မာတိကာသို့ ခုန်သွားရန်

ပရိတ်ကြီး ၁၁ သုတ်

ဝီကီပီးဒီးယား မှ


ပရိတ်ကြီး ၁၁ သုတ်ကို ရှေး ရဟန်းပညာရှိ နှင့် လူပညာရှိတို့သည် လောကီအန္တရာယ် အမျိုးမျိုးကင်းစေရန်နှင့် လောကုတ္တရာအကျိုးပွားစေရန်အလို့ငှာ သုံးမျိုးသော ပိဋက ကျမ်းစာများထဲမှ ထုတ်နုတ်၍ စီရင်ထားတော်မူခဲ့ကြသည်။ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများ ၌ သာရေး၊ နာရေး ကိစ္စများဖြစ်သော မင်္ဂလာဆောင်ရှင်ပြုအိမ်တက်မင်္ဂလာ၊ နှစ်သစ်ကူးမင်္ဂလာ၊ အသုဘရှုအခမ်းအနားတို့တွင် ရဟန်းတော်များက ဤ ပရိတ်ကြီး ၁၁ သုတ်အစအဆုံးကိုဖြစ်စေ၊ သက်ဆိုင်ရာသင့်တော်သည့် သုတ်တော်အချို့ကို ဖြစ်စေ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပေးလေ့ရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ပရိတ် ဟူသော ဝေါဟာရသည် ပရိတ္တ ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသည့် ပါဠိသက်ဝေါဟာရ ဖြစ်သည်။ ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း ဟု အဓိပ္ပာယ်ရသည်။ မြတ်စွာဘုရားရှင်သည် မိမိ၏တပည့်သာဝကသံဃာတော်များအတွက် ဘေးအန္တရာယ်မျာအားကာကွယ်ရန်အတွက်နှင့် မလိုလားအပ်သည့် ရလဒ်များအား တားဆီးမဖြစ်ပေါ်စေရန်တို့အတွက် များလှစွာသော အန္တရာယ်ကင်းအရံအတားသုတ်တော်တို့ကို ဟောတော်မူခဲ့၏။ ထို ဟောတော်မူခဲ့သည့် အန္တရာယ်ကင်းသုတ်တော်များအနက် ၁၁ သုတ်ကို ပညာရှိရှေးသူတော်ကောင်းများကထုတ်နှုတ်၍ ပရိတ်ကြီး၁၁သုတ် ဟုသတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်များအား အသုံးပြုပူဇော်ရွတ်ဆိုစေသည်။

ပရိတ်ကြီး ၁၁ သုတ်

[ပြင်ဆင်ရန်]

မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပိဋကတ်တော်များမှ အန္တရာယ်ကင်းအရံအတား ပရိတ်ကြီး ၁၁ သုတ်မှာ -

  1. မင်္ဂလသုတ်
  2. ရတနသုတ်
  3. မေတ္တသုတ်
  4. ခန္ဓသုတ်
  5. မောရသုတ်
  6. ဝဋ္ဋသုတ်
  7. ဓဇဂ္ဂသုတ်
  8. အာဋာနာဋိယသုတ်
  9. အင်္ဂုလိမာလသုတ်
  10. ဗောဇ္ဈင်္ဂသုတ်
  11. ပုဗ္ဗဏှသုတ် တို့ဖြစ်ကြသည်။

နိုင်ငံအလိုက် ရိုးရာဓလေ့များ

[ပြင်ဆင်ရန်]

ပရိတ်ကြီး(၁၁)သုတ်ဟု အသိများသည့် ပရိတ်တော်များကို မြတ်စွာဘုရားရှင်သည် လူသားတို့၏မျက် မှောက်ဘဝအကာအကွယ်နှင့်၊ အကျိုးစီးပွားဖြစ်စေရေးအတွက် သီးခြားဟောတော်မူထားခြင်း ဖြစ်ပါသည်၊၊

ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် မြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းကတည်ရှိခဲ့သည်ဟု လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သည့် နိုင်ငံများတိုင်းတွင် ပရိတ်ရွတ်ဖတ်၊ နာယူသည့် အစဉ်အလာရှိကြပြီး၊ နိုင်ငံအလိုက်ကွဲပြားသည့် ပရိတ်ရွတ်ပုံနှင့်၊ နာယူပုံကွာခြားမှုများကို တွေ့ရပါသည်၊၊

ထိုင်းနိုင်ငံတွင် ပရိတ်ရွတ်သည့်အခါ တူရိယာတစ်မျိုးမျိုးနှင့်တွဲဖက်၍ စည်းဝါးမှန်ကန်စွာရွတ်ဖတ်သည်ကို တွေ့ရပါသည်၊၊ အိန္ဒိယလူမျိုးတို့ကမူ မန္တန်ရွတ်သကဲ့သို့ အသံရှည်ဆွဲ၍ ရွတ်ဖတ်ကြပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် ပရိတ်ရွတ်သည့်အခါ သံရှည်ဆွဲပြီး၊ ဂီတသံပါပါရွတ်ဆိုကြပါသည်၊၊

