ပထဝီနိုင်ငံရေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပထဝီနိုင်ငံရေးဆိုသည်မှာ နိုင်ငံတစ်ခု၊ဒေသတစ်ခုအပေါ် ပထဝီဝင်အခြေအနေများ၊ သမိုင်း နောက်ခံအခြေအနေများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအစရှိသည်အားဖြင့် နိုင်ငံတကာ အခြေအနေအရပ်ရပ် တို့အပေါ် လေ့လာသုတေသနပြုသောပညာရပ်ဖြစ်၏။ ပထဝီနိုင်ငံရေးဆိုသည်မှာ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံခြားရေးမူဝါဒချမှတ်ရာမှာ နိုင်ငံရေး ပထဝီဝင်အသိပညာနှင့်နည်းနာများကို အသုံးချခြင်းဖြစ်သည်။ Geopolitics သည် ပထဝီဝင်ဘာသာကိုအသုံးချ၍ လေ့လာသောနိုင်ငံရေးဘာသာရပ်ဖြစ်သည်။ Geopolitics ဟူသောဝေါဟာရကို ဆွီဒင်နိုင်ငံသားပထဝီပညာရှင် ရှယ်လင်ဆို သူကတီထွင်သုံးစွဲခဲ့သည်။ Geopolitics ဟူသော ဝေါဟာရကို အဓိပ္ပာယ်မူကွဲအမျိုးမျိုးဖြင့်ဖွင့်ဆိုကြသည်။

  • နိုင်ငံရေးနှင့် ပထဝီတည်ရှိပုံတို့အကြား ဆက်နွယ်မှုကိုလေ့လာသောပညာ (Relation Between Politics and Territory)
  • နယ်မြေဒေသတစ်ခု၏ ရှေ့အလားအလာကို ခန့်မှန်းဆန်းစစ်တွက်ချက်ခြင်းနှင့် ယင်းနယ်မြေ ဒေသတွင်နိုင်ငံရေးတန်ခိုးဩဇာကိုအသုံးပြုခြင်းအတတ်ပညာ (comprises the art and practice of analyzing, prescribing, forecasting and the using of political power over a given territory)
  • နိုင်ငံရေးတွင် ပထဝီအနေအထားကို အခွင့်အရေးယူအသုံးချခြင်း။

ပထဝီနိုင်ငံရေးကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

ပထဝီဝင်အချက်အလက်များကို အခြေခံ၍နိုင်ငံတစ်ခု၏ လုံခြုံရေးဝါဒအတွက်စီမံကိန်းရေးဆွဲခြင်းကို ပထဝီနိုင်ငံရေး ဟုခေါ်သည်။ စပိုက်မင် - ယေးတက္ကသိုလ်နိုင်ငံတကာဆက်သွယ်ရေးပညာပါမောက္ခ

ပထဝီနိုင်ငံရေးပညာဆိုသည်မှာ နိုင်ငံ၏သဘာဝပတ်ဝန်းကျင်ဖြစ်သည်။ ရှယ်လင်(၁၈၆၄-၁၉၁၁) ဆွီဒင်နိုင်ငံသားပထဝီပညာရှင်

ပထဝီနိုင်ငံရေးသည် ပထဝီရေးရာ အချက်အလက်များဖြစ်သော နိုင်ငံ၏မြေနှင့်၎င်းမြေ၏တည်နေရာ၊ ၎င်းမြေ၏အကျယ်အဝန်း၊ ၎င်းမြေ၏အနေအထားနှင့် ၎င်းမြေအပေါ်သက်ရောက်သောရာသီဥတုတို့နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့်နယ်ပယ်များကို ဆက်စပ်လေ့လာသောပညာရပ်ဖြစ်သည်။ ထိုသို့ဆက်စပ်လေ့လာ၍ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံကာကွယ်ရေး၊ နိုင်ငံလုံခြုံရေး၊ နိုင်ငံအင်အားကြီးမားရေး၊ နိုင်ငံရှင်သန်ရပ်တည်နိုုင်ရေးနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ပုံဖော်သောအရာများတွင် အသုံးချသောပညာရပ်ဖြစ်သည်။

နိုင်ငံ၏မြေဟုသုံးနှုန်းရာတွင် နိုင်ငံ၏ရေလည်းပါဝင်ပေသည်။ နိုင်ငံပိုင်ဆိုင်သောမြေထုနှင့် ဆက်စပ်သောရေထု၊ နိုင်ငံအတွင်းတည်နေသောရေထုတို့သည်လည်း ပထဝီသဘောတရားများကို လေ့လာရေးတွင်ပါဝင်ပေသည်။

  • ပထဝီနိုင်ငံရေးပညာရပ်သည်ေမြေပုံ၊ ရေပုံတို့ကိုနိုင်ငံရေးနှင့် ပေါင်းစပ်လေ့လာသော ပညာရပ်ဖြစ်သည်။ ရှယ်လင်(၁၈၆၄-၁၉၁၁)

ဆွီဒင်နိုင်ငံသားပထဝီပညာရှင်သည် နိုင်ငံတစ်ခုအားလေ့လာသုံးသပ်ရာတွင် ရှု့ထောင့်ငါးစုံမှ လေ့လာ သုံးသပ်ရမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။

ပထဝီပညာရှင်ရှယ်လင်တင်ပြခဲ့သော ရှု့ထောင့်စုံမှာ-                                    

၁။ပထဝီနိုင်ငံရေး ၂။လူဦးရေနိုင်ငံရေး ၃။ဘောဂနိုင်ငံရေး ၄။လူမှုနိုင်ငံရေး ၅။အုပ်ချုပ်မှုနိုင်ငံရေး တည်းဟူသောရှု့ထောင့်စုံမှ လေ့လာသုံးသပ်ရမည်ဟု တင်ပြခဲ့သည်။

ရှယ်လင်တင်ပြခဲ့သော နိုင်ငံတစ်ခုအားလေ့လာသုံးသပ်ရာ ရှု့ထောင့်စုံတွင် ပထဝီနိုင်ငံရေးသည် ပထမဆုံး အချက်တွင် ပါဝင်နေသည်။ ထို့ကြောင့်ပထဝီနိုင်ငံရေးသည် နိုင်ငံနှင့်နိုင်ငံရေးကို လေ့လာရာတွင်အရေးကြီးသည့် ပညာရပ်ဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။ ပထဝီဝင်ပညာရပ်သည် နိုင်ငံ၏အဓိကအခြင်းအရာကြီးဖြစ်သော နိုင်ငံခြားရေးမူဝါဒကို လွှမ်းမိုးသည်။ နိုင်ငံခြားရေးမူဝါဒဖြစ်ပေါ်စေရန် အခြေခံသည့်အကြောင်းအရာများမှာ

  • ၁။ပထဝီဝင်မဟာဗျူဟာ
  • ၂။လူဦးရေ
  • ၃။စီးပွားရေးအရင်းအမြစ်များ
  • ၄။အတွေးအခေါ်စနစ် စသည့်အခြင်းအရာများသည် Foreign Policy ကို အဓိကပုံဖော်သည်။

မာတိကာ

State Power[ပြင်ဆင်ရန်]

ခေတ်သစ်ကမ္ဘာတွင်နိုင်ငံ၏အင်အားကိုပုံဖော်သော(တနည်း)နိုင်ငံဩဇာကိုပုံဖော်သည့်အရာများသည်ဤသို့ဖြစ်လာကြသည်။

