မာတိကာသို့ ခုန်သွားရန်

ဝါရီရူးမင်း

ဝီကီပီးဒီးယား မှ
(မဂဒူးမင်း မှ ပြန်ညွှန်းထားသည်)
ဝါရီရူး
မုတ္တမဘုရင်
နန်းသက်၃၀ ဇန်နဝါရီ ၁၂၈၇ – c. ၁၄ ဇန်နဝါရီ ၁၃၀၇
နန်းတက်ချိန်၅ ဧပြီ ၁၂၈၇
ရှေ့မင်းဆက်ထီးနန်းသစ် စတင်
Successorခွန်လော
ဝန်ကြီးချုပ်လိုက်ဂီ (၁၂၈၇–c. ၁၂၉၆)
မုတ္တမ အုပ်ချုပ်သူ
နန်းသက်c. ၁၁ ဇန်နဝါရီ ၁၂၈၅ – ၃၀ ဇန်နဝါရီ ၁၂၈၇
ရှေ့မင်းဆက်အလိမ္မာ (as governor)
နောက်မင်းဆက်disestablished
မွေးဖွား၂၀ မတ် ၁၂၅၃
မြန်မာ သက္ကရာဇ် ၆၁၄၊ နှောင်း တန်ခူးလဆန်း ၄ ရက်၊ ကြာသပတေးနေ့
ဒုံဝန်းရွာ
ပုဂံ အင်ပါယာ
ကွယ်လွန်c. ၁၄ ဇန်နဝါရီ ၁၃၀၇ (အသက် ၅၃)
c. မြန်မာ သက္ကရာဇ် ၆၆၈၊ တပို့တွဲလဆန်း ၁၁ ရက်၊ စနေနေ့
မုတ္တမမြို့
မုတ္တမ နေပြည်တော်
ကြင်ရာတော်မေနှင်းသွယ်တာ
ရှင်စောလှ
သားသမီးများမေနှင်းသိန်ဒျာ
စံအိမ်ဝါရီရူး
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
1400CE Mon kingdom

မဂဒူးမင်းဆက် (သို့) ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ ဝါရီရူးမင်း (၁၂၅၃–၁၃၀၇) (မြန်မာသက္ကရာဇ် ၆၁၄–၆၆၈)သည် မင်းမျိုးမင်းနွယ် မဟုတ်ပဲ ဆင်းရဲသားဘဝမှ ကြံရည်၊ ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ် မင်းအဖြစ်သို့ ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသအားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော်အငယ် ကျော်စွာတို့ အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိသည်။ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။

