ကြောင့်ဆိုသော် ဤနှစ်ပြီးနောက် အသင်တို့နှင့် ဆုံမည်၊ မဆုံမည်ကို ကျွန်ုပ်မသိပေ။ သို့ဖြစ်၍ ကျွန်ုပ်ပြောသည်ကို အသေအချာနားထောင်ပြီးနောက် ယနေ့ ဤနေရာတွင် မရှိသူများအား လက်ဆင့်ကမ်း ပြောကြားပါလေ။

အို၊ လူအပေါင်းတို့

သင်တို့သည် ဤလ၊ ဤနေ့၊ ဤမြို့(မက္ကာဟ်)ကို အထွတ်အမြတ်ထားသကဲ့သို့ မွတ်စလင်မ် တစ်ဦးတစ်ယောက်၏ အသက်အိုးအိမ်စည်းစိမ်ကို အထွတ်အမြတ်ထားပါလေ။ အသင်တို့အား အပ်နှံထားသော ပစ္စည်းများကို ပိုင်ရှင်များအား မဆုတ်မဆိုင်း ပြန်လည်ပေးအပ်ပါလေ။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်လေနှင့်၊ သို့ဆိုလျှင် မည်သူကမျှ သင်တို့အား နှိပ်စက်မည် မဟုတ်ချေ။ အသင်တို့၏ အပြုအမူများကို မှတ်သားလျက် ရှိသော အရှင်မြတ်နှင့် ဆုံဆည်းရမည်ကို အမှတ်ရပါလေ။ အလ္လာဟ်အရှင်မြတ်သည် အတိုးယူခြင်းကို တားမြတ်ထားပြီဖြစ်၍ ယနေ့မှစ၍ တင်ရှိသော အကြွေးအပေါင်းတို့သည် ပ လပ်ပြီးဖြစ်သည်။ အရင်းများမှာမူ ကျန်ရှိဆဲဖြစ်မည်ဖြစ်သည်။ အဆင့်အတန်းခွဲခြားမှုကို မပြုလေနှင့်၊ အပြုလည်းမခံလေနှင့်။...

သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရှိုင်တွာန်မိဆ္ဆာကောင်အား သတိပြုပါလေ။ ၎င်းသည် ကြီးမားသော အမှုကိစ္စများတွင် မျှော်လင့်ချက်ကင်းမဲ့သွားပြီဖြစ်၍ သေးဖွဲသော အမှုကိစ္စများကိုလည်း သတိထားပါလေ။

အို၊ လူအပေါင်းတို့

အသင်တို့၏ ဇနီးမယားတို့သည် အသင်တို့အပေါ်၌ ဝတ္တရားများရှိသကဲ့သို့ အသင်တို့သည်လည်း အသင်တို့၏ ဇနီးမယားတို့အပေါ်၌ ဝတ္တရားရှိသည်။ အလ္လာဟ်အသျှင်မြတ်သည် ဇနီးမယားတို့ကို သင်တို့အား အပ်နှံမှုအဖြစ်ထားသည်ကို မမေ့လေနှင့်။ ၎င်းတို့သည် အသင်တို့အပေါ်၌ တာဝန်ကျေနေသမျှ ကာလပတ်လုံး သင်တို့သည် ၎င်းတို့အား ကြင်နာစွာဖြင့် ကျွေးမွေးဆင်ယင်ရန် တာဝန်ရှိသည်။…..