  • Geography ပထဝီအနေအထား
  • Size နယ်မြေအကျယ်အဝန်း၊အရွယ်အစား
  • Location တည်နေရာ
  • Climate ရာသီဥတု
  • Topography မြေမျက်နှာသွင်ပြင်အနေအထား
  • Natural Resources and Availability သဘာဝသယံဇာတနှင့်ကုန်ကြမ်းရရှိနိုင်မှု

of Raw Materials

  • Economic Development စီးပွားရေးဖွံ့ဖြိုးမှု
  • Military Preparedness စစ်ရေးပြင်ဆင်မှု
  • National Character and National Morale အမျိုးသားစရိုက်လက္ခဏာနှင့်အမျိုးသားရေးစိတ်ဓာတ်
  • Political Structure and Leadership နိုင်ငံရေးတည်ဆောက်ပုံနှင့်ခေါင်းဆောင်မှု
  • Ideology ဝါဒရေး / ဝါဒကိုင်စွဲမှု(သဘောတရားရေး)
  • Population လူဦးရေ
  • Human Resources လူ့အရင်းအမြစ်
  • Technology Development နည်းပညာဖွံ့ဖြိုးမှု

နိုင်ငံ၏ပါဝါကိုပုံဖော်သည့်အရာများတွင် ပထဝီဆိုင်ရာအချက်အလက်များသည် ပထမဆုံးအရေးကြီးသည့် အချက်များဖြစ်နေပြန်သည်။ နိုင်ငံအကျယ်အဝန်း၊ နိုင်ငံ၏တည်နေရာ၊ နိုင်ငံအတွင်းရာသီဥတုအခြေအနေ၊ နိုင်ငံတွင်းရှိသော မြေမျက်နှာသွင်ပြင်အနေအထားတို့သည် ပထဝီကိုအလုံးစုံအခြေပြုကြခြင်းဖြစ်သည်။

ကိုဟင်း[ပြင်ဆင်ရန်]

ရုရှားရေတပ်ဗိုလ်မှူးကိုဟင်း (၁၈၉၄-၁၉၇၄)သည် ကမ္ဘာကိုပထဝီသဘောအရ နယ်ပယ်ဒေသ အမျိုးအစား နှစ်မျိုးခွဲ၍ရှု့မြင်နိုင်ကြောင်း တင်ပြထားသည်။ ၎င်းဒေသကြီးနှစ်ပိုင်းမှာအောက်ပါတိုင်းဖြစ်သည်။ `

  • ၁။ပထဝီဝင်မဟာဗျူဟာဒေသ {Geo-strategic Region}
  • ၂။ပထဝီဝင်နိုင်ငံရေးဒေသ {Geo-political Region} ဟူ၍နှစ်ပိုင်းခွဲခြားတင်ပြထားသည်။

ပထဝီနိုင်ငံရေးမူကွဲ (၃) မျိုး[ပြင်ဆင်ရန်]

  • ၁။ နည်းလမ်းတကျပထဝီနိုင်ငံရေး Formal Geopolitics
  • ၂။ လက်တွေ့ပထဝီနိုင်ငံရေး Pratical Geopolitics
  • ၃။ ရေပန်းစားပထဝီနိုင်ငံရေး Popular Geopolitics ဟူ၍သုံးမျိုးခွဲထားသည်။

၁။ နည်းလမ်းတကျပထဝီနိုင်ငံရေး[ပြင်ဆင်ရန်]

ပညာရပ်ဆိုင်ရာမဟာဗျူဟာဌာန၊ အဖွဲ့အစည်းများ၊ ပညာရှင်များစသည်တို့ တွေးခေါ်တင်ပြမှုကို နည်းလမ်းတကျပထဝီဝင်နိုင်ငံရေးဟုသတ်မှတ်သည်။

၂။လက်တွေ့ပထဝီနိုင်ငံရေး[ပြင်ဆင်ရန်]

နိုင်ငံရေးအဖွဲ့အစည်းများ၊ အာဏာပိုင်များကျင့်သုံးနေသော နိုင်ငံခြားရေးမူဝါဒများ၊ တွေးခေါ်ယူဆချက်များကို လက်တွေ့ပထဝီနိုင်ငံရေးဟုခေါ်ဝေါ်သည်။

၃။ရေပန်းစားပထဝီနိုင်ငံရေး[ပြင်ဆင်ရန်]

မီဒီယာများ၊ ရုပ်ရှင်ဗီဒီယိုများ၊ ဝတ္ထုများ၊ ကာတွန်းများ၏ဖော်ပြချက်များကို ရေပန်းစား ပထဝီနိုင်ငံရေးဟုခေါ်သည်။

ပထဝီနိုင်ငံရေး သဘောတရား (၄) ရပ်[ပြင်ဆင်ရန်]

ပထဝီနိုင်ငံရေးတွင် မသိမဖြစ်သိထားရမည့် သဘောတရားကြီးလေးရပ်ရှိသည်။ ပထဝီနိုင်ငံရေးကိုညွှန်းတိုင်း ၎င်းသဘောတရားကြီးများသည် အခြေခံအဖြစ်သိထားပြီး စဉ်းစားတွေးခေါ်ရမည့် အခြေခံမူဘောင် သဘောတရားကြီးများဖြစ်သည်။ ၁။ ဗြိတိသျှပထဝီပညာရှင် ဆာဟန်ဖို့ဂျွန်မက်ကင်ဒါ ၏ “ နှလုံးသားနယ်မြေ ’’ သဘောတရား ၂။ ယေးတက္ကသိုလ်၊ နိုင်ငံတကာဆက်သွယ်ရေးပညာပါမောက္ခ စပိုက်မင်(၁၈၉၃-၁၉၄၃) “ ရိုင်းနယ်မြေ ” သဘောတရား ၃။ အမေရိကန် ရေတပ်ဗိုလ်ချုပ်မာဟန် (၁၈၄၀-၁၉၁၄)တင်ပြခဲ့သော “ ပင်လယ်အခြေပြုနိုင်ငံ” သဘော တရား ၄။ ဂျာမန်လူမျိုးပထဝီဝင် ပါမောက္ခ ဖရက်ဒရစ် ရက်ဇယ် (၁၈၄၄-၁၉၀၄)တင်ပြခဲ့သော “နိုင်ငံရေး ပထဝီဝင်” သဘောတရား { ပထဝီနိုင်ငံရေးပညာရှင်- Geopoliticians; Admiral Alfared Thayar Mahan (1840-1914), Sir Halford Mankinder (1869-1947), Nicholas J. Spykman (1893-1943) }

သဘောတရားကြီးလေးရပ်ကို သီအိုရီအရေအမည်တပ်သော်

  • Heartland
  • Rimland
  • Sea Power
  • Land Power ဆိုသည့်သဘောတရားကြီးလေးရပ်ရှိကြောင်း သိနိုင်သည်။

ယခင်အချိန်ကာလများတွင် နိုင်ငံတစ်ခုအင်အားကြီးမားစေသော အခြေခံစံသုံးချက်ကို ယူဆထားကြသည်။ ၎င်းစံသုံးချက်သည် ပထဝီကိုအခြေခံထားသောစံများ ပင်ဖြစ်နေသည်။ သို့သော်ခေတ်သစ်ကမ္ဘာတွင် ပထဝီကိုသာမကအခြားသော နိုင်ငံအင်အားကြီးစေရန် ထောက်ပံ့ပေးသောအရာများလည်း မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ ယခင်အချိန်ကာလတွင် နိုင်ငံအင်အားကြီးမားစေရေးအတွက် အခြေခံစံသုံးချက်မှာ-