သက္ကရာဇ် ၆၁၄ နှောင်း တန်ခူးလဆုတ် ၄ ရက်တွင် (၂၀ မတ် ၁၂၅၃) ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်⁠ဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟု တွေ့ရသည်။ မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ်နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ ငယ်စဉ်ကလေးဘဝက မိဘများ လယ်လုပ်သွားချိန်တွင် ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကို ပက်လက်လှန်ထားပြီး အိပ်စက် စေကာ အခြားခမောက်ရှည်တစ်ခုကို အပေါ်မှ ဖုံးအုပ်ထား ခဲ့သည်။ ကျီးငှက်တစ်ကောင်က ထိုခမောက်ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန်ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက်ခိုက်လေသည်။ ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့် မိဘနှစ်ပါးကလည်း သားဖြစ်သူအား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေး လိုက်ကြသည်။ သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။ နောင်တွင် မိဘများ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြို့-ယနေ့ ဝန်မြို့) သို့ပြောင်းကာ ကုန်သည်အလုပ်ဖြင့် စီးပွားရှာကြသည်။ ထိုစဉ်က မဂဒူးတို့ နေထိုင်ရာမှ သောက္ကတဲမြို့သို့ အထမ်းသမား(၃၀)ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်း ဖြစ်သည်။ နောင် မိဘများ အိုမင်းကြသော် မဂဒူး အသက် ၂ဝ အရွယ်ရောက်၍ အဖဖြစ်သူအစား ဝင်ရောက်ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။ ထိုသို့ ယိုးဒယား ဇင်းမယ်ဘက်ရှိ တကော့ဝန်းနှင့် သောက္ကတဲ နှစ်မြို့ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ် တစ်ခေါက်သော သောက္ကတဲသို့ ကုန်ပို့ခရီးလမ်းတွင် အထမ်းသမားတစ်ဦး နာဖျားသဖြင့် ထိုသူ၏ဝန်ကို ခေါင်းဆောင်ဖြစ်သူ မဂဒူးထမ်းရသည်။ တောင်ထိပ်တစ်ခုသို့ ရောက်လျှင် အခါမဟုတ် မိုးများအုံ့ဆိုင်းပြီး မဂဒူး ထမ်းလာသည့် ဝန်ထုပ်ကို မိုးကြိုးပစ်ချလေသည်။ မဂဒူးလည်း အတန်ကြာမေ့မြောသွားပြီး ပြန်လည်သတိရ၍ မျက်စိဖွင့်ကြည့်လေသော် တိမ်တိုက်များကြားမှ အရှေ့အရပ်တွင် အရောင်အလျံတောက်ပသည့် နန်းပြာသာဒ်တစ်ဆောင်ကို မြင်ရပြီး ထိုနန်းပြာသာဒ်၏ အရောင်ကြောင့် အနောက်ဘက်တွင်လည်း နန်းပြာသာဒ်တစ်ဆောင်ကို မြင်ရပြန်သည်။ ထိုအခါ မဂဒူးလည်း ထူးခြားသည့်နိမိတ်ကို မှတ်သား၍ အနီးရှိရွာသို့ရောက်လျှင် ထိုရွာမှ နိမိတ်ဖတ်ဆရာအား သွားရောက်မေးလေသည်။ နိမိတ်ဖတ်ဆရာလည်း ကြီးကျယ်သော နိမိတ်ဖြစ်သဖြင့် မဂဒူးအရပ်နှင့်ညီသည့် ငွေကိုပူဇော်မှသာ ဖတ်နိုင်မည်ဟုဆိုသဖြင့် မဂဒူးသည်အနီးရှိ မိမိအရပ်နှင့် မကွာလှသော ခြတောင်ပို့ပေါ်တွင် ငွေပြား ၃၀ ကိုတင်ကာပူဇော်ပြီး နိမိတ်ဖတ်စေသည်။ ထိုအခါနိမိတ်ဖတ်ဆရာလည်း မဂဒူး၏ ဉာဏ်စွမ်းကို အသိအမှတ်ပြု၍ အရှေ့ဘက်တွင်ရှိသည့် အကြီးဆုံးသတ္တဝါကို ခစားရန် နှင့် ထိုအရှေ့ဘက်ရှိ ဘုန်းကြီးသည့် မင်း၏အကူအညီကြောင့် အနောက်အရပ်တွင် မင်းဖြစ်ရမည်ဟု ဆိုလေသည်။


သို့ဖြင့် မဂဒူးသည် အရှေ့ဘက်ရှိ အကြီးဆုံး သတ္တဝါဆိုသည့်အတိုင်း သောက္ကတဲမင်း၏ ဆင်တင်းကုတ်တွင် ဝင်ရောက်အမှုထမ်းလေသည်။ သောက္ကတဲမင်း ဗြရောင်လည်း မဂဒူး၏ အရည်အချင်းကို သဘောကျသည့် အတွက် ဆင်တင်းကုတ်မှ ခေါ်ယူပြီး မိမိထံတွင် ခစားစေရာမှ မဂဒူး၏ အရည်အချင်းကြောင့် နန်းတော်အတွင်းအပြင်ကို စောင့်ကျပ်ရသည့် ဝင်းမှူးဖြစ်လာတော့သည်။ ထိုဝင်းမှူးအရာ၌ အစီအမံ အဆောင်အရွက် အရည်အချင်း ထူးလှသောကြောင့် "စောဍိဍံရည်" ဟူသောဘွဲ့ကိုလည်းပေးသည်။ 'စောလီလပ်ရှဲ' ဟုလည်း အချို့ရာဇဝင်တို့၌ ဆိုကြသည်။ ယိုးဒယားရာဇဝင်၌မူ 'ကျောက်ဖရူအာ' ဟုတွေ့ရသည်။