မဟာပရိတ်ပွဲကြီးများတွင်မူထူးခြားစွာ၊ ရဟန်းသုံးပါးခန့်ပြိုင်တူ အသံကိုရှည်နိုင်သမျှရှည်ရှည်ဆွဲ၍ ရွတ်ဖတ်လေ့ရှိကြပါသည်၊၊ ပရိတ်သုတ်အရေအတွက်မှာလည်း သုတ်ပေါင်း(၂၈)ရှိပါသည်၊၊ အခြားဗုဒ္ဓ ဘာသာနိုင်ငံများတွင်လည်း ပရိတ်သုတ်အရေအတွက် များစွာကွာခြားကြပါသည်၊၊

သီရိလင်္ကာလူမျိုးတို့သည် သံဃာတော်များရှေ့နှင့်၊ ဘုရားပုထိုးစေတီများတွင်ထိုင်သည့်အခါ ဘုရား၊ သံဃာနှင့် ဆင်းတုစေတီများဘက်သို့ “ခြေဆင်း”ပြီးထိုင်ကြပါသည်၊၊ မြန်မာအယူအဆနှင့်ကြည့်လျှင် အလွန်ရိုင်းပျသည့် ထိုင်ပုံထိုင်နည်းဖြစ်ပါသည်၊၊

ပရိတ်ရွတ်ဖတ်ချိန်တွင်“ပရိတ်ချည်”ကို သံဃာများသည် ပရိသတ်များနှင့်အတူတူကိုင်ထားကြလျက်၊ ပြီးဆုံးသည့်အခါ သံဃာများမှချည်ကြိုးကို အပိုင်းပိုင်းဖြတ်လျက်၊ လူအားလုံး၏လက်ကောက်ဝတ်တွင် ချည်ပေးကြပါသည် သီရိလင်္ကာတို့၏လုပ်ရိုးလုပ်စဉ်ဖြစ်ပါသည်၊၊

ပရိတ်၏ အကျိုးအာနိသင်

[ပြင်ဆင်ရန်]

ပရိတ်တရားတော်များကို အသေးစိတ်လေ့လာကြည့်လျင် ရတနာသုံးပါးတို့၏ဂုဏ်ကျေးဇူးကို တိုင်တည်၍၊ ဘေးကင်းစေရန်ဆုတောင်းကြပုံ၊ သစ္စာပြုလျက် အကျိုးကိုတောင်းတပုံနှင့်၊ လောကတစ်ခွင်လုံးတွင်ရှိကြသည့်သတ္တဝါများကို ဘေးကင်းစေကြောင်း၊ မေတ္တာပို့သည့်ပါဠိစာပိုဒ်များဖြစ်ကြောင်းကို တွေ့ရပါသည်၊၊

ပရိတ်တရားများကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းသည် အမှန်တကယ်ဘေးကင်းစေပြီး၊ အကျိုးတရားကို ဖြစ်ပေါ်စေပါသည်၊၊ မမြင်ရသည့်သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ၊ စုန်းကဝေစသည်များ၏အန္တရာယ်ပေးမှုကို အကာအကွယ်ပေးနိုင်ကြောင်း ခိုင်မာသည့်သာဓကများစွာ ရှိပါသည်၊၊

မြတ်စွာဘုရားရှင်သည် လူနတ်တို့၏မျက်မှောက်ဘဝ ဘေးကင်းရေးနှင့်၊ အကျိုးတိုးပွားဖြစ်ပေါ်စေရန် ရည်သန်တော်မူလျက် ပရိတ်အဖြစ်ရွတ်ဖတ်နိုင်သည့် သုတ်များကိုသီးခြားလမ်းညွန်ထားခြင်း ဖြစ်ပါသည်၊၊

ပရိတ်တော် ရည်ညွန်းသုတ္တန်များ

[ပြင်ဆင်ရန်]

ပါဠိစာပေတစ်ရပ်လုံးတွင် သုတ်ပေါင်း(၄,၀၀၀၀)ကျော်မျှရှိသော်လည်း မြတ်စွာဘုရားရှင်မှ“ပရိတ်”အဖြစ်ရွတ်ဖတ်ရန်ညွန်ကြားတော်မူသည့် သုတ်အရေအတွက်မှာ အနည်းငယ်မျှသာ ဖြစ်ပါသည်၊၊ ပါဠိစာပေတိုင်းသည် ပရိတ်အဖြစ်ရွတ်ဖတ်နာယူရန် မဖြစ်နိုင်သည့်ဟန်ဖြစ်ပါသည်၊၊