၁။ နယ်နိမိတ်အကျယ်အဝန်း Size of Territory ၂။ ပထဝီဝင်တည်နေရာ Geographical Location ၃။ နယ်နိမိတ်များ၏သဘောသဘာဝ Natural of Boundaries ဟူ၍ဖြစ်ကြသည်။

၁။ နှလုံးသားနယ်မြေသဘောတရား (သို့မဟုတ်) ဗဟိုချက်နယ်မြေသဘောတရား[ပြင်ဆင်ရန်]

Sir Halford Mankinder (1869-1947) ၏ Heartland Theory (နှလုံးသားနယ်မြေသဘောတရား) သို့မဟုတ် (ဗဟိုချက်နယ်မြေ သဘောတရား) မှာ Heartland Pivot Area = Central Europe, Ukraine, Western Russia နှလုံးသားနယ်မြေ အလယ်ဥရောပ၊ယူကရိန်း၊အနောက်ရုရှား - Who rules East Europe commands Heartland; - Who rules Heartland commands World Island; - Who rules World Island commands the World. - အရှေ့ဥရောပကို ပိုင်စိုးသောသူသည် နှလုံးသားနယ်မြေကို လွှမ်းမိုးနိုင်၏။ - နှလုံးသားနယ်မြေကို ပိုင်စိုးသောသူသည် ကမ္ဘာ့ကျွန်းကြီးကိုလွှမ်းမိုးနိုင်၏။ - ကမ္ဘာ့ကျွန်းကြီးကို ပိုင်စိုးသောသူသည် ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်၏။ Eurasia = Europe + Asia The World Island = Eurasia + Africa Heartland = The World Island The World Island = World

ယူရေးရှားဆိုသည်မှာဥရောပနှင့်အာရှဖြစ်သည်။ ကမ္ဘာ့ကျွန်းကြီးဆိုသည်မှာယူရေးရှားနှင့်အာဖရိကဖြစ်သည်။ နှလုံးသားနယ်မြေဆိုသည်မှာကမ္ဘာ့ကျွန်းကြီးဖြစ်သည်။ ကမ္ဘာ့ကျွန်းကြီးသည်ကမ္ဘာကြီးဖြစ်သည်။

ဤဝေါဟာရကို ဗြိတိသျှပညာရှင် မက်ကင်ဒါက စတင်အသုံးပြုခဲ့သည်။ မက်ကင်ဒါ၏ဗဟိုချက်နယ်မြေမှာ အာရှတိုက်အတွင်းပိုင်း ယခင်ဆိုဗီယက်ပြည်ထောင်စုအတွင်းပိုင်းတွင် အများဆုံးတည်ရှိသည်။ ဤဒေသ သည်ပြည်ပရန်သူများဝင်ရောက် တိုက်ခိုက်ရန် ခဲယဉ်းသည့်ဒေသဖြစ်၍ လုံခြုံသောဒေသဖြစ်သည်ဟု မက်ကင်ဒါကယူဆသည်။ မြောက်ဘက်တွင် ထာဝစဉ်ရေခဲနေသောအာတိတ် သမုဒ္ဒရာရှိပြီး အရှေ့ဘက်နှင့် တောင်ဘက်တွင်မြေမျက်နှာပြင်နှင့် ရာသီဥတုပါကြမ်းတမ်းသောဒေသရှိသဖြင့် လုံခြုံမှုရှိသည်ဟု မက်ကင်ဒါက ယူဆခြင်းဖြစ်သည်။ ထိုအချိန်ကနိုင်ငံများ၏ စစ်အင်အားတွင် ကြည်းတပ်နှင့်ရေတပ်သာရှိသည်။ အထူးသဖြင့် ရေတပ် အင်အားကြီးမားသည့် ပင်လယ်အခြေပြုနိုင်ငံကြီး (Sea Power) များတန်ခိုးထွားနေချိန်ဖြစ်သည်။ ဗဟိုချက်နယ်မြေသို့ ရေတပ်မဝင်ရောက်နိုင်။ ကြည်းတပ်သည်လည်း အနောက်ဘက်မှသာဝင်ရောက်နိုင်သည်။ မျက်မှောက်ခေတ်တွင် လေတပ်အင်အားဖွံ့ဖြိုးတိုးတက်လာရုံသာမက တိုက်ချင်းပစ်ဒုံးပျံကဲ့သို့သော အစွမ်းထက်သည့် လက်နက်များ ပေါ်ပေါက်လာ၍ ဗဟိုချက်အရပ်၏လုံခြုံမှုမှာ အားပျော့သွားသည့်တိုင် ဗဟိုချက်နယ်မြေဟုအဓိပ္ပာယ်ရသည့် Heartland ဟူသောဝေါဟာရကိုမူ နိုင်ငံရေးပထဝီဝင်တွင် အသုံးပြုဆဲဖြစ်သည်။

ဗြိတိသျှပထဝီပညာရှင်ဆာဟန်ဖို့ဂျွန်မက်ကင်ဒါသည် ၁၉၀၄ခုနှစ်တွင် The Geographical Pivot of History စာတမ်းကိုရေးသားခဲ့သည်။ ၎င်းစာတမ်းတွင် (အရှေ့ဥရောပကိုထိန်းချုပ်နိုင်လျှင် ကမ္ဘာ့ကြီးကိုထိန်းချုပ်နိုင်ကြောင်း တင်ပြခဲ့သည်။ မက်ကင်ဒါ၏နှလုံးသားနယ်မြေကို Pivot Area ဟုလူသိများသည်။ Pivot Area သည်ယူရေးရှားနယ်မြေကို ညွှန်းဆိုခြင်းဖြစ်သည်။ ယူရေးရှားနယ်မြေအားလုံးကို ကမ္ဘာ့ကျွန်းကြီးဟုခေါ်သည်။ ယူရေးရှားသည်ဥရောပနှင့်အာရှကိုဆိုခြင်းဖြစ်သည်။)

  • (Eurasia = Europe + Asia)

Heartland တွင်ရုရှားနယ်မြေများသာမက တရုတ်ပြည်အနောက်ပိုင်း ၊မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်နှင့်အီရန်၊ အီရတ်၊ပါကစ္စတန်အချို့အပိုင်းများပါဝင်သည်။ နှလုံးသားနယ်မြေသည် ဗောလတစ်ပင်လယ်နက်ကျွန်းဆက်မှ အရှေ့ဘက်မိုင်၂၅၀၀ခန့်အကွာရှိယယ်နီဆေမြစ်အထိ ကျယ်ပြန့်ပြီးရေခဲပြင်အာတိတ်သမုဒ္ဒရာ ကမ်းရိုးတန်းမှ တောင်ဘက်ရှိတောင်တန်းများ (တူရကီမှမွန်ဂိုလီးယား) အထိကျယ်ပြန့်သည်။ ဤဒေသတွင် သဘာဝပစ္စည်း အင်အားများစွာရှိသည့် ၄၁/၄ စတုရန်းမိုင်ကျယ်ဝန်းသော မဟာလွင်ပြင်ရှိသည်။