မကြာမှီ သောက္ကတဲမင်း ဗြရောင်သည် မိမိနိုင်ငံနယ်စပ်များကို ကုလားဇဝါမင်းက ကျူးကျော်သည့်အတွက် စစ်ပြုရန် ချီတက်သွား၏။ မဂဒူးလည်း နန်းတော်စောင့်အဖြစ် ကျန်ရစ်ရာ သောက္ကတဲမင်း ၏သမီးတော် "မေနှင်းသွယ်တာ”(မေဏင်သောဲဍာ)[] နှင့် ငြိစွန်းရည်ငံ မိကြလေသည်။ သောက္ကတဲမင်းသိလျှင် သေဒဏ်မှတစ်ပါး မရှိကြောင်းနားလည်၍ မင်းသမီးကို စည်းရုံးကာ ရတနာများနှင့်တကွ ဆင်ထက်တင်ပြီးလျှင် နောက်လိုက်ရှမ်း ၇၀ ကျော် (အချို့က ၁၀⁠၀ ကျော်) ကိုခေါ်ဆောင်ကာ မိမိနေရပ်ဖြစ်သည့် တကော့ဝန်းသို့ ပြန်ပြေးလေသည်။ နောက် တကော့ဝန်းသို့ ရောက်လျှင် မြို့တည်လျက် မင်းပြုနေသည်။

မုတ္တမကိုသိမ်းယူခြင်း

[ပြင်ဆင်ရန်]

မဂဒူး တကော့ဝန်းတွင် နန်းစံနေစဉ် မုတ္တမတွင် မင်းပြုနေသူမှာ ပုဂံ မှခန့်အပ်ထားသည့် အလိမ်မာမင်းဖြစ်သည်။ ပုဂံအုပ်ချုပ်မှုလျော့ရဲလာ၍ မုတ္တမတွင် တစ်ထီးတစ်နန်းထောင်နေသူဖြစ်သည်။ မဂဒူးလည်း အလိမ်မာမင်းအား မိမိနှမဖြစ်သူ နှင်းဥရွန်အား ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ လုပ်ကြံပြီး မုတ္တမ သို့ပြောင်းရွေ့သိမ်းပိုက်၍မင်းပြုလေသည်။ မုတ္တမကိုရလျှင် အမတ်ကြီး ဗြပုန်ကို မိမိယောက္ခမတော်သည့် သောက္ကတဲမင်းထံသို့ သံတမန်အဖြစ်စေလွှတ်ကာ မိမိ မုတ္တမတွင် မင်းပြုနိုင်ရန် ဘွဲ့အမည်နှင့်၊ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ပေးသနားရန် လျှောက်ထားသည်။ သောက္ကတဲမင်းလည်း အားရဝမ်းသာလွန်းသဖြင့် မိမိသားမက်အား "ဗညားဝါရူး" ဟူ၍ဘွဲ့ပေးကာ မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ချီးမြှင့်ပေးလေသည်။ သို့သော်မွန်တို့က ထိုဘွဲ့ထက် မွန်အသံထွက်အတိုင်း ဝါရီရူး ဟုသာ ခေါ်ကြသည်။ မုတ္တမ တွင် နန်းသစ်တည်ရန် ကြဌာန်းတိုင် ထူရာ ကိုယ်ဝန်သည်မိန်းမတစ်ဦးသည် လင်ဖြစ်သူနှင့် ရန်များကာ စကားမြည်တွန်ဆူပူလျက် ထိုကြဌာန်းတိုင်ထူမည့်နေရာသို့ ရောက်လာသော် အခါပေးဆရာတို့က အချိန်ကျပြီ ဟုဆိုကာ ထိုကိုယ်ဝန်သည်မိန်းမကို တွင်းထဲသို့တွန်းချကာ ကြဌာန်းတိုင် ထူကြသည်။ မိန်းမကိုယ်ဝန်ကွဲကာ သွေးတို့စင်တက်လာရာ မြွေ ၈ ကောင်လည်း ပါလာသည်။ ၇ ကောင်မှာနေရာတွင်ပင်သေကြပြီး ၁ ကောင်မှာ အနောက်အရပ်သို့သွားပြီးမှ သေသည်။ ထိုအရာကိုမြင်သော် နိမိတ်ဆရာတို့က ဤမြို့သည် ရန်စစ်အနည်းငယ်ရှိမည်၊ မင်း ၈ ဆက်နန်းစံသည့်အနက် ၇ ဆက်မှာ ဤမြို့၌ပင်လွန်ပြီး ၈ ဆက်မြောက်မင်းမှာမူ အနောက်ဘက်သို့သွားကာ လွန်မည်ဟု နိမိတ်ဖတ်ကြသည်။ မုတ္တမ နှင့် မဝေးသော ကဗ္ဗလာနီမင်း ဆင်ရံထွက်သည့်သတင်းကိုကြားလျှင် နောက်လိုက်များခေါ်ဆောင်ကာ ထိုမြို့ရှိ လူသူလက်နက်၊ စည်းစိမ်များနှင့် သမီးတော်ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာသည်။ ထိုကဗ္ဗလာနီမင်း ပြန်ရောက်၍ သိသော်အမျက်ပြင်းစွာထွက်သည့်အတွက် အင်အားရသလောက်စုစည်းကာ မုတ္တမသို့ချီတက်လာသည်။ မဂဒူးလည်း ကဗ္ဗလာနီမင်းအား သမီးတော်အား မိဖုရားကြီးအဖြစ် တင်မြောက်မည့်အကြောင်း၊ မိမိတို့ဆွေမျိုးရင့်ဖြစ်သည့်အတွက် မိမိသိမ်းယူလာသည့် လူသူလက်နက်၊ စည်းစိမ် အားလုံးကို ပြန်အပ်မည့်အကြောင်း ယုံကြည်လောက်အောင် လှည့်ဖျားပြီး အဆိပ်ခပ်ကာလုပ်ကြံသော် ကဗ္ဗလာနီမင်း သေသည်။ သို့ဖြင့် အရှေ့ဘက် မုတ္တမ တစ်လွှားတွင် မဂဒူးမင်း သည်ပြိုင်ဖက်မရှိ အုပ်စိုးနေနိုင်ခဲ့သည်။