အို၊ လူအပေါင်းတို့

အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်လေကုန်။ တစ်နေ့ ငါးကြိမ် ဆွလားတ် ဝတ်ပြုကြလေကုန်။ တစ်နှစ်တွင် တစ်လ ရမဇာန်လ၌ ဥပုသ်သီလစောင့်ထိန်းကြလေကုန်။ (ပိုင်ဆိုင်မှု၏ လေးဆယ်ပုံတစ်ပုံကို) ဇကားသ်အဖြစ် အလှုဒါနပြုကြလေကုန်။ တတ်နိုင်သူများသည် (တစ်သက်တွင် တစ်ကြိမ်) ဟဂျ်(မက္ကာဟ်သို့ဘုရားဖူးခရီး) ပြုကြလေကုန်။

လူသားထုတစ်ရပ်လုံးသည် ဖခင်ကြီးအာဒမ်နှင့် မိခင်ကြီးဟောင်ဝါ (ဧဝ)တို့မှ ဆင်းသက်လာသူများဖြစ်၍ အာရဗ်သည် အာရဗ်မဟုတ်သူထက် မသာမြတ်သကဲ့သို့ အာရဗ်မဟုတ်သူသည်လည်း အာရဗ်ထက် မသာမြတ်ပေ။ ထိုနည်းတူစွာ လူဖြူသည် လူမည်းထက် မသာမြတ်သကဲ့သို့ လူမည်းသည်လည်း လူဖြူထက်မသာမြတ်ပေ။ အသာမြတ်ဆုံးသူမှာ အသျှင်မြတ်ကို ရိုကျိုး၍ ကောင်းမှုပွားသူသာလျှင်ဖြစ်သည်။ မွတ်စလင်မ်တစ်ဦးသည် အခြားမွတ်စလင်မ်တစ်ဦးအတွက် ညီအစ်ကိုသာလျှင်ဖြစ်သည်ကို ကောင်းစွာ မှတ်သားပါလေ။…..

တစ်နေ့ အလ္လာဟ်အသျှင်မြတ်ရှေ့တော်မှောက်၌ စာရင်းအင်းအစစ်ခံရမည်ဖြစ်၍ ငါကိုယ်တော် မရှိတော့သည့်နောက် လမ်းမှန်တရားမှ မကွေကွင်းကြလေနှင့်။

အို၊ လူအပေါင်းတို့

ငါကိုယ်တော်ပြီးနောက် မည်သည့်တမန်တော် တစ်ဦးတစ်ယောက်မျှလာမည် မဟုတ်၍ မည်သည့် ယုံကြည်မှုအသစ်မျှ အသျှင့်ထံတော်မှ လာရန် မရှိချေ။ သို ့ဖြစ်ရာ ငါကိုယ်တော်၏ စကားများကို ကောင်းစွာမှတ်ယူ၍ တစ်ဆင့်ပြန်ပြောကြားကြလေကုန်။ ငါကိုယ်တော်သည် အသင်တို့အား ကုရ်အာန်နှင့် ငါကိုယ်တော်၏ စံနမူနာကို ချန်ရစ်ခဲ့မည်။ အသင်တို့သည် ဤသည်တို့ကို လိုက်နာလျှင် လမ်းမှားသို့ ရောက်ကြမည်မဟုတ်ချေ။

ငါကိုယ်တော်အား နားထောင်နေသူတို့သည် အခြားသူတို့အား၊ အခြားသူတို့သည်လည်း အခြားအခြားသူတို့အား ဆင့်ပြန်ကြရမည်။ အိုအလ္လာဟ်အသျှင်မြတ်၊ ကျွန်ုပ်သည် အသျှင်၏ အမှာတော်များကို လူတို့အား ပို့ချခဲ့သည်ကို အသျှင်ကိုယ်တိုင် သက်သေဖြစ်ပါလေ။