နှလုံးသားနယ်မြေကိုပိုင်စိုးသောနိုင်ငံသည် စိုက်ပျိုးရေးနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝ ပစ္စည်းအင်အားကို အသုံးချနိုင်စွမ်းရှိသည်။ မက်ကင်ဒါသည်နှလုံးသားနယ်မြေ၏အားသာချက်များကိုထုတ်ဖော်ခဲ့သည်။ - ဗဟိုချက်နယ်မြေ၏ မြောက်ဘက်တွင် တစ်နှစ်ပတ်လုံးရေခဲနေသောအာတိတ်သမုဒ္ဒရာရှိသည်။ - တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် မြင့်မားသောတောင်တန်းများ ရှိသည်။ - အရှေ့ဘက်တွင် မြေမျက်နှာပြင်ရောရာ သီဥတုပါကြမ်းတမ်းသော သဘောရှိသည်။ - ထို့သဘာဝအတားအဆီးများကြောင့် ရန်သူများဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မပြုနိုင်။ - မြေပေါ်မြေအောက်သယံဇာတပစ္စည်းများလည်း ကြွယ်ဝသည်။ - ထိုကဲ့သို့ ပစ္စည်းအင်အားကြွယ်ဝပြီး သဘာဝအတားအဆီးများကြောင့် လုံခြုံမှုရှိသောဒေသတွင် အင်အားကြီးနိုင်ငံပေါ်ထွန်းလာနိုင်သည်။ နှလုံးသားနယ်မြေ၏ အားနည်းချက် နှလုံးသားနယ်မြေ၏အနောက်ဘက်တွင် သဘာဝအတားအဆီးမရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ဥရောပ အရှေ့ပိုင်းရှိ အင်အားကြီးနိုင်ငံတစ်ခုကသာလျှင် နှလုံးသားနယ်မြေကို ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သည်။ မက်ကင်ဒါ၏အမှားပြင်ဆင်ချက် မက်ကင်ဒါသည်၎င်း၏နှလုံးသားနယ်မြေသဘောတရားကို ၁၉၀၄ခုနှစ်တွင် အခိုင်အမာထုတ်ဖော်ခဲ့ပြီးနောက် ပထမကမ္ဘာစစ်ကြီးကို အလုံးစုံဖြတ်သန်းလာခဲ့ကာ၊ ထို့နောက်ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ခုနှစ်တွင် ၎င်းအဆို၏အားနည်းချက်များကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ၎င်းတို့မှာ - ၁။ဆိုဗီယက်ပြည်ထောင်စုအရှေ့ပိုင်းရှိလယ်နာမြစ် {Lenaland} ဖြတ်သန်းစီးဆင်းသည့် ဒေသသည် ရာသီဥတုအေးလွန်းပြီးမြေမျက်နှာပြင်လည်းကြမ်းတမ်းသဖြင့်လူနေမှုမရှိ သလောက်နည်းသော နယ်မြေဖြစ် ၍ ၎င်းဒေသအားနှလုံးသားနယ်မြေမှပယ်ထုတ်လိုက်သည်။

၂။ကမ္ဘာ့အင်အားကြီးနိုင်ငံ {Super Power} သည်ကမ္ဘာ့ကျွန်းကြီးမှာသာ ပေါ်ပေါက်လာ နိုင်သည် မဟုတ်။ စက်မှုစွမ်းအားကြီးမားသည့်အမေရိကန်ပြည်ထောင်စုမှလည်းပေါ်ပေါက်လာ နိုင်သည်။

၃။ကမ္ဘာ့ကျွန်းကြီးနှင့်ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးရန်ခြိမ်းခြောက်သည့် နှလုံးသား နယ်မြေသည် ဆိုဗီယက်ပြည်ထောင်စုမှ လာနိုင်သည်။ မှတ်ချက်။ ။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စု၏ Containment Policy ခေါ်ကွန်မြူနစ် နိုင်ငံများကို ဝန်းရံ၍တားဆီးပိတ်ဆို့သည့်ဗျူဟာသည် နှလုံးသားနယ်မြေကို တားဆီးပိတ်ပင်ရာရောက်သည်ကို သတိမူရမည်။

မက်ကင်ဒါ၏ပထဝီနိုင်ငံရေးဆိုင်ရာတင်ပြချက်များ

  • က။ ကမ္ဘာ့မျက်နှာပြင်၏ လေးပုံသုံးပုံမှာ ရေမျက်နှာပြင်များဖြစ်ပြီး ကျန်လေးပုံတစ်ပုံသာကုန်းမြေဖြစ် သည်။
  • ခ။ကမ္ဘာပေါ်ရှိသမုဒ္ဒရာအားလုံးမှာ (အမည်နာမတပ်၍ခွဲခြားခေါ်ဆိုနေကြသော်လည်း) ဆက်စပ်လျက်ရှိသည်။

ထို့ကြောင့်ကမ္ဘာပေါ်တွင် သမုဒ္ဒရာကြီးတစ်ခုတည်းသာ ရှိသည်ဟု ဆိုနိုင်သည်။

  • ဂ။ကုန်းမြေမှာမူရေပတ်လည်ဝိုင်းနေသော ကျွန်းကြီး ကျွန်းငယ်များအဖြစ်ရှိသည်။

ထိုကျွန်းကြီးအနက်အာရှ၊ ဥရောပနှင့်အာဖရိက သုံးတိုက်ပေါင်းကျွန်းကြီးသည် အကြီးဆုံး ဖြစ်၍ ၎င်းကိုကမ္ဘာ့ကျွန်းကြီးဟု ခေါ်သည်။

  • ဃ။အာရှ၊ဥရောပနှင့်အာဖရိကကုန်းမြေများမှာ တစ်ပြေးတစ်ဆက်တည်းဖြစ်၍ လူတို့ဖောက်လုပ်ထားသော စူးအက်တူးမြောင်း {Suez Canal} သာခြားနေသည်။ စူးအက်တူးမြောင်းမှာလည်း တိုက်ကြီးများ၏ အရွယ်ပမာဏနှင့် နှိုင်းစာသော် အလွန်သေးငယ်သည်။
  • င။ကမ္ဘာ၏တစ်ခုတည်းသောသမုဒ္ဒရာသည် ကမ္ဘာ့မျက်နှာပြင်၏ ၉/၁၂ပုံ ကို ဖုံးလွှမ်းထားသည်။
  • စ။ကမ္ဘာ့ကျွန်းကြီး {အာရှ၊ဥရောပ၊အာဖရိကသုံးတိုက်ပေါင်း} သည်ကမ္ဘာ့မျက်နှာပြင်၏ ၂/၁၂ပုံကို ဖုံးလွှမ်းထားသည်။
  • ဆ။တောင်အမေရိက၊ မြောက်အမေရိက၊ ဩစတြေးလျနှင့်အခြားကျွန်းများ၏ ဧရိယာမှာ

ကမ္ဘာ့မျက်နှာပြင်၏ ၁/၁၂ပုံသာရှိသည်။ လူဦးရေအရကြည့်လျှင် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၄/၁၆ပုံမှာ ကမ္ဘာ့ကျွန်းကြီးပေါ်တွင် ရှိနေပြီး တောင်အမေရိက၊ မြောက်အမေရိကတိုက်များ နှင့် ဩစတြေးလျ တိုက်ပေါ်တွင် ၁/၁၆ပုံနှင့် ကျန်ကမ်းနီးကမ်းဝေးကျွန်းများပေါ်တွင် ၁/၁၆ ပုံရှိသည်။

၂။ “ ရိုင်းနယ်မြေ ” သဘောတရား[ပြင်ဆင်ရန်]

ယေးတက္ကသိုလ်၊ နိုင်ငံတကာဆက်သွယ်ရေးပညာ ပါမောက္ခစပိုက်မင်(၁၈၉၃-၁၉၄၃) “ ရိုင်းနယ်မြေ ” သဘောတရားမှာ စပိုက်မင် ဖော်ထုတ်ခဲ့သော ရိုင်းနယ်မြေသဘောတရားသည် နှလုံးသားနယ်မြေ သဘောတရား၏ ပြောင်းပြန် သဘောသက်ရောက်သည်။ - Who controls the Rimland rules Eurasia. - Who rules Eurasia controls the destinies of the World.