ပဲခူးအားသိမ်းပိုက်ခြင်း

[ပြင်ဆင်ရန်]

ထိုစဉ်ကပဲခူးမှာပုဂံလက်အောက်ခံသာရှိနေသေးသည်။ သို့သော် ပဲခူးသား အခမမန်း သည်ပုဂံမင်းအား ယုံကြည်လောက်အောင် ခစားပြီး ပဲခူးတွင်အခွန်ကောက်အရာရှိဖြစ်လာလျှင် ပုဂံ၏အာဏာကို ပယ်လှန်ရန်ကြိုးပမ်းတော့သည်။ ထိုအခါ ပုဂံမင်း(တရုတ်ပြေးမင်း)က သားမက်တော် စေတသူကြီး အားနှိမ်နှင်းစေသည်။ သို့သော် ပရိယာရ်များသည့် အခမမန်းက မိမိယောက္ခမဖြစ်သူ မတယှောက် အားကျောကွဲအောင် ကြိမ်ဖြင့်ရိုက်၍ စေတသူကြီးထံလွှတ်ကာ လမ်းမှားမှခေါ်ဆောင်စေပြီး ပုဂံတပ်တို့ကို ပင်ပန်းစေသည်။ ပုဂံတပ်များ ပဲခူးသို့ရောက်လျှင် အခမမန်း ကမိမိမှာ ပုန်ကန်ဝံ့သူမဟုတ်ကြောင်းလျှောက်တင်ပြီး အသင့်ထုလုပ်ထားသည့် စေတသူကြီးရုပ်ကို မြို့ထိပ်တွင်တင်ကာ သက်သေအဖြစ်ပြလေသည်။ စေတသူကြီးလည်း ယုံမှတ်ကာ ၎င်းအဆိပ်ခပ်ပြီး ဆက်သလာသည့် အမဲဟင်းလျာ တို့ကိုစားသောက်ရာ စေတသူကြီး သေပြီးပုဂံတပ်များလည်းဆုတ်လေသည်။ ထိုသို့အခမမန်း ပဲခူးတွင် နန်းစံနေစဉ် ယောက်ဖ ဖြစ်သူ လက္ခယာဗျူ ကလုပ်ကြံပြီး မင်းပြုပြန်သည်။ အမတ်ကြီးဖြစ်သူက မင်းကျင့်တရားနှင့်မညီဟုဆိုကာ သားမက်ဖြစ်သူ အချဲမွန် အားခေါ်ယူကာ လက္ခယာဗျူ နန်းသက် ၇ ရက်တွင် လုပ်ကြံနန်းချပြီး အချဲမွန် နန်းတက်သည်။ နန်းတက်လျှင် တရဖျား(တရဗညား)ဘွဲ့ခံသည်။ ထိုသို့ တရဖျား ပဲခူးတွင် မင်းပြုချိန်မှာ မုတ္တမ၌ မဂဒူး (ခေါ်) ဝါရီရူး မင်းပြုချိန်နှင့်တစ်ချိန်တည်းတွင်ဖြစ်သည်။ သို့ဖြင့် ထိုမွန်မင်း နှစ်ပါးလည်း မဟာမိတ်ဖွဲ့ပြီး သမီးတော်ချင်း အလဲအထပ်ပြုကာ အပြန်အလှန် ယောက္ခမ၊သားမက်တော်စပ်ကြသည်။ မဂဒူး၏ သမီးတော် မေနှင်းသိန်ဒြာကို တရဖျားအားဆက်ပြီး တရဖျားသမီးတော် ရှင်စောလှကို မဂဒူးမင်းအားဆက်သသည်။ တရဖျား