နန်းညွန့်ဆွေ

ဝီကီပီးဒီးယား မှ
နန်းညွန့်ဆွေ
မွေးဖွားအောင်သိန်း
(၁၉၂၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၆"။-၂၆)ဇွန် ၂၆၊ ၁၉၂၅
ပဲခူးတိုင်းပြည်ခရိုင်ဆင်မြီးဆွဲမြို့ကြို့ရပ်သာ
ကွယ်လွန်ဇူလိုင် ၁၄၊ ၂၀၁၀(၂၀၁၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၇"။-၁၄) (အသက် ၈၅)
ရန်ကုန်မြို့
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုး မြန်မာ
အိမ်ထောင်ဖက်ယုဝတီကြည်ဦး
သားသမီးမောင်ဝဏ္ဏ (ကွယ်လွန်) ၊ မောင်တေဇနှင့် မောင်သူရ

နန်းညွန့်ဆွေ (၁၉၂၅ –၂၀၁၀) သည် မြန်မာနိုင်ငံသား ကဗျာဆရာ တစ်ဦးဖြစ်သည်။ စာပေသုတေသီ နန်းညွန့်ဆွေကို ဦးသက်၊ ဒေါ်ရွှေဆိုင်တို့က ပဲခူးတိုင်းပြည်ခရိုင်ဆင်မြီးဆွဲမြို့ ကြို့ရပ်သာရွာ၌ ၁၉၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ငယ်စဉ်က ဘုန်းတော်ကြီးကျောင်း၌ စတင်ပညာသင်ခဲ့သည်။ ထို့နောက် ဆင်မြီးဆွဲမြို့ ဦးလူမှန်၏ မူလတန်းကျောင်းနှင့် ဆရာဦးညိုဟန်၏ အလယ်တန်းကျောင်းတို့၌ ပညာသင်ယူခဲ့သည်။ ထို့နောက် ပုတီးကုန်းမြို့ သိုက်တောရွာ အထက်တန်းကျောင်း၌ ပညာသင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၍ ဒသမတန်းကို မဖြေခဲ့ရဘဲ။ စစ်အတွင်း ၁၉၄၃ ခုနှစ်တွင် ၁၀ တန်းအောင်ခဲ့သည်။ ထို့နောက် လွတ်လပ်ရေးရပြီးခေတ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာ တစ်ဘာသာတည်းဖြေ၍ အောင်မြင်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့်နေ့မှစ၍ ပြန်ကြားရေးဌာန ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတွင် ပြဇာတ်ဆရာအဖြစ် အလုပ်စတင်ဝင်ရောက်သည်။ ထို့နောက် ရုပ်ရှင်အဖွဲ့ အရာရှိဖြစ်လာသည်။

၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုဌာနခွဲတွင် ယဉ်ကျေးမှု အငယ်တန်းအရာရှိအဖြစ် ဝင်ရောက်အမှုထမ်းသည်။ ၁၉၇၂ ခုနှစ်တွင် ယဉ်ကျေးမှုအထက်တန်း အရာရှိဖြစ် သည်။ ထိုအခါ ယဉ်ကျေးမှုကောင်စီမှထုတ်ဝေသည့် ပြည်ထောင်စုယဉ်ကျေးမှုစာစောင်တွင် တာဝန်ခံစာတည်းအဖြစ် လုပ်ကိုင်ခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

နန်းညွန့်ဆွေသည် စာပေမျိုးရိုးအားဖြင့် ကဝိမျက်မှန် သတ်ပုံကျမ်းကိုရေးသားသူ ကျောင်းဆရာ ဦးကျော်ထွန်းနှင့် စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာကြီး ဦးညာဏတို့နှင့် ဆွေမျိုးတော်စပ်သည်။ စာပေအတွေ့အကြုံအားဖြင့် ဂရိတ်တားအေးရှသတင်းစာသို့ ကဗျာရတုပိုဒ်စုံတစ်ခု ရေးသားပေးပို့ရာ ဆုငွေ ၂၅ ကျပ် စတင်ရရှိခဲ့သည်။ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးက ကြီးမှူးကျင်းပသည့် လွတ်လပ်ရေးနေ့ ကဗျာပြိုင်ပွဲ၌ ဆုငွေနှင့်စာအုပ်၊ ဖောင်တိန်များရရှိခဲ့သည်။ ၂၇ ကြိမ်မြောက် အမျိုးသားနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများအား တမ်းတသည့် မဟာကဗျာလေးချိုးကြီးတစ်ပုဒ်ကို မြန်မာ့အလင်း သတင်းစာသို့ ပေးပို့ခဲ့ရာ ထိုကဗျာသည် ပုံနှိပ်အက္ခရာဖြင့် ရှေးဦးစွာဖော်ပြခံရသည့်ကဗျာဖြစ်သည်။ ဆက်လက်၍ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ တွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများ အဆက်မပြတ် ရေးသားခဲ့သည်။ ဟံသာဝတီသတင်းစာ၌ အခန်းဆက် စာပေဆောင်းပါး များရေးခဲ့သည်။ ယဉ်ကျေးမှုဌာနထုတ် ကျမ်းစာအုပ်များကိုလည်း တည်းဖြတ်ထုတ်ဝေခဲ့သည်။