- ရိုင်းနယ်မြေကိုပိုင်စိုးသောသူသည် ယူရေးရှားနယ်မြေကို လွှမ်းမိုးနိုင်၏။ - ယူရေးရှားနယ်မြေကိုပိုင်စိုးသောသူသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်၏။

ရိုင်းနယ်မြေကို ဘေးနှုတ်ခမ်းနယ်မြေဟုလည်း ခေါ်ဆိုသည်။ နိုင်ငံရေးပထဝီဝင်တွင် ဤဝေါဟာရကို တီထွင်ခဲ့သူမှာ အမေရိကန်ပြည်ထောင်စုမှ စပိုက်မင်ဖြစ်သည်။ မက်ကင်ဒါက ၎င်း၏ဗဟိုချက်ဒေသသည် သယံဇာတကြွယ်ဝ၍ လုံခြုံမှုရှိသောဒေသဟု ဆိုခဲ့သည်။ စပိုက်မင်က အမှန်တကယ်သယံဇာတ ပို၍ကြွယ်ဝသည်မှာ ဗဟိုချက်နယ်မြေ၏ ဘေးနှုတ်ခမ်းနယ်မြေဖြစ်သည်။ ထို့ကြောင့်ဘေးနှုတ်ခမ်းနယ်မြေက ပို၍အရေးပါသည်ဟုဆိုခဲ့သည်။ ၎င်း၏ ဘေးနှုတ်ခမ်းနယ်မြေတွင် ယခင်ဆိုဗီယက်ပြည်ထောင်စုမှအပ ကျန်ဥရောပနိုင်ငံများ၊ အနောက်တောင် အာရှနိုင်ငံများ၊ အာဖဂန်နစ္စတန် (ယခင်) အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်၊ ကိုရီယားကျွန်းဆွယ်၊ ဆိုက်ဘေးရီးယားအရှေ့ပိုင်းတို့ပါဝင်သည်။ ထိုဒေသသည် ဗဟိုချက်နယ်မြေထက် ပို၍အရေးပါသည်။ ၎င်းဒေသကိုချုပ်ကိုင်နိုင်ရေးမှာ ပို၍အရေးပါသည် ဟုဆိုသည်။ ထို့ကြောင့် Rimland Theory ကို စပိုက်မင်ကဖော်ထုတ်ခဲ့သည်။

စပိုက်မင်၏ပထဝီနိုင်ငံရေးအယူအဆများ[ပြင်ဆင်ရန်]

ပထဝီဝင်သည် ထာဝရတည်ရှိနေသော အခြေခံဖြစ်၍နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒကို လွှမ်းမိုးသည့် အခြေခံအချက်ဖြစ်သည်။ ဝန်ကြီးများ၊ ယုတ်စွအဆုံးအာဏာရှင်များသည်ပင်လျှင် တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲသွားသည်။ တောင်တန်းများကား ပုံမပျက် ပန်းမပျက်တည်ရှိမြဲဖြစ်သည်။

{ အထက်ပါ အယူအဆများကို အောက်ပါစကားလုံးများဖြင့် ထပ်မံဝိဂြိုလ်ပြုရလျှင် “ နိုင်ငံများ၏ နိုင်ငံခြားရေးဝါဒတွင် ပထဝီဝင်သည် အခြေခံအကျဆုံးအချက်ဖြစ်သည်။ အကြောင်းမှာ ပထဝီဝင် အချက်အလက် များသည် အတည်မြဲဆုံးဖြစ်သောကြောင့်တည်း။ ဝန်ကြီးများသည် လာသူလာ၊ သွားသူသွား၊ ခေါင်းဆောင်များပင် သေကြရသည်။ တောင်တန်းများကမူ မည်သူမျှမဖျက်ဆီးနိုင်။}

၃။ “ ပင်လယ်အခြေပြုနိုင်ငံ ” သဘောတရား[ပြင်ဆင်ရန်]

သမိုင်းသည် ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်မှုအပေါ်တွင် မူတည်သည်။

အမေရိကန်ရေတပ်ဗိုလ်ချုပ်မာဟန် (၁၈၄၀-၁၉၁၄) တင်ပြခဲ့သော “ ပင်လယ်အခြေပြုနိုင်ငံ” သဘောတရား (Sea Power Nation)

  • ၁။ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ ပိုင်ဆိုင်ခြင်း၊
  • ၂။လက်နက် အင်အားတောင့်တင်းခြင်း၊
  • ၃။ဆိပ်ကမ်းကောင်းများကို ကမ္ဘာ့အခြားနေရာများတွင်ပါ ပိုင်ဆိုင်ထားခြင်းစသည့် အချက်များသည် ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်မည်ဟု တင်ပြခဲ့သည်။

နိုင်ငံ၏အင်အားသည် ကုန်းမြေအကျယ်အဝန်းတွင် မတည်၊ ကမ်းရိုးတန်းအလျားနှင့် ဆိပ်ကမ်းကောင်းများ၏ လက္ခဏာရပ်ပေါ်တွင် တည်သည်။ ဗိုလ်ချုပ်မာဟန်၏ အယူအဆများသည် ပင်လယ်အင်အားကြီးမားစေရေးအတွက် အခြေပြုထားသည်ကို တွေ့ရသည်။

၎င်းအယူအဆဖြစ်သော နိုင်ငံ၏ပထဝီဆိုင်ရာအချက်များတွင် ပင်လယ်ကိုသာ အခြေပြုထားသည်ကို အောက်ပါအတိုင်းတွေ့ရသည်။ အမေရိကန်ရေတပ်ဗိုလ်ချုပ်မာဟန်(၁၈၄၀-၁၉၁၄)သည် လည်း မဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာစေရန် အတွက်လိုအပ်ချက်၆ချက်ကို တင်ပြခဲ့ပြန်သည်။ ၎င်းအချက်၆ချက်တွင်လည်း ပထဝီရေးရာအချက်အလက်များပင် အဓိကပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ၁။ ပထဝီဝင် တည်နေရာ ၂။ မြေပြင် အနေအထား ၃။ နိုင်ငံ၏ အလျားအနံ ၄။ လူဦးရေ ပမာဏ ၅။ အမျိုးသား လက္ခဏာရပ် ၆။ အစိုးရ

ပထဝီဝင်တည်နေရာ[ပြင်ဆင်ရန်]

နိုင်ငံ၏တည်နေရာသည် ပင်လယ်တစ်ခု(သို့) တစ်ခုထက်ပိုသော ပင်လယ်များနှင့်ထိစပ်ရမည်။ ပင်လယ်သမုဒ္ဒရာများအကြား ရေကြောင်းဖြင့် အလွယ်တကူဆက်သွယ်နိုင်သောနေရာဖြစ်ရမည်။ ကုန်သွယ်ရေး လမ်းကြောင်းများကို လွှမ်းမိုးထားနိုင်သောနေရာဖြစ်ရမည်။ မဟာဗျူဟာအရ အရေးပါသော အခြေစိုက်စခန်းများကို လွှမ်းမိုးချုပ်ကိုင်ထားပြီး မိမိနှင့်ရန်ဘက်ဖြစ်နိုင်သည့်နိုင်ငံ (သို့)နိုင်ငံများကို ခြိမ်းခြောက်နိုင်သော အနေအထား တွင်ရှိရမည်။