ပရိတ်(၁၁)သုတ်သည် ကျမ်းတစ်ကျမ်းတည်းတွင် စုစည်းလျက်ဖော်ပြထားသည်မဟုတ်ဘဲ၊ ကျမ်းအ မျိုးမျိုးတွင်ပြန့်ကျဲလျက် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ “မင်္ဂလသုတ်နှင့်ရတနသုတ်၊ မေတ္တသုတ်” တို့ကို “ခုဒ္ဒကပါဌကျမ်းနှင့် သုတ္တနိပါကျမ်း”တို့တွင်ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊

ရတနသုတ်“ပဏိဓာနတော…မှ..ဗုဒ္ဓဂုဏေ အာဝေဇ္ဇတွာ”အထိ ပါဠိစကားပြေသည် “ဓမ္မပဒအဌကထာ၊ ဒု-၂၇၅၊”တွင် ဖော်ပြထားပါသည်၊၊

ခန္ဓသုတ်သည်“စူဠဝါကျမ်း၊ အင်္ဂုတ္တရနိကာယကျမ်း-ပ၊ ဇာတကကျမ်း-ပ၊”တို့တွင် ဖော်ပြပါရှိပါသည်၊၊ မောရသုတ်သည် “ဇာတိကပါဠိတော်-ပ”တွင် ပါရှိပါသည်၊၊

ဝဋ္ဋသုတ်သည်“စရိယာပိဋကကျမ်းနှင့်၊ ဇာတကပါဠိတော်”တို့တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်၊၊

အာဋာနာဋိယသုတ်”မှ“ဝိပဿိဿစ..မှ..ဟိတံဒေဝမနုဿာနံ”အထိ စာပိုဒ်ခြောက်ခုသည်“သုတ်ပါ ထေယျကျမ်း”တွင်ဖော်ပြထားပြီး၊ “အဘိဝါဒနသီလိဿ”ဂါထာသည်“ဓမ္မပဒကျမ်း”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီးများမှ ရေးသားထည့်သွင်းထားခြင်း ဖြစ်ပါသည်၊၊

အမျိုးသမီးများ မီးဖွားလွယ်ကူစေရန် ရွတ်ဖတ်နာယူလေ့ရှိသည့်“အင်္ဂုလိမာလသုတ်”သည် “မဇ္ဈိမ ပဏ္ဏာသကျမ်း”တွင် ဖော်ပြထားပါသည်၊၊ ဗောဇ္ဈင်္ဂသုတ်သည် “သံယုတ်ကျမ်း-တ၊”မှ “ပထမဂိလာန သုတ်၊ ဒု-တ-ဂိလာနသုတ်”များကိုမှီငြမ်းပြုလျက် ဆရာတော်ကြီးများမှ ဂါထာများအဖြစ်ရေးသားထားသည်ဟု ဆိုပါသည်၊၊

ပုဗ္ဗဏှသုတ်မှ“ယံကိဥ္စိ ဝိတ္တံ”ဂါထာသည် ရတနသုတ်မှဖြစ်ပါသည်၊၊ “သုနက္ခတ္တံ”စသော ဂါထာသုံးပုဒ်သည် “အင်္ဂုတ္တရနိကာယကျမ်း-ပ၊”တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များသည် ဆရာတော်ကြီး များထည့်သွင်း ရေးထားကြပါသည်၊၊

ပရိတ်ကြီး

[ပြင်ဆင်ရန်]

ပရိတ်တော်(၁၁)သုတ်ကို စိစစ်ခွဲခြားကြည့်လျင် ဘုရားဟောစစ်(၈)သုတ်၊ ဘုရားဟောပါဠိနှင့် ဆရာတော်ကြီးများရေးသားထားသည်ကို ရောစပ်ထားသည့်(၂)သုတ်နှင့်၊ မြတ်စွာဘုရား၏ ဟောကြားချက်များကိုမှီငြမ်းပြုပြီး၊ ဆရာတော်ကြီးများရေးသားသည့်(၁)သုတ်၊ စုစုပေါင်း(၁၁)သုတ်ဟူ၍ ဖြစ်ပေါ်လာပါသည်၊၊

ပရိတ်အသေး”ဟူ၍ စာပေဝေါဟာရမရှိသော်လည်း “ပရိတ်”ပုဒ်၏နောက်မှ“ကြီး”စာလုံးဖြည့်စွက်လျှက်“ပရိတ်ကြီး”ဟူ၍လည်း ခေါ်ကြပါသေးသည်၊၊