နန်းတက်သည်ကြားလျှင် ပုဂံမှ တရုတ်ပြေးမင်း က ရာဇသင်္ကြန်အား တပ်မင်းခန့်ကာ စစ်တပ်စီရင်၍ ပဲခူးကိုနှိမ်နှင်းရန် စေလွှတ်လေသည်။ တရဖျားလည်း မိမိအင်အားတစ်ရပ်တည်းဖြင့် မခံနိုင်သည်ကိုတွေးကာ မုတ္တမရှိ မဂဒူးအား စစ်ကူရန်အကြောင်းကြားရာ မဂဒူးလည်း အင်အားအလုံးအရင်းဖြင့် ပဲခူးသို့စစ်ကူရန်ချီတက်လေသည်။ ပဲခူးရောက်လျှင် ပုဂံမှ ရာဇသင်္ကြန် တပ်ကိုသာမက ဟင်္သာတ၊ဖြူး၊ ကျွန်းသတို အစရှိသည့် မြန်မာတို့အုပ်ချုပ်သည့် မွန်ကျေးနယ်ပယ်အားလုံးကို တိုက်ယူတော့သည်။ တိုက်ပွဲများအောင်မြင်၍ ပဲခူးသို့ပြန်ရာ မွေ့ခေါင်အင်းလျားသို့ရောက်သော် အကောက်ကြံလိုသော တရဖျားက မဂဒူးအား အောင်ပွဲကြီးခံရန် မိမိမြို့အတွင်းသို့လျင်ဝင်ပြီးစီစဉ်မည့်အကြောင်း၊မဂဒူးအား မြို့ပြင်တွင်စခန်းချနေထိုင်ခဲ့ရန် ပြောဆိုပြီး ပဲခူးသို့ဝင်လေသည်။ နောက်မြို့တွင်းမှ စစ်သည်အင်အားများကိုခေါ်ယူပြီး မဂဒူးတပ်ချသည့်နေရာသို့တိုက်ရန်ထွက်လေသည်။ ထိုအခါမှ တရဖျားအကြံကိုသိသည့် မဂဒူး လည်းမိမိအင်အားရှိသ၍ ပြန်တိုက်ရာ အနိုင်ရပြီး တရဖျားအားလက်ရမိသည်။ သို့ဖြင့် မဂဒူးသည် မွန်တို့၏ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ္တမ မှအနောက်ဘက် ပဲခူးဒဂုံပုသိမ်မြောင်းမြဒလ အစရှိသည့်ဒေသများကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။ မူလက ဆရာတော်သံဃာတော်များတောင်းပန်မှုကြောင့် တရဖျားအားမသတ်ပဲ မုတ္တမတွင် အကျယ်ချုပ်ဖြင့်နေစေသည်။ သို့သော် တရဖျားက လုပ်ကြံရန်ထပ်မံကြိုးစားသောကြောင့် သတ်ရသည်။ တရဖျားနှင့် မဂဒူး၏ သမီးတော်တို့သင့်မြတ်၍ မြေးတော် နှစ်ပါးကျန်ရစ်သည်။ ရှင်ကြီး နှင့် ရှင်ငယ် ဟုခေါ်တွင်ပြီး ချစ်ခင်လှသဖြင့် အနားတွင် ကွမ်းဆက်၊ရေဆက်များအဖြစ် အမြဲခစားစေသည်။