မြေပြင်အနေအထား[ပြင်ဆင်ရန်]

ရေနက်ဆိပ်ကမ်းများရှိသည့် ကောင်းမွန်သော ပင်လယ်ကမ်းရိုးတန်းရှိရမည်။

နိုင်ငံ၏အလျားအနံ[ပြင်ဆင်ရန်]

ရှည်လျားသော ကမ်းရိုးတန်းရှိရမည်။

လူဦးရေပမာဏ[ပြင်ဆင်ရန်]

နိုင်ငံသည် အင်အားကြီးမားသောရေတပ်ကို တည်ဆောက်ရမည်ဖြစ်၍ ထိုရေတပ်အတွက် လိုအပ်သော တပ်သားအရေအတွက်ကို ဖြည့်စွမ်းပေးနိုင်ရမည်။

အမျိုးသားလက္ခဏာရပ်[ပြင်ဆင်ရန်]

လူအများစုသည် ကုန်သွယ်ရေး၊ အထူးသဖြင့် နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးတွင် စိတ်အား ထက်သန် သူများဖြစ်ရမည်။ ပင်လယ်အင်အားကြီး နိုင်ငံတစ်ခုဖြစ်ရန် ငြိမ်းချမ်းနေသောကမ္ဘာတွင် ကုန်သွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မှုအပေါ်တွင် အခြေခံရမည်။

အစိုးရ[ပြင်ဆင်ရန်]

ပင်လယ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာရန် အစိုးရ၏လက္ခဏာရပ်များနှင့်မူဝါဒသည် မှန်ကန်မှုရှိရမည်။

မာဟန်သည် ပင်လယ်အခြေပြုနိုင်ငံ သဘောတရားကို ဖော်ထုတ်ခဲ့သူဖြစ်၍ ၎င်းဖွင့်ဆိုထားသောအစိုးရသည်လည်း ပင်လယ်အခြေပြုအစိုးရပင်ဖြစ်နေသည်ကို တွေ့ရသည်။ ဥပမာ - ပင်လယ်ရေတပ်အင်အားကို စနစ်တကျ တည်ဆောက်ခြင်း၊ ပင်လယ်ပြင်ကိုလွှမ်းမိုးနိုင်သော သင်္ဘောတည်ဆောက်ရေးနည်းပညာများမြင့်မားစေရန် ကြိုးပမ်းခြင်း၊ ရေကြောင်းသွားလာရေးအတတ်ပညာများကို တတ်ကျွမ်းသောပညာရှင်များ၊ စစ်သည်များ၊ အတတ်ပညာရှင်များကို မွေးထုတ်ပေးခြင်း၊ ရေကြောင်းသွားလာရေးအတတ်ပညာများနှင့် သင်္ဘောတည်ဆောက်ရေး နည်းပညာများ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် သုတေသနပြု၍ တီထွင်ဖန်တီးစေခြင်းစသည်အရာများ ဖြစ်ပေါ်စေရန် အစိုးရတွင်ပင်လယ်အင်အားပြုခြင်းနှင့် ပက်သက်သောမူဝါဒကောင်းများ၊ စနစ်ကောင်းများရှိရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

(မာဟန်သည် ၎င်း၏အဆိုအမိန့်တစ်ခုဖြင့် ပင်လယ်ကိုထပ်မံအခြေပြုခဲ့ပြန်သည်။ ၎င်းမှာ “ နိုင်ငံနှင့် ထိစပ်သော ပင်လယ်အရေအတွက်များလေ နိုင်ငံအင်အားကြီးနိုင်ခြေရှိလေ ဖြစ်သည်….’’ ) ပင်လယ်အင်အားကြီးနိုင်ငံဖြစ်နိုင်ရေးအတွက် လွှမ်းမိုးခြယ်လှယ်သော အချက် (၆)ချက် -

  • ၁။ပထဝီဝင် တည်နေရာ
  • ၂။ကမ်းရိုးတန်း၏ မြေမျက်နှာပြင်
  • ၃။ကမ်းရိုးတန်းအရှည်နှင့် ၎င်းအားကာကွယ်နိုင်မှုအခြေအနေ
  • ၄။သင်္ဘောများတည်ဆောက်ရေး၊ သင်္ဘောသားရရှိရေးနှင့် သက်ဆိုင်သောလူဦးရေအင်အား
  • ၅။အမျိုးသားလက္ခဏာ၊ အထူးသဖြင့် ရေကြောင်းကုန်သွယ်မှုဝါသနာ
  • ၆။အစိုး၏မူဝါဒ စသည်တို့ဖြစ်သည်။

ပင်လယ်အင်အားကြီးနိုင်ငံဖြစ်လျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်မည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရေးအတွက် ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ပင်လယ်နှင့်ပက်သက်၍ရက်ဇယ်တင်ပြသောအချက်တစ်ချက်ရှိသည်။ * ပင်လယ်ပြင်သည်ယဉ်ကျေးမှုများကိုစည်းလုံးပေးနိုင်သည့်အခြေခံအချက်ဖြစ်သည်။ ( ဥပမာ- ၁၉ရာစုတွင်အင်္ဂလိပ်ရေတပ်သည်ကမ္ဘာ့ပင်လယ်ပြင်ကြီးများကိုလွှမ်းမိုးထားသည်။ ) ဗြိတိသျှရေတပ်၏ မဟာဗျူဟာမြောက် အနှစ်သာရမှာ ရန်သူ့ရေတပ်ကို နာလန်မထူနိုင်အောင် ချေမှုန်းနိုင်စွမ်းရှိသည့် တိုက်သင်္ဘောများကို အလေးထားတည်ဆောက်ပြီး ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်ရေးပင်ဖြစ်သည်။ ဖြည့်စွက်ချက်။ ။သမ္မတရှုစဗဲ့လက်ထက်တွင် မာဟန်၏အယူအဆသည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေး မူဝါဒ အတွက် အခြေခံမူဝါဒဖြစ်ခဲ့သည်။ ဂျာမန်ဘုရင်ဒုတိယမြောက်ဝီလီယံသည် ဂျာမန် ရေတပ်သင်္ဘော စာကြည့်တိုက်များတွင် မာဟန်၏ စာအုပ်များကိုထားရှိပြီး ဖတ်ရှု့စေခဲ့သည်။

၄။ “ နိုင်ငံရေးပထဝီဝင် ”သဘောတရား[ပြင်ဆင်ရန်]

ဂျာမန်လူမျိုး ပထဝီဝင်ပါမောက္ခဖရက် ဒရစ်ရက်ဇယ် (၁၈၄၄-၁၉၀၄)တင်ပြခဲ့သော “ နိုင်ငံရေးပထဝီဝင် ” သဘောတရား ရက်ဇယ်၏အယူအဆသည် - အင်အားကြီးသူ အနိုင်ယူစတမ်းမူဝါဒ (Winer Take all) - သန်စွမ်းသောမျိုးစိတ်များကြီးထွားရန် မြေနေရာလိုအပ်မှု စသည့်အချက်များ အပေါ်အခြေခံ၍ ထွက်ပေါ်လာခဲ့သည်။ သင့်တော်သောသဘာဝပတ်ဝန်းကျင်တွင် တည်ရှိသည့် နုပျိုသောနိုင်ငံသည် ယင်း၏နယ်နိမိတ်ကို ချဲ့ထွင်နိုင်ပြီး အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်သည်။ စကားချပ်။ ။ ရက်ဇယ်၏အယူအဆများသည် ကုန်းမြေကိုအခြေခံသည့် ယူဆချက်များသာဖြစ်သည်။ ထို့ကြောင့် ရက်ဇယ်၏ နိုင်ငံရေးပထဝီဝင်သဘောတရားကို Land Power သီအိုရီဟုဆိုနိုင်လျှင်ရသည်။ ထို့အပြင် ပါမောက္ခရက်ဇယ်၏ နယ်ချဲ့သဘောတရားရေးများသည်လည်း ကုန်းမြေပေါ်တွင် အခြေပြု၍မြေနယ်ချဲ့မှု သဘောတရားများပင် ဖြစ်နေကြောင်း အောက်ပါအတိုင်း တွေ့နိုင်သည်။