ကြီးကြီးကျယ်ကျယ်ပြောဆို ရေးသားရသည်ကို မြန်မာတို့ သဘောခွေ့လေဟန် ထင်မှတ်ရပါသည်၊၊

သီရိလင်္ကာလူမျိုး”တို့သည် သာမန်ပရိတ်ပွဲများတွင်ရွတ်ဖတ်သည့်ပရိတ်ကို နာမည်အထူးမခေါ်သော်လည်း၊ ထူးခြားသည့်အခမ်းအနား၊ အိမ်တက်စသည်များတွင်ရွတ်ဖတ်သည့်ပရိတ်ကိုမူ “မဟာပရိတ်” ဟူ၍ ခေါ်ကြပါသည်၊၊

ပရိတ်ရွတ်သည့် အစဉ်အလာ

[ပြင်ဆင်ရန်]

အိမ်ကြီးအတွင်းတွင် ပရိတ်မဏ္ဍပ်အသေးစားဆောက်လျက် သံဃာများကိုအတွင်းတွင်နေရာချထား ပြီး၊ မြန်မာနိုင်ငံမှပဌာန်းပွဲဆန်ဆန်ကျင်းပသည့် မဟာပရိတ်ပွဲကြီးများမှာ ညလုံးပေါက်ရွတ်ဖတ်ပေးရ ပြီး၊ နာယူကြပါသည်၊၊ ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် ဗုဒ္ဓရှင်တော်မပွင့်မှီကပင်တည်ရှိခဲ့ကြောင်း ပရိတ်တော်များ၏ နောက်ခံဖြစ်စဉ်များကို လေ့လာသုံးခြင်းအားဖြင့် သိနိုင်ပါသည်၊၊

မောရသုတ်ပရိတ်”သည် ဘုရားမဖြစ်မှီ“ဥဒေါင်း”ဘဝတွင်ရွတ်ဆိုခဲ့သည့်ပရိတ်တော် ဖြစ်ပါသည်၊၊ မောရသုတ်ကိုရွတ်ဖတ်သဖြင့် မင်းခုနှစ်ဆက်တိုင်ဖမ်းခြင်းငှာမစွမ်းနိုင်သည့် အကျိုးကိုရခဲ့ဖူးပါသည်၊၊

ဤဖြစ်စဉ်ကိုသုံးသပ်သောအားဖြင့် မောရသုတ်သည် အခြားအကျိုးကျေးဇူးများအပြင်၊ အထူးသဖြင့် အဖန်းအဆီးခံရမည့် ဘေးမှကင်းလွတ်စေသည်ဟု ယူဆနိုင်ပါသည်၊၊

ခန္ဓသုတ်”ကို မြတ်စွာဘုရားသည် ရသေ့ဖြစ်စဉ်ဘဝတွင် တပည့်ရသေ့များအား မြွေဆိုးဘေးအန္တ ရာယ်မှကာကွယ်စေရန် သင်ပြလမ်းညွန်ခဲ့သည့်ပရိတ်ဖြစ်သည်ဟု ဖော်ပြထားပါသည်၊၊ ဖြစ်စဉ်ကို ထောက်ဆကြည့်ခြင်းအားဖြင့် ခန္ဓသုတ်သည် မြွေနှင့်အဆိပ်ရှိသတ္တဝါများ၏ ဘေးများကင်းဝေးစေ နိုင်သည်ဟု မှတ်သားနိုင်ပါသည်၊၊

ဝဋ္ဋသုတ်”သည် မြတ်စွာဘုရားရှင်သည် “ငုံးငှက်”ဖြစ်စဉ် ဘဝ၌ သစ္စာပြုရန်ရွတ်ဆိုခဲ့သည်ဟု ဖော်ပြ ထားပါသည်၊၊

အတောင်မပေါက်သေးသည့်ငှက်ငယ်သည် တောမီးလောင်နေစဉ် “ငါသည် မပျံနိုင်ပါ၊၊ ငါ၏မိဘတို့ သည် စွန့်ခွါကုန်ပြီ၊၊ ဤသစ္စာစကားကြောင့် တောမီးသည်ငြိမ်းပါစေသတည်း”ဟု ဘုရားအလောင်း ငှက်ငယ် သစ္စာဆိုခဲ့ပါသည်၊၊ ဝဋသုတ်သည် မီးဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ဟု မှတ်သား နိုင်ပါသည်၊၊

အထက်တွင် ဆွေးနွေးတင်ပြထားသည်များကို လေ့လာသောအားဖြင့် မောရသုတ်ဝဋ္ဋသုတ်နှင့်၊ ခန္ဓသုတ်တို့သည် ဘုရားမပွင့်မှီကပင်ရှိခဲ့သည့် ပရိတ်များဖြစ်ကြောင်း သိသာပါသည်၊၊