တော်လှန်ရေးအစိုးရခေတ်တွင် စာပေညီလာခံမှတ်တမ်းကြီး၊ သဘင်ကောင်စီညီလာခံ မှတ်တမ်းကြီးနှင့် ဂီတကောင်စီညီလာခံမှတ်တမ်းကြီးတို့ကို တည်းဖြတ်ပုံနှိပ်ထုတ်ဝေပေးခဲ့သည်။ နန်းညွန့်ဆွေသည် မြန်မာနိုင်ငံ စာရေးဆရာအသင်းအမှုဆောင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ စာပပြေန့်ပွားရေးအသင်း၏ အမှုဆောင်၊ အတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အသံလွှင့်ရုံ (ယခု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား) တွင် ဂီတသမိုင်း ပြုစုရေးဌာနခွဲရုံး တစ်ရုံးဖွင့်လှစ်ကာ ဆရာကြီး ဦးဂုဏ်ဘဏ်နှင့်အတူ ဂီတသုတေ သနလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ်မှစပြီး အသံလွှင့်ဌာန၊ သီချင်းကြီး စိစစ်ရေးဘုတ်အဖွဲ့တွင် အကြံပေးလူကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ရေးသားတည်းဖြတ်ခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

နန်းညွန့်ဆွေ တည်းဖြတ်ထုတ်ဝေခဲ့သည့် စာအုပ်များမှာ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ပဉ္စမတွဲ)၊ ဦးကုလားရာဇဝင် (တတိယတွဲ)၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ ရတနာသိင်္ခ မဟာရာဇဝင်၊ မဟာမင်္ဂလာမင်းခမ်းတော်၊ ဆုံးမစာပေါင်းချုပ်ကြီး၊ မုဒု လက္ခဏပျို့၊ ဓိကရောဝါရပျို့၊ ဗုဒ္ဓါဘိသေကမော်ကွန်း (စာမူ)၊ ဘိုးဝဇီရ မော်ကွန်းပေါင်းချုပ် (စာမူ)၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် (စာမူ)၊ ယဉ်ကျေးမှု အနုပညာ ဟောပြောချက်များ (စာမူ)၊ ဆတိုင်မွှတ် ဆရာကူး၏ ဗုဒ္ဓဝင်ပြဇာတ်နန်းညွန့်ဆွေ (စာမူ)နှင့် တံတားဦးတည် မင်္ဂလာစေတီမော်ကွန်း နှစ်စောင်တွဲတို့ ဖြစ်ကြသည်။

နန်းညွန့်ဆွေ ရေးသားပြုစုခဲ့သောစာအုပ်များမှာ စာပေရေး၊ မေတ္တာတေးသံကဗျာများ၊ ဗိန်းဘုံဘွေပြဇာတ်၊ ခေတ်မီကဗျာဖွဲ့နည်း၊ စာဆို့မာန်ကဗျာများ၊ ပုလဲမြိတ်စုံကဗျာများ၊ ဝိုင်အမ်ဘီသခင်တင်၊ မဟာဂီတ ဦးပြုံးချို၊ ဦးဖိုးကျား ဆောင်းပါးပေါင်းချုပ်၊ ဂီတနက်သံ ကိုစောညိန်း၊ အခြေခံ ကြိုးသီချင်း၁၄ပုဒ်အဖွင့်၊ မြန်မာ သီချင်းကြီး၁၅ ပုဒ်အဖွင့်၊ ရာဇမတ္တဟာသမဉ္ဇရီကျမ်း (စာမူ)၊ အနုပညာအားမာန်စာအုပ်တို့ ဖြစ်ကြသည်။ နန်းညွန့်ဆွေ ရေးသားပြုစုခဲ့သော စာအုပ်များအနက် စာပေဗိမာန်မှထုတ်ဝေသည့်စာအုပ်များမှာ ဆရာ ရွှေတိုင်ညွန့်အတ္ထုပ္ပတ္တိ၊ သဟာယဆရာတင်၊ မိုးဒေဝါ မလှရွှေ၊ အလင်္ကာကျော်စွာဦးဟန်ပ စာအုပ်များဖြစ်သည်။

နန်းညွန့်ဆွေသည် ၁၉၈၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပသော စာပေဗိမာန်အဖွဲ့၏ ၁၆ ကြိမ်မြောက်ပညာရပ်ဆိုင်ရာ မြန်မာစာပေ စာတမ်းဖတ်ပွဲတွင် ယဉ်ကျေးမှုစာပေစာတမ်း ကို ဖတ်ကြား တင်သွင်းခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

နန်းညွန့်ဆွေသည် ခဲ့သော စာရေးဆရာမ ယုဝတီကြည်ဦး (၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကွယ်လွန်) နှင့် လက်ထပ်ခဲ့ပြီး မောင်ဝဏ္ဏ (ကွယ်လွန်) ၊ မောင်တေဇနှင့် မောင်သူရဟူသော သား သုံးယောက် ထွန်းကားခဲ့သည်။ ကွယ်လွန်ချိန်အသက် ၈၆ နှစ်အထိ စာနယ်ဇင်းများတွင် ဆောင်းပါး ၈၀၀ နီးပါးခန့်၊ ကဗျာ ၁၂၃၀ ကျော်ကို ရေးသားခဲ့သည်။ ကလောင်ခွဲများဖြစ်သည့် ရဝိနောင်၊ သုခမိန်စသည့် အမည်များကိုလည်း အသုံးပြုခဲ့သည်။ ကွယ်လွန်ချိန်အထိ ၎င်း၏မိဘများ အတ္ထုပ္ပတ္တိကို ရေးသားနေဆဲဖြစ်သည်။ နန်းညွန့်ဆွေသည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက် နေ့တွင် ရန်ကုန်မြို့နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)