ပါမောက္ခရက်ဇယ် တင်ပြခဲ့သောနယ်ချဲ့နိယာမခုနှစ်ချက် ရှိသည်။

  • ၁။ နိုင်ငံများ၏ မြေဧရိယာသည် ယဉ်ကျေးမှုဖွံ့ဖြိုးမှုအလိုက် တိုးတက်လာသည်။
  • ၂။ နိုင်ငံ၏ကြီးထွားမှုအလိုက် ကုန်သွယ်ရေး၊ အတွေးအခေါ်၊ အယူအဆ၊ သံတမန်လှုပ်ရှားမှု စသည်တို့သည် ဖွံ့ဖြိုးတိုးတက် လာသည်။
  • ၃။နိုင်ငံများသည်သေးငယ်သောယူနစ်များကို သိမ်းပိုက်ခြင်း၊ ပေါင်းစပ်ခြင်းဖြင့် ကြီးထွားလာကြသည်။
  • ၄။နယ်စပ်ဒေသများသည် နိုင်ငံ၏အဖျားစွန်ပြဒါးတိုင်ဖြစ်ပြီး နိုင်ငံအတွင်းကြီးထွားမှု၊ အင်အား ပြောင်းလဲမှု စသည်တို့၏ အရိပ်နိမိတ်ကိုညွှန်ပြသည်။
  • ၅။ကြီးထွားမှုဖြစ်စဉ်တွင် နိုင်ငံသည် ကမ်းရိုးတန်းများ၊ မြစ်ဝှမ်းများ၊လွင်ပြင်များ၊ ပစ္စည်းအင်အား ကြွယ်ဝ သော ဒေသများစသည့် နိုင်ငံရေးအရတန်ဖိုးရှိသော ဧရိယာများကို သိမ်းသွင်းရန် ကြိုးပမ်းသည်။
  • ၆။နယ်ပယ်ကြီးထွားရေးအတွက် ပထမကြိုးပမ်းမှုမှာ ဝေးရပ်မြေရှိ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော ဒေသကခေတ် နောက်ကျသော နိုင်ငံကို သိမ်းပိုက်ခြင်းဖြစ်သည်။
  • ၇။ပေါင်းစပ်မှု၏ယေဘုယျလမ်းကြောင်းသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ နယ်ချဲ့မှုအလားအလာများဖြစ်ပေါ်စေပြီး သောက်လေသောက်လေငတ်မပြေ ဆိုသကဲ့သို့ဆက်လက်နယ်ချဲ့မှုကိုဖြစ်ပေါ်စေသည်။

ရက်ဇယ်၏ ပထဝီနိုင်ငံရေးဆိုင်ရာ အယူအဆများ[ပြင်ဆင်ရန်]

  • အပြည်ပြည်ဆိုင်ရာနယ်နိမိတ်သည် ယာယီမျှသာဖြစ်သည်။ အင်အားကြီးသောနိုင်ငံများကပတ်ဝန်းကျင်မှ အင်အားနည်းသော နိုင်ငံများကိုသိမ်းသွင်းရမည်။ ဤနည်းဖြင့်ကမ္ဘာပေါ်တွင် အင်အားကြီးမားသော နိုင်ငံ အနည်းငယ်သာကျန်ရမည်။ ၎င်းတို့အချင်းချင်းကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးရေးအတွက် တိုက်ပွဲဝင်ကြရမည်။ ဤသည်မှာတိုးတက်ခြင်း၏ နိယာမဖြစ်သည်။
  • နိုင်ငံတစ်ခုအင်အားကြီးမားရခြင်းမှာ တည်နေရာ၊ ရာသီဥတုကောင်းမွန်သည့်အပြင် သယံဇာတ ပစ္စည်းကြွယ်ဝသောကြောင့်လည်းဖြစ်သည်။
  • အသန်စွမ်းဆုံးသူသာ ကြာရှည်စွာရှင်သန်ရည်တည်နိုင်ခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ရှင်သန်ကြီးထွား နိုင်ရေး အတွက် နေရာအလုံအလောက်ရှိရမည်။

ပထဝီနိုင်ငံရေးနှင့်ဆက်နွှယ်သော ဖြည့်စွက်ရှင်းလင်းချက်များ[ပြင်ဆင်ရန်]

ပထဝီနိုင်ငံရေးနှင့် သမိုင်း၏ဆက်စပ်မှု[ပြင်ဆင်ရန်]

- သမိုင်းဖြစ်စဉ်ဆိုသည်မှာ လူ့လောက၏မြေဧရိယာအတွက်တိုက်ပွဲဖြစ်စဉ်သာဖြစ်သည်။ သို့အတွက် သုတေသနပြုမှုသည် မြေဧရိယာမျက်နှာစာမှ စတင်ရမည်။ - သမိုင်းသည် ဇာတ်ကောင်များ၏ ဇာတ်စင်ကိုမေ့လျော့ထားသည်။ ပထဝီနိုင်ငံရေးပညာကမူ ဇာတ်စင်ကို ရှေ့တန်းသို့ ထုတ်ဖော်ထားသည်။

ဩဇာလွှမ်းမိုးနည်း နိဿရည်း[ပြင်ဆင်ရန်]

- ပြန့်ကျဲတည်ရှိနေသောကိုလိုနီများကိုပိုင်စိုးသည့် ပင်လယ်အင်အားကြီးနိုင်ငံ၏ခေတ်ကာလသည် ကုန်ဆုံး မည်ဖြစ်ပြီး ကုန်းမြေအင်အားကြီးနိုင်ငံကသာလွှမ်းမိုးအောင်ပွဲခံမည်။ - လွှမ်းမိုးနိုင်ရေးအတွက် ကြိုးပမ်းလျှင် စစ်မက်ခင်းပြီးအောင်ပွဲခံရန် မဟုတ်ဘဲအတွင်းသို့ ဝင်ရောက် ပူးကပ်ချေဖျက်ပြီးအောင်ပွဲခံရန်ဖြစ်သည်။ - အင်အားကြီးမားရန်နယ်မြေချဲ့ရန်မလို။ ယဉ်ကျေးမှုနှင့်အတတ်ပညာပိုင်းတွင် ခေတ်မီတိုးတက်ရန် ကြိုးပမ်း မှုသာအဓိကဖြစ်သည်။ နိုင်ငံတစ်ခုအင်အားတိုးတက်ရန်မှာ ပြည်ပတွင်ကောင်းမွန်သော သဘာဝနယ်ခြား များရှိပြီးပြည်တွင်း၌ စည်းလုံးညီညွှတ်ရန်လိုသည်။ - အပြိုင်အဆိုင်ဖြစ်နေသော ကမ္ဘာကြီးတွင် ကြာရှည်စွာတည်တံ့နိုင်ရန် တန်ခိုးအင်အားကြီးရန်လိုသည်။ ယဉ်ကျေးမှုသည် ဆက်လက်ရှင်သန်ကြီးထွားရန်အတွက် နေရာလိုအပ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်မှ အင်အားနည်းသော ယဉ်ကျေးမှုများကို ချေမှုန်း၍နေရာချဲ့ထွင်ရမည်။