ဆင်ဖြူတော်ရောက်ခြင်း

[ပြင်ဆင်ရန်]

များမကြာမှီတွင် မဂဒူး၏ ယောက္ခမဖြစ်သူ သောက္ကတဲမင်း ဗြရောင်သည် ထူးဆန်းသည့်အိပ်မက်ကိုမက်မြင်သည်။ ထိုအိပ်မက်တွင် မိမိပိုင် ဆင်ဖြူတော်သည် သောက္ကတဲတွင် မနေလို၊နေပါက မင်းကြီးအတွက် ရန်ရှိသည်။ ထို့ကြောင့် အခြားတိုင်းပြည်သို့ သွားရောက်နေလိုကြောင်းဖြစ်သည်။ မိုးသောက်သော် ဗြရောင်မင်းလည်း အမတ်များကို မိန့်ကြားပြီး ဆင်ဖြူတော်သွားလိုသည့်အရပ်ကို သိနိုင်ရန် မုတ္တမ၊ လင်ဇင်း၊ အယုဒ္ဓယ၊ လဒယာဗန်နီ ဟူ၍မြက်ထုံးများပြုလုပ်ပြီး ဆင်ဖြူအားရွေးစေရာ ဆင်ဖြူက မုတ္တမမြက်ထုံးကို ရွေးသည်။ ဗြရောင်လည်း မိမိသားမက်ထံဆင်ဖြူသွားလိုသည် ဟူ၍ ဝမ်းသာကာ ဆင်ဖြူအားမုတ္တမသို့ပို့လေသည်။ မဂဒူးမင်းသည် လိုက်ဂီအမတ်အား အကြိုလွတ်ကာ ဆင်ကိုကြိုဆိုပြီး မုတ္တမ သို့ခေါ်ဆောင်လာစေသည်။ သို့ဖြင့် ဆင်ဖြူရှင်အဖြစ်သို့ရောက်လေသည်။

မဂဒူးမင်းဘဝဇာတ်သိမ်း

[ပြင်ဆင်ရန်]

ထိုသို့ဩဇာကြီးလှသည့် မဂဒူးမင်းသည် နန်းသက် ၁၉ နှစ်အရောက်တွင် အရွယ်ရောက်ပြီဖြစ်သည့် မြေးတော်နှစ်ပါးက ဤသို့တွေးလေ၏။ “ငါတို့အဘိုးသည် ငါတို့အဖ (တရဖျား) ကိုပင် သတ်သေးသည်။ ငါတို့ကိုလည်း အချိန်မရွေးစိတ်ကွက်ပါက လွတ်ပေးမည်မဟုတ်။” ထိုသို့ဆိုပြီးလျှင် မဂဒူးမင်း ရေအိမ်အဝင်တွင် ညီနောင်နှစ်ယောက် ဓားဖြင့်ဝိုင်းထိုးရာ မဂဒူးမင်း နတ်ရွာစံလေသည်။ မဂဒူးလွန်လျှင် ညီဖြစ်သူ မဂဒါ (ခေါ်) ခွန်လော က စောရမ်းပရကွပ် ဘွဲ့ဖြင့် မင်းပြုသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ရာဇဓိရာဇ်အရေးတော်ပုံကျမ်း။ ဒေါက်တာနိုင်ပန်းလှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)