မာဃလုလင်”သည် ရှင်ဘုရင်မှအထင်မှားပြီး၊ ဆင်ဖြင့်နင်းသတ်စေရာ ဆင်များမှမနင်းဝံ့သဖြင့်၊ အကြောင်းကိုမေးမြန်းသည့်အခါ “ပရိတ်ရွတ်နေသဖြင့် ဆင်ဘေးမှ ကင်းဝေးရသည်”ဟု ဖြေသည်ကိုသုံးသပ်ခြင်းအားဖြင့် ပရိတ်တော်များသည် မနာလိုသူများ၏ချောက် ချသည့်အန္တရာယ်မှလည်း ကင်းဝေးစေနိုင်ကြောင်း မှတ်သားနိုင်ပါသည်၊၊

ဗာရဏသီမင်း၏သားတော်သည် တက္ကသိုလ်ပြည်သို့ မင်းအဖြစ်ကိုခံယူရန်အတွက်၊ ဘီလူးနှင့်သားရဲ ပေါသည့်တောကြီးကိုဖြတ်သွားရမည်ဖြစ်၍ ဘေးများမှကင်းဝေးရန် ပစ္စေကဗုဒ္ဓါများမှ ပရိတ်ချည်နှင့်၊ ပရိတ်သဲများကို ပေးလိုက်သည်”ဟု တေလပတ္တဇာတ်အဋ္ဌကထာတွင် ဖော်ပြထားပါသည်၊၊

ဆဒ္ဒန်ဆင်မင်းသည် အစွယ်ကိုဖြတ်သည့်မုဆိုးအား၊ ခုနှစ်နှစ်၊ ခုနှစ်လလာခဲ့ရသည့်ခရီးကို ပရိတ်အကာအကွယ်များ ပြုပေးလိုက်ခြင်းဖြင့် ခုနှစ်ရက်တည်းဖြင့် တိုင်းပြည်အရောက်ပြန်နိုင်ခဲ့သည်” ဟု ဖော်ပြထားပါသည်၊၊

အထက်ပါဖော်ပြချက်များကို သုံးသပ်သောအားဖြင့် ပရိတ်ရွတ်ဖတ်လျင်ဖြစ်စေ၊ နာယူလျင်ဖြစ်စေ ခရီးသွားသည့်အခါ လမ်းခရီးလျင်မြန်ကြောင်းနှင့်၊ ဘေးကင်းကြောင်းကို မှတ်သားနိုင်ပါသည်၊၊

ဆွေးနွေးဖော်ပြထားသည့်ဖြစ်စဉ်များမှာ ဘုရားမဖြစ်ခင်ဘဝများက ဖြစ်ခဲ့သည့်ဖြစ်စဉ်များဖြစ်၍၊ ပရိတ် ရွတ်ဖတ်သည့်အစဉ်အလာသည် ဘုရားမပွင့်မှီနှင့်၊ ဗုဒ္ဓဘာသာမပေါ်မှီကပင်တည်ရှိခဲ့သည်ဟု ဆိုနိုင်ပါ သည်၊၊

ဘုရားညွှန်းကြားသော ပရိတ်တော်

[ပြင်ဆင်ရန်]

မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးမှပေါ်ပေါက်လာသည့် ပရိတ်တော်(၇)သုတ်ရှိပါသည်၊၊ ဘုရားဖြစ်ပြီးမှ မြတ်စွာဘုရားရှင်ကိုယ်တိုင် လမ်းညွန်တော်မူသည့် ပရိတ်(၇)သုတ်ဟု ဆိုလိုပါသည်၊၊

(၁) ရတနသုတ်

(၂) မေတ္တသုတ်

(၃) ခန္ဓသုတ်

(၄) ဓဇဂ္ဂသုတ်

(၅) အာဋာနာဋိယသုတ်

(၆) အင်္ဂုလိမာလသုတ်

(၇) ဗောဇ္ဈင်္ဂသုတ်၊

ရတနသုတ်”သည် ဝေသာလီပြည်တွင် ရောဂါဘေး၊ ဘီလူးသားရဲဘေးနှင့်၊ အစားအသောက်ငတ် မွတ်ဘေးတို့ဖြစ်ပေါ်သည့်အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာအား “ရတနသုတ်”ကိုသင်ပေးပြီး မြို့ကိုပတ်၍ ရွတ်ဖတ်စေသဖြင့် ဘေးအားလုံးမှကင်းဝေးသွားပါသည်၊၊

တောနက်ထဲတွင် ကမ္မဌာန်းတရားအားထုတ်နေကြသည့် ရဟန်း(၅၀၀)တို့အား သစ်ပင်စောင့်နတ်များ မှအန္တရာယ်ပြုသဖြင့်၊ အကာအကွယ်ရစေနေရန် မြတ်စွာဘုရားရှင်မှ “မေတ္တသုတ်”ကိုသင်ပြပေးပြီး၊ ရွတ်ဖတ်စေခဲ့ပါသည်၊၊