တမန်တော်မြတ်သည် တိုတောင်းလှသော ၂၃ နှစ် ကာလအတွင်း တိရစ္ဆာန်တမျှ ဆိုးသွမ်း မိုက်မဲ အယူလွဲလျက် ရှိကြသော အာရပ်တမျိုးသားလုံးအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်နိုင်ခဲ့သည်။ လူရိုင်းတို့အား ယဉ်ကျေးစေခဲ့သည်။ မှားယွင်းနေသူတို့အား အမှန်တရားကိုပြသခဲ့သည်။ တမန်တော်မြတ်သည် မိမိထံသို့ ကျရောက်လာသော ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော် များကို လင်းပြခဲ့သည်။ လက်တွေ့ ကျင့်သုံးပြသခဲ့သည်။ မိမိသက်တမ်းအတွင်းမှာပင် ကုရ်အာန်ကျမ်းကို စံနနစ်တက် ရေးမှတ်စေခဲ့သည်။ အာဂုံဆောင်စေခဲ့သည်။ ယင်းသည် ကုရ်အာန်ကျမ်းသည် ယနေ့ထက်တိုင် ကမ္ဘာ့မွတ်စလင်မ်တို့၏ လက်တွင်မူရင်းအတိုင်းတည်ရှိနေသည်မှာအထင်အရှားပင် ဖြစ်သည်။

ကုရ်အာန်ကျမ်းမြတ်တွင် ကဏ္ဍပေါင်း ၁၁၄ ရှိသည်။ ယင်းကဏ္ဍများတွင် မွတ်စလင်မ်တို့ အများဆုံး ရွတ်ဖတ် သရဇ္ဈာယ်သော ပထမကဏ္ဍ၏ အလိုသဘောမှာ အောက်ပါ အတိုင်းဖြစ်သည်။

  1. ချီးမွမ်းထောမနာခြင်း ဟူဟူသမျှတို့သည် စကြဝဠာအပေါင်းတို့ကို စတင်ဖန်ဆင်း ပြုစုပျိုးထောင် ပြည့်စုံစေတော်မူသောအလ္လာဟ်အသျှင် မြတ် အဖို့သာတည်း။
  1. ထိုအသျှင်မြတ်သည် အလွန်သနားတော်မူသော အသျှင် အထူးသနားတော်မူသောအသျှင်။
  1. ကျိုးပြစ် စီရင်မည့်နေ့ကို စိုးပိုင်တော်မူသော အသျှင်ဖြစ်တော်မူသည်။
  1. ကျွန်တော်မျိုးတို့သည် ကိုယ်တော်အရှင်မြတ်အားသာလျှင် ခယရိုကျိုးရှိခိုးဆည်းကပ်ကြသည်။ ကျွန်တော်မျိုးတို့သည် ကိုယ်တော်အသျှင်မြတ်ထံတော်မှသာလျှင် ကူအညီရလိုကြသည်။
  1. ကိုယ်တော် အသျှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဖြောင့်မတ် မှန်ကန်သော တရားလမ်းစဉ်ကို ညွှန်ပြတော်မူပါ။
  1. အကြင်သူမွန်သူမြတ်တို့၏ တရားလမ်းစဉ်ကို ညွှန်ပြတော်မူပါ။ ယင်းတို့အား အသျှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့သည်။
  1. ထိုသူမွန်သူမြတ်တို့သည် အမျက်တော် စူးရှခြင်း ခံရသူများလည်း မဟုတ်ကြပါ။ လမ်းမှားသူများလည်း မဟုတ်ကြပါ။


တမန်တော်မြတ်သည် ၂၃ နှစ်အတွင်း အစ္စလာမ်ကို လက်တွေ့ ကျင့်သုံးပြ၍၊ စံပြအဖြစ် မွတ်စလင်မ် အုပ်စုကြီးကို မွေးထုတ်ပြီးနောက် ဟစ်ဂျ်ရီ သက္ကရာဇ် ၁၁ ခုနှစ်၊ ရဗီအွလ်အောင်ဝါလ်လ ၁၂ ရက်နေ့၊ ခရစ် ၆၃၂ ခုနှစ် မေလတွင် အလ္လာဟ် အရှင်မြတ်၏၊ အမိန့်တော်ကို ခံယူ သွားတော်မူခဲ့လေသည်။ [၂]

ဆက်လက် ဖတ်ရှုရန်


ရည်ညွှန်းကိုးကား

  1. ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)