အရစ္စတိုတယ်၏ ပထဝီနိုင်ငံရေးဆိုင်ရာ အယူအဆများ[ပြင်ဆင်ရန်]

- နိုင်ငံတစ်ခုတွင်ပြည်ပမှဝင်ရောက်တိုက်ခိုက်ခြင်းကို ကာကွယ်ပေးမည့်တောင်တန်းများ ဝိုင်းရံထားလျှင်ကောင်းသည်။ ကူးသန်းရောင်းဝယ်ရေးအတွက်ဆိပ်ကမ်းကောင်းများ ရှိရမည်။ အရစ္စတိုတယ်သည်တိုင်းပြည်နှင့် လူမျိုးအပေါ်ရာသီဥတု၏ အကျိုးသက်ရောက်မှုကို တင်ပြခဲ့သည်။ Climate Effect on States - အေးသောတိုင်းပြည်များ(အထူးသဖြင့်) ဥရောပတိုက်မှလူများသည် စိတ်ဓာတ်တက်ကြွမှုရှိသော်လည်း ကျွမ်းကျင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးမှုတွင် အားနည်းသည်။ ထို့ကြောင့်၎င်းတို့သည်လွတ်လပ်ရေးကို ထိန်းသိမ်း ထားနိုင်သော်လည်း နိုင်ငံရေးတွင်ဖွံ့ဇြိုးမှုမရှိ။အခြားသူများ (နိုင်ငံများ) ကိုအုပ်ချုပ်နိုင်စွမ်းမရှိ။ - အာရှတိုက်သားများသည် ကျွမ်းကျင်မှုရှိ၍ဉာဏ်ရည်ဖွံ့ဖြိုးကြသည်။ သို့သော်စိတ်ဓာတ်တက်ကြွမှုမရှိ။ ထို့ကြောင့်အခြားသူများ၏ လက်အောက်သို့ရောက်၍ ကျေးကျွန်ဖြစ်ရသည်။ - ရာသီဥတုမအေးလွန်းသော ဂရိနိုင်ငံမှလူများမှာမူနှစ်ဖက်စလုံးမှ အားသာချက်အရည်အချင်းများကို ပိုင်ဆိုင်၍ လွတ်လပ်စွာနေနိုင်သည်။ နိုင်ငံရေးပညာဖွံ့ဖြိုးမှုရှိသည်။ ပြည်တွင်းစည်းလုံးညီညွှတ်မှုသာရှိပါက အခြားသူများ(နိုင်ငံများ)ကို အုပ်ချုပ်နိုင်စွမ်းရှိသည်။

ပထဝီကိုကျော်လွန်၍[ပြင်ဆင်ရန်]

နိုင်ငံရေးအင်အားချိန်ခွင်လျှာသည် ပထဝီဝင်အခြေအနေများပေါ်တွင် သာမကပြိုင်ဘက်ဒေသရှိလူတို့၏ ဖွဲ့စည်းလုပ်ဆောင်မှု၊ လက်နက်အင်အား၊အရေအတွက်၊အရည်အချင်းစသည်တို့အပေါ်တွင်လည်း မူတည်သည်။ ပင်လယ်ဒေသအရေးလှ၏။ မျက်မှောက်ကာလတွင် နိုင်ငံရေးလမ်းကြောင်းများအနက် နိုင်ငံ၏ဧရိယာကို ပင်လယ်ဘက်သို့ချဲ့ထွင်ရေး သည်နိုင်ငံအင်အားကြီးမားရေးအတွက် အဆုံးအဖြတ်ပေးမည့် အချက်ဖြစ်သည်။ - မီးရထားလမ်းသည် ကုန်းမြေအခြေခံအင်အားကြီးနိုင်ငံကို များစွာအထောက်အကူပြုလာပြီ ဖြစ်သည်။ - ကုန်သွယ်ရေးကိုကြည့်လျှင် ပင်လယ်သမုဒ္ဒရာခရီးလမ်းမှာ ဈေးနှုန်းသက်သာမှုရှိသော်လည်း သယ်ဆောင် ရာတွင် အဆင့်၄ဆင့်ဖြတ်သန်းပြီးမှဖြန့်ဖြူးနိုင်သော အဆင့်ကိုရောက်ရှိသည်။ ၎င်းအဆင့်များမှာ

  • ၁။စက်ရုံ
  • ၂။တင်ပို့သောဆိပ်ကမ်း
  • ၃။တင်သွင်းသောဆိပ်ကမ်း
  • ၄။ကုန်းတွင်းသိုလှောင်ရုံစသည်တို့ဖြစ်သည်။

မီးရထားဖြင့်သယ်ယူလျှင် ကုန်ပစ္စည်းများကို တင်ပို့သောစက်ရုံမှတင်သွင်းသောဒေသ၏ သိုလှောင်ရုံအထိ အဆင့်နှစ်ဆင့်သာဖြတ်သန်းသွားသည်။ သို့အတွက်သင်္ဘောဖြင့် သယ်ယူမှုနှင့်နှိုင်းယှဉ်လျှင်မီးရထားဖြင့် သယ်ယူမှုသည် ကုန်ကျစရိတ်တူညီသော်လည်း သယ်ပို့မှုတွင်ပိုမိုလျင်မြန်သည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

အထက်ပါပထဝီနိုင်ငံရေး သဘောတရားကြီးများကို ဖော်ထုတ်ခဲ့ကြသောပညာရှင်ကြီးများသည် မိမိတို့ဖော်ထုတ်ခဲ့ သော သဘောတရားသာလျှင် အနိုင်ရရှိလိမ့်မည်။ အမှန်တရားဖြစ်သည်ဟုစွဲမှတ်ယုံကြည်ခဲ့ကြ သကဲ့သို့ ထိုပညာရှင်များ၏ သဘောတရားကိုယုံကြည်၍ လက်တွေ့အကောင်အထည်ဖော်သော ခေါင်းဆောင်များ လည်းရှိခဲ့သည်။ ထိုခေါင်းဆောင်များသည် သူ့နည်းသူ့ဟန်နှင့် မိမိတို့နိုင်ငံ အင်အားကြီးမားလာစေရေးကို မိိမိတို့ယုံကြည်ရာအယူအဆအတိုင်း အကောင်အထည်ဖော်ခဲ့ရာ ထိုသဘောတရားကြီးများ၏ ထိုက်သင့်သော မှန်ကန်မှုတို့ကို သက်သေပြပြီးဖြစ်နေပေပြီ။ ထို့ကြောင့်အယူအဆ၊ သဘောတရားများသည် ထာဝရ မှန်ကန်နေမည်မဟုတ်သော်လည်း လက်ရှိအနေအထားတွင်အမှန်တရားကို မည်မျှရှည်ကြာစွာ ထိန်းထားနိုင် သည်ဆိုသည့်အပေါ်တွင် မူတည်၍ ထိုအယူအဆများ၏ဩဇာတိက္ကမသည် ကြီးမားမည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

[၂]

  1. လှထွန်းအောင်/ ပထဝီနိုင်ငံရေး
  2. မကြင်ဌေး/ အချိန်အခါအလိုက်ပြောင်းလဲနေသော ဂျီအိုပိုလစ်တစ်