မေတ္တသုတ်သည် မြင်ရ၊ မမြင်ရအနှောက်အယှက်ဘေးအန္တရာယ်များမှ ကင်းဝေးစေသည့်ပရိတ်ဟု မှတ်သားနိုင်ပါသည်၊၊

ဓဇဂ္ဂသုတ်”ကို မြတ်စွာဘုရားရှင်သည် တောထဲတွင်တရားအားထုတ်နေသည့် သံဃာများအတွက် ကြောက်လန့်ခြင်း၊ ကြက်သီးထခြင်းများမဖြစ်ပေါ်စေရန် ရတနာသုံးပါး၏ဂုဏ်များကို အောက်မေ့အ မှတ်ရနေရမည်ဟု သင်ပြလမ်းညွန်ပေးခဲ့ပါသည်၊၊ ဝေဿဝဏ်နတ်မင်းကြီးသည် တရားကျင့်သည့်သံဃာတော်တို့အား နတ်ဆိုးများနှင့်၊ တစ္ဆေ၊ ပြိတ္တာတို့ မှမနှောက်ယှက်နိုင်စေရန် “အာဋာတိယသုတ်”ကိုလျောက်ထားသဖြင့် မြတ်စွာဘုရားမှခွင့်ပြုတော်မူ ခဲ့သည့် ပရိတ်ဖြစ်ပါသည်၊၊

ကျန်းမာရေးမကောင်းသည့်အချိန်တွင် ရွတ်ဖတ်ခြင်းဖြင့် သက်သာပျောက်ကင်းစေရန် မြတ်စွာဘုရား ရှင်သည်“ဗောဇ္ဈင်္ဂသုတ်”ကို ဟောပြောသင်ပြခဲ့ပါသည်၊၊ မြတ်စွာဘုရားရှင်ကိုယ်တိုင်နှင့်၊ “အရှင်မောဂ္ဂ လာန်၊ အရှင်မဟာကဿပ”တို့ မကျန်းမာချိန်ကလည်း “အရှင်စုန္ဒမထေရ်”ကိုရွတ်ဖတ်စေခဲ့သည်ဟု ပါဠိတော်မှတ်တမ်းတင်ထားပါသည်၊၊

အထက်တွင် ဆွေးနွေးတင်ပြထားသည့် ပရိတ်တော်(၇)သုတ်သည် စာပေအထောက်အထားခိုင်မာ သည့် မြတ်စွာဘုရားဟော ပရိတ်တော်များဖြစ်ပါသည်၊၊ “မင်္ဂလသုတ်၊ ဝဋ္ဋသုတ်၊ မောရသုတ်နှင့်၊ ပုဗ္ဗဏှသုတ်”တို့ကို မြတ်စွာဘုရားရှင်မှပရိတ်အဖြစ် ရွတ်ဆို၊ နာယူကြရန်လမ်းညွန်ခဲ့သည် ပါဠိတော်အထောက်အထား မရှိကြောင်းပါဠိသုတေသနပညာရှင်များမှ ဆိုပါသည်၊၊

မိလိန္ဒမင်းလက်ထက် ပရိတ်တော်များ

[ပြင်ဆင်ရန်]

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုအပြီးနှစ်(၅၀၀)အကြာ “အရှင်နာဂသိန်နှင့်၊ မိလိန္ဒမင်း”တို့ပေါ်ပေါက်သည့် ခေတ်တွင် ပရိတ်ရွတ်ခြင်းသည် အကျိုးရှိ၊ မရှိပြဿနာကို အရှင်နာဂသိန်မှ အကျိုးဧကန်ရှိကြောင်း ဖြေကြားတော်မူပြီး၊ ပရိတ်(၇)သုတ်ကို ဖော်ညွန်ပြခဲ့ပါသည်၊၊

(၁) ရတနသုတ်၊

(၂) မေတ္တသုတ်၊

(၃) ခန္ဓသုတ်၊

(၄) မောရသုတ်၊

(၅) ဓဇဂ္ဂသုတ်၊

(၆) အာဋာနာဋိယသုတ်၊

(၇) အင်္ဂုလိမာလသုတ်၊

အထက်ပါဖော်ပြချက်ကို ထောက်ဆသောအားဖြင့် ထိုခေတ်အချိန်က ပရိတ်(၇)သုတ်သာရှိသေးကြောင်း သိနိုင်ပါသည်၊၊ သာသနာတော်နှစ်(၉၀၀)တွင် “သီရိလင်္ကာနိုင်ငံ”၌ ပါဠိစာပေအထူးထွန်းကားလျက်ရှိပြီး၊ သာသနာ တော်နေရောင်လရောင်ပမာ ထွန်းပြောင်ခဲ့ပါသည်၊၊ “အရှင်မဟာဗုဒ္ဓဃောသ”ဟူသော ပါဠိကျမ်းပြုဆ ရာတော်တစ်ပါးပေါ်ပေါက်ခဲ့ပြီး၊ ဘုရားဟောပါဠိကျမ်းများကို အဖွင့်ကျမ်းကြီးများပြုစုခဲ့ပါသည်၊၊

