ဆင်မြီးဆွဲမြို့
ဆင်မြီးဆွဲမြို့ Sinmizwe | |
---|---|
မြို့ | |
မြို့အဝင် | |
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ | |
ကိုဩဒိနိတ်: 18°44′17″N 95°21′31″E / 18.7380°N 95.3586°Eကိုဩဒိနိတ်: 18°44′17″N 95°21′31″E / 18.7380°N 95.3586°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | ပြည်ခရိုင် |
မြို့နယ် | သဲကုန်းမြို့နယ် |
ဧရိယာ | |
• စုစုပေါင်း | ၈.၈ စတုရန်းကီလိုမီတာ (၃.၄၀ စတုရန်းမိုင်) |
လူဦးရေ (စက်တင်ဘာ ၂၀၁၉)[၁] | ၅၄၇၅ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဆင်မြီးဆွဲမြို့သည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ မြို့တစ်ခု ဖြစ်သည်။[၁] ရုံးဂါတ်(ရဲဌာန) နှင့် ဈေးရှိသည်။ ပတ်ဝန်းကျင် ကျေးရွာပေါင်း (၆၀) ကျော်ရှိသည်။ လယ်ယာ လုပ်ကိုင်ကြသော လယ်သမားများ ဖြစ်သည်။ ပြည်မြို့ မှ မီးရထားနှင့် ထွက်လာလျှင် ရှေးဦးစွာ သရေခေတ္တရာမြို့ဟောင်းနေရာ မှော်ဇာမြို့ကို တွေ့ရမည်။ ထိုမှ တောင်ဘက်သို့ (၈) မိုင်ခန့်တွင် ဆင်မြီးဆွဲမြို့ ရှိပေသည်။ သရေခေတ္တရာ ပျူရှင်ဘုရင်များ ခေတ်က ဆင်အမှုထမ်းများ နေထိုင်ရာဖြစ်၍ ဆင်ခေါင်းရွာ၊ ဆင်မြီးဆွဲမြို့၊ ဆင်များလေ့ကျင့်ရာ ဆင်တိုက်ကုန်းနေရာတို့ကို အထင်အရှားတွေ့ရသည်။ ဆင်ခေါင်းရွာသည် ဆင်အမှုထမ်းအကြီးအကဲတို့ နေရာဖြစ်၍ ဆင်မြီးဆွဲမှာ ဆင်၏ နောက်ဆွယ်မှ ဝန်းရံလိုက်ပါရသော အမှုထမ်းများ နေထိုင်ရာ ဖြစ်သည်။
ထင်ရှားသည့် ပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်]စာပေထူးချွန်သူများ
[ပြင်ဆင်ရန်]- ကိုလိုနီ ခေတ်က ကျောင်းသုံး ရုံးသုံး ပြုခဲ့ရသည့် ကဝိမျက်မှန် သတ်ပုံကျမ်းကို ရေးသားခဲ့သူ ဦးကျော်ထွန်းမှာ မူလတန်းကျောင်း ဆရာဖြစ်၍ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ကြီး၏ တပည့်ဖြစ်သည်။ ဆင်မြီးဆွဲရွာမှ ဖွားမြင်သူ ဖြစ်သည်။
- ကိုလိုနီခေတ်မှလွတ်လပ်ရေး ခေတ်အထိ စာရေးဆရာ၊ သတင်းစာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဖြစ်သူ ဆရာဦးဉာဏသည်လည်း ဆင်မြီးဆွဲဇာတိဖြစ်၍ မြို့သစ်တန်းနေ ကျောင်းဆရာကြီး ဦးလူမှန်နှင့် တူဝရီးတော်စပ်သည်။
- စာရေးဆရာ၊ ကဗျာဆရာ၊ သုတေသနပညာရှင် ဖြစ်သူ နန်းညွန့်ဆွေသည်လည်း ဆင်မြီးဆွဲမြို့ အနောက်ဘက် ရပ်သာရွာ ဦးသက်၊ ဒေါ်ရွှေဆိုင်တို့မှ ဖွားမြင်၍ ငယ်မည် ဦးအောင်သိန်း ဖြစ်သည်။
နိုင်ငံရေး ပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်]သခင်ဝတင်သည် ဆင်မြီးဆွဲဇာတိဖြစ်၍ ၁၉၃၃ ခုနှစ်၊ ပြည်ခရိုင် ဒို့ဗမာ အစည်းအရုံးဖွဲ့သောအခါ ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ်ကြီးတွင် အမှုဆောင်ဖြစ်လာ၍ ပင်လုံညီလာခံ ပြုလုပ်စဉ်က ဖဆပလအဖွဲ့ကြီးမှ စေလွှတ်သည့် မြန်မာအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ ဖဆပလ အစိုးရခေတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် နောင်တွင် နိုင်ငံရေး မှ ထွက်၍ နားလိုက်သည်။ မော်ကွန်းဝင် ပထမ ဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ရခဲ့သည်။ တို့ဗမာ အစည်းအရုံး သမိုင်းပြုစုရေး အဖွဲ့ဝင် ဖြစ်သည်။ သခင်ထွန်းခင် ( ဗိုလ်မြင့်ဆွေ ) သည် ပြည်ခရိုင် သဲကုန်းမြို့နယ် သရက်တပင်ရွာဇာတိ ဖြစ်၍ ပြည်ခရိုင် တို့ဗမာ အစည်းအရုံး ဖွဲ့သောအခါ အမှုဆောင်အဖြစ် ပါဝင်လာသည်။ ၁၉၄၀ ပြည့်နှစ်တွင် ပုတီးကုန်းမြို့ သခင်ထွန်းအုပ်တို့ အဖွဲ့နှင့် အတူ ဂျပန်ပြည်သို့ ထွက်သွားသည့် ရဲဘော်သုံးကျိပ်ဝင် တစ်ဦး ဖြစ်လာသည်။ တပ်မတော်တွင် ဆက်လက် အမှုထမ်းသည်။ တပ်မှ အငြိမ်းစားယူ၍ တော်လှန်ရေး အစိုးရခေတ်တွင် နားနေသည်။ မော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမ ဆင့် ရသည်။ ထို့နောက် ၁၉၇၃၊ ဇန်နဝါရီ (၂၃) တွင် နှလုံးရောဂါ ဖြင့် ကွယ်လွန် သွားလေသည်။ ဆင်မြီး ဆွဲမြို့၌ သခင်သန်းဦး၊ သခင်အိ၊ သခင်လှအုံး၊ သခင်ဥ၊ သခင်စိန်မောင်၊ သခင်စံနွဲ့တို့သည် နိုင်ငံရေးတွင် ထင်ရှားကြသည်။
ဆင်မြီး ဆွဲမြို့တွင် ရှေးခေတ် ဒွတ္တဘောင်မင်းကြီး တည်ခဲ့သည့် အိုင်ဘုရားရှိသည့် အိုင်ကျောင်း၊ ဥသျှစ်ပင်ကျောင်း၊ ညောင်ပင်ကြီးကျောင်း၊ မြင်းနီကျောင်းတို့သည် ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်၍ ထင်ရှားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ သဲကုန်းမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်မျာုး (PDF)။ သဲကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ စက်တင်ဘာ ၂၀၁၉။