အရှင်မဟာဗုဒ္ဓဃောသကျမ်းထဲမှ ပရိတ်တော်

[ပြင်ဆင်ရန်]

အရှင်မဟာဗုဒ္ဓဃောသသည် သူ၏ကျမ်းကြီးများထဲတွင် ပရိတ်တော်(၈)သုတ်ကို ဖော်ပြထားပါသည်၊၊

(၁) ရတနသုတ်၊

(၂) မေတ္တသုတ်၊

(၃) ခန္ဓသုတ်၊

(၄) မောရသုတ်၊

(၅) ဓဇဂ္ဂသုတ်၊

(၆) အာဋာနာဋိယသုတ်၊

(၇) ဗောဇ္ဈင်္ဂသုတ်၊

(၈) ဣသိဂိလိသုတ်

ဣသိဂိလိသုတ်”သည် “ဥပရိပဏ္ဏာသပါဠိကျမ်း”တွင် ဖော်ပြထားပြီး၊ ဣသိဂိလိတော်ပေါ်တွင်နေထိုင်ကြသည့် ပစ္စေကဗုဒ္ဓါများ၏ နာမည်များကိုဖော်ပြထားသည့် သုတ်ဖြစ်ပါသည်၊၊

ဘီလူး၊ ဘုတ်တစ္ဆေ၊ ပြိတ္တာတို့ဘေးရန်မှ ကာကွယ်နိုင်သည့်“ယက္ခပရိတ်”နှင့်၊ မြွေဆိုးများမလာစေရန်စည်း ချသည့်“နာဂမဏ္ဍလပရိတ်”တို့ကို သံဃာများသင်သင့်ကြောင်းကို“စူဠဝါပါဠိကျမ်း”တွင် ဖော်ပြထားပါသည်၊၊

ဘုရားဟောသုတ်များ မဟုတ်သဖြင့်၊ သင်ကြားမှု၊ ရွတ်ဖတ် နာယူမှုပျောက်ကွယ်ခဲ့သည့် ပရိတ်သုတ်များဖြစ် ဟန်ရှိပါသည်၊၊

ပရိတ်ကြီးဋီကာ

[ပြင်ဆင်ရန်]

သာသနာတော်နှစ်(၂၁၅၃)တွင် “အရှင်တေဇောဒီပမထေရ်”သည် “ပရိတ်ကြီးဋီကာကျမ်းကြီး”ကို ရေးသားခဲ့ပါသည်၊၊ ကျမ်းကြီးထဲတွင် ပရိတ်(၉)သုတ်ကိုသာ ဖော်ပြထားပါသည်၊၊

(၁) မင်္ဂလသုတ်၊

(၂) ရတနသုတ်၊

(၃) မေတ္တသုတ်၊

(၄) ခန္ဓသုတ်၊

(၅) မောရသုတ်၊

(၆) ဓဇဂ္ဂသုတ်၊

(၇) အင်္ဂုလိမာလသုတ်၊

(၈) အာဋာနာဋိယသုတ်၊

(၉) ဗောဇ္ဈင်္ဂသုတ်၊

ရှေးခတ်က မပါခဲ့သော ပရိတ်တော်များ

[ပြင်ဆင်ရန်]

အထက်တွင် ဆွေးနွေးဖော်ပြခဲ့သည်များအားလုံးကို အသေးစိတ်လေ့လာကြည့်လျင် ရှေးခေတ်က ပရိတ်(၉)သုတ်ကိုသာအသုံးပြုခဲ့ပြီး၊ “ဝဋ္ဋသုတ်နှင့်၊ ပုဗ္ဗဏှသုတ်”တို့ကို ပရိတ်အဖြစ် အသုံးမပြုခဲ့ကြောင်း တွေ့နိုင်ပါသည်၊၊

ဝဋ္ဋသုတ်”သည် မြတ်စွာဘုရားကိုယ်တိုင်ခေတ်နှင့်၊ အခြားသောခေတ်များအားလုံးတွင် ပရိတ်အဖြစ် အသုံးပြုခဲ့ခြင်းမရှိဘဲ၊ မျက်မှောက်ခေတ်တွင်မှ ဆရာတော်ကြီးများထည့်သွင်းပြီး ပရိတ်အဖြစ်ရွတ် ဖတ်ခဲ့ခြင်း ဖြစ်ပါသည်၊၊ ပုဗ္ဗဏှသုတ်မှ“ယံဒုန္နိမိတ္တံ..မှ..အပရာဇိတပလ္လင်္ကေ”အထိ သုံးဂါထာသည် အရှင်တေဇောဒီပ၏ကျမ်း ထဲတွင် မေတ္တာပို့ဂါထာများအဖြစ်ဖော်ပြထားပြီး၊ မျက်မှောက်ခေတ်တွင်“အင်္ဂုတ္တရနိကာယ်”မှ“သုနက္ခ တ္တံ”စသော ဂါထာများကိုထည့်သွင်းပြီး“ပုဗ္ဗဏှသုတ်”ဟု အမည်တပ်အသုံးပြုခဲ့ဟန် တူပါသည်၊၊

ပရိတ်၏အစတွင်ရွတ်ဆိုသည့်“သမန္တာဂါထာ”သည် ပရိတ်ကြီးဋီကာကျမ်းကြီးပေါ်ချိန်အထိ မရှိသေးဘဲ၊ ထိုအချိန်ကပရိတ်ရွတ်လျင် “ဓမ္မဿသနကာလော အယံဘဒန္တာ”မှ စတင်ပြီးရွတ်ဆိုခဲ့ကြသည်ဟု မှတ်တမ်းများတွင် တွေ့ရပါသည်၊၊

အကျိုးရှိသော ပရိတ်ရွတ်ဖတ်ခြင်း

[ပြင်ဆင်ရန်]

ပရိတ်ရွတ်ဖတ်နာယူသည့်အစဉ်အလာသည် ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင်တည်ရှိသည့်အတွက် အရေးပါသည့် ကျင့်စဉ်ဖြစ်နေပါသည်၊၊ ပရိတ်ကိုပင် စည်းချသည့်အရံအတားအဖြစ်၎င်း၊ အဆောင်မန္တန်အ သွင်ဖြင့်၎င်း အသုံးပြုကြသည်များလည်း ရှိပါသေးသည်၊၊

မည်သို့အသုံးပြုသည်ဖြစ်စေကာမူ ရိုသေမှုဖြင့်သုံးလျင် အကျိုးကိုရရှိနိုင်ပါသည်၊၊ ပရိတ်ရွတ်ဖတ်သူတွင် ရှိရမည့်အင်္ဂါရပ်များနှင့်၊ နာယူသူတွင်ရှိရမည့်အင်္ဂါရပ်များဟူ၍ ရှိပင်ရှိသော်လည်း၊ အင်္ဂါရပ်များမ ပြည့်စုံစေကာမူ၊ တိရစ္ဆာန်များပင်ပရိတ်အကျိုးကိုရနိုင်သည်ကို ထောက်ဆသောအားဖြင့် လူတို့အတွက် ဧကန်မုချအကျိုးကျေးဇူးကိုရရှိနိုင်သည်ဟု ယုံကြည်ရပါသည်၊၊

ပရိတ်”ကို သံဃာများတွင်မက၊ လူများလည်းရွတ်ဖတ်နိုင်ပါသည်၊၊ ဘာသာခြားသူများလည်း ရွတ် ဖတ်နာယူနိုင်ပါသည်၊၊ အကျိုးကိုရရှိသည်ခြင်းအတူတူပင် ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် သင်ပြဟောပြောတော်မူခဲ့သည့် ပါဠိတော်ကျမ်းများစွာပင်ရှိသော်လည်း ပရိတ်ပါဠိ များသည် လူတို့နှင့်အနီးကပ်ဆုံးဖြစ်သည့်အတွက် အသေးစိတ်သိရှိကြစေရန်ရည်ရွယ်ချက်ဖြင့် ယ္ခုစာ တမ်းကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်၊၊

ပရိတ်အကြောင်း လေ့လာတင်ပြချက်သည် ဤတွင်အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟုယူဆပါသည်၊၊ “အလင်းစက်”စာဖတ်သူများ ပရိတ်တော်အစွမ်းဖြင့် ငြိမ်းချမ်းအေးမြပါစေကြောင်းဆုမွန်ချွေလျက် စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊ []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပရိတ်ကြီးဋီကာ-အရှင်တေဇောဒီပ၊ ပရိတ်ကြီးနိသျသစ်-သပြေကန်ဆရာတော်ကြီး ဦးဝါသေဋ္ဌ၊ ပရိတ်ကြီးဆယ်စောင်တွဲ၊၊ The Book of Protection(Pritta) by Piyadassi Thera, Safeguard Recittals (Mahaparitta)by Anandajoti bhikkhu)တို့ကို ကိုးကားလျက် ရေးသားတင်ပြအပ်ပါသည်၊၊ အရှင်သုန္ဒရ (မဟာဝိဇ္ဇာ-သီရိလင်္ကာ)